Wednesday 31 October 2007

ဆေးလိပ်တို နဲ့ လူ့ဘဝ

ဆေးလိပ်တို
ဖြူဖြူတောင့်တောင့်
ခပ်ဖြောင့်ဖြောင့်
စတိုင်အတွက်ဖြစ်ဖြစ်
အကြိုက်ကြောင့်ဖြစ်ဖြစ်
ငါ့မှာ.....လူကြိုက်များလို့
(မနှစ်မြို့တဲ့သူလည်းရှိတာပေါ့)။
ကြည့်စမ်းပါအုံး..........
သူ့ဆန္ဒပြည့်ဝဖို့
ငါ့မှာလောင်ကျွမ်းလိုက်ရတာ
တစ်စတစ်စပြာကျ
မီးခိုးတွေတောင်တအူအူထွက်လို့။
ခါးကနေအညှပ်ခံ
ငါ့ဆံပင်တွေမီးလောင်တိုက်သွင်းရင်း
ဘ၀ဆိုတာပေးဆပ်ခြင်းတဲ့လား။
သို့လော.....သို့လော တွေးနေပြီး
ငါ့ ဘ၀ ငါ ကျေနပ်နေလို့........။
သိပ်မကြာလိုက်ပါဘူး
အစာဝရင်ပျံကြသတဲ့
လိုအင်ပြည့်ရင် စွန့်ပစ်တတ်တဲ့
အစီခံ သာကျန်တော့လို့
ပြန်လည်ငဲ့ကြည့်ခြင်း မခံရတော့တဲ့
အမှိုက်ပုံးထဲက ငါ့ဘ၀ကို
တစ်ခါတစ်ခါတော့ စိတ်နာသလိုဖြစ်သား။
သဲဦးပိုင်(ဆန့်ဆည်)
၂၅.၈.၂၀၀၇
ဒီကဗျာလေးကို သူငယ်ချင်းတစ်ယောက်ဆီကနေ ရထားတာပါ။ ကဗျာလေးကို ဖတ်ကြည့်ပြီး ဆေးလိပ်လေးရဲ့ဘ၀ကို မျက်လုံးထဲမြင်ရောင်လာတယ်။ သူ့ရဲ့ဘ၀ကို ပေးဆပ်ပြီး သူများတွေ စတိုင်ကျဖို့ သူ့ကိုကြိုက်တဲ့သူတွေ စိတ်ကျေနပ်ဖို့ အနာခံ မီးအလောင်ခံပြီး ဘ၀ကိုပေးဆပ်ခဲ့ရတယ်။လူ့ပတ်ဝန်းကျင်မှာလဲ ဆေးလိပ်လေးနဲ့တူတဲ့ လူတွေကိုတွေ့ဖူးကြမှာပါ။ သူတစ်ပါးအတွက် ကိုယ့်ဘ၀ကို အနစ်နာခံ၊ ကိုယ်အနာခံ ပေးဆပ်နေတဲ့လူက ကိုယ့်ကိုအလိုမရှိတော့ စွန့်ပစ်သွားတဲ့အခါမှ နောင်တတွေရပြီး ကိုယ့်ကိုယ်ကိုစိတ်နာသလို ဖြစ်တတ်တဲ့ လူမျိုးပေါ့။

Sunday 28 October 2007

ကမ္ဘာ့အမြင့်ဆုံးတိုက် ၁၀၁

ဒါကညဘက်မီးထွန်းထားတာ
ဝရံတာကနေ ၁၀၁ ကိုမြင်ရပုံပါ ဟိုကအချွန်လေးနဲ့ အဆောက်အဦးပေါ့
ကျွန်မရောက်ရှိနေတဲ့ ထိုင်ဝမ်မှာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦး ရှိပါတယ်။လက်ရှိတော့အမြင့်ဆုံးပါ။ အထပ်ပေါင်း ၁၀၁ ထပ်ရှိပါတယ်။ ထိုင်ဝမ်မှာတော့ အလွယ် ၁၀၁ လို့ပဲခေါ်ကြပါတယ်။ နှစ်စဉ် newyear night ကြရင် ၁၀၁ မှာည ၁၂း၀၀ တိတိမှာ မီးရှုးမီးပန်းဖောက်ပါတယ်။ ၁၀၁ မှာမီးပန်းဖောက်တာကို ကြည့်ဖို့အတွက် ညနေကထဲကသွားကြရတယ်။ ၁၀၁ ဘေးပတ်ဝန်းကျင်မှာလဲ stage show တွေနဲ့စည်ကားလှပါတယ်။ ကျွန်မကတော့ ၁၀၁ အထိသွားပြီးမကြည့်ဖြစ်ပါဘူး။ ကျွန်မအတွက် ကံကောင်းတယ်လို့ ပြောရမှာပဲ ။ကျွန်မနေခွင့်ရတဲ့ အခန်းကနေလှမ်းကြည့်ရင် ၁၀၁ ကိုမြင်တွေ့နေရလို့ပါပဲ။ ရာသီဥတုသာယာနေရင် ၁၀၁ ဟာအဝေးကနေကြည့်ရတာအရမ်းကိုလှပပါတယ်။ရာသီဥတုဆိုးဝါးနေရင်တော့ ဘာမှကိုမတွေ့ရတော့ပါဘူး။ နာမည်ကြီးတဲ့ရုပ်ရှင်မင်းသားတွေ အားကစားသမားတွေ လာရောက်လည်ပတ်ကြပါတယ်။

