Sunday 30 August 2009

တခါက



တခါတုန်းကပေါ့ အွန်လိုင်းသုံးနေတဲ့ ကောင်မလေးတယောက်ရှိတယ်။ တနေ့တော့ သူ့မောင်လေးရဲ့ Yahoo messenger ကို invite လုပ်လိုက်တယ်လေ။ နောက်တနေ့မှာတော့ မောင်လေးဆီကို စကားပြောပြီး စမယ်ဆိုပြီး ခေါ်လိုက်မိတယ်။ စမယ်သာပြောတာပါ မောင်လေးနဲ့သူနဲ့က တအိမ်ထဲမှာနေပြီး အွန်လိုင်းသုံးနေတုန်း လှမ်းစချင်တာ။ ဒါပေမယ့် ကောင်မလေးထင်သလို သူလှမ်းစလိုက်တာက မောင်လေးမဟုတ်ပဲ တခြားတယောက် ဖြစ်နေတယ်။ ကောင်မလေးလဲ အံ့သြသွားတာပေါ့။ ဒါနဲ့ပဲ ဘယ်လိုလုပ် မောင်လေးနာမည်ဖြစ်နေတာလဲ မေးကြည့်တော့မှပဲ မောင်လေးနဲ့ နာမည်တူနေတာကိုသိခဲ့ရတယ်။ ဒါပေမယ့် ကောင်မလေးက မယုံဘူးလေ။ မောင်လေးကို ခေါ်ပြီး ဒီမှာလာကြည့် ဆိုပြီး နစ်ကိုပြပြီး မေးတာပေါ့။ ဘယ်လိုဖြစ်ပြီး နင့်နစ်က သူများသုံးနေတာလဲဆိုမှ သူ့နစ်နောက်က ဂဏာန်းပါသေးတယ်ဆိုတာ သိခဲ့ရတယ်။ အဲလိုနဲ့ မထင်မှတ်ပဲ လူတယောက်နဲ့ ခင်မင်ခွင့်ရခဲ့တယ်။


အဲဒီတုန်းက သူက ကျောင်းတက်နေတဲ့ အချိန်ဆိုတော့ အွန်လိုင်းမှာ အချိန်တော်တော်များများ ရှိနေခဲ့တယ်။ ကောင်မလေးနဲ့ စကားတွေ အများကြီးပြောခဲ့ကြတယ်။ မသိတာတွေကို ကောင်မလေးကို သင်ပေးခဲ့တယ်။ ကောင်မလေးကတော့ သူဖြစ်ချင်တာတွေ ခံစားနေရတာတွေကို အမြဲတမ်း ရင်ဖွင့်ခဲ့တယ်။ ဘာပြောပြော အကောင်းမြင်တတ်တဲ့သူ့ကို ကောင်မလေး အထင်ကြီးလေးစားမိတယ်။ တခါတုန်းက သူ့အိမ်ကို ဧည့်သည်လာမှာမို့ ဘယ်လိုဝတ်ရင်ကောင်းမလဲလို့ မေးတာကိုလဲ ကောင်မေလေးက ဘယ်လိုလေးဝတ်လို့ ပြောပေးခဲ့ဖူးတယ်။ တခါတလေ သူကဟိုဘက်မှာ ဟင်းချက်နေရင် ကောင်မလေးက ဒီဘက်နေစောင့်ပြီး နားထောင်နေတတ်ခဲ့တယ်။ သူ့အတွက် ကဒ်ကလေးတွေ ပို့ပေးခဲ့ဖူးတယ်။ ကောင်မလေးက စာတွေရေးရင် သူကအမြဲတမ်း ဖတ်ခဲ့တယ်။ ကောင်မလေးစိတ်ထဲမှာ အဲဒီအချိန်တွေက အလွန်ပျော်စရာကောင်းတယ်လို့ ထင်ခဲ့တယ်။


တခါတုန်းက ဘယ်အချိန်ပဲ ကောင်မလေးအွန် လိုင်းသုံးသုံး သူရဲ့နစ်ကလေးကို အမြဲတမ်းတွေ့နေခဲ့ရပေမယ့် နောင်တချိန်မှာ မတွေ့နိုင်တော့ဘူးဆိုတာကို ကောင်မလေး မတွေးခဲ့မိဘူး။ အဲလိုနဲ့ ကောင်မေလေးလဲ အဝေးတနေရာကို ခဏသွားနေခဲ့တယ်။ ဘယ်နေရာပဲရောက်ရောက် ကောင်မလေးစိတ်ထဲမှာ သူ့ကို အမြဲတမ်း အမှတ်တရ ရှိနေခဲ့တယ်။ တနေ့တော့ အွန်လိုင်းကို ကောင်မလေးပြန်ရောက်လာခဲ့ပေမယ့် သူကတော့ သိပ်မလာတော့ပါဘူး။ သူနဲ့ကောင်မလေးဆိုတာက သူများတွေပြောသလို အွန်လိုင်းမှာ qq တွေမှ မဟုတ်ခဲ့တာ။ တကယ်ကို မိတ်ဆွေတွေလို ကောင်မလေးတို့က ခင်မင်ခဲ့တာ။ မိတ်ဆွေတယောက်လို အမြဲတမ်းနေခဲ့ပြီး တခါတလေ အစ်ကိုတယောက်လိုဖြစ်နေတဲ့သူမို့ ကောင်မလေး ပိုခင်မင်ခဲ့ရတယ်။ သူက ကောင်မလေးကို ဘယ်တော့မှ နာမည်မခေါ်ခဲ့ပါဘူး။ တခုခုပြောရင်တောင် ကောင်မလေးတယောက်ကို ပြောတာပေါ့လို့ ပဲစနောက်ခဲ့တယ်။


တနေ့တော့ ကောင်မလေးတယောက် ထူးထူးဆန်းဆန်း သူ့ကို သတိရနေမိတယ်။ ဖုန်းလှမ်းဆက်တော့ သူနဲ့တွေ့လို့ ပျော်နေခဲ့တယ်လေ။ ဒါပေမယ့် အပျော်တွေက သိပ်မကြာခင်မှာ ၀မ်းနည်းရမယ်မှန်း မသိခဲ့ဘူးပေါ့။ ဒီအချိန်မှာတော့ သူကအလုပ်ခွင်ထဲရောက်နေတဲ့ လူတယောက်ဖြစ်နေလို့ အရင်လို စကားတွေမပြောနိုင်တော့ဘူး။ ကောင်မလေးရင်ထဲက ပြောချင်တာတွေကို သူကိုမပြောပြနိုင်တော့ဘူး။ သတိရလို့ ပြောမယ်ဆိုလဲ သူက ကောင်မလေးရှိတဲ့နစ်ကို မသုံးတော့ဘူးလေ။ သူအပြင်မှာကျောင်းနေဘက် သူငယ်ချင်းတွေရှိတဲ့ နစ်ကိုပဲ သူသုံးတော့တယ်။ အရင်တုန်းက ကောင်မလေးထင်ထားတာက သူနဲ့အမြဲတမ်း တွေ့နိုင်မယ်ဆိုတဲ့ စိတ်ကူးတွေ ပျက်စီးခဲ့ရတယ်။ ကောင်မလေးက အွန်လိုင်းကခင်ခဲ့တဲ့သူဆိုတော့ သူ့စိတ်ထဲမှာ အလေးမထားဘူးလားလို့ စဉ်းစားမိတယ်။ ဒါပေမယ့် ကောင်မလေးစိတ်ထဲမှာတော့ သူ့ကို အလေးထားပြီး အမြဲတမ်းခင်နေမိမှာပါ။ ကောင်မလေးအတွက် သင်ပေးခဲ့တဲ့ အရာတွေအတွက်လဲ သူ့ကိုအမြဲတမ်း ကျေးဇူးတင်နေမိတယ်။ ကောင်မလေးရဲ့ ဘ၀မှာ သူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။


တခါက ကောင်မလေးတယောက် ပျော်ရွှင်ကြည်နူးခဲ့ရတာတွေကို ဘယ်တော့မှ မမေ့သလို တခါတုန်းက အချိန်တွေကို ပြန်လိုချင်နေမိပါတယ်။

Saturday 29 August 2009

weekend

ဒီတစ်လလုံး နားရက်ဆိုတာ ဘယ်လိုနေမှန်းတောင် မသိလိုက်ပါဘူး။ what is weekend? လို့တောင် မေးရမလိုဖြစ်နေပါတယ်။ အရင်ဆိုရင် တနင်္လာကနေ သောကြာအထိအလုပ်လုပ်မယ် ပြီးရင် စနေဆိုရင် ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့ အတွေးကအမြဲရှိပါတယ်။ တခါတလေ သောကြာဆိုရင် စနေနေ့အတွက် ကြိုပြီးစီစဉ်တတ်ပါတယ်။ သူငယ်ချင်းတွေနဲ့အပြင်သွားမယ်ဆိုတဲ့ စိတ်ကူးလေးတွေလဲ ရှိတတ်ပါတယ်။ ဒီတလတော့ ဘယ်စိတ်ကူးမှ ခေါင်းထဲမထည့်နိုင်ပဲ စနေနေ့လဲ အလုပ်ထဲမှာပဲ အချိန်ကုန်ရပါတယ်။ နားရက်က တနင်္ဂနွေတရက်ထဲ ဖြစ်နေတဲ့အတွက် အိမ်အလုပ်တွေနဲ့ အချိန်ကုန်သွားပါတယ်။ တပတ်လုံးပင်ပန်းသမျှ နားမယ်လို့စိတ်ကူးထားပေမယ့်လည်း မလုပ်မဖြစ် အိမ်အလုပ်တွေက လုပ်နေရတော့ နားချိန်ဆိုတာ မရှိသလောက် ဖြစ်နေတယ်။ လူကတော်တော်မောနေတော့ နားရက်ဆိုတာကို လိုချင်မိပါတယ်။ အေးအေးဆေးဆေးလေး နားချင်မိတယ်။
ထိုင်ဝမ်ပြန်ရောက်ပြီး အလုပ်အသစ်ရှာနေတုန်း အိမ်မှာ ၁ ပတ်လောက်နားနေတုန်းကတော့ မနားချင်လို့ အလုပ်မြန်မြန်ရဖို့ ဆုတောင်းမိပါတယ်။ အရင်အလုပ်ကို ပြန်မလုပ်ချင်လို့ အသစ်ရှာလိုက်တာ အခုတော့ မနားရပဲ မောနေရပြီ။ အဲဒီတုန်းက အဒေါ်ပြောတာကို မှတ်မိတယ်။ အလုပ်မြန်မြန်ရပါစေ ဆုတောင်းနေတယ်။ နားခွင့်ရတုန်းနားထားနော်။ အလုပ်ရတော့မှ နားချင်လို့မရဘူးတဲ့။ အခုတော့ သူပြောသလိုပါပဲ။ မရတုန်းကလဲ အလုပ်မြန်မြန်ရချင်တယ်။ အလုပ်ရပြန်တော့လဲ မနားရတော့ နားချင်ပြန်တယ်။ အခုတော့ weekend လေးကို တန်ဖိုးထားတတ်လာပါတယ်။

Friday 28 August 2009

Thailand

လေယာဉ်ပေါ်ကနေ ဖုန်းနဲ့လှမ်းရိုက်ထားတဲ့ ဘန်ကောက်လေဆိပ်
ခရီးသည်နားနေတဲ့နေရာ

ပစ္စည်းရွေးတဲ့နေရာ
လေဆိပ်ကိုညဘက်ဆင်းတော့ အခုလို မီးအပြာလေးတွေနဲ့

ဒါကတော့ google ကပုံ





ဘန်ကောက်မြို့ရဲ့ အကြီးဆုံး MBK shopping Mall

ကျောက်တောင်ပေါ်မှာ ထွင်းထားတဲ့ ဘုရား

Pattaya ကမ်းခြေလမ်းမ

View Point ကနေ မြင်နေရ့တဲ့ ကမ်းခြေအလှ (ဒီနေရာမှာ ပဲများပြီး ရိုက်ထားသေးတယ်)

ဖိနပ်မပါပဲနဲ့ ရေစပ်ထဲလမ်းလျှောက်ခဲ့တဲ့ Pattaya ကမ်းခြေ

ထိုင်းကို ဒီတခေါက်တော့ တခြားနေရာတွေပါ လည်ချင်တာရယ် ရုံးကိစ္စရယ်ပေါင်းပြီး တတိယအကြိမ် သွားဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ၁၁ လပိုင်းတုန်းက ၁ ပတ်ထပ်သွားခဲ့ပါတယ်။ ဒီတခါတော့ အိမ်ကလူတွေမပါပဲ ဦးလေးအသိ အဒေါ်ကြီးသားအမိနဲ့ အတူသွားဖြစ်တာပါ။ ထိုင်ဝမ်ကနေသွားတာဖြစ်လို အရင်တခါ မြန်မာပြည်ကလာတုန်းကလို မျက်နှာမငယ်ရပါဘူး။ စာအုပ်ကအရောင်မတူတော့ သူတို့ဆက်ဆံတာလဲ မတူဘူးပေါ့။ လေဆိပ်အသစ်ကြီးမှာ လေယာဉ်ဆင်းတော့ လျှောက်လိုက်ရတာ လူဝင်မှုကြီးကြပ်ရေးဆီကို မရောက်ခင် ဗီဇာကို ၀င်ယူရသေးတယ်။ နှင်းက ဗီဇာမယူသွားလို့ လေဆိပ်ရောက်မှ ယူရတာပါ။ လုပ်ပေးတဲ့ဝန်ထမ်းကလဲ ရယ်ရယ်မောမောပဲ မြန်မြန်လုပ်ပေးပါတယ်။ ပြီးတာနဲ့ လူဝင်မှုကြီးကြပ်ရေးကိုဖြတ် အထုပ်တွေရွေးပြီး အရင်တုန်းကလာကြိုတဲ့ အန်တီကပဲ လာကြိုပေးပါတယ်။ အရင်အခေါက်တွေက တည်းတဲ့နေရာမှာပဲ ပြန်တည်းတော့ ကိုယ့်အတွက် ရင်းနှီးပြီးသားဖြစ်နေပါတယ်။ ညပိုင်းရောက်သွားတာဖြစ်လို့ ရောက်တာနဲ့ တန်းအိပ်ပါပဲ။ နောက်တနေ့မှာတော့ ရုံးကိစ္စတွေသွားလုပ်ပြီးတာနဲ့ လေးမျက်နှာဘုရားကိုသွားပါတယ်။ ဘုရားသွားပြီးတော့ သိတဲ့အတိုင်းပေါ့ ဈေးဝယ်ထွက်တာပေါ့။ ဘုရားနားမှာရှိတဲ့ ကုန်တိုက်တွေမှာ အိမ်ကမှာတာတွေရော အလုပ်ကလူတွေမှာတာရော အကုန်ရှာဝယ်ရပါတယ်။ ညနေခင်းပိုင်းမှာတော့ မောမောနဲ့ ပြန်လာပြီးအိပ်လိုက်ပါတယ်။

