Monday, 26 May 2008

သတိရပေးပါ



ကိုယ် ကချစ်လို့စပြောတာပါ
ပြောတဲ့ မင်း အချစ်ထက်
မင်းကိုပြန်ချစ်တဲ့ ငါ့အချစ်က ပိုပါတယ်

သံသယဆိုတာ အမြဲရှိတဲ့ ငါ
မင်း ပြောသမျှယုံလို့
ပုတ်သင်ညိုလေး ဖြစ်နေပြီ

အနိုင်ဆိုတာကို ကြိုက်တဲ့ ငါ
မင်း နဲ့ကျမှ အရှုံးတွေကို
မက်မောတတ်လာတယ်

အချိန်ပေးမှ သဘောကျတဲ့ ငါ
မင်း မပေးတဲ့ အချိန်တွေမှာ
လွမ်းမျက်ရည်လည်တတ်ပြီ

စောင့်ရတာကို မကြိုက်တဲ့ ငါ
မင်း လာမလားလို့
စောင့်နေတတ်ပြီ

သ၀န်တိုတတ်တဲ့ ငါ
မင်း စိတ်ဆိုးမှာစိုးလို့
ပြောမထွက်ခဲ့ဘူး

မြင်နေရက်နဲ့ မခေါ်ရင်
မင်း အလုပ်များနေပြီဆိုတာ
ငါ သိလိုက်ပြီ

မင်းက very busy ဆိုရင်
ဟုတ်ကဲ့
ငါကလည်း I am waiting you ပေါ့

ငါ လိုချင်တာ မင်း ဆီကအချစ်
ဖြစ်နိုင်ရင်တော့လေ
တခါတလေ
ငါ့ ကိုသတိရပေးပါ ချစ်သူရယ်

Sunday, 25 May 2008

ကဗျာလေးတွေ

တခါလာလည်း အတွေးတွေထဲမှာ ချာချာလည်နေ နောက်တခါလာလည်း ဒီလိုကြည့်ဆိုတော့ လာလည်တဲ့လူတွေလဲ စိတ်ညစ်နေမှာစိုးရတယ်။ ဒီတခါတော့ အနုအရွ ကဗျာလေးတွေကို ကြိုက်တတ်တဲ့ သူငယ်ချင်းတွေအတွက် ကဗျာလေးတွေ စုစည်းပြီး တင်ပေးလိုက်တယ်နော်။ ဖတ်ပြီးသားတွေပါနေရင်လည်း မှတ်မိသွားအောင် ထပ်ဖတ်လိုက်နော် :P အော် ကိုယ်တိုင်ရှာထားတယ်လို့ မထင်နဲ့နော် သူငယ်ချင်း ညီမလေး စုစု ပို့ပေးထားတာတွေကို တစုတစည်းထဲဖော်ပြလိုက်တာ ဟဲ ဟဲ


(ကဗျာလေးတွေ ပို့ပေးတဲ့ စုစုကို ကျေးဇူးတင်ပါတယ်)

သဘာဝပါ

လူတိုင်းအမှားနဲ့ မကင်းနိုင်ကြပါဘူးလေ ဆိုတဲ့စကားကတော့ နှင်း တခုခုလုပ်လို့ မှားသွားတိုင်း ကိုယ့်ဟာကိုယ် အားပေးလေ့ရှိတဲ့ စကားတခွန်းပါပဲ။ မြန်မာစကားပုံတောင်ရှိတယ်လေ။ “မမှားသော ရှေ့နေ မသေသောဆေးသမား” လောကမှာမရှိပါဘူး။ ရှေ့နေပေမယ့်လည်း မှားဘူးကြတာပါပဲ။ ဆေးသမားပေမယ့်လည်း ဆေးမှားပြီး သေတတ်ကြတာပါပဲ။ အသက်ငယ်လို့ အမှားနဲ့ မကင်းတတ်သလို အသက်ကြီးလာပေမယ့်လည်း အမှားနဲ့ မကင်းကြပြန်ပါဘူး။ ဘာလို့များ အမှားနဲ့ မကင်းနိုင်ကြသလဲဆိုရင် လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို လူတိုင်းသိနားလည်တယ်ဆိုတာ မရှိမှတော့ တခုမဟုတ်တခု အမှားဆိုတာနဲ့ တွေ့နေဦးမှာပါ။ အဲဒီလို မှားတိုင်းသာ အပြစ်တွေပြောနေမယ်ဆိုရင်တော့ တယောက်နဲ့တယောက် အပြစ်တင်လို့ကို ပြီးမှာမဟုတ်တော့ပါဘူး။
ို
နောက်တခုကတော့ လူတယောက်ရဲ့ စရိုက်သဘ၀ပါ။ လူအများစုက ဒီလိုလုပ်တာက အမှားပဲဆိုတဲ့ သတ်မှတ်ချက်ကြောင့် ဒီလူလုပ်တဲ့အရာဟာ မကောင်းတဲ့ အမှားတခု ဖြစ်သွားတာပါ။ ဥပမာ အရက်ကြိုက်တဲ့ လူတယောက်ကို လူအများက မကောင်းမှန်းသိရက်နဲ့ အမှားကြီးကို လုပ်နေတယ် ဆိုပြီး ပြစ်တင်စကားပြောတတ်ကြပါတယ်။ ဒီလူရဲ့ သဘာဝကိုက အရက်ကိုကြိုက်တယ် သောက်ရမှကျေနပ်နေတော့ ဘေးကလူတွေအပြစ်ပြောလဲ သူကတော့ သောက်နေဦးမှာပါပဲ။ တချို့ကတော့ ပြောဆိုဆုံးမလို့ ရပေမယ့် တချို့ကြတော့ ပြောလို့ကို မရပါဘူး။ ပြောမရတဲ့ အဲဒီလူအပေါ်အပြစ်လိုက်ပြောနေတဲ့ လူပဲ မောရုံရှိမှာပါ။ ဘုရားတောင်မှ ချွတ်လို့ရတဲ့လူကိုပဲ တရားပြပြီး ကျွတ်တန်းဝင်အောင် လုပ်ခဲ့တာပါ။ လူသားတယောက်အနေနဲ့ ဆုံးမစကားကို နားထောင်ပြီး ပြုပြင်တဲ့လူကိုပဲ ပြောဆိုဆုံးမသင့်ပါတယ်။ ဆုံးမလို့မရရင်တော့ သူ့ဘ၀နဲ့သူ သူ့သဘာဝအတိုင်ပဲဆိုပြီး နှလုံးသွင်းရတော့မှာပါ။

