Thursday 31 July 2008

အိမ်ပြန်ခရီး

တောင်ပေါ်မှာ တစ်ညတာ အနားယူအိပ်စက်ပြီးတော့ နောက်တစ်နေ့မနက်ခင်းမှာတော့ အိမ်ပြန်ခရီးကို စတင်ခဲ့ပါတယ်။ မူလအစီအစဉ်အရဆိုရင် တောင်ပေါ်နေတိုင်းရင်းသားတွေရဲ့ ဓလေ့ကို သွားရောက်လေ့လာမှာပါ။ အခုတော့ မိုးတွေကရွာနေပြီး တောာင်တက်လမ်းကကျဉ်းပြီး အန္တရာယ်များတဲ့အတွက် အစီအစဉ်ကို ဖျက်လိုက်ရပါတယ်။ ဒီလိုနဲ့ပဲ တောင်ပေါ်ကပြန်ဆင်းလာကြပါတယ်။ မနေ့က တောင်ပေါ်တက်လာတုန်းက လမ်းကကောင်းနေပေမယ့် ညကရွာတဲ့ မိုးအရှိန်ကြောင့် တစ်နေရာ ရောက်တော့ တောင်ပြိုထားလို့ လမ်းပိတ်ထားတာတွေ့ရပါတယ်။ ထိုင်ဝမ်မှာက မိုးကြီးပြီဆိုရင် တောင်ပြိုတတ်ပါတယ်။ အပြန်ခရီးရဲ့ ဒုတိယ စီအစဉ်ဖြစ်တဲ့ ကစားကွင်းကို သွားဖို့ ဦးတည်ကြပါတယ်။ နှင်းတို့သွားမယ့် ကစားကွင်းကတော့ Yamay Island နဲ့ Mala Bay ကိုပါ။ ကစားကွင်းတွေဆီကို သွားဖို့အတွက် လှေကားထစ်တွေကို တက်ပြီးတာနဲ့ အရင်ဆုံး အရုပ်ကြီး နှစ်ရုပ်ကိုတွေ့ရပါတယ်။ Yamay Island ကတော့ ဘယ်ဘက်ခြမ်းမှာရှိပြီး Mala Bay ကတော့ ညာဘက်ခြမ်းက ကုန်းမြင့်လေးပေါ်မှာ ရှိပါတယ်။

Yamay Island ကတော့ ကုန်းပေါ်မှာ ကစားတဲ့ အရာတွေအစုံအလင် ရှိပါတယ်။ ၀င်ကြေးပေးပြီးတာနဲ့ အထဲမှာ မိမိစိတ်ကြိုက် ဘယ်အရာကိုမဆို ၀င်ရောက်ကစားလို့ရပါတယ်။ Mala Bay ကတော့ ရေထဲမှာ ဆော့ကစားတဲ့နေရာပါ။ Yamay Island နဲ့ Mala Bay အတွက် ၀င်ကြေးကို တစ်ခုချင်းစီခွဲပေးရပါတယ်။ Yamay Island မှာ ကစားချင်တဲ့လူက အဲဒီတစ်ခုထဲအတွက်ပဲ ပေးပြီးဝင်ကစားလို့ရပါတယ်။ အဲ Mala Bay မှာပါ ၀င်ကစားချင်ရင်တော့ ၀င်ကြေးသပ်သပ် ထပ်ပေးရပါတယ်။ Mala Bay မှာရေစားမယ်ဆိုရင် ရေကူးဝတ်စုံ အပြည့်အစုံဝတ်ထားမှ ရေထဲပေးဆင်းပါတယ်။ ရေကူးဝတ်စုံပါမသွားတဲ့ နှင်းတို့တွေ ရေထဲဆင်းပြီး ကစားခွင့် မရခဲ့ပါဘူး။ ကစားကွင်းထဲရောက်တော့ ၀င်ဝင်ချင်း နေကပူလာပါတယ်။ အရင်ရက်တွေက မိုးတွေရွာနေပြီး ဒီနေ့ နေပူလာတော့ လူကနေရတာ သိပ်မကောင်းပါဘူး။ ကစားကွင်းထဲရောက်ပြီး လျှောက်လည်နေတုန်း မိုးကပြန်ရွာလာပါရော။ အဲဒီမှာတင် မိုးရွာလိုက် နေပူလိုက်နဲ့ အချိန်ကုန်သွားပါတယ်။ ညနေ ၃း၃၀ လောက်မှာ ကားပေါ်ကို ပြန်ရောက်တော့ လူက နုံးနေပါတယ်။ ကစားကွင်းထဲမှာ ကစားတာရော နေပူလိုက်မိုးရွာလိုက် ရာသီဥတုဒဏ် ခံလိုက်ရတာရောပေါင်းပြီး အိမ်အပြန်လက်ဆောင်အဖြစ် နေမကောင်းတာလေးကို ၀ယ်ယူခဲ့ပါတယ်။




