Saturday 28 June 2008

ခဏလောက်တော့ ရယ်ရအောင်နော်

ကြိုတင်သတိပေးချက်

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလောင်နေပါတယ်။ ခင်ဗျားတို့မီးလာသတ်ရင်

ကျွန်တော့်စိုက်ခင်းကအပင်တွေကို နင်းမိမှာစိုးလို့ပါ”

မောင့် လက်မှတ်လို့

“မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”

ဘ၀ပြောင်းသွားပြီ

“ဟေ့ သူငယ် မင်းကျောင်းသားလား”
“ဟင့်အင်း ကျွန်တော် တက္ကသိုလ် တက်နေပြီ”
“အော် အော် ကျောင်းသားဘ၀ကကျော်လို့ ကျောင်းသူနားရောက်သွားပြီကိုး”

ဖေဖေကော ဘယ်တော့လဲ

“မေမေ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်းတာဗျ သိလား”
“နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ”
“ဒါဆို သားတို့ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်”

သူမပြောတဲ့စကား

“မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေခဲ့တာ တစ်နာရီမကတော့ဘူး ခုထက်ထိ မင်းဆီကစကားတစ်ခွန်းမှ

တုန့်ပြန်မပြောသေးဘူး ကဲ ဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ် နောက်ဆုံးခင်မင်မှု အထိမ်းအမှတ်နဲ့ စကားလေး

တစ်ခွန်းလောက်တော့ ပြောစမ်းပါ”
“ရှင်ထိုင်နေတဲ့ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်”


သေဖို့တောင် မကြံသေးဘူး ဟန်ရေးကပြင်ပြီ

နာတာရှည် ရောဂါဝေဒနာနဲ့ မသက်မသာ ခံစားနေရတဲ့ လင်ယောကျာင်္းကို မယားဖြစ်သူ အားပေးနေပါတယ်။
“မောင် အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ မကြာခင်ပျောက်သွားမှာပါ”
“ရောဂါက မသက်သာပါဘူး မိန်းမရယ်”
“ဒါဆို ကျွန်မဘာလုပ်ပေးရမလဲဟင်”
“စောစောက မီးဖိုချောင်က ကြက်သားဟင်းနံ့ရတယ်ကွာ အဲဒါနဲနဲလောက် စားချင်လို့”
“အို အဲဒါ ဟိုလူ့ဖို့တော့်”

Sunday 22 June 2008

စိတ်နဲ့ကိုယ် မကပ်ပါ

ခုတစ်လော လူနဲ့ စိတ်နဲ့ မကပ်ဘူးဖြစ်နေပါတယ်။ မထင်မှတ်တာတွေ ဖြစ်လာသလို စိတ်ကလဲ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး။ ကိုယ့်စိတ်ကို ဘာဖြစ်မှန်းမသိတော့လဲ ခက်သား။ အစားစားချင်စိတ်လဲမရှိသလို ဘာမှကိုလဲ လုပ်ချင်စိတ်မရှိပါဘူး။ ဘလော့မှာလဲ စာကောင်းကောင်းမရေးဖြစ်ဘူး။ ဓါတ်ပုံတွေလောက်ပဲ တင်ဖြစ်နေတယ်။ စိတ်ထဲရှိတာတွေကို ချရေးလိုက်မယ်လို့ စဉ်းစားလိုက်ပေမယ့် ကိုယ်ရေးလိုက်တာတွေ သူတစ်ပါးကို ထိခိုက်မှာစိုးတာနဲ့ ရင်ထဲမှာ ပြန်သိမ်းထာလိုက်ပါတယ်။ သိတဲ့မှတ်လား ပြောချင်နေတာကို မျိုသိပ်ရတာ ဘယ်လောက်နေရခက်လဲဆိုတာ။

တစ်ခါတစ်လေတော့ အလုပ်ကပင်ပန်းလာရင် ကိုယ့်ကို အားပေးနှစ်သိမ့်ဖော်လေး လိုချင်သား။ အဲတစ်ခါတစ်လေကျတော့လဲ ကိုယ့်ကို ရယ်စရာလေးတွေ ပြောပြမယ့်လူ လိုပြန်ရော။ ဒါပေမယ့် အခုလို ကိုယ်နဲ့ စိတ်နဲ့ မကပ်တော့ ဘယ်လိုလူမျိုးမှ မလိုချင်တော့ဘူး။ အရာရာကို ကြည့်ရတာ စိတ်တိုင်းမကျတာတွေကြည့် ဖြစ်နေလို့လေ။ အင်း ဒါကြောင့် ပြောကြတာနဲ့တူပါတယ်။ ဒီအတိုင်းဆိုရင်တော့ အပျိုကြီးဖြစ်ပါပြီတဲ့။ ဟုတ်ပါတယ် ဒီလိုစိတ်နဲ့ကတော့ အနှေးနဲ့ အမြန်အပျိုကြီး ဖြစ်တော့မယ်ဆိုတာ ကိုယ်တိုင်လဲ ထင်မိတယ်။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်မှန်းမသိတော့ သူများဘာဖြစ်လဲ မသိတော့ပါဘူး။ အော် အဒေါ်တွေ အဖော်ရအောင်လို့ပါနော်။ ကဲ ဘာဖြစ်မှန်းမသိလို့ ဘာတွေရေးမိမှန်းလဲ မသိတော့ပါဘူး။ နားလည်သလိုသာ ဖတ်ပြီး ထင်ချင်သလိုသာ ထင်လိုက်တော့နော်။

