Monday 28 September 2009

FACEBOOK နဲ့ ကျွန်မ

ဟိုတလောထဲက gmail ထဲကို သူငယ်ချင်းတွေ လှမ်းပို့နေတဲ့ facebook ဆိုတာကို သိနေခဲ့တာကြာပါပြီ။ ဒီလိုပဲ ၀က်ဆိုဒ်တွေကနေ လာဖိတ်နေကျဆိုတော့ ဖွင့်မကြည့်ပဲ ထားထားတာ တော်တော်များပါတယ်။ တနေ့ကတော့ သူငယ်ချင်းတယောက်က နှင်း ရေ facebook မှာရှိလားတဲ့ မေးလာပါတယ်။ အင် သူပြောတဲ့ဟာက ဘာများလဲပေါ့။ အွန်လိုင်းသုံးနေပြီး ကိုယ်မသိပါလား။ တော်တော်နောက်ကျနေပြီဆိုပြီး တွေးမိပါတယ်။ ဒါကလည်း တွေးမိရုံပါပဲ။ ဘယ်မှာလုပ်ရမလဲဆိုတာ ဆက်မစဉ်းစားပါဘူး။ အလုပ်ထဲရောက်တော့လဲ အတူတူလုပ်တဲ့ တရုတ်မလေးက အွန်လိုင်းမှာ အခုခေတ်စားနေတဲ့ ကစားနည်းမဆော့ဘူးလားလို့ မေးလာပြန်တယ်။ ဘာကစားနည်းမိုလို့လဲ အဲလောက်တောင်လူကြိုက်များလားပေါ့။ ကိုယ်တုံးတာလူသိပါတယ်။ ဗဟုသုတနည်းမှန်း သိသာပါတယ်။ ကိုယ့်ဟာကိုယ်တောင်ရှက်သွားတယ်။ အဲဒီမှာအပင်စိုက်တာတို့ အကောင်မွေးတာတို့ ပါတယ်။ ကစားကြည့်ပါလားတဲ့။ ထိုင်ဝမ်က သတင်းမှာတောင် ဒီအကြောင်းကို ပြောသွားသေးတယ်တဲ့။ နဲနဲတော့ စိတ်ဝင်စားသွားပါတယ်။ ဘာလို့များလူကြိုက်များနေတာလဲလို့ စဉ်းစားသွားတယ်။ ဂိမ်းဆိုရင် စိတ်မ၀င်စားလို့ ဘာကိုမှ ၀င်မဆော့ပါဘူး။ နောက်နေ့ကျတော့ ဘလော့တွေ
ဝင်ဖတ်ဖြစ်တယ်။ အဲဒီမှာလဲ ဘလော့ဂါတယောက်က သူကတော့ အားရင်facebook မှာကစားတယ်လို့ ရေးထားတာလေး တွေ့လိုက်မိတယ်။ အင်း ဒါဆိုရင်တော့ နှင်းက တော်တော်ကို နောက်ကျနေပြီ။ ဘာလဲဆိုတာသိအောင်လုပ်မယ်ဆိုပြီး facebook ထဲကိုဝင်ပြီး အကောင့်ဖောက်လို့ ၀င်ကစားလိုက်ပါတယ်။ စကစားတော့ ရောင်လည်လည်နဲ့ help ကို ခဏခဏပြေးဖတ်လိုက် ပြန်ဆော့လိုက်နဲ့ ချာချာကိုလည်နေတာပဲ။ အခုတော့ တော်တော်လေးကစားတတ်နေပြီပေါ့။ အပြင်မှာ အပင်စိုက်လို့မရတော့လဲ အွန်လိုင်းပေါ်မှာ အပင်စိုက်လိုက်ပါတယ်။ ဂိမ်းဆိုတာကို မကြိုက်တဲ့ နှင်းတယောက် အခုတော့ ညတိုင်း ဂိမ်းဆော့တတ်နေပြီ။ ကိုကိုကတောင် နောက်နေပါတယ်။ အခု ၂ ရက်မှာ ငယ်လေးဘာလုပ်နေလဲမေးရင် အပင်စိုက်နေတယ်ကြည့်ပြောလို့ အပင်ကအသီးတွေရောင်းလို့ ပိုက်ဆံရရင် သူ့ကိုချေးပါဦးတဲ့။ ဘလော့ပြီးတော့ facebook ဘက်ရောက်သွားပြန်ပြီ။ အဲဒီ ၂ ခုနဲ့တင် တညတာ အားလပ်ချိန်က ဘယ်လိုကုန်သွားမှန်းကို မသိတော့ပါဘူး။ အော် ထွင်တဲ့လူကလဲ ထွင်တတ်သလို နှင်းတို့တွေကလဲ ရူးတတ်ပါပေတယ်။

Saturday 26 September 2009

ရင်မောမိတယ်

ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသေးတဲ့အချိန်တွေရယ်
ကိုယ်မျှော်လင့်တာ ဖြစ်လာပါ့မလားလို့ မျှော်နေရတဲ့အချိန်တွေရယ်
လူတယောက်ကို စောင့်နေရတဲ့ အချိန်တွေရယ်

ဒီအချိန်တွေမှာ တကယ်ကို ရင်မောရပါတယ်။ မျှော်လင့်တကြီး စောင့်စားနေရတဲ့အချိန် စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ပြောပြရခက်ပါတယ်။ ဘာဖြစ်နေတယ်ဆိုတာ ဘာမှမသိရတဲ့ အချိန်ဆိုတော့ အတွေးပေါင်းစုံနဲ့ ရင်တခုလုံး ပူပင်နေပါတယ်။ ရင်ပူတယ်ဆိုတဲ့ ခံစားချက်က ဒါမျိုးကို ပြောတာဖြစ်မယ်။ ဘယ်သူမှမသိပဲ ကိုယ့်တယောက်ထဲဖြစ်နေတာဆိုတော့လဲ ဘာမှမလုပ်တတ်ဘူး။ သိအောင်လုပ်လို့ရရင် ဘယ်လိုပဲဖြစ်ဖြစ် လုပ်ပစ်လိုက်ချင်ပါတယ်။ အခုတော့ ဘယ်လိုမှ လုပ်မရတော့ ပိုဆိုးနေတယ်။ ကိုယ်လုပ်လိုက်မှ ရလဒ်ကဆိုးနေရင် ဘယ်လိုမှခံစားနိုင်မှာမဟုတ်လို့ပါ။ အတွေးတွေနဲ့ ချာချာလည် မျက်ရည်တွေကို အဖော်ပြုလို့ ဒီလိုပဲ မျှော်နေရပါတယ်။
စိတ်ထဲမထိန်းနိုင်လို့ လုပ်လိုက်မိတဲ့အတွက် ပြန်ရလိုက်တာက ဒေါသထွက်မှုတခုပါပဲ။ ကိုယ်တကယ်ကို မသိလို့ပါ ရင်ထဲမှာလဲ အရမ်းပူနေလို့ပါ အခုတော့ ကိုယ့်အတွက် ရလဒ်ကဆိုးပါတယ်။ နောက်ကို ကိုယ်ဆင်ဆင်ခြင်ခြင်နေပါ့မယ်။ နောင်ကို အခုလိုမဖြစ်အောင် ကိုယ်နေပါ့မယ်။ ဒါပေမယ့် တခုပါပဲ စိတ်တော့ မဆိုးလိုက်ပါနဲ့ ကိုယ်တောင်းပန်ပါတယ်။

ဟိုသွားဒီသွား

အန်တီနေတဲ့အခန်းကို အောက်ကနေလှမ်းရိုက်ထားတာပါ။
တိုက်တွေရဲ့အလယ်မှာ အခုလို အပင်လေးတွေနဲ့ ရေကန်လေးတွေရှိတယ်။




တယောထိုးနေတဲ့ ပန်းပုလို့ပဲခေါ်မလား ဘယ်လိုခေါ်မလဲတော့မသိဘူး အလှဆင်ထားတာကလည်း တမျိုးလေးခံစားမိပါတယ်။



ဒီနေရာကတော့ ဒီတိုက်တွေမှာနေတဲ့လူတွေ ရေနွေးစိမ်ပြီး ချွေးထုတ်တဲ့နေရာပါ။

စွမ်းဟိုဆေးရုံရဲ့ အ၀င်က အလှလုပ်ထားတဲ့ဟာပါ။ ဘာသင်္ကေတလဲတော့ မသိပါဘူး။

ဆေးရုံရဲ့ အဓိက ၀င်ပေါက်ပါ။ စွမ်းဟိုဆေးရုံ ဆိုပြီးဆိုင်းဘုတ်ကပ်ထားတာပါ။ ကျန်တဲ့စာတွေကတော့မသိပါဘူး။

ဟိုမှာရပ်ထားတဲ့ မီနီဘတ်စ်ကားက ဆေးရုံလာတဲ့သူတွေ အဆင်ပြေအောင် အခမဲ့ပြေးဆွဲပေးနေတာပါ။ ဆေးရုံကနေ အနီးနားက ကျင်အန်းဘူတာရုံကိုလဲသွားသလို နှင်းတို့နေတဲ့ ထူချန်ဘက်ကိုလဲ ဆွဲပါတယ်။ တခြားနေရာတွေကိုလဲ ပြေးဆွဲပေးပါတယ်။ သူ့အချိန်နဲ့သူ အချိန်မှန်ထွက်ပေးပါတယ်။ အ၀ါရောင် ကားတွေကတော့ ထိုင်ဝမ်ရဲ့ တက္ကစီကားတွေပါ။ ထိုင်ဝမ်ရဲ့ တက္ကစီတွေအားလုံးဟာ အ၀ါရောင်တွေကြည့်ပါပဲ။ တခြားခွဲထားတာ ရှိမရှိတော့ မသိပါဘူး။

ဆေးရုံရဲ့ အဓိက၀င်ပေါက်ကနေ ၀င်ဝင်ချင်းမှာ အခုလို စန္ဒရားလေးတီးပြီး သီချင်းဆိုပြနေတာကိုလဲ တွေ့ခဲ့ရပါတယ်။ အမြဲတမ်းတော့ မရှိပါဘူး။

