Saturday 17 April 2010

ရောင်ပြန်

လတ်တလော သတိထားမိတဲ့အဖြစ်လေးကို ပြောပြချင်တာပါ။ လူတွေရဲ့စိတ်က ထားတတ်ဖို့မလွယ်ပါဘူး.။ ဟိုတလောက အလုပ်ထဲမှာ တယောက်အလုပ်ထွက်သွားပါတယ်။ အဲဒီလူနဲ့တွဲလုပ်တဲ့တယောက်က နောက်ထပ်လူအစားထိုးမလာခင် အရင်လူထိုင်သွားတဲ့ခုံက ထိုင်လို့ပိုကောင်းတယ်လို့ထင်ပြီး သူထိုင်တဲ့ခုံနဲ့ လဲထားလိုက်ပါတယ်။ နောက်ရောက်လာတဲ့သူက မသိတဲ့အတွက် စိတ်ထဲမှာ ဘယ်လိုမှမနေပါဘူး။ ဒါပေမယ့် အဲလိုလဲထားပြီး ထိုင်မယ်လို့ရည်ရွယ်ထားတဲ့တယောက်ကတော့ နောက်ရက်ကစပြီး နေရာပြောင်းခံရပါတယ်။ သူထိုင်ချင်ပါတယ်ဆိုပြီး သူတပါးမသိအောင် တမင်လဲထားပေမယ့် သူ့မှာထိုင်ခွင့်မရခဲ့ပါဘူး။ အဲဒီအဖြစ်ကို ဘေးကနေ မြင်နေရပေမယ့် အစမှာတော့ တရက်တလေပြောင်းတာလို့ ထင်ခဲ့တယ်။ဒါပေမယ့် အခုတော့ ၁ လလောက်ကြာလာပါတယ်။ တိုက်ဆိုင်တာပဲလား တကယ်ပဲ ကိုယ့်စေတနာ ကိုယ်ရောင်ပြန်ဟပ်တာပဲလားဆိုတာတော့ မသိတော့ပါဘူး။ ဒါပေမယ့် ဘာမဟုတ်တာလေးတွေကအစ စိတ်ကိုထားတတ်ဖို့လိုတယ်ဆိုတာတော့ သိလာပါတယ်။ သူတပါးအပေါ် စေတနာတကယ်ထားတတ်ဖို့ လိုပါတယ်။


ဘ၀တွေကြမ်းပုံများ





မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းတယောက်က သူ့အလုပ်အကြောင်းပြောရင်း နှင်းကို စာရေးပေးပါလားဆိုပြီး ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကဓါတ်ပုံလေးတွေ ပို့ပေးပါတယ်။ ခရီးသွားရင်း ရိုက်လာတာဖြစ်ပြီး မြင်ရတာ စိတ်မကောင်းဘူးလို့ပြောပါတယ်။ မြန်မာပြည်အနေနဲ့ မြင်နေကျ ရိုးနေပြီလို့ ပြောလို့ရပေမယ့် နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုမဖြစ်နိုင်ဘူးဆိုတာသိကြမှာပါ။ ထမင်းတနပ် စားရဖို့အတွက် နေပူနေပြီလား မိုးရွာနေသလားဆိုတာ ဂရုမစိုက်နိုင်ပဲ အရွယ်ရောက်လို့ အလုပ်လုပ်နိုင်တာနဲ့ ရုန်းကန်နေရတဲ့ ကျောင်းစာသင်ဖို့ဆိုတာ နေနေသာသာ မနက်စာစားပြီးတာနဲ့ ညစာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ ပူပင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ ဘ၀တွေပါ။