နောက်တနေ့မှာတော့ တည်းတဲ့နေရာမှာ မြန်မာပြည်ကနေ ထိုင်ဝမ်ဗီဇာလာလုပ်တဲ့ အစ်မတွေလဲရှိတော့ သူတို့နဲအတူတူ MBK မာဘိုကရောင်းလို့ ခေါ်တဲ့ Shopping Mall လို့ပဲ ပြောရမှာပေါ့ ဘန်ကောက်မြို့ရဲ့ အကြီးဆုံးဆိုတဲ့ဆီကို ရထားစီးပြီး ၂ ယောက်သားသွားဖြစ်ပါတယ်။ လိုချင်စရာတွေ ဘယ်နေရာကြည့်ကြည့် ၀ယ်ချင်စရာကြည့်ပါပဲ။ တထပ်ပြီးတထပ် တက်လိုက် လိုတာတွေဝယ်လိုက်နဲ့ နှစ်ယောက်သား အထုပ်တွေနဲ့ ရှုပ်နေပါတယ်။ အဲဒီမှာ ပြဿနာက တက်ပါတယ်။ အစ်မက ဘောင်းဘီဝယ်မယ်ဆိုတော့ ဘောင်းဘီဆိုင်ကို ရှာရင်း ၀င်ဝယ်လိုက်ပါတယ်။ ၀ယ်လဲပြီးရော အောက်ထပ်ဆင်းမယ်ဆိုပြီး ၂ ယောက်သားလျှောက်လိုက်တာ အဲဒီဘောင်းဘီဆိုင်နားပြန်ရောက်သွားပါတယ်။ အော်မှားသွားတယ်နဲ့တူတယ် ဟိုဘက်ကို လျှောက်ကြည့်မယ်ဆိုပြီးလျှောက်တော့လဲ ဒီနေရာပဲ ရောက်လာပြန်တယ်။ နောက်ဆုံးတော့ မရတော့ဘူးလို့ ပြောပြီး ဘောင်းဘီဆိုင်ကိုမေးလိုက်မှပဲ ထွက်ပေါက်ကို တွေ့ပါတော့တယ်။ အဲဒီအထပ်မှာက လက်ဆောင်ပစ္စည်းဆိုင်တွေလဲပေါသလို မိန်းကလေးဝတ်အင်္ကျီတွေကလဲ လှမှလှ လိုချင်စရာကြည့်ပဲ။ ဒီလိုနဲ့ တထပ်ပြီးတထပ် ကြည့်လိုက်ဝယ်လိုက်နဲ့ အောက်ဆုံးထပ်လဲရောက်ရော နာမည်ကြီးတံဆိပ်တွေကို လျှော့ဈေးနဲ့ရောင်းနေတာ တွေ့ရပါတယ်။ ဒါတွေကိုငေးရင် ဂျပန်အစားအစာရောင်းတဲ့ဆိုင်မှာ ဂျပန်ခေါက်ဆွဲဝင်စားခဲ့ပါတယ်။ ဒီလိုပုံနဲ့ ရထားစီးလို့မဖြစ်တော့ဘူးဆိုပြီး ကားငှားပြီး ပြန်ခဲ့ပါတယ်။ တနေကုန်ပတ်နေတုန်းက မမောပါဘူး ပြန်ရောက်တော့လူလဲ အလှုပ်ချင်တော့ပါဘူး။

ဒါပေမယ့် ဒီတခေါက် အကုန်လျှောက်သွားမယ်ဆိုတဲ့အတိုင်း နောက်တနေ့မှာ Pattaya Beach ကိုသွားချင်တယ်လို့ အန်တီကိုပြောပြီး ကားစီစဉ်ခိုင်းပါတယ်။ အတူတူသွားတဲ့ သားအမိကလဲ လိုက်မယ်ဆိုတော့ ၃ ယောက်အဖော်ရသွားပါတယ်။ မြန်မာပြည်ကနေ ဘန်ကောက်ရောက်နေတဲ့ ရှမ်းလူမျိုး ဦးလေးကြီးကားကိုငှားပေးလို့ အရာရာအဆင်ပြေပါတယ်။ ဦးလေးကြီးက ထိုင်းလိုလဲတတ်သလို မြန်မာလိုပါတတ်တော့ ဂိုက်ငှားစရာ မလိုတော့ပါဘူး။ အဲဒါနဲ့ မနက်စောစော ၆ နာရီကျော်လောက်ကနေ ဘန်ကောက်ကနေထွက်လာလိုက်တာ ၉ နာရီလောက်ကျတော့ ကျားမွေးမြူရေးစခန်းကို ရောက်လာပါတယ်။ အဲဒီနေရာမှာ တခြားတိရိစ္ဆာန်တွေကိုလဲ တွေ့ရပါတယ်။ ရောက်နေတဲ့အချိန်က စောနေသေးတော့ ပြပွဲတွေက မစသေးပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ကြည့်ဖြစ်ပါတယ်။ ဆင်လိမ္မာတွေ ၀က်တွေ ကုလားအုတ်တွေကိုလဲ တွေ့ရပါတယ်။ အဆောက်အဦးတွေကလဲ ကောင်းပါတယ်။ မိချောင်းတွေကိုလဲ သီးသန့်မွေးထားတာ တွေ့ရပါတယ်။ တော်တော်ကြာတော့ နိုင်ငံခြားသားတွေလဲ ရောက်လာပါတယ်။ သူတို့သတ်မှတ်ထားတဲ့အချိန်တွေလဲရောက်ရော တိရိစ္ဆာန်တွေရဲ့ ပြကွက်တွေကို တင်ဆက်ပါတယ်။ အ၀င်လက်မှတ်ဝယ်ကထဲက စာရွက်ပေးလိုက်ပြီး စာရွက်ထဲမှာ မြေပုံအပြင် တင်ဆက်မယ့်အချိန်နဲ့ နေရာတွေပါ ရေးပေးထားပါတယ်။ အဲဒီကနေ ကြည့်လို့ပြီးတော့ နေ့လည် ၁၂ နာရီကျော်နေပါပြီ။ အဲဒါနဲ့ ထမင်းစားဖို့အတွက်နေရာရှာတော့ ပတ္တရား နားရောက်ခါနီးက ထိုင်းစားသောက်ဆိုင်တခုမှာ ၀င်စားကြပါတယ်။ Thai food ဆိုတဲ့အတိုင်း ရှုးရှုးရှဲရှဲနဲ့ စားလို့လဲကောင်းပါတယ်။

အဲဒီလိုစားသောက်ပြီးတာနဲ့ တရုတ်နဲ့ ထိုင်းချစ်ကြည်ရေးပြတိုက်ကို လိုက်ပို့ပေးပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တရုတ်ပြည်ကနေ ပို့ပေးထားတဲ့ ပစ္စည်းမျိုးစုံကို ပြသထားပါတယ်။ အဆောက်အဦးဝန်းအတွင်းမှာလဲ တရုတ်ရိုးရာ အန်းကုန်းကြီးရုပ်တုတွေ တခြားသောရုပ်တုတွေအပြင် ပန်းပင်လေးတွေနဲ့ အလှပြုပြင်ထားပါတယ်။ နိုင်ငံခြားသားတွေလဲ လာရောက်လေ့လာကြတာ တွေ့ခဲ့ရပါတယ်။ ပြတိုက်ကနေပြီး ထွက်လာတော့ လမ်းမှာ လှမ်းတွေ့ရတာကတော့ ကျောက်တောင်နံရံက ဘုရားဆင်းတုတော်ပါပဲ။ ကျောက်တောင်ကြီးရဲ့ နံရံမှာ ဘုရားရုပ်တုတော်ပုံကို ထွင်းထားပြီး အဲဒီထွင်းထားတဲ့လိုင်းတွေကို ရွှေချထားတဲ့အတွက် အဝေးကြီးကနေ လှမ်းတွေ့နေရတာပါ။ ခဏကြာတော့ နှင်းတို့ကားလဲ ရောက်သွားပါတယ်။ ကားရပ်တဲ့နေရာကနေ အပေါ်ဘက်ကို လှေခါးထစ်တွေကနေ တက်သွားတော့မှ ဘုရားကျောက်တောင်ကြီးကို အနီးကပ်ဖူးတွေ့ရပါတယ်။ အနီးကပ်လို့ ပြောပေမယ့် တောင်ခြေကိုရောက်ဖို့ တော်တော်သွားရပါတယ်။ အစောင့်အဖြစ် ထိုင်းစစ်သားတွေ ထားထားပါတယ်။ အဝေးကနေပြီးပဲ ဖူးခဲ့ပါတယ်။ တောင်ခြေအထိတော့ မသွားခဲ့ပါဘူး။ ဘုရားကြီးနဲ့ ကပ်လျက်မှာတော့ Silver Lake စပျစ်ခြံရှိပါတယ်။ ဘယ်သူမဆို သွားပြီးလေ့လာလို့ရပါတယ်။ နှင်းသွားတဲ့အချိန်က စပျစ်သီး တုန်းတဲ့အချိန်ဆိုတော့ အပင်တွေပဲ တွေ့ခဲ့ရပြီး အသီးတွေတော့ မရှိတော့ပါဘူး။ အဲဒီခြံကထွက်တဲ့ စပျစ်ဝိုင်။ စပျစ်သီးနဲ့လုပ်ထားတဲ့ အရာတွေကိုလဲ ရောင်းချပေးပါတယ်။ ခြံထဲကို ပတ်စီးလို့ရတဲ့ ၃ ဘီးဆိုင်ကယ်အသေးလေးတွေကိုလဲ တွေ့ခဲ့ရပါတယ်။

ဘုရားလဲဖူးပြီး စပျစ်ခြံမှာလဲ စားချင်တာ ၀ယ်စားပြီးတာနဲ့ Pattaya မြို့ထဲကို လိုက်ပို့ပေးပါတယ်။ ကမ်းခြေမြို့ အပန်းဖြေမြို့ဆိုတဲ့အတိုင်း လူမျိုးပေါင်းစုံနဲ့ စည်ကားလို့နေပါတယ်။ နေ့လည်ဘက်မှာ သိပ်ပြီးမစည်ဘူးလို့ပြောပေမယ့် ရောက်သွားတဲ့အချိန်က ညနေစောင်းဆိုတော့ တော်တော်ကို စည်ကားနေပါတယ်။ လက်ဆောင်ပစ္စည်းဆိုင်တွေ စားသောက်ဆိုင်တွေ ဘီယာဆိုင်တွေနဲ့ ရှုတ်ရှုက်ခတ်လို့ နေပါတယ်။ လူငယ်တွေကလဲ ပုံစံမျိုးစုံ နိုင်ငံခြားသားတွေရဲ့ ဆိုင်ကယ်တွေနောက်မှာလဲ ထိုင်းမိန်းကလေးတွေ ကိုယ်စီနဲ့ သွားလာနေကြပါတယ်။ အပျော်ရှာမယ်ဆိုရင်လဲ အကုန်ရတယ်လို့ပြောပါတယ်။ ညနေဘက်မှ ကမ်းခြေရောက်သွားတော့ အပန်းဖြေတဲ့လူ ပိုများလာပါတယ်။ အပျော်စီးလှေတွေ မော်တော်ဘုတ်တွေအပြင် အောက်ကစက်လှေက မောင်းပြီး အပေါ်ကလေထီးနဲ့စီးလို့ရတာတွေ အစုံပဲရှိပါတယ်။ နှင်းကတော့ ရေကြောက်တဲ့အတွက် ဘာမှမစီးခဲ့ပါဘူး။ ရေလဲမကူးတတ်တော့ ရေလဲဆင်းမကူးခဲ့ပါဘူး။ ကမ်းစပ်မှာ လမ်းလျှောက်တာကလွဲလို့ပေါ့။ ပတ္တရား ကမ်းခြေကို အဟောင်းနဲ့အသစ်ဆိုပြီး ရှိတယ်လို့ ပြောပြပါတယ်။ ကမ်းခြေက တဆက်တည်းမဟုတ်ပဲ အလယ်မှာ တောင်ကုန်းတခုက ခြားထားပါတယ်။ ကမ်းခြေရဲ့အလှကို view point ဆိုတဲ့ တောင်ကုန်းပေါ်ကနေ တက်ကြည့်ခဲ့ပါတယ်။ ပင်လယ်ကမ်းခြေဆိုရင် အခုတခါနဲ့မှ ၂ ခုပဲရောက်ဖူးပါတယ်။ ထိုင်ဝမ်က ကမ်းခြေတွေက ကျောက်တုံး ကျောက်ဆောင်တွေနဲ့ တမျိုးလှသလို ပတ္တရားကလည်း သဲဖြူဖြူသောင်ပြင်တွေနဲ့ ပင်လယ်ရေပြာပြာကလည်း တမျိုးလှနေပါတယ်။
ကမ်းခြေကနေ ညနေတော်စောင်းမှ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။ ဘန်ကောက်ကိုအပြန် ကားပေါ်လဲရောက်ရော အတူတူသွားတဲ့ အန်တီက ဗိုက်အောင့်လာပါတယ်။ ထိုင်းအစားအစာကအစပ်တွေပါတယ်။ ကမ်းခြေမှာ လမ်းလျှောက်တော့လဲ ရေထဲမှာ လျှောက်တော့ အအေးပတ်ပြီး ဖြစ်သွားတာပါ။ ဘန်ကောက်ကို မရောက်ခင် ဒေသထွက်ပစ္စည်းတွေဖြစ်တဲ့ ပိန္နဲသီးခြောက်တွေ ဒူရင်းသီးခြောက်တွေ ရောင်းတဲ့ ဈေးဆိုင်တန်းကို ၀င်ပြီးတော့ ကိုယ်လိုချင်တာတွေ ၀ယ်ပြန်ခဲ့ပါတယ်။
ကိုလင်းလင်းရေ စာလေးရေးပြီး တင်ပေးပါလားဆိုလို့ တင်ပေးလိုက်ပါတယ်။ ကိုယ်တိုင်ရိုက်ခဲ့တဲ့ပုံတွေ မရှိလို့ မတင်ပေးနိုင်တာကိုတော့ ခွင့်လွှတ်ပေးပါ။
အခုတင်ပေးထားတဲ့ ပုံတွေကတော့ googleကနေရှာပြီးတင်ပေးထားတာပါ။ နှင်းကိုယ်တိုင်ရိုက်ထားတာတွေက မြန်မာပြည်မှာ ကျန်နေခဲ့တဲ့အတွက် တင်မပေးနိုင်တာကို ခွင့်လွှတ်နားလည်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ။