ဆေးရုံလာတဲ့လူနာတွေ အဆင်ပြေအောင် အခုလို ၀ှီးချဲတွေကို အဆင်သင့်လုပ်ပေးထားပါတယ်။

ဒီနေ့တော့ အရင်အလုပ်ထဲက ထိုင်ဝမ်တရုတ်အမျိုးသမီး အန်တီက သူ့အိမ်ကို လာလည်ဖို့ အရင်တပတ်ထဲက ဖိတ်ထားတာရယ် အရင်အလုပ်ကလူတွေနဲ့လဲ တွေ့ရအောင်ဆိုပြီး အချိန်ပိုကို နေ့တ၀က်ပဲ ဆင်းပြီး နေ့လည်ပိုင်းမှာ သူ့အိမ်ကို သွားပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ လူတွေ တွေ့တုန်း ပျော်ပျော်ပါးပါးလေး ဖြစ်သွားအောင် မသွားခင်အလုပ်ကနေပြီးတော့ pizza hot က ပီဇာလှမ်းမှာပြီး အလုပ်ထဲကနေပဲ တန်းသွားလိုက်ပါတယ်။ သွားမယ့်နေရာက စွမ်းဟိုဆေးရုံနားမှာဆိုတော့ ဆေးရုံကိုရောက်တဲ့ အခမဲ့ကားပဲ စီးသွားလိုက်ပြီး လမ်းနဲနဲလျှောက်လိုက်တော့ သူ့အိမ်ကိုရောက်သွားပါတယ်။ အိမ်က ကွန်ဒိုဆိုတော့ ကောင်းတာပေါ့နော်။ အခန်းလေးတွေ သပ်သပ်ရပ်ရပ်နဲ့ လုံခြုံရေးအတွက်ကိုလဲ သေသေချာချာ လုပ်ထားပါတယ်။ တိုက်တွေရဲ့ အလယ်မှာလဲ လမ်းလျှောက်ပြီးအပန်းဖြေစရာ သစ်ပင်လေးတွေ ရေကန်လေးတွေနဲ့ ရှိတဲ့နေရာလေးမှာ အဆင်ပြေပြေလေး ပြုပြင်ထားပါတယ်။ အဲဒီနေရာမှာ နေတဲ့လူတွေအတွက် ရေနွေးစိမ်ကန် ချွေးထုတ်ခန်းတွေကိုလဲ တိုက်ရဲ့အောက်ထပ်မှာ သပ်သပ်လုပ်ပေးထားပါတယ်။ တိုက်ခန်းဈေးတွေလား မမေးပါနဲ့ အဲလောက်ပြည့်စုံအောင် လုပ်ထားတာဆိုတော့လဲ သိတယ်မှတ်လား ခေါင်ခိုက်နေတာပါပဲ။ သူတို့ဝယ်တုန်းကတောင် ထိုင်ဝမ်ငွေ သောင်း ၉၀၀ ကျော်တဲ့။ ဘုရားတမိသွားတယ်။ နှင်းရတဲ့လခနဲ့များ ၀ယ်မယ်ဆိုရင် ဘယ်တော့မှကို
ဝယ်နိုင်မှာမဟုတ်တော့ဘူး။ သူတို့တွေကတော့ ဒီမှာမွေး ဒီမှာကြီးပြီး ငယ်ငယ်ထဲကစုလာတာရယ် အိမ်ထောင်ဖက်ကလဲ ၀င်ငွေကောင်းတာရယ်ကြောင့် အခုလိုနေနိုင်တာပါ။ တိုက်ခန်းရဲ့ အကျယ်က နှင်းတို့နေနေတဲ့ အခန်းလောက်မကျယ်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံကလေးက ကောင်းတာရယ် အချက်ပြစနစ်တွေ သန့်ရှင်းရေးအတွက်လုပ်ထားတာတွေရယ်က ခေတ်မှီပြီး အခန်းထဲကစကားပြောနေတာကို အပြင်ဘက်က တော်ရုံမကြားရအောင် လုပ်ထားတာတွေက တော်တော်လေးကောင်းပါတယ်။ အဲဒီဝန်းထဲကို
မ၀င်ခင်အရင်ဆုံး ဧည့်ခန်းမဆောင်ကို ဖြတ်ရပါတယ်။ အဲဒီမှာ လုံခြုံရေးကလဲ အမြဲရှိနေပြီး ကိုယ်သွားမယ့်အခန်းကိုမရောက်ခင် လှေခါးထဲဝင်ဖို့ကိုလဲ သူတို့သော့ရှိမှပဲ ၀င်လို့ရပါတယ်။ တော်ရုံသူခိုးကတော့ ၀င်လို့မရတာသေချာပါတယ်။ အိမ်အသစ်ကို လာလည်စေချင်တာရယ် မတွေ့တာကြာတဲ့ မိတ်ဆွေတွေကို တွေ့စေချင်တာရယ်ကြောင့် အဲဒီအန်တီက တမင်ချိန်းပေးလိုက်တာပါ။ ဘာပဲပြောပြော ၃ နှစ်ကျော် အတူတူ တွဲလုပ်ခဲ့တဲ့သံယောဇဉ်တွေနဲ့ ပြန်တွေ့ရတော့ ၀မ်းသာမိပါတယ်။ အလုပ်ကိုယ်စီနဲ့ဆိုတော့ အခုလိုတွေ့ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။
အဲဒီကနေအပြန်မှာတော့ အိမ်ပြန်ဖို့အတွက် ကားစီးမယ်ဆိုတော့ ကားမှတ်တိုင်ကတော့ရှိတယ်။ တော်တော်လေးဝေးတယ်လို့ပြောပါတယ်။ ဒါနဲ့ ဘာစီးသွားရင်ကောင်းမလဲဆိုပြီးမေးတော့ အလာတုန်းကစီးတဲ့ စွမ်းဟိုဆေးရုံကနေဆိုရင် အိမ်ကိုရောက်တဲ့ ကားရှိတယ်လို့ ပြောပါတယ်။ အဲဒီမီနီဘတ်စ်ကားက အချိန်မှန်ထွက်တာဖြစ်ပြီး အလကားလို့သိရပါတယ်။ အင်း ဘာပဲဖြစ်ဖြစ် ပိုက်ဆံလဲမကုန်သလို အိမ်လဲတန်းရောက်မယ်ဆိုတော့ စီးတော့မစီးဖူးပေမယ့် စမ်းပြီးစီးကြည့်မယ်ဆိုပြီး စီးခဲ့ပါတယ်။ ကားမလာသေးခင် ဆေးရုံအောက်က ခန်းမဆောင်ထဲမှာ ခဏ၀င်နားရင်းက အစ်မတယောက်ရဲ့ laptop ကို အွန်လိုင်းဝင်ကြည့်ပေးရင်းနဲ့ လျှောက်လုပ်ကြည့်လိုက်သေးတယ်။ ၄ နာရီကားထွက်မှာလို့ စာရေးထားတဲ့အတိုင်းပဲ ကားက ၄ နာရီမှာရောက်လာတော့ ကားပေါ်တက်ပြီး စီးလာခဲ့ပါတယ်။ ပုံမှန်လမ်းအဖြောင့်တိုင်းဆိုရင် အိမ်ရောက်ဖို့ ၂ မှတ်တိုင်ပဲလိုပေမယ့် ဒီကားက အဲဒီနားက ရပ်ကွက်တွေထဲကို ပတ်ပြီးတော့မှ အိမ်ဘက်ကို ပြန်ပတ်ပါတယ်။ သူက အခမဲ့ကားဖြစ်သလို ဆေးရုံကိုလာချင်တဲ့သူတွေ အဆင်ပြေအောင် အခုလို ဆွဲပေးနေတာလဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တခါမှ မရောက်ဖြစ်သေးတဲ့ နေရာလေးတွေကို ကားပေါ်ကနေကြည့်ပြီး စီးလာခဲ့ပါတယ်။ အိမ်နားကမှတ်တိုင်ကို ၄ နာရီ ၃၀ မှာရောက်မယ်ဆိုတဲ့ ကြော်ငြာထားတဲ့အတိုင်း အချိန်မှန်ကိုရောက်ပါတယ်။ အင်း သူများနိုင်ငံမှာများ အခုလိုပဲဆိုပြီး တယောက်ထဲတွေးမိပါသေးတယ်။ ဒီနေ့တော့ မိတ်ဆွေတွေနဲ့လဲ တွေ့ရသလို မစီးဖူးတဲ့ကားကိုစီးပြီး မရောက်ဖြစ်တဲ့ နေရာတွေကိုလဲ ရောက်ခဲ့ပါတယ်။

Thursday 24 September 2009

လူ့အလို နတ်မလိုက်နိုင်

လူတွေရဲ့စိတ်က လိုချင်တာတွေ ဖြစ်ချင်တာတွေ တက်မက်စိတ်တွေ သိပ်ကိုများပါတယ်။ ကိုယ်ဖြစ်ချင်သလို ကိုယ်လုပ်ချင်သလို လုပ်ခွင့်ရနေရင် ကျေနပ်ပျော်ရွှင်နေတတ်ပါတယ်။ ကိုယ့်စိတ်တိုင်းကျများ ဖြစ်မလာတော့ဘူး ဆိုရင်ဖြင့် တဗျစ်တောက်တောက် ပြောလို့ကိုမပြီးနိုင်သလို စိတ်တိုကြ စိတ်ဆိုးကြနဲ့ တော်တော်ကို ကြောက်ဖို့ကောင်းပါတယ်။ နှင်းကိုယ်တိုင်ရော အင်း ဖြစ်တတ်ပါတယ်။ တခါတရံပေါ့။ ဟိုး အရင် ခပ်ငယ်ငယ်တုန်းကလိုတော့ မိဘတွေကို စိတ်ဆိုးတာ သိပ်မရှိတော့ပါဘူး။ အရင်တုန်းကတော့ ကိုယ်ဖြစ်ချင်သလို မဖြစ်ရရင် ဆန္ဒပြတတ်ပါတယ်။ အခုတော့လဲ တော်တော်လေး နားလည်ပေးနိုင်သွားပြီလို့ ကိုယ့်ကိုယ်ကို ထင်ထားတာပဲ။ နားလည်ပေးတတ်တာကလဲ တဖက်လူအတွက်လဲ ကောင်းသလို ကိုယ့်အတွက်လဲ ကောင်းပါတယ်။ တဖက်လူကို နားလည်မှုမပေးနိုင်ရင် အဲလူအပေါ် စိတ်ဆိုး ဒေါသတွေဖြစ်နေတော့ ကိုယ်တိုင်လည်း ပင်ပန်းပါတယ်။ ဒါပေမယ့် နားလည်ပေးပါတယ်ပြောပြီး တကယ်ကို နားလည်ပေးနိုင်မှ နှစ်ဖက်စလုံး စိတ်ချမ်းသာရမှာပါ။
လူဖြစ်နေသရွေ့ လူ့ပတ်ဝန်းကျင်မှာတော့ အခက်အခဲတွေ ပြဿနာတွေ ဆိုတာ ကြုံနေရမှာပါပဲ။ ကိုယ်ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ အကြောင်းတိုက်ဆိုင်ရင်တော့ တွေ့နေရမှာပါပဲ။ အဲလိုတွေ့လာတဲ့အခါ ကိုယ်ဘယ်လို လုပ်မလဲလို့ စဉ်းစားမိပါတယ်။
အခုတော့ နားညည်းတာကို မကြိုက်သလို အကြောင်းအရာတခုကို အက်ကြောင်းထပ်အောင်ပြောတတ်တာကို မနှစ်သက်ပေမယ့် အဲလိုလူတွေနဲ့ သူတို့အလိုကျနေပြီး အတူတွဲနေရပါတယ်။ တခါတလေတော့ စိတ်ညစ်ပေမယ့် အသက်ကြီးလို့ ခုလိုဖြစ်တတ်တာပါဆိုပြီး အငယ်ဖြစ်တဲ့ ကိုယ်ကပဲ နားလည်ပေးပြီး ရှောင်နေလိုက်ပါတယ်။ တခါတလေ ကိုယ်ကစတာကို စမှန်းမသိပဲ အတည်ပေါက်ကြီး ပြန်ပြောတာကိုလဲ သည်းခံရပါတယ်။ ဒါပေမယ့်လည်း ကိုယ်လဲ လူပဲလေ စိတ်လေးတော့လဲ တခါတလေ တိုတတ်တာပေါ့။ သိတယ်မှတ်လား ကိုယ်ကအငယ်ဆိုတော့လဲ တိုနေတာတွေ ပြန်သိမ်းလို့ အခန်းထဲဝင်ပြီး တံခါးပိတ်ထားလိုက်ရတယ်။ ဒါတင်ပြီးရောလားဆိုတော့ အခုလဲ အလုပ်ထဲမှာ ဘယ်လိုနေရမလဲလို့ စဉ်းစားနေရပါပြီ။ အလုပ်ထဲက ခေါင်းဆောင်က ပစ္စည်းကို မြန်မြန်ထွက်အောင် လုပ်ခိုင်းပါတယ်။ အဲ ခေါင်းဆောင်အလိုကျ လုပ်လိုက်တော့ နောက်က အဆင့်ဆင့်လုပ်နေတဲ့လူတွေက မြန်မြန်လုပ်ရလို့ ဆိုပြီး မကြိုက်ကြပြန်ဘူး။ ကဲ လူတွေအလိုကျ ဘယ်လိုများ နေမှရမလဲ မစဉ်းစားတတ်တော့ပါဘူး။ ဟိုလူပြောသလိုလုပ်တော့ ဒီလူကမကျေနပ်ပြန်ဘူး။ ဒီလူပြောသလို လုပ်မယ်ဆိုတော့လဲ ဟိုလူ့မျက်နှာကြည့်ရနဲ့ လူတွေရဲ့အလိုကို ဘယ်လိုမှ မလိုက်နိုင်တော့ပါဘူး။ သူတို့အလိုကျ လိုက်လုပ်နေမယ် ဆိုရင်လဲ ဘယ်လိုပဲလုပ်ပေးပေး အလိုကျနိုင်မှာကို မဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး နေနေတာပါပဲ။ မတတ်နိုင်တဲ့တနေ့ကျရင်တော့ အင်း................
ဒါကြောင့်များ လူ့အလို နတ်မလိုက်နိုင်ဆိုပြီး ပြောခဲ့ကြတာလားလို့ စဉ်းစားရင်း လူတွေရဲ့အလိုကို ဘယ်လိုများဖြည့်ပေးရင် အကောင်းဆုံးဖြစ်နိုင်မလဲ စဉ်းစားပြီး မနက်ဖြန်အလုပ်ထဲမှာ ဘာတွေဖြစ်မလဲ .............