ရူးနေပြီလို့ထင်ရင်လဲ ကောင်းပါတယ်။ လုပ်ချင်တာတွေ လုပ်လို့ရမှာမို့ပါ။ အော် အပျိုကြီးမလုပ်တော့ဘူးဆိုရင် အားလုံးကို ကြော်ငြာမယ်နော်.:P



Thursday 19 June 2008

အိုဘယ့် ယောက်ျား အိုဘယ့် မိန်းမ

အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က
မရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့
ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။


အိုဘယ့် ယောက်ျား
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့
အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။


ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင်
တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ် တဲ့၊ ဘာပြောရမလဲ မသိတော့ဘူးရယ်။
--

မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနုငိတဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။
( လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်... Mr.Sail♥rM♥♥n )

ROMANCE MATHEMATICS

Smart man + smart woman = romance
Smart man + dumb woman = affair
Dumb man + smart woman = marriage
Dumb man + dumb woman = pregnancy
GENERAL EQUATIONS & STATISTICS
A woman worries about the future until she gets a husband.
A man never worries about the future until he gets a wife.
A successful man is one who makes more money than his wife can spend.
A successful woman is one who can find such a man.

ကွာခြားချက်...
ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ
ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုထံတွေ ဧည့်ခန်းထဲမှာ
စက်ဘီးစီးတယ်။ ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretary
တာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊
ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့
အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့
ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။
{ ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}
( ဘာရယ်ဟုတ်ဘူး…ပျင်းပြေလေး…Mr.Sail♥rM♥♥n )

ဒါကတော့ သူငယ်ချင်းပို့ပေးတဲ့ email လေးကို ဝေမျှပေးလိုက်တာပါ။ တကယ်ပဲ ဖြစ်နေတာတွေနဲ့ တိုက်ဆိုင်နေတယ်လို့ ထင်ပါတယ်။

Tuesday 17 June 2008

မသိလို့ပါဆို

ဟိုတစ်ရက်က အလုပ်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ ညီမလေးတစ်ယောက်နဲ့ စကားပြောရင်း စိတ်ဆိုးကြတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ နှင်း တို့နှစ်ယောက် စကားပြောရင်း အလုပ်လုပ်နေကြတယ်။ အဲဒီအချိန်မှာ ကြီးကြပ်ရေးမှုးက အလုပ်အကြောင်းကို ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ ကြီးကြပ်ရေးမှုးပြောလိုက်တာကို နှင်း ကမကြားမိဘူး။ စိတ်က တခြားကိုရောက်နေတယ်။ အဲဒါကို ညီမလေးက မမ ခုနက ကြီးကြပ်ရေးမှုး ဘာပြောလိုက်တာလဲလို့ မေးပါတယ်။ နှင်းကလဲ မကြားတော့ သူဘာပြောလို့လဲ ဆိုညီမလေးကို ပြန်မေးမိတယ်။ ညီမလေးကလဲ သူဘာပြောလဲ သိချင်လို့မေးတာကို ဘာလို့သူ့ကို ပြန်မေးတာလဲလို့ ပြောတယ်။ နှင်း ကလဲ ညီမလေးသိချင်တာကို ပြောပြမယ်။ သူဘယ်လိုပြောလိုက်လဲလို့ ထပ်မေးမိတယ်။ ကြီးကြပ်ရေးမှုး ပြောလိုက်တဲ့ တရုတ်စကားကို ညီမလေးရုတ်တရက် ပြန်မပြောပြနိုင်တာကို သတိမထားမိပဲ မေးမိတယ်။ သြော် ခက်တော့နေပြီ နှင်း ကလဲ မကြားမိ သူကလည်း မသိလို့မေးတယ်။ အဲဒီမှာတင် နှစ်ယောက်သား ရှုတ်ကုန်တော့တာပါပဲ။ ညီမလေးက ပွစိပွစိဖြစ်နေပါပြီ။ ဒါတောင် နှင်း ကလဲ သေချာမစ်ဉ်းစားမိပဲ ထပ်မေးမိတယ်။ နောက်တော့မှ ပြန်စဉ်းစားပြီး နှစ်ယောက်သားပြုံးမိတယ်။ ဟုတ်ပါတယ်။ နှင်း အမှားပါ။ မသိလို့ လာမေးတဲ့သူကို ဘာပြောတာလဲဆိုပြီး ပြန်မေးမိတယ်။ ညီမလေးက နှင်းကို ပြန်ပြောပြနိုင်မှတော့ လာမေးပါတော့မလာ။ အင်း တခါတလေလဲ ဖြစ်တတ်ပါတယ်။

Monday 16 June 2008

101 building Taipei









ထိုင်ဝမ်ရဲ့ အမြင့်ဆုံးအဆောက်အဦးပါ။ ၂၀၀၇ ခုနှစ်အထိတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတိုက်ပါ။ အခုတော့ သူ့ထက်မြင့်တဲ့ အဆောက်အဦး ကိုတစ်ခြားနိုင်ငံမှာ ဆောက်နေတယ်လို့သိရပါတယ်။

Sunday 15 June 2008

ထိုင်ပေမြို့ရှုခင်း











ထိုင်ပေမြို့ရဲ့ ရှု့ခင်းတွေပါ။ ထိုင်ပေမြို့ဟာ ထိုင်ဝမ်ကျွန်းရဲ့ မြို့တော်ဖြစ်သလို မြောက်ပိုင်းရဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပြီး အလွန်လဲ စည်ကားလှပါတယ်။ မြို့ပတ်လည်မှာ တောင်တွေနဲ့ ၀ိုင်းရံထားပါတယ်။ မြို့တော် ဖြစ်တဲ့အတွက် အဆောက်အဦး အပြင်အဆင်တွေကအစ လှပပါတယ်။