Wednesday 26 August 2009

အိပ်မက်ခါး

ဒီနေ့ အလုပ်ထဲမှာ လုပ်နေရင်းနဲ့ လက်မှာ ဒဏ်ရာတွေရတယ်။ လက်မမှာ ဓါးကလေးနဲ့ မွှန်းထားသလို တော်တော်များများဖြစ်နေပြီး ရေထိတော့အရမ်းနာပါတယ်။ လုပ်နေရင်း ဘယ်နားကနေ ရှနေမှန်းမသိပဲ ရေကိုင်တော့မှ စပ်လာတာပါ။ အရင်အဲလိုမျိုးများ ဖြစ်ခဲ့ရင် မာမားက ဆေးလိမ်းဖို့ ပလာစတာကပ်ဖို့ လုပ်ပေးတတ်တယ်။ အခုတော့ အနားမှာမရှိတော့ နှင်းတယောက်ထဲ ၀မ်းနည်းမိတယ်။ အလုပ်ခွင်ထဲမှာမို့ မလုပ်ချင်လဲ ဆက်လုပ်နေရတယ်။ အိမ်ပြန်ရောက်လို့ KMKW ဆီကို ဖုန်းလှမ်းဆက်မိတယ်။ အလုပ်ထဲမှာတဲ့ဆိုတော့ ဆောရီးပါပြောပြီး ဖုန်းချလိုက်တယ်။ အလုပ်ပြန်ချိန် ဖုန်းထပ်ဆက်မိတယ်။ ခဏနေအိမ်ပြန်ရောက်မယ်တဲ့လေ။ အမှန်ဆို နှင်းဘက်မှာ အိပ်ချိန်ဖြစ်နေပြီ။ ဒါပေမယ့် ဒီနေ့ စိတ်ထဲ တော်တော်လေး ၀မ်းနည်းမိသလို မိဘတွေဆီက ဂရုစိုက်မှုမျိုးကို လိုချင်မိတယ်။ နှင်းမအိပ်ပဲ စောင့်နေမိတယ်။ ဒါပေမယ့် မလာခဲ့ဘူး။ သူငယ်ချင်းနဲ့ စကားပြောနေလို့တဲ့။ အရင်လိုဆိုရင် ဘာမှမဖြစ်လောက်ပါဘူး။ ဒါပေမယ့် ကိုယ်မျှော်လင့်ချက်တွေနဲ့ စောင့်နေတဲ့နေ့မှ ဘာလို့ဒီလိုဖြစ်တာလဲ။ တကယ်ပါ အရမ်းဝမ်းနည်းမိပါတယ်။ ငိုလဲငိုမိတယ်။ မနက်ခင်းအလုပ်သွားရမှာကို သိရက်နဲ့ စောင့်မိတဲ့ ကိုယ့်ကိုကိုလည်း မုန်းမိတယ်။ တောင်းဆိုပိုင်ခွင့်မရှိမှန်းသိရက်နဲ့ လိုချင်မိတဲ့ ကိုယ့်အပြစ်တွေပဲ။

Monday 24 August 2009

very tired

ဒီနေ့ အရမ်းပင်ပန်းပြီး စိတ်လဲအရမ်းမောပါတယ်။ အလုပ်ထဲမှာ ကိုယ့်ထက်လုပ်သက်ရင့်ပြီး ကျွမ်းကျင်သူတွေနဲ့ တွဲလုပ်ရတာ စိတ်မောရပါတယ်။ အမှားမခံပဲ QC ကအမြဲစောင့်ကြည့်နေလို့ လူပင်ပန်းတာထက် စိတ်အရမ်းပင်ပန်းတယ်။ နေ့တိုင်း over time ဆင်းခိုင်းနေပြီး စနေနေ့ပါ ဆင်းနေရတဲ့အတွက် လူက တော်တော်လေး ပင်ပန်းနေပါတယ်။ ရေးလက်စ ပိုစ့်တွေလဲ မရေးနိုင်သေးပဲ ခဏရပ်ထားရပါတယ်။ စိတ်သိပ်ညစ်တိုင်း ဖုန်းလှမ်းဆက်နေလို့ KMKW လဲ နှင်းကို စိတ်တော်တော်စိတ်တိုနေလောက်ပြီ။ မဆက်တော့ဘူးလို့ စိတ်တင်းထားပေမယ့်လည်း သတိရတိုင်း လှမ်းဆက်မိနေတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်ထဲမှာ ကောင်းကောင်းနေနော် ညဆိုရင်လည်း စောစောအိပ်တော့လေ မနက်အလုပ်သွားရမှာမှတ်လား ဆိုတဲ့ စကားလေးတွေနဲ့တင် ကျေနပ်ပြီး ကလေးတယောက်လို ခံစားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားငယ်တဲ့အခါတွေမှာ သတိရမိပါတယ်။ ကိုယ့်အပေါ် နားလည်ပေးနိုင်တယ်လို့လဲ ထင်လို့ပါ။ အခုဒီပိုစ့်ကို ရေးနေတဲ့အချိန်မှာ သူကတော့ အိပ်မောကျနေပြီး အိပ်မက်တွေမက်နေလောက်ပြီ။ ဖုန်းလှမ်းဆက်ချင်ပေမယ့် နှင်းကြောင့်အိပ်ရေးပျက်မှာစိုးလို့ ဘလော့ပေါ်မှာပဲ ချရေးလိုက်မိတယ်။ အရမ်းမောနေတယ်။ အနားယူတော့မယ်။

Sunday 23 August 2009

ယိုးဒယား ခေါ် ထိုင်း

နိုင်ငံခြားလို့ ပြောလိုက်တာနဲ့ ပထမဆုံး ရောက်ဖူးတဲ့နိုင်ငံကို ပြောရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပါပဲ။ ထိုင်ဝမ်ကိုမလာခင် အ၀င်ဗီဇာအတွက် ဘန်ကောက်မှာ ၀င်လုပ်ရပါတယ်။ ပထမဆုံး နိုင်ငံခြားခရီးဖြစ်လို့ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ နှင်းရယ် မာမားရယ် မောင်လေးရယ် သားအမိ ၃ယောက်သား ဘန်ကောက်ကို ထွက်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ် ၁၀ လပိုင်း ၁၆ ရက်နေ့ ညနေ ၄ နာရီလေယာဉ်နဲ့ မြန်မာပြည်ကနေ ထွက်လာခဲ့ပါတယ်။ ဘန်ကောက်လေဆိပ်အဟောင်းကို လေယာဉ်ဆိုဒ်ပါတယ်။ အဲဒီကနေပြီး တည်းခိုမယ့် ဟော်တယ် အလတ်စားလေးကို သွားလိုက်တာ ည ၇ နာရီကျော်မှာရောက်ပါတယ်။ အခန်းယူတာနဲ့ လာကြိုတဲ့လူကို စကားတွေပြောပြီးတာနဲ့ အနီးအနားမှာရှိတဲ့ Top Super market မှာ ဈေးသွားဝယ်ပါတယ်။ ယိုးဒယားအစားအစာတွေအပြင် သစ်သီးအစုံရှိပါတယ်။ အ၀င်အ၀မှာတော့ ရေသန့်စက်ထားပေးထားပြီး ဘယ်သူမဆို သောက်ရေကို လာဝယ်လို့ရပါတယ်။ ထိုင်းဘတ် ၁ ဘတ်ကနေစပြီးထည့်သုံးလို့ရပါတယ်။ လိုတာတွေဝယ် စားသောက်ပြီးတော့ ပထမဆုံးတညကုန်ဆုံးသွားပါတယ်။

နောက်တနေ့မှာတော့ လိုအပ်တာတွေသုံးဖို့ ပိုက်ဆံလဲပါတယ်။ နှင်းတို့တည်းတဲ့ နေရာက ဖရွန်းဖုံ မြို့နယ်လို့ ပြောရမှာပေါ့ စခွန်ဝစ လမ်း ၄၁ လား ၄၂ လားတောင် မမှတ်မိတော့ဘူး။ (ယိုးဒယားအသံတော့ သေချာမထွက်တတ်တော့ သိတဲ့လူရှိရင် ပြင်ပေးခဲ့ပါ။) အဲဒီနေရာမှာ တည်းခိုပါတယ်။ နေတဲ့နေရာအနီးအနားမှာ ဂျပန်တွေလဲ အနေများပါတယ်။ တည်းတဲ့နေရာကနေ ထွက်ပြီး လမ်းကူးလိုက်တာနဲ့ money changer ရှိတဲ့ဘဏ်ကို ရောက်ပါတယ်။ အဲဒီတုန်းက အမေရိကန် ၁ ဒေါ်လာကို ဘတ် ၄၀.၅၀ ရပါတယ်။ ပိုက်ဆံလဲပြီးတော့ လေးမျက်နှာဘုရားကို လိုက်ပို့ပေးလို့ ပထမဦးဆုံးရောက်ဖူးခဲ့ပါတယ်။ ညနေပိုင်းဖြစ်လို့ လူပိုများသလို အနီးအနားမှာလဲ ကုန်တိုက်တွေပတ်လည်ဝိုင်းနေလို့ လူစည်ကားရာနေရာဖြစ်ပါတယ်။ ဘုရားမှာ လာကန်တော့ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ထိုင်းလူမျိုးများက ယုံကြည်ကြတယ်လို့ သိရပါတယ်။ သားအမိတွေ ဘုရားကန်တော့ပြီးတော့ အနီးမှာရှိတဲ့ BigC ဆိုတဲ့ ကုန်တိုက်ကို သွားခဲ့ပါတယ်။ အဲဒီကုန်တိုက်မှာ ပစ္စည်းအစုံရှိတဲ့အပြင် ဈေးဝယ်ရတာလဲ သက်သာတယ်လို့ ပြောပါတယ်။ ဘယ်လိုသက်သာလဲဆိုတာတော့မသိပါဘူး။ ဒါပေမယ့် အားလုံးက လိုချင်စရာတွေကြည့်ပါပဲ။ ကုန်တိုက်ရဲ့ မြေညီထပ်မှာလဲ ကိုယ်ပိုင်ဆိုင်ခန်းလေးတွေနဲ့ လိုချင်စရာကြည့်ပဲ။

ဘန်ကောက်မှာ ရှိတဲ့ skytrain ကိုတော့ ကားလမ်းရဲ့အပေါ်ကနေ တည်ဆောက်ထားပါတယ်။ နေ့လည်ဘက်များ ကားနဲ့သွားမယ်ဆိုရင် ကားလမ်းပိတ်လိုက်တာ ၁ ရေးအိပ်လို့ရပါတယ်။ ဘန်ကောက်မြို့ဟာ အရှေ့တောင်အာရှမှာ လမ်းအပိတ်ဆုံးမြို့လို့ ပြောပါတယ်။ ကိုယ်တိုင်ကတော့ ဘာမှမသိလို့ သူများပြောသမျှပဲ သိခဲ့ရပါတယ်။ ဒါကြောင့် အရီးမြန်မြန်တွင်ချင်ရင် ရထားကိုပဲ သုံးကြတယ်လို့ ပြောပြပါတယ်။ နှင်းတို့ကိုယ်တိုင်လဲ ရထားပဲ အစီးများခဲ့ပါတယ်။ ရထားခက ကားခထက် ဈေးပိုကြီးပြီး ခရီးလဲ တွင်ပါတယ်။ တည်းတဲ့နေရာရဲ့ အနီးမှာလဲ ဘုရင်မပန်းခြံလို့ သူတို့ပြောတဲ့ ပန်းခြံတခှုရှိပါတယ်။ ပန်းခြံထဲမှာ ညနေပိုင်းဆိုရင် လူစည်ကားပါတယ်။ အလုပ်ကပြန် အနားလာယူတဲ့သူတွေ လေ့ကျင့်ခန်းလာလုပ်သူတွေ ကလေးလာထိန်းတဲ့သူတွေ အပြေးလာလေ့ကျင့်တဲ့ နိုင်ငံခြားသားတွေ လူမျိုးပေါင်းစုံကို တွေ့ရပါတယ်။ ပန်းခြံရဲ့ ကပ်လျက်မှာတော့ Queen Park Hotel ရှိပါတယ်။ သားအမိ ၃ယောက် ညနေဘက်တွေဆိုရင် ပန်းခြံဘက်ကို လမ်းလျှောက်ထွက်ဖြစ်ပါတယ်။ ထိုင်ဝမ်ဗီဇာအတွက် ဘန်ကောက်မှာ ၁ လခွဲလောက် ကြာခဲ့ပါတယ်။ သံရုံးသွားလိုက် လိုအပ်တာတွေလုပ်လိုက် အပြင်ထွက်ပြီး ဈေးဝယ်လိုက်နဲ့ လူက၀လာပါတယ်။ လမ်ဘေးဝဲယာလေးတွေမှာ ညနေဘက်ဆိုရင် အကင်ဆိုင်တွေ သင်္ဘောသီးထောင်းရောင်းတဲ့ဆိုင်တွေကို တန်းဆီပြီးတွေ့ရပါတယ်။ ဘန်ကောက်မှာ စားခဲ့တဲ့ အကင်နဲ့ အချဉ်ရည်ကိုတော့ ဘယ်တော့မှမမေ့ပါဘူး။ တကယ်ကို စားကောင်းပါတယ်။ နှင်းတို့ မြန်မာတွေကြိုက်တဲ့ အရသာဖြစ်ပါတယ်။