Sunday 20 September 2009

တို့ မိန်းကလေးမို့ လှချင်တယ်

ဒီတပတ်တော့ အလုပ်တွေပင်ပန်းနေတဲ့ကြားကပဲ အန်တီ့ဆီကို ဖုန်းလှမ်းဆက်ပြီး sunday ကျရင် ဟွားရှင်းကျဲလာမယ် ဆိုပြီး ချိန်းလိုက်ပါတယ်။ အလုပ်တွေပိနေတော့ လူကလဲ မလန်းဆန်းပဲ စိတ်တွေလဲ ပင်ပန်းနေပါတယ်။ ဘာရယ်မဟုတ် အန်တီနဲ့တွေ့ပြီး စကားလေးဘာလေးပြော စားချင်တာလေးစားလိုက်ရင် တမျိုးဖြစ်ပြီး အလုပ်ပင်ပန်းတာတွေတော့ ခဏမေ့သွားတာအမှန်ပါပဲ။ ဖုန်းလှမ်းဆက်ပြီး ချိန်းတုန်းကတော့ မုန့်စားမယ် စကားပြောမယ်ပေါ့. အဲ ဟိုလဲရောက်သွားရော အတွေးကတမျိုးပြောင်းသွားရော။ အော် လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ကိုယ့်ဟာကို တွေးမိပါတယ်။ ဆံပင်ကလဲ နည်းနည်းရှည်လာတာရယ် မျက်စိရှေ့မှာ လာဝဲနေတာရယ်ကို ညှပ်လိုက်ရင်ကောင်းမယ်လို့ အန်တီကပြောနေတာကြာပါပြီ။ စိတ်ကလဲ အင်း ဒီနေ့တော့ ဆံပင်ညှပ်လိုက်ရင် ကောင်းမယ်ဆိုပြီး စိတ်ပြောင်းသွားပါတယ်။ ဒါနဲ့ပဲ အန်တီရေ ဆံပင်ညှပ်ဆိုင် သွားရအောင်ဆိုပြီး စားတဲ့ဆီမရောက်တော့ပဲ ဆံပင်ညှပ်ဆိုင်ရောက်သွားပါတယ်။
ဆံပင်ညှပ်ဆိုင်ဆိုတာ နှင်းအတွက်တော့ တော်တော်လေးကို အရောက်ပေါက်နဲတဲ့နေရာလို့ ပြောရမယ်။ ခပ်ငယ်ငယ် ၃ ၄ တန်းလောက်ကထဲက ဆံပင်အရှည်လေးထားခဲ့ရတယ်။ တော်ရုံတန်ရုံ အဖျားလေးတိတာလောက်ကိုတော့ မာမားကပဲ လုပ်ပေးနေတာဆိုတော့ ဆိုင်ကိုမရောက်ပါဘူး။ အဲလိုနဲ့ ဆံပင်အရှည်ထားလာလိုက်တာ ထိုင်ဝမ်မလာခင်အထိ ၂၀၀၅ အထိထားခဲ့ရတယ်။ မာမားရဲ့ အဖေ နှင်းရဲ့ ဖိုးဖိုးက ဆံပင်အရှည်ထားတာကို ကြိုက်တယ်ဆိုလို့ မြေးတွေအများကြီးထဲကမှ အတူတူနေတဲ့ နှင်းကပဲ ဖိုးဖိုး ဖွားဖွားတို့ သဘောကျ ထားပေးခဲ့ရပါတယ်။ ခပ်ငယ်ငယ်ထဲက ထားခဲ့တော့ ကိုယ်တိုင်လည်း သဘောကျလာခဲ့တယ်။ အရင်တုန်းက ပေါင်လည်ကျော်လောက်ရှည်တဲ့ဆံပင်ကို နိုင်ငံခြားထွက်မယ်ဆိုတာနဲ့ ပခုံးကျော်လေး ညှပ်ပစ်လိုက်ရတယ်။ အဲဒီတခါကတော့ ဆိုင်မှာ ဆံပင်ပြင်တဲ့ ပထမဆုံးတခါပါပဲ။ အဲလိုနဲ့
ထိုင်ဝမ်မှာ ၃ နှစ်ကျော်နေလာခဲ့တာတောင် ဆံပင်ညှပ်ဆိုင်ကို တော်တော်နဲ့မရောက်ပဲ ဆံပင်အရှည်ပြန်ထားလိုက်တာ ခါးကျော်သွားပါရော။ အလုပ်ထဲမှာလဲ ဆံပင်ရှည်လို့ လူတကာပြောပါတယ်။ အလုပ်ထဲမှာဆိုတော့ စက်တွေကြားထဲညှပ်မှာ ကြောက်ရလို့်ပါ။ အန္တရာယ် များတာကို သိပေမယ့် မာမားက ညှပ်ရင်နှမြောစရာကြီး ဆိုတဲ့စကားနဲ့ပဲ မညှပ်ဖြစ်တော့ပါဘူး။
အခုတခါ မြန်မာပြည်ကို ပြန်ရောက်သွားတော့လဲ မညှပ်ဖြစ်သေးပဲ ထားလိုက်ပါတယ်။ ထိုင်ဝမ်ပြန်သွားမယ်လို့ ဆုံးဖြတ်ပြီးတော့ မာမားဆီက ဆံပင်ညှပ်ခွင့်တောင်းပါတယ်။ ဒီတခါတော့ မာမားလဲ ခွင့်ပြုလိုက်ပါတယ်။ အရှည်ထားလာတာလဲ နှစ်တွေကြာလာပြီ တမျိုးပြောင်းလိုက်ပေါ့ ဆိုတဲ့ ခွင့်ပြုချက်နဲ့ ဆံပင်ညှပ်လိုက်ပါတယ်။ ဒါတောင် ဆိုင်ကိုအရင်မရောက်သေးပဲ ဖွားဖွားက ဆံတုလိုချင်တယ်ဆိုလို့ သူကိုယ်တိုင် နှင်းဆံပင်တွေကို ဆံတုဖြတ်ပါတယ်။ ဖွားဖွားဖြတ်လို့ ပြီးမှ ဆိုင်ရောက်သွားပြီး ပုံပြန်သွင်းရပါတယ်။ နယ်မြို့လေးကဆိုင်မှာ ပုံလဲသွင်းပြီးရော ရန်ကုန်အိမ်ရောက်တော့ အိမ်ဘေးက အန်တီက သူ့အသိဆိုင်မှာ ဆံပင်ဖြောင့်လိုက်ပါလားဆိုတာနဲ့ တခါသွားဖြောင့်လိုက်တာ ညနေထဲကသွားတာ ညမိုးချုပ်မှပဲ ပြန်ရောက်ပါတော့တယ်။ မာမားကတော့ သိပ်အမြင်မကြည်တော့ပါဘူး။ အရင်တုန်းက ဆိုင်ဆိုတာကို မရောက်ပဲ အခုလောက်လဲ အလုပ်မရှုပ်ပါဘူး။ အခုဆံပင်က တိုလာခါမှ ပိုအလုပ်ရှုပ်နေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်နေ့ လေဆိပ်ဆင်းမယ်လဲဆိုရော ညပိုင်းမှာ မာမားကို လပြည့်ဝန်းသွားမယ်ဆိုပြီး ခေါ်သွားပြီး ယောက်လမ်းထဲက အသိအန်တီကြီးဆိုင်မှာ မာမားကိုပါ ဆံပင်တိုတိုလေး ညှပ်လိုက်နော်ဆိုပြီး အတင်းညှပ်ခိုင်းလိုက်ပါတယ်။ မာမားလက်ခံလာအောင်တော့ ပြောရတာပေါ့။ အသက်ကြီးလာရင် ဆံပင်အတိုလေးထားတာပိုကောင်းပါတယ်။ ခေါင်းလျှော်လဲ မကြာသလို အအေးမိမှာလဲ မပူရဘူးပေါ့။ ဆံပင်ချည်ရတဲ့ ဒုက္ခလဲမရှိတော့ဘူးဆိုပြီး ပြောယူရပါတယ်။ အဲလိုလဲပြီးရော နှင်းလဲတခါထပ်ညှပ်လိုက်တာ ဆံပင်ကတော်တော်လေး တိုသွားပါတယ်။ ဂုတ်ဝဲလေးဖြစ်သွားပါတယ်။
အခုလဲ ထိုင်ဝမ်ပြန်ရောက်တာ ၂ လကျော်ပဲရှိသေးတယ် ဆံပင်ရှည်လာတော့ မနေတတ်တော့ပါဘူး.။ အထူသဖြင့် မျက်စိရှေ့မှာ လာကျနေတာက တော်တော်လေး နေရခက်တာပါ။ အလုပ်ထဲမှာ ပစ္စည်းကိုကြည့်နေရတဲ့အခါ ဆံပင်ကကျနေတော့ စိတ်ရှုတ်ပါတယ်။ ဒါတွေကို အကြောင်းပြချက်ထားပြီး ဆိုင်ကိုရောက်သွားပါတယ်။ အစကတော့ ညှပ်လိုက်ရင်ရပြီဆိုပြီး ၀င်သွားတာပါ။ ဆိုင်ထဲလဲရောက်ရော ဘာလုပ်မလဲ ဆိုတော့ အန်တီက တခါတည်း ဖြောင့်လိုက်ပါလား. ရောက်လက်စနဲ့ မထူးပါဘူးတဲ့။ နဂိုထဲက သိပ်ပြီးပြောစရာမလိုတဲ့လူဆိုတော့လဲ ဟုတ်ကဲ့ ဖြောင့်လိုက်မယ်ပေါ့။ အဲလို လှချင်တာလဲ မပြောပါနဲ့။ ဟော ဖြောင့်လို့ပြီးခါနီးလဲကျရော အရောင်းလေးပါ တခါတည်း ဆိုးလိုက်ပါလား။ ပုံစံတမျိုးလေး ပြောင်းသွားတာပေါ့တဲ့။ လုပ်ပြီးရင် လှသွားမှာပါဆိုတာနဲ့ အင်း ပြောင်းကြည့်လိုက်မယ်ဆိုပြီး တခါတည်း ဆေးဆိုးလိုက်ပါတယ်။ မိန်းကလေးများ လှလာမယ်လို့ ပြောလိုက်တာနဲ့ ဘာမှကိုမစဉ်းစားတော့ဘူး လုပ်မယ်ဆိုတာကြည့်ပါပဲ။ အခုလို ပုံစံကိုများ ဖိုးဖိုးတွေ့ရင် ဘယ်လောက်တောင် ရိုက်ချင်မလဲ မသိပါဘူး။ ဆံပင်နက်မှောင်နေတာကိုမှ ကြိုက်နှစ်သက်တဲ့ ဖိုးဖိုးဖွားဖွားတို့သာ မြင်ရင်တော့ နှင်း ပတ်ပြေးနေရမှာ သေချာပါတယ်။
အခုတော့ ဆုံးသွားတဲ့ ဖိုးဖိုးကိုလဲ သတိရမိသလို ကိုယ့်ဟာကို အခုလိုအလှကြိုက်လို့ ဒီနေ့ကုန်သွားတဲ့ ပိုက်ဆံကိုလည်း နှမျောနေမိပါတယ်။ ဒီနေ့တော့ တော်တော်လေး ဘတ်ဂျက် ထိခိုက်သွားပါတယ်။

Saturday 19 September 2009

မပြောပဲမနေနိုင်ပေါင်

နှင်းတယောက်ကလဲ စိတ်ထဲရှိရင် ပြောလိုက်ချင်တာ အကျင့်ဖြစ်နေတယ်။ ရင်ထဲမှာ မြိုသိပ်ထားရတာကို မခံနိုင်ပါဘူး။ မိဘတွေနဲ့လဲ ဒီလိုပဲ အမြဲပြောပြတတ်လို့ မာမားတို့မှာ တခါတလေ စိတ်ပူရတာတွေ များလာတယ်။ ဘာမဟုတ်တာကအစ ပြောပြတတ်လို့ ကလေးကျနေတာပဲလို့ အပြောခံရတယ်။ သူငယ်ချင်းတွေကိုဆိုရင်လဲ ကိုယ့်အမြင်မှာ မကောင်းဘူးလို့ ထင်နေရင်လဲ ကိုယ်နဲ့မဆီမဆိုင် ပြောတတ်သေးတယ်။ ကိုယ်မသိတဲ့လူဆိုရင်တော့ ဘာမှသိပ်မပြောပါဘူး။ ကိုယ်က ကောင်းမယ်ထင်လို့ ပြောတာကို သူကလက်မခံနိုင်ရင် နှစ်ဖက်စလုံးအတွက် မကောင်းဘူးထင်လို့ပါ။

အခုလဲ စိတ်ထဲမှာ မပြောပဲကို မနေနိုင်တော့လို့ ပြောလိုက်မိပါတယ်။ မြန်မာပြည်မှာရှိတဲ့ အွန်လိုင်းသူငယ်ချင်းတယောက်ကို အွန်လိုင်းအမြဲမသုံးဖို့ပြောလိုက်မိပါတယ်။ သူကလဲ နှင်းစိတ်ကိုသိလို့ စိတ်မဆိုးပါဘူး။ သူငယ်ချင်းက အလုပ်တဖက်နဲ့ အားတဲ့အချိန်မှာ အွန်လိုင်းလာလာသုံးတတ်ပါတယ်။ သူဘာတွေလုပ်တယ်ဆိုတာကို သူငယ်ချင်းအချင်းချင်းဆိုတော့ ပြောပြတတ်ပါတယ်။ တကယ်တော့ သူက အလုပ်ထဲမှာ ဖိအားတွေ များလာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် လာသုံးတာပါ။ ဒါပေမယ့် နှင်းအမြင်မှာတော့ စိတ်ထွက်ပေါက်လို့ မထင်ပါဘူး။ သူ့မှာ အပြင်ကသူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်ဘာပဲလုပ်ချင်ချင် လုပ်နိုင်ပါတယ်။ အွန်လိုင်းကိုလာပြီး စကားတွေပြောနေ ချက်တင်တွေ လုပ်နေတဲ့အချိန်မှာ အွန်လိုင်းသုံးခပိုက်ဆံကုန်နေတဲ့အပြင် ပြန်မရတော့မယ့် အချိန်တွေလဲ ကုန်သွားပါတယ်။ မသုံးနဲ့လို့ မပြောပါဘူး။ အွန်ုလိုင်းသုံးတတ်တဲ့သူအချင်းချင်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အွန်လိုင်းဆိုတာက သုံးနေတဲ့အချိန်မှာ ဘယ်လောက်ကြာကြာသုံးဖြစ်မယ်ဆိုတာ မသေချာပါဘူး။ တခါတလေ သုံးပြီးသွားမှ ဟယ် အချိန်တွေ အဲလောက်တောင် ကုန်သွားပြီဆိုပြီး သုံးပြီးမှ နှမျောသွားတာပါ။