Tuesday 10 June 2008

ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ

ဟိုအရင် ရက်တွေထဲက ဘလော့တွေကို လည်လည်သွားခဲ့တယ်။ ကိုစိုးထက်က ပိတ်ထားတယ်။ အဲဒီလိုပဲ နှင်း လင့်ချိတ်ထားတဲ့ ဘလော့တွေ ပိတ်ပိတ်နေတာကို တွေ့ရတာ ပိုများလာတော့ စိတ်ထဲလဲ မကောင်းပါဘူး။ အမြဲသွားလည်နေကျ အစ်ကိုအစ်မတွေ ဘာလို့များ ပိတ်ပစ်တာလဲဆိုတဲ့ အတွေးတွေ ခဏခဏ၀င်ပါတယ်။ အဲဒီအကြောင်းတွေကိုလဲ မပြောချင်ဘူးလေ ဆိုပြီး မသိချင်ယောင်ဆောင်နေတာ တော်တော်ကြာပါပြီ။ ခုတော့ မပြောပဲ မနေနိုင်တော့လို့ ပြောလိုက်ရတာပါ။

လူတွေဟာ ကိုယ်လုပ်တာကို ကိုယ်မသိပဲ ဘာလို့များ လူများတကာလုပ်တာကို စောင့်ကြည့် အပြစ်တင်ချင်နေတာလဲ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အပြစ်မပြောပဲ အကြံပေးတယ်ဆိုတဲ့ အဆင့်နဲ့ ပြောပြနိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ဒါဆိုရင် ပြောပြတဲ့လူအတွက်လဲကောင်းသလို ပြောခံရတဲ့ လူအတွက်လဲ အလွန်ကောင်းပါတယ်။ လူတွေအားလုံးမှာ အမှန်အမှားဆိုတာ ရှောင်မလွတ်တဲ့ အရာတစ်ခုပါ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လူတစ်ယောက်ကို ဆဲဆိုပြီး အပြစ်ပြောနေရင် နားထောင်နေတဲ့ လူအတွက်လဲ မကောင်းသလို ပြောနေတဲ့လူအတွက်လဲ မကောင်းပါဘူး။ ဘယ်သူမဆို ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ပြောဆိုတာကို ကြိုက်ကြပါတယ်။ ကိုယ့်ရှေ့မှာ အမှားတစ်ခုကို လုပ်နေတဲ့ လူတယောက်ကို အပြစ်ပြောချင်တယ်ဆိုရင် အဲဒီလူကို ဆဲဆိုပြီး ပြောလိုက်ရင် ဒီလူအမှားကို ပြုပြင်မယ်လို့ သေချာပြောနိုင်မလား။ သေချာတာကတော့ ပြုပြင်ရင်တောင် ဆဲဆိုပြီးအပြောခံရတဲ့အတွက် စိတ်ထဲမှာ မကောင်းသလို ပြောတဲ့လူကိုလဲ သူ့စိတ်ထဲမှာ မကျေနပ်နိုင်ဖြစ်နေမှာ သေချာပါတယ်။ အဲလိုပြောလိုက်တဲ့အတွက် ရှက်ပြီး မလုပ်သင့်တာတွေကို ထပ်ပြီးလုပ်အောင် တွန်းအားပေးလိုက်သလိုလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါတွေဟာ ကလေးမှ လူကြီးမှ မဟုတ်ပါဘူး။ လူတိုင်းခံစားတတ်ပါတယ်။ တကယ်ပဲ လူတယောက်ကို ကောင်းစေချင်တယ်ဆိုရင် အကောင်းဘက်ကို ဦးတည်ပြီး ပြောပြပါ။ တစ်ခါပြောမရရင် နှစ်ခါပြောနိုင်တာပဲ။ အသိဥာဏ်ရှိတဲ့ လူတွေဖြစ်နေလို့ ပြောရင်သိကြပါတယ်။ ပြောပါများရင် စိတ်ထဲမှာ အသိတရားဝင်ပါတယ်။

နောက်တစ်ခုက ဟိုလူကတော့ ဘာဖြစ်တယ် ဒီလူကတော့ဘာဖြစ်တယ်လို့ ပြောပြီးရင် ကိုယ်ရောဘာဖြစ်နေလဲဆိုတာ တခါလောက်တော့ ပြန်ကြည့်ပါ။ လူများတကာကိုကြည့် ဂရုတစိုက်လိုက်ပြီး ကြည့်နေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လဲ ဂရုစိုက်ဖို့လိုပါတယ်။ ဥပမာ တစ်ခုလောက် ပြောပြချင်တယ်။ နှင်း တို့မိတ်ဆွေထဲက ဦးလေးကြီးတစ်ယောက် ပန်းနာရင်ကျပ်နဲ့ ရုတ်တရက် ဆုံးသွားပါတယ်။ သူက သူ့မိသားစုက လူတွေကို အရမ်းဂရုစိုက်တတ်တယ်။ မိသားစုဝင်တွေ တခုခုဖြစ်ရင် မပေါ့ဖို့ ဂရုတစိုက်နဲ့လိုက်လုပ်ပေးတတ်တယ်။ ကိုယ်တိုင်ကျတော့ ဘာဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်ခဲ့ပါဘူး။ ကိုယ့်မှာဘာရောပါရှိလဲဆိုတာလဲ ဂရုတစိုက် မစစ်ဆေးခဲ့ပါဘူး။ သူများကိုပဲ ဂရုတစိုက်လိုက်ပြောတတ်တဲ့ ဦိးလေးကြီး နောက်ဆုံးတော့ သူ့အသက်ကို ပေးလိုက်ရတာပါပဲ။ အဲဒီတော့ သူများကိုလဲ ဂရုတစိုက်လိုက်ကြည့်သင့်သလို ကိုယ်တိုင်လဲ ပြန်ကြည့်သင့်ပါတယ်။ အဲလိုမဟုတ်ရင် သူများလိုအပ်ချက်တွေကို လိုက်ပြောပြီး သူများအတွက်ကောင်းနေပေမယ့် ကိုယ့်မှာတော့ ပြန်မကြည့်မိတော့ လိုအပ်ချက်တွေ ပိုများလာနိုင်ပါတယ်။