ဘန်ကောက်မှာ မြန်မာပတ်စ်ပိုစ့်နဲ့ဆိုရင် တော်တော် မျက်နှာငယ်ရပါတယ်။ မြန်မာလိုပြောတဲ့အသံကို သူတို့ကောင်းကောင်းသိကြသလို နှာခေါင်းလဲ ရှုံ့ကြပါတယ်။ လူမျိုးရေးစိတ်ဓါတ်တော်တော်ပြင်းထန်ပါတယ်။ ဘုရင်ကို ရိုသေချစ်ခင်တာကလဲ အတုယူဖို့ကောင်းပါတယ်။ သူတို့နိုင်ငံရဲ့ tv လိုင်းတွေကို ကြည့်ရင် ဘုရင်မိသားစုဝင်တွေကို တော်တော်အလေးထားသလို ချစ်ခင်ရိုသေတာလဲ တွေ့ရပါတယ်။ မြန်မာပြည်နဲ့ ကပ်လျက်ဖြစ်နေပေမယ့် ခြားနားမှုကတော့ အရမ်းပါပဲ။ သူတို့ဆီမှာ မကောင်းတာတွေလဲရှိပါတယ်။ ကောင်းတာတွေကတော့ တော်တော်အားကျဖို့ကောင်းပါတယ်။ လူနေမှုအဆင့်အတန်းက တော်တော်တိုးတက်ပါတယ်။ မကောင်းတာတွေရှိတယ် အားမကျဘူးလို့မပြောပါနဲ့။ မကောင်းတဲ့နေရာတွေကို ကိုယ်သွားခဲ့လို့ မကောင်းတာကို တွေ့ရတာပါ။ ကောင်းတာတွေကတော့ ရထားစီးလဲ တန်းစီပါတယ်။ ကားစီးရင်လဲ စပယ်ယာမပါပေမယ့် ကားခမပေးပဲ ခိုးမစီးကြပါဘူး။ သိတဲ့လူချင်းတွေ့တာနဲ့ စာဝါဒီခ လို့ ယဉ်ကျေးစွားနှုတ်ဆက်တတ်တယ်။ ကြားရမြင်ရတဲ့လူတွေ စိတ်ချမ်းသာရတယ်။ သူတို့နိုင်ငံမှာ ပျက်စီးတဲ့မိန်းကလေး များတယ်လို့ သိရပေမယ့် ဒါကို တရားဝင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ၆ လတခါလား ၃ လတခါလားဆိုတာတော့ အတိအကျ မသိတော့ပါဘူး။ ဆေးစစ်ရပြီး ကာကွယ်ဆေးလဲ ထိုးရတယ်လို့ သိရပါတယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ရင် တရားဝင်လိုင်စင်ကို သိမ်းတယ်လို့ပြောပြပါတယ်။ ဒါတွေကတော့ လာကြိုတဲ့ အန်တီကြီးက ပြောပြခဲ့တာပါ။

ထိုင်ဝမ်ဗီဇာရတော့ သားအမိ၃ယောက်သား ဘန်ကောက်မြို့ရဲ့ နာမည်ကြီး မြဘုရားကို သွားဖူးကြပါတယ်။ ဘုရားကို ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး။ ဘုရားကျောင်းတော်ပေါ်ကို တက်မယ်ဆိုတာနဲ့ ဖိနပ်တွေ အကုန်ချွတ်ရပါတယ်။ နိုင်ငံပေါင်းစုံက လူမျိုးတွေကိုတွေ့ရသလို ထိုင်းတို့ရဲ့ အနုပညာလက်ရာတွေကိုလဲ တွေ့ခဲ့ရပါတယ်။ နောက်တစ်ခါ ပြန်လာဖူးရဖို့ဆုတောင်းရင်ပြည့်တယ်ဆိုလို့ ဆုတောင်းခဲ့ပါတယ်။ ဒါကတော့ ဘန်ကောက်ကို ပထမဆုံးရောက်ခဲ့တဲ့ တခေါက်ကပေါ့..........

Saturday 22 August 2009

လူတမျိုး

လူ့စိတ်ဆိုတာ တဦးနဲ့တဦးမတူကြပါဘူး။ လူတကိုယ် စိတ်တမျိုးရယ်လို့ ပြောတတ်ကြတဲ့အတိုင်း စိတ်အမျိုးမျိုးရှိကြပါတယ်။ အဲဒီထဲကမှ နှင်းတွေ့ဘူးတဲ့ လူတမျိုးကတော့ တော်တော်ကို စိတ်ကသိကအောက် ဖြစ်စရာကောင်းနေပါတယ်။ သူရဲ့စိတ်ဓါတ်က မကောင်းလို့မဟုတ်ဘူးနော်။ စိတ်ဓါတ်က သဘောကောင်းပါတယ်။ သူတပါးကို သနားတတ်သလို အလှူအတန်းလဲ လုပ်တတ်ပါတယ်။ ဘာသာရေးလဲ လုပ်ပါတယ်။ ဘုရားတရားကိုလည်း အရမ်းယုံကြည်တယ်။ ဒါပေမယ့် အကြောင်းအရာတခုခုကို ပြောလိုက်ရင်လဲ အငြင်းအခုန်လေးဖြစ်သွားအောင် ပြောတတ်ပါတယ်။ သူပြောဆိုနေတာလေးတွေ လုပ်နေတာလေးတွေ အမြင်မတော်လို့ သတိပေးမိပြန်ရင်လည်း သတိပေးတဲ့လူကို ကပ်သပ်ပြီး ပြန်လည်ချေပ ငြင်းဆိုတတ်ပြန်တယ်။ လူတကာအပေါ်မှာတော့ စေတနာနဲ့ သတိပေးတာ သိရဲ့လား ဆိုတဲ့စကားလုံးတွေနဲ့ တဖက်လူအနေခက်အောင်လည်း လိုက်ပြောတတ်ပြန်တယ်။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတယ်လို့ ဆိုပေမယ့် လက်ရှိစိတ်ထားလေးကိုတော့ သူတကယ်မပြင်နိုင်သေးပဲ ဖြစ်နေပါတယ်။ ဘာမဟုတ်တာလေးတွေကအစ လိုက်ပြောနေတတ်တော့ ဘေးလူတွေ တော်တော် ကသိကအောက်ဖြစ်ရပါတယ်။ သူဖြစ်ချင်တာကို လုပ်လိုက်ရရင် ကျေနပ်နေတတ်ပြီး တဖက်သားဖြစ်ချင်တာကို လုပ်လိုက်လို့ သူမကြိုက်ပြန်ရင်လည်း အပြစ်ကြီးတခုလိုမျိုး တတွတ်တွတ်ပြောနေတတ်ပြန်တယ်။ တကယ်ပါ ကတ်သီကတ်သတ်ပြောတတ်ပြီး တခုခုဆိုရင် ဘာသာရေးအမြင်တွေနဲ့ လိုက်ပြောနေတော့ လူ့ဘ၀မှာ နေရတာတောင် တော်တော်ကြောက်ဖို့ကောင်းလာတယ်လို့ ကိုယ့်ကိုကိုယ် ထင်လာမိတယ်။ ကဲ အဲလိုလူမျိုးနားမှာ ဘယ်လိုမျိုးလေး နေရင်အကောင်းဆုံးဖြစ်မလဲလို့ စဉ်းစားနေမိပါတယ်။

Friday 21 August 2009

နေပြည်တော်သို့ တခေါက်


သံစဉ်တွေနဲ့ ရေပန်းအလှ

ရေတံခွန်အလှ ရေတံခွန်အထဲကို ၀င်လို့ရပါတယ်။


ကြိုးတံတားလေးအ၀င်



ရေပန်းဥယျာဉ်ထဲမှာ




ဘုရားကုန်းတော်ပေါ်ကို အတက်






ရွှေတိဂုံပုံတူ ဥပ္ပါတသန္တိစေတီ





ရင်ပြင်တော်




ဘုရားလိုဏ်ဂူအတွင်းပိုင်း






နေပြည်တော်လို့ ပြောလိုက်တာနဲ့ အခုနောက်မှာ ဆောက်ထားတဲ့ မြို့အသစ်ကြီးဖြစ်သလို မြန်မာနိုင်ငံရဲ့ မြို့တော်အသစ်ကြီးဆိုတာ လူတိုင်းသိကြပါတယ်။ နေပြည်တော်ကို ရောက်သွားဖြစ်တာကတော့ ဖွားဖွားက သားသမီးမြေးတွေအားလုံးကို ရဟန်းခံရှင်ပြုရမယ်ဆိုတဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရင်းနဲ့ အလည်တခေါက် ရောက်ဖြစ်သွားတာပါ။ ပျဉ်းမနားမှာ လုပ်တာဆိုတော့ ဦးလေးတွေက နေပြည်တော်မြို့သစ်ကြီးကို ရောက်ဖူးတယ်ရှိအောင် လိုက်ပို့မယ်ဆိုလို့ ရောက်ဖူးတာပါ။

ပထမဆုံး အခုမှ အသစ်တည်ထားတဲ့ ရွှေတိဂုံပုံတူ ဘုရားကို သွားဖူးကြပါတယ်။ ဘုရားကို တည်ထားတာကတော့ ပျဉ်းမနားကနေ ဘဲကုန်းလို့ သူတို့ခေါ်ကြတဲ့နေရာကို ကျော်သွားရင် ရောက်တဲ့ တောင်ကုန်းလေးပေါ်မှာပါ။ တောင်ကုန်းကတော့ ရန်ကုန်က ရွှေတိဂုံကုန်းတော်လောက်မမြင့်သလို ဘေးပတ်ဝန်းကျင်မှာလဲ သစ်ပင်တွေ နည်းပါးတဲ့အတွက် ကွင်းပြင်လိုမျိုးဖြစ်နေပါတယ်။ အပြင်ပိုင်းက ရွှေတိဂုံပုံတူလုပ်ထားပေမယ့် ဘုရားကို လိုဏ်ပုံစုံ တည်ဆောက်ထားတဲ့အတွက် ဘုရားဖူးတွေက လိုဏ်ခေါင်းထဲကို ၀င်ဖူးကြပါတယ်။ အထဲမှာလဲ လိုအပ်တာတွေကို ဆက်လက်ပြုလုပ်ဆဲအဖြစ် တွေ့ခဲ့ရပါတယ်။ ဘုရားကုန်းတော်ကို တက်ဖို့အတွက် ဓါတ်လှေခါးပါတပ်ဆင်ပေးထားပါတယ်။ ကုန်းတော်ပေါ်ကနေ အောက်ဘက်ကို ကြည့်လိုက်ရင် ရှင်ဥပဂုတ္တ (စာလုံးပေါင်းမှားနေရင်လဲ ပြင်ပေးကြပါ) ရေကန်ကြီးကိုလဲ လှလှပပတည်ဆောက်တာကို တွေ့ရပါတယ်။ ရေကန်ကို ပတ်သွားဖို့အတွက် ကားလမ်းကို ဘေးပတ်ပတ်လည်ကနေ ဖောက်ပေးထားပါတယ်။ ဘုရားကုန်းတော်ပေါ်က ကဗျည်းတိုင်ကို ဖတ်လိုက်တဲ့အခါ ရာဇာဓိရာဇ် မင်းနေပြည်တော် ဆိုတဲ့ စာသားကို သွားဖတ်မိပါတယ်။ နေပြည်တော်ဆိုတဲ့အတိုင်းပါပဲ လမ်းနာမည်တွေ ရပ်ကွက်နာမည်တွေက ဘုရင်ခေတ်က နာမည်တွေကို သုံးထားတာတွေ့ခဲ့ရပါတယ်။ တချို့နာမည်တွေကို ရုတ်တရက်မဖတ်နိုင်လို့ ကိုယ့်ဟာကို ရယ်ဖြစ်ပါတယ်။