အရယ်အပြုံးမတတ်တဲ့ ကျွန်မ

ရယ်မောပျော်ရွှင်စွာ နေတတ်တာ ကောင်းပါတယ်။ ကျွန်မဟာ ရယ်မောခြင်းကို အရမ်းနှစ်သက်တယ်။ အဲဒီရယ်မောခြင်းကြောင့် ကျွန်မသူတစ်ပါးအပြောကို ခံခဲ့ရတာပါ။ ကျွန်မဖြစ်တာက ဒီလိုပါ။ တစ်ရက်တော့ အလုပ်ထဲမှာ အန်တီတစ်ယောက်က သူဖာသာစိတ်မကောင်းဖြစ်ပြီး ငိုရင်းနဲ့ပဲ အလုပ်လုပ်နေတယ်။ သူငိုနေတာကို တစ်ခြားလူတွေကလဲ သိနေတယ်။ ဒါပေမယ့် သူဘာကြောင့်ငိုတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး။ နေ့လည်ထမင်းစားချိန်ရောက်တော့ ထမင်းစားခန်းထဲမှာ ကျွန်မကသူ့ဘေးနားမှာ ထမင်းအတူစားနေချိန်မှာ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ အန်တီတစ်ယောက်က ကျွန်မကိုလှမ်းမေးတယ်။ သူဘာဖြစ်လို့ငိုတာလဲပေါ့ အဲဒီမှာကျွန်မကလဲ ကိုယ့်အကျင့်အတိုင်း ပြုံးပြီးမသိဘူးလို့ ဖြေလိုက်မိတယ်။ ပြုံးပြီးဖြေလိုက်တဲ့ ကျွန်မကို supervisor တွေ့သွားပြီး သူတစ်ပါးဝမ်းနည်းနေတာကို ဘေးကနေ လှောင်ရပါ့မလားဆိုပြီး ကျွန်မကိုပြောပါတော့တယ်။ ပထမကတော့ ကျွန်မအရမ်းဒေါသထွက်သွားတယ်။ သေချာပြန်စဉ်းစားတော့ ကျွန်မရဲ့ အမှားလဲပါပါတယ်။ စကားကို ရယ်မောပြုံးရွှင်စွာနဲ့ နေရာတိုင်းပြောလို့ မကောင်းဘူးဆိုတာကို သွားတွေးမိတယ်။ ရယ်မောတာကိုကြိုက်တဲ့ အရယ်အပြုံးမတတ်တဲ့ ကျွန်မရဲ့အားနည်းချက်ပေါ့။