ဘယ်သူ့ကိုမှလဲ စော်ကားအပြစ်ပြောချင်လို့ ဒီစာကို ရေးလိုက်တာမဟုတ်ပါဘူး။ စိတ်ထဲမှာ ခံစားမိတာတွေကို ရေးလိုက်တာပါ။ အခုလို ရေးလိုက်လို့ စောင်းမြောင်းရေးတယ်လို့ ထင်ပြီး မကျေမနပ်ဖြစ်ပြီး ပြောမယ်ဆိုရင်လဲ ပြောနိုင်ပါတယ်။လူတိုင်းမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိနေလို့ပါ။ လောကကြီးကို ကိုယ်မြင်သလို ပြောပြလိုက်တာပါ။


Saturday 7 June 2008

နာမည်ကြီးချင်လို့

တခါတလေ လူတစ်ချို့ဟာ ဘာကြောင့်မှန်းမသိဘူး နာမည်ကျော်ကြား လူသိများချင်ကြတယ်။ နာမည်ကြီး မင်းသားမင်းသမီး အဆိုတော် စတာတွေကို ဖြစ်ချင်တာကိုတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် အပြင်လောကမှာ ဥပမာ စာသင်ကျောင်းမှာ ရပ်ကွက်ထဲမှာ အခုခေတ်အနေအရ ဘလော့တွေ chat room တွေမှာ ဘာလို့များ နာမည်ကြီးချင်ကြတာလဲ။ အဲဒီလိုနာမည်ကြီးဖို့အတွက် ဘာလို့များ မလုပ်သင့်တာတွေကို လုပ်ကြတာလဲ။ နာမည်ကျော်ကြား လူသိများချင်တယ်ဆိုရင်လဲ ကိုယ်ဘယ်လိုနည်းနဲ့ လူသိများချင်တာလဲ စဉ်းစားသင့်တယ်။ ကောင်းသောကျော်ကြားခြင်းနဲ့လား ဆိုးသောကျော်ကြားခြင်းနဲ့လား ဆိုတာခွဲခြားသိသင့်တယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နာမည်ကြီး ကျော်ကြားချင်တယ်ဆိုရင်တော့ နည်းနည်းလေးတော့ လွဲနေတယ်လို့ ပြောရမလိုဖြစ်နေပြီ။

ဥပမာ ကောင်မလေးက ရည်စားထည်လဲတွဲနိုင်တယ်လို့ လူသိများပြီး နာမည်ကြီးတာကို လိုချင်တာလား
ကောင်မလေးကတော့ ရိုးရိုးလေးနဲ့ အိနြေ္ဒရတယ်လို့ လူသိများပြီး နာမည်ကြီးတာကို လိုချင်တာလား သေချာစဉ်းစားသင့်တယ်။

ကိုယ့်ကို လူသိများဖို့အတွက် ကိုယ်တိုင်လဲ ထိခိုက်မယ် သူတစ်ပါးကိုလဲ ထိခိုက်မယ်ဆိုရင် မလုပ်သင့်ဘူးလို့ထင်ပါတယ်။ သူတစ်ပါးအကြောင်း မကောင်းပြောမှ သူတစ်ပါးကို ပုတ်ခတ်ပြောဆိုလိုက်မှ သူတစ်ပါးကို ခုတုံးလုပ်ပြီးမှ နာမည်ကြီး ကျော်ကြားမှုကိုရယူမယ်ဆိုရင် ဒီကျော်ကြားမှု အောင်မြင်မှုဟာ ကြာကြာမခံနိုင်ပါဘူး။ ကိုယ်ရဲ့ ရိုးရိုးသားသား ကြိုးစားမှုကြောင့် ရခဲ့တာမဟုတ်တဲ့အတွက်ပါ။ နောင်တချိန် လူတကာသိသွားတဲ့အခါ ကိုယ့်ရဲ့ဂုဏ်သိက္ခာ ကိုယ့်ရဲ့ စာရိတ္တကိုပါ ထိခိုက်နိုင်ပါတယ်။ ခဏတာရဲ့ နာမည်ကြီးမှု ကျော်ကြားမှုကို လိုချင်တက်မက်ပြီး ဘာမှမစဉ်းစားပဲ လုပ်မယ်ဆိုရင် အမှားတွေနဲ့ တွေ့နိုင်ပါတယ်။ ကိုလိုချင်တဲ့ ကျော်ကြားမှုဟာ ကောင်းသောကျော်ကြားမှုဖြစ်ဖို့ ကိုယ်တိုင်ကြိုးစားမှုလဲရှိမယ် ဇွဲရှိရှိကြိုးစားမယ်ဆိုရင် နောက်ဆုံးတော့ ကောင်းသောရလဒ်ကို ပို
်င်ဆိုင်နိုင်မှာပါ။