ညနေပိုင်းရောက်သွားတာဖြစ်လို့ နေလဲစောင်းရော လမ်းမီးတွေထွန်းထားတာများ လင်းထိန်နေပြီး အပ်ကျရင်တောင် ကောက်လို့ရနိုင်တယ်လို့ တင်စားပြောဆိုနေကြပါတယ်။ လမ်းမကြီးတွေကလဲ ကောင်းလိုက်တာ။ အရင်တောရိုင်းမြေတွေကြားမှာ ၄ ထပ်တိုက် ၅ ထပ်တိုက်တွေ ဟော်တယ်တွေကလဲ တန်းဆီပြီး ကျောက်မျက်ပြတိုက်လို အဆောက်အဦးတွေကလည်း အသစ်တွေဆိုတော့ တော်တော်ကို ကောင်းပါတယ်။ တောင်ကုန်းလေးတွေကို ရေကန်အဖြစ်တူးပြီး ရေပန်းတွေ ရေတံခွန်တွေအဖြစ်ဖန်တီးထားတဲ့ နေရာကိုလည်း ရေပန်းဥယာဉ် နေပြည်တော်ဆိုပြီး အပန်းဖြေစရာအဖြစ် တည်ဆောက်ထားပြန်ပါတယ်။ အလှပန်းပင်မျိုးစုံအပြင် ကျောက်တုံးလေးတွေနဲ့ အလှဆင်ယင်ထားပါတယ်။ ရေပန်းတွေကို နောက်ခံတေးသီချင်းလေးတွေအလိုက် အတက်အကျတွေနဲ့ မီးရောင်စုံလေးတွေထွန်းထားတဲ့ တင်ဆက်မှုကိုတော့ ညနေခင်း နေ၀င်ချိန်မှာ တွေ့ရမှာဖြစ်ပါတယ်။ ရေပန်းတွေရှိတဲ့နေရာကနေ ရေတံခွန်နေရာကို သွားဖို့အတွက် ကြိုးတံတားလေးတစ်ခုကိုလည်း ဆောက်ထားပါတယ်။ ညနေခင်းမှာ အေးအေးချမ်းချမ်းနဲ့ အပန်းဖြေမယ်ဆိုရင်တော့ ကောင်းပါတယ်။ နေ့ခင်းပိုင်းဆိုရင်တော့ အထက်အညာနေပူပူမှာ မအေးချမ်းနိုင်ပါဘူး။


နေပြည်တော်မှာ အ၀ိုင်းတွေကိုပတ်လို့ ကိုယ်သွားမယ့်လမ်းကို ယူရပါတယ်။ အ၀ိုင်းတွေက များတော့ အိမ်ကဦးလေးက တ၀ိုင်းထဲကို ၂ ခါ ၃ ခါ ပြန်ပတ်မိပါတယ်။ ဒါပေမယ့် နှင်းတို့သွားတဲ့ဘက်မှာတော့ ဟော်တယ်တွေ လူနေအိမ်တွေနဲ့ အပန်းဖြေစရာတွေရှိပါတယ်။ အစိုးရဘက်ဆိုင်ရာ စစ်ရုံးတွေကတော့ တခြားတဖက်မှာ သီးသန့်ဆောက်ထားပါတယ်။ အဲဒီဘက်မှာ စစ်ဆေးရုံတွေ ရုံးတွေအပြင် ခေါင်းဆောင်ပိုင်းဆိုင်ရာတွေ နေကြပါတယ်။ နောက်တခုကတော့ နေပြည်တော်လို့ သတ်မှတ်ထားတဲ့ နယ်နိမိတ်ကို ၀င်တာနဲ့ ဟန်းဖုန်းတွေအကုန် သုံးလို့မရတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ တောမြို့လေးတွေမှာတောင် သုံးလို့ရပေမယ့် မြန်မာနိုင်ငံရဲ့ မြို့တော်အသစ်နယ်နိမိတ်မှာတော့ သုံးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတာ မသိတော့ပါဘူး။

ရန်ကုန်ဘက်ကနေ နေပြည်တော်ကို အသွားမှာတော့ လယ်ဝေးမြို့ကနေ လမ်းခွဲအသစ်ဖောက်ထားပါတယ်။ အဲဒီလမ်းကြီးကို ကွန်ကရစ်တွေနဲ့ကြည့် ဆောက်ထားပြီး လမ်းဘေးမှာတော့ ရွာတချို့ကိုပဲ တွေ့ရပါတယ်။ ပျဉ်းမနားထဲဝင်ခါနီးမှာ လုံခြုံရေးအရ စစ်ဆေးတာကို ခံရပါတယ်။ ကားကိုလဲ စစ်သလို ဘယ်ကလာတာလဲ စတဲ့မေးခွန်းမျိုးတွေကိုလဲ ဖြေရပါတယ်။ ပျဉ်းမနားမြို့ထဲကိုတော့ သကြားစက်ကိုသွားတဲ့လမ်းကနေ ၀င်လို့ရပါတယ်။ မြို့ထဲမရောက်ခင် ကွင်းပြင်ကြီးကို ဖြတ်ပြီး မြင်ရတာကတော့ ခေါင်မိုးပြာပြာတွေနဲ့ ရှုတ်ယှက်ခတ်နေတဲ့ နေရာတခုပါ။ အနားရောက်တော့မှ အခုမှ အသစ်ဖွင့်ထားတဲ့ ဈေးအသစ်ဖြစ်ပြီး ၂၄ နာရီ ရောင်းတယ်လို့လဲ သိရပါတယ်။ စားသောက်ဆိုင်တန်းတွေက လမ်းရဲ့ တဖက်မှာ သီးသန့်ဆောက်ထားသလို ပွဲရုံတန်းတွေပါ တခါတည်း ဆောက်ထားပါတယ်။ သားငါးတန်း ကုန်ခြောက်တန်းတွေ သီးသန့်ရှိသလို အဆောင်တွေရဲ့ အလယ်လမ်းမမှာလဲ ပျံကျဈေးသည်တွေ ချရောင်းနေကြပါတယ်။ ပျဉ်းမနားမြို့ထဲက မြို့မဈေးကြီးကတော့ အရင်အတိုင်းပါပဲ။ စူပါမတ်ကတ်တွေလဲ ပိုများလာသလို စားသောက်ဆိုင် ကောင်းကောင်းတွေ စင်တင်ကာရာအိုကေတွေလဲ ပိုများလာပါတယ်။

Tuesday 18 August 2009

မွေးနေ့လက်ဆောင်


ဒီနှစ်အတွက် ပထမဆုံးရတာက နှင်းသိပ်ချစ်ရတဲ့ အန်တီပေးတဲ့ မွေးနေ့လက်ဆောင်
(ဘဲရုပ်ကြီးကို ဖက်အိပ်လိုက်ရင် ဖက်လုံးမလိုတော့ဘူး)


ဒီနှစ်မွေးနေ့မှာ ဘာမှ ထူထူခြားခြား မလုပ်ဖြစ်ပေမယ့် ကျေနပ်ပါတယ်။ မနက်ခင်း မိုးလင်းတိုင်း အလုပ်မသွားခင် ဘုရားရှစ်ခိုးနေကျအတိုင်း ရှစ်ခိုးပြီး မိဘနှစ်ပါးကို ကန်တော့ပါတယ်။ ပြီးတော့ အလုပ်မှာရှိတဲ့ ဆရာ့အတွက် မွေးနေ့အမှတ်တရ ကိတ်မုန့်တွေနဲ့ အအေးဝယ်ပြီး ဆရာ့ကို ကျွေးဖြစ်ပါတယ်။ ဆရာကဆုတွေပေးတာကို ကျေနပ်စွာနဲ့ပဲ ပေးတဲ့ဆုနဲ့ပြည့်ရပါစေလို့ ဆုတောင်းမိပါတယ်။ ညဘက်ရောက်တော့ မာမားနဲ့ ပါပါးဆီကို ဖုန်းခေါ်ပါတယ်။ မာမားကပြောပြတယ်။ သမီးမွေးနေ့အတွက် ဘုန်းကြီးကျောင်းကို ပိုက်ဆံလှူပေးထားတယ်။ ရပ်ကွက်ထဲက ဆွမ်းလောင်းအသင်းမှာလဲ လှူပေးထားတယ်တဲ့ အနားမှာမရှိပေမယ့် သားသမီးရဲ့မွေးနေ့မှာ မိဘရဲ့မေတ္တာကို ခံစားရပါတယ်။ မွေးနေ့အတွက် ဖွားဖွားသုံးချင်ရာသုံးဖို့ ပိုက်ဆံကန်တော့ပေးဖို့ မာမားကို ပြောလိုက်သလို နှင်းကိုချစ်တဲ့ အဒေါ်၂ ယောက်ကိုလဲ ကန်တော့ပေးဖို့ ပြောဖြစ်ပါတယ်။ ဖုန်းပြောနေတုန်း ပါပါးပြန်လာလို့ ပါပါးနဲ့ ပြောရပါတယ်။ ဘာမှစိတ်မပူပါနဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ စိတ်ချမ်းသာအောင်နေပါတဲ့။ တခါမှ မခွဲဘူးလို့ နှင်းဘယ်လိုဖြစ်နေတယ်ဆိုတာ မိဘတွေက သိနေကြတယ်။ မငိုမိအောင် မနည်းထိန်းပြီး စကားပြောရတယ်။ ငိုသံကြားရင် မိဘတွေ စိတ်ဆင်းရဲမှာကို ကြောက်လို့ပါ။ မိဘတွေနဲ့ ပြောပြီးတော့ နှင်းရဲ့ အစ်ကိုနဲ့ ဖုန်းပြောဖြစ်ပါတယ်။ ခုဏက ဟန်ဆောင်ထားသမျှ အစ်ကိုရှေ့မှာတော့ ငိုမိပါတယ်။ မငိုဖို့တားပေမယ့် ဘယ်လိုမှ မနေနိုင်တော့ပါဘူး။ အခုလို မွေးနေ့မှာ နှင်းအတွက် မိသားစုကပေးတဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ လက်ဆောင်ကို ရခဲ့တဲ့အတွက် ကျေနပ်မိသလို မိဘနှစ်ပါးနဲ့ ဖွားဖွားအပြင် နှင်းရဲ့အစ်ကိုကိုပါ ကျေးဇူးတင်မိတယ်။


အမြန်လမ်းမကြီး

ရန်ကုန်ကနေ နယ်ကမြို့လေးကို အသွားမှာတော့ ရန်ကုန်အထွက်နားမှာ လေယာဉ်ပေါ်ကနေ တွေ့ရတဲ့ ဖြောင့်နေတဲ့ လမ်းကြောင်းကြီးကို တွေ့ရပြီး မသိလို့ မေးကြည့်တော့ ရန်ကုန် မန္တလေး အမြန်လမ်းမကြီးလို့ သိရပါတယ်။ လမ်းကို ကွန်ကရစ်နဲ့ဆောက်ထားတားဖြစ်ပြီး ရန်ကုန်ကနေ မန္တလေးကို အချိန်တိုတိုနဲ့ ရောက်နိုင်တယ်လို့ သိရသလို ကားတွေကလည်း အရမ်းမောင်းလို့ မတော်တဆမှုတွေကြောင့် သေကြတယ်လို့လဲ ပြောပြပါတယ်။ ကွန်ကရစ်လမ်းဖြစ်လို့ ကားဘီးတာယာကတော့ တော်တော်စားတယ်လို့လဲ သိရပါတယ်။ လမ်းဘေးဝဲယာ ၃ မိုင်အတွင်း တောတွေရှင်းထားသလို လမ်းပေါ်ကို အနှေးယာဉ်တွေ ဖြတ်မောင်းလို့မရဘူးလို့လဲ ကန့်သတ်ထားပါတယ်တဲ့။ အမြန်လမ်းဆိုတဲ့အတိုင်း ကားကို သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် လျော့မောင်းလို့ မရဘူးလို့လဲ ပြောနေကြပါတယ်။ အရင်ပုံမှန် လမ်းဟောင်းကနေ အမြန်လမ်းကို သွားဖို့အတွက် ၂ မြို့ ၃ မြို့ကြားမှာ ဖြတ်ဝင်တဲ့ လမ်းတွေကိုလဲ ဖောက်ပေးထားလို့ နယ်မှာနေတဲ့လူတွေလဲ အမြန်လမ်းကို အသုံးပြုလို့ရပါတယ်။ ပြန်သွားပြီး သိပ်မကြာပါဘူး။ အမြန်လမ်းမှာ ကားမှောက်တဲ့ သတင်းတွေကို မကြာခဏကြားရပါတယ်။ ဖြစ်လိုက်ရင်လဲ သေကြတာများပါတယ်။ မိသားစုတွေ အမြန်ရောက်ချင်လို့ သွားရာကနေ အရှိန်မထိမ်းနိုင်ပဲ မှောက်ကြတာဖြစ်ပါတယ်။ နောက်ဆိုရင် လမ်းမှာနားဖို့အတွက် အနားယူစခန်းတွေ ဆောက်နေတယ်လို့လဲ ပြောပြပါတယ်။ အမြန်လမ်းကနေမောင်းမယ်ဆိုရင် ဘယ်သူ့ကားဖြစ်ပါစေ toll gate မှာအခွန်ဆောင်ရပါတယ်တဲ့။ အခုအသစ်ဖွင့်ခါစဆိုတော့ လမ်းမှာဘာမှ မရှိတဲ့အတွက် ကားတခုခုဖြစ်ရင် တော်တော်ဒုက္ခရောက်တယ်လို့လဲ ကိုယ်တွေ့ကြုံရတဲ့ အိမ်ကဦးလေးက ပြောပြပါတယ်။ လူတွေကတော့ ကားကောင်းမှပဲ အမြန်လမ်းကသွားကြတာ ကောင်းတယ်လို့ မြင်နေကြပါတယ်။