အပျိုအရွယ်လေးမို့ လှလှပပနေနိုင်ဖို့ဆိုတာဝေးလို့ တောတောင်ထဲမှာ သဘာဝဘေးတွေကိုမကြောက်နိုင်ပဲ ထမင်းနပ်မှန်လို့ ထင်းခုတ် ဟင်းရွက်ခုးပြီးဝမ်းရေးကို ဖြေရှင်းနေရတဲ့သူတွေပါ။ ဈေးလေးရောင်းဖို့တောင် အရင်းအနှီးမရှိလို့ ခွန်အားကိုထုတ်ရောင်းပြီး တန်ရာတန်ကျေးဆိုတာထက် အလုပ်ရှိဖို့ ငွေရဖို့အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ မိုးထဲရေထဲမှာ အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေရရှာတဲ့ ဆယ်ကျော်သက် လူငယ်တွေရဲ့ဘ၀တွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။ ကျောင်းစာသင်ရမယ့်အရွယ်မှာ ၀မ်းရေးကိုဖြေရှင်းနေရတဲ့အတွက် ဗဟုသုတဆိုတာလည်း နည်းသွားပါတယ်။ ဒါပေမယ့် သူတို့လေးတွေရဲ့ဘ၀ကို အပြုံးမပျက် ကြိုးစားပြီး ဖြတ်သန်းနေကြပါတယ်။

နောင်လာမယ့် အနာဂတ်မှာ ဘယ်လိုရင်ဆိုင်ကြမလဲ။ ဒီလိုအဖြစ်မျိုးတွေ တနေ့တခြား များလာမယ်ဆိုရင်တော့ ရင်လေးစရာပါပဲ။

အခုလိုဘ၀တွေကနေ မြန်မြန်လွတ်မြောက်ဖို့ ဆုတောင်းမိပါတယ်။

Sunday 11 April 2010

နှစ်ဆန်းတရက်



ဒီနေ့တော့ အချိန်ပိုဆိုတာကို မသွားတော့ပဲ အိမ်မှာပဲ နေဖြစ်ပါတယ်။ စောစောထလို့ ချက်ပြုတ်ပြီးတော့ ဆွမ်းတော်ကပ်ရင်း လူသားတွေ နှစ်သစ်မှာ ဘေးကင်းပြီး စိတ်ချမ်းသာပျော်ရွှင်ပါစေလို့ ဘုရားရှင်ထံမှာ ဆုတောင်းမိပါတယ်။ သင်္ကြန်တွင်းမှာ သတင်းဆိုးတွေကြားလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ နှစ်သစ်ကူးမှာ အခုလိုကြားလိုက်ရတာ စိတ်ထဲမှာ တော်တော်လဲကြောက်မိတာ အမှန်ပါပဲ။ မြန်မာပြည်အိမ်ကို ဖုန်းဆက်တော့ အိမ်မှာပရိတ်ရွတ်တယ်လို့ပြောတယ်။ မြန်မာနှစ်သစ်ကူးဆိုတဲ့ ခံစားချက်ကို မခံစားရတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ အခုတော့လဲ သင်္ကြန်ဆိုတာကို ရင်မခုန်တတ်တော့ပါဘူး။ ကလေးဘ၀တုန်းကတော့ သင်္ကြန်ရောက်ခါနီးရင် တော်တော်ပျော်ပါတယ်။ အခုကျတော့ အော် သင်္ကြန်ရောက်ပြီလားဆိုတဲ့ စကားလေးတခွန်းလောက်ပဲ ပြောဖြစ်ပါတယ်။

မနေ့ညက သူငယ်ချင်းက နှစ်ဆန်းတရက်နေ့ ရွှေတိဂုံသွားမလို့ နှင်းအတွက်ဆုတောင်းပေးခဲ့မယ်ဆိုလို့ အရင်တုန်းက နှစ်ဆန်းတရက်တိုင်း မာမားနဲ့ ဘုရားသွားခဲ့တာကို သတိရမိပါတယ်။ သူငယ်ချင်းကိုလည်းကျေးဇူး တင်မိပါတယ်။ အခုတော့လဲ အဝေးတနေရာကနေ ရည်မှန်းပြီး ကန်တော့မိပါတယ်။ လာမယ့် နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြတ်သန်းရဦးမယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး မြန်မာနှစ်ဆန်းတရက်နေ့ကစပြီး နှစ်သစ်မှာ ဘေးကင်းပြီး စိတ်ချမ်းသာပျော်ရွှင်ဖို့ ဆုတောင်းလိုက်ပါတယ်။

Monday 5 April 2010

for u



လိမ်ညာမှုတွေနဲ့ လှည့်စားနေတာ
ငါ မသိလို့မဟုတ်ဘူးနော်
မင်းရဲ့သိက္ခာအတွက်
ငါ မသိသလိုနေလိုက်တာ။

အကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ
တခြားတယောက်ရှိနေတာသိပေမယ့်
ခြေလှမ်းပြင်နေတဲ့မင်းအတွက်
ငါ့နှုတ်ကပြောထွက်လိုက်တာက
ရပါတယ် သွားပါတဲ့။

မချစ်လို့မဟုတ်ဘူးနော်
ငါ့ချစ်သူ စိတ်ချမ်းသာဖို့အတွက်
နှလုံးသားကိုစတေးလိုက်တာ။

ရယူဖို့အတွက် ချစ်ခဲ့တာမဟုတ်သလို
ပေးဆပ်ဖို့တခုတည်းနဲ့
ငါ့နှလုံးသားကတော့
မင်းအတွက် အမြဲတမ်း
နားလည်ပေးနေမှာပါ။

ရာသက်ပန် အပြစ်မမြင်
ချစ်ခင်လျက်ပါပဲ။

ဆုံးမစာ

ံလူ့ဘ၀ဟာ တိုတိုလေးပါ။
အကုသိုလ်နဲ့ အချိန်မကုန်ပါစေနဲ့ ကုသိုလ်ကိုပဲလုပ်ပါ။
အရင်တုန်းက မိုက်မှားသမျှရှိရင်
အခုချိန်ကစပြီး အားလုံးကို ရပ်ပစ်လိုက်တော့။


တိရိစ္ဆာန်လိုများများနေရင် မှတ်ထား
သေရင်တိရိစ္ဆာန်ပဲဖြစ်တာပဲ။
တိရိစ္ဆာန်ဟာ အိပ်တယ် စားတယ် ကာဂုဏ်ခံစားတယ်။
ဒီသုံးမျိုးပဲလုပ်တယ်။ ကုသိုလ်ဆိုဘာမှမလုပ်ဘူး
လူဖြစ်ပြီးတော့ အိပ်လိုက် စားလိုက် ကာမဂုဏ်ခံစားလိုက် ဒီလိုပဲနေမယ်
ကုသိုလ်ဘာမှမလုပ်ဘူးဆိုရင် တိရိစ္ဆာန်ပဲ။


အထုပ်ကလေး တပြင်ပြင် အထုပ်ရှင်သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား။
အထုပ်ရှင်မှာအလကား ဘာမှလည်းပါမသွား
သေရွာကြတော့ အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား

ဆရာတော် အရှင်ဇ၀န ရဲ့ ဆုံးမစကားတွေပါ။

နှင်းတို့တွေမှာ လူရယ်လို့ဖြစ်လာပြီးရင် လိုချင်တက်မက်စိတ်တွေ ဖြစ်ချင်တာတွေနဲ့ တနေ့တနေ့ အချိန်ကုန်လာပြီး အိုမင်းလာတာကို သတိမမူမိပါဘူး။ မအိုမသေတော့မယ့် တည်မြဲမယ့်အရာတွေလို့ ထင်ပြီး အရကိုယူချင်နေပါတယ်။ တကယ်တော့ လူရယ်လို့ဖြစ်လာပြီးတာနဲ့ သေခြင်းတရားကလည်း ကပ်ပါလာပါတယ်။ မသေခင် ဘာလုပ်ရမလဲလို့ သေချာစဉ်းစားကြည့်လိုက်ရင် တကယ်သေရမှာ ကြောက်ဖို့ကောင်းလာပါတယ်။
အခုချိန်ထိ ကိုယ်သေဖို့အတွက် ဘာမှမပြင်ဆင်ရသေးတဲ့အတွက် တကယ်သေရမှာကြောက်ပါတယ်။ နှင်းတို့တွေ သတိလက်လွတ်ဖြစ်နေတာလေးတွေကို ဆရာတော်က တိုတိုရှင်းရှင်းလေးနဲ့ ဆုံးမစကားပြောထားတာလေးကို မျှဝေပေးလိုက်ပါတယ်။

