Wednesday 30 April 2008

မိုး နဲ့ မြေ

မိုးနဲ့ မြေဆိုတာ
မြင်သာမြင် မကြင်ရဘူး
မင်းနဲ့ ငါ့ဘ၀ကလဲ
မိုးနဲ့မြေလိုပဲ..........

လမင်းထဲက ယုန်လေးက မင်းဆိုရင်
မြေပြင်ပေါ်က မော့ကြည့်နေတဲ့
ကောင်မလေးက ငါပါ............

လိုတရနေတဲ့ မင်းသားလေးမှာ
အညတြကောင်မလေး မရှိလဲ
ဘာမှမထူးခြားပါဘူး..........

လူတွေသတ်မှတ်ထားတဲ့
အဆင့်အတန်းဆိုတဲ့ တံတိုင်းကြီး
မင်းနဲ့ ငါ့ ကြား ခြားထားပြီးသားပဲ............

“ဖြစ်ချင်တာထက် ဖြစ်သင့်တာလုပ်ရမယ်”
ဒီစကားအတိုင်းပဲ
တစ်နေ့နေ့တော့
မင်း ငါ့ ကိုထားခဲ့မှာပါ........

အခုနေ မင်းသဘောကျတဲ့
ငါ ဆိုတဲ့အရုပ်လေးကို
ဘယ်အချိန်လွှင့်ပစ်မလဲ
ငါ မတွေးရဲဘူး...........

တစ်နေ့နေ့ပေါ့
အင်း............
အဲဒီတစ်နေ့အတွက်
အခုထဲက ငါ ပြင်ဆင်နေတယ်..........

Monday 28 April 2008

အနှစ်မသိလေသမျှ အပြစ်ကြည့်နေကြဦးမှာပါပဲ

တကယ်တော့
လူတစ်ယောက်ကို
အပေါ်ယံကြည့်ပြီး
ဝေဖန်တဲ့အလုပ်ဟာ
အပေါ်ယံသမားတွေရဲ့ အလုပ်ပါ။
ကိုယ်ကိုယ်တိုင်က
အပေါ်ယံသမားဖြစ်နေရင်တော့
သူတစ်ပါးကိုလည်း
အပေါ်ယံကြည့်ပြီး
ဝေဖန်တော့တာပေါ့။
တချို့ဆို ကိုယ့်ကိုယ်ကို
လုံးဝအပြစ်ကင်းစင်နေသလို
သဘောထားပြီး
သူတစ်ပါးကို
နေရာတကာ အပြစ်ရှာတတ်ပါတယ်။
သူတစ်ပါးကို ပြောတဲ့အပြစ်မျိုး
ကိုယ့်မှာရှိနေတာကိုတောင်
သတိမမူနိုင်ကြတော့ပါဘူး
သူတစ်ပါးကို
“ပုဂ္ဂိုလ်ရေးမဝေဖန်ပါနဲ့” ပြောပြီး
ကိုယ်ကိုယ်တိုင်ကျတော့
ပုဂ္ဂိုလ်ရေး ဝေဖန်နေတဲ့သူတွေရှိသလို
သူတစ်ပါးကို
“အဝေဖန်ခံနိုင်ရမယ်” ပြောပြီး
ကိုယ်ကိုယ်တိုင်ကျတော့
အဝေဖန်မခံနိုင်ကြတဲ့လူတွေလည်း
ရှိပါတယ်။

အရှင်ဆန္ဒာဓိက

ကိုယ့်ဘ၀ကိုယ်ပုံသွင်းပါ

မြောင်းသွယ်သမားတွေက
မြောင်းတူးပြီး
လိုချင်တဲ့နေရာအရောက်
ရေကို ဆောင်ယူကြပါတယ်။
မြားလုပ်သမားတွေက
အပူပေးပြီး
ကောက်နေတဲ့မြားကို
ဖြောင့်အောင်ပြုလုပ်ကြပါတယ်။
သစ်ရွေသမားတွေက
သစ်အကြမ်းထည်ကို
ဖြတ်တောက်ခုတ်ရွေးပြီး
ကိုယ်လိုရာ ပုံသွင်းကြပါတယ်။
အသိဉာဏ်သမားတွေက
ဒါတွေကို နမူနာယူပြီး
ယဉ်ကျေးလိမ္မာအောင်
ကိုယ့်ကိုယ်ကိုယ်ဆုံးမကြပါတယ်။
အရှင်ဆန္ဒာဓိက