နှင်းကိုယ်တိုင်လည်း မြန်မာပြည်မှာ အွန်လိုင်းစသုံးတုန်းက ဘာကိုစသုံးရမယ်မသိတော့ အားလုံးက ချက်တင်ဆိုတာရှိတယ်ဆိုပြီး သူငယ်ချင်းတွေ စရင်းနောက်ရင်းနဲ့ သူငယ်ချင်း ၃ယောက်သားစသုံးဖြစ်ခဲ့တာပါ။ မြန်မာပြည်ကနေ အခြားဆိုဒ်တွေကို ကြည့်ဖို့ဆိုတာကလည်း ကျော်တတ်ခွတတ်မှရတာဖြစ်လို့ ပုံမှန်လူတယောက်အတွက် ချက်တင်ဆိုတာကို အလွယ်တကူဝင်ရင်းကနေ စွဲသွားတတ်ပါတယ်။ ချက်တင်ကို ကြိုက်သွားပြီး အဲဒီထဲမှာ လည်နေရင်တော့ မကောင်းပါဘူး။ ဘာလဲဆိုတာ သိပြီဆိုရင် ကိုယ့်အတွက် အကျိုှးရှိမယ့်အရာတွေကို ဆက်ရှာဖွေသင့်ပါတယ်။ နှင်း အခုတခါ မြန်မာပြည်ကို ပြန်ရောက်တဲ့အချိန်မှာတော့ ၁၀ ကျော်သက်ကလေးတွေ တော်တော်များများက အွန်လိုင်းမှာ အချိန်ကုန်နေတာ တွေ့ရပါတယ်။ မိဘကပေးလိုက်တဲ့ မုန့်ဖိုးတွေက အင်တာနက်ဆိုင်မှာ ကုန်နေတာပိုများနေပါတယ်။ တချို့ဆိုရင် ကျောင်းချိန်မှာတောင် ကျောင်းမသွားနိုင်ပဲ အွန်လိုင်းမှာစကားပြောနေတဲ့အထိ ဖြစ်နေပါတယ်။
မြန်မာပြည်က အွန်လိုင်းသုံးတဲ့သူနဲ့ နိုင်ငံခြားက အွန်လိုင်းသုံးနေတဲ့သူတွေ အခြေအနေတွေက တော်တော်လေးကွာပါတယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေက အွန်လိုင်းသုံးတဲ့အချိန်ဆိုတာ သူတို့ရဲ့ တနေ့တာ လုပ်ငန်းတာဝန်တွေ ကျောင်းတာဝန်တွေ ပြီးသွားလို့ ကိုယ်ပိုင်အားလပ်ချိန်မှ သုံးကြတာပါ။ သူတို့တွေရဲ့ ပိုက်ဆံရှာတဲ့အချိန် ပညာရှာတဲ့အချိန်တွေကို မထိခိုက်ပါဘူး။ မြန်မာပြည်မှာကျတော့ နိုင်ငံခြားကလူတွေနဲ့ ချက်တင်လုပ်ဖို့အတွက် ကိုယ့်အလုပ်တွေ ကျောင်းတွေကို ပျက်ရတယ်ဆိုတော့ ကိုယ်ပဲနစ်နာတာပါ။ နိုင်ငံခြားမှာက အွန်လိုင်းကို ၁ လ လုံးကြိုက်သလောက်သုံးမှ မြန်မာငွေ ၂ သောင်း ၃ သောင်းလောက်ပဲ ကုန်တာပါ။ မြန်မာပြည်က လူတွေအနေနဲ့ ၁ နာရီကို ၃၀၀ ပဲထားဦး ကိုယ်သုံးသလောက်ပေးရမှာဆိုတော့ ပိုက်ဆံတွေက နှမျောစရာပါ။ အဲလိုတွေ ပိုက်ဆံတွေ အချိန်တွေ ကုန်သွားပြီးတော့ ကိုယ့်အတွက် ဘာများကျန်ခဲ့သလဲလို့ ပြန်စဉ်းစားသင့်တယ်။ ဗဟုသုတပဲဖြစ်ဖြစ် အတတ်ပညာပဲဖြစ်ဖြစ် တခုခုတော့ ကျန်နေသင့်ပါတယ်။ လူငယ်တယောက်အတွက် အချိန်တွေက တန်ဖိုးရှိပါတယ်။ ၁၀ ကျော်သက်အရွယ်မှာ ကြိုးစားမှုက ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ဘ၀ကို ရောက်ဖို့အတွက် အခြေခံပါပဲ။
ခေတ်တွေပြောင်းလဲလာလို့ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတာကောင်းပါတယ်။ ဒါပေမယ့် လူငယ်တော်တော်များများက ခေတ်ကို အလိုက်လွှဲနေကြပါတယ်။ အွန်လိုင်းမှာ ချက်တင်တက်မှ ခေတ်မှီတယ်လို့ ထင်ချင်လဲထင်နေကြမယ်။ တကယ်တော့ အွန်လိုင်းဆိုတာက သုံးတတ်ရင်တော့ တကယ်ကို အဖိုးတန်တဲ့ နေရာတခုပါ။ မသုံးတတ်ရင်တော့ အချိန်ကုန် ငွေကုန်ပြီး ကိုယ့်အတွက် ဘာမှမကျန်ပဲ အသက်တွေသာကြီးသွားမှာပါ။

Tuesday 15 September 2009

နိမှသောင် နောင်မှသိ

ကလေးဘ၀တုန်းက လူကြီးတွေက တခုခုပြောဆိုဆုံးမတာကို လက်မခံတဲ့အခါမှာ အေး နင်တို့ နောင်မှသိမယ်။ ဆိုပြီး ခဏခဏအပြောခံခဲ့ရတယ်။ အို ဘာများသိစရာလိုလဲ အခုလဲ သိသင့်သလောက် သိနေတာပဲလို့ ကိုယ့်ဟာကိုယ် ထင်နေခဲ့မိတယ်။ လူကြီးတွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို အရေးမစိုက်သလို တွေးနေခဲ့တယ်။ အဲလိုတွေနေလာပြီး တားမြစ်ချက်တွေကြားထဲကမှ ကိုယ်ထင်ရာလုပ်ပြီး မှားမှန်းသိတော့မှ မျက်နှာကလေးငယ်ပြီး လူကြီးတွေပြောသမျှ ခံရတော့တာပါပဲ။ အဲဒီအချိန်ကြရင်တော့ နောင်မှသိမယ်ဆိုတဲ့ စကားကို နားလည်ပြီး နောင်တတွေ ရနေတတ်ပါတယ်။
နောင်တဆိုတာမျိုးက နောင်အခါမှသိတာဖြစ်လို့ နောင်တရနေချိန်မှာတော့ အရာရာက အားလုံးဖြစ်ပြီးတဲ့အချိန် ဖြစ်နေပါပြီ။ ပစ္စည်းတခုကို ဒီလိုလုပ်လို့ ရှိရင် ပျက်တတ်တယ်လို့ ပြောနေတဲ့ကြားက လုပ်လိုက်လို့ ပျက်သွားတဲ့အခါမှာတော့ နောင်တဆိုတာနဲ့ တွေ့ရမှာပါပဲ။ အဲဒီအချိန်မှာတော့ ပစ္စည်းအပျက်ပဲ လက်ထဲရှိတော့မှာပါ။ တချို့တွေရတဲ့ နောင်တမှာ ပြန်ပြင်လို့ ရပေမယ့် တခါတလေမှာတော့ ပြင်လို့မရတော့တဲ့ အမှားမျိုးတွေနဲ့ နောင်တတွေကို ရင်မှာပိုက်ထားမိလျက်သား ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောင်တရနေတဲ့ လူတယောက် ကိုယ်မှားခဲ့မှန်းသိနေတဲ့ လူတယောက်ကိုတော့ နှင်းတို့လို ပတ်ဝန်းကျင်ကလူတွေက ပစ်ပယ်ထားတာ။ ကဲ့ရဲ့ရှုတ်ချတာ။ သူမှားခဲ့တဲ့ အားနည်းချက်ကို ထုတ်ဖော်ပြီး ပြောဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ်မှားတာကို မှားမှန်းမသိပဲ နေနေတဲ့ လူတွေထက်စာရင်တော့ အမှားကိုသိပြီး နောင်တရနေတဲ့သူက တော်တယ်လို့ ထင်ပါတယ်။
ငယ်တဲ့အရွယ်မှာ စိတ်အလိုလိုက်ပြီး မှားတတ်ကြပါတယ်။ အသက်အရွယ်ရလာလို့ အမှားသိပြီး ပြင်နေချိန်မှာ ဘေးကလူတွေက လက်တွဲခေါ်သင့်ပါတယ်။ ပြင်မရတဲ့အမှားမျိုးတွေ ဘယ်လိုပဲမှားခဲ့ပါစေ နောက်ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့သူကို အားပေးပြီး စာနာသင့်တယ်။ အမှားဆိုတာမျိုးက လူတိုင်းနဲ့ ကင်းတဲ့အရာမဟုတ်ပါဘူး။ မမှားသောရှေ့နေ မသေသောဆေးသမား ဆိုတဲ့ မြန်မာစကားပုံလဲ ရှိနေတာပါပဲ။ နှင်းကိုယ်တိုင်လည်း မိဘမျက်ရည်ကျအောင် လုပ်ဖူးတာတွေ ရှိတာပါပဲ။ မိဘက စိုးရိမ်လို့ တားမြစ်တာတွေကို ချုပ်ချယ်တယ်ထင်ပြီး နားမထောင်ခဲ့တာတွေကို အခုနေအချိန်မှာ ပြန်တွေးပြီး နောင်တရမိတယ်။ မိဘတွေကတော့ သားသမီး ဘယ်လောက်မှားမှား နားလည်ခွင့်လွှတ်ပြီး လမ်းမှန်အောင် အမြဲအားပေးနေတတ်တဲ့ သူတွေပါ။
ဘာတွေ ဘယ်လိုပဲ မှားမှား စိတ်ထဲမှာ မှားမှန်းသိပြီး အမှန်ပြင်ချင်နေတဲ့သူဆိုရင် နှင်းကတော့ လူတော်တယောက်လို့သတ်မှတ်ပါတယ်။ ပြီးတော့ ကိုယ့်မှာ အမှားလုပ်ခဲ့ဘူးတယ်ဆိုတာကို ၀န်ခံရဲတဲ့ သတ္တိကိုလဲ လေးစားပါတယ်။

Monday 14 September 2009

ရင်ဖွင့်သံ

နှင်း စိတ်ထဲမှာ ၀မ်းနည်းနေသလို အရမ်းလဲ အားငယ်စိတ်တွေ ၀င်နေမိတယ်။ ခပ်ငယ်ငယ်ထဲက မိသားစုတွေရဲ့ နွေးထွေးတဲ့ မေတ္တာကိုရရှိခဲ့ပေမယ့် အဲဒီအရွယ်ထဲက မိဘတွေရဲ့ စိတ်တိုင်းကျနေခဲ့ရတယ်။ ကလေးသဘာဝ စကားနားမထောင်တာကလွဲလို့ အရွယ်ကလေးရောက်လာတော့ နှင်းရဲ့ လျှောက်ရမယ့်လမ်းမှန်သမျှကို မိဘတွေကပဲ စီစဉ်ပြီး လျှောက်ခိုင်းခဲ့တယ်။ ခပ်ငယ်ငယ်ထဲက မာမားဝယ်ပေးတဲ့ အင်္ကျီတွေကိုပဲ ၀တ်ခဲ့ရပြီး ကိုယ်နှစ်သက်တဲ့ပုံစံကို ရွေးချယ်ခွင့်ဆိုတာ အလွန်နည်းပါးခဲ့ရတယ်။ အထက်တန်းရောက်နေတာတောင် မာမားတို့စီမံတဲ့ ကျူရှင်မှာတက် မာမားတို့ လုပ်ခိုင်းတာတွေကိုပဲ လုပ်ခဲ့ရတယ်။ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက်တော့လဲ မာမားသင်စေချင်တဲ့ ဘာသာကိုပဲ ယူခဲ့ရတယ်။ တက္ကသိုလ်ကို တက်ချင်ပေမယ့် စိတ်မချဘူး အချိန်ကုန်ပါတယ်ဆိုပြီး အဝေးသင်ပဲတက်ခိုင်းလို့ ကိုယ့်ဆန္ဒဆိုတာကို မြိုသိပ်ခဲ့ရတယ်။ ကျောင်းပြီးရင် သူများတွေဘွဲ့ဝတ်စုံနဲ့ တက်ယူသလို ကိုယ်လဲတက်ယူမယ်ဆိုတဲ့ စိတ်ကူးကို နိုင်ငံခြားသွားရမယ်ဆိုတဲ့ အမိန့်တခုနဲ့ အဝေးရောက်ဘွဲ့အဖြစ်ပြောင်းလဲခဲ့ရတယ်။ သူများတကာတွေ ဘွဲ့နှင်းသဘင်မှာ နေရာယူနေချိန် နှင်းကတော့ လေယာဉ်လက်မှတ်ကိုင်ပြီး လေယာဉ်ပေါ်တက်ခဲ့ရတယ်။ တိုက်ဆိုင်တာကလဲ မမေ့နိုင်စရာပါပဲ။ တနေ့တည်းမှာ လာဆုံနေခဲ့တယ်လေ။ ဘ၀အတွက်ဆိုတာကို စဉ်းစားလိုက်တိုင်း မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ အရာရာကို မြိုသိပ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စိတ်ချမ်းသာဖို့ ဦးစားပေးတတ်လာခဲ့တယ်။ သူတို့တွေကို နားလည်ပေးရင်းနဲ့ ကိုယ့်ဆန္ဒဆိုတာတွေဟာ ပျောက်ကွယ်မှန်းမသိ ပျောက်သွားခဲ့ရတယ်။
အချိန်တန်လို့ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ သံယောဇဉ်ဆိုတာလေး ဖြစ်လာတော့လဲ ကိုယ့်ဆန္ဒဆိုတာထက် ကိုယ်သံယောဇဉ်တွယ်ရတဲ့သူအတွက် ပထမဖြစ်သွားခဲ့ရတယ်။ ကိုယ်ပြောချင်တာတွေ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတွေဟာ သူစိတ်ညစ်မှာစိုးတယ်ဆိုတဲ့ အတွေးတခုထဲနဲ့ပဲ ဘာမှပြောမထွက်ခဲ့ပါဘူး။ အရာရာကို နားလည်ပေးနိုင်ဖို့ ကြိုးစားရင်း တခါတလေ ရင်ထဲမှာနာကျင်နေတာတောင် ပြောမထွက်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူတယောက်ကို အမြဲတမ်းပျော်ရွှင် စိတ်ချမ်းမြေ့စေချင်ပါတယ်။ ခပ်ငယ်ငယ်ထဲက သူများတကာကို နားလည်ပေးရင် ကိုယ့်ဆန္ဒဆိုတာမရှိတော့တဲ့ နှင်းရဲ့ရင်ထဲမှာ တခါတလေ ဘယ်သူမှမသိအောင် ကြိတ်ငိုနေခဲ့ရတာ များခဲ့ပါပြီ။ ဒီနေ့လဲ ရင်ထဲမှာ အရမ်းဝမ်းနည်းနေမိတယ်။ ဒါပေမယ့် ဘယ်သူမှမသိပါဘူး။ မခံစားနိုင်တော့လို့ ဘလော့ပေါ်ချရေးမလိုက်တာပါ။ နှင်းရဲ့ဘ၀မှာ ကိုယ့်ဆန္ဒအတိုင်းသာ ဖြစ်ခွင့်ရမယ်ဆိုရင် အများကြီးမလိုချင်ပါဘူး။ တခုလောက်ပြည့်မယ်ဆိုရင် ကျေနပ်ပါပြီလေ။