ဒါကတော့ Mala Bay ပါ။ ပင်လယ်ကမ်းစပ်အတုလုပ်ထားတာပါ။ ရေလှိုင်းတွေကအစ ပင်လယ်ပြင်က လှိုင်းအတိုင်း ပြုလုပ်ထားတာပါ။ ရေလှိုင်းအတက်အကျကို နောက်ကဖွင့်ထားတဲ့ တီးလုံးကို နားထောင်ပြီးသိနိုင်ပါတယ်။ တီးလုံးရပ်သွားရင်တော့ လှိုင်းတွေလဲ ငြိမ်သွားပါတယ်။



ဒါကတော့ Yamay Island ပါ။

Tuesday 29 July 2008

တောင်ပေါ်မှာ တစ်ညတာ



အခန်းအပြင်ကနေမြင်ရပုံ




နှင်းတို့တည်းခိုရာနေရာ
SPA





ဒီမှာရေစိမ်ကြတယ်


ဒုတိယနေ့ညကိုတော့ တောင်ပေါ်မြို့ကလေးက ဟိုတယ်တစ်ခုမှာ ညအိပ်ကြပါတယ်။ တောင်တက်လမ်းကလေးကို တက်လာတဲ့အခါ ကလော တောင်ကြီးဘက်ကို သွားတဲ့အခါ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည်သတိရမိပါတယ်။ တောင်စောင်းတွေမှာ ဆောက်ထားတဲ့အိမ်တွေ ဟိုတယ်တွေကို တွေ့ရတာ တစ်မျိုးလေး အမြင်ဆန်းနေပါတယ်။ တောင်ကျရေတွေကို စနစ်တကျ မြောင်းလုပ်ပြီး ချောင်းထဲကို စီးအောင်ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ တောင်ပေါ်မြို့လေးဆိုပေမယ့် အရမ်းကြီး မြင့်မားတာတော့မဟုတ်ပါဘူး။ ထိုင်ပေမှာ ကားတွေလူတွေ စက်ရုံတွေနဲ့ ရှုပ်ရှုတ်ခပ်နေတဲ့ မြင်ကွင်းကနေ အခုလို တောတောင် စိမ်းစိုပြီး သဘာဝရဲ့ ကျေးငှက်အသံ တောင်ကျရေစီးသံလေးတွေကိုကြားရတာ စိတ်ကို ကြည်လင်စေပါတယ်။ အဲဒီဟိုတယ်မှာလဲ တည်းခိုတဲ့လူတွေ အနားယူရင်း ရေပူရေအေး(SPA) စိမ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ညဘက်ရောက်နေပေမယ့် နှင်းတို့အဖွဲ့တွေ SPA သွားပြီး ရေစိမ်ကြပါတယ်။ နှင်းကတော့ မစိမ်ဘူး။ ဟီဟီ။။။။။။။ အဲဒီညက ဟိုတယ်ကကျွေးတဲ့ ထမင်းဝိုင်းက ကြာပင်ကထွက်တဲ့ အရာတွေနဲ့ကြည့် ချက်ထားတဲ့ ဟင်းတွေနဲ့ ကျွေးပါတယ်။ ကြာစေ့ကို ဟင်းချက်တယ်။ ကြာပန်းကို ဟင်းချိုချက်တယ်။ ကြာဖက်နဲ့ ထမင်းပေါင်းတယ်။ ကြာစေ့ကိုပဲ အချိုပွဲလုပ်ပြီးကျွေးပါတယ်။ အဲဒီညကတော့ ကြာပင်ကထွက်တဲ့ အရာတွေနဲ့ ထမင်းစားခဲ့ရပါတယ်။