၂၅ နှစ်ပြည့်

ဒီနေ့က လူ့ဘ၀ရဲ့ သက်တမ်းကို ၇၅ နှစ်လို့ ထားမယ်ဆိုရင်တော့ နှင်းတယောက် ပထမသက်တမ်းကို ကုန်တဲ့နေ့လို့ ပြောရမှာပါ။ ၁၈ ၈ ၂၀၀၉ ဒီနေ့မှာတော့ လူ့လောကကြီးထဲမှာ နေထိုင်ခဲ့တာ ၂၅ နှစ်ပြည့်တဲ့နေ့ပါပဲ။ ၂၅ နှစ်လုံး နှင်းကိုကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါးကို အဝေးကနေ ကန်တော့မိပါတယ်။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့တဲ့အပြင် မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာကိုအပြည့်အ၀ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုအရွယ်ထိ အသက်ရှည်ရှည်နေပေးနေတဲ့ ဖွားဖွားကိုလည်း ကျေးဇူးတင်ပါတယ်။ ငါတို့မျက်စိထဲမှာတော့ ကလေးပဲရှိသေးတယ်လို့ အမြဲတမ်းပြောနေတတ်တဲ့ ဦးလေးတွေ အဒေါ်တွေရှိနေလို့ နှင်းအခုချိန်ထိကလေးလို နေလို့ရနေတဲ့အတွက် သူတို့ကို သိပ်ချစ်မိသလို ကလေးမဟုတ်တော့ဘူးရယ်လို့လဲ ပြန်ပြောမိတတ်ပါတယ်။ နှစ်တိုင်း မွေးနေ့တိုင်းမှာ မာမားက တခုခု ချက်ပြီး ဆွမ်းတော်ကပ်ဖို့ ပြင်ဆင်ပေးတတ်သလို ဘေးအိမ်တွေကိုလည်း မုန့်ဝေပေးတတ်ပါတယ်။ ဒီနှစ်မှာတော့ မိဘတွေနဲ့ ဝေးရာကိုရောက်နေတဲ့အတွက် ဘာမှ မလုပ်နိုင်တော့ပါဘူး။ တခါမှ မိသားစုနဲ့ မခွဲဘူးပဲ အခုတခါ ပြန်လာချိန်မှာတော့ မိသားစုနဲ့ ခွဲခဲ့ရပါတယ်။ ဘ၀မှာ အထီးကျန်ဆန်တယ်ဆိုတာကို လက်တွေ့ခံစားတတ်ခဲ့ရတယ်။ မနှစ်ကနေစပြီး မွေးနေ့လေးကို ဘလော့ဂ်လေးထဲမှာ လုပ်ဖြစ်ခဲ့တယ်။ မောင်နှတွေရဲ့ ခင်မင်မှုဟာ နှင်းအတွက်တော့ အင်အားတွေ ဖြစ်ခဲ့ရတယ်။ အခုနေအခါမှာ ဘလော့ဂ်လေးသာမရှိရင် နှင်းမှာရင်ဖွင့်စရာ နေရာရှိမှာမဟုတ်ဘူး။ နှင်းရင်ဖွင့်သမျှကို မျှဝေခံစားပေးတဲ့ မောင်နှမတွေကို အရမ်းလဲ ခင်မင်မိသလို ကျေးဇူးလဲ အမြဲတင်နေမိပါတယ်။

အသက်တွေ ၁ နှစ်ကြီးလာတာဟာသေဖို့တရက် နီးလာတယ်ဆိုတာမှန်ပါတယ်။ မသေခင် ဘာလုပ်သင့်သလဲဆိုတာ စဉ်းစားရင်း ၂၅ နှစ်တာမှာ ဘာမှမလုပ်ဖြစ်ခဲ့တာတွေအတွက် အချိန်တွေကို နှမျောနေမိပါတယ်။

Monday 17 August 2009

လုပ်ဖြစ်တာတွေက

မြန်မာပြည်ပြန်တုန်း လုပ်ဖြစ်ခဲ့တာတွေက

၁။ အမျိုးတွေထဲက သက်ကြီးရွယ်အိုတွေကို လိုက်ကန်တော့ခဲ့တယ်။

၂။ ရွှေတိဂုံဘုရားပေါ်ကို ရောက်ခဲ့တယ်။

၃။ဖွားဖွားရဲ့ ဆန္ဒအတိုင်း သားသမီးမြေးတွေအကုန်လုံးစုပြီး ပျဉ်းမနားမှာ ရဟန်းခံရှင်ပြု လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေအစုံကို တွေ့ခဲ့ရတယ်။

၎။မောင်လေးမွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပေးတယ်။

၅။တောင်ကြီး၊ အင်းလေး ပင်းတယ ရပ်စောက် ဘက် မိသားစုတွေ ခရီးသွားခဲ့တယ်။

၆။ မီအမြဲတမ်းမပျက်တဲ့ နေပြည်တော်ဆိုတဲ့ မြိုသစ်ကြီးကို ပတ်ကြည့်ခဲ့တယ်။

၇။ ပြန်လာခါနီး နယ်ကအိမ်မှာ ဘုရားနေကဇာတင်ပြီး ဆွမ်းကပ်ခဲ့တယ်။

၈။ဝါဆိုလပြည့်နေ့က ဖွားဖွားမွေးနေ့အတွက် မြို့လေးမှာရှိတဲ့ သံဃာအပါး ၂၀၀ ကျော်ကို အာရုံဆွမ်း ထလောင်းခဲ့တယ်။

၉။မနက်မိုးလင်းတိုင်း အိမ်ကိုကြွတဲ့ သံဃာတော်တွေအတွက် ဆွမ်းထမင်းနဲ့ ဆွမ်းဟင်း နေ့တိုင်းထချက်ဖြစ်တယ်။

၁၀။ စင်္ကာပူမှာရှိနေတဲ့သူငယ်ချင်း မွန်မွန်က ရန်ကုန်ပြန်လာလို့ နှင်းရယ် ၀ါဝါရယ် မွန်မွန်ရယ် သူငယ်ချင်း ၃ ယောက် ၃ နှစ်ကျော်ကြာပြီးခါမှ ပြန်ဆုံခဲ့ရပြီး စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ်။

၁၁။ ပြန်လာခါနီး အင်းလျားကန်ဘောင်ကို သူငယ်ချင်း၂ ယောက်နဲ့အတူ ရောက်ခဲ့တယ်။

Sunday 16 August 2009

အမြဲတမ်းမဖွင့်တဲ့ တံခါး

အမြဲတမ်းမဖွင့်တဲ့ တံခါးဆိုလို့ အိမ်တံခါးလား ခြံတံခါးလားဆိုပြီး ထင်နေကြမယ်။ တကယ်တော့ နှင်းတို့ နယ်မြို့လေးမှာရှိတဲ့ မီးရထား ဂုံးတံခါးကိုပြောတာပါ။ အိမ်က မီးရထားဂုံးနဲ့ဆိုရင် ခြံနှစ်ခြံကျော်လောက်ပဲဝေးပါတယ်။Justify Fullရန်ကုန်-မန္တလေး ကားလမ်းဘေး ဖြစ်လို့ ဂုံးတံခါး ပိတ်လိုက်တယ်ဆိုရင်ပဲ ရန်ကုန်ကလာတဲ့ ခရီးသွားကားတွေအကုန် အိမ်ရှေ့မှာ တန်းစီပြီးရပ်နေရပါတယ်။ ဂုံးတံခါးပိတ်တဲ့ ၀န်ထမ်းတွေက အလွန်ဝီရိယကောင်းတာ တွေ့ရပါတယ်။ ရထားက ဒီဂုံးနားကို ရောက်ဖို့ ဘယ်နှစ်မိုင်တောင် လိုသေးလဲဆိုတာ မသိပေမယ့် သူတို့က ဂုံးကိုကြိုပိတ်ထားလိုက်တာ တခါတလေ အိမ်ရှေ့မှာ ကားတန်းကြီးက တမျှော်တခေါ်ဖြစ်သွားပါတယ်။ ကားတင်လားဆိုတော့ ဆိုင်ကယ်တွေ စက်ဘီးတွေ အကုန်လုံး ဘယ်လိုမှမသွားနိုင်တော့ပဲ ပိတ်ကုန်ပါတော့တယ်။အနည်းဆုံးက ၁၅ မိနစ်လောက်စောင့်ရပါတယ်။ ဟိုဘက်ဒီဘက် အကုန်ပိတ်ကုန်တော့ ဂုံးတံခါးစဖွင့်တာနဲ့ သူ့ထက်ငါအရင် သွားချင်ကြတော့ လမ်းမှာအကုန် ရှုတ်ရှပ်ခတ်ကုန်ပါတော့တယ်။ နယ်မြို့ဖြစ်တဲ့အပြင် ကားလမ်းကလည်း ကျဉ်းတော့ အကုန်ဆူညံကုန်ပါတယ်။ ဒါက နေ့စဉ်တွေ့နေရတဲ့ အဖြစ်တခုပါပဲ။

အဒေါ်ကို နှင်းတို့အိမ် လာလည်ဖို့ပြောရင် ဂုံးပိတ်မှာကြောက်လို့ မလာချင်ပါဘူး ဆိုပြီးအမြဲပြောပါတယ်။ အိမ်ရောက်ခါနီးမှ ဂုံးဟိုဘက်မှာပိတ်မိပြီဆိုရင် တော်တော်စိတ်ညစ်ရပါတယ်။ တခါကလည်း အရေးကြီးလို့ ဖြတ်မိတဲ့လူတယောက်ကို လုံခြုံရေးက ဆူပူကြိမ်းမောင်းတာလည်း တွေ့ရပါတယ်။ ဘယ်ရထားမှ မလာပဲနဲ့လဲ ဂုံးတံခါးတဖက်ကို ပိတ်ထားတတ်ပါသေးတယ်။ အဲ တခါတလကျရင်တော့ express ကားတွေက ဂိတ်စောင့်တွေကို လက်ဖက်ရည်ဖိုးပေးလိုက်ရင် အဲဒီကားကို ပေးဖြတ်လိုက်ပြီး ပြန်ပိတ်တာတွေလည်း တွေ့ရပါတယ်။ ဒီလမ်းက ရန်ကုန်-မန္တလေး လမ်းမကြီးဖြစ်တဲ့အတွက် အခုလိုအကြာကြီးပိတ်ထားတော့ ခရီးသွားတွေ အချိန်အလကားကုန်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့်လည်း သူတို့က တာဝန်ထမ်းဆောင်နေတယ်ဆိုတော့ ဘယ်သူကမှ ဘာမှ မပြောရဲကြပဲ ဒီလိုပဲစိတ်ရှည်သည်းခံခဲ့ရတာ ကိုယ်လည်းအပါဝင်ပါပဲ။

ခွင့်လွှတ်ပါနော်

ဒီနေ့ည လူတယောက်အပေါ်မှာ တမင်ဂျီတိုက်သလို ကလေးတယောက်လို ဆိုးမိပါတယ်။ တမင်တကာ ရည်ရွယ်ပြီး ဆိုးတာမဟုတ်ပါဘူး။ စိတ်ထဲမှာ တယောက်ထဲဖြစ်နေပြီး အရမ်းကို အထီးကျန်ဆန်နေတဲ့အချိန်မှာ စိတ်ထဲမှာ ဖြစ်နေတာလေးတွေကို ပြောချင်တာရယ် မတွေ့တာကြာလို့ အရမ်းသတိရပြီး တွေ့ချင်တာရယ်ပေါင်းပြီး အခုလို ဖြစ်သွားရတာပါ။ တဖက်မှာ စာတွေအလုပ်တွေနဲ့ မအားတာရယ် နှင်းဆီမှာ ညရောက်နေပြီး တဖက်မှာကနေ့ဖြစ်နေတဲ့အခါ အချိန်တွေမတူတာရယ်ကြောင့် အခက်အခဲဖြစ်မယ်ဆိုတာကို သိနေပေမယ့် ဇွတ်လုပ်မိလိုက်တယ်။ ကိုယ်သိချင်တာတွေကို အတင်းမေးမိခဲ့တယ်။ နှင်း အပေါ်မှာ နားလည်တယ်လို့ ယူဆမိလို့ အခုလိုတွေ လုပ်ခဲ့မိတာပါ။ တကယ်ဆိုရင်လေ နှင်းကလေးမဆန်သင့်ပါဘူး။ ဒါပေမယ့် ဘယ်လိုမှ စိတ်ကိုမထိန်းနိုင်ခဲ့တာပါ။ နှင်းကြောင့် စိတ်ညစ်နေခဲ့ရရင် ခွင့်လွှတ်ပါနော် လို့ ပြောပါရစေ။

စိတ်ကူးနဲ့လက်တွေ့

နယ်မြို့လေးက ဘာမှမပြောင်းလဲပါဘူး။ ဟိုးအရင်တုန်းကလိုပါပဲ။ ခြံဘေးကပ်လျက်က ငယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျသွားလို့ ကလေးအမွှာလေး ၂ ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။ အရင် သူရှိတုန်းကတော့ နယ်ကိုပြန်တိုင်း အတူတူ ကစားဖော်ရှိပါတယ်။ အခုတော့ တယောက်ထဲဖြစ်နေပါတယ်။ သူ့အိမ်ကိုသွားလည်တော့ သူ့ကလေးလေးတွေရဲ့ ပုံလေးတွေကြည့်ရင်း အရင်ကအကြောင်းတွေကို သူ့အမေနဲ့ ပြောဖြစ်ခဲ့တယ်။ သူငယ်ချင်းကတော့ အမျိုးသားဘက်ကို လိုက်နေတဲ့အတွက် မတွေ့ခဲ့ရပါဘူး။ သူ့ကလေးတွေကို ကြည့်မှပဲ ကိုယ့်အသက်ပိုကြီးလာတာကို သတိထားမိပါတယ်။