အပြောအဆို ရိုင်းစိုင်းတဲ့ လူတယောက်က ကိုယ့်ကို လာပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလာရင် လူတိုင်းဒေါသတော့ ဖြစ်တတ်ကြပါတယ်။ အဲဒီလို ဒေါသတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ပြောဆိုနေမယ်ဆိုရင် ပြီးမှာမဟုတ်တော့ပါဘူး။ အပြောအဆို အမူအရာ ရိုင်းတဲ့လူက သူ့သဘာဝအတိုင်း နေမှာပါပဲ။ ကိုယ့်တယောက်ထဲကို ဒီလိုဆက်ဆံတာမဟုတ်ပါဘူး။ လူတိုင်းကို ဒီလိုဆက်ဆံမှာပါ။ ဒါကို သူ့ကိုသွားပြီး အပြစ်ပြော မကျေမနပ်ဖြစ်နေရင် ကိုယ်ပဲ အကုသိုလ်များပါတယ်။ စိတ်ထဲမှာ ဒီလိုလူတွေက ဒီလိုမျိုးတွေပဲလုပ်မှာလို့ တွေးလိုက်ရင် ကိုယ်လဲဒေါသစိတ်မဖြစ်တော့ နေရတာအေးချမ်းပါတယ်။

လူတစ်ယောက်ရဲ့ အပြောအဆိုသဘာဝကို လိုက်ပြီး အပြစ်မပြောပဲ သူ့သဘာဝနဲ့သူ ဆိုပြီး စိတ်ထဲမှာ နှလုံးသွင်းနိုင်ကြပါစေ................

Thursday, 22 May 2008

ဝဋ်ဆိုတာ လည်တတ်တယ်

နှင်း တို့ငယ်ငယ်တုန်းကဆိုရင် လူကြီးတွေက အိမ်မှာဟင်းချက်ပြီးသားကို လူမသိအောင် မနှိုက်စားအောင်လို့ ဟင်းခိုးစားရင် ဂျို့ထိုးလိမ့်မယ်ဆိုပြီး ပြောဆို ခြောက်လှန့်ကြပါတယ်။ ကလေးဘ၀တုန်းကတော့ တကယ်ပဲထင်ပြီး ကိုယ်ခိုးစားရင် လူသိမှာပဲဆိုတဲ့အသိ ခိုးလုပ်တာမှန်သမျှ ပေါ်တတ်တယ်ဆိုတဲ့ အသိရယ်ခေါင်းထဲမှာ ၀င်သွားပါတယ်။ သူတပါးမသိအောင်ယူတာ ပိုင်ရှင်ဆီကခွင့်မတောင်းပဲယူတာတွေဟာ ခိုးယူလိုက်တာနဲ့ အတူတူပဲဆိုပြီး အိမ်ကမိဘတွေက ဆုံးမပါတယ်။ ဘာတန်ဖိုးမှမရှိတဲ့ အရာတစ်ခုလို့ ကိုယ့်စိတ်ကထင်ပြီး ခွင့်မတောင်းပဲယူမိရင် ဒါဟာလည်း လူမသိအောင်ယူတာမို့ ခိုးတာပါပဲတဲ့။ ဘယ်လောက်မှတန်ဖိုးမရှိလဲ ပိုင်ရှင်ထံမှာ ခွင့်တောင်းရမှာပါပဲ။ ဒါတွေဟာ လူတစ်ဦးရဲ့ ကိုယ်ကျင့်တရားကို ဖော်ပြတာပါပဲ။ လူမသိအောင် တခါယူဘူးတဲ့နောက်တောာ့ နောက်တခါယူဖို့ကိုလဲ ၀န်မလေးတော့ပါဘူး။ ကြိမ်ဖန်များလာရင်တော့ ကိုယ်ကျင့်တရားကိုပါ ထိခိုက်လာပါတယ်။ အဲဒီလိုမဖြစ်အောင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်တိုင်လေ့ကျင့်ရမှာပါ။