Monday 28 July 2008

ဒုတိယနေ့ခရီးစဉ်

ဒုတိယနေ့အစကတော့ ပထမနေ့နဲ့ ဘာမှမထူးခြားပါဘူး။ မနေ့ကထဲက ရွာနေတဲ့မိုးက တစ်ညလုံးမတိတ်သေးပဲ မနက်ခင်းအထိကို သည်းသည်းမည်းမည်း ရွာနေပါတယ်။ မနက်ခင်း သဘောင်္စီးပြီးသွားရမယ့် ခရီးစဉ်ကို ဖျက်လိုက်ရပါတယ်။ လေတွေမိုးတွေ အရမ်းကြီးနေတဲ့အတွက် သဘောင်္ဆိပ်တွေ လှေဆိပ်တွေပိတ်တယ်တဲ့လေ။ အဲဒါနဲ့ သွားလို့မရမယ့်အတူ သွားလို့ရမယ့်ဆီကို သွားရတော့တာပေါ့။ ကားပေါ်ရောက်လို့ တီဗွီကြည့်တော့ တချို့မြို့တွေမှာ ရေတွေကြီးပြီး လမ်းတွေပျက်နေပြီ။ နှင်း တို့သွားမယ်ဆိုတဲ့ နေရာတစ်ချို့မှာလဲ သွားရေးလာရေး ခက်ခဲနေတာ တွေ့ရတယ်။ ကောင်းရှုံ Toong Mao ဟိုတယ် ကနေ မနက်စာစားပြီး ၈ နာရီကျော်လောက်ကနေ ကားစထွက်ပြီး တနာကျော်လောက် သွားပြီးတဲ့အခါ Dapeng Bay National Science Area ဆိုတဲ့နေရာကို ရောက်ပါတယ်။ ကားပေါ်ကဆင်းပြီးသွားကြည့်တဲ့အခါမှာတော့ gift shop ဆိုင်တွေလဲပိတ်ထားတာကို တွေ့ရသလို ၀န်ထမ်းတွေကိုလဲ မတွေရပါဘူး။ ရုံးဖွင့်ရက်ဖြစ်ပေမယ့် မုန်တိုင်းသတိပေးချက်ရှိရင် တချို့နေရာတွေမှာ ရုံးမတက်ရပါဘူး။ နောက်ပြီး တချို့အဆောက်အဦးတွေဟာလဲ ဆောက်လက်စအဖြစ် တွေ့ရပါတယ်။
Dapeng Bay National Science Area

အဲဒီမှာ ခဏနားပြီး ဘီယာချက်စက်ရုံဆီကို လေ့လာဖို့အတွက် သွားရောက်ခဲ့ပါတယ်။ TSINGTAO BEER ထုတ်တဲ့ စက်ရုံကို ၀င်ရောက်လေ့လာကြပါတယ်။ ဒီဘီယာ ဟာနိုင်ငံတကာ ဘီယာပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရဘူးပါတယ်။ အရည်အသွေးကို ဘယ်လိုထိန်းသိမ်းထားတယ် ဘယ်လိုထုတ်လုပ်တယ် ဆိုတာတွေကို ပရိုဂျက်တာတဲ့ ရှင်းပြပါတယ်။ အဲဒါကိုကြည့်ပြီးတော့ ဘီယာပေါင်းခံနေတာတွေ ထုတ်ပိုးနေတာတွေကို သွားရောက်လေ့လာကြပါတယ်။ ဘီယာကို ပုလင်းနဲ့ရော သံဘူးနဲ့ပါ ထုတ်ပါတယ်။ ဘီယာကို ပုလင်း နဲ့ သံဘူးထဲကို ဖြည့်တဲ့ စက်တွေဟာ တစ်မိနစ်ကို ၄၉၀ . ၉၉၀ လောက်ထိ ထုတ်နိုင်တဲ့ စက်တွေနဲ့ ပြုလုပ်တဲ့အတွက် နေ့တိုင်း ပါကင်ထုတ်တာကို မပြုလုပ်ပါဘူး။ ဒါတွေကို လေ့လာပြီးတော့ အရောင်းကောင်းတာကို သွားရောက်ကြပါတယ်။ ကောင်တာမှာ ဘီယာအစမ်းသောက်လို့ရပါတယ်။ ကိုယ်ကြိုက်မှဝယ်လို့ရပါတယ်။