နယ်ကိုရောက်တော့ အမျိုးတွေကလာနှုတ်ဆက်ကြ စကားတွေပြောကြနဲ့ ပျော်စရာကောင်းသလို စိတ်လဲအရမ်းလွတ်လပ်ပါတယ်။ ကိုယ်သိသမျှ လူတွေအကြောင်းမေးလိုက် ကိုယ်ကပြောလိုက်နဲ့ ရောက်ပြီး ၂ ပတ်လောက်အထိကို မအားရပါဘူး။ အလုပ်လုပ်နေတာတောင် ပိန်မသွားတဲ့နှင်းကို ၀ိုင်းစကြတာပေါ့။ ပြန်ရောက်ရင် မြန်မာမုန့်တွေ အကြိုက်စားမယ်ဆိုတဲ့ အကြံအတိုင်း ဈေးသွားရင်လိုက်သွားပါတယ်။ ရွှေရင်အေးစားချင်တယ်ဆိုပြီး ညီမလေးကို ၀ယ်ကျွေးခိုင်းပါတယ်။ အိမ်ကိုရောက်လို့ စားတဲ့အခါမှာတော့ သကြားအရသာဆိုတာထက် ဆေးသကြားလည်းမဟုတ် သူတို့ပြောတာကတော့ ပါဝါသကြားဆိုတဲ့ အရသာကပိုနေပါတယ်။ မနက်လင်းလို့ ပဲပြုတ်ဝယ်စားတော့လဲ ထန်းလျှက်အပြင် အဲဒီပါဝါသကြားဆိုတာပါ ထည့်ပြုတ်ထားတော့ ချိုရဲရဲ ဖြစ်နေပြန်ပါတယ်။ နောက်ရက် မာမား ဆီးချိုတိုင်းတဲ့အခါမှာတော့ အရင်ထက်ကို အများကြီးမြင့်နေပါတော့တယ်။ ထိုင်ဝမ်မှာနေတုန်းက တခါမှ အဲလောက်အများကြီး မတက်ဘူးပဲ မြန်မာပြည်ပြန်ရောက်မှပဲ အခုလိုဖြစ်ရတယ်ဆိုပြီး နောက်နေ့ကစပြီး ၀ယ်မစားဖြစ်တော့ပါဘူး။ အစားအစာတွေမှာ အခုလို လုပ်ရောင်းကြတော့ ၀ယ်စားတဲ့လူတွေ တော်တော်အန္တရာယ်များပါတယ်။

ရောက်ပြီး သိပ်မကြာပါဘူး လက်ဖက်တွေထဲမှာ ဆိုးဆေးတွေပါလို့ ပိတ်တယ်ဆိုပြီး သတင်းကကြော်ငြာပြန်ပါတယ်။ ကိုယ့်စိတ်ကူးထဲကအတိုင်း စားချင်တာတွေကို မစားရဲတဲ့ဘ၀ဖြစ်သွားပါတယ်။ အသုပ်စားမယ်ဆိုပြီး ၀ယ်စားပြန်တော့လဲ အဆင်မပြေသလို နောက်နေ့မှာတော့ ဗိုက်ကပြဿနာတက်ပါတော့တယ်။ ခပ်ငယ်ငယ်က ထိုင်ဝမ်က ဦးလေးတွေ အဒေါ်တွေ လာလည်လို့ ဗိုက်နာရင် နှင်းက ရယ်ခဲ့တာပါ။ အစားသရမ်းတာကို ဖြစ်မှာပေါ့ဆိုပြီး ပြောပြောခဲ့တာ အခုတော့ ကိုယ့်အလှည့်ဖြစ်နေပါတယ်။ ဘေးလူတွေက ဘ၀င်မြင့်တယ် ဘာဖြစ်တယ်ဆိုပြီး ထင်ချင်ပြောချင်ပြောပါမယ်။ ဒါပေမယ့် တကယ်ခံစားရတာပါ။ ရုတ်တရက် အစားအသောက်ပြောင်းတာကြောင့်လို့ ထင်တာပါပဲ။

ကွန်ပျူတာသုံးချင်လို့ မီးဘယ်အချိန်လောက်လာသလဲလို့ မေးမိတော့ လာချင်တဲ့အချိန်လာသလို ၃ ရက်လောက်မှလဲ ၁ ခါလာတတ်ပါတယ်တဲ့။ တော်တော်များများအိမ်တွေကတော့ ကိုယ်ပိုင်မီးစက်ကလေးတွေ အင်ဗာတာတွေနဲ့ သုံးကြပါတယ်တဲ့လေ......ကဲ ဒါဆိုရင်လည်း ထားလိုက်ပါတော့ ဆိုပြီး အိတ်ထဲကိုပြန်ထည့်ရင်း သိမ်းထားလိုက်ရပါတယ်။ မရောက်ခင်တုန်းကစိတ်ကူးက အိမ်ဖုန်းကနေ ကဒ်ထည့်ပြီး အွန်လိုင်းတက်မယ် ။ ဘလော့ဂ်မယ်ဆိုတဲ့ စိတ်ကူးက ဘယ်ဆီရောက်သွားမှန်းတောင် မသိတော့ပါဘူး။ ရန်ကုန်က နှင်းငယ်ငယ်ထဲက စာသင်ခဲ့တဲ့ အစ်မဆရာမတွေကလဲ အားပေးရှာပါတယ်။ ပိုက်ဆံပေါနေရင်တော့ ကဒ်နဲ့အွန်လိုင်းသုံးပေါ့ဟယ်.... ကွန်နက်ရှင်စောင့်ရတာနဲ့ ချိတ်နေတာနဲ့တင် ကဒ်ကကုန်သွားမှာနော်တဲ့........ရန်ကုန်မှာတောင် သုံးရတာမကောင်းတာ နယ်မှာပိုဆိုးမယ်နော်တဲ့ .....စတဲ့စကားသံတွေကိုကြားပြီး စိတ်ကူးတွေကိုလက်လျှော့ခဲ့ပါတယ်။ အစ်မတွေပြောတာ မှန်တယ်ပြောရမလားပဲ။ နယ်မှာရှိတဲ့ အိမ်ဖုန်းလိုင်းက ခဏခဏ ပြတ်နေပါတယ်။ ဖုန်းပြောနေရင်းနဲ့ကို လိုင်းကပြတ်သွားပါတယ်။ နောက် နာရီဝက်လောက်ကျရင် ပြန်ကောင်းနေပြန်ရော ......ဒါနဲ့ အန်တီကိုမေးကြည့်တော့ လိုင်းမန်းတွေက တမင်ဖြတ်တာပါတဲ့။ ဘာလို့အဲလိုလုပ်တာလဲဆိုတော့ သူတို့လဲမသိဘူး။ ဒီလိုကဖြစ်နေကျတဲ့လေ။ တကယ်လို့များ သေရေးရှင်ရေးဆိုရင် ဘယ်လိုလုပ်မလဲ။ အလွယ်တကူ ဆက်သွယ်ရအောင် ပိုက်ဆံတွေအကုန်ခံပြီး တပ်ထားကြတာပါ။ အခုတော့ ကိုယ်လိုချင်သလို မသုံးရတဲ့ဘ၀ရောက်နေတယ်။

သိပ်မကြာပါဘူး ၁ လလောက်နေပြီးတော့ ဟန်းဖုန်းတွေချပေးပါတယ်။ လိုချင်လို့ ရတဲ့လူတွေရှိပေမယ့်လည်း လိုချင်ပြီးမရတဲ့လူတွေနဲ့ ကလည်းရှိပြန်တယ်။ အဲဒီမှာ ကိုယ်ကလည်း မလိုပါဘူး။ ဒါပေမယ့် ရရင်ရောင်းစားမယ်ဆိုပြီး လျှောက်လို့ ပေါက်တဲ့လူတွေလဲရှိပါတယ်။ စားဝတ်နေရေးအတွက် အခုလိုလုပ်ကြပါတယ်။ ဖြစ်ချင်တော့ ဖုန်းဈေးတွေက မတက်တဲ့အပြင် အမြတ်ပေးပြီး ပြန်ဝယ်မယ့်သူကလည်းမရှိတော့ ကိုယ်ထင်သလိုတွေ ဖြစ်မလာတော့ဘူးပေါ့။ ကိုယ်သုံးမယ်ဆိုပြီး လျှောက်ထားတာမဟုတ်တဲ့အတွက် အစိုးရဆီကနေ သွားမထုတ်ကြပါဘူး။ အဲဒီမှာ တကယ်အသုံးလိုပြီး မရတဲ့လူတွေက ကြားကနေ စိတ်ညစ်ရပါတယ်။ တကယ်လိုအပ်မှလျှောက်မယ်ဆိုရင် အခုလိုမျိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အဲလိုတွေပြီးလို့ ဖုန်းတွေထုတ်ပြီး သုံးကြတော့လဲ ပြဿနာကတက်ပါတော့တယ်။ ဖုန်းကို အိမ်ထဲမှာပြောရင် လိုင်းကမမိတော့ပဲ အော်ပြောရပါတယ်။ အိမ်ရှေ့ဖြစ်စေ ခြံထဲဖြစ်စေ ထွက်ပြောမှပဲ အဆင်ပြေပြေကြားရပါတယ်။ တချို့ကလဲ အလွယ်တကူ အိမ်ရှေ့ထွက်ရင်းကနေ ကားလမ်းဘေးနားရောက်သွားတတ်ပါတယ်။ ဒါကြောင့် လမ်းဘေးဖုန်း ဆိုပြီး စကြပြန်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ရန်တာမှာ ထွက်ပြောရလို့ ၀ရန်တာဖုန်းလို့ ခေါ်ကြပါတယ်တဲ့.........နောက်တခုကတော့ ကိုယ်တွေ့ပါ။ အိမ်ဖုန်းကနေ ကိုယ့်အိမ်ထဲက ဖုန်းကို ခေါ်တာ လူကြီးမင်းနဲ့ကြည့်တွေ့နေပါတယ်။ ဒါနဲ့ ဦးလေးလာလို့ ဦးလေးဖုန်းကိုခေါ်တော့လဲ လူကြီးမင်းနဲ့ပဲ တွေ့ပါတယ်။ ဦးလေးပြောတာကတော့ လူကြီးမင်းနဲ့ ဘယ်လောက်တွေ့တွေ့ ဆက်သာခေါ် သူ့ဖာသာဝင်သွားလိမ့်မယ်တဲ့။ အင်း အဲလိုသာဆိုရင်တော့ မလွယ်ဘူးနော်လို့ သက်ပြင်းသာချမိပါတော့တယ်။
(ထိုင်ဝမ်မှာတုန်းက သူငယ်ချင်းတွေကို ခေါ်လိုက်လို့ ဖုန်းပိတ်ထားပါတယ်ပြောရင် ဆက်မခေါ်တတ်ပါဘူး။ မြန်မာပြည်မှာ အဲလိုသာဆိုရင် စကားပြောရမှာမဟုတ်တော့ဘူး)

Friday 14 August 2009

အော် ရန်ကုန်

နောက်တစ်နေ့မှာတော့ ရန်ကုန်မှာရှိတဲ့ အမျိုးတွေကို လိုက်နှုတ်ဆက်တော့မှပဲ ရန်ကုန်မြို့ကို တွေ့ရပါတယ်။ အရင် ၃ နှစ်တုန်းကလို မီးမလာလို့ ကိုယ်ပိုင်မီးစက်ကလေးတွေကို တိုက်တွေရှေ့မှာ ချထားတာကိုတွေ့ရသလို လမ်းဘေးတချို့မှာလဲ အမှိုက်တွေပုံနေတာကို တွေ့ရတယ်။ လိုင်းကားတွေကလဲ အရင်လိုပဲ ကျပ်လျက်ပါပဲ။ ပြောင်းလဲသွားတာတွေကတော့ ပစ္စည်းဈေးတွေ တက်လာတာရယ် လောင်းကစားတွေကြောင့် လူတွေ စိတ်ဓါတ်ပျက်ပြားလာတာတွေ ပိုများလာတာ တွေ့ရပါတယ်။ ရုံးတွေအကုန်လုံး နီးပါး နေပြည်တော်ကို ပြောင်းသွားတော့ အရင်လို အရောင်းအ၀ယ်တွေ မကောင်းဘူးရယ်လို့ ညည်းသံတွေလဲ ကြားခဲ့ရပါတယ်။ ဆယ်ကျော်သက်လူငယ်တွေကို ကြည့်လိုက်တော့လဲ တချို့က အင်တာနက်ဆိုင်မှာ အချိန်ကုန်နေတာကို တွေ့ရပါတယ်။ စီးပွားရေး အဆင်မပြေကြတော့ ညီအစ်ကို မောင်နှမရယ်လို့ မစဉ်းစားနိုင်တော့ပဲ မလုပ်သင့်တာတွေ လုပ်နေကြတာကိုလည်း ကြားခဲ့ရပြန်တယ်။ မိဘကလည်း နောက်ကနေ ထောက်ပံ့နိုင်တဲ့ အနေအထားလောက်ရှိတဲ့ လူငယ်တွေကတော့ နိုင်ငံခြားထွက်ဖို့ ကြိုးစားကြတယ်။ Shopping စင်တာတွေကလည်း အသစ်တွေထပ်ဖွင့်ထားတာတွေ့ရပါတယ်။
မီတာတပ်ထားတယ်ဆိုတဲ့ တက္ကစီတွေကိုလည်း တွေ့ရပေမယ့် မီတာကို မသုံးပဲ အရင်ကလိုပဲ ကားငှားခဈေးကိုပြောပြီး စီးရပါတယ်။ ကားငှားစီးမယ်ဆိုရင်တော့ ဈေးစစ်လို့ရှိရင် ၂၀၀ ၁၀၀ အနုတ်ရှိရင် ပိုဈေးသက်သာပါတယ်။ အနုတ်မရှိရင်တော့ တောင်းသလောက်ပေးရတာပါပဲ။ မြန်မာပြည်မှာက အားလုံးလိုလိုက သူဌေးတွေလို့ပဲ နောက်ပြောပြောနေကြပါတယ်။ အားလုံးက ၁၀၀၀ တန် ၅၀၀ တန်တွေပဲ ကိုင်ထားတာတွေ့ရပြီး ၁၀၀ ၂၀၀ ဆိုတဲ့ အနုတ်တွေက တော်တော်ကို ရှားပါးလာသလို မကိုင်ရက်လောက်အောင်ကို နွမ်းဖတ်နေတာကိုလဲ တွေ့ရပါတယ်။ ဟန်းဖုန်းပစ္စည်းရောင်းတဲ့ဆိုင်တွေလည်း ပိုများလာတာတွေ့ရပါတယ်။ မြန်မာပြည်ရဲ့ လူတန်းစားမှာ သူဌေးနဲ့ ဆင်းရဲသားရယ်လို့ နှစ်မျိုးပဲရှိတယ်လို့တောင် ထင်ရပါတယ်။ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကတော့ ငွေကို ရေလိုသုံးနေကြပေမယ့် သာမာန်မိသားစုတွေမှာတော့ ပြေလည်အောင် မနည်းဖြေရှင်းနေရပါတယ်။ နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေတဲ့ ကောင်မလေးတချို့ကိုမေးကြည့်တော့ ရတဲ့လခရယ် အဆောင်စရိတ်ရယ် ပေါင်းလိုက်ရင် လောက်ငှတယ်ဆိုရုံပဲ ရှိပါတယ်တဲ့။ နယ်မှာနေတော့ အလုပ်မရှိတာထက်စာရင် တော်သေးတာပေါ့အစ်မရယ်လို့ ပြောပြပါတယ်။ နိုင်ငံခြားသွားရမယ်ဆိုပြီး ရန်ကုန်မှာသင်တန်းတွေတက်ပြီးမှ ပွဲစားကလိမ်သွားလို့ သိန်းကို ဆယ်နဲ့ချီပြီး ကုန်သွားတဲ့ အသိတယောက်အကြောင်း ကြားရတော့လဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဘ၀ကို တိုးတက်ချင်လို့ ကြိုးစားပေမယ့်လည်း အဆင်မပြေပဲ စိတ်ဓာတ်ကျနေကြတဲ့လူတွေလည်း အများအပြားပါပဲ။
မပြောင်းလဲတာကတော့ ဘယ်အချိန်ကြည့်ကြည့် ကြည်ညိုစရာကောင်းတဲ့ ရွှေတိဂုံစေတီတော်ရယ် မနက်လင်းလို့ သံဃာတော်တွေ ဆွမ်းခံကြွနေကြတဲ့ မြင်ကွင်းတွေကတော့ မြန်မာပြည်ရဲ့ အမြဲတမ်းမရိုးတဲ့ အေးချမ်းတဲ့ အရာတွေပါပဲ။