Saturday 12 September 2009

Happy Birthday

ဒ ီ ေ န ႔ က ေ တ ာ ့ က ု ိ ယ့်  ကို ကို ယ် ကို ကို က ေ လ လ ိ ု ႔ အ ျ မ ဲ ေ ျ ပ ာ တ တ်ြ ပီး နှ င်း ကို လ ည်း က ေ လ း ေ လ း င ယ ္ ေ လ း င ယ ္ ေ ရ ႏ ွ င ္ း ေ ရ ည ီ မ ေ လ း ေ ရ စ တ ဲ ့ သ ူ ႔ စ ိ တ် ထဲ ရှိ တဲ့  အ ခါ စိ တ် ကူးေ ပါ က် သ လိုေ ခါ် တ တ် တဲ့  သူ ရဲ့  ေ မ ြ း ေ န ႔ ေ လ း ပ ါ။ ဘ ာ ေ တ ြ လ က ္ ေ ဆ ာ င ္ ေ ပ း ရ င ္ ေ က ာ င်း မ လဲ ရ ယ် လို့  ေ တ ြ း ေ န ေ ပ မ ယ့်  လ ည်း အ ချိ န် က လ ည်း မ ရှိေ တာ့  ဘူး။ အ လု ပ် က လ ည်း မ အား တာ နဲ့  ၁ ၈ ရ က် မှာေ မွး တာြ ဖ စ်ြ ပီး သူ က ၉ လ ပို င်း ၁ ၂ ရ က် ဆို ေ တ ာ ့ လ ပ ဲ က ြ ာ တ ာ ေ ပ ့ ါ။ တ က ယ ္ ေ တ ာ ့ ေ န ာ က် က ခု နှ စ် ကို ထ ည့်  မ တွ က် ချ င် လို့  တဲ့ေ လ။ သူ က အဲ လို မျိုး။ အြ မဲ တ မ်း မျ က် နှာ က တ ည် တ ည်ြ ကီးေ န တ တ် လို့  ဘာြ ဖ စ် လဲေ မး ရ င် အ ေ မ ေ မ ြ း ထ ဲ က အ တ ိ ု င်း လို့ြ ပ န်ေြ ပာ တ တ် တဲ့  သူ ပါ။ ေ မ ေ မ ေ မ ြ း တ ု န ္ း က ေ တ ာ ့ အ ဲ ေ လ ာ က် တ ည် မ ယ် မ ထ င် ပါ ဘူး။ သ ူ ႔ ေ မ ြ း ......


၁ ၂. ၉ ၂ ၀ ၀ ၉ မ ွ ာ က ် ေ ရ ာ က ္ တ ဲ ့ က ု ိ က ု ိ လ ိ ု ႔ ေ ခ ၚ တ ဲ ့ သ ူ ေ မ ြ း ေ န ႔ မ ွ သ ည် နှ စ်ေ ပါ င်း ၁ ၂ ၀ တို င် စိ တ် ချ မ်း သာ ကို ယ် ကျ န်း မာ စွာ နဲ့  ကို ကို လို ချ င် တဲ့  ဘ ၀ြ ဖ စ် ချ င် တဲ့  ဆ န ၵ ေ တ ြ အ ာ း လ ံ ု း ျ ပ ည ္ ့ စ ံ ု ပ ါ ေ စ လ ိ ု ႔ ဆ ု ေ တ ာ င ္ း ေ ပ း လ ိ ု က် ပါ တ ယ်။

Friday 11 September 2009

တောင်ပေါ်ပင်လယ်

ညောင်ရွှေကနေ အင်းလေးထဲကို စထွက်လာပြီ
လှေဦးထိပ်ကနေ မောင်လေးရိုက်ထားတာပါ။

ရေမိုင်ဘယ်လောက်ရှိလဲဆိုတာ သိရအောင် ဟိုကအမှတ်လေးကိုကြည့်ရတယ်။


အင်းထဲမှာ အခုလို ငါးဖမ်းနေကြတယ်။



ရေပေါ်မှာရှိတဲ့ တည်းခိုခန်းတွေလေ


ဖောင်တော်ဦး ဘုရား


အလိုတော်ပေါက်ဘုရား အတွင်းထဲက ဆင်းတုတော်

အလိုတော်ပေါက်ဘုရား


အင်းလေးထဲမှာ

ညောင်ရွှေမှာ ညအိပ်ဖို့ ရောက်သွားတဲ့အခါမှာ ညောင်ရွှေစာပြန်ပွဲရဲ့ နောက်ဆုံးရက်ဖြစ်နေပါတယ်။ ပွဲဈေးတန်းကလည်း နှင်းတို့တည်းတဲ့နေရာနဲ့ နီးနီးလေးဆိုတော့ ထမင်းစားသောက်ပြီး မောင်နှမတတွေ ပွဲဈေးသွားပတ်ကြပါတယ်။ ရှမ်းမလေးတွေစကားပြောတဲ့ အသံဝဲ၀ဲလေးတွေကို နားထောင်လို့ကောင်းတယ်ဆိုပြီးပါလာတဲ့မောင်လေးကပြောပါတယ်။ ရိုးရာအထည်ဆိုင်တွေမှာ လိုချင်တာတွေ ၀င်ကြည့်ရင်း ဈေးဆစ်ကြတော့ စကားပြောနားထောင်ရတာ ကောင်းလို့ အစ်မရေ စကားများများပြောနော်ဆိုပြီး မောင်လေး၂ ယောက်ကကပ်ပြောလာလို့ ရယ်ရသေးတယ်။ ဈေးတန်းထဲလဲရောက်ရော မိုးကရွာလာလိုက်တာ လူတွေလဲ ခပ်ကျဲကျဲလေးဖြစ်သွားတယ်။ မိုးကလည်း ခဏပဲရပ်သွားလို့ တော်သေးတယ်။ နောက်နေ့ ၁၀ လောက်ဆိုရင် ပွဲဈေးကသိမ်းမှာဖြစ်လို့ နောက်ဆုံးညဆိုတော့ နှင်းတို့လဲ အကုန်လျှောက်ကြည့်လိုက်တယ်လေ။ မြန်မာပြည်အနှံ့က ဈေးသည်တွေ လာရောင်းတာဆိုတော့ တနေရာတည်းမှာ အကုန်တွေ့ခဲ့ရတယ်။ မြန်မာပြည်ရဲ့ ပွဲဈေးနဲ့ ဝေးနေခဲ့တာလဲ တော်တော်ကြာပြီဆိုတော့ ပျော်လဲပျော်ပါတယ်။ ညဘက် တည်းတဲ့နေရာကိုပြန်လာတော့ မာမားတို့က အိပ်ဖို့လုပ်နေပြီ။
ဆည်မြောင်းဧည့်ရိပ်သာမှာ တညအိပ်ပြီးတော့ နောက်တနေ့မနက်ခင်း ၈ နာရီလောက်မှာတော့ အင်းထဲကိုသွားဖို့အတွက် ဆည်မြောင်းက စက်လှေနဲ့ လိုက်ပို့ပေးပါတယ်။ ကြီးကြီးမေ အမျိုးသားက ဆည်မြောင်းက အရာရှိဆိုတော့ သူ့လုပ်ဖော်ကိုင်ဖက်က အင်းလေးမှာတာဝန်ကျနေတာနဲ့ အခုလို အဆင်ပြေပြေ ဖြစ်သွားတာပါ။ ညောင်ရွှေကနေ အရင်ဆုံး ဖောင်တော်ဦးဘုရားကို လိုက်ပို့ပေးပါတယ်။ ဘုရားနားမရောက်ခင်မှာတော့ ရွှေဟင်္သာ ယက်ကန်းရုံက အရောင်းဆိုင်ကို ၀င်ပို့ပေးပါတယ်။ အမှတ်တရ ပစ္စည်းတွေ လိုချင်တဲ့ ရိုးရာအထည်တွေ ၀ယ်လို့ရတယ်ဆိုပြီး စက်လှေသမားက ၀င်ပို့ပေးတာပါ။ အရင် တက္ကသိုလ်တက်တုန်းကလည်း သူငယ်ချင်းတွေနဲ့ ရောက်ဖြစ်ပါတယ်။ အင်းလေးဆိုတာက ခပ်ငယ်ငယ် ၁ နှစ်ကျော်လောက်ကထဲက အိမ်ကမိသားစုလိုက် ဘုရားဖူးသွားဖူးနေတဲ့ နေရာဖြစ်လို့ မစိမ်းဘူးလို့ ပြောလို့ရတယ်။ ရွှေဟင်္သာမှာ လိုချင်တာတွေ ၀ယ်ပြီးတော့ ဖောင်တော်ဦးဘုရားကို သွားဖူးကြပါတယ်။ အင်းလေးဖောင်တော်ဦးဆိုတာ တန်ခိုးကြီးတယ်ဆိုပြီး နာမည်ကြီးတာ အားလုံးသိသလို ဖော်တော်ဦးဘုရားပွဲဆိုရင်လဲ အနယ်နယ်အရပ်ရပ်ကနေ လာတဲ့လူတွေနဲ့ အလွန်စည်ကားပါတယ်။ ဘုရားကိုရောက်တော့ ဖွားဖွားက ဆွမ်းပွဲကပ်ချင်တယ်ဆိုလို့ ဆွမ်းတော်ပွဲဝယ်ပြီး ကပ်လိုက်ပါတယ်။ မောင်လေးနဲ့ ပါပါးကတော့ ဘုရား ၅ ဆူကို ရွှေသင်္ကန်းကပ်ပါတယ်။ ဘုရားဖူးပြီးတာနဲ့ ဘုရားအောက်မှာရောင်းတဲ့ ဈေးဆိုင်တွေကို လျှောက်ကြည့်ကြပါတယ်။ အရင်တခါ လာတုန်းက ဘုရားအောက်က ဈေးဆိုင်တွေပဲရှိပြီး အခုကျတော့ ဘုရားကုန်းတော်ရဲ့ အနောက်ဘက်မှာ ဈေးဆိုင်တန်းတွေကို သီးသန့်ဆောက်ထားပြီး အထည်ဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ တော်တော်လေး တိုးတက်လာပါတယ်။ တောင်ကြီးဘက်မှာက ၅ ရက်တဈေးဆိုသလို အဲဒီနေ့က ဖော်တော်ဦးဘုရားဈေးနေ့ဖြစ်လို့ ဘုရားပေါ်မှာ လူတွေပိုစည်ကားနေပါတယ်။ ဘုရားကုန်းတော်မှာလဲ သန့ှ်ရှင်းသပ်ရပ်ပြီး ပန်းအလှပင်တွေလဲ စိုက်ထားပါတယ်။
ဖောင်တော်ဦးဘုရားကို ဖူးပြီးသွားတော့ အလိုတော်ပေါက်ကို လိုက်ပို့ပေးမယ်ဆိုပြီး အလိုတော်ပေါက်ဘုရားကို သွားကြပါတယ်။ အရင်အခေါက်တွေ လာတုန်းက အလိုတော်ပေါက်ကို မရောက်ဖြစ်ပါဘူး။ အခုတခါမှ ရောက်ဖူးမှာဆိုတော့ စက်လှေသမားကို ကျေးဇူးတင်မိပါတယ်။ အလိုတော်ပေါက်ဘုရားကတော့ ဖော်တော်ဦးဘုရားလောက် မတိုးတက်ပါဘူး။ ဘုရားကိုလည်း တချို့နေရာတွေမှာ ပြန်လည်ပြုပြင်နေတာတွေ့ခဲ့ရတယ်။ ဘုရားကုန်းတော်ကလည်း ဖောင်တော်ဦးလောက် မကျယ်ဘူးလို့ ပြောပါတယ်။ အလိုတော်ပေါက်ရောက်တော့ ဘက်စုံပြုပြင်ဖို့ အလှူငွေထည့်ရင်းနဲ့ အလိုတော်ပေါက် ဆင်းတုတော်ဆိုပြီး ရောင်းနေတာတွေ့တာနဲ့ စိတ်ထဲမှာ ပူဇော်ချင်စိတ်ဖြစ်လာတာရယ် အိမ်မှာကလည်း ဘုရား၉ ဆူပြည့်ဖို့ ၁ ဆူလိုနေတာရယ် တိုက်ဆိုင်တာနဲ့ အလိုတော်ပေါက်ဘုရားကို ၀ယ်ပြီး ပင့်လာခဲ့ပါတယ်။ အဲဒီကနေပြီးတော့ ဘယ်ကိုမှဆက်မသွားတော့ပဲ ညောင်ရွှေကို ပြန်လာခဲ့ပါတယ်။ အင်းလေးထဲက တိုင်တရာကျောင်းတို့ ဘိုတဲတို့ကို မသွားခဲ့ပါဘူး။
အင်းလေးထဲမှာ စက်လှေစီးနေရင်းနဲ့ ဖြတ်သွားနေတဲ့ စက်လှေတွေကို ကြည့်လိုက်တဲ့အခါ စက်လှေပေါ်မှာ ဆိုင်ကယ်တွေတင်လာတာတွေ့ရပါတယ်။ အင်းထဲမှာနေတဲ့လူကလဲ ဆိုင်ကယ်ဝယ်ထားပါတယ်။ အင်းထဲမှာနေတဲ့အချိန် စက်လှေစီးပြီး ညောင်ရွှေလာတဲ့အခါ ဆိုင်ကယ်ကို စက်လှေနဲ့တင်လာပြီး ညောင်ရွှေမှာ ဆိုင်ကယ်စီးတာပါတဲ့။ အင်းလေးထဲမှာလဲ မြေနီကုန်းဆိုတဲ့ ရွာရှိပါတယ်။ အဲဒီရွာနားရောက်ရင် ရေကတခြားနေရာထက် ပိုပြီး နီနေပါတယ်။ နောက်ပြီး ဆည်မြောင်းကနေပြီး စက်တွေနဲ့ သောင်တွေကိုတူပြီး ကျွန်းမျောတွေကို သေသေသပ်သပ်လုပ်နေတာလဲ တွေ့ခဲ့ရပါတယ်။ အင်းလေးထဲက လှေလေးတွေပေါ်မှာ ကလေးငယ်ငယ်လေးတွေ ထိုင်နေတာတွေ့တော့ အသဲယားမိပါတယ်။ နှင်းတို့သာဆိုရင် မထိုင်ရဲဘူးလို့ ပြောလို့ အင်းလေးမှာမွေးတဲ့ကလေးကတော့ ရိုးနေပြီလို့ မာမားကပြောပါတယ်။ အင်လေးထဲရောက်နေတဲ့အချိန် မိုးမရွာလို့ ကံကောင်းတယ်လို့ ပြောရမယ်။ ဟိုးအရင် ဆရာမရယ် သူငယ်ချင်းတွေနဲ့လာတုန်းက လှေပေါ်မှာ မိုးမိတော့ လူကတော်တော်လေး အေးလာသလို ဘေးပတ်လည်ကိုကြည့်လိုက်တော့လဲ ဘာကိုမှ မမြင်ရပဲ ပင်လယ်ထဲရောက်နေသလို ထင်ရပါတယ်။ အဲဒီတုန်းက လိုက်ပို့ပေးတဲ့ ဆရာမရဲ့ မောင်ကပြောပြပါတယ်။ အင်းလေးမှာ မိုးရွားလာတဲ့အချိန်ဆိုရင် ဘေးကပတ်လည်ဝိုင်းနေတဲ့ တောင်တွေကို မမြင်ရတော့သလို ဘေးကိုကြည့်လိုက်ရင် ရေပြင်ကြီးကိုပဲတွေ့ရလို့ တောင်ပေါ်ပင်လယ်လို့ တင်စားပြီး ခေါ်ကြတယ်လို့ ပြောပါတယ်။
အင်းလေးရဲ့ ထူးခြားချက်တွေကို ငယ်ငယ်ကစာထဲမှာ သင်ခဲ့ရသလို လှေကို လက်ဖြင့်မလှော် ခြေဖြင့်လှော်သောအရပ်။ အိမ်ကိုကုန်းတွင်မဆောက် ရေတွင်ဆောက်သောအရပ် ဆိုသလို ကလေးငယ်တွေကအစ လှေကို ခြေထောက်နဲ့လှော်တာမြင်ရလို့ ပါလာတဲ့ မောင်လေးတွေက တအံ့တသြကြည့်ပြီး သဘောတွေကျနေပါတယ်။ သူတို့တွေက တခါမှ မရောက်ဖူးလို့ အခုလိုအံ့သြပြီး သဘောကျနေကြတာပါ။ အခုတော့ အင်းလေးထဲမှာလဲ ဓါတ်တိုင်တွေကို ကျွန်းမျှောတွေပေါ်မှာ ဆောက်ထားပြီး အင်းထဲကရွာတွေကို မီးသွယ်ထားတာတွေ့ရပါတယ်။ စိတ်ထဲကနေ မတော်လို့များ ဓါတ်တိုင်တွေလဲပြီး ရေထဲကျရင် ဘယ်လိုလုပ်မလဲလို့ ကြံဖန်တွေးပူလိုက်ပါသေးတယ်။ အဲလိုတွေ အတွေးပေါင်းစုံနဲ့ ညောင်ရွှေကို နေ့လည် ၁၂ နာရီကျော်လောက်မှာ ပြန်ရောက်လာပါတယ်။ ညောင်ရွှေကနေပြီး တောင်ကြီးကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

