Saturday, 31 October 2009

ဘယ်နိုင်ငံသားလဲ

နှင်းတို့တွေ မြန်မာပြည်မှာနေတုန်းက ၁၀ နှစ်ကျော်ပြီဆိုရင် နိုင်ငံသားကဒ်လုပ်ရပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ အခက်အခဲတခုဖြစ်လာပါတယ်။ အဲဒါကတော့ ဖောင်ဖြည့်တဲ့အခါ မျိုးရိုးတွေချရေးရပါတယ်။ ပါပါးဘက်က တရုတ်ဖြစ်တဲ့အတွက် လူမျိုးခြားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗမာပြည်မှာမွေးပေမယ့် နိုင်ငံသားအဖြစ် လက်ခံဖို့ကို တော်တော်လေးခက်ခဲခဲ့ပါတယ်။ အဖိုးအဖွားတွေ အဘိုအဘွားတွေအထိလိုက်ဖြည့်ရသလို ဖြည့်လေရှုပ်လေဆိုသလို ဟိုးအရင်က နိုင်ငံခြားသား မှတ်ပုံတင် frc အဖြစ်ကိုင်ခဲ့တဲ့လူတွေကနေ ကျမ်းကျိန်ပြီးနိုင်ငံသားအဖြစ် ပြောင်းခဲ့တဲ့မိဘက မွေးတဲ့ သားသမီးတွေဖြစ်နေလို့ ဗမာလူမျိုးတွေလောက် မလွယ်ကူတာ အမှန်ပါပဲ။ အင်း မြန်မာပြည်မှာမွေးပြီး နိုင်ငံသားအဖြစ် အလွယ်တကူ မရနိုင်တဲ့အဖြစ်ကို တွေးပြီးရယ်လဲ ရယ်ချင်သလို စိတ်လဲညစ်မိပါတယ်။

အခုလဲ ထိုင်ဝမ်ရောက်လာတဲ့အခါမှာ ဖောင်ဖြည့်ရပါတယ်။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် စ၀င်ဖို့အတွက် လုပ်တုန်းကလဲ တရုတ်လူမျိုးစစ်မှန်ကြောင်း ထောက်ခံချက်တောင်းပါတယ်။ မြန်မာပြည်မှာ နေတုန်းကကျတော့လဲ တရုတ်ဖြစ်လို့ မိဘတွေ နိုင်ငံသားအဖြစ် ကျမ်းကျိန်ထားတာတွေ နိုင်ငံသားအဖြစ်တကယ် ခံယူမယ်ဆိုတာတွေကို တောင်းခံရပါတယ်။ အခုကျတော့လဲ တရုတ်ဖြစ်ပါလျက်နဲ့ တရုတ်ဖြစ်ကြောင်းကို ထောက်ခံခိုင်းပြန်တယ်။ အော် ဘ၀နဲ့ ကိုယ့်ဟာကို ဘယ်နိုင်ငံသားမှန်း ဘာလူမျိုးမှန်းတောင် မသိတော့ပါဘူး။

အလုပ်ထဲရောက်တော့လဲ နှင်းတို့တွေကို တရုတ်လူမျိုးအဖြစ် သတ်မှတ်ပေမယ့် မြန်မာတွေလို့ပဲခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်ဝမ်မှာမွေးတဲ့ တရုတ်မဟုတ်လို့ပါတဲ့။ မြန်မာပြည်မှာနေတုန်းက နှင်းတို့ကို တရုတ် ဆိုပြီးပြောပြန်တယ်။ အခုတခေါက် မြန်မာပြည်ပြန်တော့လဲ တရုတ်မပြန်လာလည်တာလားတဲ့။ ဘယ်တော့ ပြန်မှာလဲတဲ့။ အင်း ဘယ်ဟာက ကိုယ့်အိမ်မှန်းတောင် မသိတော့ဘူး။ တခါတလေ ကိုယ့်ဟာကို ဘယ်နိုင်ငံသားအဖြစ် ပြောရမလဲတောင် မသိပါဘူး။ အခုက ၂ နိုင်ငံမှာပဲ နေလို့ ဒီလောက်ပဲဖြစ်တာပါ။ နောက်နိုင်နိုင်ငံတခုခုကိုများ ထပ်သွားဖြစ်မယ်ဆိုရင် ဘယ်နိုင်ငံမှာနေပြီး ဘယ်နိုင်ငံမှာ သေရမလဲတောင် သိမှာမဟုတ်တော့ပါဘူး။

Monday, 26 October 2009

ဆရာမရေ သွားနှင့်နော်

မနေ့က ဦးလေးအကြီး အပြင်သွားပြီးပြန်လာတော့ နင်တို့ညကျောင်းက ဆရာမဆုံးသွားလို့ သူငယ်ချင်းအစ်မကြီးတွေ သွားကြတယ်လို့ပြောပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘယ်ဆရာမပါလိမ့် ဆိုပြီး ဘာမှပြန်မပြောပဲ ဒီတိုင်းနေလိုက်ပါတယ်။ နှင်းသိတဲ့ ဆရာမထဲကတော့ မဖြစ်လောက်ပါဘူးပေါ့။ သိတဲ့ဆရာမတွေက အားလုံးကျန်းမာရေးကောင်းကြပါတယ်လို့ တွေးပြီး အစ်မကို လှမ်းမမေးဖြစ်ပါဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ ကိုယ့်ကိုစာသင်ပေးခဲ့တဲ့ ဆရာမများဖြစ်နေမလားလို့ ထင့်နေမိပါတယ်။ ဒီနေ့ညနေမှာတော့ မအောင့်နိုင်တာနဲ့ အစ်မဆီကို ဖုန်းဆက်မေးဖြစ်ပါတယ်။ အစ်မရေ ဆရာမဆုံးသွားလို့ဆို ဘယ်တယောက်လဲပေါ့။ အဲဒီတော့မှ နှင်းတို့အတန်းပိုင်ဆရာရဲ့ အမျိုးသမီး အစ်မတို့အတန်းရဲ့ အတန်းပိုင်ဆရာမဆိုတာ သိလိုက်ရတယ်။ နှင်းတို့အတန်းကို မသင်ရပေမယ့် အတန်းထဲကို အမြဲလာတတ်ပြီး အားလပ်ချိန်ဆိုရင် အပြင်သွားဖို့ ဆရာ့ကိုအမြဲလာခေါ်တတ်ပါတယ်။ အမြဲတမ်း မျက်နှာကပြုံးနေတတ်ပြီး နိုင်ငံပေါင်းစုံက ရောက်လာတဲ့ တရုတ်စာမတတ်တဲ့ နှင်းတို့လိုလူတွေကို စိတ်ရှည်လက်ရှည်သင်ပေးတတ်တဲ့ ဆရာနဲ့ဆရာမ စုံတွဲဖြစ်လို့ နှစ်တန်းလုံးက ချစ်ခင်ကြပါတယ်။ ညနေပိုင်းကျောင်းကို နှစ်ယောက်အတူတူတွဲလာတတ်သလို တယောက်ကိုတယောက်လဲ ချစ်ချစ်ခင်ခင်နေတတ်တဲ့ စုံတွဲပါ။ ဆရာကစာအသင်ကောင်းတယ်လို့ အစ်မကိုပြောရင် ဆရာမကလဲအရမ်းကောင်းတာလို့ ပြောပြပါတယ်။

နိုင်သံခြားသားတွေဆိုတဲ့အမြင်မျိုး ဆရာနဲ့ဆရာမတို့စိတ်ထဲမှာ မရှိဘူးဆိုတာက နှင်းတို့ကို စကားပြောတဲ့အခါမှာ သိရပါတယ်။ ကလေးလေးတွေကို သင်သလို သေသေချာချာသင်ပေးတတ်ပြီး နားမလည်ရင်လဲ နားလည်လာအောင် တရုတ်လိုရော အင်္ဂလိပ်လိုရော သူတို့တတ်နိုင်သလောက် ရှင်းပြတတ်ပါတယ်။ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံကို တချိန်တည်းသင်နေရပေမယ့် အာလုံးကို စိတ်ရှည်ရှည်နဲ့ အသံထွက်မှန်အောင် နားလည်အောင် သင်ပေးပါတယ်။ အလုပ်တဖက်နဲ့ ညကျောင်းကို လာတက်နေကြတဲ့လူတွေမို့ ဆရာဆရာမတွေက နားလည်ပေးပြီး မအားရင်လဲ မလာလို့ရသလို အချိန်လေးရှိရင်တော့ လာခဲ့ဖို့ အမြဲပြောတတ်ပါတယ်။ အိမ်မှာနေတာထက်စာရင် ကျောင်းကိုလာတော့ ဘာပဲဖြစ်ဖြစ် စာတော့ဖတ်ဖြစ်တယ်ဆိုပြီး စာသင်ချင်အောင် အမြဲအားပေးတတ်ပါတယ်။ နေ့ခင်းဘက် ကလေးတွေကို စာသင်ပေးရပြီး ညဘက် နှင်းတို့တွေကို စာသင်ပေးရတာကို ပင်ပန်းတယ်လို့ ညည်းသံမကြားခဲ့ရပါဘူး။