Tsingtao Beer စက်ရုံ

ဘီယာစက်ရုံကနေထွက်လာပြီးတော့ နှင်း တို့အလုပ်က အန်တီတယောက်ရဲ့ အဖွားအိမ်ကို သွားလည်ကြပါတယ်။ အိမ်က ကွမ်းသီပင်တွေကြားထဲမှာ ဆောက်ထားတဲ့အတွက် အေးချမ်းမှုကို ခံစားရပါတယ်။ အန်တီရဲ့ အဖွားဟာ အသက် ၈၀ ကျော်ပြီလို့သိရပေမယ့် သန်သန်မာမာနဲ့ နှင်းတို့အဖွဲ့ကို ထွက်လာပြီးကြိုပါတယ်။ ကွမ်းသီးပင်မှာ ပန်းတွေပွင့်နေတဲ့အတွက် ပန်းရနံ့က မွှေးပြီး စိတ်ကြည်နူးစေပါတယ်။ ဘေးပတ်လည်ကို ကြည့်လိုက်ရင် အားလုံးကွမ်းသီးပင်တွေကြည့်တွေ့နေရပြီး သူ့ခြံနဲ့သူ ခြံစည်းရိုးသေသေသပ်သပ် ကာရံထားတာကိုလဲ တွေ့ရပါတယ်။


ကွမ်းပန်းပွင့်နေပုံ

ကွမ်းခြံတွေထဲမှာ ခဏတာ ငေးမောပြီး ခရီးဆက်ထွက်ခဲ့တာ Ten Drums ဆိုတဲ့ ဒရမ်ပြုလုပ်ပုံနှင့် ဒရမ်အကြောင်းစုစည်းတင်ပြထားတဲ့ ပြတိုက်ကို ရောက်ပါတယ်။ မြန်မာလိုပြောရင်တော့ ဗုံ လုပ်ပုံပေါ့။ အဲဒီပြတိုက်ကို ရောက်တာနဲ့ အဲဒီက ဂိုက်တွေက အဖွဲ့တစ်ဖွဲ့ကို တစ်ယောက် လိုက်လံရှင်းပြပါတယ်။ နိုင်ငံအလိုက် ဗုံ တီးတဲ့အခါ ဆက်တင်ပြင်ဆင်တာတွေကို သရုပ်ဖော်ပြသထားပါတယ်။ ဗုံကို ကျွဲသရေနဲ့ ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ သားရေနဲ့ပြုလုပ်တဲ့ ဗုံအပြင် သစ်သားကို ထွင်းပြီး ပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ဗုံနဲ့ တွဲဖက်ပြီး တီးခတ်တဲ့ တူရိယာတွေကိုလဲ တွေ့ခဲ့ရပါတယ်။ နောက်ပြီး ကိုယ်တိုင်ဝင်ရောက် တီးခတ်တဲ့ အခန်းမှာ ဂိုက်ရဲ့ သင်ကြားပေးမှုနဲ့ နှင်း တို့တွေ ကိုယ်တိုင် ဗုံဝင်တီးကြပါတယ်။ ကိုယ်တိုင် ဗုံလဲတီးပြီးရော သူတို့ပြတိုက်ရဲ့ ဗုံတီးခတ်ဖျော်ဖြေမှုကို သွားရောက်ကြည့်ရှုခံစားကြပါတယ်။ ဗုံတီးကြတဲ့သူတွေ အားလုံးဟာ မိန်းကလေးတွေကြည့် ဖြစ်ပါတယ်။ အားနဲ့ခွန်နဲ့ တီးခတ်နေတာကို ကြည့်ရတာ တော်ရုံလူဆိုမတီးနိုင်ဘူးဆိုတာ သိပါတယ်။ သူတို့ကိုမကြည့်ခင် ကိုယ်တိုင် ခဏလေးဝင်တီးတာတောင် လက်ကနာချင်နေတာ။ သူတို့လိုသာ တီးရရင်တော့ မလွယ်ဘူးဆိုပြီး ကိုယ့်ဘာသာတွေးနေမိပါတယ်။




နှင်းတို့ကိုယ်တိုင် ဗုံတီးဖို့အတွက် လက်ကွက်





လမ်းမှာကြာပန်းအထွက်များပြီး ကြာရိုးကြာစွယ် ကြာသီး အစရှိတဲ့ ကြာပင်ကရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ရောင်းချတဲ့ နေရာကို ခဏ၀င်ရောက်ပြီး ကြာပင်ကထွက်တဲ့ဟာတွေနဲ့ ပြုလုပ်ထားတဲ့ မုန့်မျိုးစုံနှင့် တခြားအရာတွေကို ၀င်ရောက်ကြည့်ရှုရင်း ၀ယ်ယူကြပါတယ်။ အဲဒီကနေ ထွက်လာပြီးတော့ တစ်ရက်တာ အိပ်စက်အနားယူမယ့် တောင်ပေါ်က ဟိုတယ်ဆီကို ခရီးဆက်ခဲ့ပါတယ်။

Monday 21 July 2008

ပထမနေ့ခရီး



ကားပေါ်မှာ

အခုသွားတဲ့ နွေရာသီခရီးကတော့ နှင်းတို့အလုပ်က နှစ်စဉ်သွားနေကျ ခရီးစဉ်ဖြစ်ပါတယ်။ နှစ်နဲ့တစ်နှစ် သွားတဲ့နေရာတွေ မတူညီပါဘူး။ ဒီနှစ်တော့ တောင်ပိုင်းရဲ့ နာမည်ကြီးမြို့ ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Kao Hsiung (ကောင်းရှုံ)လို့ခေါ်တဲ့ မြို့ကို ဦးတည်သွားမှာဖြစ်ပါတယ်။ အဲဒီမှာ တစ်ညအိပ်ပြီး နောက်တစ်ရင်ကျရင်တော့ တောင်ပေါ်ကမြို့ကလေးတစ်ခုမှာ တစ်ညတာနားပြီး တိုင်ပေကိုပြန်မှာဖြစ်ပါတယ်။

င်္ခရီးစဉ်ရဲ့ ပထမနေ့
နံနက် ၆ နာရီ ၃၀ မိနစ်မှာ နှင်းတို့ အလုပ်ရုံကနေ ကားစထွက်ပါတယ်။ ကားစီးနေတဲ့အချိန် ၂ နာရီလောက်အထိ ရာသီဥတုက သာသာယာယာနဲ့ ကောင်းမွန်နေသေးတယ်။ လမ်းမှာရှိတဲ့ ပထမနားနေစခန်းကို ရောက်ပြီးတဲ့အချိန်ထိ ရာသီဥတုက ကောင်းနေပါသေးတယ်။ ထိုင်ဝမ်မှာက ကျန်းမာရေးအတွက် စိတ်မပူရပါဘူး။ ခရီးဝေးသွားတဲ့လူတွေအတွက် နားနေစခန်းတွေကို ကောင်းမွန်သန့်ရှင်းစွာ ပြုလုပ်ပေးထားတဲ့အတွက် စိတ်ချမ်းသာဖို့ကောင်းပါတယ်။ နောက်ပြီး အဲဒီနေရာတွေမှာပဲ စားသောက်ဆိုင်တွေကိုပါ သန့်ရှင်းသပ်ရပ်စွာ ဖွင့်လှစ်ရောင်းချပါတယ်။ ကားတွေရပ်နားဖို့အတွက်လဲ သူ့နေရာနဲ့သူ စနစ်တကျ ပြုလုပ်ပေးထားပါတယ်။ အဲဒီစခန်းကနေထွက်ပြီး သိပ်မကြာပါဘူး မိုးကစရွာလာပါတော့တယ်။ ဒီနေ့တော့ ခရီးစထွက်တဲ့နေ့မိုလို့ နေ့လည်စာကို ၁၁ နာရီကျော်လောက်မှာ စားမယ်ဆိုပြီး ၁၁ နာရီကျော်လောက်မှာ နေ့လည်စာ စားကြပါတယ်။

နားနေစခန်းမှာအလှဆင်ထားတဲ့ ကျောက်တုံးလေးတွေ

နေ့လည်စာစားပြီးတော့ ခဏလောက်သွားပြီးတာနဲ့ 9 corners Bridge ကိုရောက်ပါတယ်။ အဲဒါကတော့ ရန်ကုန်က ကန်တော်ကြီးလို ရေကန်ကြီးနဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ သစ်တောကို ထိန်းသိမ်းထားတဲ့ ဥယျာဉ်ကြီးပါ။ အဲဒီဥယျာဉ်ထဲမှာ အသားကင်လုပ်စားဖို့အတွက်ီးသန့်နေရာလေးတွေ သတ်မှတ်ပေးထားတာကိုလဲ တွေ့ရပါတယ်။ အဲဒီရေကန်ကြီးကိုမြင်တော့ ရန်ကုန်ကန်တော်ကြီးကို သတိရမိပါတယ်။ အဲဒီဥယျာဉ်ထဲက ပြတိုက်မှာ ပြထားတဲ့ ငါးအကြီးကြီး ၃ ကောင်ကိုလဲတွေခဲ့ရပါတယ်။ ကျွန်းတစ်ခုနဲ့ တစ်ခုကို corners ၉ ခုပါတဲ့ တံတားလေးနဲ့ ဆက်စပ်ပေးထားပါတယ်။ အဲဒီရောက်နေတဲ့ အချိန်မှာတော့ မိုးက ခဏစဲသွားတဲ့အတွက် လမ်းလျှောက်ရတာ အဆင်ပြေပါတယ်။ အဲဒီဥယျာဉ်ထဲမှာ လမ်းလျှောက်နေရင်းပြီး မကြာခင်မှာပဲ မိုးကသည်းသည်းမည်းမည်း ရွာလာပါတော့တယ်။
9 corners Bridge