သူလေးကယ်လို့

ဟိုတနေ့က ဓါတ်ပုံတွေ ပျောက်နေတယ်ဆိုပြီး စိတ်ညစ်သွားတာ အခုတော့ စိတ်ချမ်းသာသွားပြီ။ စိတ်ထဲမှာ စီဒီဆိုတာကိုပဲ သတိရပြီး ကွန်ပျူတာမှာလဲ မရှိတော့ဘူးဆိုပြီး အရမ်းစိတ်ညစ်နေခဲ့ရတာ။ my flash လေးကို လုံးဝသတိမရလိုက်ဘူး။ အခုတော့ အဲဒီထဲမှာ ထည့်ထားမိလို့ ပုံတွေ ပြန်ရပြီ။ ဒါကြောင့် ခရီးစဉ်ကို ဆက်လက်ရေးပါမယ်။

Tuesday 8 September 2009

စိတ်ညစ်နေပါတယ်

မနေ့က ခရီးသွားတဲ့ ဓါတ်ပုံတွေ တင်မယ်ဆိုပြီး ကွန်ပျူတာမှာ ရှာတာ မတွေ့လို့ စိတ်ညစ်နေပါတယ်။ ဟိုတလောက ကွန်ပျူတာ format လုပ်လိုက်တာ မသိမ်းထားမိပဲ အကုန်ပါသွားတယ်။ တကယ်ကို ကိုယ့်ကိုကိုယ် စိတ်ကုန်မိတယ်။ ဓါတ်ပုံတွေလဲ မရှိတော့ စာကြည့်ပဲလဲ မရေးချင်တော့ဘူး။ အခုမှ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ စီဒီကလဲ မြန်မာပြည်မှာ ထားခဲ့မိတယ်။ တကယ်ကိုဝမ်းနည်းမိတယ်။ မိသားစုပုံတွေလဲ အကုန်ပါသွားပြီ။ အခုဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ ဘာတခုမှကို မကျန်ခဲ့ဘူး။ ကွန်ပျူတာကို ပြန်ပြီး လုပ်ချင်တာပဲ သတိရပြီး D ထဲမှာသွားသိမ်းဖို့ကို သတိမရလိုက်တာ။ အခုလိုဖြစ်သွားတယ်။ ဓါတ်ပုံတွေ မတင်နိုင်မှတော့ ခရီးသွားခဲ့တာတွေကို ဆက်မရေးချင်တော့ဘူး။ လောလောဆယ် စိတ်တွေအရမ်းညစ်သွားပြီ..............

Monday 7 September 2009

တောင်ပေါ်ခရီးအစ

ရေးချင်တာတွေ ပြောချင်တာတွေက များနေတော့ မြန်မာနိုင်ငံသွားတုန်းက အကြောင်းလေးတွေကို ဆက်ပြောပြမယ်နော်။ မြန်မာပြည်ပြန်တုန်း ဘုရားဖူးသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း မိသားစုတွေ ဘုရားဖူးထွက်ခဲ့ပါတယ်။ ဘယ်သွားမလဲဆိုတာကို နှင်းကပဲ ရွေးချယ်လိုက်ပါတယ်။ ခပ်ငယ်ငယ်ထဲက ရှမ်းပြည်နယ် တောင်ကြီးဆိုတာ ခဏခဏ ရောက်ဖူးခဲ့ပါတယ်။ ဖိုးဖိုး ဖွားဖွားတွေနဲ့အတူတူ အန်တီအငယ်က အဲဒီဘက်မှာ နေတော့ အလည်သွားဖြစ်နေပါတယ်။ ၅ တန်းမှာတော့ မာမားက တောင်ကြီးဘက်မှာ နေချင်တယ်ဆိုပြီး နှင်းတို့မိသားစု တောင်ကြီးဘက်ကိုပြောင်းသွားပါတယ်။ မာမားကို တောင်ကြီးမြို့မှာ မွေးခဲ့တာဖြစ်ပြီး တောင်ကြီးမှာပဲ ၁၀ ကျော်သက်အထိနေလာခဲ့တဲ့အတွက် မာမားက တောင်ကြီးဘက်ကို ပိုသဘောကျပါတယ်။ ပါပါးကတော့ ရန်ကုန်ဘက်မှာကြီးတော့ တောင်ကြီးကို အေးတယ်ဆိုပြီး မကြိုက်ပါဘူး။ ပထမကတော့ တောင်ကြီးဘက်မှာ အခြေချမယ်စိတ်ကူးပေမယ့် ဘ၀အလှည့်အပြောင်းကြောင့် အမ်းမဆုံးသွားတော့ နှင်းတို့တွေ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့ရတယ်။ ရန်ကုန်ကို ပြန်လာခဲ့ရပေမယ့် နှင်းတို့သားအမိတွေက တောင်ကြီးဘက်ကို ပိုကြိုက်ကြပါတယ်။ အခုလည်း ဘယ်သွားမလည်းမေးတော့ တောင်ကြီးတက်မယ်ဆိုပြီး ရွေးလိုက်ပါတယ်။ ပါပါးရော မာမားကတော့ နှင်းစိတ်တိုင်းကျပဲ လိုက်လျောပေးပါတယ်။