မြန်မာပြည်ကို ပြန်တော့မှာမို့ ကျောင်းမတက်နိုင်တော့ဘူးဆိုတော့ တကယ်လို့ ပြန်လာခဲ့ရင်လဲ လာတက်ပါလို့ မှာလိုက်တဲ့ ဆရာ့ဆီကို အလုပ်မှာအချိန်ပေးလိုက်ရတဲ့အတွက် ကျောင်းကိုပြန်မရောက်ဖြစ်ခဲ့ပါဘူး။ အစ်မက ကျောင်းပြန်တက်ဖို့ခေါ်ပေမယ့် အလုပ်ချိန်က နောက်ကျနေတဲ့အတွက် ဆက်မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းကလေးနဲ့ ဆရာဆရာမတွေကို ရင်ထဲမှာအမြဲသတိရနေခဲ့တယ်။ အခုတော့ ကြားလိုက်ရတဲ့သတင်းက စိတ်မကောင်းစရာဖြစ်သလို နှင်းတို့လို လူတွေအတွက် အဖိုးတန်တဲ့ လူတယောက် ကလေးတွေအတွက် လမ်းပြပေးမယ့် ဆရာမတယောက် ဆုံးရှုံးလိုက်ရပါတယ်။ လူတိုင်းတနေ့သွားရမယ်ဆိုတာသိပေမယ့် အခုလို စောပြီးထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ အစ်မပြောတာကတော့ အရင်တပတ်က ခေါင်းမူတယ်ဆိုပြီး ဆေးရုံတင်လိုက်တာကနေ သတိမလည်တော့ပဲ နောက် ၂ ရက်လောက်မှာဆုံးသွားတယ်လို့ ပြောပါတယ်။ ဘာဝေဒနာမှ မခံစားလိုက်ရဘူးဆိုတော့ ဆရာမအတွက် ကောင်းပါတယ်လို့ပဲ တွေးလိုက်ပါတယ်။ ဒါပေမယ့် အစ်မတို့က ဆေးရုံကနေဆင်းပြီးရင် စာလာသင်မှာပဲဆိုပြီး စောင့်နေခဲ့ပါတယ်တဲ့။ ဒါပေမယ့် အခုတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး။ နှင်းတို့ဆရာလဲ ခွင့်ယူထားတယ်လို့ပြောပါတယ်။ ဆရာမကို သိပ်ချစ်တဲ့ ဆရာအတွက်လဲ စိတ်မကောင်းပါဘူး။ ကျန်နေခဲ့တဲ့ သမီးလေး ၃ ယောက်အတွက် ၀မ်းနည်းမိပါတယ်။

တွေ့ဆုံကြုံကွဲ ဖြစ်မြဲပါပဲ။ တနေ့တော့ နှင်းတို့တွေလဲ ဒီလမ်းကို လျှောက်ကြရမှာပါပဲ။ အခုတော့ ဆရာမက အရင်သွားနှင့်ပြီပဲ။ ဆရာမတယောက် ကောင်းမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေ။

Sunday, 25 October 2009

နေရာလဲကြည့်ရအောင်

လူတွေဟာ တခါတလေကျရင် ကိုယ့်အမြင် ကိုယ့်အတွေးတခုထဲနဲ့ သူတပါးကို အလွယ်တကူ အပြစ်မြင်လိုက်တတ်ပါတယ်။ အခုလဲ အလုပ်ထဲမှာ အဲဒီပြသနာကို နေ့တိုင်းတွေ့နေရပါတယ်။ ခေါင်းဆောင်လုပ်တဲ့သူဆိုတာက လက်အောက်က၀န်ထမ်းတွေကို အုပ်ချုပ်ဖို့အတွက် ထားထားတာပါ။ လက်အောက်ဝန်ထမ်းတွေ အမှားလုပ်လိုက်ရင်ဖြစ်ဖြစ် ပေါ့ဆမှုတခုခုဖြစ်ခဲ့ရင်လဲ ဒီခေါင်းဆောင်ကပဲ ခေါင်းခံဖြေရှင်းပေးရတာပါ။ အဲလိုတွေကြောင့် ခေါင်းဆောင်လုပ်တဲ့သူက အမှားနည်းအောင် အလုပ်ထဲမှာ မပေါ့ဆဖို့ နေ့တိုင်းသတိပေးတတ်ပါတယ်။ အဲဒီအခါမှာ လက်အောက်ဝန်ထမ်းတွေက သဘောမကျကျပါဘူး။ သူဘာလို့ ဒီလိုနေ့တိုင်း သတိပေးနေရတာလဲ ကိုယ့်ဖာသာ ဘာလုပ်ရမလဲ သိတယ်လို့ ပြောပြီး ခေါင်းဆောင်လုပ်သူကို မုန်းစိတ်တွေဝင်ကြပါတယ်။ တကယ်တော့ ခေါင်းဆောင်တယောက်လုပ်ရတာ တကယ်မလွယ်ပါဘူး။ ကိုယ့်လက်အောက်က ၀န်ထမ်းတွေရဲ့ မုန်းတီးမှုကို ခံရသလို အလုပ်မပြီးလို့ရှိရင်လဲ ကိုယ့်ထက်ကြီးတဲ့ အထက်လူကြီးရဲ့ ငြိုငြင်ဆူပူမှုကိုလည်း ခံရပါတယ်။ လက်အောက်ဝန်ထမ်းအမှားတခုခု လုပ်လိုက်ပြန်ရင်လည်း ခေါင်းဆောင်မကောင်းလို့ဆိုပြီး အပြစ်တင်ခံရပြန်တယ်။

လူပေါင်းစုံကို အလိုက်အထိုက်လိုက်ပြီး အုပ်ချုပ်နေရတာဖြစ်သလို ၀န်ထမ်းချင်းမတည့်တဲ့အခါမှာလဲ သူကပဲ ကြားကနေပြေလည်အောင် လုပ်ပေးရပြန်ပါတယ်။ မတည့်တဲ့ဝန်ထမ်းချင်း အလုပ်ထဲမှာ ပြသနာမဖြစ်ရအောင်လဲ လူကိုစီစဉ်ပေးရပြန်ပါတယ်။ နှင်းတို့တွေအိမ်ပြန်တဲ့အချိန် အလုပ်မပြီးရင်လဲ တယောက်ထဲနေခဲ့ပြီး ပြီးအောင်ဆက်လုပ်ရပြန်ပါတယ်။ တခါတလေ အထက်ကသူ့ကိုဆူလိုက်လို့ စိတ်မကြည်တဲ့အခါ အလုပ်ပြီးအောင် မြန်မြန်လုပ်ဖို့ အော်မိတာတွေတော့ရှိတာပေါ့။ ဒါကိုအပြစ်တခုလိုမြင်ပြီး သူ့ကို မုန်းနေကြပါတယ်။ တကယ်တော့ အောက်က၀န်ထမ်းတွေကို သူလဲဘယ်ပြောချင်ပါ့မလဲ။ သူ့ကို အထက်ကလူတွေက ဖိအားတွေပေးပြီး လုပ်ခိုင်းနေလို့သာ သူလဲလုပ်နေရတာပါ။ သူက လက်အောက်ဝန်ထမ်းတွေကို မပြောပဲ နေပြန်တော့လဲ အထက်က သူ့ကို အုပ်ချုပ်ဖို့အတွက် ခေါင်းဆောင်နေရာမှာထားတာ ဘာလို့မပြောလဲ ဖြစ်ပြန်တယ်။

ခေါင်းဆောင်ဆိုတဲ့ တာဝန်ကိုယူထားတဲ့ လူတယောက်အတွက် သူယူထားတဲ့တာဝန်တွေကို ကျေအောင်ထမ်းဆောင်ရမှာပါပဲ။ နှင်းတို့တွေကလဲ လက်အောက်ဝန်ထမ်းဖြစ်တဲ့အတွက် ခေါင်းဆောင်တယောက်ရဲ့ အမိန့်ကို နာခံကြရမှာပါပဲ။ သူကလဲ သူ့တာဝန်ကျေအောင်ပြောမှာပဲ။ ဒါကိုလိုက်ပြီး မုန်းမနေပဲ ကိုယ်ကလဲ ကိုယ့်တာဝန်ကျေအောင် လုပ်လိုက်ရင် ပြီးတာပါပဲ။ သူ့ကိုမုန်းနေလို့လဲ ကိုယ်ဘာမှအကျိုးမရှိပဲ အကုသိုလ်ပဲဖြစ်ပါတယ်။

သူ့နေရာမှာ နှင်းတို့တွေဆိုရင်ရော ဘယ်လိုလုပ်မလဲ။ အထက်လူကြီးရဲ့ ဆူပူမှုကိုပဲ ခံပြီး လက်အောက်ဝန်ထမ်းတွေ အမုန်းကိုမခံရအောင် ဘာမှမပြောပဲနေမလား။ အလုပ်မပြီးတဲ့အခါ အထက်လူကြီးရဲ့ အဆူအပူကိုပဲခံမလား။ ခေါင်းဆောင်နေရာမှာ နေတဲ့လူတယောက်ရဲ့ အရည်အချင်းတွေကို မထုတ်သုံးတော့ပဲ နေသာသလိုပဲနေတော့မလား။ သူ့နေရာမှာ ကိုယ်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပြီး သူ့ကိုမုန်းသင့်မမုန်းသင့် ဆုံးဖြတ်သင့်တယ်။