Wednesday 4 June 2008

ဲမြန်မာတွေ တော်ကြပါတယ်

အစ်မရီရီဝင်း တယောက် ကျော်ရခွရ ဒုက္ခတွေကြားထဲက စီဘောက်ကလေးပါထည့်တာ တွေ့တော့ ၀မ်းသာမိပါတယ်။ အော် မြန်မာနိုင်ငံကလူတွေ တော်ကြတာလဲ မပြောပါနဲ့။ နိုင်ငံတကာမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေထဲမှာ မြန်မာကျောင်းသားတွေက ပိုတော်ကြတယ်လို့ လူပြောများပါတယ်။ တကယ်လဲဟုတ်မှာပါ။ သူများနိုင်ငံတွေမှာ ဘာမဆိုအလွယ်တကူရနေပေမယ့် မြန်မာနိုင်ငံကလူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီးမှ ရယူကြရပါတယ်။ အဲဒီအတွက် ပိုကောင်းတာကတော့ တော်ရုံအခက်အခဲလောက်ကတော့ မြန်မာတွေအတွက် အေးအေးဆေးဆေး ဖြတ်ကျော်နိုင်သွားတယ်။


ရန်ကုန်မှာနေတုန်းက အိမ်ဘေးကအန်တီပြောပြလို့ မြန်မာတွေတော်တာကို ပိုသိလိုက်ရတယ်။ အန်တီကျောင်းနေဘက်သူငယ်ချင်းက အမေရိကန်ကို ပြောင်းသွားတော့ သားသမီးတွေကိုလဲ ခေါ်သွားပါတယ်။ သားကလေးက ကျောင်းသားဆိုတော့ ဟိုရောက်တော့လဲ ကျောင်းဆက်ထားပါတယ်။ တနေ့ ကျောင်းကဆရာမက သင်္ချာပုစ္ဆာတွက်ခိုင်းပြီး အရင်ဆုံးလာပြတဲ့လူကို ဆုချမယ်ပေါ့။ အဲဒီမှာ အန်တီသူငယ်ချင်းသားလေးက အရင်ဆုံးအဖြေမှန်ကို ပြောပြနိုင်ခဲ့တယ်။ ဆရာမက တော်လိုက်တာလို့ ချီးကျူးပါတယ်။ သူအဖြေထွက်တဲ့အချိန်ထိ တခြားကျောင်းသားတွေမှာ ဂဏာန်းပေါင်းစက်နဲ့ အလုပ်ရှုပ်ကောင်းတုန်းတဲ့လေ။ ကဲ မြန်မာတွေ ဘယ်လောက်တော်လဲ နိုင်ငံခြားသားကတောင် ချီးကျူးရတယ်။

အခုလို အင်တာနက်ခေတ်ရောက်လာတော့လဲ မြန်မာနိုင်ငံက အွန်လိုင်းသုံးတဲ့ လူတွေက ပိုတော်ကြတယ်။ နှင်းတို့လို တခြားနိုင်ငံကလူတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ကလူတွေက အကျော်အခွ ပိုတတ်ကြပါတယ်။ နှင်း သာမြန်မာပြည်ရောက်ရင် မကျော်တတ်တာနဲ့ပဲ အွန်လိုင်းကို တက်နိုင်တော့မှာ မဟုတ်ဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာများလေ ပိုပြီးပညာရလေ တိုးတက်လေဆိုသလိုဖြစ်နေပြီ။ တနည်းနဲ့ မရရင် နောက်တနည်းနဲ့ လုပ်မယ်ဆိုတဲ့ စိတ်ကလေးလဲ အလိုလိုဝင်သွားတဲ့အတွက် ဘ၀အတွက် အကျိုးရှိတဲ့ အလေ့အကျင့်လေးတခုတော့ ရသွားတာပေါ့။ မြန်မာပြည်ကနေ အခက်အခဲတွေ အမျိုးမျိုးကို ကျော်ခွပြီး စာတွေရေးသားနေတဲ့ ဘလော့ဂါတွေကို လေးစားမိပါတယ်။

မာမားရဲ့ ရွှေရတုမွေးနေ့

၂.၆.၂၀၀၈ နေ့က နှင်းချစ်တဲ့ မွေးမိခင် မာမားရဲ့ ရွှေရတုမွေးနေ့ပါ။ အဲဒီနေ့က မာမားအတွက် စာရေးမယ်လို့ ကြိုတင်စီိစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရေးနိုင်ခဲ့ပါဘူး။ ဒီနေ့မှပဲ မာမားမွေးနေ့အမှတ်တရ ရေးဖြစ်ခဲ့တာပါ။ မာမားက အခုဆိုရင် ရွှေရတုမွေးနေ့ကို ရောက်လာပါပြီ။ မာမားဟာ နှင်းတို့အတွက် စံပြမိခင်တစ်ယောက်ပါ။ သူများတကာပြောတဲ့ ဘွဲ့ရပညာတတ်ဆိုတဲ့ အမေတယောက်မဟုတ်ပေမယ့် သားသမီးတွေကို လူဘုံအလယ်မှာ ဘယ်လိုနေထိုင်ရှင်သန်ရမယ်ဆိုတာကို လက်တွေ့ကျကျ သင်ကြားပေးခဲ့သလို သားသမီးတွေရှေ့က ဘာမဆို ရင်ဆိုင်ဖြေရှင်းပေးခဲ့တဲ့ အမေတယောက်ပါ။ ပါပါးနဲ့ နှင်းတို့တတွေ စိတ်ဓါတ်ကျနေတဲ့အခါ မျက်နှာတချက်မပျက်ပဲ အမြဲအားပေးတတ်ပါတယ်။ နှင်းဘ၀မှာ မာမားရဲ့ အားပေးမှုကြောင့်သာ အခုလိုရပ်တည်လာနိုင်တာပါ။ လောကဓံကို ကြံ့ကြံ့ခံပြီး အရှုံးမပေးတတ်တာက မာမားရဲ့စိတ်ဓါတ်ပါ။ နှင်း အရွယ်ရောက်နေပေမယ့် ကလေးလေးလိုပါပဲဆိုပြီး ဘာမဆိုလိုက်လုပ်ပေးတတ်ပါတယ်။ ပါပါးနဲ့နှင်းတို့အပေါ်ချစ်ခင်သလို ဘာမဆိုနားလည်မှုပေးတတ်တဲ့ ပါရမီဖြည့်ဖက်ကောင်း မိခင်ကောင်းတယောက်ပါ။ သားသမီးတွေ စိတ်ဓါတ်ကျရင် အားပေးကာတမျိုး မခံချင်အောင်ပြောတာကတမျိုး နည်းအမျိုးမျိုးနဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။ မျက်ရည်ကို အလွယ်တကူမကျတတ်ပါဘူး။ ဘ၀မမေ့ဖို့ ပြောတတ်သလို ကိုယ့်ဘ၀ကိုယ်သိဖို့ အမြဲတမ်းသတိပေးတတ်ပါတယ်။ ပါပါးနဲ့အတူ ဘ၀ရဲ့ ဒုက္ခမှန်သမျှကို အားမာန်အပြည့်နဲ့ ဖြတ်ကျော်ပြီး သားသမီးတွေအတွက် ပေးဆပ်နေတဲ့ မိခင်တယောက်ဖြစ်လို့ ကျေးဇူးလဲတင်မိပါတယ်။