Thursday 13 August 2009

အမိမြေသို့ အပြန်ခရီး


မြန်မာပြည်ကို ပြန်ရတော့မယ်ဆိုတော့ စိတ်ထဲမှာ ပျော်နေမိတာ ဘယ်လိုမှ ရှင်းမပြတတ်ပါဘူး။ စိတ်ကူးထဲမှာ ပြန်ရောက်တာနဲ့ ဘာလုပ်မယ်။ ဘယ်လိုနေမယ်။ အတွေးပေါင်းများစွာနဲ့ ပျော်နေမိပါတယ်။ ၃ နှစ်ကျော်ဆိုတဲ့ အချိန်အတွင်းမှာ တော်တော်တိုးတက်လာမှာပဲဆိုပြီး မျှော်လင့်ချက်ကလေးနဲ့ပေါ့။ တတ်နိုင်ရင် ထိုင်ဝမ်ကို ပြန်မလာတော့ဘူး။ မြန်မာပြည်မှာပဲ နေတော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါသေးတယ်။ ဒါတွေက ထိုင်ဝမ်ကနေ ပြန်ခါနီး စိတ်ကူးလေးတွေပါ။ သူငယ်ချင်းတချို့ကိုတောင် ပြောခဲ့မိတယ်။ ပြန်မလာချင်တော့ဘူးရယ်လို့ပေါ့။
အဲလိုစိတ်ကူးလေးတွေနဲ့ လေယာဉ်ပျံကြီးစီးပြီး ပြန်လာခဲ့တာပေါ့။ လေယာဉ်ပေါ်မှာလဲ သားအမိနှစ်ယောက်သား ပျော်နေကြတာလေ။ ဟော လေဆိပ်ကိုရောက်ခါနီး ကောင်းကင်မှာ လေယာဉ်ဝဲနေတဲ့အချိန် အောက်ကိုကြည့်လိုက်တော့ ဖြောင့်ဖြူးနေတဲ့ လမ်းကြောင်းကြီးကို တွေ့လိုက်ရတယ်။ မာမား အဲဒီလမ်းကြောင်းကြီးက ဘာကြီးလဲမသိဘူးနော် ဆိုပြီး မေးပြော ပြောမိပါတယ်။ ဘေးပတ်လည်မှာလဲ ဘာအဆောက်အဦးမှ မရှိပဲ အဲဒီလမ်းကြီးက ဘာလုပ်တာလဲ မသိဘူးပေါ့။ ထိုင်ဝမ်သွားတုန်းက လေယာဉ်ပေါ်ကနေကြည့်တော့ ဒါကြီး မရှိပါဘူးပေါ့။ အတွေးပေါင်းစုံနဲ့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ပေါ့။ ဒီလိုနဲ့ လေယာဉ်က မြေပြင်ပေါ်ကို ရောက်ပြီး သူရပ်ရမယ့် ဂိတ်စီကို တဖြည်းဖြည်းချင်း ကပ်လိုက်ပါတယ်။ အော် ဒီတခါတော့ အသွားတုန်းကလို နေပူပူမှာ လေယာဉ်လှေခါးပေါ်တက်ရတဲ့ ဒုက္ခကနေ လွတ်သွားပြီဆိုပြီး ၀မ်းသာမိပါတယ်။
လေဆိပ်ရောက်ပြီဆိုတော့ ကိုယ့်အထုတ်ကိုယ်ဆွဲလို့ လူဝင်မှုကြီးကြပ်ရေးဆီကိုသွားဖို့အတွက် အောက်ထပ်ကို ဆင်းရပါတယ်။ ဘယ်လောက်မှ မသွားရပါဘူး လူဝင်မှုကြီးကြပ်ရေးကို ရောက်တာပါပဲ။ တခြားနိုင်ငံတွေမှာလို အချိန်အကြာကြီး သွားရရင် မောမှာစိုးလို့ ခပ်နီးနီးပဲ ဆောက်ပေးထားတာပါလို့ တွေးလိုက်မိတယ်။ လေဆိပ်ကို သေးသေးလေးနဲ့ အသုံးပြုလို့ရအောင် လုပ်ထားတာကလဲ ကောင်းပါတယ်လေ။ ကောင်တာကလဲ အများကြီး မဟုတ်တော့ တွေ့တာနဲ့ တမ်းဝင်ပါပဲ။ ထိုင်ဝမ်မှာဆိုရင်တော့ ဆိုပြီး အတွေးကိုရပ်ထားလိုက်မိပါတယ်။ နှင်းတို့ကတော့ ထုံးစံအတိုင်း လုပ်ဆိုတော့ အဆင်ပြေပြေ စာအုပ်ကလေးပြပြီး ထွက်ခဲ့ရပါတယ်။ တချို့တချို့တွေကတော့ အင်း............ ဘာလို့လဲမသိပါဘူး။ ဒီလိုနဲ့ လာကြိုဖို့ ငှားထားတဲ့ ကောင်လေးက နှင်းတို့ သားအမိနှစ်ယောက်ကို ပစ္စည်းရွေးတဲ့နေရာကို ခေါ်သွားပါတယ်။ ပစ္စည်းရွေးပြီးတော့ အကောက်ခွန်ကို တခါဖြတ်ရပါတယ်။ ထုံးစံအတိုင်း အိတ်တွေကို ဖွင့်ပြရပြန်ပါတယ်။ အဲဒီနေရာတွေကို ဖြတ်ရတဲ့အချိန်တွေမှာ တော်တော် ရင်ခုန်ရပါတယ်။ ဘာလို့လဲလို့ မမေးနဲ့နော်။ တခုခုများ အခန့်မသင့်ရင် ဘယ်လိုလုပ်မလဲ။ သွားဖူးတဲ့လူုတိုင်းသိကြမှာပါ။ အဲဒါတွေကို အဆင်ပြေပြေဖြတ်ပြီးတော့မှပဲ လာကြိုကြတဲ့ အဒေါ်နဲ့ ဖွားဖွားကို တွေ့ရပါတယ်။
လေဆိပ်ထဲက ထွက်တယ်ဆိုတာနဲ့ ၀တ်လာတဲ့အနွေးထည်တွေကို ချွတ်လို့ အား ပူလိုက်တာလို့ ညည်းတွားမိတယ်။ ၂ လပိုင်းဆိုတော့လဲ ပူပြီပေါ့။ ကျောင်းသားတွေလဲ ကျောင်းပိတ်ပြီလေ။ ရန်ကုန်မြို့ကြီးကတော့ ဟိုးအရင် ၃ နှစ်ကျော်ကလောက် မစည်ကားတော့ဘူးလို့ ထင်မိပါတယ်။ တိုးတက်လာတာတွေလဲ ရှိပါတယ်။ သွားရင်းလာရင်းနဲ့ တွေ့တာကတော့ ကောင်မလေးတွေ တော်တော်များများ ထမီမ၀တ်တော့တာရယ် လက်ထဲမှာ ဖုန်းလေးတွေကို ကိုင်တာရယ်က တော်တော်တိုးတက်လာပါတယ်။ ဒီလိုနဲ့ စကားတွေပြောလိုက် ဘေးဝဲယာကြည့်လိုက်နဲ့ပေါ့။ အိမ်ရောက်ခါနီးကြတော့ ဟင် ဒီနားမှာဆောက်ထားတဲ့ အမှိုက်ကန်က ဘယ်ရောက်သွားလဲလို့ အဒေါ်ကို မေးကြည့်တော့ မသိပါဘူးကွယ် ဖျက်ပစ်လိုက်ပြီတဲ့။ ဒါဆိုရပ်ကွက်ထဲကလူတွေ ဘယ်မှာအ မှိုက်ပြစ်ကြလဲဆိုတော့ ဟိုးဘေးက မြောင်းထဲကို ပြစ်ကြတယ် တဲ့လေ။ အော် ...ဆိုတာကလွဲလို့ ဘာမှမပြောဖြစ်ခဲ့ပါဘူး။ မှတ်မိသေးတယ် ခပ်ငယ်ငယ်တုန်းက လမ်းထဲကို အမှိုက်သိမ်းတဲ့ကားလာရင် ခေါင်းလောင်းသံကို ကြားရပါတယ်။ အဲဒီအခါကြရင် အိမ်တိုင်းက အမှိုက်ပုံးတွေ အမှိုက်ထုပ်တွေဆွဲလို့ သွားသွန်ကြတယ်။ နည်းနည်းလေး ကြီးလာတော့ ကားက ပုံမှန်မလာနိုင်တော့ အမှိုက်သွန်ရတာလွယ်အောင် ရပ်ကွက်ကလူတွေက အမှိုက်ကန်ဆောက်လိုက်ကြတယ်။ ကား မလာလဲ အမှိုက်ကန်မှာ သွားသွန်ကြတယ်။ ကားကတော့ ၁ ပတ်ကို ၂ ခါလောက်ပဲ ကန်မှာလာသိမ်းတော့တယ်။ အခုတော့ ဘယ်ကားမှလဲ မလာတော့သလို နီးရာရေမြှောင်းမှာသွန်ရတယ်ဆိုတော့ အင်းးးးးးးးးးးးး ဆိုပြီးပဲ သက်ပြင်းချမိပါတယ်။ ဒါက အခုမှ မြန်မာပြည်ကို ရောက်ရောက်ချင်းတွေ့ရတဲ့ အရာတစ်ခုပါ။ နောက်ထပ်ဘာတွေထပ်တွေ့ရဦးမလဲ ..........

ကိုယ်ပြန်လာပြီ

အမိမြန်မာပြည်ကနေပြီး ၇ လပိုင်း ၁၂ ရက်နေ့က ထိုင်ဝမ်ကို ပြန်ရောက်ပါတယ်။ ရောက်ရောက်ချင်း အွန်လိုင်းမချိတ်ရသေးတဲ့အတွက် အခုမှပဲ ညီအစ်ကို မောင်နှမတွေကို နှုတ်ဆက်စကားပြောရတာပါ။ မြန်မာပြည်ကနေ ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အကြောင်းကြောင်းတွေကြောင့် ပြန်လာခဲ့ပါတယ်။ ဘလော့ဂ်ဆိုတဲ့ကမ္ဘာလေးကိုလဲ မခွဲနိုင်တာက တကြောင်းဆိုတော့ အခုတော့ ပြန်ရောက်လာခဲ့ရပါပြီ။ မြန်မာပြည်မှာ ရခဲ့တဲ့ အတွေ့အကြုံလေးတွေကို အားမနာတမ်း ပြောပြမယ်နော်။ နှင်းကို အရင်တုန်းကလိုပဲ ခင်မင်ကြမယ်လို့ မျှော်လင့်နေမယ်နော်။ မတွေ့ရတဲ့ ၅ လတာကာလမှာ ဘလော့ဂ်ဂါ မောင်နှမတွေကို အရမ်းလွမ်းတယ်ဆိုတာ ယုံနော်။ ညတိုင်းဘလော့ဂ်ဖတ်တဲ့အကျင့်ကို မြန်မာပြည်ရောက်တော့လဲ သတိရတယ်။ နောက်ရက်ကစပြီး ဘလော့ဂ်မှာ နှင်းတယောက် ခြေရှုပ်ပါတော့မယ်။

နောက်လဲလာလည်နော်

Glitter Graphics