ဘယ်သူတွေလိုက်မလဲမေးတော့ ကြီးကြီးမေတို့ အတွဲရယ် နှင်းတို့မိသားစုရယ် ဖွားဖွားရယ် မောင်နှမ၀မ်းကွဲလေး ၃ ယောက်ရယ် ခရီးစထွက်ခဲ့ကြတယ်။ ကြီးကြီးမေတို့ကို ပျဉ်းမနားမှာ ၀င်ခေါ်ပြီး မနက် ၉ နာရီလောက်ကနေပြီး စထွက်လာခဲ့ပါတယ်။ ပျဉ်းမနား ပျော်ဘွယ်လမ်းသစ်ဘက်ကနေ သွားကြပါတယ်။ ပျော်ဘွယ်လမ်းက အသစ်ဖောက်ထားလို့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အဲဒီကနေ လာလိုက်တာ တောင်ပေါ်စတက်မယ့်နေရာမှာတော့ ဆိုင်းစိုင်မောဝ် ဆိုထားသလိုပါပဲ မိုင် ၁၀၀ ကျော်သာရှိတဲ့ လမ်းရဲ့အတိုင်းအတာ တနေကုန်အောင်မောင်းကြရတယ်။ ဆိုသလိုပဲ တကယ်ကိုပါပဲ။ ကျောက်ခဲစားထားရင်တောင် အစာကြေလောက်ပါတယ်။ ကတ္တရာလမ်းဆိုတာမှ ဟုတ်ရဲ့လားလို့ ထင်ရလောက်အောင်ကို ချိုင့်ခွက်တွေ ကျောက်တုံးတွေနဲ့ တော်တော်လေးကို မောင်းနေရတာပါ။ ESE လို အမြန်ကားတွေတောင် ဟိုယိမ်းဒီယိမ်းနဲ့ ဘေးနားက ချောက်ကမ်းပါးနားမှာ ကပ်ပြီးမောင်းနေတာကို ကြည့်ပြီး အသည်းအေးမိပါတယ်။ လွိုင်ကော်ဘက်က လာတဲ့ကားတွေကတော့ ခရီးသည်တွေအကုန်လုံး နှာခေါင်းစည်းတွေတပ်ထားပါတယ်။ နှင်းတို့တွေလဲ ကားပေါ်မှာ တယောက်ကို တယောက်ကြည့်ပြီး ရယ်မိပါတယ်။ ခေါင်းတွေကဖွေးနေတော့ မာမားကပြောတယ် တောထဲကထွက်လာတဲ့ မျောက်ဖြူတွေ ဖြစ်နေပြီတဲ့လေ။ တောင်ပေါ်ရဲ့ တချို့နေရာတွေမှာ လမ်းချဲ့ဖို့ တောင်ကမ်းပါးရံကို မိုင်းခွဲပြီး ဖြိုနေတဲ့အတွက် တချို့နေရာတွေမှာ ခဏစောင့်နေရပါတယ်။
ကားပေါ်မှာမောင်လေးက ဆိုင်းထီးဆိုင်တို့ ဆိုင်းစိုင်မော်ဝ်တို့ဆိုထားတဲ့ သီချင်းတွေဖွင့်ထားတော့ ဘေးကရှု့ခင်းတွေနဲ့ အလွန်လိုက်ဖက်နေပါတယ်။ ထိုင်ဝမ်မှာလဲ တောတောင်တွေထဲရောက်ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ အလှက ပိုပြီးလှတယ်လို့ပဲ ထင်မိပါတယ်။ ထိုင်ဝမ်ရဲ့ တောင်တွေက သက်နုကျောက်တောင်တွေဖြစ်လို့ တောင်မကြာခဏပြိုပါတယ်။ တောင်ပေါ်လမ်းက ရွာတွေဖြစ်တဲ့ ရေယားတို့ ရေယောင်းမ တို့မှာတော့ ပိန္နဲသီးတွေ အတော်ပေါပါတယ်။ ဈေးတွေကတော့ သူ့ဟာနဲ့သူပါပဲ။ တောင်ကြီးဘက်ကို စတက်ပြီဆိုတာနဲ့ ရာသီဥတုက အောက်မြန်မာပြည်နဲ့မတူတော့ပဲ အေးစိမ့်စိမ့်လေး ဖြစ်လာပါတယ်။ ကလောမြို့ကိုရောက်ဖို့ တော်တော်လေး မောင်းလိုက်ရပါတယ်။ ကလောနားကို နီးလာတော့ ထင်းရှုးတောတန်းတွေကို တွေ့ရပါတယ်။ ကလောမြို့ကို ညနေစောင်းလောက်မှာ ရောက်တော့ ကျောင်းသားလေးတွေတောင် ကျောင်းလွှတ်နေပါပြီ။ ကလောမြို့ကလဲ အရင်နဲ့ ဘာမှကို မတူတော့ပဲ တော်တော်ကို တိုးတက်လာပါတယ်။ ကလောကို ရောက်မှပဲ လမ်းက ကောင်းပါတော့တယ်။ ကလောကနေ အောင်ပန်း ဟဲဟိုး အဲဒါတွေကိုဖြတ်ပြီး ရွှေညောင်ကိုဝင်တော့ ညနေ ၅ နာရီလောက်ပဲ ရှိပါသေးတယ်။ အမှန်က တောင်ကြီးကို ဆက်တက်မယ်လို့ စီစဉ်ထားပေမယ့် အချိန်ရှိနေသေးတာကြောင့် ညောင်ရွှေကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညောင်ရွှေမှာ တညအိပ်ပြီး မနက်ခင်း အင်းထဲသွားဖို့ အစီအစဉ်ချလိုက်ပြီး ညောင်ရွှေက ဆည်မြောင်းဧည့်ရိပ်သာမှာ တညအိပ်လိုက်ကြပါတယ်။

အင်းလေးအကြောင်းကိုတော့ နောက်ဆက်တွဲမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြပေးမယ်နော်။ မြန်မာကားတွေ ကြော်ငြာထိုးသလို မကြာမှီ လာမည် မျှော်

Sunday 6 September 2009

cry on my shoulder

If the hero never comes to you
If you need someone you're feeling blue
If you're away from love and you're alone
If you call your friends and nobody's home
You can run away but you can't hide
Through a storm and through a lonely night
Then I show you there's a destiny
The best things in life
They're free

Chorus:

But if you wanna cry
Cry on my shoulder
If you need someone who cares for you
If you're feeling sad your heart gets colder
Yes I show you what real love can do
If your sky is grey oh let me know
There's a place in heaven where we'll go
If heaven is a million years away
Oh just call me and I make your day
When the nights are getting cold and blue
When the days are getting hard for you
I will always stay here by your side
I promise you I'll never hide

Repeat chorus

What real love can do
What love can do
What real love can do
What love can do
What real love can do
What love can do

ဒီသီချင်းလေးကို ခုတလော နားထောင်ဖြစ်နေပါတယ်။ နှင်း စိတ်တွေအရမ်းညစ်နေတဲ့အချိန်မှာ တယောက်သောသူက အချိန်တွေအကုန်ခံပြီး ကွန်နက်ရှင်မကောင်း အလုပ်တွေမအားတဲ့ ကြားထဲကနေ ပို့ပေးတာဖြစ်သလို နှင်း ခံစားရတာတွေနဲ့လဲ တိုက်ဆိုင်နေလို့ နေ့တိုင်းနီးပါး နားထောင်ဖြစ်နေပါတယ်။ ကိုယ်စိတ်ညစ်နေတဲ့အခါ ဒီသီချင်းထဲကလိုပဲ လာပြောတာကို ကြားလိုက်ရတဲ့အတွက်လဲ စိတ်ထဲမှာတော်တော်လေး ပျော်လဲပျော်မိသလို ၀မ်းလဲနည်းမိပါတယ်။

Love



ကိုယ့်ချစ်သူအပေါ်ကို ကိုယ်တကယ်ချစ်တတ်ရဲ့လား ? ချစ်သူကို ချစ်တာလား ကိုယ့်ကိုကိုယ်ချစ်တာလား ဆိုတာ သေချာစဉ်းစားသင့်တယ်။ ချစ်သူကို ချစ်ပါတယ်ပြောနေပြီး အရာရာကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ချင်နေတာက ချစ်သူကို ချစ်တာလား ကိုယ့်လိုဘကို ဖြည့်ချင်တာလား။ တချို့တွေက ပြောကြပြန်တယ်။ အခုလို တားမြစ်နေတာတွေ သူလိုချင်တာတွေတောင်းဆိုနေတာက ချစ်သူကိုသိပ်ချစ်လို့ပါတဲ့။ ဘာဖြစ်လို့ သိပ်ချစ်လို့တားမြစ်တာပါဆိုပြီး ကိုယ့်ချစ်သူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ချင်ရတာလဲ။ တကယ်ချစ်တယ်ဆိုရင် သူ့ကိုလွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်အောင် ပေးနေသင့်တယ်။ အဲလိုတားဆီးပိတ်ပင်နေတော့ တဖက်လူက လွတ်လပ်မှုမရှိတော့သလို သူများစိတ်နဲ့ ကိုယ့်ကို နေရသလိုဖြစ်နေပါတယ်။

တချို့ကျတော့ ကိုယ့်ချစ်သူကို သ၀န်တိုတတ်ကြတယ်။ ချစ်သူရဲ့ အချော့ကို ခံချင်လို့ တမင်စိတ်ကောက်လိုက်တာ တမင်တကာ ချွဲလိုက်တာက ချက်ချင်းစိတ်ကောက်ပြေတတ်ကြပါတယ်။ ဒါပေမယ့် မိတ်ဆွေချင်း စကားပြောတာကို ဘာပြောမှန်းမသိပဲ စိတ်အထင်နဲ့ စိတ်ဆိုးပြီး ပြဿနာရှာတော့ ဘာမှမဟုတ်ပဲ ကိုယ့်ချစ်သူခမျာ စိတ်ညစ်ရပါတယ်။ အဲလိုသာမကြာခဏဖြစ်နေရင် ဘယ်လိုလုပ် ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ချစ်သူဘ၀ကို ရနိုင်တော့မလဲ. ။ ချစ်သူဖြစ်ပါစေ အိမ်ထောင်သည်ဖြစ်ပါစေ သူတို့မှာလဲ သူတို့လွတ်လပ်ခွင့်နဲ့ သူတို့ကိုယ်ပိုင်အချိန်တော့ ရှိပါတယ်။ တချိန်လုံး သူက ကိုယ့်အနားမှာ နေပြီး ကိုယ့်စိတ်တိုင်းကျ ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ကျတော့ ကိုယ်ခေါ်လိုက်ရင် ချက်ချင်းရောက်မှ ကြိုက်တာတို့ ချိန်းထားလို့ နောက်ကျရင် မကြိုက်လို့ ပြဿနာရှာတာတို့ လုပ်တတ်ကြတယ်။ မိန်ကလေးတော်တော်များများက အဲဒါမျိုးတွေ ဖြစ်တတ်ကြတယ်။ တကယ်တော့ သူ့မှာလဲ သူ့ကိစ္စလေးတွေ ရှိမှာပါ။ ယောကျာင်္လေးမိုလို့ အရင်ရောက်နေရမယ် နောက်မကျရဘူးရယ်လို့ ပုံသေမတွေးထားသင့်ဘူး။

ယောကျာင်္းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုရှိမယ်။ သစ္စာရှိမယ်။ နားလည်မှုရှိမယ်။ အေးမြတဲ့ မေတ္တာမျိုး ပေးနိုင်မယ်ဆိုရင် အဲဒီချစ်သူ ၂ ယောက်ရဲ့ဘ၀မှာ ပျော်ရွှင်စရာတွေ တော်တော်များများကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်မိတယ်။

နေချင်ပါတယ် ဒါပေမယ့်

မနေ့ညက အွန်လိုင်းမှာခင်လာတာ ကြာပြီဖြစ်တဲ့ မောင်လေးတယောက်က နှင်းမြန်မာပြည်ကနေ ပြန်လာတာကိုသိတော့ ဘာဖြစ်လို့ပြန်လာတာလဲ အစ်မက ထိုင်ဝမ်မှာပဲ အပြီးနေတော့မှာလား မြန်မာပြည်ကိုမလာတော့ဘူး စတဲ့မေးခွန်းတွေကို ဆက်တိုက်ကိုမေးလာပါတယ်။ မြန်မာပြည်မှာနေတာ ဘာများအဆင်မပြေတာရှိလို့လဲ ကောင်းနေတာပဲမှတ်လားတဲ့။လက်ရှိအဲဒီမောင်လေးက အနောက်နိုင်ငံတခုမှာ ရောက်နေတာဆိုတော့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူမသိလို့လဲ အခုလိုပြောတာလို့ တွေးမိပါတယ်။ မြန်မာပြည်ပြန်တဲ့အခါ ကိုယ့်မြေ ကိုယ့်နိုင်ငံကို ပြန်ရောက်လို့ ပျော်ရွှင်ရပါတယ်။ ကိုယ့်ဆွေမျိုးတွေကို တွေ့ရလို့လဲ ကြည်နူးရပါတယ်။ ဒါပေမယ့် ဒါတွေက ခဏတာ ပျော်ရွှင်ခဲ့ရတာပါ။ ဘ၀အတွက် ဘာလုပ်ရမလဲဆိုပြီး တွေးကြည့်လိုက်တော့ တော်တော်လေး စိတ်ညစ်သွားရပါတယ်။ ဘ၀နဲ့နှိုင်းပြီးပြောလိုက်ရင် ကြီးကျယ်တယ်ဖြစ်နေပါ့မယ်။

တနေ့တာ မနက်မိုးလင်းရင် ဘာစလုပ်ရမလဲလို့ စပြီးစဉ်းစားမိတယ်။ ပထမဆုံး မိုးလင်းတာနဲ့ စလုပ်ရတာကတော့ မီးမလာလို့ မီးသွေးစမွှေးရတာပါပဲ။ ချက်ပြုတ်ပြီးတာနဲ့ အိမ်အလုပ်တွေလုပ် ပြီးတာနဲ့ ကိုယ်ပိုင်အချိန်မှာ လုပ်ချင်တာတွေလုပ်ဖို့ စဉ်းစားမိတယ်။ ကွန်ပျူတာသုံးချင်တယ်ဆိုရင် မီးလာမှဖြစ်မယ်။ မီးစက်ဆိုတာက ကွန်ပျူတာကိုနိုင်လောက်အောင် အိမ်မှာမ၀ယ်ထားလို့ သုံးလို့မရတော့ဘူး။ မီးလာတဲ့အခါသုံးမယ်ဆိုတော့ မီးလာမှ ရေတင်လို့ရမယ် အ၀တ်လျှော်လို့ရမှာဖြစ်တော့ အဲဒါတွေကို ဦးစားပေးလုပ်လိုက်ရတယ်။ ဒါတွေပြီးလို့ ကွန်ပျူတာသုံးမယ်ဆိုရင် အွန်လိုင်းဆိုတာကို ချိတ်မှပဲ သုံးချင်တာသုံးလို့ရမယ်လေ။ အွန်လိုင်းမရှိတော့လဲ ကွန်ပျူတာဆိုတာ နှင်းအတွက် ဘာမှသိပ်အသုံးမကျတော့သလိုပဲ။ အွန်လိုင်းချိတ်တော့လဲ ကဒ်နဲ့သုံးမယ်ဆိုရင် အိမ်ဖုံးကို သူများတွေဆက်လို့မရတော့ဘူးလေ။ ADSL ဆိုတာကို သွယ်ဖို့ကျတော့လဲ ရုံးလုပ်ငန်းအတွက်မဟုတ်ပဲ ကိုယ့်တယောက်ထဲအတွက် မိဘကို ဒုက္ခမပေးချင်ပါဘူး။ အဲဒါတွေထားလိုက်ပါတော့။ ဒါတွေကမရှိလဲ ဖြစ်ပါတယ်လေ။ ၀ါသနာအရ လုပ်ချင်တာတွေမိုလို့ နေလို့ရပါသေးတယ်။