Wednesday, 14 October 2009

ဂုဏ်ယူစရာလား

ဂုဏ် ဆိုတဲ့အရာကို လူတွေတော်တော်လေး သဘောကျပါတယ်။ ကိုယ့်အလုပ်အောင်မြင်ရင်ဖြစ်စေ ကိုယ့်သားသမီးက တော်နေရင်ဖြစ်စေ ကိုယ့်အသိုင်းအ၀ိုင်းက ထင်ပေါ်နေတဲ့အခါမှာဖြစ်စေ လူတွေကြားထဲမှာ ဂုဏ်ယူပြီး ထုတ်ဖော်ပြောတတ်ကြပါတယ်။ ဒါဟာလည်း လူ့ပတ်ဝန်းကျင် လူ့သဘာဝပဲမို့ အပြစ်လို့မပြောလိုပါဘူး။ လူတိုင်းမှာဖြစ်တတ်တဲ့ သဘောပါပဲ။ ဒါပေမယ့် တချို့တွေကြတော့ ဂုဏ်ယူတဲ့နေရာတွေ မှားနေသလားလို့တောင် ထင်မိတယ်။
ဥပမာ ကိုယ့်ထက်ကြီးတဲ့သူတွေကို နိုင်စားရတာ ကိုယ့်ထက်သိမ်ငယ်တဲ့လူတွေအပေါ်မှာ အနိုင်ယူရတာတွေကို ဂုဏ်ယူစရာလို့ထင်နေကြတယ်။ အိမ်ထောင်သည်တွေကျပြန်တော့လဲ ယောကျာင်္းကမိန်မကို နိုင်ရတာ မိန်းမက ယောကျာင်္းကို နိုင်ရတာတွေကို မိတ်ဆွေတွေရှေ့မှာ ဂုဏ်ယူပြီးပြောတတ်ကြပြန်တယ်။ ကိုယ့်ထက်ကြီးတဲ့သူအပေါ်မှာလဲ နိုင်စားစရာမလိုသလို ကိုယ့်ထက်နိမ့်ကျတဲ့သူအပေါ် အနိုင်ရတာကလဲ ကောင်းတဲ့အလုပ်မှမဟုတ်တာ ဒါတွေကို ဘာလို့များ ဂုဏ်ယူစရာလို့ ထင်နေကြတာလဲ။ ကိုယ့်အိမ်ထောင်ဘက်ကို အနိုင်ရတာကရော ဘာများကောင်းနေလို့လဲ။ ကိုယ့်အိမ်ထောင်ဖက်ကို နိုင်တဲ့အကြောင်း လူအများရှေ့မှာပြောတော့ရော လူတွေကချီးကျူးမယ်ထင်နေကြသလား။ ကိုယ့်ရှေ့မှာတော့ ကောင်းတယ်ပြောနေပေမယ့် ကွယ်ရာမှာတော့ ကိုယ့်ကို အနိုင်ကျင့်တတ်တဲ့ လူတယောက်အဖြစ် သတ်မှတ်လိုက်မှာပါ။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ သိက္ခာလဲ ကျပါတယ်။ နှစ်ဦးစလုံးအတွက်မကောင်းတာကို ဘာလို့ဂုဏ်ယူပြီးပြောနေသလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။
အခုတလောလဲ ကိုယ်တွေ့လို့ပဲပြောရမယ်။ နှင်းကို အန်တီအရွယ် အမျိုးသမီးကြီးတွေက လာပြောပါတယ်။ ညီမလေး မြန်မာဟင်းတွေ ဘယ်လိုချက်လဲ စာလေးနဲ့ရေးပေးပါလားတဲ့လေ။ အော် ဟုတ်ကဲ့ရပါတယ်ပေါ့။ ဒါပေမယ့် သူဆက်ပြောလိုက်တာက အစ်မတို့က ထမင်းဟင်းမချက်တတ်ဘူးလေ။ အမေက ငယ်ငယ်ထဲက အိမ်ဖော်နဲ့ထားပြီး ဘာမှပေးမလုပ်လို့ အခုအရွယ်ထိမချက်တတ်ဘူး ဆိုပြီးပြောပါတယ်။ အခုအရွယ်ဆိုတဲ့အချိန်မှာ အသက်က ၄၀ ကျော်နေပါပြီ။ အမေက ပေးမလုပ်တာကို လက်ခံပါတယ်။ ဘယ်မိဘမဆို သားသမီးကို အပူအပင်ကင်းကင်းနဲ့ မပင်ပန်းစေချင်ပါဘူး။ ဒါကမိဘတွေရဲ့ မေတ္တာတရားပါ။ ကိုယ့်မိဘကတတ်နိုင်လို့ အိမ်ဖော်နဲ့ နေရတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် မိဘက ပေးမလုပ်လို့ အလုပ်လုပ်မယ့် အိမ်ဖော်ရှိလို့ ဘာမှမလုပ်တတ်ဘူးဆိုတာကို ဘယ်လိုနားလည်ရမလဲ။ ဒါဆိုရင် မိဘက ချက်ကျွေးသလို အိမ်ဖော်ကချက်ကျွေးသလိုပဲ စားကြတော့မှာလား။ ဘယ်စားမလဲ ကိုယ်စားချင်တာကို ချက်ခိုင်းတဲ့အခါလဲ အနည်းနဲ့အများတော့ရှိမှာပါပဲ။ အဲလိုအခါမှာ ကိုယ်ကိုယ်တိုင်ချက်တတ်နေရင် ပိုမကောင်းဘူးလား။ သူများချက်ကျွေးတာပဲ စားရတာနဲ့ ကိုယ်တိုင်ချက်တတ်ပြီး သူများကို ပြောပြပြီး ချက်ခိုင်းတာ ဘယ်ဟာက ပိုအဆင်ပြေမလဲ။ မိဘက ပေးမလုပ်လဲ ကိုယ်တိုင်က လုပ်ချင်စိတ်ရှိရင် လုပ်တတ်ပါတယ်။ ကိုယ်မလုပ်ချင်တာကို မိဘတွေခေါင်းပေါ်ပုံချလိုက်တာကတော့ မကောင်းပါဘူး။ ဒီအရွယ်ထိ မချက်တတ်ပဲ သူများချက်ကျွေးတာကို စားနေရတာကို ဂုဏ်ယူစရာလို့ထင်ပြီး လူအများရှေ့မှာ လာပြောတဲ့အခါ သူ့အတွက် ဂုဏ်ယူပေးရမလားဆိုတာ စဉ်းစားမိတယ်။
နောက်တခုကတော့ မြန်မာပြည်မှာမွေးပြီး မြန်မာအစားအစာတွေစားလာတာ နှစ်ပေါင်းပဲမနည်းတော့ပါဘူး။ အခုမှ နိုင်ငံခြားကိုလာတာ ၁၀ နှစ်တောင်မပြည့်သေးပဲနဲ့ မြန်မာပြည်မှာ စားသောက်လာခဲ့တဲ့ ဟင်းရွက်တွေကို မခွဲတတ်တော့ဘူးတဲ့။ မကျီးရွက်နဲ့ ကင်ပွန်းချဉ်ရွက် ဘယ်လိုခွဲရမှန်းမသိလို့ ဘာကိုကြည့်ဝယ်ရမလဲ မြန်မာပြည်က အရွက်တွေကို သိပ်မသိတော့ဘူးတဲ့လေ။ ကဲ ဘယ်လိုပြောရမလဲ။ တကယ်ပဲ မသိတော့တာလား။ ထားလိုက်ပါတော့ မေးလာမှတော့လဲ ဖြေလိုက်ရတော့တာပေါ့။ မကျီးရွက်က အစိမ်းရောင်လေးတွေ ဆူးမပါဘူး။ ကင်ပွန်းချဉ်ရွက်ကတော့ အရောင်ပိုရင့်ပြီး တချို့ဆိုရင် နီညိုရောင်လေးသန်းပြီး ဆူးတွေပါ ပါတယ်လို့။ ကဲ ဘယ်နှယ့်လုပ်ကြမလဲ လူတွေက တခါတလေမှာ ဂုဏ်ယူစရာလို့ထင်ပြီး ပြောလိုက်တာတွေက ဂုဏ်ယူစရာမဖြစ်ပဲ ကိုယ်အသုံးမကျတာကို ထုတ်ပြောလိုက်သလို ဖြစ်ဖြစ်သွားပါတယ်။
ကိုယ်ကိုယ်တိုင် လုပ်တတ်တာ ကိုယ်ကြိုးစားလို့ အောင်မြင်မှုရတဲ့အခါ ကိုယ်ထုတ်ဖော်မပြောလဲ လူအများက ကိုယ့်ကို ဂုဏ်ပြုကြသလို ကိုယ်တိုင်လဲ ဂုဏ်ယူနိုင်ပါတယ်။ အခုတော့ မိန်းကလေးတွေ ဖြစ်နေရဲ့သားနဲ့ အိမ်အလုပ် မလုပ်တတ်တာတွေ ထမင်းဟင်းမချက်တတ်တာတွေ ကိုယ့်အိမ်ထောင်ဖက်ကို နိုင်စားလို့ရတာတွေကို ဂုဏ်ယူပြီး ပြောနေကြပါတယ်။ မိန်းမတယောက်လုပ်နေပြီး ကိုယ်စားမယ့်ထမင်း ကိုယ့်နေတဲ့ အိမ်မှုကိစ္စတွေကိုတောင်မလုပ်တတ်တာကို ဂုဏ်ယူနေရင် တချို့ယောကျာင်္လေးတွေ ကိုယ့်ထမင်းကိုယ်ချက်စားပြီး အလုပ်တဖက်လုပ်နေတာတွေ ကျောင်းတဖက်တက်နေတာတွေကို ဘယ်လိုပြောရမလဲ။ အလုပ်တဖက်နဲ့မို့ တခြားကိစ္စတွေနဲ့မို့ ကိုယ်တိုင်ဝင်မလုပ်နိုင်ရင်ရှိမယ်။ ဒါတွေကိုတော့ ကိုယ်တိုင်တတ်ထားသင့်ပါတယ်။ ကိုယ်တိုင်တတ်မှလဲ သူများကို ပြန်ခိုင်းနိုင်မှာပါ။ ကိုယ်တိုင်မှမတတ်ရင်တော့ သူများကျွေးသမျှပဲစားပြီး နေရမှာပါ။
နှင်းရဲ့ဖိုးဖိုး ပြောခဲ့တာတွေကို မှတ်မိသေးတယ်။ အိမ်မှာက ဦးလေး ၅ ယောက်ရှိတယ်။ အစ်မတွေအောက်မှာဖြစ်ပေမယ့် ဖိုးဖိုးက ဦးလေးတွေကို အိမ်မှုကိစ္စ ထမင်းချက် အ၀တ်လျှော် အိမ်သိမ်း အကုန်ခိုင်းပါတယ်။ ကိုယ်တိုင် ထမင်းမချက်တတ်ရင် ထမင်းဝင်မစားနဲ့တဲ့။ မိန်းကလေးပဲထမင်းချက်ရမယ် မသတ်မှတ်ထားဘူး။ ထမင်းစားတတ်တဲ့လူတိုင်း ချက်တတ်ရမယ်တဲ့။