အသားကင်လုပ်စားတဲ့နေရာ


ပုံမှန်ထက်ပိုကြီးတဲ့ ငါးကြီးတွေ

ပထမ ခရီးစဉ်ထဲမှာက ကောင်းရှုံရောက်ရင် ကမ်းစပ်မှာ စက်ဘီးစီးမယ့် အစီအစဉ်ပါ။ အခုတော့ မိုးကအရမ်းသည်းနေတဲ့အတွက် ဘယ်လိုမှ စက်ဘီးမစီးနိုင်တော့ပါဘူး။ အဲဒီနေရာကို ကားပေါ်ကနေပဲ လှမ်းကြည့်ပြီး ပန်းချီပန်းပုပြတိုက်ကို သွားကြပါတယ်။ Kao Hsiung Museum of fine Arts ကို ညနေ ၄နာရီလောက်မှာ ရောက်ပါတယ်။ အဲဒီပြတိုက်ထဲမှာ ၁၉၀၀ ခုနှစ် ကျော်လောက်ကနေ ကနေ့ခေတ်အထိ ပန်းချီကားတွေ ပန်းပုလက်ရာတွေကို ပြသထားပါတယ်။ ရေဆေး ဆီဆေး ခဲပန်းချီ အစရှိတဲ့ ပန်းချီကားပေါင်းများစွာအပြင် ယပ်တောင်ပန်းချီကိုပါ တွေ့ခဲ့ရပါတယ်။ မော်ဒန်ပန်းချီ ပန်းပုတွေကိုလဲ တွေ့ရပါတယ်။ အဲဒီအချိန်မှာ မိုးက အရမ်းကို ရွာနေတဲ့အပြင် ဓါတ်ပုံရိုက်လို့မရတဲ့အတွက် မရိုက်ခဲ့ရပါဘူး။