၉ လလွယ်လို့ ၁၀လဖွား
ကိုယ့်အသက်ကိုရင်းလို့
သားသမီးတွေကိုချစ်တဲ့ မာမား
ဒုက္ခဆိုတာကို အပြုံးမပျက်
မာန်တင်းလို့ကျော်ဖြတ်ကာ
ရှေ့ကရပ်လို့ ကာပေး
မာမား ပေးတဲ့အားနဲ့
သမီးတယောက် လူလားမြောက်ခဲ့ပြီ

ရွှေရတုကိုရောက်နေပေမယ့်
ခုထိအားမလျှော့ပဲ
မိသားစုအတွက် ကြိုးစားရင်း
ဘ၀ကို ရှင်သန်နေတဲ့
မွေးကျေးဇူးရှင် မာမား
စိန်ရတု ပတ္တမြားရတုအထိ
အတူတူရှိနိုင်ဖို့
သမီးဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၂ ၆ ၂၀၀၈ မှာကျရောက်တဲ့ မာမား ရဲ့ ရွှေရတုမွေးနေ့မှသည် နောင်လာမည့်နှစ်ပေါင်းများစွာတိုင် မာမားချစ်တဲ့ ပါပါး သမီး သား တို့နဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tuesday 3 June 2008

ပြိုင်ဆိုင်တတ်ပါစေ

ပြိုင်ပွဲ လို့ပြောလိုက်တာနဲ့ တဘက်နဲ့တဘက် အနိုင်ရဖို့ ကြိုးစားရင်း ယှဉ်ပြိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ကလေးဘ၀ထဲက ကစားရင်တောင် တယောက်နဲ့တယောက် အပြိုင်အဆိုင် ကစားကြတာတွေရှိပါတယ်။ စကားပြောတာကအစ ကိုယ်အနိုင်ရအောင် ယှဉ်ပြီးပြောဆိုကြပါတယ်။ ကလေးတွေတောင် အပြိုင်အဆိုင်လေးတွေရှိတာ လူကြီးတွေက ပိုလို့တောင် ဆိုးပါသေးတယ်။ လူနေမှုပုံစံကစလို့ ဘာမဟုတ်တဲ့ အစားအသောက်အဆုံး တယောက်နဲ့တယောက် ပြိုင်ဆိုင်နေတတ်ကြပါတယ်။ ကြွားဝါတာလည်းပါတာပေါ့။ ငါတို့က ဘယ်လိုနေတာ ဘယ်လိုဝတ်တာ နင်တို့ကရောဘယ်လိုနေလဲ စတဲ့ ဘာမှအရေးမကြီး အရေမရအဖတ်မရ ပြောဆိုပြီး ပြိုင်ဆိုင်နေတတ်တာ လူတချို့ရဲ့ သဘာဝပါပဲ။ အဲဒီလို ပြိုင်နေရမှ ကျေနပ်နေတဲ့လူတွေလဲ အများအပြားပါပဲ။ သူတို့တွေရဲ့ သဘာဝက တဖက်လူက ကိုယ့်ရဲ့ပြိုင်ဘက်ဟုတ်မဟုတ်ကို မကြည့်တော့ပါဘူး။ ပြိုင်ဆိုင်ချင်တဲ့ စိတ်ပဲရှိတယ်။

ကိုယ့်မှာ ပြိုင်ချင်တဲ့ အပြိုင်လုပ်ရမှ ကျေနပ်တဲ့ သဘာဝရှိရင်လဲ ဘ၀အတွက် တန်ဖိုးရှိတဲ့ ပြိုင်ဆိုင်မှုမျိုးပဲ လုပ်သင့်ပါတယ်။ အလှအပအတွက်ပြိုင်တာတွေ အသုံးအဆောင်တွေ ပြိုင်သုံးတာဟာ ပိုက်ဆံလဲကုန်သလို ဘ၀အတွက်လဲ ဘာမှမရပါဘူး။ မတိုးတက်ပဲ ပိုဆုတ်ယုတ်ပါတယ်။ အနိုင်ရချင်တဲ့စိတ်နဲ့ မလုပ်သင့်တာတွေပါ လုပ်မိနိုင်ပါတယ်။ ကျောင်းသားဖြစ်နေရင် စာပြိုင်သင့်သလို အလုပ်ခွင်ထဲမှာ ဆိုရင်လဲ လုပ်ငန်းကျွမ်းကျင်မှုကို ပြိုင်မှ ကိုယ့်အတွက် ပိုတိုးတက်မှာပါ။ ပြိုင်ဆိုင်ပြီဆိုရင်လဲ တရားမျှတတဲ့ ပြိုင်ဆိုင်မှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