Sunday 27 April 2008

အွန်လိုင်းနှင့် နှင်း

နှင်း ဒီနေ့စိတ်ထဲမှာ တော်တော်လဲ ကိုယ့်ကိုယ်ကို စိတ်ဆိုးမိတယ်။ ဘာလို့များ လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး တွေးနေတာလဲလို့ စဉ်းစားမိတယ်။ အွန်လိုင်းသုံးတဲ့ နှင်း အတွက် လူတစ်ယောက်ရဲ့ စကားတွေက ကိုယ့်ကိုကို စိတ်ပျက်စရာကောင်းလောက်အောင် ထင်မိစေတယ်။ Gtalkသုံးတာနဲ့ ချက် နေတာပဲလို့ ဘာလို့ထင်နေကြတာလဲ။ chatting မလုပ်တတ်ပါဘူးလို့ မပြောပါဘူး။ မြန်မာပြည်မှာနေခဲ့တုန်းက လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး အွန်လိုင်းဆိုတဲ့ နေရာကို ရောက်ခဲ့တယ်။ အဲဒီတုန်းက chatting ဆိုတာ စပြီးသိခဲ့တယ်။ ygn chat ဆိုတာကို သိခဲ့ရတယ်။ ချက်လောကကိုလဲ နားလည်သဘောပေါက်ခဲ့တယ်။
ထိုင်ဝမ်ရောက်လာတဲ့ အခါမှအွန်လိုင်းကို အချိန်ပြည့်သုံးလာတဲ့ အခါမှာ chatting ဆိုတာထက် တခြားအရာတွေကို ပိုစိတ် ၀င်စား လာတယ်။ အွန်လိုင်းပေါ်ကနေ တစ်ကမ္ဘာလုံးဖြစ်ပေါ်နေတာတွေကို သိလာရတယ်။ နောက်ပိုင်းမှာ chatting ဆိုတာကို မလုပ်တော့ဘူး။ chatroom တွေကို မ၀င်ဖြစ်သလို blogဆိုတဲ့ ကမ္ဘာလေးထဲကို ရောက်လာတဲ့နောက်ပိုင်း သူငယ်ချင်းတွေနဲ့တောင် စကားမပြောဖြစ်တော့ဘူး။ အွန်လိုင်းမှာ လူပေါင်းစုံ ရှိနေသလို စိတ်ဓါတ်တွေလဲ အစုံပါပဲ။ အဲဒီထဲကမှ နှင်း အတွက် မိတ်ဆွေအစစ်အမှန်တွေရခဲ့တယ်။ အဲဒီမိတ်ဆွေတွေ မရခင်တော့ အတုယောင်တွေရော အပျော်သက်သက် စကားလာပြောတဲ့လူတွေရော ကိုယ်ချင်းမစာပြောတတ်တဲ့လူတွေရော အစုံတွေ့ခဲ့ရတယ်။
ဒါပေမယ့် လူတစ်ချို့က ပြောတတ်ကြတယ်။ chattingကိုဘာသဘောနဲ့များလုပ်နေကြတာလဲတဲ့။ မြန်မာပြည်ကလူငယ်တွေလဲ သူတို့အတွေးလေးတွေနဲ့ အွန်လိုင်းကို သုံးနေကြတာပါပဲ။ မြန်မာပြည်ရဲ့ အဝေးကိုရောက်နေတဲ့နှင်းတို့လိုလူအတွက်ကတော့မိတ်ဆွေတွေရပါတယ်။အဝေးရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း မိတ်ဆွေဖြစ်ကြရတာဟာ ကောင်းတဲ့ရလဒ်လို့ထင်မိတယ်။ ကိုယ်မသိတာတွေ သိရသလို ကိုယ်သိတာတွေကိုလဲ မျှဝေပေးလို့ရတယ်။ ဒါပေမယ့် အမြဲတမ်းလဲ ဘယ်သူမှ chat room တွေမှာ ကြာကြာမ chatနိုင်ဘူးလို့ထင်မိတယ်။ ကိုယ့်အတွက် မိတ်ဆွေအစစ်ရပြီဆိုရင် တစ်ယောက်ရှိရင်ပဲ လုံလောက်ပါတယ်။ မိဘနဲ့ဝေးနေတဲ့ လူတွေရှိသလို မိသားစုနဲ့ ခွဲနေရတဲ့ လူတွေလဲရှိပါတယ်။ သူတို့တွေကို ပြောချင်တဲ့ တစ်ချို့စကားတွေကို ပြောဆိုဖို့ မလွယ်ကူတဲ့အခါ အလွယ်တကူပြောလို့ရတဲ့ အွန်လိုင်းကမိတ်ဆွေတွေကိုပဲ ရင်ဖွင့်မိပါတယ်။ ဒီလိုတွေ လုပ်မိတာကို chatting ဆိုတာqq တွေပါပဲလို့ ဘာလို့များ ပြောနေကြ ထင်နေကြတာလဲ။
ကိုယ့်ဘေးမှာ မြန်မာပြည်မှာထဲက အမြဲခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ ရှိနေတဲ့ လူတစ်ယောက်အတွက်ကတော့ ဘာမှ စိတ်ထဲမှာ ခံစားမှု မထူးခြားပေမယ့် နှင်း လိုမိတ်ဆွေမရှိ သူငယ်ချင်းမရှိတဲ့ လူတစ်ယောက်အတွက်တော့ အွန်လိုင်းက သူငယ်ချင်းတွေကို တကယ့်အပြင်က သူငယ်ချင်းတွေလိုပဲ မှတ်ယူထားတယ်။ ရင်ဖွင့်မိတယ်။ ဒါတွေဟာ သူတို့တွေ ထင်နေတဲ့ qq လုပ်နေရုံမဟုတ်ပါဘူး။ နောက်တစ်ခုက အွန်လိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ဖြစ်ကြတာပါ။ နှင်းတို့တွေအပြောကတော့ သမီးရည်းစားပေါ့နော်။ သံယောဇဉ်တွယ်တယ်ဆိုတာကလဲ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်တာတွေ ကိုယ်ချင်းစာပေးကြတာတွေကနေဖြစ်သွားတယ်လို့ထင်တာပဲ။ ဒီစိတ်ကလဲလူတိုင်းအပေါ်မှာ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ယောကျာင်္လေးနဲ့မိန်းကလေး စကားပြောကြတာနဲ့ ရည်းစားဖြစ်တော့မှာပဲဆိုတဲ့ လူတစ်ချို့ရဲ့ တွေးတွေကို မရှိစေချင်ဘူး။မောင်နှမလို တကယ်ခင်ခင်မင်မင် ပြောကြတာလဲ အများကြီးပါ။ ဒါပေမယ့် တစ်ချို့သော အွန်လိုင်းက လူတွေက မိန်းကလေးတစ်ယောက်က လက်ခံစကားပြောတာနဲ့ သူတို့ကို သဘောကျလို့လို့ ထင်မှတ်နေကြတယ်။
အွန်လိုင်းကို ကိုယ့်အတွေးတွေနဲ့ ကိုယ့်ရည်ရွယ်ချက်တွေနဲ့ သုံးနေကြတဲ့ လူတွေကြည့်ပါပဲ။ ကိုယ်ကမှ ရည်ရွယ်ချက်ကောင်းတယ်။ သူတို့ကတော့ မကောင်းဘူးရယ်လို့ မထင်စေချင်ဘူး။အွန်လိုင်းကိုစပြီးထိတွေ့ဖို့ လွယ်ကူတာကchattingဆိုတာအလွယ်ဆုံးလို့ထင်မိတယ်။ ဒါတွေကိုသိပြီးသွားမှနောက်ပိုင်းကိုယ်အားသန်ရာကို ပြောင်းသွားကြတယ်လို့ထင်မိတယ်။ အွန်လိုင်းကနေ ကောင်းတဲ့အရာတွေကိုလဲ သိရသလို မကောင်းဘူးဆိုတဲ့ အရာတွေကိုလဲ သိရတယ်။ ကိုယ်ကကောင်းတာကို ယူတတ်ရင်တော့ ကောင်းတာရမှာပါပဲ။ မကောင်းတာကိုမှ ယူတတ်ခဲ့ရင်တော့လဲ မကောင်းတဲ့ အတိုင်းပဲပေါ့။ ယူတတ်တဲ့ လူပေါ်မှာပဲ မူတည်ပါတယ်။