နောက်တခုကတော့ နှင်း ရဲ့ ပါပါး ပြောဆိုဆုံးမနေကျ စကားလေးတခွန်းပါ။ “သူတပါးထမင်းအိုးကို မခွဲရဘူး၊ သူတပါးထမင်းလုပ် မပုတ်ချရဘူး” တဲ့။ ဒီစကားလေးကို အခုထိလဲ ရင်ထဲမှာ မှတ်ထားပါတယ်။ သူတပါးထမင်းအိုးမခွဲရဘူး ဆိုတဲ့စကားကတော့ လူတိုင်းလဲ နားလည်မှာပါ။ မိသားတစု ဒုက္ခရောက်အောင် လုပ်လိုက်တာတွေ။ ကိုယ့်ကြောင့် တခြားမိသားစု စားဝတ်နေရေး မပြေမလည် ဖြစ်သွားတာတွေလို့ ထင်ပါတယ်။ လူတစ်ဦးတစ်ယောက်ကို မကျေနပ်လို့ပဲ ဖြစ်ဖြစ် အနိုင်ရချင်လို့ပဲ ဖြစ်ဖြစ် သူတပါးမိသားစု စားဝတ်နေရေး ကျပ်တည်းသွားအောင်တော့ မလုပ်သင့်ပါဘူး။ ကိုယ့်အတွက်လဲ အကုသိုလ် ဖြစ်စေပါတယ်။ တခြားသူတွေ စားဝတ်နေရေး မပြေလည်ရင် ကိုယ်တတ်နိုင်သလောက် ကူညီရမှာပါ။ အဲဒီလိုမဟုတ်ပဲ ဒုက္ခရောက်အောင်လုပ်ရင်တော့ ကလေးဘ၀တုန်းက လူကြီးတွေပြောသလို လူကောင်ကြီးကြီးနဲ့ ပါးစပ်က အပ်ပေါက်လောက်ပဲရှိတဲ့ သတ္တ၀ါ ဖြစ်လိမ့်မယ်။ အဲဒီလိုဘာကြောင့်ဖြစ်တာလဲလို့ လူကြီးတွေကိုမေးတော့ သူတပါးစားချင်နေတာကို ပိတ်ပင်တားမြစ်ခဲ့လို့ သေရင်အဲဒီဘ၀ကို ရောက်ရတာတဲ့။ တကယ်ပဲ ဒီလိုဘ၀တွေရှိမရှိ ဆိုတာတော့ မသိပေမယ့် ဘုန်းကြီးတရားတွေထဲမှာ ကြားဘူးပါတယ်။

အင်း အဲဒီဘ၀တွေက တကယ်ကြောက်စရာကောင်းတယ်လို့ ပြောကြပါတယ်။ ရေဆာလို့ရေတိုက်မယ့်သူ ရှိရင်တောင် ပါးစပ်က အပ်ပေါက်လောက်ပဲရှိတော့ ဘယ်လိုမှ မသောက်နိုင်ပဲ အော်နေကြရတယ်တဲ့။ အခုလို အပြောနဲ့တင် မျက်လုံးထဲမြင်ကြည့်ရင် တော်တော်လဲ သနားဖို့ကောင်းသလို ဘေးကနေလဲ ဘာမှ မကူညီနိုင်တဲ့ဘ၀ကို ရောက်နေမှာပဲနော်။ အော် သူတပါးစားချင်တာကို ပိတ်ပင်ခဲ့လို့ သူ့အလှည့်ကျတော့ ၀ဋ်လည်တာနဲ့တူပါတယ်။ ၀ဋ်လည်တယ်ဆိုလို့ အရင်ကတော့ သတိမထားမိခဲ့ဘူး။ တကယ်ရောရှိရဲ့လားလို့တောင် ထင်မိတယ်။ ဒါပေမယ့် တကယ်ကိုပဲ သတိထားပြီး စောင့်ကြည့်ရင် ကိုယ်တိုင်ဖြစ်နေတာတွေ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေဟာ မယုံနိုင်လောက်အောင် တိုက်ဆိုင်နေတာတွေ့ ရပါတယ်။ ဥပမာပြောရရင် နှင်းတို့အမျိုးထဲမှာ အရင်က ကြက်တွေကို ရောင်းတဲ့အလုပ်လုပ်ဘူးပါတယ်။ အဲဒီမိသားစုက ဒါနဲ့ပဲ စီးပွားတက်တော့ လုပ်တာပေါ့။ ကြာတော့ အကုသိုလ်နဲ့ အကျိုးပေးတာ မကောင်းဘူးဆိုပြီး အားလုံးဝိုင်းတားတော့ မလုပ်ပဲ ကားတွေကို ပြောင်းလုပ်ခဲ့တယ်။ ဒါပေမယ့် အရင်လုပ်ခဲ့တဲ့ အကုသိုလ်က အခုမှလာအကျိုးပေးတော့တာပေါ့။ ကားကိုမြေပျော့မှာ ရပ်မိတော့ ကားက ယိုင်ပြီးစောင်းကျလာတာကို ဦးလေးက ဇောနဲ့ကားကို သွားမထားတာ မနိုင်လို့ လွှတ်ချလိုက်တော့ ကိုယ်ကိုပိတော့တာပေါ့။ ဒါနဲ့ပဲ အရင်ကောင်းနေတဲ့ ခြေထောက်က ၂ လက်မလောက် နိမ့်ပြီး ထော့နင်းထော့နင်း ဖြစ်သွားတော့တာပါပဲ။ ပါပါး တို့ပြောတာကတော့ သူတို့တွေ အရင်က ကြက်တွေအရောင်းအ၀ယ်လုပ်တုန်းက ခြင်းထဲကို ကြက်တွေကိုထည့်ရင် တချို့ကြက်တွေရဲ့ ခြေထောက်တွေ ကျိုးလိုကျိုး အတောင်တွေကျိုးလိုကျိုးနဲ့ အခုတော့ အဲဒီအကုသိုလ်က ကိုယ့်ကိုပြန်ပြီး ၀ဋ်လည်တာနေမှာတဲ့။ အင်းအခုတော့ သူတို့တွေ ဒီအလုပ်ကို မလုပ်တော့ပေမယ့် ကိုယ်ပြုခဲ့တဲ့ အကုသိုလ်က အသေခင်မှာတင် အကျိုးကပေးပါတယ်။ ၀ဋ်လည်တာက နောင်ဘ၀အထိလဲ မစောင့်ဘူးဆိုတဲ့အသိ ၀င်သွားပါတယ်။