အဖြူရောင်






ခုတလော စိတ်ထဲမှာ ခံစားချက်အမျိုးမျိုးဖြစ်နေတယ်။ တခါတလေ ၀မ်းနည်းမိသလို တခါတလေလဲ ကြည်နူးမိတယ်။ တခါတလေ ကိုယ်ကပေးဆပ်နေရတဲ့သူအဖြစ် ခံစားမိတယ်။ ဒါပေမယ့်လည်း ဒီဘ၀ထဲမှာပဲ ကိုယ်တိုင်ကပျော်နေတာပါ။ လူတိုင်းမှာ အတ္တဆိုတာရှိတာပါပဲ။ နှင်းကိုယ်တိုင်လဲ ရှိတာပေါ့။ ဒါပေမယ့် အဲဒီအတ္တက နှင်းချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တာပါ။ အတ္တဆိုတာရှိလာမှတော့ ပူလောင်မှုလဲပါလာတာပေါ့။ တခါတလေ ကိုယ့်မှာပူလောင်နေရပေမယ့် ကိုယ်ချစ်ရတဲ့သူတွေ ပျော်ရွှင်နေတယ်ဆိုရင် ကျေနပ်တယ်။

မာမားပြောဖူးတဲ့စကားလေးကို သိရမိတယ်။ လူတွေရယ်လို့ ဖြစ်လာပေမယ့် တချို့က ပေးဆပ်ဖို့ရောက်လာပြီး တချို့ကတော့ တောင်းယူဖို့ရောက်လာတာတဲ့။ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ စဉ်းစားကြည့်ပါတဲ့။

ပေးဆပ်တယ်ဆိုတာကို တချို့က အရှုံးပေးတယ်လို့ ထင်ချင်လဲထင်မယ်။ မနိုင်တော့လို့ အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ အနိုင်အရှုံးဆိုတာ စိတ်ထဲမှာကိုမရှိတော့ပဲ ကိုယ့်အတွက်ဘာမှမလိုချင်တော့တာပါ။ အဖြူရောင်မေတ္တာသက်သက် ပေးဆပ်ချင်တာပါ။ ဘာမှတုံ့ပြန်ဖို့မလိုပါဘူး။



Friday 2 April 2010

နေရာ

သားသမီးနေရာမှာ

မေမေ ဒါလေးလိုချင်တယ် ၀ယ်ပေးနော် မရရင်စိတ်ကောက်လိုက်မှာ။
အသားပဲစားချင်တာနော်။ မုန့်ဖိုးကမလောက်ဘူး။ ထပ်ပေးနော်။ သမီးကတော့ သူ့ကိုပဲချစ်တာ မေမေတို့လက်ခံပေးနော်။

ကိုယ်တိုင်မိဘနေရာရောက်တော့

ဒါလေးက သားသမီးအတွက်။ မရရင်သူတို့စိတ်ဆင်းရဲမှာ။အသားလေးကသားသမီးအတွက် အရိုးလေးပဲစားတော့မယ်။ ငါ့အတွက်မလိုပါဘူး။ မုန့်ဖိုးလေးပိုပေးလိုက်မယ်။ ကောင်လေးကိုသဘောမကျဘူး ဒါပေမယ့် သမီးစိတ်ချမ်းသာဖို့။

ကိုယ်က သားသမီးနေရာမှာရှိတုန်းက မိဘတွေဘယ်လိုဖြစ်လဲမစဉ်းစားခဲ့ဘူး။ မသိခဲ့ဘူး။ ကိုယ့်အတွက်ဆိုတဲ့ အတ္တပဲရှိတယ်။ ကိုယ်တိုင်မိဘနေရာရောက်မှ မိဘတွေရဲ့မေတ္တာကို ပိုပြီးသိနိုင်တယ်။ ကိုယ်သိလိုက်တဲ့အချိန်မှာ ပြန်လည်ပေးဆပ်ဖို့အတွက် မိဘတွေရှိနေသေးတယ်ဆိုရင်တော့ ကံကောင်းပါတယ်။ တကယ်လို့များအသိနောက်ကျခဲ့မယ်ဆိုရင် ဘာနဲ့မှ ပြန်အစားထိုးလို့မရတော့တဲ့ ဆုံးရှုံးမှုပဲ။ နောင်မှသိတာမျိုးမဖြစ်အောင် နေရာလေးကို ခဏအစားထိုးပြီး ၀င်ကြည့်လိုက်ကြပါ။

နောက်လဲလာလည်နော်

Glitter Graphics