Saturday 26 April 2008

လက်တည့်စမ်းကြည့်တာ


Create Fake Magazine Covers with your own picture at MagMyPic.com




ကိုစိုးထက်ဆီမှာတွေ့လို့ စမ်းသပ်ကြည့်တာ :P ကျေးဇူးအများကြီးတင်ပါတယ် မခင်ဦးမေ နှင့် ကိုစိုးထက်ရေ

Friday 25 April 2008

ချောကလက်ကြိုက်သူများအတွက်

Do you believe in these Babies are made by almond powder and Chocolate ?















ကဲ ချောကလက်ကြိုက်တဲ့သူငယ်ချင်းတွေ အခုလိုချောကလက်လေးတွေကို စားရဲသေးလားဟင် :P


Thursday 24 April 2008

တာဝန်

လူသားတိုင်းမှာ တာဝန်ဆိုတာ ရှိပါတယ်။ ကိုယ့်တာဝန်နဲ့ကိုယ် ထမ်းဆောင်နေကြရပါတယ်။ ဘယ်သူကမှ မပေးပဲနဲ့လဲ အခြေအနေတွေအရ တာဝန်တွေကို ထမ်းနေကြရတဲ့လူတွေလဲ ရှိပါတယ်။ အဲဒီတာဝန်တွေထဲက မိသားတစ်စုရဲ့ စားဝတ်နေရေးကို အဓိက တာဝန်ယူထားတာကတော့ ဖခင်ပါပဲ။ မိသားစုမှာ ဖခင်ဟာ အိမ်ထောင်ဦးစီးဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်ရတဲ့လူဖြစ်တဲ့အတွက် ဖခင်မရှိရင် မိသားစုတွေ စားဝတ်နေရေး အခက်အခဲတွေ အများကြီး ဖြစ်လာပါတယ်။ အဲဒီအခါမှာ သားသမီးတွေထဲမှာ သားအကြီးများရှိခဲ့ရင် အကိုကြီးအဖရာဆိုသလို ဖခင်ရဲ့နေရာကို ၀င်ရောက်တာဝန်ယူကြရပါတယ်။ မိတ်ဆွေတစ်ယောက်ဟာ သူ့မိသားစုမှာ ဖခင်မရှိတော့တဲ့နောက်ပိုင်း အစ်ကိုကြီးအဖရာဆိုတဲ့ နေရာကို ဘယ်လိုတာဝန်တွေယူခဲ့ရသလဲဆိုတာကို မျှဝေခံစားပေးကြရအောင်နော်။

Monday 21 April 2008

တကယ်လိုအပ်ရဲ့လား

ရတဲ့ လခနဲ့ အသုံးစရိတ်တွေနဲ့ မျှပါဘူး ဆိုပြီး နှင်း တို့တွေ ညည်းညူတတ်ပါတယ်။ ကုန်ဈေးနှုန်းတွေတက်လာတော့ လခစားတွေအတွက် မကောင်းပါဘူး။ ဒါက ကုန်ဈေးနှုန်းကြောင့် ဖြစ်ရတဲ့ ပြဿနာပါ။ တစ်ချို့တွေကကြတော့ အသုံးအစွဲမတတ်လို့ မလောက်တာပါ။ ကိုယ်ရတဲ့ ၀င်ငွေကို လောက်ငအောင် မသုံးတတ်ကြလို့ အမြဲလိုငွေ ပြနေကြတဲ့လူတွေ အများကြီးပါ။ လူငယ်မိုလို့ အသုံးမတတ်တာလို့ အပြစ်ပြောချင်ကြမယ်။ ဒါပေမယ့် လူကြီးဖြစ်ပြီး အသုံးမတတ်တဲ့ လူတွေလဲ အများအပြားပါပဲ။ လူငယ်လူကြီး မရှိပါဘူး။ ကိုယ့်ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်တဲ့လူဖြစ်ဖို့က အဓိကလို့ ထင်ပါတယ်။ ကိုယ်ကလခစားလုပ်နေရပြီး သူဌေးလိုသုံးချင်ကြတဲ့ လူတွေအတွက်ကတော့ အမြဲတမ်းလိုငွေပြနေမှာပါ။