အခုနေအချိန်က ဘုရားသာသနာ ၂၅၀၀ ကုန်လို့ သိကြားသာသနာကို ရောက်နေပါပြီ။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားးရသလို မကောင်းတာကို လုပ်ရင်လဲ မကောင်းတဲ့အကျိုးကို အနှေးနဲ့အမြန် ခံစားကြရပါတယ်။

Tuesday, 20 May 2008

ဒုက္ခိတဘ၀ကို လက်မခံတဲ့ကောင်လေး

အဲသည်ရွာကျောင်းကလေးမှာ ဆောင်းတွင်းအနွေးပေးသည့် ရှေးမီးဖိုကြီတစ်ခုရှိသည်။ ကျောက်မီးသွေးသုံးသည့် ဗိုက်အိုးကျယ် သံမီးဖိုမျိုး။ ကောင်လေးတစ်ယောက်က နေ့စဉ်နံနက်စောစောလာပြီး မီးမွှေးရသည်။ သူ့ဆရာနှင်း သူ့အတန်းဖော်များ လာလျှင် စာသင်ခန်းလေး နွေးနေအောင်ပေါ့။

တစ်မနက် ကျောင်းတက်သူတွေ လာကြသည့်အချိန်မှာတော့ စာသင်ကျောင်းကလေးမှာ မီးတွေ တဟုန်းဟုန်း တောက်နေတာ တွေ့ကြရပါတယ်။ ကျောင်းထဲမှာ သတိမေ့နေသည့် ကောင်လေးကို သူတို့ ၀ိုင်းဝန်း ဆွဲထုတ်ကြသည်။ ကောင်လေးက သေသလား ရှင်သလား မခွဲခြားနိုင်သည့် အနေအထားမျိုး။ သူ့ခန္ဓာကိုယ်အောက်ပိုင်းက မီးတွေအကြီးအကျယ် လောင်ထားသည်။ သူ့ကို နီးရာနယ်မြေဆေးရုံသို့ သယ်ယူခဲ့ကြသည်။

ဆေးရုံခုတင်ပေါ်မှာ သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည့်ကြားက ကောင်လေးနားထဲမှာ ဆရာဝန့်စကားသံတွေ မသဲမကွဲကြားနေသည်။ ဆရာဝန်က သူ့မိခင်အား သူ၏သား အသက်ရှင်စရာလမ်း မရှိသည့်အကြောင်း စင်စစ်ခန္ဒာကိုယ် အောက်ပိုင်းတစ်ခုလုံး ယခုလောက် ဆိုးဆိုးဝါးဝါးကြီး လောင်ကျွမ်းပျက်စီးသွားပြီးသည့် နောက်တွင်တော့ အသက်ဆက်မရှင်တာသည်ပင် ကောင်းသေးကြောင်း ပြောကြားနေခြင်း ဖြစ်သည်။

သတ္တိကောင်းသည် သည်ကောင်လေးက သေရမှာကို အလိုမှရှိ။ ငါမသေဘူး။ အသက်ရှင်ရမယ်ဟု သူအဓိဋ္ဌာန်ပြုသည်။ တကယ်ပင်သူအသက်ဆက်ရှင်လာတော့ ဆရာဝန် အံ့အားသင့်ရသည်။ မသေနိုင်တော့ဘူးဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့မိခင် ဆွေးနွေးပြောဆိုနေတာ သူကြားရပြန်သည်။ သူ့ခန္ဒာကိုယ်အောက်ပိုင်းက အသားတွေ အမြောက်အမြား မီးကြောင့်ပျက်စီးသွား ခဲ့ပြီဖြစ်ရာ ခြေနှစ်ချောင်းလုံး သုံးမရတော့သဖြင့် တစ်သက်လုံး ဒုက္ခိတဘ၀ဖြင့် နေသွားရလိမ့်မည် ဆိုသည့်အကြောင်းဖြစ်၏။ သည်စကားကြားပြီးသည့်နောက်ပိုင်း ကောင်လေးတစ်ကြိမ် ထပ်၍ အဓိဋ္ဌာန်ပြုသည်။ ငါ လမ်းလျှောက်နိုင်ရမယ် ဒုက္ခိတဘ၀ လုံးဝမရောက်စေရ ဟူ၍။

သို့သော် အဓိဋ္ဌာန်ပြုမည့်သာ ပြုရသည် ခါးအောက်ပိုင်းတစ်ခုလုံးက အသက်မ၀င် လှုပ်ရှားနိုင်စွမ်းမှရှိဖြစ်နေသည်။ ကြုံလှီသေးကွေးလှသော ခြေထောက်နှစ်ချောင်းက အောက်ဘက်မှာ တွဲလောင်းကလေး။ သည်လိုဖြင့် နောက်၌ သူဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ အိမ်တွင်အမေက သူ့ခြေထောက်ကလေးတွေကို နေ့စဉ်နှိပ်နယ်ပေးသည်။ သို့သော် ခြေထောက်တွေက ဘာခံစားမှုမှမရှိ ဘယ်လိုမှလည်း လှုပ်ရှားခိုင်း၍မရ လုံးဝအသုံးမကျဖြစ်နေသည်။ သို့သော်လမ်းထလျှောက်နိုင်ရမည်ဟူသော သန္နိဋ္ဌာန်က ခိုင်မာမြဲ ခိုင်မာဆဲပင်။