အဲဒီပြတိုက်ကို လေ့လာပြီးတာနဲ့ တစ်ညတာ တည်းခိုမည့် Toong Mao ဟိုတယ်ကို သွားကြပါတယ်။ ပထမအစီအစဉ်ကတော့ အဲဒီမှာ ညစာစားပြီးရင် ကောင်းရှုံရဲ့ ညဈေးကို သွားလည်ကြမှာပါ။ အခုတော့ မုန်တိုင်းက ထိုင်ဝမ်ကျွန်းဘေးကနေကပ်ပြီး ဖြတ်သွားတဲ့အရှိန်နဲ့ လေကြီးမိုးကြီးကျနေတာကြောင့် ဈေဆိုင်တွေ ပိတ်တယ်ဆိုပြီး ညဈေးကို မသွားကြပါဘူး။ ဟိုတယ်ကနေ ၃ ၄ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ကောင်းရှုံမြို့ရဲ့ နာမည်ကြီး Love River(အိုက်ဟော်)ကို ရောက်ပါတယ်။ မိုးရွာထားတဲ့အရှိန်ကြောင့် မြစ်ရေက ကမ်းပြည့်လုမတတ် ဖြစ်နေပါတယ်။ မိုးရွာနေတဲ့ ကြားပဲ နာမည်ကြီးတယ်ဆိုလို့ ရောက်အောင် သွားကြည့်ခဲ့တာပါ။အရင်လို ရာသီဥတု သာယာရင် လူအများနဲ့ စည်ကားနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီနေ့တော့ မိုးရွာနေတာကြောင့် လူသူ ကင်းမဲ့နေပါတယ်။ မြစ်ထဲမှာ အပျော်စီးတဲ့ လှေငယ်လေးတချို့ကိုလဲ တွေ့ရပါတယ်။ အပျော်စီးလှေဆိပ်လေးကိုလဲ ပိတ်ထားပါတယ်။ မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတားတွေမှာ ရောင်စုံမီးတွေထွန်းထားတာက ညအလှကို ပိုလှစေပါတယ်။ မိုးတွေရွာလို့ ညဈေးပိတ်ပါတယ်လို့ ဘေးလူတွေ ၀ိုင်းပြောတာတောင် စပ်စုချင်တဲ့ နှင်း ရဲ့အကျင့်အတိုင်း အခန်းဖော်အန်တီတွေကို ပူဆာပြီး ညဈေးကို လိုက်ပို့ခိုင်းပါတယ်။ မိုးရွာနေတဲ့ကြားထဲကနေ ညဈေးကိုရောက်အောင်သွားခဲ့ပါတယ်။ ဆိုင်အကုန်လုံးနီးပါး ပိတ်ထားတာကို တွေ့ရပါတယ်။ (ကြားဖြတ်ပြောရဦးမယ်။ မိုးတွေဒီလောက်ထိ သည်းသည်းမည်းမည်း ရွာမယ်မထင်ထားလို့ စီးလာမိတဲ့ ဖိနပ်တွေ အဆင်မပြေတဲ့အတွက် ဖိနပ်တွေ ထပ်ဝယ်ကြ့ရပါတယ်။ နှင်းလဲအပါအ၀င်ပေါ့။ ) သရေစာသဘောမျိုးရောင်းတဲ့ ဆိုင်သေးလေး ၅ ဆိုင် ၆ ဆိုင်လောက်တွေ့ရပါတယ်။ နောက်ပြီး အိမ်ဆိုင်သဘောမျိုးရောင်းတဲ့ ဖိနပ်ဆိုင် အိတ်ဆိုင် ၃ ၄ ဆိုင်ကိုလဲတွေ့ရပါတယ်။ အဲဒီဆိုင်တွေကိုပဲဝင်ကြည့်ပြီး ကိုယ်လိုချင်တဲ့ ဖိနပ်နဲ့ စားစရာတချို့ဝယ်ပြီး ဟိုတယ်ကို ပြန်ခဲ့ပါတယ်။ ခရီးစဉ်ရဲ့ ပထမရက်ကတော့ မိုးသည်းထဲမှာပဲ အချိန်ကုန်ခဲ့ပါတယ်။Love River ညမြင်ကွင်း
နှင်းတို့တည်းခိုရာဟိုတယ်


Sunday 20 July 2008

ပြန်ရောက်ပါပြီ

နှင်း ခရီးသွားတာ မနေ့ကပြန်ရောက်ပါတယ်။ ရောက်ရောက်ချင်း ဘယ်သူ့ကိုမှ လိုက်မနှုတ်ဆက်နိုင်တာ အားလုံးသော မိတ်ဆွေညီအစ်ကို မောင်နှမတွေကို တောင်းပန်ပါတယ်။ ခရီးကို မုန်တိုင်းနဲ့အတူ သွားတယ်လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ခရီးစထွက်တဲ့နေ့မှာပဲ မုန်တိုင်းစ၀င်ပါတယ်။ မိုးရွာထဲမှာ သွားလာခဲ့တာကြောင့် အခုတော့ နေမကောင်းဖြစ်နေပါတယ်။ ဒီနေ့ပဲ ဆရာဝန်ဆီသွားပြီး ဆေးသွားယူရပါတယ်။ ၃ လတစ်ခါဆေးခန်းသွားရတဲ့ အကျင့်ကအခုထိ ဖျောက်လို့မရသေးပါဘူး။ ရာသီဥတုကြောင့် သွားရမယ့်ခရီးစဉ်တစ်ချို့ကို ဖျက်ခဲ့ရပါတယ်။ ဒါကြောင့် လက်ဆောင်ကောင်းကောင်းလေးတွေ ၀ယ်ခဲ့မယ်ဆိုတဲ့ စိတ်ကူးလေးလဲ ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ပါလာတဲ့ လက်ဆောင်လေးပဲ ပေးလိုက်ပါရစေနော်။ ခရီးစဉ်အကြောင်းကိုတော့ နောက်ရက်တွေမှပဲ ဖြေးဖြေးချင်း ပြောပြတော့မယ်နော်။ အခုတော့ ခရီးပန်းလာပြီး နေမကောင်းတာကြောင့် ဆေးသောက်ပြီး အိပ်တော့မယ်နော်။ နှင်း မရှိတုန်း ဘလော့လေးကို စောင့်ရှောက်ပေးထားလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။


Wednesday 16 July 2008

ခရီးသွားလိုက်ဦးမယ်နော်

မိတ်ဆွေသူငယ်ချင်းများအားလုံး နှင်း ခရီးထွက်သွားပါတယ်။ ၂ ညအိပ် ၃ ရက်ခရီးသွားပါတယ်။ အပြန်ကျရင် အားလုံးအတွက် လက်ဆောင်တွေ ၀ယ်ခဲ့မယ်နော်။ ခရီးအတွေ့အကြုံလေးတွေကိုလဲ အပြန်မှပဲ ပြောပြတော့မယ်နော်။ နှင်း မရှိတဲ့ရက်တွေမှာ ဘလော့လေးကို လာစောင့်ရှောက်ပေးကြပါနော်။

Sunday 13 July 2008

စာတွေမရေးဖြစ်ရတဲ့အကြောင်း

အခုတလော စာတွေလဲ မရေးဖြစ်သလို ဘလော့ မောင်နှမတွေဆီလဲ သွားမလည်ဖြစ်ပါဘူး။ နှင်း ဘလော့ကို လာလည်တဲ့သူတွေကိုလည်း ကောင်းကောင်း ဧည့်မခံနိုင်ခဲ့ပါဘူး။ အဲဒီအတွက် အားလုံးကိုပဲ တောင်းပန်ပါတယ်နော်။ ဟုတ်ပါတယ်။ အခုတလော နှင်း ပတ်ဝန်းကျင်က လူတွေကြောင့် စိတ်အနှောင့်အယှက်တွေ အများကြီး ကြုံနေရပါတယ်။ ကိုယ်ဘယ်လိုပဲ နေနေ အပြစ်တခုလိုမြင်နေတဲ့အတွက် ဘယ်လိုများနေရမလဲရယ်လို့ တွေးမိပါတယ်။ ဘာမဟုတ်တဲ့ စကားလေးတွေကို အပြစ်တခုလိုမြင်နေတော့လဲ ဘယ်လိုမှ မဖြေရှင်းတတ်တော့ပါဘူး။ ကောင်းနေရင်တော့ ဒီစကားတွေက ဘာမှမဟုတ်ပေမယ့် စိတ်မကောင်းနေတော့လဲ ဒါဟာအပြစ်တခုဖြစ်သွားရပါတယ်။ လူ့စိတ်ဆိုတာ ဒီလိုပဲဆိုတာကို သိလိုက်ပေမယ့် ကိုယ့်မှာတော့ ခံလိုက်ရတာပါပဲ။ အကြီးနဲ့ အငယ် ဖြစ်နေတဲ့အတွက် အငယ်တစ်ယောက်အနေနဲ့ ဘာမှပြောလို့မရတော့လဲ အခက်သား။ ပြောလိုက်ပြန်ရင်လည်း အပြစ်တခုပိုတိုးလာမှာ ကြောက်ရသေးတယ်။ ကဲ နှင်း ဘာများလုပ်နိုင်ဦးမှာလဲ။ အဲဒီတော့လဲ ရေငုံနှုတ်ပိတ်ဆိုသလို ဘယ်သူကိုမှ ဘာမှမပြောပဲ ဒီတိုင်းနေလိုက်ရတာပါပဲ။ အဲဒီလိုနေလိုက်ရပေမယ့် ဒီလူအပေါ်မှာ စိတ်ဆိုးလိုလဲ မဟုတ်သလို ဘယ်လိုမှလဲ သဘောမထားမိပါဘူး။ ဥပေက္ခာလို့ ပြောလို့ရမလားပဲ။ အဲဒီလိုသဘောမျိုးထားလိုက်တာပါ။ စိတ်ထဲရှိတာတွေကို မောင်နှမတွေဆီ ရင်ဖွင့်လိုက်ရလို့ ရင်ထဲမှာ ပေါ့သွားပါတယ်။ နှင်း ဆီကိုလာရောက်လည်ပတ်ကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးလဲတင်မိသလို အမှားတွေတွေ့ရင်လဲ ပြောသွားကြပါနော်။

နောက်လဲလာလည်နော်

Glitter Graphics