နှင်း တို့မိသားစုက အရင်တုန်းကဆိုရင် အားရင်အားသလို ကုန်တိုက်တွေကိုသွားပြီး လျှောက်ကြည့်ရင်း သဘောကျရင် ခြင်းထဲကောက်ထည့်ပြီး ၀ယ်တတ်ပါတယ်။ တကယ်တမ်း အိမ်ရောက်တော့ ကိုယ်လိုချင်လို့ ၀ယ်ခဲ့တဲ့ပစ္စည်းက ကိုယ့်အတွက်မရှိမဖြစ်မဟုတ်ပဲ အပိုသက်သက်ဖြစ်နေတတ်ပါတယ်။ ဒါတွေဟာ ပိုက်ဆံကို အလကားသက်သက်ဖြုန်းတီးပြစ်လိုက်တယ်ဆိုတာ အခုမှသိလာရပါတယ်။ အဲဒီလိုသိလာအောင်လဲ သင်ပေးလိုက်တဲ့ မိသားစုလေးရှိပါတယ်။ ဒီမိသားစုလေးက ထိုင်ပေမြို့ပေါ်မှာ ကိုယ်ပိုင်အိမ်ကို ၀ယ်ပြီးနေနိုင်လောက်တဲ့အထိကို အဆင်ပြေပါတယ်။ ကိုယ်ပိုင်မနက်စာရောင်းတဲ့ ဆိုင်လေး ဖွင့်ထားပါတယ်။ အရင်စီးပွားရေးတွေကောင်းတုန်းက ဆိုင်ကလဲရောင်းကောင်းတော့ ၀င်ငွေအရမ်းကောင်းခဲ့ပါတယ်။ မိသားစုတွေပျင်းပြီဆိုရင် ကုန်တိုက်တွေကိုလျှောက်သွားပြီး ကိုယ်လိုချင်တာမှန်သမျှဝယ်တတ်တဲ့ အကျင့်လေးရှိနေပါတယ်။ အိမ်မှာတကယ်လိုသလား မလိုဘူးလားဆိုတာကို မတွေးပါဘူး။ မလိုအပ်ပဲ ၀ယ်လိုက်တဲ့ ပစ္စည်းတွေက ထားစရာမရှိ ဖြစ်လာတဲ့အခါ အမှိုက်ပုံးထဲကို ပစ်လိုက်ရပါတယ်။ ၀င်ငွေကောင်းနေတဲ့အတွက် ထွက်ငွေကို သတိမထားမိပါဘူး။ ဒီ ၁ နှစ် ၂ နှစ် စီးပွားရေးတွေမကောင်းတော့ ၀င်ငွေထွက်ငွေ မညီမျှတာက သိသာလာပါတယ်။ မိသားစုဘယ်လောက်ပဲချွေတာချွေတာ ထွက်ငွေက များနေတုန်းဆိုတော့ စိတ်ညစ်လာရပါပြီ။ ဒီအချိန်ထိ သူတို့မိသားစုက အရင်အကျင့်အတိုင်း ကုန်တိုက်တွေမှာ ဈေးဝယ်ထွက်မြဲ သွားမြဲပါပဲ။ နောက်ဆုံးတော့ မိသားစုတိုင်ပင်ပြီး ကုန်တို်က်တွေကို ဈေးဝယ်မသွားပဲ သွားခဲ့ရင်လဲ အမှန်တကယ်လိုအပ်တာပဲ ၀ယ်ဖို့ သားသမီးတွေကိုလဲ ဆုံးမရတော့တယ်။ ပထမကတော့ အရင်အကျင့်ကို ဖျောက်ဖို့အတွက် တော်တော်ခက်တယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် ထွက်ငွေက သိသိသာသာ လျော့သွားတယ်လို့ ပြောပြပါတယ်။ အခုတော့အားရင် ကုန်တိုက်သွားတတ်တဲ့ အကျင့်မရှိတော့သလို မလိုအပ်တဲ့ပစ္စည်းတွေကိုလဲ မ၀ယ်တော့ပါဘူးတဲ့လေ။

ဒီမိသားစုလေး ပြောပြတဲ့ အကြောင်းလေး ကြားပြီးကတည်းက နှင်း တို့မိသားစုလဲ ပျင်းရင်ကုန်တိုက်တွေ စူပါမတ်ကတ်တွေကို မသွားဖြစ်တော့ပါဘူး။ ဒါဟာတကယ်ကို သိသိသာသာ ထွက်ငွေကို ထိန်းချုပ်လိုက်နိုင်တာပါ။ ဘာလို့လဲဆိုတော့ အခုခေတ်မှာက အရောင်းဆိုင်တွေ ကုန်တိုက်တွေဆိုတာ နိုင်ငံတိုင်းမှာ အများအပြား ရှိနေတဲ့ အချိန်အခါပါ။ ကိုယ်ကသွားပြီးကြည့်ရုံပါဆိုတဲ့ စိတ်ကလေးနဲ့ သွားမိရင်တောင် ပြန်ထွက်လာတဲ့အခါ လက်ထဲမှာ တခုမဟုတ်တခုတော့ ၀ယ်ခဲ့မိတတ်ပါတယ်။ လူဆိုတာကလည်း လိုချင်တက်မက်မှုကများတော့ ပိုဆိုးတာပေါ့။ တွေ့သမျှပစ္စည်းတွေကလည်း လိုချင်လောက်အောင်ကို စွဲဆောင်နိုင်တော့ စိတ်တွေက ၀ယ်ချင်မိပါတယ်။ တကယ်တော့ ပစ္စည်းတခုကို ၀ယ်ပါနီးတိုင်း ကိုယ့်ဆီမှာ အမှန်တကယ်လိုအပ်သလားဆိုတဲ့ မေးခွန်းကို ပြန်မေးပြီးမှ ၀ယ်သင့်တယ်လို့ထင်ပါတယ်။ အရင်တုန်းက နှင်း ဆိုရင်လိုချင်တာမှန်သမျှ မစဉ်းစားပဲဝယ်တတ်တဲ့ အကျင့်ရှိတယ်။ ကိုယ်လိုချင်လို့ဝယ်တာပဲ ဘာဖြစ်သလဲဆိုပြီး တွေးတတ်ပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ ကိုယ်လိုချင်တိုင်း ကိုယ့်အတွက် အသုံးတည့်ချင်မှတည့်မယ်ဆိုတာ သိလာပါတယ်။ ဒါကြောင့် ဘယ်အရာမဆို အမှန်တကယ်လိုအပ်မှ ၀ယ်ယူခြင်းဖြင့် မိမိရဲ့ထွက်ငွေကို ထိန်းချုပ်ထားသင့်တယ်လို့ ထင်ပါတယ်။