အိမ်၌ သူ့ကို အိပ်ရာထဲထားလျှင်ထား မဟုတ်လျှင် ဘီးတပ်ကုလားထိုင်၌ထားလေ့ရှိသည်။ နေသာသောတနေ့ အမေက သူ့ကိုလေကောင်းလေသန့် ရှူရအောင်ဟူ၍ ခြံထဲတွန်းယူသွားပြီးထားသည်။ အဲသည်နေ့မှာ သူက ကုလားထိုင်ထဲချည်း ထိုင်မနေတော့ဘဲ အောက်သို့လှိမ့်၍ဆင်းသည်။ အဲသည်နောက် ခြေထောက်နှစ်ချောင်းကို ဒရွတ်ဆွဲကာ မြက်ခင်းမှာ ၀မ်းလျာထိုး၍ သွားသည်။ သူတို့မြေကွက် အကို ကာရံထားသည့်အဖြူရောင် ခြံစည်းရိုးတန်းဆီ ရောက်အောင်အားခဲပြီး သူသွားသည်။ သည့်နောက်တွင် ခဲယဉ်းပင်ပန်းစွာ အားထုတ်ကြိုးပမ်းကာ သူ့ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ ပြီးလျှင် ငါလမ်းလျှောက်နိုင်ရမည်ဟူသော အားမာန်ဖြင့် ခြံစည်းရိုးတန်းတလျှောက် .သည်တတိုင်မှ ဟိုတစ်တိုင် တရွတ်တိုက်လျှက် ရွှေ့သည်။ အဲသည်မှ စတင်ကာ နေ့စဉ်နေ့တိုင်း သည်အတိုင်း ကြိုးစားအားခဲ၍လုပ်ရာ ခြံစည်းရိုးတန်း နဘေးတလျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင်လာသည်။ သူ့အဖို့ လောက၌ သူ့ခြေထောင်နှစ်ချောင်း အသက်ဝင်လာအောင် လေ့ကျင့်ပျိုးထောင်ဖို့ထက် ပို၍ထက်သန်လိုလားခဲ့သောအရာ မရှိခဲ့။

သို့နှင့် နောက်ဆုံး၌ နေ့စဉ် နှိပ်နယ်ကုသမှု မဆုတ်မနစ်သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဋ္ဌာန်တို့ဖြင့် ကြိုးစားအားထုတ်မှုများကြောင့် သူ မတ်တတ်ရပ်လာနိုင်သည်။ သည်နောက်တွင် ထောတီးထော့နဲ့ လမ်းလျှောက်နိုင်လာသည်။ အဲသည်နောက်တွင် လွတ်လွတ်ကျွတ်ကျွတ်။ အဲသည်နောက် ပြေးလာနိုင်သည်။ သူကျောင်းသို့ လမ်းလျှောက်သွားသည်။ သည်နောက် ပြေးသွားသည်။ နောင်တွင်မူ ပြေးရသည်ကို နှစ်သက်ခြင်းသက်သက် အတွက်ကြောင့် လျှောက်၍ ပြေးလေတော့သည်။

ကောလိပ်ကျောင်းရောက်သည့်အခါ ပြေးခုန်ပစ် အားကားသမားအဖွဲ့ထဲမှာ သူပါလာသည်။ နောက်တွင်မူ တစ်ချိန်သောအခါက အသက်ပင်ရှင်မှာ မဟုတ်ဟု ထင်ခဲ့ရသော အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့သော ပြေးနိုင်ဖို့ဆိုတာ နည်းနည်းမျှပင် မျှော်လင့်၍မရနိုင်ခဲ့သော အလွန်ဇွဲကြီးလှသည့် ထိုကောင်လေး ဂလင်ကန်နင်ဟမ်သည် တဖက်က ပညာရေးဘက်တွင် ဒေါက်တာဂလင်ကန်နင်ဟမ်ဟူ၍ ဖြစ်လာသည့်ပြင် တစ်မိုင်အဝေးကို ကမ္ဘာပေါ်တွင် အမြန်ဆုံးပြေးနိုင်သူအဖြစ် နယူးယောက်မြို့ မေဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန်တင်ပြေးပြနိုင်ခဲ့သည်။ (Burt Dubin ၏ The Power of Determination)

ဒီဘာသာပြန်လေးဖတ်ပြီးတော့ စိတ်ထဲမှာ စိတ်ဓာတ်ကျနေတာတွေ ကိုယ်ဖြစ်ချင်တာတွေနဲ့ ရှုတ်ရှုပ်ခတ်နေတာတွေ ပျောက်သွားပြီး ကိုယ်တကယ်ဖြစ်ချင်ရင် ကိုယ့်စိတ်မှာ စွဲမြဲတဲ့ အဓိဋ္ဌာန်ရှိရမယ်ဆိုတာ သဘောပေါက်လာတယ်။ လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ခိုင်ခိုင်မာမာအဓိဋ္ဌာန်ပြုပြီး ကြိုးစားမယ်ဆိုရင် တစ်နေ့တော့ ဖြစ်လာမှာပါ။ မြန်မာပြည်သူတွေ စိတ်ထဲမှာ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို မဖြစ်နိုင်ပါဘူးဆိုပြီး စိတ်မလျှော့လိုက်စေချင်ဘူး။ ဂလင်ကန်နင်ဟမ်လိုပဲ အဓိဋ္ဌာန်ပြုပြီး ကြိုးစားမယ်ဆိုရင် မြန်မာပြည်သူတွေလိုချင်တဲ့ တိုးတက်တဲ့ နိုင်ငံတစ်ခုကို ပိုင်ဆိုင်ရမယ်လို့ ယုံကြည်ပါတယ်။

Monday, 19 May 2008

မေတ္တာငတ်မွတ်လို့ သေဆုံးနေရသူတွေ

ဒီနေ့ ကမ္ဘာမှာ အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်း မဟုတ်ဘူး
အနာကြီးရောဂါလည်း မဟုတ်ဘူး
နှစ်သက်လိုလားသူ မရှိတာ။
မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ၊
ပေယျာလကန်အပြုခံရတာတွေပဲ။