ဖေဖေ အကုန်စားတယ် ၀ယ်မစားပါ

ကျွန်မ ရန်ကုန်မှာရှိနေတုန်းက နယ်မှာရှိတဲ့ ညီမလေးဆီကိုသွားလည်တုန်းက သူပြောခဲ့တာလေးတစ်ခုကို သတိရလို့ရေးဖြစ်တာပါ။ ညီမလေးက သူ့ဖေဖေကိုပြောတဲ့စကားလေးပါ။ ညီမလေးက ပြောတယ် ဒီနေ့ဖေဖေ့နဲ့
မြို့ထဲကိုသွားတယ်။လမ်းမှာအသိတစ်ယောက်နဲ့တွေ့တော့ အစ်ကိုကွမ်းစားပါဦး ဗမာဆေးနဲ့လေ ဆိုတော့ ဖေဖေက အေးကွာတစ်ယာပေးဆိုပြီး ယူစားလိုက်တယ်။အဲဒါနဲ့ လက်ဖက်ရည်သောက်မယ်ဆိုပြီး ဆိုင်မှာ လက်ဖက်ရည်မှာသောက်တယ်။ဖေဖေ့ တပည့်လေးတစ်ယောက်ကလာ နှုတ်ဆက်ပြီး ဆရာကွမ်းစားပါဦး အာမွှေးနဲ့လေဆိုတော့ အေးကွာတစ်ယာပေးဆိုပြီး ယူစားပြန်တယ်။ခဏနေလို့ နောက်တစ်ယောက်ကလာပြီး အစ်ကို ကွမ်းစားပါဦး နှပ်ဆေးနဲ့လေဆိုတော့လဲ ယူစားလိုက်ပြန်တယ်။သမီးတွေ့တာတော့ ဖေဖေက ကွမ်းကိုဘာနြဲ့ဖစ်ဖြစ်အကုန်စားတယ်။ဒါပေမယ့် သူကိုယ်တိုင်ဝယ်စားတာတော့ သမီးမတွေ့ဘူးတဲ့။ အော် ညီမလေးဖေဖေက ကွမ်းကိုအစုံစားတယ် ၀ယ်တော့မစားဘူးပေါ့နော်လို့ ကျွန်မကပြောလိုက်တဲ့အချိန်မှာ ကျွန်မပြောလိုက်တာကို ကြားသွားတဲ့ညီမလေးရဲ့ ဖေဖေပြောလိုက်တာက “ကွမ်းစားတာကိုကြိုက်တယ်။ ကိုယ်တိုင်ဝယ်စားရင် အမြဲစားဖြစ်နေမှာစိုးလို့ပါတဲ့။”

အောင်မြင်သူတစ်ယောက်ရဲ့ အားသာချက်ကဘာလဲ

အောင်မြင်သူတစ်ယောက်ရဲ့ အားသာချက်တွေကို ကျွန်မရဲ့ အလုပ်ပိုင်ရှင် သူဌေးဆီမှာတွေ့လိုက်ရတယ်။ သူ့ဆီမှာ ရှိတဲ့အားသာချက်တွေက သူဌေးဘ၀ရောက်အောင်ပို့ဆောင် ပေးခဲ့တာ။သူဟာအရင်တုန်းက သူများဆီမှာ မန်နေဂျာလုပ်တာပါ။ သူရဲ့ကြိုးစားမှုနဲ့ သူများနဲ့မတူတဲ့ အားသာချက်တွေကြောင့် ကိုယ်ပိုင်သူဌေးဖြစ်အောင် လုပ်နိုင်ခဲ့တာ။သူကအလုပ်သမားတွေကို မိသားစုလို နွေးထွေးစွာ ဆက်ဆံတတ်တယ်။ဂရုစိုက်တယ်။ဥပမာ အလုပ်သမားတွေရဲ့ မွေးနေ့တွေကို လတိုင်းမမေ့မလျော့ ပြုလုပ်ပေးတယ်။ ပြီးတော့သူဟာ လူတစ်ယောက်ရဲ့ စရိုက်သဘာဝကို သိအောင် လေ့လာတတ်တယ်။ သူလုပ်လိုက်တဲ့ ကိစ္စတစ်ခုမှားနေရင် အလုပ်ရှင် အလုပ်သမားရယ်လို့ မခွဲခြားပဲ အမှားကိုဝန်ခံတတ်တယ်။ လူတစ်ယောက်ရဲ့ အနေထားကို ကြည့်ပြီး ဘာပြောရမလဲဆိုတာကိုသိတယ်။ လူတစ်ယောက်ကို နားဝင်အောင်အေးအေးဆေးဆေး ပြောပြတတ်တယ်။ အလုပ်လာအပ်တဲ့ customer တွေအပေါ်မှာလဲ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတယ်။customer တွေရဲ့လိုအပ်ချက်တွေကို စိတ်တိုင်းကျအောင် လုပ်ပေးတတ်တယ်။မတတ်နိုင်ရင်လဲ ပွင့်လင်းစွာနဲ့ပြောပြတတ်တယ်။အလုပ်အရေးကြီးရင် သူကိုယ်တိုင်အလုပ်သမားတွေနဲ့အတူ ၀င်ရောက်အလုပ်လုပ်တယ်။ သူ့ရဲ့အလုပ်အောင်မြင်ဖို့အတွက် ငါဟာသူဌေးပဲဆိုတဲ့ မာန်မာနလုံးဝမရှိဘူး။ သူဟာအလုပ်လာအပ်ရင် ရေရှည်တွဲပြီး လုပ်လို့ရမဲ့အလုပ်မျိုးကို ဦးစားပေးပြီးလုပ်တတ်တယ်။နောက်ပြီးသူဟာ အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာတယ်။ အလုပ်တစ်ခုစပြီးလုပ်တာနဲ့ တစ်နာရီကိုဘယ်လောက်ပြီးမယ်။ဘယ်အချိန်ပြီးမယ်ဆိုတာကို အမြဲတမ်းတွက်တယ်။ပစ္စည်းတစ်ခုကို အသုံးပြုရင်လဲ စနစ်တကျသုံးတာကိုကြိုက်တယ်။ သူဟာ အလုပ်သမားတွေအပေါ်မှာ မိသားစုလိုဆက်ဆံတတ်ပြီး မာန်မာနမထားပဲ အလုပ်ကိုစနစ်တကျနဲ့ ကြိုးစားခဲ့တာကြောင့် အခုလိုကျွန်မရဲ့သူဌေးဆိုတဲ့ နေရာကိုရောက်နေရတာပါ။