Sunday 20 April 2008

ထိုင်ဝမ်က မြန်မာသင်္ကြန်ပွဲ

ကားတွေနဲ့ လှည်လည်


ဝင်ဝင်ခြင်း မြတ်စွာဘုရားကို ဖူးမြှော်


အ၀င်မုဒ်ဦး


မုန့်လုံးရေပေါ်


ရွှေရင်အေး


အမတ်တွေလဲ ပျော်ပျော်ပါးပါး

အန်တီတို့ရဲ့သင်္ကြန်ယိမ်း





ထိုင်ဝမ်မှာရှိတဲ့ မြန်မာတွေအတွက် သင်္ကြန်ပွဲကို ထိုင်ပေပါလီမန်လွှတ်တော် ကျုံးဟော်အမတ်လွှတ်တော်နဲ့ မြန်မာပြန်အသင်းတို့ပူးပေါင်းပြီး ပြုလုပ်ကျင်းပခြင်း ဖြစ်ပါတယ်။ ယခုနှစ် မြန်မာရိုးရာ သင်္ကြန်ပွဲကို ယခင်နှစ်တွေထက် ပိုမိုစည်ကားအောင် ကျင်းပပါတယ်။ ကလေး လူကြီး အားလုံးအတွက် ပြိုင်ပွဲလေးတွေအပြင် တိုင်းရင်းသားရိုးရာအက မြန်မာ့ရိုးရာအကတွေနဲ့ အားလုံးပျော်ရွှင်စွာ ရေကစားနိုင်ဖို့ ရေပန်းတွေကိုလဲ ပြင်ဆင်ပေးထားတယ်လေ။ နှင်း တို့လို မြန်မာပြည်ကလာတဲ့ လူတွေအပြင် ထိုင်ဝမ်နိုင်ငံသား ကလေး လူကြီး အားလုံးပျော်ပျော်ပါးပါး ပါဝင်ကစားကြတာကို တွေ့ရပါတယ်။ သင်္ကြန်ပွဲကို စတင်မဖွင့်လှစ်ခင် ကားတွေနဲ့ စီတန်းလှည့်လည်ကြတယ်။ ပါလီမန်အမတ်တွေလဲ ပျော်ပျော်ပါးပါး ပါဝင်ရေကစားကြတယ်လေ။

ဓါတ်ပုံနဲ့ video အတွက် ကင်မရာမန်းကတော့ ဒါရိုက်တာဖြစ်ရန် ကြိုးစားနေသော ကိုမင်းကျန်စစ် ကိုအားကျပြီး လက်ထဲကင်မရာရောက်ရင် မြင်မြင်သမျှ ရိုက်တတ်သော နှင်း ပါပဲ။ :P

Saturday 19 April 2008

ွှအလုပ်ထဲမှာ အိပ်ရအောင်






အလုပ်ထဲမှာ အ၇မ်းအိပ်ချင်လာရင် ဘယ်လိုအိပ်ရမလဲဆိုတာ သိကြပြီနော် :P

Friday 18 April 2008

သုညဘဝ

တွေ့ဆုံကြုံကွဲ
ဖြစ်မြဲဓမ္မတာအရ
ခွဲခွာခြင်းရဲ့ အစဟာ
တွေ့ဆုံခြင်းဆိုတာ
ငါခဏမေ့သွားခဲ့လို့
ရင်ထဲမှာ အပူမီးတောက်ခဲ့တယ်။

ရှင်ကွဲမကွဲရင်
တစ်နေ့ သေကွဲကွဲရမယ်ဆိုတာ
ငါမေ့နေလို့
အတ္တစွဲတွေထားမိတာ။

မွေးကတည်းက ဘာမှမပါတာ
သေသွားရင်လည်း ဘာမှမပါသွားတဲ့
လူ့ဘ၀ကြီးထဲမှာ
ဘ၀တွေ အတက်အကျနဲ့
ဘာကိုမှ ဖမ်းဆုပ်မရ
နောက်ဆုံးတော့လဲ
အားလုံးထားခဲ့ရတာပါပဲ။

Tuesday 15 April 2008

အားလုံးအတွက်


ဒီနေ့တော့ နေမကောင်းတာနဲ့ ရေလဲ မကစားနိုင်ပဲ သင်္ကြန်အကြတ်နေ့ကို ကုန်လိုက်ရတယ်။ ဒီနှစ်အတွက် ဘာမုန့်မှ မလုပ်ရသေးတော့ အားလုံးကိုလဲ မုန့်ကျွေးချင်တာနဲ့ မလောက်မင မုန့်လုံးရေပေါ်လေးကို အားလုံးစားရအောင် ပြင်ဆင်ထားတယ်နော် .။။ နေမကောင်းလို့ နည်းနည်းပဲ လုပ်နိုင်တာ ခွင့်လွှတ်ကြပါနော်. အားမနာတမ်းစားကြနော် :PPPPPP

Sunday 13 April 2008

စင်္ကာပူရောက် မြန်မာများရဲ့ သင်္ကြန်

Burmese Buddhish Temple at Eunos
စတုဒီသာစားရင်း ပျော်ပျော်ပါးပါး


သင်္ကြန်ရေအေးအေးလေး



အလွမ်းပြေ

ကဲ ဒီနေ့တော့ သင်္ကြန်အကျနေ့ ရောက်လာပါပြီ။ အားလုံးလဲ သင်္ကြန်သီချင်းလေးတွေ ဖွင့်ပြီး အလွမ်းဖြေနေကြရတဲ့ ရပ်ဝေးက မောင်နှမတွေအတွက် အလွမ်းပြေလေ ဖြစ်သွားရအောင် လက်ဆောင်လေးတစ်ခု ပေးချင်လို့။ ဓါတ်ပုံလေးတွေကို ကြည်ပြီး မြန်မာပြည်က သင်္ကြန်လေးကို အလွမ်းဖြေရအောင်နော်။ အဲဒီနေရာလေးကတော့ ဒီမှာပ ။ ရပ်ဝေးကို ရောက်နေတဲ့ နှင်း တို့လိုလူတွေအတွက်
ဓါတ်ပုံလေးတွေ သီချင်းလေးတွေက အလွမ်းဖြေစရာလေးတွေပေါ့။ အခုလို အလွမ်းလေးတွေကို ဖြေသာအောင်ပြုလုပ်ပေးတဲ့ သူများကို ကျေးဇူးအထူးတင်မိပါတယ်နော်...........

သွားဖြစ်အောင် သွားကြနော် http://www.mmthingyan.com/

Saturday 12 April 2008

မပြောင်းလဲစေချင်ပါ

နှစ်သစ်ရောက်ပြီဆိုတော့လဲ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ခွန်းဆက်ကလေးတွေနဲ့ ပျော်ရွှင်စရာ အချိန်ကလေးပါပဲ။ သူငယ်ချင်းတွေဆီကို နှစ်သစ်ဆုတောင်းလေးတွေ ရေးပြီး ပို့ပေးကြပေမယ့် အပြင်မှာ လူချင်းတွေ့ရင် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ရယ်လို့ မပြောကြတာက ဘာလို့များလဲ။ တရုတ်နှစ်သစ်ကူးမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်တာနဲ့ ရှင်းနယဲန်ခွိုက်လော့ ရယ်လို့ ပြောဆိုနှုတ်ဆက်ကြပါတယ်။ နှစ်သစ်အတွက် ပျော်ရွှင်စရာဆုတောင်းလေးတွေရဲ့ အသံကလေးပါ။ သူတို့တွေမှာ ဒီလိုပြောဆို နှုတ်ဆက်ကြတာဟာ ရှက်စရာတစ်ခုလို့ မသတ်မှတ်ထားကြပါဘူး။ ဆုမွန်ကောင်း တောင်းပေးတာမို့ တစ်ဦးနဲ့တစ်ဦး ကျေးဇူးတင်ကြောင်း ပြောကြားရင်း ပျော်ရွှင်နေကြတာပါ။

မြန်မာတွေမှာ ဘာလို့များ အဲဒီလို ပြောဆို နှုတ်ဆက်ကြတာတွေကို မတွေ့မိသလောက်ပါပဲ။ မရှိဘူးလို့မပြောပါဘူး။ တွေ့ရနည်းနေတာပါ။ ရှက်ကြောက်နေကြတာလား။ ဒါမှမဟုတ် ပြောနေကြမဟုတ်လို့လား။ တကယ်တော့ အဲဒီလိုလေး ပြောဆို နှုတ်ဆက်တာဟာ အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးလဲ ပိုပြီးရင်းနှီးစေပါတယ်။ နှင်း တို့တွေ မိုးလင်းလို့ အိမ်အပြင်ကို ရောက်တာနဲ့ ကိုယ်နဲ့ မျက်မှန်း တန်းမိတဲ့လူက နင်ဟောင် ဆိုပြီး နှုတ်ဆက်
တော့တာပါပဲ။ ကိုယ်ကလဲ နင်ဟောင် ဆိုပြီး ပြန်နှုတ်ဆက်ရပါတယ်။ တစ်ချို့ကလဲ ကြောင်(morning) ဆိုပြီး နှုတ်ဆက်ကြတယ်။ အလုပ်ထဲရောက်ပြန်တော့လဲ မနက်ခင်းရဲ့ နှုတ်ဆက်စကားလေးကို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ပြောကြားကြပါတယ်။ သူဌေးမိုလို့ အလုပ်သမားမိုလို့ ဆိုတဲ့ ခွဲခြားမှုမရှိပဲ ရင်းရင်းနှီးနှီး ပြောဆိုနှုတ်ဆက်တာဟာ ချစ်စရာဓလေ့တစ်ခုပါ။

အခွင့်အရေးလေးရလို့ ဘန်ကောက်ကို တစ်ခေါက်ရောက်တော့ ချစ်စရာဓလေ့လေးတစ်ခုကို တွေ့ရပြန်တယ်။ လေယာဉ်ပေါ် စတက်တက်ချင်း စာဝါဒီခ(မင်္ဂလာပါ)လို့ လက်ကလေးနှစ်ခု ယှက်လို့ စပြီး နှုတ်ဆက်တော့တာပါပဲ။ မြို့ထဲကိုရောက်တော့ တစ်ဦးနဲ့တစ်ဦးတွေတိုင်း လက်ကလေးယှက်လို့ စာဝါဒီခ(မင်္ဂလာပါ) ဆိုတာပြီး ပြောဆိုကြတာဟာ ချစ်စရာကောင်းသလို ယဉ်ကျေးတဲ့ အမူအရာလေးလဲ တွေ့ရပါတယ်။ မိဘတွေကလဲ ကလေးတွေကို သင်ကြားပေးထားတာ အရမ်းကိုကောင်းပါတယ်။ ၃ နှစ်အရွယ် ကလေးလေးနဲ့ သူ့မိခင်တို့ နှင်း ရဲ့ဘေးနားမှာ ရှိနေချိန် သူတို့တွေရဲ့ မိတ်ဆွေကိုတွေ့တော့ အမေလုပ်သူဟာ တစ်ခုခုပြောလိုက်ပါတယ်။ ဘာဆိုတာကို မသိပေမယ့် ကလေးလေးက လက်ကလေးနှစ်ခုယှက်လို့ စာဝါဒီခ(မင်္ဂလာပါ) ရယ်လို့ နှုတ်ဆက်လိုက်ပါတယ်။ အော်မိခင်လုပ်သူက ကလေးကို နှုတ်ဆက်ဖို့ ပြောလိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ယိုးဒယားလူမျိုးတွေဟာ သူတို့တွေရဲ့ ရိုးရာဓလေ့ကို ဆက်လက် ထိန်းသိမ်းနိုင်တာဟာ လေးစားစရာတစ်ခုပါပဲ။

မြန်မာတွေမှာလဲ ချစ်စရာဓလေ့တွေ အများကြီးပါ။ လူကြီးတွေ ဧည့်သည်တွေလာရင် နှုတ်ဆက်လိုက်ဦးလေလို့ ပြောရင် နေကောင်းတယ်နော် လို့ပြောဆိုနှုတ်ဆက်ကြတယ်။ လမ်းမှာလူချင်းတွေ့ရင် ဘယ်သွားမလို့လဲ ဘယ်ကပြန်လာတာလဲ ဆိုပြီး နှုတ်ဆက်ကြတယ်။ “မင်္ဂလာပါ” ဆိုတဲ့ စကားက စာသင်ကျောင်းတွေမှာပဲ ကြားရတော့တယ်။ ခေတ်စနစ်တွေ ပြောင်းလာလို့ပဲလား လူကြီးတွေက မသင်ပေးလို့ပဲလား မေ့လျော့နေကြလို့လား ။ ဘယ်ခေတ်ပဲ ရောက်နေနေ ခေတ်နဲ့အညီပြောင်းလဲတာကောင်းပေမယ့် ယဉ်ကျေးမှုလေးတွေကိုတော့ မမေ့လျော့စေချင်ဘူး။

Friday 11 April 2008

သင်္ကြန်ရောက်ပြီတဲ့.......

မနက်ဖြန် ဘာနေ့လဲဟင်လို့ မာမားကိုမေးကြည့်တော့ သင်္ကြန်အကြိုနေ့တဲ့လေ။ အင်း ဒီလိုညဆိုရင် မြန်မာပြည်မှာတုန်းက အတာအိုးလေးကို ပြင်ဆင်ပြီး စားပွဲလေးပေါ်တင်ထားပြီးပြီ။ အခုတော့ အတာအိုးဆိုတာ မပြောနဲ့ သင်္ကြန်ဆိုတာဘာမှန်း ဘယ်နေ့ရောက်မယ်ဆိုတာတောင် မသိတဲ့ ဘ၀ရောက်နေတယ်။ မြန်မာပြည်ကို ဖုန်းဆက်တော့ အန်တီအငယ်က မနက်ဖြန် သင်္ကြန်အကြိုရောက်ပြီ ဖွားဖွားကတော့ ဘုန်းကြီးကျောင်းမှာ သီလသွားယူမယ်တဲ့။ ကြားရတာ စိတ်ထဲမှာ အရမ်းကို အေးချမ်းပါတယ်။ ကိုယ့်မှာတော့ ဘုန်းကြီးကျောင်းဆိုတာ ဘယ်နားနေမှန်းမသိ။ တရားဆိုတာ အခွေထဲမှာပဲ ကြားနေရတယ်။ ဘုရားရိပ် တရားရိပ်နဲ့ ဝေးနေခဲ့တာ ၃ နှစ်ထဲရောက်နေပြီ။ စားဝတ်နေရေး ဆိုတဲ့ ဘ၀ကပေးတဲ့ တာဝန်တွေကို ထမ်းနေရတာနဲ့ ကိုယ့်ကိုကိုယ် ဘာမှန်းတောင် မသိတဲ့ဘ၀ ရောက်ရောက်သွားတယ်။

မြန်မာပြည်မှာ ရှိနေတုန်းကတော့ သင်္ကြန်မရောက်ခင်ထဲက ဘာလုပ်မယ်ဆိုတဲ့ အတွေးလေးနဲ့ ပျော်နေခဲ့တယ်။ အခုများတော့ သင်္ကြန်ဆိုတာကို လွမ်းတယ်ဆိုတဲ့ အပြောလေးကလွဲရင် ဘာမှမလုပ်နိုင်တဲ့ ဘ၀ကိုရောက်နေရတယ်။ ၁၂ ၁၃ အရွယ်လောက်အထိပဲ သင်္ကြန်ဆိုတာကို လည်ခဲ့ဘူးတဲ့ လူတစ်ယောက်အတွက် သင်္ကြန်မှာ မလည်ရလဲ ဘာမှတော့ မထူးဆန်းပေမယ့် အိမ်ထဲကနေ ထိုင်ပြီး သူများတွေပျော်နေတာကို ကြည့်ရတဲ့ ဘ၀လေးကိုလဲ လွမ်းမိပါတယ်။ အိမ်မှာ မုန့်မျိုးစုံလုပ်ပြီး အိမ်နီးနားချင်းတွေကို လိုက်ပေးရတာကလဲ စိတ်ချမ်းမြေ့စရာပါ။ အခုတော့ ဒီအခွင့်အရေးတွေ မရတဲ့ နေရာမှာ နေနေရတယ်။

သင်္ကြန်ဆိုတာကို ဘာမှန်းမသိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရတဲ့ လူအဖို့ သင်္ကြန်ရင်ခုန်သံဆိုတာကို ဘာမှမခံစားနိုင်ဘူး။ အဲဒါကြောင့်လည်း အဝေးရောက်နေတဲ့ မြန်မာတွေက သင်္ကြန်ဆိုရင် အရောက် ပြန်ချင်ကြတာပါ။ အင်း နောက်နှစ်သင်္ကြန်ဆိုရင် ကိုယ်ရော ပြန်သွားဖို့ အခွင့်အရေးလေးများ ရခဲ့ရင်တော့..................................

ဖြစ်ချင်တိုင်းလဲ မဖြစ်ပါ

လောကမှာ ဖြစ်ချင်တိုင်းလဲ မဖြစ်တတ်တာ သဘာဝပါ။ ကိုယ်ဖြစ်ချင်တာတစ်ခု ဖြစ်သွားတာက တစ်ခု။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရတယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိရတာမျိုးပါ။ သူတစ်ပါးကို ကြည့်ပြီး အပြစ်ပြောတတ်ကြပေမယ့် ကိုယ်တိုင်သူ့နေရာကိုရောက်မှ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာ ပိုသိမှာပါ။ နေရာတစ်ခုရထားတဲ့ လူတစ်ယောက်က အဲဒီနေရာနဲ့ ထိုက်တန်အောင် နေနိုင်ဖို့အတွက် ကိုယ်ဖြစ်ချင်တာတွေကို စွန့်လွှတ်လိုက်ရပါတယ်။ သားသမီး အလိမ္မာ ဖြစ်ဖို့အတွက် ကိုယ်အဖြစ်ချင်ဆုံး အရာတွေ ဘ၀မှာ ၂ ခါပြန်မရနိုင်တော့တဲ့ အရာတွေကို ကျောခိုင်းလိုက်ရတယ်။ မိဘစကား နားထောင်တာဟာ မမှားပါဘူးဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ ရင်ဘတ်ကြီးတစ်ခုလုံးကို ရင်းလိုက်ရတာ တန်သလား မတန်ဘူးလား ဆိုတဲ့ ချင့်ချိန်မှုတောင် မလုပ်လိုက်မိဘူး။ အရာရာဟာ မိဘသဘောကျ နေလာတဲ့ လူတစ်ယောက်အတွက် ဒီတစ်ခါလဲ မိဘသဘောကျပါပဲ။ တစ်ခါတစ်လေတော့လဲ ကိုယ့်စိတ်တိုင်းကျဆိုတာလေးကို စိတ်ကူးယဉ်မိတယ်။ လက်တွေ့မှာတော့ မိဘဆိုတဲ့ တံတိုင်းကြီးကို ဘယ်လိုမှ မကျော်လွှားနိုင်ခဲ့ဘူး။ တကယ်လို့များ ကိုယ်သာဆိုးပေတေနေတဲ့ ကလေးလေးဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဖြစ်ချင်တာတွေများ ဖြစ်ခွင့်ရမှာလား။ ဒါပေမယ့်လည်း အဲဒီဘ၀ရောက်ခဲ့ရင်လည်း ကိုယ့်ကိုကိုယ် ကျေနပ်နိုင်မယ် မထင်ဘူး။ ဘယ်ဘ၀ပဲ ရောက်နေနေ ကိုယ့်ကိုကိုယ်တော့ ဘယ်လိုမှ မကျေနပ်နိုင်ကြတာ လူတွေရဲ့ သဘာဝပဲလား မသိတော့ပါဘူး။ လက်ရှိအချိန်ဟာ အကောင်ဆုံးလို့ ပြောတဲ့စကားအတိုင်း ကိုယ့်စိတ်ကို ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Sunday 6 April 2008

ဖြေရှင်းသင့်လို့ ဖြေရှင်းပြတာ သည်းမခံနိုင်ခြင်း မဟုတ်ပါ

မြတ်စွာဘုရားရှင်က
ဗြဟ္မဇာလသုတ္တန်မှာ
“အဘူတံ အဘူတတော
နိဗ္ဗေဌေတဗ္ဗံ- မမှန်တာကို
မမှန်ဘူးလို့
ဖြေရှင်းပြရမယ်” လို့
မိန့်ကြားတော်မူထားပါတယ်။
ဘုရား တရား သံဃာ
ရတနာသုံးပါးနဲ့ ပက်သက်တဲ့
မဟုတ်မမှန်တာတွေကို
“ဘာကြောင့် မဟုတ်ဘူး။
ဘာကြောင့်မမှန်ဘူး” လို့
အကြောင်းအကျိုး ခိုင်လုံစွာ
ဖြေရှင်းပြရမယ်တဲ့။
သည်းခံတာပဲ
ကောင်းပါတယ် ဆိုပြီ
နှုတ်ဆိတ်ငြိမ်တိတ်မနေရဘူးတဲ့။
အဲဒီလို
ဘာမှ ပြန်ဖြေရှင်းမပြဘဲ
နှုတ်ပိတ်နေတာဟာလည်း
သည်းခံခြင်းးအစစ်
မဟုတ်ပါဘူးတဲ့။

အရှင်ဆန္ဒာဓိက

နောက်လဲလာလည်နော်

Glitter Graphics