Monday, 12 October 2009

တခါတလေ

တခါတလေ ကိုယ်သိနေပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တာက ကိုယ့်အတွက်ပိုစိတ်ချမ်းသာတယ်။
တခါတလေ ကိုယ်မသိချင်တဲ့အတိတ်တွေကို တမင်မေ့ချင်ယောင်ဆောင်နေလိုက်တာက ကိုယ့်အတွက်ပိုကောင်းတယ်။
တခါတလေ လူ့ပတ်ဝန်းကျင် လူ့စည်းကမ်းတွေကို ဘာမှနားမလည်သလိုနဲ့ နှလုံးသားရဲ့အလိုအတိုင်း နေလိုက်တာက ပိုကောင်းတယ်။
တခါတလေ အားလုံးနဲ့ဝေးရာမှာ နေလိုက်တာက ပိုစိတ်ချမ်းသာတယ်။
တခါတလေ ကိုယ်ဖြစ်ချင်သလို လုပ်ချင်သလို လုပ်ပစ်လိုက်တာက ပိုကောင်းတယ်လို့ထင်တယ်။
တခါတလေ ဆိုတဲ့အတိုင်း အမြဲတမ်းတော့မဟုတ်ဘူးပေါ့။

Sunday, 11 October 2009

listening song

ဂီတဆိုတာက လူရဲ့စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ နှင်းကတော့ လက်ခံမိတယ်။ တခါတလေ စိတ်ညစ်နေတဲ့အခါ သီချင်းဖွင့်ပြီး လိုက်အော်လိုက်ရင် ရင်ထဲမှာ နည်းနည်းတော့ သက်သာသွားတယ်လို့ ထင်မိတယ်။ အမေ့ရုပ်ရည်လို သီချင်းမျိုးကိုများ နားထောင်မိတဲ့နေ့ဆိုရင်တော့ တကယ်ကို လိုက်ငိုမိတယ်။ အဲဒီသီချင်းကို ဘယ်အချိန်ပဲနားထောင် ခံစားချက်ကတော့ အတူတူပဲ။ ရင်ထဲမှာ နင့်နေအောင်ခံစားမိသလို အသက်အရွယ်ကြီးလာတဲ့ မာမားကိုကြည့်ပြီး မျက်ရည်ကျမိပါတယ်။

သီချင်းတွေကို မရူးသွပ်ပါဘူး။ သီချင်းတိုင်းကိုလည်း သိပ်နားမထောင်ဖြစ်ဘူး။ ဒါပေမယ့် ငယ်ငယ်ထဲက မာမားကအိမ်မှာ စိုင်းထီးဆိုင်တို့ စိုင်းဆိုင်မောဝ် တို့ရဲ့ သီချင်းတွေကို နားထောင်တဲ့အတွက် သူတို့သီချင်းတွေနဲ့ ကြီးပျင်းခဲ့ရတယ်လို့ ပြောလို့်ရပါတယ်။ ဘယ်အဆိုတော်ကိုကြိုက်လဲမေးရင် ဘယ်သူ့ကိုမှ မကြိုက်ပါဘူး။ ဒါပေမယ့် စိုင်းထီးဆိုင် ကိုတော့ တော်တော်လေးကြိုက်သလို သီချင်းတွေကလဲ ဘယ်တော့မှ မရိုးပါဘူး။ စာသားတွေကလဲ တကယ်ကိုကောင်းပါတယ်။ အခုတလောလဲ စိုင်းထီးဆိုင်သီချင်းတွေကို နားထောင်ဖြစ်ပါတယ်။

mouse love rice ဆိုတဲ့ သီချင်းလေးကိုတော့ တရုတ်လို နားထောင်ဖြစ်တယ်။ တရုတ်သီချင်းဆို လုံးဝကို နားမထောင်ဖြစ်ဘူးလို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီသီချင်းလေးကိုတော့ တော်တော်လည်းကြိုက်သလို တခါတလေလည်း ပါးစပ်ထဲမှာ ဆိုညည်းဖြစ်ပါတယ်။



Saturday, 10 October 2009

ပြန်လိုချင်တယ်

ကလေးဘ၀ ဖြုစင်လှ
အလိမ်အညာတွေ သူတို့မသိကြ
အဖြူရောင် သူတို့ဘဝ

အသက်ကလေးရတော့ လိမ်တတ်ကြ
ဖြူစင်မှုဆိုတာမရှိကြ
အရောင်တွေဆိုးတဲ့ သူတို့ဘဝ

တစ်ခါတစ်လေများ ပြန်တမ်းတ
ငယ်ငယ်တုန်းက ကလေးဘဝ
လိုချင်သော်လည်း ပြန်မရ

စိုင်းထီးဆိုင်သီချင်းထဲကလိုပဲ အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တခါပြန်ပြီး ရချင်သေးတယ်။ အခုတော့ ကလေးဘ၀ကို ပြန်တမ်းတတတ်နေပါပြီ။ ကလေးလေးဘ၀ဆိုတာ တကယ်ကိုဖြူစင်သလို အပူအပင်ဆိုတာလဲမရှိပဲ ဘယ်သူ့ကိုမှလဲ မနာလိုတာ မကောင်းမြင်တာ မရှိပါဘူး။ အသက်တွေကြီးလာလေ လိမ်တတ် ညာတတ် မကောင်းမြင်တတ်လာပါတယ်။ ကိုယ့်အတွက်ပဲကြည့်တတ်လာပါတယ်။ ကလေးတွေမှာ ဟန်ဆောင်တာတွေ တမင်လုပ်ပြောတာတွေမရှိပဲ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ပြောလိုက်လုပ်လိုက်ပါတယ်။ တကယ်တော့ ကလေးလေးတယောက်လောက်တောင်မှ နှင်းတို့တွေက စိတ်ထဲရှိတာကို မလုပ်နိုင်မပြောနိုင်ပဲ ဟန်ဆောင်လိမ်ညာနေတဲ့ အရောင်ဆိုးထားတဲ့ လူတွေဖြစ်နေပါတယ်။ အသက်ကြီးလာလေ ဖြူစင်မှုဆိုတာတွေနဲ့ ဝေးမှန်းမသိပဲ ဝေးလာပါတယ်။ ဒါကြောင့်လဲ အပြစ်ကင်းပြီး ဖြူစင်တဲ့ ကလေးလေးတွေရဲ့ အပြုံးအရယ်လေးတွေကို မြင်လိုက်ရင်ပဲ ရင်ထဲမှာအေးချမ်းသွားပါတယ်။ ၂ ခါပြန်မရတော့တဲ့ ကလေးဘ၀ကို ပြန်လိုချင်မိတယ်။ ကလေးဘ၀တုန်းက လူကြီးဖြစ်ချင်နေခဲ့မိတယ်။ အခုလို လူကြီးဖြစ်လာတော့မှ ကလေးဘ၀က ပိုကောင်းသလို အပြစ်ပိုကင်းတယ်ဆိုတာကို သိလာပါတယ်။

