Thursday 20 May 2010

တနေ့တာအလွဲများ

ဒီနေ့တော့ ပြောကိုမပြောချင်တော့ပါဘူးလို့ပဲ ပြောလိုက်ချင်တယ်။ မနက်မိုးလင်းလို့ အိမ်ကစထွက်ကတည်းက လွဲလိုက်တာ ညနေမိုးချုပ်တဲ့အထိပါပဲ။ အိမ်ကထွက်လို့ မနက်စာဝင်ဝယ်တော့ ခဏလေးစောင့်ပါဆိုလို့ ထိုင်စောင့်လိုက်တယ်။ မှာထားတာပြီးပြီဆိုလို့ ပိုက်ဆံရှင်းတော့ ၁ ကျပ်စေ့ကို ၅၀ အစေ့ထင်ပြီင်္း ဆိုင်ကထွက်လာတာ လမ်းတ၀က်ကျမှ လက်ထဲကြည့်တော့ ၁ ကျပ်စေ့ဖြစ်နေတယ်။ ပြန်သွားပြောဖို့ကျတော့ အလုပ်ချိန်ကနီးနေပြီ ထားလိုက်ပါတော့ဆိုပြီး ကားမှတ်တိုင်ဆီ သုတ်ချေတင်သွားတာ မှတ်တိုင်ရောက်တော့ စီးမယ့်ကားက ကပ်ပြီးလွတ်သွားတယ်။ ရပါတယ် နောက်ထပ်ကားကမြန်တယ်ဆိုပြီးစောင့်လိုက်တာ မိနစ်၂၀လောက်ကြာသွားတယ်။ အရင်ဆိုရင် ၃ စီးလောက်လာနေကျ ဒီနေ့ကျမှ ၁ စီးတည်းကို လူတွေပြုံတက်လိုက်တာ ကားကကျပ်နေတယ်။

ဒီလိုနဲ့အလုပ်ရောက်တော့ ကွန်ပျူတာလေးဖွင့် ဒီနေ့အရေးကြီးတဲ့ပစ္စည်းရှိတာ မြန်မြန်လုပ်လိုက်မယ်ဆို ထိုင်ကာရှိသေး လူကြီးတွေရောက်လာပြီး ပစ္စည်းဘာလို့မထွက်သေးတာလဲဆိုပြီး ပြောပါလေရော။ ကဲ တမနက်လုံး လူကအဆင်မပြေလာတော့ ဒေါသလေးကနည်းနည်းထွက်နေပြီ။ လူကြီးကိုလဲမသိတော့ဘူး။ ငါမပြီးတာမဟုတ်ဘူး testing ကစစ်မပေးလို့မပြီးတာဆိုပြီးဘုတောလိုက်တယ်။ လူကြီးတယောက်က ပြောပြီးလှည့်အထွက် နောက်တယောက်ကရောက်လာပြီး မေးပြန်ရော။ မရတော့ဘူး။ ဒေါသက တော်တော်ထွက်နေပြီ။ ဒေါသထွက်ထွက်နဲ့ ကစ္စည်းကိုလုပ်လိုက်တာ လက်စသတ်ဒါနီးလည်းကျရော နောက်ပစ္စည်းတခုဆင်တာ ပြဿနာရှိုလို့ နင့်ဆီရောက်လာရင် အမှားဖမ်းပေးပါဦးတဲ့။ ကဲ ထားလိုက်တော့ ကိုယ်ကနောက်ဆုံးအဆင့်ကြည့်ရမှာပဲဆိုပြီး ဟုတ် ကြည့်လိုက်မယ်ဆိုပြီး နေလိုက်တယ်။

ထမင်းစားနားတော့မယ်ဆိုတော့ လူကစားတဲ့ဆီစိတ်ရောက်သွားတော့ ဒေါသတွေလည်းမရှိတော့ဘူးပေါ့။ ဒီလိုနဲ့ ကိုယ်နဲ့ တွဲလုပ်တဲ့သူတွေ ဘယ်လိုနေလဲသွားကြည့်မယ်ဆိုပြီးအသွား နောက်ပြဿနာတခုက ဆီးကြိုနေပြန်တယ်။ အရေးကြီးပါတယ်ဆိုတဲ့ အာမခံတံဆိပ်ကို မကပ်မိဘူးတဲ့လေ။ ဘယ်လိုလုပ်ကြမလဲ။ ခေါင်းဆောင်ကိုပြောတော့ စိတ်ဆိုးပြီး သွားပြောပါလေရော။ မတတ်နိုင်တော့ဘူး။ သေချာမှာထားတာကို အခုလိုဖြစ်တော့ နှင်းလဲတော်တော်စိတ်ဆိုးမိတယ်။ တွဲလုပ်တဲ့သူတွေမှားရင် နှင်းကအရင်အဆူခံရပါတယ်။ နှင်းသေချာမပြောလို့ မသင်လို့ဆိုပြီး အပြောခံရပါတယ်။ ခေါင်းဆောင်ကပြောရှာတယ် စိတ်ကိုလျှော့ပါတဲ့။ သူကပြောသာပြောတယ်။ သူကိုယ်တိုင်လဲ စိတ်မလျှော့နိုင်ရှာဘူး။ သူကတော့ တာဝန်ပိုကြီးတာပေါ့။ ဒီလိုနဲ့ ထမင်းစားသွားလိုက်ကြတယ်။