နောက်တခုက ကိုယ့်ဘ၀ကို မသိပဲနဲ့ လိုက်ပြိုင်မယ်ဆိုရင်လဲ တဖက်သတ်အရှုံးကိုပဲ ရမှာပါ။ “ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံရှိမှာပေါ့” ဆိုတဲ့စကားကို လူတိုင်းကြားဘူးပါတယ်။ ကိုယ့်အနေအထား ကိုယ့်ဘ၀ကို မသိပဲ နိုင်ချင်တာ ပြိုင်ဆိုင်ချင်တာတခုထဲနဲ့ လုပ်မယ်ဆိုရင် တဖက်လူကတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ပဲနစ်နာရမှာပါ။ တချို့အရာတွေက ပြိုင်ဆိုင်လို့မရပဲ ဘ၀အကျိုးပေးကံအရ ဖြစ်နေတာတွေကို လိုက်ပြီးပြိုင်ဆိုင်နေရင် လိုက်ပြိုင်နေတဲ့လူပဲ မောမှာပါ။

တယောက်နဲ့တယောက် အပြိုင်လုပ်ကိုင်တာကောင်းပါတယ်။ ဒါပမယ့် မနာလိုစိတ်တော့ မထားသင့်ပါဘူး။ ဘ၀မှာ တိုးတက်ဖို့အတွက် ပြိုင်ဘက်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ပြိုင်ဘက် အနိုင်ရသွားရင် ကိုယ်အပြုံးနဲ့ ဂုဏ်ပြုပေးနိုင်ရမယ်။ အခုမလုပ်နိုင်သေးရင် လုပ်နိုင်အောင်ကြိုးစားရမယ်။ ဘေးလူတွေနဲ့ မပြိုင်ရင်တောင် ကိုယ့်ကိုယ်ကို ပြိုင်သင့်ပါတယ်။ မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ် ဘာတွေတိုးတက်လာသလဲ။ မတိုးတက်လာသေးဘူး မရင့်ကျက်လာသေးရင် ကိုယ်ပိုကြိုးစားရမယ်ဦးမယ်ဆိုတာ သတိရပါ။

Sunday 1 June 2008

အချစ်စိတ်

လူ့စိတ်က ပြောင်းလဲတတ်တယ်
ကြားနေကျစကားတခွန်း
အခုတော့
အင်း .........အရမ်းမှန်တယ်

လိမ်တာကို မုန်းတယ်တဲ့
အရင်တုန်းကပြောခဲ့တာ
အခုတော့
သူလိမ်တာသိတယ်
ခွင့်လွှတ်ပါတယ် ချစ်လို့တဲ့

လှည့်စားတာကို ကြောက်မိတယ်
အရင်တုန်းကအတွေး
အခုတော့လဲ
သူလှည့်စားမှန်းသိတယ်
ကျေနပ်နေမိတယ်

သေချာမှ ကြိုက်တယ်တဲ့
သူများကိုပြောခဲ့တာ
အခုတော့
မသေမချာဘ၀ကြိုက်နေတယ်
သူ့ကိုချစ်လို့ပါတဲ့

ပြောင်းသွားတာက
အချစ်တခုကို စတွေ့မိတာပဲ
အရာရာဗြောင်းဆန်ကုန်တယ်
တကယ်ကို အစွမ်းထက်တာက
အော်......ဒီချစ်တဲ့စိတ်

အပူမီး

ပူလိုက်တာ
နွေမှာပူတာမဆန်းပေမယ့်
ရင်ထဲမှာပူတာတော့
ဘယ်လိုမှ မခံစားနိုင်ဘူး

အပူတကာ့အပူမီးထဲက
အချစ်အပူမီး
ကိုယ်တိုင်ကြုံမှ သိနေပြီ

ဘယ်သူမပြူမိမိမှုဆိုသလို
ဘယ်သူမှ မချစ်ခိုင်းပဲ ချစ်ခဲ့တော့
ပူတော့လဲ တယောက်ထဲပဲ

ဆိုင်သူကို သိစေချင်ပေမယ့်
သူပူလောင်မှာစိုးလို့
ရင်မှာနှုတ်ဆိတ်
တိတ်တိတ်သာ နေလိုက်မိတယ်