Saturday 27 October 2007

ကြိုးစားတဲ့လူတိုင်း အောင်မြင်မှုရနိုင်သလား

ကျွန်မကို ကြိုးစားတဲ့လူတိုင်း အောင်မြင်မှုရနိုင်သလားလို့အလုပ်ပိုင်ရှင်သူဌေးကမေးတဲ့အခါ ဘာကိုမှ မစဉ်းစားပဲနဲ့ ကြိုးစားတာပဲ အောင်မြင်တာပေါ့လို့ ခပ်လွယ်လွယ်ပဲ ပြန်ဖြေခဲ့ပါတယ်။ သူဌေးကပြောတယ် မင်းပြောတာမှားတယ်။ကြိုးစားတိုင်းအောင်မြင်ရင် လူတိုင်းအောင်မြင်နေမှာပေါ့တဲ့။ ကြိုးစားရမှာက မိမိတာဝန်။ အောင်မြင်မှုရမရဆိုတာ ကိုယ်ကြိုးစားတဲ့ပေါ်မှာ မူတည်ပါတယ် ။ကြိုးစားပြီးအောင်မြင်မှုရပြီးတဲ့လူက ဆက်ပြီးကြိုးစားသွားရမယ် လို့သူကပြောပြတယ်။ ကျွန်မစိတ်ထဲမှာတော့ အော်ဒါကြောင့်သူ သူဌေးဖြစ်နေတာကို လို့တွေးမိတယ်။

Thursday 25 October 2007

ကျွန်မတွေ့ကြုံရသမျှ

နိုင်ငံခြားရောက် ကျွန်မရဲ့ဘ၀အစ

ကျွန်မတစ်ယောက် နိုင်ငံခြားရောက်တယ်ဆိုရင်ပဲ ပထမဆုံးကြုံတွေ့ရတဲ့ အခက်အခဲကတော့ ဘာသာစကားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေတုန်းက ဘာသာစကားကို တတ်အောင်သင်ဖို့ မိဘတွေကပြောရင် ကျွန်မအလေးမထားမိခဲ့ဘူး။အခုတော့ ကျွန်မနောင်တရနေပါပြီ။ကိုယ်စားချင်တာလေးဝယ်စားဖို့တောင် မပြောတတ်တဲ့ကိုယ့်ကိုကိုယ် စိတ်တိုမိတယ်။ဒီလိုနဲ့ အလုပ်ထဲရောက်ပြန်တော့လဲ ဒီအခက်အခဲကိုပဲ ရင်ဆိုင်ရပြန်တယ်။အလုပ်အကြောင်းပြောပြရင် ကိုယ်ကလုံးစေ့ပတ်စေ့ နားမလည်တော့ မျက်နှာလေးငယ်ပြီး ကြည့်နေယုံကလွဲပြီး ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ကိုယ်လုပ်လိုက်တာမှားနေရင် ပြောပြတာကိုနားမှမလည်တာ အခုတော့မှားပြီပေါ့ဆိုတာမျိုးတွေကို နေ့တိုင်းအပြောခံခဲ့ရတယ်။အခွင့်အရေးရှိတုန်းက အလေးမထားခဲ့တဲ့ကျွန်မ အခုတော့ငိုနေရပြီပေါ့။ ကိုယ်လုပ်တဲ့အကျိုး ကိုယ်ပြန်ခံစားနေရတာလေ။မိဘတွေကို ပြန်မပြောပြရဲဘူး ။ ကိုယ်ပိုင်အစွမ်းအစမရှိတော့ ကိုယ်လုပ်ချင်တာတွေကို မလုပ်ရဲဘုး။အပြင်သွားလို့ တစ်ယောက်ယောက်က ကိုယ့်ကိုစကားလာပြောမှာကိုတွေးကြောက်ပြီး အပြင်ကိုတစ်ယောက်ထဲမသွားရဲခဲ့ဘူး။ဒီလိုနဲ့ သူများတွေလည်ပတ်ပြီး ပျော်ရွှင်နေချိန်မှာ ကိုယ်ကတော့အိမ်တွင်းပုန်း ဘ၀ပေါ့။တရုတ်စကားပြောနိုင်တဲ့အဖော်မပါရင် အပြင်ကိုမသွားရဲတဲ့ကျွန်မဘ၀ပါ။
တရုတ်စာကိုဖတ်တတ်ဖို့ မဆိုထားနဲ့ စကားပြောတာတောင် ဖြောင့်အောင်မပြောနိုင်တဲ့ ကျွန်မဘ၀။အခုအချိန်မှာတော့ နောင်တတွေ တပွေ့တပိုက်နဲ့ပေါ့။ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို သေသေချာချာ မလေ့လာခဲ့လို့ ရလိုက်တဲ့အကျိုးတွေပေါ့။နိုင်ငံခြားကို သွားမယ်လို့စိတ်ကူးရှိတဲ့လူတိုင်း္လဘာသာစကားကိုသေသေချာချာ လေ့လာပြီးမှသွားမယ်ဆိုရင် ကျွန်မခံစားရသလို စိတ်ဒုက္ခတွေခံစားရမှာမဟုတ်ပါဘူး။

ကျွန်မအကြောင်း

ကျွန်မကို မာမားက ၁၉၈၄ ခုနှစ်မှာလောကကြီးထဲကို ပို့ပေးခဲ့ပါတယ်။ ကွန်ပျူတာကို သုံးတတ်တာကလွဲပြီး ဘာကိုမှမသိတဲ့လူပါ။ ဘယ် ဆော့ဝဲလ်ကိုမှလဲ မကျွမ်းကျင်ပါဘူး။ အွန်လိုင်းမှာ ခင်တဲ့သူငယ်ချင်း ပြောပြလို့ ဘလော့ဆိုတာကို စပြီးသိခဲ့ရတယ်။ သူ့ဘလော့ကို ၀င်ကြည့်မိတယ်။ သူ့ဘလော့ကိုကြည့်ရင်းနဲ့ လင့်ခ် ကနေပြီး တစ်ခြားဘလော့တွေကိုရောက်ခဲ့တယ်။ အဲဒီမှာတင် ကျွန်မလဲ ကိုယ်ပိုင်ဘလော့လေးလိုချင်ခဲ့တယ်။ ဘာမှမသိတဲ့ ကျွန်မအဖို့ အိမ်မက်တစ်ခုဖြစ်ခဲ့ရတယ်။သူများဘလော့တွေကိုဝင်ကြည့်ရင်းနဲ့ကျေနပ်နေခဲ့တယ်။ သူငယ်ချင်းနောက်တစ်ယောက်နဲ့ ဘလော့အကြောင်းပြောဖြစ်တော့ သူ့မှာလဲ ကိုယ်ပိုင်ဘလော့ရှိနေတယ်။ ကျွန်မကိုလဲ ဘလော့လုပ်ကြည့်ပါလားဆိုပြီး ဘလော့စလုပ်ပုံကို ပြောပြတယ်။ အဲဒါနဲ့ကျွန်မရဲ့ဘလော့လေးစ ဖြစ်လာပါတယ်။ ကျွန်မကိုဘလော့အကြောင်းပြောပြပြီး မသိတာတွေကို သင်ပေးတဲ့ ကိုလွင်မင်းသူ နဲ့ ဘလော့စလုပ်ပုံကို ပြောပြပေးတဲ့ ကိုမိုးကျော်ဝင်း ကိုကျေးဇူးတင်ပါတယ်။ လိုအပ်တာများရှိခဲ့ရင်လဲ ကျွန်မကို လမ်းညွန်ပေးကြပါ။

နောက်လဲလာလည်နော်

Glitter Graphics