အလုပ်လဲပြန်တက်ရော ပြဿနာနောက်တခုက ဆီးလို့ကြိုနေပြန်တယ်။ ဒီတခါတော့ ဒေါသကအထွတ်အထိပ်ရောက်သွားပြီ။ မရတော့ဘူး။ အရေးကြီးတယ်နော် အမှားလုံးဝမခံဘူးနော် သတိထားပါဆိုတာ နေ့တိုင်းပြောပါတယ်။ ကိုယ်တိုင်လဲ အမြဲသတိထားနေရပါတယ်။ နှင်းတို့ဆီမှာက bar code printer တွေထုတ်တယ်။ printer တိုင်းမှာ adapter ကိုတွဲပေးထားပါတယ်။ တွဲထားပြီးတဲ့ printer နဲ့ adapter ကို မှားပြီးထည့်လို့မရပါဘူး။ အခုတော့ တလွဲတွေထည့်ထားတော့ ပြဿနာကကြီးသွားပါပြီင်္။ ပထမကတော့ တခုတလေပဲဆိုပြီး ရပါတယ်။ နှင်းကွန်ပျူတာကနေကြည့်ပေးမယ်ဆိုပြီး တခုချင်းကြည့်ပါတယ်။ နောက်ကျတော့ တခုမကဘူး နောက်က LAN Card တွေပါ နံပါတ်တွေမှားနေပြီဆိုတော့ နှင်းလဲသည်းမခံနိုင်တော့ဘူး ထုတ်လုပ်ရေးရဲ့ ခေါင်းဆောင်ကိုသွားခေါ်ပြီး လာကြည့်ခိုင်းပါတယ်။ ဘယ်သူလဲဆူိုပြီးစစ်လိုက်တော့ ကိုယ်နဲ့တွဲတဲ့သူကလုပ်လိုက်တာ။ မတတ်နိုင်တော့ဘူး။ ငါတော့ ဒီလူနဲ့တွဲပြီး ဘယ်လိုလုပ်လဲဆိုတော့ ချက်ချင်းပဲ ၀န်ထမ်းရေးရာဌာနက လူကြီးရောက်လာပြီး လုပ်တဲ့သူကိုလာခေါ်သွားပါတော့တယ်။ ဒီလိုစကားတွေလဲ မပြောချင်ပါဘူး။ ကိုယ့်ကြောင့်လဲ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် အဲဒီလူတယောက်ရဲ့ လုပ်ရပ်ကြောင့် အလုပ်တခုလုံး ထိခိုက်မှာဆိုတော့ မပြောချင်လဲ ပြောလိုက်ရတယ်။

အလုပ်ဆင်းလို့အိမ်ပြန်မယ်ဆိုပြီး ဓါတ်လှေခါးစီးတော့ ၁ ထပ်မှာဆင်းမှာကို မနှိပ်မိပဲ မြေအောက်ထပ်ထိပါသွားတော့မလို့ ၃ ထပ်ရောက်မှ မြန်မြန်နှိပ်လိုက်ရတယ်။ ပြန်ခါနီးသာထပ်လွဲရင်တော့ မကောင်းတော့ပါဘူး။

တနေကုန် ပြဿနာပေါင်းစုံနဲ့ လူကတော်တော်ကိုမောပါတယ်။ ဒီနေ့လောက် တလွဲတွေများတာ ဒီနေ့ပါပဲ။ အခုလိုအလွဲတွေနဲ့ နောက်ရက်တွေမဆုံပါစေနဲ့လို့ ဆုတောင်းပါတယ်။

Friday 14 May 2010

ပါးကွဆန်း


ပါးကွဆန်းက ဗုဒ္ဒရုပ်ပွားတော်


ရုပ်ပွားတော်ကြီးကို ကျောင်းဆောင်ပေါ်ကမြင်ရပုံ


ရုပ်ပွားတော်ကြီးရဲ့အတွင်းပိုင်း



ရုပ်ပွားတော်ကြီးရဲ့နောက်က ၃ ထပ်ကျောင်းဆောင်


တရုတ်ရိုးရာ ရုပ်တုတွေ



၃ထပ်ကျောင်းဆောင်ပေါ်က ရုပ်ပွားတော်




ကျောင်းဆောင်ကြီးဘေးမှာ

ထိုင်ဝမ်ကို ပြန်လာပြီး အလုပ်အသစ်ကို စ၀င်ကတည်းက ဖိအားတွေ အရမ်းများပါတယ်။ အလုပ်ထဲမှာ အတူတူလုပ်တဲ့ အစ်မတွေ ဆရာသမားတွေကလည်း အလုပ်ရဲ့ဖိအားကို ဖြေဖျောက်ဖို့အတွက် ပိတ်ရက်တွေမှာ နေ့ချင်းပြန်ခရီးတွေ သွားတတ်ပါတယ်။ အခုတော့ နှင်းလဲ သူတို့နဲ့အတူ နေရာတော်တော်များများ ရောက်ဖြစ်ပါတယ်။ ဒီတခါတော့ ပါးကွဆန်း လို့ တရုတ်လိုခေါ်တဲ့ မြတ်စွာဘုရားရုပ်ပွားတော် အကြီးကြီးရှိတဲ့နေရာကို ရောက်ခဲ့ပါတယ်။ ထိုင်ပေကနေ ထိုင်ကျုံးလို့ခေါ်တဲ့ အလယ်ပိုင်းမြို့ကို သွားတဲ့လမ်းကနေ လမ်းခွဲသွားရတာပါ။ လမ်းကြောသိပ်မကျွမ်းတဲ့အတွက် သေချာမပြောနိုင်တာတော့ နားလည်ပေးပါနော်။ ဂျပန်နိုင်ငံမှာလဲ ရှိသလို ထိုင်ဝမ်မှာလဲ ရှိတယ်လို့သိတော့ ဆရာတွေကလဲ ဘုရားသွားဖူးမယ်ဆိုပြီး ရောက်ခဲ့တာပါ။ ရုပ်ပွားတော်ကြီးရဲ့ အထဲထဲမှာ မြတ်စွာဘုရားရဲ့ မဟာဗုဒ္ဒ၀င်ကိုလဲ ပုံဖော်ထားပါတယ်။ ဘေးပတ်လည်မှာ မြက်ခင်းစိမ်းတွေနဲ့ ရုပ်ပွားတော်ကြီးက ကြည်ညိုစရာကောင်းသလို တောင်ပေါ်မှာ ရှိနေတာဖြစ်လို့ လေအေးအေးလေးနဲ့ ဘုရားရိပ်က အေးမြနေပါတယ်။

ဘုရားကြီးရဲ့ အနောက်ဘက်မှာတော့ ၃ ထပ်ကျောင်းဆောင်ကြီးရှိပြီး အပေါ်ဆုံးထပ်မှာတော့ မြတ်စွာဘုရားရုပ်ပွားတော်တွေရှိသလို အောက်ထပ်တွေမှာတော့ ထိုင်ဝမ်နိုင်ငံသားတွေ ကိုးကွယ်တဲ့ ရိုးရာဘိုးတော် ရုပ်တုတွေလဲ တွေ့ခဲ့ရပါတယ်။ ကျောင်းဆောင်ကြီးရဲ့ နောက်ဘက်မှာတော့ ဘုံ ၇ ဆင့်အဆောင်နှစ်ခုကို ဘေးတဖက်ဆီမှာ ဆောက်ထားပါတယ်။ ကျောင်ဆောင်ကြီးရဲ့ ဘေးဘက်မှာတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တန်းလဲရှိပါတယ်။ တရုတ်ရိုးရာ ပန်းပုလက်ရာတွေကလဲ အလွန်လှပါတယ်။ ရောက်သွားတဲ့အချိန်က ညနေနေ၀င်ချိန်လေးဖြစ်နေတဲ့အတွက် ဆည်းဆာအလှက ပိုလှနေတယ်လို့ထင်မိပါတယ်။ ဘုရားကုန်းတော်ပေါ်ကနေ တောင်အောက်ကမြို့ကို မြင်ရတဲ့ရှုခင်းကလဲ တမျိုးလေးလှနေတာပါပဲ။

သွားခဲ့တာက ၄ လပိုင်းထဲကဖြစ်ပါတယ်။ အလုပ်တဖက်နဲ့ စာမရေးနိုင်တာနဲ့ အခုမှ ရေးဖြစ်တယ်။

Tuesday 4 May 2010

အလုပ်ထဲက ဒုက္ခ




ပြောချင်တာတွေ ရေးချင်တာတွေက များနေပြီး ဘယ်ကနေဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ ဘလော့ကိုလဲ အရင်လို အချိန်မပေးနိုင်သလို လူကအလုပ်ထဲမှာပဲ အချိန်ကုန်နေပါတယ်။ အိမ်ကလူတွေနဲ့တောင် တနေ့တနာရီပြည့်အောင် စကားမပြောဖြစ်ပါဘူး။ စိတ်ရောလူရော အလုပ်ထဲရောက်နေပြီး ဖိအားတွေများနေတော့ ခုတလော စိတ်ကိုတော်တော်လေး ထိန်းနေရတယ်။ မနက်မိုးလင်းလို့ အလုပ်ထဲစ၀င်တာနဲ့ မျက်နှာမှာ အပြုံးဆိုတာ တော်တော်ရှားသွားပြီ။ တွဲလုပ်ရတဲ့သူတွေက အလုပ်အကြောင်းကို နားလည်နေရင်တော့ စိတ်နည်းနည်းသက်သာရပေမယ့် မအူမလည်ဆိုရင်တော့ အဲဒီအချိန်မှာ နှင်းရဲ့မျက်နှာကတော့ လငပုတ်ဖမ်းထားသလို မည်းနေပါပြီ။ တခါတလေများ တွဲလုပ်တဲ့သူတွေမှားပြီဆိုရင် ကိုယ်ကအရင်အပြောခံရတယ်။ မသိလို့မှားတာကို လက်ခံနိုင်ပေမယ့် ပေါ့လျော့တာကျတော့ တော်တော်လေး ဒေါသဖြစ်မိတယ်။ ဆရာတွေကပြောရှာပါတယ်။ စိတ်ကိုထိန်းပြီး ဒေါသကိုလျော့ပါတဲ့။

မနေ့ကပဲ အနားမှာအတူတူလုပ်တဲ့ အစ်မတယောက်က ဘာရာသီဖွားလဲတဲ့လေ။ LEO သိလ်ရာသီဖွားဆိုတော့ ရယ်လေရဲ့။ အော်ဒါကြောင့်ကိုးတဲ့။ ခြင်္သေ့မိုလို့ အခုလိုဖြစ်နေတယ်လို့များ တွေးလိုက်သလားမသိပါဘူး။ နှင်းကလဲအိမ်မှာ သမီးဦးဖြစ်သလို စနေလဲဖြစ်တော့ တော်တော်ဒေါသကြီးတယ်။ သားဦးစနေ မီးလိုမွှေဆိုသလို ငယ်ငယ်က ဘယ်လောက်မွှေခဲ့လဲမသိပါဘူး။

လုပ်ငန်းခွင်ဆိုတော့လဲ လူပေါင်းစုံ စရိုက်ပေါင်းစုံ လူမျိုးပေါင်းစုံရှိတော့ အားလုံးအဆင်ပြေပြေဖြစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ကိုယ်ကရှေ့ကမြန်ချင်ပေမယ့် နောက်ကလိုက်မလာတော့ ကိုယ်ပဲစိတ်မောရတယ်။ အာပေါက်အောင်ပြောနေပေမယ့် မလိုက်နာတော့ နောက်ဆုံးကိုယ့်အလွန်ဖြစ်လာတယ်။ အလုပ်ကရှုပ်လေ ဖိအားကများလာပါတယ်။ တာဝန်ဆိုတာကလည်း ယူတတ်လေ ပိုကြီးလေဖြစ်လာတယ်။ တာဝန်မယူပြန်လဲမရတော့ ဘာမှမတတ်နိုင်ဘူး အလုပ်တမျက်နှာပဲကြည့်ပြီး မပြောချင်လဲ ပြောရတော့တယ်။ လူတွေကိုခင်ပါတယ်။ သံယောဇဉ်လဲရှိပါတယ်။ ဒါပေမယ့် အလုပ်ထဲမှာ အဆင်ပြေပြေမလုပ်တော့ မပြောချင်တဲ့စကားတွေကို ပြောရတဲ့အခါ စိတ်ထဲလဲမကောင်းပါဘူး။ တခါတလေ အလုပ်ကထွက်ချင်စိတ်တောင် ပေါက်မိတယ်။ ခေါင်းဆောင်တွေပြောနေကျ စကားလေးတခွန်းကတော့ ဘယ်အလုပ်ကိုပဲ သွားသွား ဒီလိုပဲတွေ့ရမှာပဲတဲ့လေ။ အဲဒါလဲဟုတ်ပါတယ်။ အခက်အခဲဆိုတာက တခုမဟုတ်တခုတော့ ရှိနေမှာပါပဲ။ အခုတော့ အဲဒီအခက်အခဲတွေကို နေ့စဉ်နဲ့အမျှ အကောင်းဆုံးဖြစ်အောင် စဉ်းစားဖြေရှင်းနေရတယ်။

နောက်လဲလာလည်နော်

Glitter Graphics