Wednesday, 7 October 2009

ဆောင်းအမှီ

ထိုင်ဝမ်မှာ နွေရာသီကနေ ဆောင်းရာသီကို ကူးပြောင်းရောက်လာတော့မယ်။ တရုတ်လမုန့်ပွဲတော်ပြီးရင် စအေးလာမယ်ဆိုတာက ထိုင်ဝမ်ရဲ့ ဆောင်းရာသီအစလို့ ပြောလေ့ရှိကြပါတယ်။ လမုန့်ပွဲတော်ရောက်ခါနီးမှာ အပူချိန်ကလဲ တော်တော်လေး ကျလာတာကိုတွေ့ရပါတယ်။ မုန်တိုင်းဝင်နိုင်တယ်ဆိုပြီး သတိပေးချက် ရှိနေတာကြောင့်လဲ မုန်တိုင်းအရှိန်နဲ့ လမုန့်ပွဲတော်မှာ မိုးရွာမှာကို စိုးရိမ်နေကြပါတယ်။ တော်ပါသေးတယ်။ မိုးကမရွာပဲနဲ့ ညနေပိုင်းလောက်မှာ အေးရုံပဲအေးလာလို့ပါ။ ဒါပေမယ့် ဒီနေ့မှာတော့ မုန်တိုင်းကမလာပေမယ့် မနက်ခင်းထဲက မိုးရွာလိုက်တာ အခုထိကို မတိတ်သေးပါဘူး။ အပူချိန်ကလည်း နွေရာသီကလောက် မပူတော့သလို မိုးကလည်းရွာနေပြီး လေလေးကပါတိုက်လာတော့ တော်တော်လေးအေးပါတယ်။ ထိုင်ဝမ်ရဲ့ ဆောင်းတွင်းမှာ မိုးရွာမှာကို မနှစ်သက်ပါဘူး။ ဆောင်းတွင်းမိုလို့ အေးပါတယ်ဆိုမှ မိုးကရွာပြီး လေကပါထပ်တိုက်လို့ပါ။ မိုးမရွာပဲ လေတိုက်ရုံဆိုရင် ခံနိုင်ပါတယ်။ ခြောက်ခြောက်သွေ့သွေ့လေးနဲ့ အေးအေးလေးမို့ အတော်ကိုသဘောကျပါတယ်။ အဲ မိုးရွာတယ်ဆိုရင်တော့ အလုပ်သွားအလုပ်ပြန် တော်တော်ဒုက္ခရောက်ပါတယ်။

ထိုင်ဝမ်ရဲ့ဆောင်းတွင်းက ဂျပန်တို့ ကိုးရီးယားတို့လောက် ရေခဲမှတ်လောက်အထိ မအေးပါဘူး။ ဒါပေမယ့် တချို့တောင်ပေါ်တွေမှာတော့ နှင်းကျပါတယ်။ နှင်းတို့နေတဲ့ နေရာတွေမှာတော့ တခါတလေ ၄ ဒီဂရီ ၅ ဒီဂရီလောက်အထိတော့ ကျတတ်ပါတယ်။ အအေးလှိုင်းဖြတ်တဲ့အချိန်တွေမှာ အဖြစ်များပါတယ်။ နွေရော ဆောင်းရော မိုးကရွာတတ်ပါတယ်။ ဆောင်းရောက်တော့မယ်ဆိုရင် နွေရာသီအ၀တ်တွေကို ဈေးချပြီးရောင်းလေ့ရှိပါတယ်။ ဆောင်းဝင်တော့မယ်ဆိုတာနဲ့ မနှစ်ကသိမ်းထားတဲ့ ဆောင်းတွင်းဝတ်တဲ့ အ၀တ်တွေကို ပြန်ထုတ်ရတော့မယ်။ အနွေးထည်တွေ အသားကပ်အင်္ကျီတွေ ဆောင်းတွင်းမှာခြုံတဲ့ စောင်ကအစပေါ့။ နှင်းကတော့ ရာသီတွေထဲမှာ ဆောင်းရာသီကိုအကြိုက်ဆုံးမို့ ဆောင်းဝင်တော့မယ်ဆိုရင် ပျော်ပါတယ်။ ဆောင်းတွင်းအ၀တ်တွေ ၀တ်ရတာကိုလည်း နှစ်သက်သလို အေးအေးလေးနဲ့ ကွေးနေရတာကိုလည်း ကြိုက်တယ်။ အရမ်းအေးတဲ့နေ့တွေဆိုရင် စကားပြောလိုက်တိုင်း ပါးစပ်က အငွေ့လေးတွေထွက်တာကို သဘောကျပါတယ်။ ကလေးဆန်တယ်ပဲပြောပြော မာမားနဲ့အပြင်သွားလို့ စကားပြောရင်း အငွေ့ထွက်တာကိုမြင်ရင် သဘောကျပြီး မာမားရေ အရမ်းအေးလို့ အငွေ့တောင်ထွက်တယ်ဆိုပြီး ပြောတတ်ပါတယ်။

ဆောင်းဝင်တော့မယ်ဆိုတော့ ခင်ညွှန့်ရီဆိုထားတဲ့ ဆောင်းအမှီသီချင်းလေးကို သွားသတိရမိတယ်။ ဆောင်းအမှီရောက်အောင်သာပြန်ခဲ့ ခင့်ဆီ ဆိုတဲ့စာသားလေးက ဆောင်းတွင်းရဲ့ အေးချမ်းမှုရယ် ဆောင်းတွင်းအမှီ ချစ်တဲ့သူကို မိမိဆီပြန်လာစေချင်တဲ့သဘောလေးရယ်ကို တွေ့ရပါတယ်။ အင်း အဲလိုသာ ခေါ်လို့ရရင်တော့လဲ ကောင်းသား။ ဆောင်းတွင်းအေးတဲ့ဒဏ်ကို ချစ်သူရင်ခွင်ထဲမှာ ခိုလှုံလို့ ရတာပေါ့။

Sunday, 4 October 2009

အမေဂျမ်းက ပိုကြမ်းတယ်

၃၇ မင်းနတ်တွေထဲမှာ နာမည်ကြီးတယ်လို့ပဲပြောရမလား နှင်းသိတာက ဒီနှစ်ခုပဲရှိတယ်ပြောရမလားပဲ။ အမေဂျမ်းတို့ ကိုကြီးကျော်တို့ကိုတော့ လူပြောများလို့ သိပါတယ်။ ကိုကြီးကျော်ကိုသိတာကတော့ သူ့ကိုဆက်ချင်ရင် အရက်ပုလင်းက မပါမဖြစ်မိုလို့ အရက်ကြိုက်တယ်တဲ့ နတ်ဆိုပြီး သိတာပါ။ အမေဂျမ်းကတော့ အပြောအဆိုကြမ်းတယ်ဆိုပြီး နတ်ကနားပွဲတွေကို သွားကြည့်ဖူးတဲ့ အဒေါ်တွေပြောပြလို့သိရတာပါ။ ပါပါးတို့ မာမားတို့ကလဲ မကိုးကွယ်တော့ ဘာနတ်ဆိုတာကို သေသေချာချာမသိသလို ဘာကြောင့်လူတွေအားကိုးနေတယ်ဆိုတာကိုလဲ မသိပါဘူး။ ကိုယ်ယုံကြည်ရာကို အားကိုနေတာဆိုတော့လဲ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ အခုတော့ အမေဂျမ်းတို့ ကိုကြီးကျော်တို့ထက် ပိုဆိုးတဲ့လူတွေကို မြန်မာပြည်ပြန်မှပဲတွေ့ခဲ့ရပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲဆိုတာ ရေသဘင်ပွဲတော်ပါ။ အခုတော့ အရက်သဘင်ပွဲတော်လို့တောင် ပြောရမလိုဖြစ်နေတယ်။ ဒီနှစ်ပြန်သွားတဲ့အချိန်ကလဲ ၂ လပိုင်းလောက်ကနေ ၇ လပိုင်းမှ ထိုင်ဝမ်ကိုပြန်လာဖြစ်တာကြောင့် သင်္ကြန်ကို မြန်မာပြည်မှာပဲ ဆင်နွှဲဖြစ်ပါတယ်။ ရန်ကုန်မှာ သင်္ကြန်အကြိုနေ့မနက်ပဲ နေဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ နယ်ကအိမ်ကိုပြန်ရောက်နေပါပြီ။ ရန်ကုန်မှာကတော့ အကြိုနေ့ဖြစ်တဲ့အတွက် ဘာမှအရမ်းကြီးစည်တယ်ဆိုတာ မတွေ့ရပါဘူး။ နောက်တရက်မှာတော့ စတွေ့ရပါပြီ။ အိမ်က ရန်ကုန်-မန္တလေးကားလမ်းဘေးဖြစ်တာကြောင့် ဖြတ်သွားဖြတ်လာအကုန်တွေ့နေရပါတယ်။ သင်္ကြန်ရက်ဆိုတော့လဲ အရင်ပုံမှန်ထက် လူပိုများသလို တမြို့နဲ့တမြို့ သွားလည်ကြပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့ ရှုပ်ရှက်ခပ်နေပါတယ်။ အရင်တုန်းကတော့ ရိုးရိုးသင်္ကြန်လည်ကြတာပါ။ အခုတော့ သင်္ကြန်လည်ရင်ဖြင့် အရက်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ်သောက်ရမယ်လို့ အမိန့်ထုတ်ထားသလားတောင် ထင်ရတယ်။ ယောင်္ကျာလေးတွေရော မိန်းကလေးတွေရော မူးမူးရူးရူးနဲ့ ဖြစ်ချင်သလိုကို ဖြစ်နေကြပါတယ်။ ၁၀ ကျော်သက်ကလေးတွေဖြစ်နေပေမယ့် တကယ့်ကိုလူကြီးတွေနည်းတူ မူးနေကြတာပါ။ မိဘတွေကတော့ ခွင့်ပြုမှာမဟုတ်ပေမယ့် အိမ်ကထွက်သွားတော့ သူတို့လုပ်ချင်သလိုလုပ်နေကြတာပါ။ ဘယ်သူကများ သင်္ကြန်မှာ အရက်သောက်ရမယ်လို့ ထွင်သွားသလဲတော့ မသိပါဘူး။ လူကြီးတွေသောက်တာကနေ အခုဆိုရင် ကလေးတွေကပါ လိုက်လုပ်နေတော့ ဒီကလေးတွေအတွက် ရင်လေးစရာပါ။
အခုတော့ ယောကျာင်္လေးတွေတင်မဟုတ်တော့ပဲ မိန်းကလေးတွေကလဲ ကိုးရီးယားကားတွေထဲက မင်းသမီးတွေလို အရက်သောက်လာကြပါတယ်။ ကိုးရီးယားက မိန်းကလေးတွေ အရက်သောက်တာက သူတို့နေရတဲ့ ရာသီဥတုက ရေခဲမှတ်အောက်ရောက်နေတော့ ကျန်းမာရေးအရရော သူတို့နိုင်ငံရဲ့ ဓလေ့အရရော သောက်တာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်မြန်မာနိုင်ငံက မိန်းကလေးတွေက ဘာလို့များဒီလိုမျိုးတွေကို အတုခိုးချင်ရတာလဲ။ ဒါတွေက ခေတ်မှီတယ်လို့များထင်နေကြလို့လား။ ဒါမှမဟုတ် ယောကျာင်္လေးနဲ့ မိန်းကလေး တန်းတူအခွင့်အရေးရှိတယ်လို့များ ထင်နေကြလို့လား။ ဘာပဲဖြစ်ဖြစ် ယောကျာင်္လေးကို ဘယ်လောက်ပဲ တန်းတူလိုက်နိုင်တယ်ပြောပြော မိန်းမက မိန်းမပါပဲ။
အခုသင်္ကြန်လည်တော့ ကောင်လေးတွေက ကောင်မလေးတွေကို လိုက်ထိန်းနေရတယ်လို့ အစ်ကိုဝမ်းကွဲက ပြောပြပါတယ်။ ဘာလို့လဲ အကိုးရဲ့ ဆိုတော့ ကောင်လေးတွေထက် ကောင်မလေးတွေက သောက်နိုင်ပြီး ရမ်းနေကြလို့တဲ့။ ဒါက အစ်ကိုကပြောသွားတာပါ။ ဟော ဦးလေးနောက်တယောက်ကလဲ ပြောပြပြန်တယ်။ သမီးရေ အခုသင်္ကြန်မှာဆိုရင် အမေဂျမ်းတွေက ပိုကြမ်းနေလို့ ကိုကြီးကျော်က ငြိမ်နေရတယ်တဲ့။ ခေတ်မှီတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်ဓလေ့တွေကိုတော့ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ရင် ပိုင်ကောင်းမယ်လို့ ထင်ပါတယ်။

Saturday, 3 October 2009

တောင်ကြီးမြို့ကိုအလည်တစ်ခေါက်




မြစိမ်းတောင်ပေါ်က မြင်ရတဲ့ တောင်ကြီးမြို့






မြစိမ်းတောင် ဘုရားမှာရှိတဲ့ ဘုရားရဲ့အရိုးကွင်းဆက်တော်
ပြန်လည်ပြုပြင်ထားတဲ့ ဘုရားဆင်းတုတော်
မွေတော်ကက္ကူစေတီတော်


မွေတော်ကက္ကူဘုရားများ


ညောင်ရွှေကနေ နေ့လည် ၁၂ နာရီကျော်လောက်ကနေထွက်လာပြီး တောင်ကြီးကိုတော့ ညနေဘက် ၂ နာရီလောက်ရှိမယ်နဲ့တူတယ်။ သေချာတောင်မမှတ်ထားလိုက်မိဘူး။ ဟိုးအရင်က တောင်ပေါ်အတက်အဆင်းကို တလမ်းထဲပဲရှိပါတယ်။ အခုကျတော့ တောင်ပေါ်အဆင်းတလမ်း အတက်တလမ်း ၂ လမ်းဖောက်ထားသလို ကမ်းပါးယံဘေးတွေမှာလဲ တောင်ပြိုတာကို ကာကွယ်ဖို့အတွက် ကွန်ကရစ်တွေနဲ့ ကာထားတာကို တွေ့ခဲရတယ်။ တောင်စောင်းတလျှောက်မှာလဲ အရင်လာတုန်းက စိုက်ထားတဲ့ ပျိုးပင်လေးတွေက အခုအခါမှာတော့ သစ်တောလေးတခုလိုဖြစ်နေပြီး တောင်တက်လမ်းကို အုပ်မိုးလို့နေပါတယ်။ တောင်တက်လမ်းတလျှောက် အောက်ဘက်ကိုကြည့်ပြီး ရင်အေးမိသလို ဟိုး ခပ်ဝေးဝေးက လှမ်းမြင်နေရတဲ့ ကျီးဖြူကန်ကိုကြည့်ပြီး ဖိုးဖိုးအရင်တုန်းက အဲဒီကန်မှာ ငါးသွားမျှားတတ်တဲ့အကြောင်း ဖိုးဖိုးပြောပြခဲ့တာတွေကို ပြန်သတိရသွားပါတယ်။ တောင်ကြီးကိုရောက်ခါနီးမှာတော့ မြို့ထဲကိုမ၀င်ခင် တောင်ကြီးမြို့မှ ကြိုဆိုပါဧ။် ဆိုတဲ့ ဆိုင်းဘုဒ်အောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေဆိုတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ မြို့အ၀င်က ကြိုးတံတားကိုလဲ ကားပေါ်ကနေပဲ မော့ကြည့်ခဲ့ပါတယ်။ တောင်ကြီးကြိုးတံတားဆိုတာ ခဏခဏရောက်ဖူးနေလို့ ဒီတခေါက်တော့ မသွားခဲ့ပါဘူး။
တောင်ကြီးမြို့ထဲကို ရောက်သွားတဲ့အခါမှာတော့ မွေတော်ကက္ကူဘုရားကို ဆက်သွားဖို့အတွက် တိုင်ပင်လိုက်ကြပါတယ်။ အဲဒါနဲ့ ဆက်သွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတယ်။ မွေတော်ကက္ကူကိုဆက်မသွားခင် တောင်ကြီးမြို့အစွန်က စူဌာမုဏိဘုရားကို အရင်သွားဖူးလိုက်ပါတယ်။ ဘုရားမှာပဲ နေ့လည်စာကို ထမင်းမစားတော့ပဲ ရှမ်းခေါက်ဆွဲ စားလိုက်ပါတယ်။ တခြားလူတွေကလဲ တို့ဖူးနွေးတို့ တို့ဖူးသုတ်တို့ ကြိုက်တာမှာစားကြတယ်။ တောင်ကြီးကိုရောက်နေမှတော့ ထမင်းမစားချင်တော့ပါဘူး။ ရိုးရာအစားအစာလေးပဲ စားချင်ပါတယ်။ အဲဒီမှာ စားသောက်ပြီးတော့ မွေတော်ကက္ကူကို ခရီးဆက်ခဲ့ပါတယ်။ မွေတော်ကက္ကူဘုရားကို နှင်းတယောက်ထဲပဲ ရောက်ဖူးတာဖြစ်လို့ ပါပါးတို့ကလဲ လမ်းမသိပါဘူး။ နှင်းကလည်း တက္ကသိုလ်တက်တုန်းက သွားထားဖြစ်လို့ အခုမမှတ်မိတော့ပါဘူး။ အဲဒါနဲ့ လမ်းမှားပြီး ဟိုပုံးဘက်ကို မောင်းသွားမိလို့ တွေ့တဲ့လူကိုမေးကြည့်မှပဲ တောင်ကြီးတက္ကသိုလ်ဘက်ကနေ သွားရတယ်ဆိုလို့ လမ်းမှန်ပြန်ရောက်သွားပါတယ်။

အရင်လာတုန်းက မွေတော်ကက္ကူသွားတဲ့ဘက်မှာ အခုလောက် မတိုးတက်ဘူးလို့ ထင်ပါတယ်။ အခုတော့ ရွာတွေမှာ ကိုယ်ပိုင်ကားတွေ ၂ ထပ်တိုက်တွေနဲ့ ဘေးဝဲယာမှာလည်း တောင်ယာစိုက်ခင်းတွေနဲ့ ရှုခင်းတွေကို ကြည့်ရတာဟာ ဘယ်တော့မှ မရိုးနိုင်ဘူးလို့ထင်ပါတယ်။ တောင်ကြီးမြို့ကနေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ မိုးစရွာလာပါတယ်။ သွားနေရင်းကနေ မိုးကတော်တော်လေး သည်းလာတော့ ကြီးကြီးမေက နောက်ကြောင်းပြန်လှည့်ဖို့ ပြောပါတယ်။ ဒါပေမယ့် ဖွားဖွားက ထွက်လာပြီးရင် ပြန်မလှည့်ချင်ဘူးဆိုပြီး ဆက်သွားခိုင်းပါတယ်။ ၁ နာရီခွဲကျော်လောက် မောင်းရမယ်လို့ထင်ပါတယ်။ သွားနေရင်းကနေ ဘုရားနားရောက်ခါနီးမှာတော့ မိုးတိတ်သွားပြီး ကောင်းကင်တခုလုံးကြည်လင်လာတော့မှ အားလုံးစိတ်ချမ်းသာခဲ့ရတယ်။ တကယ်လို့များ မိုးသာဆက်ရွာနေရင် ဒုက္ခပဲဆိုပြီး တွေးပူနေရတာက လွတ်သွားပါတယ်။ ဘုရားနားမရောက်ခင်ကတည်းက မွေတော်ကက္ကူရဲ့ စေတီတော်တွေကို လှမ်းမြင်နေရပါတယ်။ သိပ်မကြာခင်မှာတော့ ဘုရားကိုရောက်သွားပါတယ်။ ဘုရားဝန်းရဲ့အပြင်ဘက်မှာတော့ ညောင်ပင်အကြီးကြီးတွေရယ် ဈေးဆိုင်တန်းလေးတွေရယ် တွေ့ရပါတယ်။ ဘုရားဝန်းကို ၀င်လိုက်တာနဲ့ပဲ ဆည်းလည်းသံလေးတွေကိုကြားရတာဟာ ရင်ကိုအေးချမ်းသွားပါတယ်။ ဘုရားဝန်းထဲက ရှေးဟောင်းဘုရားပြိုပျက်နေတာတွေကို ပြုပြင်နေတာကိုလဲ တွေ့ခဲ့ရပါတယ်။ဟိုးအရင် သူငယ်ချင်းတွေနဲ့လာတုန်းကထက် ပိုတိုးတက်လာပါတယ်။ ဘုရားရဲ့ လုံခြုံရေးအတွက် ပအိုဝ့် စစ်တပ်က တာဝန်ယူထားတာကိုတွေ့ခဲ့ရပါတယ်။ ဘုရားဖူးတွေအဆင်ပြေဖို့ အိမ်သာတွေကိုလဲ သေသေချာချာလုပ်ပေးထားပါတယ်။ အဲဒီကနေအပြန်မှာတော့ မိုးလေ၀သကလဲ ကောင်းနေပါတယ်။ ဘေးပတ်ဝန်းကျင်ကို ငေးမောရင်းနဲ့ သဘာဝအလှတွေကို တ၀ကြီးခံစားခဲ့ပါတယ်။ တောင်ကြီးမြို့ကိုတော့ ညနေပိုင်း ၆ နာရီလောက်မှာပြန်ရောက်လာပါတယ်။ တောင်ကြီးမှာ ညအိပ်ဖို့ဆိုပြီး တည်းခိုခန်းတွေ လိုက်ရှာကြပါတယ်။ မြို့ထဲမှာပဲ တည်းချင်တယ်ဆိုလို့ မြို့တော်တည်းခိုခန်းကို သွားမေးကြပါတယ်။ အဲဒီနေရာက လမ်းမတန်းဖြစ်သလို ဈေးဆိုင်တွေ စတိုးဆိုင်တွေနဲ့ စည်းကားလို့ ကြီးကြီးမေတို့က ညဘက်လမ်းလျှောက်ရင်ကောင်းတယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နှင်းတို့ခရီးသွားတော့ အိမ်ကကိုးကွယ်တဲ့ ဘုန်းကြီးတပါးကို ပင့်သွာတာကြောင့် အဆင်မပြေဖြစ်သွားပါတယ်။ တည်းခိုခန်းပိုင်ရှင်က လူမျိုးခြားဖြစ်နေတော့ လက်မခံပါဘူး။ ပြီးတော့လဲ ဘုန်းကြီးနဲ့ တည်းခိုခန်းမသင့်တော်ပါဘူးဆိုပြီး တောင်ကြီးအမှတ် ၄ အထက်တန်းကျောင်းနားက ဘုန်းကြီးကျောင်းကို သွားမေးလိုက်ပါတယ်။ ဘုန်းဘုန်းတပါးတည်း ညအိပ်တည်းခိုခွင့်တောင်းတာပါ။ အဲဒီက ကျောင်းထိုင်ဘုန်းကြီးကလည်း ဘုန်းကြီးတပါးတည်းမဟုတ်ဘူး အားလုံးပဲ ဒီမှာတည်းပါဆိုပြီး ဧည့်သည်လာရင်တည်းဖို့ နေရာလုပ်ပေးပါတယ်။ အစကတော့ နှင်းတို့က တည်းခိုခန်းမှာတည်းမယ်။ ဘုန်းဘုန်းကို ကျောင်းမှာတည်းခိုင်းမယ် ဆိုပြီးစီစဉ်ထားတာပါ။ ဘုန်းဘုန်းကလည်း မရောက်ဖူးတဲ့အရပ်မိုလို့ တစ်ပါးတည်းတော့ မထားခဲ့ပါနဲ့ဆိုတာနဲ့ အားလုံးပဲ ဘုန်းကြီးကျောင်းက စီစဉ်ပေးတဲ့အခန်းမှာ ညအိပ်လိုက်ပါတယ်။ မနက်ကျတော့ အစောကြီး တောင်ကြီးက မြစိမ်းတောင်ပေါ်ကို ကားနဲ့တက်ပါတယ်။ အရင်ခပ်ငယ်ငယ်က မြစိမ်းတောင်ကို တက်ခဲ့တဲ့ မြင်ကွင်းနဲ့ အခုမြင်ကွင်းက တခြားစီပါပဲ။ အခုတော့ အရမ်းကိုတိုးတက်နေသလို တောင်တက်လမ်းဘေး ၀ဲယာက အိမ်တွေဆိုတာကလည်း တကယ်ကိုပဲ နေချင်စရာ အိမ်ခြံအကျယ်ကြီးတွေနဲ့ ပန်းခင်းတွေနဲ့ လှပါတယ်။ တော်ရုံပိုက်ဆံရှိရုံနဲ့တော့ အခုလို မနေနိုင်ပါဘူး။ အဲလိုတွေ အားကျငေးမောရင်းနဲ့ တောင်ပေါ်ကို ရောက်သွားပါတယ်။ မြစိမ်းတောင် ဘုရားကတော့ အရင်လိုပါပဲ မပြောင်းလဲပါဘူး။ ဒါပေမယ့် အရင်တုန်းက မတွေ့ခဲ့တဲ့ နဂါးရုံဘုရားတွေ တခြားစောင်းတန်းတွေနဲ့ ပိုပြီး တိုးတက်လာပါတယ်။ တောင်ပေါ်ကနေ တောင်ကြီးမြို့ကို မြင်ရတဲ့ ရှုခင်းကလဲ ပြောင်းလဲသွားပါတယ်။ အရင်တုန်းက တောင်ကြီးရဲ့ မြို့အနေအထားက အခုလောက်ထိ မကျယ်ပါဘူး။ အခုတော့ ဘယ်နေရာကိုကြည့်ကြည့် တိုက်တွေနဲ့ မြို့ကလည်း အကျယ်ကြီးဖြစ်နေပါပြီ။

တောင်ပေါ်ကနေ ပြန်ဆင်းလာတော့ မနက်စာစားကြမယ်ဆိုပြီး ဘယ်မှာစားမလဲဆိုတော့ မာမားက စ၀်စံထွန်းဈေးမှာ သွားစားမယ်။ နှင်းတို့လဲ ရောက်ဖူးအောင် ခေါ်သွားမယ်ဆိုပြီး သွားကြပါတယ်။ ဈေးထဲကိုလျှောက်ကြည့်ပြီး တို့ဖူးနွေးစားလိုက်ကြပါတယ်။ တောင်ကြီးမှာကတော့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် တွေကို တွေ့ခဲ့ရသလို ဘုရားပန်းတွေဆိုတာကလည်း တကယ်ကိုလှပါတယ်။ တောင်ကြီးဘက်ကို နေချင်တယ်ဆိုတာကတော့ အဲဒါတွေကြောင့်ပါပဲ။ နှင်းတို့သွားတဲ့အချိန်က ၆ လပိုင်းဆိုပေမယ့် အပူချိန်က ၂၀ ကျော်မှာပဲရှိတဲ့အတွက် နှင်းအနေနဲ့ကတော့ သဘောကျ အကြိုက်တွေ့မိပါတယ်။ ရန်ကုန်ရောက်တုန်းက ပူတယ်အိုက်တယ်ဆိုပြီး တချိန်လုံးညည်းတွားလာခဲ့သမျှ အခုတော့ သဘောကျနေမိပါတယ်။ ထိုင်ဝမ်က ရာသီဥတုနဲ့ သိပ်မကွာလို့ပါ။ အဲဒီကနေပြီးတော့ ဘုန်းကြီးကျောင်းကိုပြန်သွားပြီး ပစ္စည်းတွေသိမ်းဆည်းကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီဘုန်းကြီးကျောင်းက တောင်ပေါ်မှာ တရားစခန်းဆောက်နေတယ်လို့ သိရတော့ မာမားက အလှူငွေထည့်ချင်တယ်ဆိုတာနဲ့ မာမားသဘောကျ ထည့်လိုက်ပါတယ်။ နောက်တခါလာရင်လဲ အခုလိုပဲ လာတည်းဖို့ ကျောင်းကဘုန်းကြီးတွေက ပြောလိုက်သလို တန်ဆောင်တိုင်လာမယ်ဆိုရင် တည်းဖို့အခန်းချန်ထားမယ်။ ဖုန်းကြိုဆက်လိုက်ပါလို့လဲ မှာလိုက်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ကိုတော့ အခါအခွင့်သင့်ရင် သွားပါဦးမယ်။ ဘုန်းကြီးတွေကို အလှူငွေကပ်ပြီးတာနဲ့ ဖွာဖွားက ဦးလေးအငယ်နေတဲ့ ရပ်စောက်ကို သွားမယ်ဆိုတာနဲ့ ရပ်စောက်ကို ခရီးဆက်ခဲ့ပါတယ်။

Friday, 2 October 2009

သီတင်းကျွတ်လပြည့်နေ့




အခုလိုပဲ အလွမ်းပြေ မီးပုံးလေးထွန်းလိုက်မယ်နော်



ဒီနေ့ဆိုရင် သီတင်းကျွတ်လပြည့်နေ့ပါ။ မြန်မာတွေအနေနဲ့ကတော့ ၀ါလကင်းလွတ် သီတင်းကျွတ်ပြီဆိုရင် သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို ကန်တော့ကြပါတယ်။ ၀ါတွင်း ၃ လတာကာလပတ်လုံး ၀ါဆိုနေကြတဲ့ ရဟန်းသံဃာတော်တွေ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် ရသွားတဲ့အချိန်လဲဖြစ်ပါတယ်။ ကလေးသူငယ်တွေ အားလပ်ရက်ကျောင်းပိတ်ချိန် ဘိုးဘွားတွေဆီပြန်လို့ ကန်တော့ကြတဲ့အချိန်လဲ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် နှင်းတို့ မြန်မာတွေ တန်ဖိုးထားကြတာကတော့ မြတ်စွားဘုရားရှင်က တာဝတိံသာမှ လူ့ပြည်ကို ဆင်းသက်တော်မူခဲ့တဲ့ နေ့တစ်နေ့ဖြစ်တာကြောင့်လဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ ဆီမီးတွေ မီးပုံးလေးတွေ ထွန်းပြီး ပူဇော်ခဲ့ကြပါတယ်။


ငယ်ငယ်ကသင်ခဲ့ရတဲ့ စာကလေးကို တပိုင်းတစ မှတ်မိသေးတယ်။ သီတင်းကျွတ်တန်ဆောင်မုန်း လနတ်တော် ကောက်ဦးပေါ်လို့ မုန့်ဆန်းလှော် ဆိုသလိုပဲ ကောက်ဦးကောက်ဖျားပေါ်တဲ့အချိန်လဲဖြစ်တာကြောင့် မုန့်ဆန်းလုပ်ပြီး ဘူရားလှူကြပါတယ်။ နှစ်တိုင်း အဖိုးအဖွားတွေကို ကန်တော့ဖြစ်ပါတယ်။ ငယ်ငယ်ထဲက မာမားကလဲ သီတင်းကျွတ်ပြီဆိုရင် မုန့်တွေဝယ်ထားပြီး ဘယ်သူ့ကိုသွားကန်တော့ရမယ်။ ပြီးရင်ဘယ်သူ့ဆီကို သွားနော်ဆိုတဲ့ လမ်းညွှန်မှုတွေနဲ့ ကြီးပျင်းခဲ့ရသလို အဲလိုအချိန်လေးတွေကိုလဲ ပျော်ရွှင်ခဲ့ပါတယ်။ အဲဒါကြောင့်လဲ သီတင်းကျွတ်ဆိုရင် အဖိုးအဖွားတွေကို ကန်တော့ရတော့မယ်ဆိုတဲ့ အသိစိတ်က အမြဲတမ်းရင်ထဲမှာ ရှိနေပါတယ်။ ကိုယ်ကကန်တော့လိုက်တဲ့အချိန်မှာ ပြုံးပြီးပြန်ကြည့်နေတဲ့ အဖိုးအဖွားတွေရဲ့ မျက်နှာကို မြင်ရတာဟာ ရင်ထဲမှာ အေးချမ်းပါတယ်။


ကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီပြီး မကန်တော့နိုင်ခဲ့တာ အခုဆိုရင် ၄ နှစ်ရှိပါပြီ။ ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ရတဲ့ ငွေနဲ့ ကန်တော့ခွင့်ရတဲ့အတွက်တော့ ပီတိဖြစ်မိပါတယ်။ ဒီနေ့လဲ ပါပါးနဲ့ မာမားဆီကို ဖုန်းလှမ်းဆက်ပြီး ကန်တော့လိုက်ပါတယ်။ ပြီးတော့ ပါပါးနဲ့မာမားအတွက် သုံးချင်ရာသုံးဖို့ဆိုပြီး ကန်တော့လိုက်ပါတယ်။ ပါပါးနဲ့ မာမားတို့အတွက် နှင်းကန်တော့တဲ့ ငွေဟာ ဘာမှမပြောပလောက်ပေမယ့် နှင်းအတွက်ကတော့ ကိုယ့်လုပ်အားနဲ့ရှာထားပြီး မိဘတွေကို အခုလို ကန်တော့ခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်။ အဲလိုပဲ နှစ်တိုင်းကန်တော့ခွင့်ရအောင် ကျန်းကျန်းမာမာနဲ့ နေပေးနေတဲ့ ဖွားဖွားကိုလဲ ကျေးဇူးတင်မိပါတယ်။


ဒီနှစ်ကတော့ တရုတ်လို လမုန့်ပွဲတော်နေ့ ဖြစ်သလို မြန်မာလို အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့နဲ့လဲ တိုက်ဆိုင်နေပါတယ်။ မြန်မာတွေက လူကြီးတွေကို ကန်တော့ကြ ဘုရားကျောင်းကန်သွားကြသလို ထိုင်ဝမ်က တရုတ်တွေကလဲ ရိုးရာကန်တော့ကြပြီး ဒီနေ့မှာတော့ အသားကင်တွေ လုပ်စားကြပါတယ်။ အရင်နှစ်တွေက မာမားရှိနေတော့ မိသားစုတွေ အသားကင်လုပ်စားဖြစ်ပေမယ့် ဒီနှစ်တော့ မာမားက မြန်မာပြည်ပြန်သွားပြီဖြစ်လို့ ဘာမှလုပ်မစားတော့ပါဘူး။

မြန်မာပြည်မှာတော့ ဒီနေ့ဆိုရင် ဘုရားတွေမှာ ဆီမီးတွေထွန်းလို့ စည်ကားနေမှာပါပဲ။ ဗျောက်ဖောက်ရင်ဖမ်းမယ် ဆိုတာတောင် အပျော်သဘောနဲ့ ကစားခဲ့ဖူးပါတယ်။ အခုတော့ အဲလိုအချိန်တွေက အမှတ်တရရှိခဲ့ဖူးတယ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ ကျန်နေခဲ့ပါပြီ။ ဒါပေမယ့် သီတင်းကျွတ်ဆိုတဲ့ စကားလေးကို တနှစ်တခါတော့ ကြားနေရဦးမှာပါပဲ။ အဲလိုပဲ ကြားတိုင်းလည်း အရင်အတိတ်ကအကြောင်းတွေကို ပြန်လည်ပြီး သတိတရရှိနေဦးမှာပါ။

မေခလာဆိုထားတဲ့ သီချင်းထဲကလိုပဲ ဒီနေ့မှာတော့ ယောင်လည်လည်နဲ့ တဦးတည်းပါပဲ။ တွဲလျှောက်ရအောင်လည်း အနားမှာမရှိပါဘူး။ အလွမ်းပြေ သီချင်းလေးပဲ နားထောင်နေမိပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics