Friday 29 February 2008

အပြစ်ပြောတာ ထက်သန်ရင် အပြစ်ပြောတာ လက်ခံပါ

သူတစ်ပါးကို
အပြစ်ပြောတာကျတော့
“စေတနာနဲ့ပြောတာပါ”
လို့နာမည်ကောင်းယူပြီး
ကိုယ့်ကို
အပြစ်ပြောတာကျတော့
“စေတနာကို နားမလည်ဘူး”
လို့ နာမည်ဆိုးတပ်တတ်ကြပါတယ်။
သူတစ်ပါးအပြစ်ပြောတာကို
“စေတနာနဲ့ ပြောတာပါ”
လို့ ခံယူခဲ့ရင်
ကိုယ့်အပြစ်ပြောတာကိုလည်း
“စေတနာနဲ့ ပြောတာပါ”
လို့ခံယူနိုင်ရပါမယ်။
ကိုယ့်ကို
သူတစ်ပါးအပြစ်ပြောတာတော့
ကိုယ်လက်မခံဘဲ
သူတစ်ပါးကို
ကိုယ်အပြစ်ပြောတာတော့
သူတစ်ပါး လက်ခံစေချင်တ်ာဆိုရင်
အဲဒီလူဟာ
ပညာရှိ မဟုတ်ဘဲ
ပညာရှိအယောင်ဆောင်သာ
ဖြစ်ပါလိမ့်မယ်။
အရှင်ဆန္ဒာဓိက

Thursday 28 February 2008

မေ့တတ်တဲ့ ကျွန်မ

“လယ်ထွန်သွား နွားမေ့” ဆိုတဲ့ စကားပုံက နှင်း အတွက်များ ပြောထားတာလား အောက်မေ့မိတယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုပြီးလုပ်ရင် အဲဒီလုပ်ရမယ့် အလုပ်နဲ့ဆိုင်တဲ့ဟာတွေကို အမြဲတမ်းမေ့တတ်လို့ပါ။ မနက်လင်းလို့ရှိရင် အိမ်ကထွက်တာနဲ့ အိမ်သော့ကိုမေ့ပြီး အိပ်ခန်းထဲမှာ ထားခဲ့တတ်တယ်။ အိမ်သော့ ပြန်ယူပြီးတာနဲ့ အိမ်အောက်ရောက်လို့ အိတ်ထဲကြည့်လိုက်ရင် ဖုန်းမေ့လို့ တစ်ခါပြန်တက်ယူရတယ်။ တစ်ခါတစ်လေ အလုပ်ထဲမှာ ၀တ်တဲ့ ၀တ်စုံမေ့ပြီး အိမ်မှာထားခဲ့လို့ ဒဏ်ငွေကလဲ ဆောင်ရသေးတယ်။ မာမားက ဈေးဝယ်ခိုင်းလိုက်ရင် တစ်ခုမဟုတ်တစ်ခု မေ့ပြီးမ၀ယ်ခဲ့ဘူးလေ။ အဲဒီလိုတွေမေ့တာကို နှင်း ကလဲ ကိုယ့်အပြစ်ကိုယ် မ၀န်ခံချင်ဘူးလေ။ operation လုပ်တုန်းက မေ့ဆေးပေးခံရလို့ပါလို့ ပြောတတ်သေးတယ်။ အမှန်က ကိုယ့်ဘာသာ နမော်နဆ နိုင်တတ်တာပါ။ တစ်ခါတစ်လေ စိတ်ကလောနေတာကြောင့်လဲ ပါတယ်။ ဖြစ်ချင် လုပ်ချင်တာတွေများနေတော့ တစ်ခုမဟုတ်တစ်ခုကို မေ့သွားတာပါ။ အဲဒါကြောင် ခုနောက်ပိုင်း စိတ်မလောအောင် ကိုယ့်ကိုကိုယ် ပြုပြင်နေရတယ်။ တော်ကြာကိုယ်ဟာကိုယ် မေ့သွားမှာဆိုးလို့။ နောက်ပြီး တစ်ယောက်ယောက်ကိုများ မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲနော်။

ဆောင်းဒုက္ခ

ပူလိုက်အေးလိုက်နဲ့
ရုးရတဲ့ဒီရာသီ
မနက်ပူလို့ ညနေအေး
ဘာကိုမှအစိုးမရ
ဖောက်ပြန်တာ သဘာဝမို့
အပြစ်မမြင်တော့ပါဘူး။

လာပြန်ပြီ ဒီအအေးလှိုင်း
ပိတ်ရတဲ့ ဒီနှာခေါင်းလဲ
စကားသာပြောတတ်ရင်
သူငိုပြတာ ကြာရောပေါ့။

ဒီဆောင်းတွင်းးမှာဖြင့်
ပင်ကိုသံတကယ်ပျောက်ပါလို့
နှာသံနှောပြောတဲ့ ငါ့အသံ
သည်းခံကာနားထောင်တဲ့
မိတ်ဆွေတို့ရေ
ကျေးဇူးများစွာတင်ပါကြောင်း။

ငါ့ကိုငါသာ
ဆင်ခြင်ရတော့မှာမို့
စောင်ခြုံထဲမှာ
ကွေးလို့သာနေလိုက်တော့မယ်
အေးချင်သလောက်သာအေးလိုက်တော့

Tuesday 26 February 2008

ကိုယ်ချင်းစာတတ်ကြရဲ့လား

တစ်ပတ်တစ်ခါ ဈေးထဲကို သွားပြီးဈေးဝယ်တဲ့အခါ စိတ်မကောင်းစရာကို မတွေ့ချင်လဲ တွေ့နေရတယ်။ လူတွေဟာ ကိုယ့်အသားကို အစူးလေးတစ်ချောင်း စူးရင်တောင် နာတတ်ကြတယ်။ ဒါပေမယ့် သူတစ်ပါး အသက်ကိုကြတော့ မနှမျောတတ်ကြဘူး။ ပုဇွန်တို့ ငါးတို့ကို အရှင်လတ်လတ်မှ ၀ယ်ကြတယ်။ အဲဒီလိုစားမှ ပိုအရသာ ရှိတယ်တဲ့။ သေပြီးသားအသားကို ၀ယ်စားရတာတောင် အကုသိုလ်များလှပြီ။ အခုတော့ အသက်ရှင်နေတာကို ကိုယ်တိုင်သတ်ပြီး စားကြတဲ့ လူတွေရဲ့စိတ်က တော်တော်ကြောက်ဖို့ကောင်းတယ်။ တစ်ချို့က မျောက်အရှင်ရဲ့ ဦးနှောက်ကို ဖောက်ပြီး အရက်နဲ့မြည်းကြတယ်လို့ ကြားဖူးတယ်။ ကိုယ့်အသွေးအသားကြတော့ နာတတ်ကြတယ်။ သူတစ်ပါးရဲ့ အသက်ကို ကြတော့ ကိုယ်ချင်းမစာနာကြဘူး။ တိရိစ္ဆာန်တွေတောင် သနားညှာတာတတ်ပါတယ်။ လူတွေက အသိစိတ်ရှိကြပါလျှက်နဲ့ သနားညှာတာစိတ် မထားတတ်ကြဘူး။ လူတွေက ပြောနေတဲ့ ကိုယ်ချင်းစာပါတယ်ဆိုတာ ဘာလဲလို့ စဉ်းစားနေမိတယ်။ လူတွေဟာ တစ်ကယ်ပဲ ကိုယ်ချင်းစာတဲ့ စိတ်ကလေးတွေ ရှိကြရဲ့လား မသိတော့ပါဘူး။

ပန်းဆွတ်တာ လွမ်းဆွတ်ဖို့များလား

ပန်းတွေကို
တစ်ပွင့်ပြီးတစ်ပွင့်
ခူးဆွတ်နေတဲ့
ပန်းဆွတ်သမားလို
ကာမဂုဏ်အာရုံတွေကို
တစ်ခုပြီးတစ်ခု
ရှာဖွေခံစားရင်း
စိတ်တွယ်တာကပ်ငြိနေတဲ့
ပုထုဇဉ်လူသားကို
သေမင်းက အချိန်မရွေး
ဆွဲခေါ်ယူသွားနိုင်ပါတယ်။
အိပ်မောကျနေတဲ့ ရွာတစ်ရွာကို
ရုတ်တရက် တက်လာတဲ့
ရေအလျဉ်ကြမ်းကြီး
ရွာလုံးကျွတ်
ရေထဲဆွဲခေါ်ယူသွားသလိုပါပဲ။

ဓမ္မပဒဂါထာ--၄၇
အရှင်ဆန္ဒာဓိက

Monday 25 February 2008

အမှတ်တရ ကျောင်းသူဘဝ

ဒီနေ့ အလုပ်ကအပြန် အထက်တန်းကျောင်းရှေ့ရောက်တော့ တူညီဝတ်စုံလေးတွေနဲ့ ကျောင်းဆင်းလာကြတဲ့ ကျောင်းသူလေးတွေကို ကြည့်ပြီး ငယ်ငယ်က ကျောင်းသူ ဘ၀ကို ပြန်သတိရမိတယ်။ ပြန်တွေးမိတိုင်းလည်း အရမ်းကို ပျော်ရွှင်မိတယ်။ သူငယ်တန်းကနေ ၆ တန်းလောက်အထိကို နယ်မြိှု့နေခဲ့တယ်။၇ တန်း တက်မယ်ဆိုတော့ မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာကြတော့ ရန်ကုန်မှာပဲ အလယ်တန်း အထက်တန်းကို တက်ခဲ့တယ်။ နေတာက ဒဂုံမြို့နယ်မှာ နေပေမယ့် ဒဂုံ ၁ မှာမတက်ချင်ဘူး လသာ ၂ မှာပဲတက်မယ်ဆိုပြီး မိဘတွေကို ပူဆာတာနဲ့ လသာ ၂ မှာ ၇ တန်းကနေပြီး စတက်ခဲ့တယ်။ ၆ တန်းလောက်အထိပဲ ယောကျာင်္းလေးတွေနဲ့ စာအတူတူ သင်ခဲ့ရတယ်။ ၇ တန်းကနေစပြီး မိန်းကလေးကျောင်းမှာ နေခဲ့ရတယ်။ ကျောင်းမှာက မိန်းကလေးတွေကြည့်ဆိုတော့ နေရတာ အရမ်းလဲလွတ်လပ်တယ်။ အားလုံးက ဆရာမတွေကြည့် အုပ်ချုပ်တာလေ။ ကျောင်းဆရာ ဆိုလို့ ပန်းချီသင်တဲ့ ဆရာပဲရှိတယ်။ မိန်းကလေးတွေကြည့် ဆိုတော့ ယောကျာင်္းလေးလုပ်ရမယ့် အလုပ်တွေကိုလဲ ဒီမိန်းကလေးတွေကပဲ လုပ်ကြရတယ်။ ရေခပ်တာ သစ်ပင်စိုက်တာက အစပေါ့။ ယောကျာင်္းလေးမရှိတော့ တစ်ချို့ ယောကျာင်္းဆန်တဲ့ မိန်းကလေးတွေက သူတို့ သဘောကျတဲ့ ကောင်မလေးတွေကို အချစ်တော်ဆိုပြီး ထားကြတယ်။ ဒါကလည်း လသာ ၂ ရဲ့ ထူးခြားမှုပေါ့။ ကျောင်းမှာက ကျောင်းတက်ပြီဆိုတာနဲ့ ကျောင်းတံခါးကို ပိတ်ထားလိုက်တာ ညနေ ကျောင်းဆင်းမှပဲ ပြန်ဖွင့်ပေးတာ။ ကျောင်းလာတက်ရင် သနပ်ခါးလိမ်းလို့ရပေမယ့် ပါမှာ ပါးကွက်မကွက်ရဘူး။ နားကပ် နဲ့ လက်စွပ် ကလွဲပြီး တစ်ခြားရွှေထည်တွေလဲ မပေးဝတ်ဘူးလေ။ လသာ ၂ ကျောင်းထွက်လို့ ပြောလိုက်ရင် တစ်ချို့က အကဲတွေ။ အစွာလေးတွေလို့ ပြောကြတယ်။ ကိုယ်နေတဲ့ ကျောင်းဆိုတော့လဲ အဲလိုမထင်ပါဘူး။ ကျောင်းသူတွေကြည့်ဆိုတော့ လွတ်လပ်စွာ ပြောဆိုနေထိုင်တတ်တာပဲ ရှိတာပါ။ ကဲတယ်လို့ ထင်မိချင်လည်း ထင်လောက်တယ်။ တော်တော်များများက သွက်သွက်လက်လက်တွေ ကြည့်ပဲကိုး။ ယောကျာင်္းလေးမရှိတော့လဲ နေရတာ ပိုလွတ်လပ်တယ်လေ။ မူလတန်းကျောင်းသူဘ၀ထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူဘ၀လေးကို ပိုသဘောကျတယ်။ ပိုလဲပျော်မိတယ်။ ပြန်တွေးလိုက်တိုင်းလဲ ကျောင်းပြန်တက်ချင်တယ်။

Sunday 24 February 2008

နေ့လည်စာ


မှို၊ မျှစ်သေးသေးလေးတွေရယ် ရွှေပဲသီးရယ်ရောကြော်

ငါးလေးအိုးကပ်

ဒီနေ့ အလုပ်ပိတ်ရက်လဲဖြစ် ဈေးဝယ်တဲ့နေ့ဆိုတော့ ထမင်းဟင်းကို စိတ်ကြိုက် ချက်စားဖြစ်တယ်။ ဈေးထဲမှာ ငါးသေးသေးလေးတွေ တွေ့တော့ မြန်မာပြည်မှာ ဖွားဖွားချက်ကျွေးတဲ့ ငါးသလဲထိုးအိုးကပ်လေးကို သတိရမိတယ်။ အဲဒါနဲ့ ငါးသေးသေးလေးကိုဝယ်လိုက်တယ်။ အိမ်ကိုပြန်ရောက်တော့ ငါးလေးတွေကို ရေစင်အောင်ဆေးပြီး ဆား၊ အချိုမုန့်တို့ နယ်ပြီးနောက် ငါးလေးတွေကို မကြေသွားအောင် သံပုရာသီးကို ညှစ်ပြီး ငါးတွေကို ဆမ်းပေးလိုက်ပါ။ သံပုရာသီးဆမ်းလိုက်တဲ့အတွက် ငါးလေးတွေက အသားတွေမကြေတော့ပဲ တင်းတင်းလေးနဲ့ စားလို့ပိုကောင်းတယ်လေ။ ပြီးရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုထောင်း ပြီးရင် အိုးထဲမှာ ဆီသပ်ပြီးရင် ငါးလေးထည့် အသာလေးမွှေပြီး ရေနဲနဲထည့်ပြီး ခဏနှပ်ထားလိုက်ပါ။ ပုဇွန်အကွေး ငါးအနွေး ဆိုတဲ့အတိုင်း အကြာကြီး တည်ဖို့မလိုပါဘူး။ ရေစပ်စပ်ကလေးနဲ့ စားချင်ရင်တော့ ရေပွက်လာပြီး အပေါ့အငန်အတော်ပဲဆိုရင် အိုးပေါ်ကချပြီး စားလို့ရပါပြီ။ ဒါမှမဟုတ် ရေခမ်းတဲ့အထိားပြီး ငါးလေးအိုးကပ်စားချင်ရင်တော့ ရေမရှိတော့တဲအထိ တည်ထားပြီး ဆီပြန်လာပြီဆိုရင် နံနံပင်ကြိုက်ရင် နံနံပင်လေးအုပ်ပြီး စားလို့ရပါပြီ။ ဒီနေ့တော့ အစားပုတ်တဲ့ နှင်း က ငါးလေးအိုးကပ်ချက်တယ်။ ပြီးတော့ မှိုနဲ့ မျှစ်သေးသေးလေးရယ် ရွှေပဲသီးရယ် ငြုပ်သီးတောင့် အကြီးကြီးတွေရယ်ကို ရောပြီးတော့ကြော်လိုက်တယ်။ နောက်ပြီး ဟင်းရည်တစ်ခွက် ချက်လိုက်သေးတယ်။ အစားပုပ်တော့ အလုပ်ကြာဆိုသလို အကြာကြီးလုပ်လိုက်ရတယ်။ အားလုံးပဲ နေ့လည်စာလာစားဖို့ ဖိတ်လိုက်တယ်နော်။ :P

Saturday 23 February 2008

Kenting (ခန်တိန်း) သို့အလည်တစ်ခေါက်













ထိုင်ဝမ်ကို ရောက်ပြီး ပထမဆုံး ညအိပ်ခရီး သွားခဲ့တာလေးကို သတိရလို့ ရေးလိုက်တာပါ။ နှင်း တို့အလုပ်က သူဌေးက တစ်နှစ်ကို တစ်ခါ ၂ ညအိပ် ၃ရက်ခရီး လိုက်ပို့ပါတယ်။ နှင်း ရဲ့ပထမဆုံး ခရီးလို့လဲ ပြောလို့ရတယ်။ ထိုင်ဝမ်ရဲ့ တောင်ဘက်ပိုင်းက Kenting ဆိုတဲ့ မြို့လေးဆီကို သွားခဲ့တုန်းက Museum of Marine Biology & Aquarium ကို သွားလည်ခဲ့တာပါ။ အဲဒီပြတိုက်ကို ပင်လယ်ကမ်းစပ် နဘေးမှာ တည်ဆောက်ထားတာပါ။ ပြတိုက်မှာ အဆောက်အဦး ၃ ခုပါဝင်ပါတယ်။ ပထမဦးဆုံး ကားရပ်နားတဲ့ နေရာကနေ အရောင်းကောင်တာနဲ့ ၀င်ပေါက်တွဲ ထားတဲ့ အဆောက်အဦးကို သွားပြီး ၀င်ပေါက်ဂိတ်ကို ဖြတ်ရပါတယ်။ အထဲကို ၀င်လိုက်တာနဲ့ ပထမဆုံးတွေ့လိုက်ရတာကတော့ လင်းပိုင်ရုပ်ကလေးတွေနဲ့ အလှဆင်ထားတဲ့ ရေကန်တစ်ခုပါ။ အဲဒီကနေ ဆက်လျှောက်သွားရင် ဝေလငါးရုပ်ကြီးတွေနဲ့ ရေပန်းကြီးကို တွေ့ရမှာပါ။ ဒါတွေကို ဖြတ်သွားပြီးတာနဲ့ ပထမဆုံး အဆောက်အဦးကို ၀င်ရောက်ရပါတယ်။ အဲဒီထဲမှာ ရေအောက်ကမ္ဘာမှာ ပျော်နေကြတဲ့ ငါးမျိုးဆုံကို သူ့နေရာနဲ့သူ စနစ်တကျ ပြသထားပါတယ်။ အဲဒီအဆောက်အဦးကို ကြည့်ပြီးတာနဲ့ နောက်တစ်ခုကို သွားရောက်ဖို့အတွက် အပြင်ကို ထွက်လိုက်ရင် လေတဖြူးဖြူး တိုက်နေတဲ့ ပင်လယ်ပြင်ကို တွေ့ရမှာပါ။ အဆောက်အဦးနှစ်ခုကြားမှာ စတီးတွေနဲ့ အလှဆင်ပြုလုပ်ထားတဲ့ ကင်းမွန်တွေကို လှပစွာ တွေ့ကြရပါတယ်။ ပင်လယ်ရေအောက်မှာ ရှိနေတဲ့ အပင်တွေကိုလဲ လှပစွာ တွေ့မြင်ရပါတယ်။ အအေးပိုင်းမှာ နေထိုင်တဲ့ ပင်ဂွင်းငှက်ကလေးတွေကို လဲတွေ့ခဲ့ရတယ်။ နှင်း တို့ဝင်ကြည့်နေတဲ့ အချိန်ဟာ ငါးတွေကို အစားကျွေးတဲ့ အချိန်နဲ့ တိုက်နေတဲ့အတွက် ရေငုပ်ဝတ်စုံ ၀တ်ထားတဲ့ ၀န်ထမ်းဟာ ရေထဲကိုဆင်းသွားပြီး အစာကျွေးတဲ့အခါ ဘေးပတ်လည်မှာ ငါးရောင်စုံတွေနဲ့ အလွန်လှပပါတယ်။ အဲဒီပြတိုက်ထဲမှာ 3D ပြခန်းလဲရှိပါတယ်။ တစ်ခါတစ်ခေါက်လောက်တော့ လာလည်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

မိန်းကလေးတွေရဲ့ ဒုက္ခ

ကိုယ့်နိုင်ငံက မတိုးတက်ပါဘူး ဆိုတဲ့ အကြောင်းပြချက် ကလေးနဲ့ နိုင်ငံခြားကို သွားရောက် အလုပ်လုပ် ကိုင်ချင်ကြတဲ့ မြန်မာတွေ နိုင်ငံခြားမှာ ဒုက္ခ ဆိုတာတွေနဲ့ တည့်တည့်တိုးမှပဲ နောင်တတွေရ ကြပါတယ်။ လူဆိုတာကလဲ လိုချင်တက်မက်မှု အရမ်းကိုများတဲ့အတွက် ငွေနောက်ကို လိုက်ရင်း ဘ၀တွေပါ ပျက်တဲ့အဆင့်ထိ ရောက်ကြရတယ်။ ငွေဆိုတာ လူတိုင်းလိုချင်ကြတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘ၀ကို ထိခိုက်ပြီးမှ ရရှိလာမယ့် ငွေကြေးကို တော့မလိုချင်ကြပါနဲ့။ ဘ၀မှာ ငွေနဲ့ ပေးပြီးဝယ်လို့ မရတဲ့ အရာတွေလဲရှိပါတယ်။ ငွေတော့ ရှိပါရဲ့ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘ၀မှာ ပြည့်စုံတယ်လို့ မခေါ်ပါဘူး။ လွန်ခဲ့တစ်လလောက်က စင်္ကာပူမှာ မြန်မာအိမ်ဖော်မလေး တစ်ယောက် အိမ်ရှင်ရဲ့ မတရားစော်ကားတာကို ခံခဲ့ရတယ်။ သူတစ်ပါးတိုင်းပြည်မှာ အလုပ်လုပ်ရတာ အန္တရာယ် ဘယ်လောက်များလဲဆိုတာ ကိုယ်တိုင်ကြုံမှ သိကြရတာပါ။ အဲဒီလို ဒုက္ခရောက်တော့ ဘေးမှာ မိသားစုကလဲ မရှိ။ ကိုယ့်နိုင်ငံလဲ မဟုတ်တဲ့အတွက် အလွန်ကိုပဲ ဒုက္ခရောက်ရပါတယ်။ ဘယ်လိုပဲ အလုပ်သမားအတွက် ကာကွယ်တဲ့ ဥပဒေတွေ ထားထားပါတယ် ပြောပါစေ။ အရင်ဦးဆုံး ကိုယ်ကဒုက္ခရောက်ရတာပါ။ မြန်မာနိုင်ငံမှာ ဘွဲ့ရပညာတတ်ဖြစ်အောင် ပညာတွေ သင်ကြားပြီးခါမှ သူတစ်ပါးနိုင်ငံမှာ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ရတာ တကယ်ကိုပဲ စိတ်မကောင်းစရာ တွေ့မြင်နေရတာပါ။ ကိုယ့်မိသားစုရှိတဲ့ နေရာမှာ မရှိအတူ ရှိအတူတူ နေရတာဟာ ပိုပြီးတော့ အေးချမ်းလှပါတယ်။

ခံစားမိသမျှ

ကိုယ့်ကိုကို သတ်သေတယ်ဆိုတာကို မြန်မာပြည်မှာ နေတုန်းက ကြားပဲကြားဘူးတယ်။ မမြင်ဘူး မတွေဘူးပါဘူး။ မြန်မာတွေရဲ့ ဘာသာရေး အဆုံးအမအရ ကိုယ့်ကိုကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်လို့ ပြောဆိုဆုံးမထားတဲ့ အတွက် အဲဒီလိုစိတ်ကူးမျိုးကို တော်ရုံမစဉ်းစားကြပါဘူး။ ဒါပေမယ့် ထိုင်ဝမ်ကို ရောက်လာတဲ့ အခါမှာတော့ မကြာခဏ ဆိုသလို သတင်းတွေထဲမှာ တွေ့မြင်နေရပါတယ်။ စီးပွားရေး အဆင်မပြေလို့ သမီးရည်းစား အဆင်မပြေလို့ စိတ်ညစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရခဲလှတဲ့ လူ့ဘ၀ကို အလွယ်တကူ စွန့်လွှတ်လိုက်ကြပါတယ်။ အဲဒီလို ဘာလို့များ လုပ်ကြတာလဲလို့ စဉ်းစားကြည့်တော့ မြန်မာပြည်မှာလို ဘာသာရေး မကျယ်ပြန့်တာလဲ ပါပါတယ်။ အလုပ်ကပေးတဲ့ ဖိအားရော လူမှုရေးတွေရော ရှုပ်ထွေးလာတဲ့ အခါမှာ မိမိစိတ်ကို မထိန်းချုပ်နိုင်တော့ပဲ ထွက်ပေါက်တစ်ခုအနေနဲ့ ပြုလုပ်လိုက်ကြတယ်။ ထိုင်ဝမ်ဟာ တိုးတက်တဲ့ နေရာတစ်ခုပါ။ အဲဒီတိုးတက်မှုတွေနဲ့ အတူ လူတွေမှာလဲ ဖိအားတွေ များနေတယ်လို့ ထင်မိတယ်။ ဒီမှာနေနေတဲ့ လူတွေဟာ မြန်မာနိုင်ငံက လူတွေလို စိတ်ကမအေးချမ်းဘူးလို့ ထင်မိတယ်။ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေကို ကြည့်လိုက်ရင် ဘုရားသွား ဘုန်းကြီးကျောင်းသွားပြီး ဘာသာရေးကို ပြုလုပ်ကြပါတယ်။ စီးပွားရေး အဆင်မပြေလို့ အလုပ်လုပ်နေရတဲ့ သက်ကြီးရွယ်အိုချင်း ယှဉ်ကြည့်ရင်တောင် ထိုင်ဝမ်က သက်ကြီးရွယ်အို တွေဟာ ပိုပြီးသနားဖို့ ကောင်းတယ်လို့ ထင်မိတယ်။ နှင်း အလုပ်လုပ်တဲ့ အလုပ်ထဲမှာ အသက် ၆၀ ကျော်နေပြီ အလုပ်လုပ် နေရတုန်းပဲ။ နေမကောင်းလဲ အလုပ်ကို လာနေရတယ်။ အလုပ်ကအပြန် အိမ်မှုကိစ္စတွေလဲ လုပ်ရတယ်။ သားသမီးတွေ ရှိနေပေမယ့် ကိုယ့်ဟာကို နေနေကြတဲ့ အတွက် မြန်မာပြည်ကလို မိဘကို ပြုစုယုယတယ်ဆိုတာ အလွန်နည်းပါးပါတယ်။ မြန်မာပြည်မှာ ဘယ်လောက်ပဲ ဆင်းရဲတယ်ပြောပါစေ ကိုယ့်မိဘကိုတော့ ရှိတာလေးနဲ့ ကျွေးမွေးပြုစုကြပါတယ်။ မိဘတွေကို ဘိုးဘွားရိပ်သာပို့တယ်ဆိုတာ အလွန်ရှားပါတယ်။ မရှိဘူးလို့လဲ မပြောလိုပါဘူး။ ဒါပေမယ့် တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ကိုယ့်ကိုမွေးတဲ့ မိဘတွေကို မပြုစုနိုင်လို့ ဘိုးဘွားရိပ်သာမှာ သွားထားကြ
ပါတယ်။ နှင်း သိတဲ့ ဘိုးဘွားရိပ်သာဆိုတာ အားကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေအတွက်ပါ။ နိုင်ငံခြားရောက်တော့မှ အော်ဒီလိုတွေလဲ ရှိပါလားဆိုပြီး အံ့သြမိတယ်။ စိတ်မကောင်းလဲဖြစ်မိတယ်။ မြန်မာပြည်မှာ လူလာဖြစ်ရတာကိုပဲ စိတ်ထဲမှာ ကျေနပ်မိသွားတယ်။ နိုင်ငံတိုးတက်တယ် ခေတ်မှီတယ် ဆိုတာတွေ မရှိရင်နေပါစေ။ ကိုယ့်ကို မွေးထားတဲ့ မိဘတွေကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ အသိတရားတွေကို သိခွင့်ရလို့ပါ။ လူဆိုတာ တစ်နေ့တော့ သေကြရမှာပါပဲ။ ဘယ်လောက်ပဲ ခေတ်မှီတိုးတက်တဲ့ နေရာမှာ နေနေပါစေ ဒီလမ်းကိုတော့ တစ်နေ့လျှောက်ကြရမှာပါ။ အခုအခါ မြန်မာနိုင်ငံကနေ အကြောင်း အမျိုးမျိုးတွေကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်နေကြတဲ့ လူငယ်တစ်ချို့မှာ နိုင်ငံခြားသားတို့ရဲ့ စရိုက်တွေ စိုးမိုးဝင်ရောက်နေကြပါတယ်။ မိသားစုဆိုတဲ့ စိတ်ကလေးတွေနဲ့ မိဘပါလားဆိုတဲ့ အသိစိတ်ကလေးတွေ တဖြည်းဖြည်း နည်းပါးလာကြပါတယ်။ (မြန်မာနိုင်ငံမှာလဲ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားရောက်မှ ပြောင်းလဲသွားတာ အများဆုံးမိုလို့ပါ။) ငါလုပ်နေတာ ငါရှာနေတာ ငါ့အတွက်ပဲ ဆိုတဲ့ အတွေးတွေနဲ့ တစ်ကိုယ်ကောင်း စိတ်ကလေးတွေ ၀င်ရောက်နေရာ ယူလာကြပါတယ်။ မိဘတွေက သားသမီးတွေကို တိုးတက်စေချင် ကောင်းစားစေချင်လို့ နိုင်ငံရပ်ခြားကို နည်းမျိုးဆုံနဲ့ ရောက်အောင်ခေါ်တယ်။ သူတို့ မသွားနိုင်ရင်တောင် ရောင်အောင်ပို့ပေးတယ်။ နိုင်ငံရပ်ခြားကို ရောက်တော့ သားသမီးတွေရဲ့ စိတ်တွေ ပြောင်းလဲသွားတာကို သိလိုက်ရပြီဆိုရင် မိဘတွေမှာ ရင်ထုမနာဖြစ်ရပြီပေါ့။ ကိုယ်ဘယ်ဘ၀ပဲ ရောက်နေနေ မိဘကမိဘပါပဲု။ မိဘကျေးဇူးဆိုတာ ဆပ်လို့မကုန်တာ လူတိုင်းအသိပါ။ ဆပ်လို့မကုန်နိုင်တဲ့ မိဘကျေးဇူးကို ပြန်ဆပ်နိုင်တဲ့ လူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမိပါတယ်။

Friday 22 February 2008

အူကြောင်ကြောင်

သူကအဘိုးကြီးနော်လို့ ပြောရင်
ကိုယ်ကလဲအဖွားကြီးဖြစ်ပြီလို့
ဘယ်လောက် ချစ်လဲမေးရင်
ကမ္ဘာကြီးလောက်တဲ့
သူကလူကြီးဆိုတော့
ကိုယ်က ကလေးပေါ့
သိပ်ဆိုးလို့ ချစ်ရတာဆိုတဲ့
သူ့အတွက်
ကိုယ်ကဆိုးပေးနေတာ
အချွဲလေးဆိုတဲ့ ကိုယ်က
တရော်နဲ့ ညီအစ်မဆိုတာ
သူမှမသိတာ
ကြာရင်ထိပ်ပြောင်မယ်တဲ့
ဆံပင်ညှပ်ခသက်သာအောင်
စေတနာနဲ့ပါ
တစ်ခါတစ်လေ မောင်တဲ့
သူက အစ်ကိုမှမဟုတ်တာ
ချစ်လားလို့မေးလို့
ချစ်တယ်လို့ဖြေတာနော်
မချစ်ဘူးလားမေးရင်
မချစ်ဘူးလို့ပဲ ဖြေမှာပေါ့


(ပေါတောတော ရေးထားတာပါနော်။ အရမ်းကို အားနေလို့ :P )

မိန်းမ

ထက်မြက်တဲ့ မိန်းမဖြစ်ချင်တယ်
ဘုရင်မလုပ်ဖို့တော့ မဟုတ်ဘူး
အားလုံးကို တတ်ချင်တယ်
ဆရာကြီးလုပ်ဖို့တော့ မဟုတ်ဘူး
ရဲရင့်ပြတ်သားချင်တယ်
စိတ်ဓါတ်ကတော့ မမာပါဘူး
မချစ်တတ်ဘူးလို့ မင်းတို့ထင်တဲ့
ငါ့ရင်ထဲမှာ နူးညံ့တဲ့နှလုံးသားရှိတယ်
မာကြောတဲ့ သူလို့မင်းတို့ထင်တဲ့
ငါဟာလဲ မိန်းမတစ်ယောက်မို့
ပုလဲတော့ ခတတ်ပါတယ်

အားပေးဖော်

စိတ်ညစ်လို့ ကြည့်လိုက်ရင်
ဘေးမှာအမြဲရှိနေတယ်
ပင်ပန်းလို့ ကြည့်လိုက်ရင်
မှီစရာ ပခုံးလေးထိုးပေးတယ်
ငိုနေတာ တွေ့လိုက်ရင်
အမြဲနှစ်သိမ့်ပေးတယ်
အေးမြတယ်ဆိုတဲ့
မေတ္တာကိုလဲ ပေးတတ်ပြန်တယ်
နူးညံ့တဲ့ သူ့ရဲ့အကြည့်
နွေးထေွးတဲ့ သူ့ပြောစကား
နားလည်တတ်တဲ့ သူ့စိတ်ထား
အေးမြလှတဲ့ သူ့မေတ္တာ
ကြင်နာတတ်တဲ့ သူ့အသည်းနှလုံး
ဒါတွေအားလုံးကို
ဥပေက္ခာ မပြုနိုင်ခဲ့တာ
သူ တစ်ယောက်နားလည်နိုင်ပါစေ။




ကိုယ့်စိတ်ကူး

ချစ်ခြင်းမေတ္တာ ဆိုတာကို လူတိုင်းခံစားဘူးကြပါတယ်။ မိဘမေတ္တာ ၅၂၈ ရဲ့အေးချမ်းမှုကိုလဲ သိရှိကြသလို ချစ်သူရည်းစားချင်းချစ်တဲ့ ၁၅၀၀ အချစ်ကိုလဲ လူတိုင်းခံစားဘူးကြပါတယ်။ မိဘမေတ္တာရဲ့ အေးချမ်းမှုဟာ ဘယ်အရာနဲ့မှ အစားထိုးလို့ မရပါဘူး။ ၁၅၀၀ အချစ်ကတော့ ပူလောင်လှပါတယ်။ မိဘက သားသမီးကို အေးမြတဲ့ မေတ္တာနဲ့ လိုချင်တက်မက်မှုမရှိပဲ ပေးထားတဲ့ အေးချမ်းလှတဲ့ အချစ်ပါ။ ၁၅၀၀ အချစ်ကြတော့ လိုချင်တက်မက်မှုတွေနဲ့ ပြည့်နေတဲ့ ချစ်ခြင်းမေတ္တာတစ်ခုလို့ ထင်မြင်မိတယ်။ ချစ်သူကို ချစ်တဲ့စိတ်နဲ့ သူတစ်ပါးအပေါ်မှာ မမြင်သင့်တဲ့ အမြင်တွေ အတွေးတွေနဲ့ ပြစ်မှားမိပါတယ်။ ကိုယ့်ချစ်သူကို အေးအေးချမ်းချမ်းနဲ့ ချစ်တတ်ရင်အကောင်းဆုံးပါ။ ချစ်သူချင်း မေတ္တာထားပြီး ချစ်မယ်ဆိုရင် ပိုပြီးအေးချမ်းမယ်လို့ ထင်ပါတယ်။ အရမ်းချစ်လို့ပါ ဆိုတဲ့စကားတွေနဲ့ ကိုယ့်ချစ်သူကို တားမြစ်တာတွေ များလာရင် တစ်ဦးနဲ့တစ်ဦး စိတ်ကသိကအောင့် ဖြစ်စေမှာပါ။ နှင်း ကတော့လေ ချစ်ပါတယ်လို့ ပြောပြီး အတ္တတွေနဲ့ ပြည့်နေတဲ့ ပူလောင်မှုတွေကို တကယ်မလိုချင်ဘူး။ အေးအေးချမ်းချမ်းနဲ့ မေတ္တာကိုပဲ လိုချင်တယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိပြီး အေးအတူပူအမျှဆိုတဲ့ ချစ်ြခင်းကိုပဲ ပိုလိုချင်တယ်။

စိတ်

လူတစ်ယောက် စိတ်ထဲမှာ ခံစားရတာဟာ မျက်နှာမှာ ပေါ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါတယ် ပြောပါစေ သူ့မျက်လုံးက အရောင်ကို ကြည့်ရင် သိနိုင်ပါတယ်။ စိတ်ကပျော်နေမယ်ဆိုရင် မျက်လုံးမှာလဲ ပျော်ရွှင်တဲ့ အရောင်ကို တွေ့နိုင်ပါတယ်။ စိတ်ညစ်နေရင်လဲ မျက်လုံးကအရောင်က သိသာပါတယ်။ ကိုယ်က ပျော်ရွှင်နေရင် ကိုယ့်ဘေးမှာရှိနေတဲ့ မိသားစု သူငယ်ချင်းတွေလဲ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ ကိုယ်ကစိတ်ညစ်နေရင် ကိုယ့်ဘေးကလူတွေလဲ စိတ်ညစ်နေရမှာပါ။ သူတို့နဲ့ ဘာဆိုင်လို့လဲ မမေးလိုက်ပါနဲ့။ သင်ကိုယ်တိုင်လည်း ဒီလိုမျိုး ခံစားဘူးမှာပါ။ သင့်မိဘ သူငယ်ချင်းတွေ စိတ်ညစ်နေရင် သင်ကိုယ်တိုင်ရော စိတ်ကပျော်နေနိုင်ရဲ့လား။ စိတ်ဆိုတာကလဲ အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တော့ ထိန်းသိမ်းဖို့တကယ်ကို ခက်ပါတယ်။ ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်အောင် ဘာသာရေး အဆုံးအမတွေကိုလဲ ခံယူသင့်တယ်။ ကိုယ်ယုံကြည်ကို ကိုးကွယ်ရာ ဘာသာရဲ့ ထိန်းသိမ်းမှုအောက်ကနေ ကိုယ့်ရဲ့စိတ်ကို ပြုပြင်ရမှာပါ။ စိတ်ဆိုးတယ် စိတ်ကောက်တယ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ စိတ်ဆိုးရင်ဒေါသဖြစ်ရင် ကိုယ်ပဲပင်ပန်းရတယ်။ ကိုယ်ပဲ ပူလောင်ရတယ်။ ကိုယ်ခံစားရတာကို ဘေးလူက သိပဲသိတာ။ သူတို့က ဘာမှ ခံစားရတာ မဟုတ်ဘူး။ စိတ်ကောက်တယ် ဆိုပြီးလူတိုင်းပြောတတ်ကြတယ်။ စိတ်ကောက်တယ်ဆိုတာကို တစ်ချို့က ကလေးဆန်တဲ့အကျင့်လို့ ယူဆချင်ယူဆကြမယ်။ ဒါပေမယ့် ခဏခဏ စိတ်ကောက်နေမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ၁၀ ခါတစ်ခါလောက် ဖြစ်မယ်ဆိုရင် ဘာမှမဖြစ်ပေမယ့် ခဏခဏ ဖြစ်နေရင်တော့ အဲဒီလူကို စိတ်ပျက်လာမှာပါ။ ကြာတဲ့အခါကြတော့ သူကအမြဲတမ်း ဒီလိုပဲ ဂရုစိုက်မနေနဲ့ ပစ်ထားလိုက် ဆိုပြီး ပြောဆိုကြပါတယ်။ စိတ်ကို တတ်နိုင်သမျှ ဘာပူပင်မှုမှ မရှိအောင် ထားတတ်ရင် အကောင်းဆုံးပါ။ ကိုယ့်ကို ဒီလိုပြောသွားလို့ ပြန်ပြောရမှ ကျေနပ်မယ် ဆိုတာမျိုးတွေ မထားမိစေနဲ့နော်။ အဲလိုထားမိရင် စိတ်ထဲမှာလဲ သူတစ်ပါးကို မကျေနပ်တဲ့စိတ် ဒေါသစိတ်တွေနဲ့ လူကအရမ်းကို ပူလောင်ပါတယ်။ ကိုယ့်ကို ပူလောင်အောင်လဲ ကိုယ့်စိတ်ကပဲလုပ်နေတာပါ။ လူဘ၀မှာ ခဏတာနေရတဲ့ အချိုန်လေးမှာ စိတ်ကို ငြိမ်းချမ်းအောင် ပြုပြင်နေထိုင်သွားနိုင်မှ ရခဲလှတဲ့ လူ့ဘ၀မှာ နေလို့လဲပျော် သေလို့လဲပျော်မှာပါ။

(ဒေါသ မောဟ မာန်မာန တွေနဲ့ ကင်းဝေးကြပါစေ)

Tuesday 19 February 2008

ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းမြို့ kaohsiung



စင်္ကာပူနိုင်ငံက ဆိပ်ကမ်းအကြောင်းကို ပြောနေတော့ ကိုယ်နေနေတဲ့ နိုင်ငံရဲ့ ဆိပ်ကမ်းအကြောင်းကို ပြောပြချင်ပြန်တယ်။ အခုတင်ထားတဲ့ ဓါတ်ပုံတွေက ထိုင်ဝမ်မှာရှိတဲ့ အကြီးဆုံးဆိပ်ကမ်းကို မြင်တွေ့ရတဲ့ မြင်ကွင်းတွေပါ။ထိုင်ဝမ်ကျွန်းရဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့လဲ ဖြစ်တယ်။ ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်း ဆိပ်ကမ်းမြို့က keelung လို့ခေါ်တဲ့ မြို့ဖြစ်ပါတယ်။ မြောက်ပိုင်း Taipei(ထိုင်ပေ)ကနေ တောင်ပိုင်းက kaohsiung (ကောင်းရှုံ) လို့ပဲမြန်မာလို အသံထွက်မှာပေါ့နော် အဲဒီနှစ်မြို့ကို အခုအခါမှာ ကျည်ဆန်ရထားနဲ့ အချိန်အနည်းငယ်အတွင်း အရောက်သွားလို့ ရနေပြီလေ။


PSA စင်္ကာပူရဲ့ အကြီးဆုံးဆိပ်ကမ်း





နေ့ဘက်မြင်ကွင်း

ညဘက်မြင်ကွင်း

စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေကို အများဆုံး ရှာဖွေပေးနေတဲ့ PSA company ရဲ့ လုပ်ငန်းခွင်ထဲက မြင်ကွင်းတစ်ချို့ပါ။ ဒီလုပ်ငန်းခွင်မှာ မြန်မာလူမျိုးအလုပ်သမား အများအပြား ၀င်ရောက် လုပ်ကိုင်လျှက်ရှိပါတယ်။ ဒီလုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ လုံခြုံရေးကို အထူးသတိထားပြီး လုပ်ကိုင်ကြရပါတယ်။ မိမိလုံခြုံရေးအတွက် ဂရမစိုက်ရင် မိမိတင်မဟုတ် တစ်ခြားအလုပ်သမားတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ PSA company ဟာ container အတင်အချလုပ်တဲ့ ဆိပ်ကမ်းထဲမှာ အာရှတိုက်ရဲ့ ဒုတိယအကြီးဆုံး ဆိပ်ကမ်းဖြစ်ပါတယ်။ ပထမဆိပ်ကမ်းက ဟောင်ကောင်ဆိပ်ကမ်းပါ။ မြန်မာနိုင်ငံမှ ကြယ်ငါးပွင့် ကုန်တင်သင်္ဘောတွေလဲ လာရောက်ဆိုက်ကပ်ကြတယ်။

Monday 18 February 2008

စိတ်ကူး

အသံလေးကြားတော့ အဟုတ်ပင်
စိတ်ကူးထဲက သူ့အသွင်
မင်းသားလေးလို့ ကိုယ်ထင်မြင်
ကြုံကြိုက်တုန်းလေး ဓါတ်ပုံတောင်း
ငါ့အမြင်တွေ တစ်မျိုးပြောင်း
မင်းသားလေးက ဘယ်ဆီညောင်း

Sunday 17 February 2008

တယ်လီဖုန်းလေးရေ Thanks

ချစ်တဲ့သူတွေ ဝေးကွာနေချိန်မှာ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်မပြတ်သွားအောင် ဆက်သွယ်ပေးတဲ့ အရာတွေထဲမှာ တယ်လီဖုန်း ဆိုတဲ့အရာလေးကိုတော့ အရမ်းကျေးဇူးတင်မိတယ်။ ဘယ်လောက်ပဲ ဝေးကွာနေပါစေ အသံလေးကြားလိုက်ရင် ကိုယ့်အနားမှာ ရှိနေသလိုကို ရင်ထဲမှာခံစားရတယ်။ ဟိုးအရင်က လူတွေထက်စာရင် နှင်း တို့ခေတ်မှာ ဆက်သွယ်ရေးတွေ တိုးတက်လာတဲ့အတွက် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရောက်နေနေ ကိုယ်ချစ်တဲ့သူတွေရဲ့ အသံလေးကို အချိန်မရွေး ကြားခွင့်ရနေတဲ့အတွက် တယ်လီဖုန်းကို ကျေးဇူးတင်ပါတယ်လို့ ပြောတာပါ။ တယ်လီဖုန်းကို စတင်တီိထွင်ခဲ့တဲ့ ဂရေဟမ်ဘဲလ်ကို ကျေးဇူးအရမ်းကိုတင်မိတယ်။ နောက်ပြီးကျေးဇူးတင်ဖို့ ကောင်းတာကတော့ စင်္ကာပူကို free call ခေါ်ပြီးပြောလို့ရတဲ့ pfingo ကိုပေါ့။ pfingo ဆိုတဲ့ အရာကိုတော့ စင်္ကာပူနဲ့ ဆက်သွယ်ပြောဆိုနေတဲ့ လူတိုင်းသိကြမှာပါ။ စင်္ကာပူမှာရှိနေတဲ့ ကိုယ်ချစ်ခင်နေတဲ့ သူတွေနဲ့ ဖုန်းခမကုန်ပဲ ပြောဆိုခွင့်ရလို့ပေါ့။ pfingo ကဖုန်းတစ်ခါခေါ်လိုက်ရင် ၂ နာရီမနားတမ်းစကားပြောလို့ရတယ်။ ၂ နာရီကြာရင်တော့ လိုင်းပြတ်သွားပါတယ်။ ထပ်ပြောချင်ရင် နောက်တစ်ခါထပ်ခေါ်လို့ရပါတယ်။ pfingo အကြောင်းကို အသေးစိတ်သိချင်ရင် ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။ သိပြီးတဲ့လူတွေကိုတော့ မပြောပြတော့ပါဘူး။ မှတ်ထားနော် ၂ နာရီကြာရင် လိုင်းပြတ်သွားမှာနော်။
တယ်လီဖုန်းလေးထဲကနေပြီး ချစ်စကားတွေကို ပြောနေကြရတဲ့ ချစ်သူတွေ ဒီသီချင်းလေးကို နားထောင်ပြီး အလွမ်းဖြေနိုင်ကြပါစေနော်။ သီချင်းလေးနာမည်က စက္ကန့်ပိုင်းများ တဲ့ သီဆိုထားတဲ့ အဆိုတော်က မီမီဝင်းဖေပါ။ နားထောင်ကြည့်နော်။

်

တောင်တရုတ်ပင်လယ်ပေါ်က TankerShip



စင်္ကာပူကျွန်းရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်ထဲကို လှိုင်းလေကြားထဲမှ ဖြတ်သန်းသွားလာနေတဲ့ TankerShip ရဲ့ အပေါ်မှ မြင်ရတဲ့ မြင်ကွင်းပါ။ ဒေါသမာန်ဟုန်ပြင်းနေတဲ့ ပင်လယ်ပြင်ကို အန်တုရင်း သွားလာနေတဲ့ ပင်လယ်ပျော်သင်္ဘောသားများဖြစ်ပါတယ်။ သင်္ဘောကြီး ပင်လယ်ကိုအန်တုနေတာကို ကြည့်ကြရအောင်နော်။

Friday 15 February 2008

မိခင်မြေ

ဘာသာတွေ လူမျိုးတွေမတူပါ
ဒါပေမယ့် မြန်မာမှာမွေးခဲ့လို့
မြန်မာ နိုင်ငံသားပါ။

ကံတရားကြောင့် မင်းဟာ
နိုင်ငံခြားသားဖြစ်လာတာပါ
မွေးဖွားရာမှာတော့ မပြောင်းလဲ
မြန်မာကတော့ “မြန်မာ”ပါပဲ

မင်းကိုမွေးပြီး
ကြီးပြင်အောင်ပြုစုခဲ့တဲ့ရေမြေဟာ
မြန်မာ ဆိုတဲ့ ရေမြေပေါ်မှာပါ

နိုင်ငံခြားသားဖြစ်လို့
မိခင်နဲ့တူတဲ့ မွေးမြေကို
ခြေစုန်ကန်လိုက်တာလား

မင်းတို့တွေ ကျေးဇူးမသိရင်နေ
ဒုက္ခဆိုတာနဲ့ ကြုံပြီး
နွေးထွေးမှုလိုချင်ရင်
အမြန်သာပြန်ခဲ့ပါ
မိခင်မြေက အမြဲတမ်း
Welcome ပါ

မွေးဖွားရာကတော့ “မြန်မာ”ပါပဲ

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ စကားအတိုင်း လူတွေဟာ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေထိုင်ကြရင်း ဘ၀ကို ဖြတ်သန်းနေကြရပါတယ်။ အဲဒီလို နေထိုင်လာကြရင်းကနေ မိမိမွေးဖွားခဲ့တဲ့ နေရာဒေသလေးကို ဘာလို့များ တစ်ချို့သောလူတွေက မေ့နေကြတာလဲ။ ကျွန်မတို့ဟာ အကြောင်းအမျိုးမျိုးတွေကြောင့် မြန်မာနိုင်ငံကို ခဏတာခွဲခွာလာကြတဲ့ လူတွေပါ။ ကိုယ့်ရဲ့ ဘ၀ပေးအခြေအနေတွေအရ တစ်ချို့သောသူတွေဟာ တစ်ခြားနိုင်ငံရဲ့ နိုင်ငံသားဘ၀တွေကို ခံယူကြပါတယ်။ ဒါတွေက လူတစ်ဦးချင်းစီရဲ့ ဘ၀ပေးအခြေအနေတွေကြောင့် ဖြစ်လာရတဲ့ အကြောင်းတွေပါ။ ဘယ်လိုပဲ နိုင်ငံသားကဒ်တွေ ပြောင်းပြောင်း မွေးဖွားရာနေရာဆိုတဲ့ နေရာလေးမှာတော့ “မြန်မာ” ဆိုတဲ့ စကားလုံးလေးကိုတော့ ဘယ်လိုမှ ပြောင်းလဲလို့ မရပါဘူး။ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ တစ်ချို့သော လူတွေဟာ မြန်မာအချင်းချင်း မြန်မာလိုနှုတ်ဆက်ရမှာကိုပဲ ရှက်သလိုလိုနဲ့ ဖြစ်နေတတ်တာကို မကြာခဏဆိုသလို တွေ့နေရပါတယ်။ အနေကြာလို့ ကိုယ်နေထိုင်ရာနိုင်ငံရဲ့ စကားကို အကျင့်ပါပြီးပြောတဲ့လူနဲ့ တမင်ကိုမပြောချင်တော့လို့ တမင်လုပ်ယူပြီး ပြောတဲ့လူနဲ့ ခွဲခြားပြီးတော့ သိနိုင်ပါတယ်။ ကိုယ့်ကိုမွေးခဲ့တဲ့ နိုင်ငံရဲ့စကား ကိုယ်နေထိုင်စားသောက်လာတဲ့ ရေမြေရဲ့စကားကို လူကြားထဲမှာ ပြောဆိုရမှာဟာ အရမ်းကိုပဲ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုများ ဖြစ်နေလို့လား။ မြန်မာနိုင်ငံကိုပဲ ပြန်တော့မယ်။ ဒီမှာမနေချင်တော့ဘူး လို့ပြောမိရင် မြန်မာနိုင်ငံကိုပြန်ပြီး ဘာလုပ်စားမှာလဲ ပြန်သွားရင်တော့ ကုန်မှာပါပဲ။ ဆိုပြီးပြောတတ်ကြပြန်တယ်။ စေတနာနဲ့ ပြောကြတာကိုတော့ သိပါတယ်။ ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ ဘ၀တွေက မတူညီကြဘူးဆိုတာကိုတော့ သိသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာလုပ်စားမလဲလို့ ပြောတဲ့လူက သူကိုယ်တိုင်ရော ဒီအသက်အရွယ်ထိ ကြီးပြင်လာအောင် မိဘတွေက ဘယ်နိုင်ငံမှာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့တယ်ဆိုတာကို မေ့နေလို့လား။ မြန်မာနိုင်ငံမှာပဲနေပြီး လုပ်ကိုင်စားသောက်နေတဲ့ လူတွေကိုပဲ မမြင်မိလို့လားမသိပါဘူး။ နိုင်ငံမတိုးတက်တာကို ကျွန်မတို့အားလုံးသိပါတယ်။ ဒါပေမယ့် ကိုယ်မွေးတဲ့နိုင်ငံကို အကောင်းမမြင်ရင်နေပါ။ မကောင်းတဲ့အကြောင်းလေး မပြောမိရင် တော်ပါပြီ။ ကိုယ့်ဘ၀ကို ဘယ်နိုင်ငံမှာပဲ အခြေချနေထိုင်ပါစေ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ နိုင်ငံကလေးကိုတော့ ကျေးဇူးပြန်ပြီးမပြုရင်နေပါ။ ကျေးဇူးကန်းတဲ့ စကားမျိုးတွေနဲ့ မပြောစေချင်ဘူး။

Thursday 14 February 2008

ကိုယ့်နေရာ ကိုယ်နေဖို့

နေတတ် စားတတ် ရတယ်ဆိုပြီး လူကြီးတွေ အမြဲပြောဆိုတတ်ကြပါတယ်။ လူတစ်ယောက်ဟာ မိမိပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်နေရာကိုယ် နေတတ်ဖို့လဲလိုပါတယ်။ ကိုယ့်နေရာ ကိုယ်မနေတတ်ရင် သူတစ်ပါးရဲ့အပြောအဆိုကို ခံရတတ်ပါတယ်။ ဥပမာ အလုပ်ခွင်မှာ ရာထူးအဆင့်ဆင့် သတ်မှတ်ထားပါတယ်။ မန်နေဂျာ နေရာမှာ နေနေတဲ့လူဟာ မန်နေဂျာဆိုတဲ့ ရာထုးနဲ့အညီ ပြုမူနေထိုင် လုပ်ကိုင်သင့်ပါတယ်။ အော် မန်နေဂျာပါဆိုမှ သူ့ရာထူးနဲ့သူ နေမှာပေါ့လို့ အလွယ်မပြောလိုက်ပါနဲ့နော်။ အဲလိုမျိုးပဲ အများအားဖြင့် တွေးကြမှာပါ။ ဒါပေမယ့် ကိုယ်ကအရေးမကြီပါဘူး ဆိုပြီး လုပ်လိုက်တဲ့ ကိစ္စလေးတွေက ကြာလာတဲ့အခါမှာ အနှောင့်အယှက်လေးတွေ ဖြစ်လာပါတယ်။ မန်နေဂျာတစ်ယောက်က တစ်ချို့ရုံးကိစ္စတွေကို အောက်လက်ငယ်သားတွေကို မလုပ်ခိုင်းပဲ ကိုယ်တိုင်ဝင်လုပ်မယ်။ သူတို့အလုပ်တွေကို ၀ိုင်းကူပြီးအောက်ခြေသိမ်း လိုက်လုပ်ပေးနေမယ် ဆိုရင် ကြာလာတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ ကိုယ့်ကိုလေးစားတဲ့စိတ် လူကြီးတစ်ယောက်ပါလားဆိုတဲ့ စိတ်တွေမရှိတော့ပဲ မန်နေဂျာကနေ အောက်လက်ငယ်သား ဘ၀ကိုရောက်မှန်းမသိ ရောက်သွားတတ်ပါတယ်။ မန်နေဂျာတစ်ယောက်ဟာ မိမိအောက်က ၀န်ထမ်းတွေကို တစ်ခြားသောနည်းတွေနဲ့ ကူညီလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုလေးစားနေတဲ့ သူတို့ရဲ့စိတ်ကို မထိခိုက်အောင်နေထိုင် ပြောဆိုတတ်ရပါမယ်။ ဒါကလုပ်ငန်းခွင်ကို ဥပမာအနေနဲ့ ပြောပြတာပါ။ ဘယ်နေရာမှာမဆို နေတတ်ရပါမယ်။ လူတိုင်းဟာ ကိုယ့်နေရာနဲ့ကို နေတတ်မယ်ဆိုရင် တစ်ချို့သောလူမှုရေး အရှုပ်အထွေးတွေ ဖြစ်နေကြမှာ မဟုတ်ပါဘူး။

ပျော်ရွှင်ပါစေ ချစ်သူတွေ

Glitter Graphics

အော် ချစ်သူများနေ့ကို ရောက်ခဲ့ပြန်ပြီ မနှစ်ကလဲ ဒီလိုနဲ့ပဲ ပြီးသွားတယ်။ ဒီနှစ်လဲ ဘာမှမထူးခြားပါဘူး။ မနှစ်ကလိုပဲ ကိုယ်ဖာသာပဲ ချောကလက် ၀ယ်စားလိုက်တယ်။ ဟဲ ဟဲ အများအမြင်မှာတော့ တစ်မျိုးပေါ့နော်။ နှင်း ကတော့ နှစ်တိုင်းဒီလိုဖြစ်နေရင် ကြာရင်တော့ ငှက်ပျောတုံး ဖက်ရတော့မယ်နဲ့တူပါတယ်။ ကဲ ချစ်သူရှိသော သူများအားလုံး ဒီကနေ့ကျရောက်တဲ့ ချစ်သူများနေ့မှသည် ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေနော်။


Tuesday 12 February 2008

မွေးနေ့ဆုတောင်း

ဒီနေ့ကတော့ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်နေ့ဖြစ်တဲ့ ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ မြန်မာပြည်အတွက် နေ့ထူးတစ်ရက် ဖြစ်သလို နှင်း ဘ၀အတွက်လဲ အရမ်းကို အရေးကြီးတဲ့ လူတစ်ယောက်ရဲ့ မွေးနေ့လဲဖြစ်ပါတယ်။ မနက်ခင်းက အလုပ်သွားဖို့ စိတ်ကလောနေတော့ သူ့ဆီကို မွေးနေ့ဆုတောင်း မလုပ်မိဘူး။ ဒါတွေကို နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်တဲ့ အတွက်လဲ နှင်း သူ့ကိုကျေးဇူးတင်မိပါတယ်။ နှင်း ရဲ့အဝေးတစ်နေရာမှာ ရှိနေတဲ့ သူတစ်ယောက်ဖြစ်လို့ ဘာမှ လုပ်မပေးနိုင်တဲ့အတွက် ၀မ်းလည်း နည်းမိပါတယ်။ တကယ်လို့များ အနားမှာရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးနဲ့ပဲ နောင်ရောက်လာမယ့် မွေးနေ့တွေကို နှင်း နဲ့အတူ ပြီးတော့ မိသားစုတွေနဲ့အတူ ဖြတ်သန်းနိုင်ဖို့ ဆုတောင်းမိတယ်။

၁၂.၂.၂၀၀၈ မှာကျရောက်တဲ့ နှင်း ဘ၀အတွက် အရေးကြီးတဲ့ သူ မွေးနေ့မှာ စိတ်ချမ်းသာ ပျော်ရွှင်ပြီး အိမ်မက်ထဲက မိသားစုဘ၀လေးကို ပိုင်ဆိုင်ပြီး ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။





၁၂.၂.၂၀၀၈ မှာကျရောက်သောမွေးနေ့မှသည်

ပျော်ရွှင်ချမ်းမြေ့သော

ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ။


(သူ ဆိုတာ နှင်း ရဲ့ အစ်ကိုပေါ့နော်)


Monday 11 February 2008

ကျောက်သင်ပုန်းနဲ့ ကွန်ပျူတာသင်မယ်

ကွန်ပျူတာဆိုတာကို အခုခေတ်ကလေးတွေ အနေနဲ့ဆိုရင် ဘယ်နေရာမှာ ကြည့်ကြည့်တွေ့ မြင်နိုင်ပါတယ်။ တောမြို့လေးတွေမှာတောင် ရှိနေတဲ့အတွက် ထိတွေ့ကိုင်တွယ်ပြီး မသုံးဘူးရင်တောင် ဘယ်အရာကို ခေါ်တာလဲဆိုတာကိုတော့ သိကြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကွန်ပျူတာကို ဘယ်လိုသင်ခဲ့လဲ ဆိုတာကို ပြောပြမယ်နော်။ သူနေတဲ့ နေရာက ပြည်နဲ့ဆင်တဲ ကြားထဲ ရွာလေးက ဘုန်းကြီးကျောင်းမှာဘကြီးဘုန်းကြီးနဲ့ နေနေတယ်။ သဘောင်္သားလုပ်နေပြီးပြီ။ သဘောင်္သားတာ လုပ်နေတာ ကွန်ပျူတာကို ထိတွေ့ကိုင်တွယ်မှုကလဲ မရှိတော့ ဘကြီးဘုန်းကြီးက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းကနေ ကွန်ပျူတာကို သင်ကြားခဲ့ဘူးတော့ ဘကြီးဘုန်းကြီး ဆီကနေ ပြန်သင်ရတော့တာပေါ့။ သဘောင်္သားဆိုတော့ ပြန်လာပြန်တော့လဲ သင်တန်းတွေ ဘာတွေတက်ဖို့ အချိန်ကလဲ မပေးနိုင်ဘူးပေါ့။ ကွန်ပျူတာကလဲ မရှိ။ ဘာလဲဆိုတာကို မသိတဲ့ လူတစ်ယောက် ကွန်ပျူတာ ဘယ်လိုသင်လဲဆိုတာ သိချင်လား။ ပြောပြမယ်နော်။ ဘကြီးဘုန်းကြီးက ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ ကွန်ပျူတာပုံကို ဆွဲပြီး သင်ပေးတာပေါ့။ ဘယ်ရမလဲ မြန်မာပဲနော်။ ဒီလောက်ကတော့ အပျော့ပေါ့နော်။ icon တွေကိုလဲ ပုံဆွဲပြီး ရှင်းပြတာပေါ့။ ဘယ် icon ကိုနှိပ်ရင် ဘာဖြစ်မယ်ဆိုတာတွေကိုပေါ့။ အဲဒီလိုနဲ့ အခုတော့ သူဟာ ကွန်ပျူတာကို သုံးတတ်တဲ့ လူတစ်ယောက်ဖြစ်နေပြီပေါ့။ အခုခေတ်ကလေးတွေ ကွန်ပျူတာသင်ရတာက သူ့ထက်တော့ ကံကောင်းပါတယ်။ ကွန်ပျူတာဆိုတာကို ထိတွေ့ကိုင်တွယ်ပြီး သင်ခွင့်ရလို့ပေါ့။

(သူ ဆိုတဲ့ လူကိုယ်တိုင်ပြောပြလို့ သိခဲ့ရတာပါ။)

Sunday 10 February 2008

လိပ်ပြာလုံဖို့

ကြည့်ပါဦး ဟိုလူကို
ဒီလူကိုလည်းကြည့်ပါဦး
ငါ့ကိုယ်ငါရော
ပြန်ကြည့်မိရဲ့လား

သူတစ်ပါးကိုကြည့်
အပြစ်ကိုမြင်
ငါ့ကိုယ်ငါတော့
ပြန်လဲမကြည့်
ဘာကိုမှလည်းမမြင်မိဘူး

ကိုယ့်မျက်ချေးကိုမမြင်
သူတစ်ပါးကိုမြင်တတ်တဲ့ငါ
တွေးကြည့်ရင်
တကယ်ကိုရှက်မိပါတယ်

ငါ့လုပ်ရပ်လူမသိပေမယ့်
ငါ့ကိုငါသိတယ်
အားလုံးကိုလိမ်လို့ရပေမယ့်
ငါ့ကိုငါတော့လိမ်လို့မရပါလား

ငါ့လိပ်ပြာငါလုံဖို့
ဒါတွေကို ငါပြင်ရတော့မယ်.....................

ကိုယ့်အလုပ်ကိုယ်လုပ်

မလိုမုန်းထားသူတို့ရဲ့
ဆန့်ကျင်ဘက်
အပြစ်ဖွဲ့စကားတွေကို
မကျေမနပ်စိတ်နဲ့
တေးမှတ်ကြည့်ရှုမနေပါနဲ့
သူတစ်ပါးတို့
ကောင်းတာလုပ်ပြီးပြီလား
မကောင်းတာရှောင်ပြီးပြီလား
ဆိုတာတွေကိုလည်း
အလုပ်တစ်ခုလုပ်ပြီး
ဂရုစိုက်ကြည့်ရှုမနေပါနဲ့
ကိုယ်ကောင်းတာလုပ်ပြီးပြီလား
ကိုယ်မကောင်းတာရှောင်ပြီးပြီလား
ဆိုတာကိုပဲ
အမြဲမပြတ်
ကြည့်ရှုဆင်ခြင်စမ်းပါ။


အရှင်ဆန္ဒာဓိက (ဓမ္မပဒဂါထာ--၅၀)

လူပျိုကြီးများ ရည်းစားထားတော့

မျက်စိရှေ့မှာ တွေ့နေရတော့လဲ မပြောပဲ မနေနိုင်ဘူး။ ပြောတော့မယ်နော်။ ခုတစ်လော လူပျိုကြီးတစ်ယောက် ရည်းစားထားတာကို တွေ့တော့ လူပျိုကြီးတွေ ရည်းစားထားရင် ဘယ်လိုလဲဆိုတာကို ကိုယ်တွေ့မြင်လို့ ပြန်ပြောပြချင်တာနဲ့ ပြီးတော့ တစ်ခြားလူပျိုကြီးတွေလဲ အားကျအောင် ရေးလိုက်တာ။ လူပျိုကြီးက ၃၅ ကျော်နေပြီ သူ့ရည်စား ကောင်မလေးက ၂၄ နှစ်လေ။ သူတို့နှစ်ယောက်စတွေ့တာက ကောင်မလေးရဲ့ ကျောင်းနေဘက် သူငယ်ချင်းက မိတ်ဆက်ပေးလို့ အွန်လိုင်းကနေသိတာ။ ကောင်မလေးသူငယ်ချင်းက အစ်ကိုလိုခင်လို့ သူ့သူငယ်ချင်းနဲ့လဲ မိတ်ဆွေဖြစ်ရအောင် ဂျီမေးလ်နစ်ပေးပြီး ကောင်မလေးပုံကို ပြလိုက်တယ်လေ။ ဒီမှာတင် လူပျိုကြီးတစ်ယောက် ကောင်မလေးကို သဘောကျလို့ အက်လိုက်လေ သတည်းပေါ့။ ကောင်မလေးကလဲ အသွက်ကလေး စတွေ့ကတည်းက လူပျိုကြီးကို မေးခွန်းတွေထုတ်လို့ ပလိပ်စစ်စစ်တော့တာပဲတဲ့လေ။ ဒီလိုစပ်စုတတ်တဲ့ ကောင်မလေးနဲ့ အေးအေးဆေးဆေးနေတဲ့ လူပျိုကြီးနဲ့ စကားတွေ ပြောဖြစ်ကြတယ်လေ။ ကောင်မလေးက ချွဲကလည်းချွဲတတ် ဆိုးကလဲဆိုးသေး လူပျိုကြီးတစ်ယောက် ချစ်မိသွားတာပေါ့။ ကောင်မလေးကလဲ ကလေးဆိုးလေးလေ။ လူပျိုကြီးတို့ထုံးဆံ သိတဲ့အတိုင်းပဲ အရှက်အကြောက်လဲကြီးတော့ ကောင်မလေးကို မပြောရဲဘူးပေါ့။ ညီမလေးလိုပဲ ချစ်တာပါဆိုပြီး ကောင်မလေးကို ပြောနေတာပေါ့။ ဒါပေမယ့် ကောင်မလေးကလဲ သိသလိုလိုနဲ့ ဆိုတော့ တစ်နေ့တော့ အတင်းကိုမေးတော့တာပေါ့။ လူပျိုကြီးကလဲ ရှက်ရှက် ကောင်မလေးကလဲ တဇွတ်ထိုးမေးတော့ နောက်ဆုံးတော့ ပြောလိုက်ရတော့တာပေါ့။ ကောင်မလေးက ဆိုးလို့ ပိုပြီးချစ်တာတဲ့လေ။ ပြောပြီးတော့လဲ လူပျိုကြီးခမျာ အပူတွေကများလာပါပြီ။ ကောင်မလေးနဲ့ နီးချင်နေပြီ။ အသက်ကွာတာကိုလဲ သူ့ခမျာစိတ်တွေညစ်နေပြီ။ ကောင်မလေးဘက်က သဘောမတူမှာကိုလဲ တွေးပြီးကြောက်လာပြီ။ အော် ကောင်မလေးဆီကိုလဲ နေ့တိုင်းဖုန်းဆက် sms ပို့ရတာလဲ သူ့အတွက်တာဝန်တစ်ခုလို ဖြစ်လာတာပေါ့။ ဟိုအရင် တစ်ကိုယ်တည်း လူပျိုကြီးဘ၀တုန်းကလို အေးအေးဆေးဆေး မနေရတော့ဘူး။ သံယောဇဉ် အမျှင်တန်းမိတော့ အပူမီးတွေနဲ့ပေါ့။ အော် နောက်ပြီး လူပျိုကြီးက အခုမှကလေးထိန်းပြန်လုပ်နေရပြီ။ လူပျိုကြီးတွေက ဆိုးဆိုးလေးကို ပိုပြီးချစ်တတ်လားမသိဘူးနော်။

(လူပျိုကြီးတစ်ယောက် ကောင်မလေးနဲ့ အမြန်ဆုံးနီးနိုင်ပါစေနော်)

နောက်လဲလာလည်နော်

Glitter Graphics