Wednesday 19 December 2007

ဖြတ်ဖို့ခက်တဲ့အရာ


သံယောဇဉ် ဆိုတဲ့အရာဟာ ထားခဲ့မိရင် ဖြတ်ဖို့ရာအလွန်ခက်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး သံယောဇဉ်မထားပဲလဲ မနေနိုင်ကြပြန်ဘူး။ ထားမိပြီးရင်လည်း မဖြတ်နိုင်ကြပြန်ဘူး။ အနေနီးမှ သံယောဇဉ်ဆိုတာဖြစ်လာတာမဟုတ်ပါဘူး။
ကမ္ဘာကြီးက ရွာကြီးပါလို့ပြောဆိုနေတဲ့ အခုနေအချိန်ခါမှာ online ပေါ်မှာ တွေ့ကြ ခင်ကြတဲ့လူတွေ အပေါ်မှာသံယောဇဉ် ထားမိတတ်ကြတယ်။ အဲဒီလိုသံယောဇဉ်ထားမိတာကို ကိုယ်တိုင်လဲ အံ့သြမိတယ်။အပြင်မှာမတွေဘူးတဲ့ လူတစ်ယောက်အတွက် စိတ်ပူရတယ်။ ၀မ်းနည်းရတယ်။
သူဝမ်းနည်းရင် ကိုယ်ပါလိုက်ပြီး ၀မ်းနည်နေတတ်တယ်။ သူပျော်နေရင် ကိုယ်ပါလိုက်ပျော်နေတယ်။ စိတ်ဆိုတဲ့အရာဟာ အဲဒီလောက်ထိ ဆန်းကြယ်နေမယ်ဆိုတာကို ကိုယ်တိုင်ကြုံမှ သိခဲ့တယ်။ တစ်ရက်တစ်လေများ သူ online ကိုမလာရင် ကိုယ့်မှာနေလို့ကို မရတော့တာ။
သူ နေမကောင်းလို့လား? ဘာများဖြစ်နေတာလဲ ဆိုတဲ့အတွေးတွေ နဲ့ပေါ့။ တစ်ခါတစ်လေ ကိုယ့်ကို ကိုယ်စဉ်းစားကြည့်တယ်။ ရူးများရူးနေတာလား လို့။ စိတ်ကူးနဲ့ ရူးနေတာပါ လို့ပြောရင်လဲ ငြိမ်ခံနေရတော့မှာပဲ။ စိတ်ကူးဆိုတဲ့ အရာတွေရှိမှလဲ လက်တွေ့လုပ်ဖြစ်မှာလေ။
မှောင်နေတဲ့ အခါမှာ အလင်းရောင်လေးများရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးလေးရှိခဲ့လို့သာ လျှပ်စစ်မီးကို တီထွင်နိုင်ခဲ့တာပါ။ online ပေါ်မှာတွေ့တဲ့ သူကိုလဲ အပြင်မှာတွေ့ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးလေးရှိရင် ကိုယ်တွေ့ချင်တဲ့ လူကိုတွေ့ခွင့်ရအောင် ကြိုးစားမှာပါ။
လက်တွေ့မဆန်မှန်း သိနေပေမယ့် သူ့အပေါ်မှာထားမိတဲ့ သံယောဇဉ်ကိုတော့ ဘယ်လိုမှဖြတ်လို့မရတော့ဘူး။ တစ်နေ့ကြရင် ကိုယ့်ကိုခွဲသွားမယ်ဆိုတာကို သိနေပါလျှက်နဲ့ ထားခဲ့မိတဲ့ ကိုယ့်ရဲ့သံယောဇဉ်ကို နားလည်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်။
(စိတ်ထဲမှာ ဖြစ်နေတာလေးကို ချရေးမိတာပါ။)

No comments:

နောက်လဲလာလည်နော်

Glitter Graphics