ကဲ ကိုယ့်ဘ၀ရပ်တည်ဖို့ အရေးကြီးတာက အလုပ်တခုခု လုပ်နေဖို့ပါပဲ။ ဘာလုပ်ရမလဲ စဉ်းစားလိုက်ပါတယ်။ အိမ်ရဲ့ အဓိကရပ်တည်ဖို့ ၀င်ငွေကို ပါပါး နဲ့ မာမားက ရှာနေတဲ့အတွက် နှင်းလုပ်စရာမလိုတော့ဘူး။ ဒါပေမယ့် ကိုယ်သုံးဖို့အတွက် ကိုယ်ရှာမယ်ဆိုတော့ ဘာလုပ်နိုင်မလဲ တွေးကြည့်တယ်။ မိဘဆီကနေ အရင်းအနှီးထုတ်ပြီး အလုပ်လုပ်မလား သူများဆီမှာ အလုပ်သွားလုပ်မလား နှစ်ခုစဉ်းစားမိတယ်။ မြန်မာနိုင်ငံမှာ အရင်နေခဲ့ကတည်းက သူများဆီမှာ အလုပ်လုပ်ဖို့ အိမ်ကခွင့်မပြုပါဘူး။ ကိုယ်တိုင်ကလည်း မလုပ်ချင်ခဲ့ပါဘူး။ အခုတော့ ပိုဆိုးသွားပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် အလုပ်ရဲ့ အတွေ့အကြုံ မြန်မာပြည်မှာ ဖြစ်နေတာတွေကို လိုက်လို့မမှီတော့ဘူးဆိုတာ ကိုယ်တိုင်သိပါတယ်။ မြန်မာပြည်ရဲ့ စီးပွားရေးက တော်တော်လေး အပြောင်းအလဲ မြန်နေတယ်လို့လဲ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ကအလုပ်တခုလုပ်လိုက်တာ သေချာပါတယ် မြတ်ကိုမြတ်မယ်ဆိုတာ လူတိုင်းသိနေပါတယ်။ တကယ်တမ်း ရှင်းမယ်လဲလုပ်ရော ရှုံးလိုက်တာ မပြောနဲ့တော့။ စိတ်တော်တော်ညစ်သွားပါတယ်။ ဟုတ်ကဲ့ ရုံးစာထုတ်လိုက်တာ မင်းတို့မသိလို့ အခုလိုဖြစ်တာပါတဲ့။ ကဲ ဘာပြောတတ်တော့မှာလဲ သူတို့ခေတ်ပဲလေ သူတို့စိတ်တိုင်းကျပဲပေါ့။ ကိုယ်တွေက အပြင်ကစီးပွားရေးလုပ်တဲ့သူလေ။ သာမန်အဆင့်က စီးပွားရေးလုပ်တဲ့သူဆိုတော့ ဘယ်လိုလုပ် အထဲကကိစ္စကို သိမလဲ။ ထားလိုက်တော့ အားလုံးက ကံမကောင်းလို့ သတိတချက်လွတ်သွားလို့ဆိုပြီး စိတ်ကိုတော်တော်လေး ထိန်းလိုက်ရတယ်။ မြန်မာပြည်ပြန်ပြီးလုပ်လိုက်တာ ရင်ဝကို စောင့်ကန်ခံလိုက်သလို ဖြစ်သွားတယ်လေ။
အဲဒါကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ မိဘတွေ သိတဲ့လူတွေ လုပ်တာတောင် ဒီလိုဖြစ်တယ်ဆိုရင် နှင်း လိုဘာမှမသိသေးတဲ့ ချာတိတ်တယောက်က ဘယ်လောက်အထိလုပ်နိုင်မှာလဲ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို အားကိုးပြီး လုပ်မယ်လို့ စိတ်မကူးလိုက်ပါနဲ့။ သူငယ်ချင်းအရင်းကြီးက လုပ်လိုက်လို့ ဆုံးရှုံးသွားရတဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ အခုနေအခါမှာတော့ လူငယ်တယောက်အတွက် တက်လမ်းဆိုတာကို ရှာလို့ ဘယ်မှာတွေ့နိုင်မလဲလို့ စဉ်းစားမိတယ်။ လူငယ်ဆိုတာက တက်ကြွနေတတ်သလို ဘ၀ကို မြင့်သထက်မြင့်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ရှင်သန်နေကြတာပါ။ လူငယ်ဆိုတဲ့ မာန်လေးလဲရှိတော့ လုပ်လိုက်ရင် အောင်မြင်မှုဆိုတာကို လိုချင်ကြတာပါ။ ဒါပေမယ့် လုပ်ဖို့အခွင့်အရေးမရှိတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြစရာမရှိဖြစ်နေပါတယ်။ ဘယ်သူမဆို ကိုယ်မွေးတဲ့နေရာ ကိုယ့်မိဘတွေ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာပဲ နေချင်ကြတာပါပဲ။ ဒါပေမယ့် အဲဒါတွေက ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးလို့ မရနိုင်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါ ပျော်ရာမှာမနေ တော်ရာမှာနေရဆိုသလို အားလုံးကိုစွန့်ခွာပြီး အဝေးကို ထွက်လာကြရတာပါ။
မြန်မာပြည်ကိုလဲ ချစ်ပါတယ်။ မြန်မာပြည်မှာလဲ နေချင်ပါတယ်။ မိဘတွေနဲ့လဲ မခွဲချင်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ ကိုယ်လိုချင်တဲ့ ဘ၀တခုအတွက် အားလုံးကိုခွဲပြီး ပြန်လာခဲ့ရတာပါ။ တချိန်ချိန်တော့ မြန်မာပြည်ကို အပြီး ပြန်သွားဖြစ်မှာပါ။ အရာရာငြိမ်းချမ်းပြီး လူငယ်တွေအတွက် နေရာရမယ့်အချိန်ပေါ့.............

Saturday 5 September 2009

Daily

နေ့စဉ်နေ့တိုင်း မဖြစ်မနေ စိတ်ပါလဲလုပ် မပါလဲလုပ်နေရတဲ့ နှင်းတယောက်ရဲ့ တနေ့တာလှုပ်ရှားမှုလေးကို အခုလိုချရေးမိပါတယ်။

၁။ မနက်ခင်းမိုးလင်းလို့ ၆ နာရီမှာ Alarm ကမည်လာတာနဲ့ မဖွင့်ချင်သေးတဲ့ မျက်လုံးကို အတင်းကြိုးစားဖွင့်ရင် ရေချိုးခန်းထဲဝင်ပြီး ရေမိုးချိုး ကိုယ်လက်သန့်စင်လိုက်ပါတယ်။

၂။ ရေချိုးပြီးတာနဲ့ ဘုရားရှစ်ခိုး မေတ္တာပို့ ပါတယ်။ အဲဒါပြီးရင်တော့ ကိုယ်စားချင်တာ ဒါမှမဟုတ် ဦးလေးနဲ့ အဒေါ်ကလုပ်ပေးထားတဲ့ မနက်စာကို အိမ်မှာပဲ စားလိုက်ပါတယ်။

၃။စားပြီးပြီးဆိုရင် အ၀တ်လဲပြီးတာနဲ့ အိမ်ကနေ ၇ နာရီ ၄၀ မိနစ်လောက်မှာ စထွက်ပါတယ်။ ၅ မိနစ် ကျော်ကျော်လောက် လမ်းလျှောက်ပြီးရင်တော့ အလုပ်သွားဖို့အတွက် ကားမှတ်တိုင်ကို ရောက်သွားပါတယ်။

ဒီကားမှတ်တိုင်လေးမှာ မနက်တိုင်း ကားစီးပါတယ်။
ကားပေါ်မှာပါ။
၎။ ကားကတော့ သိပ်အကြာကြီး မစီးရပါဘူး။ လမ်းမပိတ်ဘူးဆိုရင် ၁၀ မိနစ်လောက်ပါပဲ။ လမ်းပိတ်ရင်တော့ ၁၅ မိနစ်လောက်ဆိုရင် အလုပ်ရုံနားက မှတ်တိုင်ကို ရောက်ပါတယ်။ အဲဒီမှတ်တိုင်ကနေ ၅ မိနစ်ကျော်ကျော်လောက် လမ်းပြန်လျှောက်လိုက်ရင်တော့ နှင်းအလုပ်လုပ်တဲ့ နေရာကိုရောက်ပါတယ်။
ဒါကတော့ နှင်းအလုပ်လုပ်တဲ့ နေရာပါ။ နှင်းရဲ့အလုပ်ရုံက တိုက်ရဲ့ အပေါ်ဆုံးထပ် ၁၃ ထပ်မှာပါ။



အလုပ်ရုံထဲကနေ မြင်နေရတဲ့ မြင်ကွင်းတွေပါ။



ဟိုးမှာ ၀ိုးတ၀ါးလေး မြင်နေရတဲ့ တိုက်အမိုး ချွန်လေးကတော့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတိုက် ၁၀၁ အဆောက်အဦးပါပဲ

တောင်တန်းတွေကိုလှမ်းမြင်နေရတော့လဲ တခါတလေ ဘာကိုလွမ်းမှန်းမသိ လွမ်းနေမိပြန်တယ်။
၅။ အဲဒီလိုမြင်ကွင်းတွေကို မနက်ခင်း ၈ နာရီ ၃၀ မိနစ်လောက်ကနေ ညနေ ၆ နာရီ ဒါမှမဟုတ် ည ၈နာရီ ၃၀ လောက်အထိ တွေ့မြင်ခဲ့ရပြီးရင်တော့ တနေ့တာ အလုပ်ချိန်အပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်အပြန်ကိုတော့ ဦးလေးက နေ့တိုင်း လာကြိုပေးလို့ ကားစီးရတဲ့ ဒုက္ခကနေ ဝေးသွားပါတယ်။
၆။ အိမ်ရောက်တာနဲ့ အ၀တ်လဲပြီး နောက်နေ့ထမင်းချိုင့်ထည့်ဖို့ ဟင်းချက်ပါတယ်။ အားလုံးလုပ်လို့ပြီးရင်တော့ ရေမိုးချိုးလို့ ထမင်းစားချင်စိတ်ရှိရင်လဲ စားလိုက်ပါတယ်။ မိုးချုပ်လို့ရှိရင်တော့ မစားတော့ပဲ တခုခုပဲစားလိုက်ပါတယ်။
၇။ အဲလိုတွေ လုပ်လို့ ပြီးတဲ့အချိန်လောက်ဆိုရင်တော့ ည ၉ နာရီကျော်သွားပါပြီ။ နှင်းရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ အခုမှ စတာပါ။ အဲလိုကိုယ်ပိုင်အချိန်လေးမှာတော့ ကွန်ပျူတာရှေ့ ထိုင်ပြီး အချိန်ကုန်လိုက်တာ ည ၁၁ နာရီ ဒါမှမဟုတ် ၁၂ နာရီလောက်မှာတော့ ဦးလေးနဲ့အဒေါ်ရဲ့ မအိပ်သေးဘူးလားဆိုတဲ့ သတိပေးသံနဲ့အတူ အခန်းမီးလေးပိတ်လို့ အဖော်လေးဖက်ပြီး အိပ်လိုက်တာ နောက်တနေ့မနက် နှိုးစက်သံလေး မကြားမချင်းပေါ့။


၁၁ နာရီလောက်ဆိုရင်တော့ သူလေးက နှင်းရဲ့အဖော်လေးဖြစ်သွားပြီ။ ဘယ်တော့မှမပြောင်းလဲတဲ့ အဖော်လေးပေါ့။
အွန်လိုင်းပေါ်မှာ ဘလော့မှာအချိန်တော်တော်ကုန်တာကို ကိုယ်တိုင်သတိမထားမိပါဘူး။ ဒါပေမယ့်လည်း တနေ့တာမှာ အဲဒီအချိန်လေးကပဲ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတဲ့ ကိုယ်ပိုင်အချိန်လေးဖြစ်လို့ ကျေနပ်မိပါတယ်။ ဒါကြောင့်လဲ ဘလော့လေးကို တန်ဖိုးထားမိတယ်။ ဘလော့ဂါမောင်နှမတွေကိုလဲ ခင်တွယ်မိတယ်။

နောက်လဲလာလည်နော်

Glitter Graphics