ကိုယ်ကာယ ရောဂါတွေကို
သာမန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက် ကုန်ဆုံးခြင်းဝေဒနာကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။

ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်င်နေသူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှမခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ။

မာသာ ထရီးဇာ


Sunday, 18 May 2008

အတွေးသက်သက်

ွှအခုတလော ကိုယ်နဲ့ စိတ်နဲ့ မကပ်ပဲ အတွေးတွေထဲ တ၀ဲလည်လည်နဲ့ ဘာတွေကိုဖြစ်ချင်လို့ ဘာတွေလုပ်ချင်နေမှန်းကို ကိုယ်တိုင်မသိတော့ပဲ ရှိနေပါတယ်။ တခါတလေ ကိုယ့်ကိုကိုယ် ရူးများရူးနေပြီလားလို့ ထင်မိတယ်။ သူငယ်ချင်းကိုပြောတော့ ကိုယ်တိုင်ရူးနေပြီလို့ ထင်တဲ့သူက မရူးသေးလို့တဲ့ အင်း ဒီစကားအရဆိုရင်တော့ နှင်း တယောက် မရူးသေးဘူးလေ ဆိုပြီး ကိုယ့်ကိုကိုယ် အားပေးလိုက်ရတယ်။

သူငယ်ချင်းကပြောသေးတယ် လောကမှာ လူတိုင်းဟာ အတွေးကိုယ်စီနဲ့ ရူးနေကြတာတဲ့။ ဒါကို ဟိုတယောက်ကတော့ ရူးနေပြီလို့ သူတပါးကို ပြောတဲ့လူက သူကိုယ်တိုင် ရူးနေမှန်း မသိလို့တဲ့။ ကိုယ်တိုင်ရူးနေပြီလို့ ပြောတဲ့လူက လူတိုင်းမှာ ဖြစ်တတ်တာကို တကယ်သိတဲ့လူတဲ့။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ ဒါပေမယ့် လူတိုင်းမှာတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ ကိုယ်လိုချင်တာတွေကို အတွေးတွေနဲ့ စိတ်ကူးလေးတွေယဉ်ပြီး ရူးနေကြတာကိုတော့ ကိုယ်တိုင်ကလဲ ဖြစ်နေတော့ သူပြောတာ ဟုတ်သလိုပဲဆိုပြီး တွေးမိတယ်။

အခက်အခဲတစုံတခု တွေ့ကြုံလာတဲ့အခါမှာ လူတွေဟာ ကိုယ်ဖြစ်ချင်တာတွေကို ပြောတတ်ကြပါတယ်။ တခါတလေ တကယ်ဖြစ်နေတာတွေအပြင် ကိုယ်ဖြစ်ချင်တာတွေကို ပြောနေကြတဲ့အခါ ပြောပါများလာတော့ နားထောင်နေတဲ့လူတွေက သူဖြစ်ချင်တာတွေ ပြောနေတာကို တကယ်များဖြစ်နေတာလားဆိုတဲ့ အတွေးတွေ ၀င်သွားပါတယ်။ တကယ်များ ဖြစ်လာမလားဆိုတဲ့ အတွေးနဲ့ မျှော်လင့်နေတတ်ပါတယ်။ သူတပါးကို ပြောပြချင်တယ်ဆိုရင်လဲ ကိုယ်ဖြစ်ချင်တာတွေကို မပြောပဲ တကယ်ဖြစ်နေတာတွေကိုပဲ ပြောရမယ်ဆိုတဲ့ အတွေး ၀င်လာပါတယ်။

အတွေးဝင်တယ်ဆိုလို့ အဲဒီတွေးကပဲ လူကိုတော်တော် နှိပ်စက်ပါတယ်။ တခါတလေ တဖက်လူက မအားလို့ ကိုယ့်ကို စကားပြန်မပြောနိုင်တာကို ကိုယ်က အတွေးတွေလွန်ပြီး ငါ့ကိုများ မပြောချင်လို့လား? ဘာလားဆိုတဲ့ မေးခွန်းအတွေးတွေထဲမှာ လည်နေပြီး စိတ်ဆင်းရဲနေရတာကို တဖက်လူက သိမှာတောင် မဟုတ်ပါဘူး။ အင်း ဒါကြောင့် တွေးတိုင်းလဲ မကောင်းပါလားနော်။

Saturday, 17 May 2008

စိတ်ဆိုတာ ထားတတ်ရင်ရပါတယ်

စိတ် ဆိုတာ ထားတတ်မှရတယ်ဆိုတာ လူတိုင်းသိပါတယ်။ စိတ်မထားတတ်ရင် လူပင်ပန်းသလို တရားကျင့်နေပါတယ်ဆိုတဲ့ လူတွေတောင် စိတ်မထားတတ်ရင် တရားမရပါဘူး။

တခါက ဘုန်းကြီးနှစ်ပါး ခရီး တခုကို အတူတူသွားကြတယ်။ တနေရာရောက်တော့ ချောင်းတခုကို ဖြတ်ကူးပြီးမှ ခရီးကိုဆက်သွားရမယ်။ ဒီအချိန်မှာ အမျိုးသမီးတဦးကလည်း ချောင်းကို ဖြတ်ကူးဖို့အတွက် အခက်အခဲတွေ့နေပါတယ်။ ရဟန်းနှစ်ပါးကို အကူအညီတောင်းပါတယ်။ ရဟန်းနှစ်ပါးစလုံးဟာ ၀ိနည်းကိုလိုက်နာကြတဲ့ ရဟန်းတွေ ဖြစ်တာကြောင့် အမျိုးသမီးကို ထမ်းပြီး တဘက်ကမ်းကို ပို့ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုအတွေးတွေရှိနေတာကြောင့် ပထမရဟန်းက အကူအညီမပေးနိုင်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ ဒီအချိန်မှာ ဒုတိယ ရဟန်းက သူကူညီပြီး တဘက်ကမ်းကို ပို့ပေးမယ်လို့ဆိုပါတယ်။ အဲဒီအခါ ပထမရဟန်းက ကန့်ကွက်ပါတယ်။ ၀ိနည်းတော်နဲ့ မညီတာကို မပြုလုပ်ဖို့ တားမြစ်ပါတယ်။ ဒါပေမယ့် ဒုတိယရဟန်းက အမျိုးသမီးကို ထမ်းလို့ တဘက်ကမ်းကို ပို့ပေးပြီး ခရီးဆက်ခဲ့ပါတယ်။ ခရီးလမ်းတလျှောက် ပထမရဟန်းက ဒုတိယရဟန်းကို အမျိုးသမီးကို ကူညီခဲ့တာကို ပြောဆိုပြစ်တင်လာပါတယ်။ ဒီအခါမှာတော့ ဒုတိယရဟန်းက ကိုယ်တော် တပည့်တော်က အမျိုးသမီးကို ချောင်းတဘက်ရောက်အောင်ပဲ ထမ်းပြီးပို့ပေးခဲ့တာ။ ကိုယ်တော်က အမျိုးသမီးကို အခုထိထမ်းလာတာပဲ လို့ပြောလိုက်ပါတယ်။ အဲဒီကျမှပဲ ပထမရဟန်းလဲ ကိုယ့်စိတ်ကို ပြန်လည်ဆင်ခြင်မိပါတော့တယ်။ စိတ်အစွဲက လူကို ဒုက္ခပေးပါတယ်။ စွဲလမ်းမှုကို ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ။

လူတစ်ဦးတစ်ယောက်ကို စွဲလမ်းနေတာဟာလည်း ကိုယ့်စိတ်ကို ဒုက္ခပေးနေတာပါပဲ။ လူတိုင်းမှာတော့ စွဲလမ်းမှုတွေ ရှိပါတယ်။ ဒါတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်ရင် အဲဒီစွဲလမ်းမှုကြောင့် ရလာမယ့် စိတ်ဆင်းရဲမှုတွေ စိတ်ဒုက္ခတွေကို မခံစားရတော့ပါဘူး။

အခုလဲ မြန်မာပြည်က ဒုက္ခသည်တွေကို အလှူငွေတွေ လှူဒါန်းနေကြတာနဲ့ ပက်သက်ပြီး အမျိုးမျိုး ပြောဆိုနေကြပါတယ်။ တချို့ကလည်း သူတပါးက စေတနာနဲ့ အခမဲ့ အကျိုးဆောင်ပြီး ကူညီနေတာကို အကောင်းမမြင်ပဲ ကိုယ့်စိတ်ရဲ့အထင် အများအပြောနဲ့ အပြစ်တင်နေပါတယ်။ ကိုယ်တိုင်လဲ မလုပ်နိုင် သူတပါးလုပ်နေတာကိုလဲ အားမပေးနိုင်။ လိုက်ပြီးပြစ်တင်ဝေဖန်ပြီး အကျိုးမရှိတဲ့ အလုပ်တွေကို အချိန်ကုန်ခံပြီး လုပ်နေပါတယ်။ တကယ်လို့များ ကိုယ်အပြစ်တင်လိုက်တဲ့လူက တကယ်ကိုပဲ စေတနာသန့်သန့်နဲ့ အများအကျိုးကို ဆောင်ရွက်နေတာဆိုရင် ပြစ်တင်ဝေဖန်နေတဲ့ လူအတွက် အကုသိုလ်တွေရနေမှာပါ။ ကိုယ်သာစိတ်ထားတတ်ရင် အကုသိုလ်ဆိုတာလည်း မရတော့ပါဘူး။ ကိုယ်လုပ်နိုင်ရင်လုပ်လိုက်ပါ။ ကိုယ်မလုပ်နိုင်လို့ သူတပါးလုပ်နေတာကိုတော့ ဘာမှမပြောမိတာအကောင်းဆုံးပါ။ ကိုယ့်ရဲ့စိတ်ထား မထားတတ်ရင် ကိုယ်ပဲ အကုသိုလ်ရနေမှာပါ။ ကိုယ့်စိတ်ကို ကိုယ်အတတ်နိုင်ဆုံး ထိန်းသိမ်းးနိုင်ကြပါစေ။

Friday, 16 May 2008

သိပ်ချစ်ရတဲ့ ပါပါး မွေးနေ့

ဒီနေ့ကတော့ နှင်းဘ၀ရဲ့ ကျေးဇူးရှင် မွေးဖခင်ဖြစ်တဲ့ ပါပါးရဲ့ မွေးနေ့ပါ။ ပါပါးအတွက် အမှတ်တရ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် ပါပါးမွေးနေ့မှာ အမှတ်တရ ရင်ထဲက စကားလေးတွေကို ရေးဖြစ်ခဲ့တာပါ။ နှင်း ကသားသမီးတစ်ယောက်ဖြစ်ပြီး ဖခင်အတွက် ဘာမှမလုပ်ပေးနိုင်ပေမယ့် ပါပါးကတော့ နှင်း အတွက်ကို အရာရာလိုအပ်သမျှ ဖြည့်ဆည်းပေးခဲ့ပါတယ်။ မိခင်လိုတမျိုး ဖခင်လိုတမျိုး အရာရာကို ဂရုတစိုက် လိုက်ပြီးပြောပြတတ်ပါတယ်။ မာမားပြောပြီး စိတ်ပူရမယ့် အရာတွေကိုလဲ ပါပါးကပါ စိတ်ပူပေးတတ်ပါတယ်။ ငယ်ငယ်ထဲက ပါပါးကို အရမ်းချစ်ခဲ့ပါတယ်။ နှင်း တို့ကို အလိုလိုက်လွန်းလို့ မာမားနဲ့ စကားခဏခဏ များရပါတယ်။ တခုခု စားချင်လို့ ပူဆာလိုက်ရင် ရအောင်ရှာဝယ်ပေးတတ်သလို မပူဆာပဲနဲ့လဲ သားသမီးတွေစားရအောင် အမှတ်တရ ၀ယ်လာတတ်တာက ပါပါးရဲ့ အကျင့်ပါ။ သားသမီးတွေ အ၀တ်အစား အသုံးအဆောင် အသစ်သုံးနေရင် ကျေနပ်နေပေမယ့် ကိုယ်တိုင်တော့ ဘယ်တော့မှ အသစ်ဝယ်မသုံးပါဘူး။ ပါပါးလိုချင်ရင် ၀ယ်သုံးပါပြောရင် မလိုအပ်ပါဘူး ရပါတယ် လို့ပြောပြီး ဘယ်တော့မှ ၀ယ်မသုံးပါဘူး။ ပစ္စည်းအသစ်အဆန်းလေး သူများသားသမီးတွေသုံးနေတာတွေ့ရင် လာပြောပြတတ်ပြီး သားတို့သုံးချင်ရင် ၀ယ်သုံးပါလားလို့ ပြောတတ်တဲ့ ပါပါးပါ။ နေပူမရှောင် မိုးရွာမရှောင် အိမ်အပြင်ထွက်ပြီး စီးပွားရှာနေရပေမယ့် မောလိုက်တာရယ်လို့ တခွန်းမညည်းခဲ့ပါဘူး။ အလုပ်တွေ အဆင်မပြေရင်လဲ တယောက်ထဲ ခေါင်းကိုက်ခံ စိတ်ဆင်းရဲခံပြီး ရအောင်ဖြေရှင်းတတ်ပါတယ်။ သားသမီးတွေကို ဘယ်တော့မှ စိတ်မဆင်းရဲစေချင်တဲ့ ဖခင်တစ်ယောက်ပါ။ နှင်း တို့ကို သူငယ်ချင်းလိုတမျိုး ဖခင်လိုတမျိုး ဆက်ဆံတတ်ပါတယ်။ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်လို့ရတဲ့အတွက် ပါပါးကို အရမ်းချစ်ပါတယ်။ နှင်း ဘ၀ရဲ့ အရေးကြီးတဲ့ အရာတွေကို ပြောပြရင် နားထောင်ပေးတတ်ပြီး အဖြေရှာပေးတတ်ပါတယ်။ နှင်း အရွယ်ရောက်လာတော့ အလုပ်ကိစ္စတွေကအစ တိုင်တိုင်ပင်ပင် ပြောပြတတ်တဲ့ အတွက် ပါပါးကို ကျေးဇူးလဲ တင်မိပါတယ်။ ကိုယ်နားမလည်တဲ့ အလုပ်တွေကို နားလည်အောင်လဲ သင်ကြားပေးတတ်ပါတယ်။ ပါပါးနဲ့ ပက်သက်တဲ့အရာတွေကို ပြောရမယ်ဆိုရင် ပြောလို့မကုန်နိုင်ပါဘူး။ ကျေးဇူးတွေကလဲ ဆပ်လို့မကုန်နိုင်ပါဘူး။ ပါပါး ကျန်းကျန်းမာမာနဲ့ နှင်းတို့နဲ့အတူ နှစ်ပေါင်းများစွာ နေသွားနိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။ ဒီနေ့ကျရောက်တဲ့ ပါပါးရဲ့ မွေးနေ့လိုပဲ နောင်လာမယ့် မွေးနေ့တွေမှာလဲ အခုလို မိသားစု စုံစုံလင်လင်နဲ့ ကျော်ဖြစ်နိုင်ဖို့ကိုပဲ မျှော်လင့်ပါတယ်။


မိသားစုအတွက် မိုးကောင်းကင်
သားသမီးတွေကို ချစ်ခင်
ဇနီးကို ကြင်နာတတ်တဲ့
ဒုက္ခမှန်သမျှ ကျော်ဖြတ်ပြီး
ပန်းခင်းလမ်းကို လျှောက်ခိုင်းခဲ့တဲ့
မွေးသဖခင် ကျေးဇူးရှင် ပါပါး
ကျန်းမာပျော်ရွှင်ဖို့
သမီးတယောက် တောင်းဆုပြုလိုက်ပါတယ်

ပါပါး မွေးနေ့ကို လာရောက်ဆုတောင်းပေးကြလို့ သူငယ်ချင်း မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။


Tuesday, 13 May 2008

ဘာအဓိကလဲ

အဖွဲ့အစည်းကို ခင်တွယ်တာက အဓိကလား
လုပ်ဆောင်ချက်ကောင်းဖို့က အဓိကလား

လူကိုခင်တာ အဓိကလား
အဲဒီလူ စွမ်းဆောင်ရည်က အဓိကလား

ကိုယ် ကောင်းစားဖို့ အဓိကလား
အများအကျိုးဆောင်ရွက်ချင်တာ အဓိကလား

ကိုယ့်အဖွဲ့အနိုင်ရဖို့ အဓိကလား
ကိုယ့်တိုင်းပြည် တိုးတက်ဖို့က အဓိကလား

အပြစ်တွေပြောနေဖို့က အဓိကလား
အဖြေမှန်ရှာဖို့က အဓိကလား

နောက်လဲလာလည်နော်

Glitter Graphics