သူတို့တွေလဲ ကူညီတတ်ကြတယ်

ဒီနေ့တော့ အလုပ်ကလဲပိတ်ရက်ဖြစ်သလို မာမားကိုလဲ အဖော်မလုပ်ပေးနိုင်တာ တော်တော်ကြာပါပြီ။ ဒါနဲ့ပဲ ဖွားလေးကိုပြောပြီး ထိုင်ပေစီးတီးမောကို ချီတက်ပါတော့တယ်။ တခါတည်းရောက်တဲ့ ကားစောင့်ရင် ကြာနေမယ်ဆိုပြီး ကားအဆင့်ဆင့် ပြောင်းပြီး သွားလိုက်ပါတယ်။ ဒီမှာ ကားစီးရတာ အလွန်စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ ဘယ်သူကမှ စည်းကမ်းတကျလုပ်ပါ။ ကားခကို ပေးပါရယ်လို့ ပြောစရာမလိုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြပါတယ်။ နှင်း တို့မြန်မာပြည်မှာဆိုရင် ကားပေါ်တက်လိုက်ရင် လူကြီးတွေ ဘုန်းကြီးနဲ့ ကိုယ်ဝန်ဆောင်သည်တွေကို ဦးစားပေးပြီး ထိုင်ခိုင်းတတ်ကြပါတယ်။ ဒီနေ့လဲ ကားပေါ်ကို ရောက်တော့ ထိုင်ခုံမှာထိုင်နေတဲ့ ကောင်မလေးက ဖွားလေးထိုင်ဖို့ ထပေးလိုက်ပါတယ်။ အော် သူတို့တွေလဲ မြန်မာတွေလိုပဲ စိတ်ဓါတ်လေးတွေရှိပါလားဆိုပြီး စိတ်ထဲက သာဓုခေါ်မိတယ်။ ကားတွေပြောင်းစီးတိုင်း ဒီလိုပဲကြုံနေရတော့ တယောက်ထဲမဟုတ်ပဲ လူတိုင်းနီးပါး ဒီစိတ်ကလေးရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။

အင်း ဒီအကြောင်းလေး ပြောရင်းကနေ ဆက်ပြောရဦးမယ်။ အဲဒီလို ကူညီချင်တဲ့စိတ်ကလေးနဲ့ ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို လိုက်ပြီး ကူညီနေတဲ့ ထိုင်ဝမ်က သာ့အိုက် ဆိုပြီး အင်္ကျီအပြာရင့်ရင့် နဲ့ ဘောင်းဘီအဖြူရောင်လေးတွေဝတ်ပြီး လူမှုရေးလုပ်ငန်းတွေကို ကူညီနေတဲ့ အဖွဲ့တဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ကို သီလရှင်ဆရာလေးက ဦးဆောင်ပြီး လုပ်ဆောင်နေတာပါ။ ဒီအဖွဲ့က ကိုယ်ပိုင်တီဗွီလိုင်းကို သာ့အိုက် ဆိုတဲ့နာမည်နဲ့ ၂၄ နာရီထုတ်လွှင့်နေပြီး တခြားသောလူမှုရေးလုပ်ငန်းတွေကိုလဲ လုပ်ဆောင်နေပါတယ်။ အခုလဲ မြန်မာနိုင်ငံအတွက် သွားရောက်လှူဒါန်းသလို တရုတ်နိုင်ငံက ဒုက္ခသည်တွေအတွက်လဲ သွားရောက်လှူဒါန်းပါတယ်။ သူတို့တွေမှာ ဘာသာလူမျိုးမခွဲခြားပဲ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ကူညီကြပါတယ်။ သူတို့တွေဟာ အလှူပစ္စည်း လှူဒါန်းရုံသက်သက် မဟုတ်ပဲ လူတွေရဲ့ စိတ်ဓါတ်မကျသွားအောင် စိတ်ဓါတ်ရေးရာကိုပါ အားပေးတာတွေ ပြုလုပ်ပေးကြပါတယ်။

အလုပ်ကပြန်လာတဲ့တစ်ရက် သစ်သီးဝယ်တဲ့ဆိုင်မှာ သူတို့အဖွဲ့ရပ်ပြီး အလှူခံနေတာတွေ့တော့ ဘာရယ်မဟုတ် ကိုင်ထားတဲ့ဓါတ်ပုံတွေဆီ ကြည့်မိတော့ မြန်မာနိုင်ငံက မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပုံတွေကို တွေ့လိုက်ရတယ်။ အော် မြန်မာပြည်က ဒုက္ခသည်တွေအတွက် မတ်တတ်ရပ် အပင်ပန်းခံပြီး အလှူခံပေးနေတာပါ။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် မဟုတ်ပေမယ့် လူသားအချင်းချင်း စာနာတဲ့ စိတ်ကလေးနဲ့ ပြုလုပ်ပေးနေတာ တွေ့တော့ ကိုယ့်နိုင်ငံအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်။ တိုင်းတပါးက လူမျိုးခြားကတောင် လုပ်ပေးသေးတယ်ဆိုတဲ့ အတွေးဝင်သွားပါတယ်။

ထိုင်ဝမ်မှာ ဒီလိုအသင်းအဖွဲ့ ရှိနေတာဟာ အလွန်ကောင်းတယ်လို့ထင်မိပါတယ်။ ကိုယ့်နိုင်ငံအတွက်တင် မဟုတ်ပဲ ဒုက္ခရောက်နေတဲ့ ကမ္ဘာပေါ်က လူသားအားလုံးအတွက် တတ်နိုင်တဲ့ဘက်က ကူညီနေတာဟာ အလွန်ကောင်းပါတယ်။ အဲဒီအဖွဲ့မှာ ၀င်ရောက်ပြီး လုပ်ကိုင်နေတဲ့လူတွေဟာ ပရဟိတ စိတ်ကလေးတခုတည်းနဲ့ ဘာကိုမှမမျှော်လင့်ပဲ လုပ်ဆောင်နေကြတာလို့ လူတိုင်းပြောကြပါတယ်။ အလွန်ကို လေးစားဖို့ကောင်းသလို အတုယူဖို့လဲကောင်းပါတယ်။

ဒါကတော့ သာ့အိုက် (Da Ai Television) ၀က်ဆိုဒ်ပါ ၀င်ရောက်လေ့လာနိုင်ပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics