Tuesday, 6 January 2009

ကျေနပ်စွာချစ်နေမယ်

အချစ်ဆိုတာဘာလဲ
လာမမေးပါနဲ့
ငါ တကယ်မသိလို့ပါ။

လူတွေပြောတော့ ရယူခြင်းတဲ့
တချို့ကြတော့ စွန့်လွှတ်ခြင်းတဲ့
ငါ့အတွက်ကတော့ သူပျော်ရွှင်နေဖို့ပဲ

သူပျော်နေရင် ငါငိုနေရလဲ
ကျေနပ်ပါတယ်။
သူပျော်နေဖို့အတွက်ဆိုရင်လေ
ငါရင်တွေကွဲသွားပါစေ
ကျေနပ်နေမှာပါ။

ထားခဲ့မယ်မှန်းသိပေမယ့်
သူ့ရင်ခွင်မှာ ခဏနားခိုရတာကိုပဲ
ငါကျေနပ်နေမိတယ်။

သူ ဘယ်နေရာရောက်နေနေ
ဘယ်သူ့ရင်ခွင်မှာခိုနေနေ
ငါ့ရင်ခွင်မှာတော့
သူ အမြဲရှိနေမှာပါ။

Friday, 2 January 2009

စိတ်ကုးယဉ်ကြရအောင်

မမဆောင်းက စိတ်ကူးယဉ်ကြရအောင်နော် လို့လာခေါ်တော့ မမနဲ့အတူတူ အခုလို စိတ်ကူးလေး ယဉ်လိုက်ပါတယ်။

အခုတလော စိတ်ကူးထဲမှာ မြန်မာပြည်ကို ရောက်နေပါတယ်။ စိတ်ကူးဆိုတာက ကိုယ်ဖြစ်ချင်သလို တွေးတောလို့ရတော့လဲ အလွန်ကောင်းပါတယ်။ မိသားစုနဲ့အတူ မြန်မာပြည်အနှံ့ ဘုရားတွေအစုံ လျှောက်ဖူးလိုက်မယ်။ ပြီးတော့ မစားရတာကြာနေပြီဖြစ်တဲ့ မြန်မာမုန့်တွေ အစုံလျှောက်စားလိုက်မယ်။ ဆွေမျိုးတွေအိမ်ကိုသွားလည်ချင်တယ်။ ဖွားဖွားနားမှာ ဘယ်လောက်လွမ်းကြောင်း သတိရကြောင်းတွေ ပြောပြမယ်။ မြန်မာပြည်ကို ဘယ်လောက်ပြန်လာချင်ကြောင်းတွေ အဝေးကိုရောက်မှ မြန်မာပြည်မှာနေရတဲ့ဘ၀ရဲ့ တန်ဖိုးတွေကို ပိုသိလာတယ်ဆိုတာတွေကို ပြောပြမယ်။ မပြည့်စုံပေမယ့် ဘာသာတရား မိသားစုရဲ့ နွေးထွေးမှု ဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာ နေရတဲ့ဘ၀ကို ဘယ်လောက် တမ်းတတယ်ဆိုတာကို ပြောပြချင်တယ်။

နောက်တစ်ခုကတော့ နှင်းသွားချင်တဲ့နေရာတွေဖြစ်တဲ့ တောင်ပေါ်ဒေသတွေကို သွားလေ့လာချင်တယ်။ နှင်းကျတဲ့ နေရာတွေမှာ ဆော့ကစားချင်တယ်။ စိတ်ကူလေးထဲကနေ သွားလိုက်တာတော့ စုံနေတာပါပဲ။ ဒီလိုစိတ်ကူးလေးတွေကို တကယ်အကောင်အထည် ဖော်နိုင်အောင်တော့ ကြိုးစားနေမိတယ်။ ဖြစ်လာပါစေလို့လဲ ဘုရားမှာ အမြဲဆုတောင်းမိပါတယ်။ အလကားရလို့ စိတ်ကူးယဉ်တယ်ဆိုပေမယ့်လည်း တကယ်ဖြစ်လာဖို့ ကြိုးစားမိတာတော့ အမှန်ပါပဲ။

အခုလို စိတ်ကူလေးတွေကို အတူတူယဉ်ရအောင် ခေါ်တဲ့ မမဆောင်းကိုလဲ ကျေးဇူးတင်ပါတယ်။ ဘယ်သူတွေကို တက်ရမလဲဆိုပြီး မစဉ်းစားတော့ပါဘူး။ ဘလော့ဂ်မောင်နှမတွေအားလုံးနီးပါးကလဲ တက်ပြီးသားဖြစ်နေတော့ ဘယ်သူ့ကိုမှ ထပ်ပြီးမတက်တော့ပါဘူး။

Wednesday, 31 December 2008

ဒီလိုလေးနှုတ်ဆက်ခဲ့တယ်


မြွေလိမ်မြွေကောက်လမ်းကလေးအတိုင်းတက်ခဲ့တယ်။


အခုလိုမြူတွေဆိုင်းနေတာကလဲ တစ်မျိုးလေးလှနေတယ်။


ဒီခုံလေးတွေပေါ်မှာ အနားယူအပန်းဖြေကြတယ်။

ထူတိကုန်းကို ရှစ်ခိုးကြတယ်

အရွက်မရှိတော့ပဲ အဖူးသစ်ကလေးတွေနဲ့ ချယ်ရီပင်တွေ



ဒီနေရာကနေ လမ်းလျှောက်တက်ခဲ့တယ်။

ကံ့ကော်ပန်းလို့ ထင်ရပေမယ့် အရွက်တွေကတော့ မတူပါဘူး။ ပန်းပွင့်ကလဲ ပိုကြီးပါတယ်။


ဒီဆိုင်လေးမှာ ဟော့ပေါ့စားခဲ့ပါတယ်။ အင်္ဂလိပ်သီချင်းလေးတွေ ဖွင့်ပေးထားပြီး အ၀စားဆိုင်လေးပါ။



ဒီနေ့တော့ အလုပ်ပိတ်ရက်လဲဖြစ်သလို ၂၀၀၈ ရဲ့ နောက်ဆုံးရက်လဲဖြစ်တာကြောင့် အပြင်သွားဖို့ စိတ်ကူးလိုက်ပါတယ်။ မနေ့ညကထဲက စိတ်ကူးပြီး ကောင်းကင်ဖြူကို လှမ်းပြောလိုက်တော့ ကောင်းသားပဲ သွားကြတာပေါ့ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ မနေ့ကထဲက ရွာနေတဲ့မိုးက မတိတ်ပဲ မနက်ခင်းအထိကို ဖွဲဖွဲလေးရွာနေပါတယ်။ ဒီနေ့ အပူချိန်က ၁၅ ဒီဂရီရှိမယ်လို့ ကြော်ငြာထားတော့ တချို့ကလဲ အပြင်မသွားပဲ အိမ်ထဲအောင်းနေကြပါတယ်။ နှင်းနဲ့ ကောင်းကင်ဖြူ ကတော့ ဇွဲကောင်းတာပဲလား တဇွတ်ထိုးနိုင်တာလားတော့ မပြောတတ်ပါဘူး။ မိုးဖွဲလေးတွေ ရွာနေတဲ့ကြားကပဲ အပြင်သွားကြပါတယ်။

မနက်က ကောင်းကင်ဖြူ ဖုန်းဆက်တော့မှပဲ အိပ်ယာက အမြန်ထလို့ မာမားအတွက် ဟင်းတစ်ခွက်ကြော်ပေးပြီး ရေမြန်မြန်ဝင်ချိုး အ၀တ်လဲပြီး အိမ်ကထွက်တော့ပဲ ၁၀ နာရီကျော်နေပါပြီ။ အိမ်ကထွက်လာမှပဲ မိုးဖွဲက ပိုသည်းလာတော့တယ်။ ချမ်းကလဲ ပိုချမ်းပါတယ်။ ဒီမှာက ပုံမှန်ဆိုရင် အအေးဒဏ်ကို ခံနိုင်ပါတယ်။ ဒါပေမယ့် မိုးကလဲ ရွာပြီး လေကလဲတိုက်တော့ စိမ့်ပြီးတော့ ချမ်းနေတော့တာပါပဲ။ အဲဒါနဲ့ပဲ ကောင်းကင်ဖြူရှိတဲ့ ကားဂိတ်မှာ ဆင်းပြီး ၂ ယောက်အတူတူ ဟွာရှင်းကျဲကို ကားပြောင်းစီးလိုက်ပါတယ်။ မနက်ကထဲက ဘာမှမစားထားတော့ မြန်မာဆိုင်မှာပဲ မနက်စာ ၀င်စားလိုက်ပါတယ်။ နှင်းကတော့ နန်းကြီးသုတ်စားပြီး ကောင်းကင်ဖြူကတော့ မုန့်ဟင်းခါးစားပါတယ်။ စားလဲပြီးရော မန်းသီရိမှာ ၀င်မွှေလိုက်ပါတယ်။ လိုချင်တာတွေ ၀ယ်ပြီးပြီဆိုတော့ ထူတိကုန်း တောင်ပေါ်တက်ဖို့ ကားငှားလိုက်ပါတယ်။ ဒီတစ်ခါတော့ ကားသမားကို တောင်ပေါ်ကိုတက်မှာနော်လို့ ကားပေါ်မတက်ခင် ကြိုပြောပါတယ်။ အရင်တစ်ခါသွားတုန်းက ကားပေါ်ရောက်မှ တောင်ပေါ်တက်မယ်ပြောတော့ သူမလိုက်နိုင်ဘူးဆိုလို့ ကားပေါ်ကပြန်ဆင်းပေရတာကို မှတ်သွားလို့ အရင်ပြောလိုက်တာပါ။ တောင်ပေါ်ရောက်တော့ အမြင့်ဆုံး ကားတက်လို့ရတဲ့နေရာထိ မတက်ခိုင်းတော့ပဲ လမ်းဆင်းလျှောက်မယ်ဆိုပြီး လမ်းတ၀က်ကပဲ လျှောက်လိုက်ကြပါတယ်။ နေပူနေရင် လျှောက်ရတာ ပင်ပန်းလွယ်ပါတယ်။ ဒီနေ့က အေးကလဲ အေးနေပြီး မိုးဖွဲလေးအောက်မှာ ၂ ယောက်သား ထီးဆောင်းပြီး ဖြည်းဖြည်းချင်းတက်သွားပါတယ်။ လမ်းဘေးဝဲယာက ချယ်ရီပင်တွေမှာ အရွက်တွေ တပင်လုံးမရှိတော့ပဲ အရိုးတံလေးတွေမှာ အဖူးသစ်လေးတွေနဲ့ ဖြစ်နေပါတယ်။ တောင်ပေါ်ရောက်တော့ စနေ တနင်္ဂနွေ မဟုတ်တဲ့အတွက် လူမရှိပဲ ရှင်းနေတာကို တွေ့ရပါတယ်။ ထူတိကုန်းကို ရှိခိုးပြီး အသားလုံးဟင်းရည်ပူပူလေး ၀ယ်သောက်ကြပါတယ်။ မိုးဖွဲလေးတွေကတော့ ရွာနေတာ မတိတ်သေးပါဘူး။ မိုးလေးကလဲ အေးအေး တောင်ပေါ်မှာလဲ ဖြစ်သလို လေအေအေးတိုက်နေတဲ့အချိန် ဟင်းရည်ပူပူလေးသောက်ရတာကလဲ အရသာရှိပါတယ်။ စားသောက်ပြီးတာနဲ့ တောင်အောက်ကို ခြေကျင်ပြန်ဆင်းကြပါတယ်။ တောင်အောက်ဆိုပေမယ့် ကတယ့်တောင်ခြေတော့မဟုတ်ပါဘူး။ တောင်ပေါ်က ကားရပ်နားတဲ့ နေရာအထိ ခြေကျင်လျှောက်လိုက်ပါတယ်။ ဟွားရှင်းကျဲကို ပြန်သွားဖို့ တက္ကစီ စောင့်လိုက်တာ မိနစ် ၄၀ လောက်ကြာသွားပါတယ်။ ပိတ်ရက်ဆိုရင်တော့ ကားပေါပါတယ်။ အခုလို ကြားရက်ကြတော့ လာတဲ့သူနည်းတော့ ကားမရှိသလောက်ပါပဲ။ ကားစောင့်နေရင်းကနေ လေကတိုက်လာတော့ အေးစိမ့်လာပါတယ်။ အနွေးထည်အရှည်ကြီးဝတ်ထားပြီး မာဖလာပတ်ထားတော့ လူကိုတောင် ကောင်းကောင်းမမြင်ရပါဘူး။ အဝေးကကြည့်ရင် အ၀တ်ထုတ်ကြီးလား ထင်ရပါတယ်။ လူကလဲ သူများလို သေးသေးသွယ်သွယ်လေးမဟုတ်တော့ ပိုဆိုးတာပေါ့။ ကြုံတုန်းကြော်ငြာဝင်တာ။ ကားစောင့်လို့ မိနစ်၄၀ လောက်ကြာမှပဲ တောင်ပေါ်ကနေ ရှစ်ခိုးပြီး ပြန်ဆင်းလာတဲ့တက္ကစီရှိလို့ ဟွားရှင်းကျဲကို ပြန်လာခဲ့ပါတယ်။

နေ့လည်စာကိုတော့ ဟော့ပေါ့စားဖို့ ကားထပ်စီးရပါတယ်။ နေ့လည်စာလို့ပြောပေမယ့် ၂ နာရီကျော်နေပါပြီ။ စားမယ့်ဆိုင်ကလဲ ကောင်းကင်ဖြူအိမ်နားမှာဆိုတော့ နှင်းပြန်ရင်လဲ ကားစီးရတာလွယ်တော့ သွားစားဖြစ်ပါတယ်။ ဆောင်းတွင်းမှာက ချမ်းတော့ ဟော့ပေါ့စားရတာက အတော်ပါပဲ။ စားသောက်လို့ ပြီးခါနီးလဲကြရော မာမားရဲ့ထုံးစံအတိုင်း ပြန်မလာသေးဘူးလား ဘယ်ရောက်နေတဲ ဘယ်သူနဲ့အတူရှိနေလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာပါတဲ့ ဖုန်းကိုဖြေရပါတယ်။ ခဏကြာလာတော့ စားသောက်လို့ပြီးတော့ အိမ်ပြန်ဖို့ ကားစောင့်ပါတယ်။ အိမ်ပြန်ရောက်ချိန်မှာတော့ ညနေ ၅ နာရီကျော်ပါပြီ။ ဒီနေ့ သွားရတာကတော့ ၂၀၀၈ ခုနှစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်တဲ့တရက်တာပါပဲ။ ဒီနေ့တစ်ရက်လုံး နှင်းဘေးနားမှာ အဖော်လုပ်ပေးတဲ့ ညီမလေး ကောင်းကင်ဖြူကိုလဲ ကျေးဇူးတင်ပါတယ်။ Happy New Year ကိုတော့ အိမ်ထဲကနေပဲ ၁၀၁ အဆောက်အဦးက မီးပန်းလွှတ်တာကို ကြည့်ပြီး ၂၀၀၉ ကို ကြိုဆိုလိုက်ပါတော့မယ်။

အားလုံးပဲ ၂၀၀၉ ခုနှစ်မှာ ပျော်ရွှင်စရာအပေါင်းနှင့် ပြည့်စုံ ပိုင်ဆိုင်နိုင်ကြပါစေ။


Tuesday, 30 December 2008

နှုတ်ဆက်ခဲ့ပါတယ် 2008

မနက်ဖြန်ဆိုရင် ၂၀၀၈ ရဲ့ နောက်ဆုံးနေ့ပါ။ နှစ်တစ်နှစ်သာကုန်သွားတယ် ဘာမှ မကြာလိုက်သလိုပါပဲ။ နှင်းဘ၀ရဲ့ အပြောင်းအလဲပေါင်းများစွာနဲ့ ၂၀၀၉ ကိုကျော်ဖြတ်ရမှာပါ။ အခုတော့ ၂၀၀၈ ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲလို့ ပြတ်စဉ်းစားမိရင် အရာရာကို မကျေနပ်နိုင်ပေမယ့် အကောင်းဆုံး အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့ပါတယ် လို့ပဲ ပြောရတော့မှာပေါ့။ စိတ်ညစ်စရာ ၀မ်းနည်းစရာ ပျော်ရွှင်စရာ စတဲ့ ရသပေါင်းစုံကို ခံစားခဲ့ရတယ်။ ဘ၀ရဲ့ သင်ခန်းစာများစွာကို သင်ကြားခဲ့ရတယ်။ မိဘတွေရဲ့ မေတ္တာကို ခံစားနားလည်ခဲ့ရတယ်။ မရောက်ဘူးတဲ့နေရာတွေ ရောက်ခဲ့တယ်။ မကြုံဘူးတဲ့ လူမှုဒုက္ခတွေ ခံစားခဲ့ရတယ်။ ဘာတွေဘယ်လိုပဲ ခံစားခဲ့ရပါစေ ၂၀၀၈ မှာတော့ ဘ၀အတွက် သင်ခန်းစာတွေအများကြီးကို သင်ကြားခွင့်ရခဲ့တဲ့ နှစ်တနှစ်ဆိုရင် မမှားပါဘူး။

၂၀၀၈ ကို အကောင်းဆုံးနှုတ်ဆက်ချင်တယ်။ သွားချင်တဲ့နေရာတွေ လုပ်ချင်တာတွေ များနေတော့ ဘာလုပ်ရမလဲဆိုတာ သေချာမသိသေးပါဘူး။ သေချာတာကတော့ နှစ်သစ်ကို ကွန်ပျူတာရှေ့မှာပဲ ကူးပြောင်းရမှာကတော့ သေချာပါတယ်။ နှစ်သစ်ကူးကို အပြင်ထွက်တာမရှိတော့ အိမ်မှာပဲ Happy New Year ပေါ့။ နောင်လာမည့် ၂၀၀၉ မှာ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းရမလဲဆိုပြီး အခုထဲက ကြိုတင်ရင်ခုန်မိတောတော့ အမှန်ပါပဲ။


Sunday, 28 December 2008

ကုလားထိုင်တစ်လုံးသာ ရွေးလိုက်ပါ

နှင်းတို့တွေ ဘ၀မှာ တစ်ခါတစ်လေ လုပ်ချင်တာတွေများပြီး ဘာမှ မပြီးမြောက်နိုင်တာ ဘာလို့လဲ။ မြန်မာစကားပုံတစ်ခုရှိပါတယ်။ အလှမ်းကျယ် အလယ်လပ် တဲ့။ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ များလာရင် ဘယ်အရာမှာ အောင်မြင်ပြီးမြောက်မှာ မဟုတ်ပါဘူး။ အာရုံတွေ များနေတဲ့အတွက် ဘာကို အဓိကထားပြီး လုပ်သင့်တယ်ဆိုတာ မသိတော့ မအောင်မြင်နိုင်ပါဘူး။ လောဘကြီးလွန်းရင်လဲ အလကားပါပဲ။

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ(၁၉၃၅- ) ဧ။် ဖခင်သည် မုန့်ဖုတ်သမားတစ်ယောက် ဖြစ်သည်။ သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်။ သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်။ ထို့ကြောင် ငယ်ရွယ်စဉ်မှာပင် တေးဂီတ အနုရသများနှင့်ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။ ဖခင်ဧ။် ပဲ့ကိုင်လမ်းညွှန်မှု မိမိကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ပါဗရော့တီသည် ကမ္ဘာသိအဆိုတော်တစ်ဦး ဖြစ်ခဲ့သည်။

အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်ပြီး ပါဗရော့တီက အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။ “ အဖေက ကျွန်တော့်ကို အသံကောင်းလာအောင် တအားလေ့ကျင့်ခိုင်းတာ၊ အီတလီက ကျွန်တော်တို့ ဇာတိမြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင်ဆရာတစ်ယောက်ရှိတယ်။ ကျွန်တော့လို ညာသံပဲ သူကကျွန်တော့်ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်။ အဲဒီလို တေးဂီတလိုက်စားရင်းနဲ့ ဆရာအတတ်သင်ကောလိပ်လဲ ကျွန်တော် တစ်ဖက်ကတက်လိုက်သေးတယ်ဗျ၊ ကျောင်းဆင်းတော့ အဖေ့ကို ကျွန်တော်မေးတယ်၊ “အဖေ ကျွန်တော် ကျောင်းဆရာလုပ်ရမလား အဆိုတော်လုပ်ရမလား” ဆိုတော့ အဖေကပြောတယ်။ “လူစီယာနိုတဲ့ “မင်းကုလားထိုင်နှစ်လုံးထိုင်ဖို့ ကြိုးစားရင် အဲဒီကုလားထိုင် နှစ်လုံးကြားထဲမှာ လိမ့်ကျမှာပဲ၊ မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲ ရွေးရလိမ့်မယ်” တဲ့လေ။

အဖေပြောတဲ့အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်။ အဲဒီနောက်မှာ ပညာသည်အဆင့်နဲ့ စင်ပေါ်စတက်ခွင့်ရဖို့ ၇ နှစ်တိတိ လေ့လာသင်ကြားရပါတယ်။ စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာတွေလဲ အများကြီး ကြုံရပါတယ်။ အဲဒီကမှ တစ်ခါ မက်ထရို ပိုလီတန် အော်ပရာ ဇာတ်ရုံကြီးမှာ ဖျော်ဖြေခွင့်ရတဲ့ အဆင့်ကိုရောက်ဖို့ ၇ နှစ်ကြိုးစားရတယ်။ အခုတော့ ကျွန်တော် သဘောပေါက်တယ်။ “အုတ်စီတဲ့ အလုပ်ပဲ ဖြစ်ဖြစ် စာရေးတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ဘ၀အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ အဲဒီအလုပ်ထဲကို ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့ လိုပါတယ်။ ကိုယ်ရွေးတဲ့ အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြှုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ်။ ဒါ အောင်မြင်မှုရဲ့ အဓိက သော့ချက်ပဲ။ အဲဒီတော့ ကြိုက်တဲ့ကုလားထိုင်တစ်လုံးကို ရွေးပြီးတော့ ပြတ်ပြတ်သားသားထိုင်ဗျ”

ဒီစာကို ဖတ်ပြီးတော့ နှင်းဘ၀မှာ ဘာလုပ်သင့်သလဲဆိုပြီး ခဏတာတွေဝေနေတဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခဲ့တယ်။ ဆုံးဖြတ်ချက် နှစ်ခုကြားမှာ လွန်ဆွဲနေတဲ့ အချိန်တုန်းက ဘာဆက်လုပ်ပြီး ဘယ်လိုတွေလုပ်ရမလဲဆိုတာ မသိခဲ့ပါဘူး။ အခုတော့ တစ်ခုတည်းကို ဆုံးဖြတ်ပြီးပြီဖြစ်လို့ စိတ်ထဲမှာ ဒီတစ်ခုထဲအတွက် ရည်းမှန်းပြီးလုပ်ရတဲ့အခါ အရင်ကလို စိတ်ရှုတ်တာတွေ တွေဝေနေတာတွေ မရှိတော့ပါဘူး။ ကုလားထိုင်နှစ်လုံးကို တစ်ပြိုင်တည်းမထိုင်နိုင်ဘူးဆိုတာ လူတိုင်းလဲသိမှာပါ။

Saturday, 27 December 2008

ချစ်တတ်ရအောင်

လူတွေပြောပြောနေတဲ့ ချစ်ပါတယ် ဆိုတဲ့စကားကို ရှင်းပြပါဆိုရင် တကယ်ကို မရှင်းပြတတ်ပါဘူး။ ကိုယ်တိုင်လဲ ဘာကိုပြောနေမှန်းမသိပါဘူး။ ကလေးတွေကို ချစ်တယ်လို့ ပြောတာကတော့ ဒီကလေးအပေါ်မှာ သံယောဇဉ်တွယ်မိတာကို ပြောတယ်လို့ပဲ ကိုယ့်ကိုယ်ကို သိပါတယ်။ ဒါပေမယ့် ကလေးကို ချစ်ပါတယ်လို့ ပြောတဲ့အထဲမှာ ရယူပိုင်ဆိုင်လိုစိတ် အတ္တဆိုတာ မပါရှိပါဘူး။ အဲဒီအတွက် အလွန်ပဲ ငြိမ်းချမ်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ချစ်သူရည်းစားတွေ ချစ်ပါတယ် ဆိုတာကျတော့ အတ္တအလွန်ပဲ များပါတယ်။ အဲဒီ အတ္တ ဆိုတာများလာတဲ့အခါမှာ မဖြစ်သင့်တာတွေ ဖြစ်ကြပါတယ်။ အတ္တကြီးပါတယ် ဆိုတဲ့နောက်မှတော့ လောဘက ပါဘာပါတယ်။ လောဘကြီး လို့ ကိုယ်လိုချင်တာကို မရတော့ရင် ဟော ဒေါသကလဲ ကပ်လိုက်လာပါရော။ တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ အဲဒီလိုတွေဖြစ်နေရင် ကိုယ်လဲစိတ်ညစ်ရသလို ကိုယ့်ချစ်သူလဲ စိတ်မချမ်းသာနိုင်ပါဘူး။ ချစ်သူကို ချစ်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ ချစ်တတ်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာနိုင်မယ်။ ဒီလိုမဟုတ်ပဲ ချစ်ပါတယ် ဆိုပြီး ကိုယ့်အတ္တတွေကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင်တော့ အေးချမ်းတဲ့ချစ်သူဘ၀ကို ရမှာမဟုတ်ပါဘူး။

နောက်တခုကတော့ မာနထားတာပါပဲ။ တချို့လူတွေဟာ ချစ်သူအပေါ်မှာ တလွဲမာနထားပြီး ချစ်တတ်ကြပြန်ပါတယ်။ တခါတလေ ကိုယ့်ချစ်သူက ဘာရယ်မဟုတ်ပြောလိုက်တဲ့ စကားလေးတခွန်းကို အတွေးတွေလွန်ပြီး ငါ့မာနကို စော်ကားတာပဲဆိုတဲ့ အတွေးဝင်သွားတတ်ကြတယ်။ အဲဒီအတွေးဝင်သွားရင်တော့ သေချာတာတခုကတော့ ပြဿနာတခုဖြစ်ဖို့ သေချာသွားပါပြီ။ ပွင့်ပွင့်လင်းလင်း ထုတ်မပြောတတ်တဲ့ သူဖြစ်မယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ တေးမှတ်ထားမှာပါ။ စိတ်ထဲမှာ မှတ်ထားပြီဆိုမှတော့ ကိုယ့်ချစ်သူအပေါ် အမြင်မကြည်တော့ဘူးပေါ့။ တကယ်လို့များ ကိုယ့်ချစ်သူရဲ့ စိတ်ဓါတ်ကို သေချာနားလည်နေမယ်ဆိုရင် အခုလိုဖြစ်မှာ မဟုတ်ပါဘူး။

ချစ်သူတွေကြားမှာ နွေးထွေးမှုကလဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ “နေလို့ကောင်းရဲ့လား” ဆိုတဲ့ စကားလေးတစ်ခွန်းကလဲ ကိုယ့်ချစ်သူကို စိတ်ချမ်းသာစေနိုင်ပါတယ်။ မိုးရွာလာရင် ထီးဆောင်းရမယ်ဆိုတာကို ကိုယ်မပြောလဲသိပေမယ့် “မိုးရွာထဲသွားရင် ထီးယူသွားဖို့မမေ့နဲ့နော်” ဆိုပြီးပြောလိုက်တာက ကိုယ်သူ့အပေါ် ဘယ်လောက်ဂရုစိုက်သလဲဆိုတာ ချစ်သူဖြစ်တဲ့သူ စိတ်ထဲမှာ ကျေနပ်စေနိုင်ပါတယ်။ တစ်ခါတလေ အရေးမကြီးဘူးဆိုပြီး ပြောလိုက်တဲ့ စကားလေးတွေက နွေးထွေးမှုကို ဖြစ်စေတယ်လို့ထင်ပါတယ်။

ချစ်သူအပေါ် စိတ်ဆိုးစိတ်ကောက်တာမျိုးကိုလဲ ခဏခဏ မလုပ်မိစေနဲ့နော်။ ကိုယ်ကအချော့ခံချင်လို့ စိတ်ကောက်လိုက်ခါမှ သူကလဲစိတ်မကြည်တဲ့အချိန်ဆိုရင် အချောမခံရတဲ့အပြင် ပြဿနာပါဖြစ်နိုင်ပါတယ်။ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကိုလဲ ထပ်ခါထပ်ခါပြောပြီး သူစိတ်ညစ်အောင် မရစ်မိစေနဲ့နော်။ မူလီတွေတောင် ရစ်တာလွန်သွားရင် တခါတလေ အရစ်ပြုန်းသွားတတ်သလို တခါတလေလဲ ပြတ်ထွက်သွားတတ်တယ်။ လူဆိုတော့ ပိုဆိုးတာပေါ့။

ဒါတွေကတော့ နှင်း တွေ့မြင်နေရတဲ့ ချစ်သူစုံတွဲလေးတွေကို ကြည့်ပြီး တွေးမိတာတွေကို ချရေးမိတာပါ။ အချစ်အကြောင်းကို သိပ်သိတာပဲနော်လို့ ပြောရဘူးနော်။ နှင်း က မာမားလို အပျိုကြီးလုပ်မှာဆိုတော့ အချစ်အကြောင်းကို မသိဘူး............


ချစ်သူကို အေးအေးချမ်းချမ်းနဲ့ ချစ်တတ်ကြပါစေ...........

ဒေါ်ရှုတည်ဆိုင်

ဈေးဝယ်တဲ့အခါမှာ တစ်ခါတလေလဲ ဒီလိုအဖြစ်မျိုးလေးတွေကို မကြာခဏ ဆုံဖူးကြမှာပါ။ ဆိုင်ထဲဝင်သွားလို့ရှိရင် ကိုယ်လိုချင်တာလေးတွေ့လို့ ဆိုင်ရှင်ကိုပဲဖြစ်ဖြစ် အရောင်းစာရေးကိုပဲ ဖြစ်ဖြစ် ပြောလိုက်ရင် သူတို့စိတ်ထဲမှာ တကယ်မ၀ယ်နိုင်ဘူလို့ ထင်ရင် မျက်နှာထားက ခပ်တင်းတင်းနဲ့ စိတ်မရှည်သလို အမူအရာမျိုးနဲ့ ထုတ်ပြတတ်ကြတယ်။နောက်တစ်ခုလောက်ထပ်ပြပါဦး ပြောမိလို့ကတော့ အတူတူပါပဲ ဆိုပြီး ပြောချင်ပြောတတ်ကြတယ်။ မ၀ယ်နိုင်ဘူးလို့ထင်တော့ ထပ်ပြီး ထုတ်မပြချင်တော့ဘူးလေ။ သူထုတ်ပြတဲ့ထဲက တစ်ခုတလေကိုများ ဒါလေးယူမယ်နော်လို့ ပြောလိုက်လို့ကတော့ မျက်နှာမှာ အပြုံးတွေပြောင်းသွားပြီး နောက်အမျိုးအစားတွေကိုပါ ထုတ်ပြတတ်ကြတယ်။ လူတွေရဲ့စိတ်ကလဲ ခက်သားပဲ။ တကယ်လို့များ အဲလိုဆိုင်မျိုးမှာ ဈေးဝယ်မိရင်လေ ဆိုင်နာမည်ဘာလဲဆိုတာကို ကြည့်မနေနဲ့တော့နော်။ “ဒေါ်ရှုတည်” ဆိုင်လို့သာပေးလိုက်ပေတော့။ ဈေးရောင်းတာကို ရှုတည်တည်ကြီးနဲ့ဆိုတော့ တခြားနာမည်တွေကို ပေးထားလဲ လိုက်မှ မလိုက်တာနော်။

အင်း နှင်း ဈေးရောင်းရင်တော့ အဲဒီနာမည် အပေးမခံရအောင် အမြဲတမ်း ရယ်ပြနေမှာ........:P

Thursday, 25 December 2008

မိမိကိုယ်တိုင်

ကိုယ့်စိတ်ကို ရှုပ်အောင် ဘယ်သူကမှ လာမလုပ်ပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်ရှုပ်ခံလို့ ဖြစ်နေရတာပါ။

ကိုယ့်ကိုစိတ်ဆိုးအောင် လာပြောတိုင်း ဒေါသတွေ ဖြစ်နေရတာကလည်း ကိုယ့်စိတ်ကပဲ ဖြစ်နေတာပါ။

ကိုယ့်ကိုယ်ကို မသနားရင် ဘယ်သူကလာသနားမှာလဲ။

ကိုယ့်ကိုယ်ကို မသနားတတ်တဲ့သူကရော သူများကိုသနားတတ်မှာလား။

ကိုယ့်ကိုယ်ကို မချစ်တတ်ရင် သူတစ်ပါးကိုရော ချစ်တတ်မှာလား။

ကိုယ့်ကုသိုလ်ကံမကောင်းတာကို အပြစ်မပြောနဲ့ ကိုယ်ကရော ကောင်းတဲ့အမှုကို ပြုလုပ်ခဲ့လို့လား။

ကိုယ်ကသူတစ်ပါးကို ညာပြောလိုက်လို့ သူတစ်ပါးအညာခံရပြီိလို့ မထင်ပါနဲ့။ တကယ်တော့ ကိုယ့်ကိုယ်ကို ညာလိုက်တာပါ။

ကိုယ့်အခြေအနေမှန်ကို ကိုယ်တိုင်သိမှ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ သိမှာပါ။

ကိုယ့်ကိုသူတစ်ပါး လေးလေးစားစားဆက်ဆံတာကို ခံချင်တယ်ဆိုရင် ကိုယ်တိုင်ကရော သူတစ်ပါးကို လေးလေးစားစား ဆက်ဆံဖူးရဲ့လား။

အဆုံးအမကြိုက်မှ သူတော်ကောင်း

အကြောင်းကိစ္စပေါ်လာရင်လည်း
ဆုံးမတတ်ရမယ်။
အကြောင်းကိစ္စမပေါ်ခင်မှာလည်း
သွန်သင်တတ်ရမယ်။
မျက်မှောက်မှာလည်း
ဆုံးမတတ်ရမယ်။
မျက်ကွယ်ကနေလည်း
သွန်သင်တတ်ရမယ်။
တစ်ကြိမ်တစ်ခါလည်း
ဆုံးမတတ်ရမယ်။
အကြိမ်ကြိမ်အခါခါလည်း
သွန်သင်တတ်ရမယ်။
မကောင်းမှု အကုသိုလ်မလုပ်အောင်လည်း
တားမြစ်တတ်ရမယ်။
ကောင်းမှုကုသိုလ်လုပ်အောင်လည်း
တိုက်တွန်းတတ်ရမယ်။
အဲဒီလို ဆုံးမသွန်သင်တတ်တဲ့သူကို
ပညာရှိသူတော်ကောင်းတွေ
သိပ်ကိုချစ်မြတ်နိုးကြတယ်။
ပညာမဲ့ သူညံ့ဆိုးတွေကတော့
လုံးဝသဘောမကျကြဘူးပေါ့။
(အတိုချုပ်)
ဆုံးမတတ်ရမယ်။
သွန်သင်တတ်ရမယ်။
မကောင်းတာမလုပ်အောင်
တားမြစ်တတ်ရမယ်။
ကောင်းတာလုပ်အောင်
တိုက်တွန်းတတ်ရမယ်။
အဲဒီလိုလူကို
သူတော်ကောင်းတွေ
ချစ်တယ်။
သူညံ့ဆိုးတွေ မချစ်ဘူး။

အရှင်ဆန္ဒာဓိက

ဆရာတော် ပြောပြထားတဲ့ ဒီစာပိုဒ်လေးကို ဖတ်ကြည့်ပြီးတော့ ဘယ်လိုသူတွေရဲ့ အချစ်ကိုခံယူချင်တယ်ဆိုတဲ့ အတွေးဝင်သွားပါတယ်။ မောင်နှမတွေအတွက်လဲ မျှဝေပေးလိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ အမြင့်ဆုံးနေရာ Alishan



အ၀င်မုဒ်ဦး

နေမင်းကြီး လင်းရောင်သန်းလာပြီ

နံနက်ခင်းရောင်ခြည်
နေမင်းထွက်အလာကိုစောင့်နေသူတွေ




နေမင်းကြီးလဲ ထွက်ပြီးရော လူတွေလဲ ရှိတော့ဘူး
အမွှာညီအစ်မသစ်ပင်

ဒီဘက်တောင်ကနေ လှမ်းမြင်ရတဲ့ ကားလမ်း တောင်ပြိုတာကို ကာကွယ်ဖို့ဆောက်ထားတဲ့ တံတိုင်း

ကိုပြေအေးက ထိုင်ဝမ်က အားလီဆန်းမှာနေတဲ့ တောင်ပေါ်တိုင်းရင်းသားတွေအကြောင်း ရေးပေးပါလား ပြောလာတော့ နှင်းကိုယ်တိုင်လဲ သေသေချာချာ မလေ့လာဘူးတော့ မပြောပြတတ်ဘူးဖြစ်နေပါတယ်။ ဒါပေမယ့် အားလီဆန်းတောင်ပေါ်ကိုတော့ အလည်တစ်ခေါက်ရောက်ခဲ့ဘူးတဲ့အတွက် နှင်းသိသလောက် ပြောပြပေးတာလေးကိုတော့ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်။ ဒီပိုစ့်လေးကို မနှစ်ကလဲ တင်ဘူးပါတယ်။

ထိုင်ဝမ်မှာ ရောက်တုန်း သွားဖူးတဲ့ နေရာတွေကို မိတ်ဆွေတွေကို ပြောပြချင်လို့ပါ။ ဒီခရီးကို မနှစ်က ၇ လပိုင်းထဲက သွားခဲ့တာပါ။ Alishan (အားလီဆန်း)လို့ ခေါ်တဲ့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတောင်ပေါ်ကိုပါ။ မနက်ခင်း ၆း၃၀ လောက်ကနေ ထိုင်ပေကနေ ကားနဲ့ ထွက်လာပြီး လမ်းမှာရှိတဲ့ သဘာဝပြတိုက်တစ်ခုကို ၀င်ရောက်လေ့လာပြီး အားလီဆန်းတောင်ပေါ်ကို ညနေ ၅း၀၀ ကျော်လောက်ရောက်ပါတယ်။ တောင်ပေါ်ဆိုပေမယ့် မြို့ငယ်လေးတစ်ခုလိုပါပဲ။

နှင်း တို့ မြန်မာပြည်က ကျိုက်ထီးရိုးကို သွားသတိရမိပါတယ်။ ဈေးဆိုင်တန်းတွေ ဟော်တယ်တွေနဲ့ တကယ်ကိုပဲ သာယာလှပါတယ်။ ထိုင်ဝမ်ရဲ့ နွေရာသီ ဖြစ်ပေမယ့် အားလီဆန်းမှာတော့ ၁၇ ဒီဂရီ နဲ့ ၂၀ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိပါတယ်။ အားလီဆန်းကို သွားရတဲ့ အကြောင်းကတော့ အဲဒီအမြင့်ဆုံးဆိုတဲ့ တောင်ထိပ်ပေါ်ကနေ နံနက်ခင်းမှာ ထွက်ပေါ်လာမယ့် နေမင်းကို သွားရောက်ကြည့်ရှုကြတာပါပဲ။ မြန်မာပြည်ကလူတွေအနေနဲ့ကတော့ ရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထိုင်ဝမ်ကလူတွေအတွက်ကတော့ အလုပ်ကြားထဲမှာ နစ်မြုပ်နေတဲ့ဘ၀ကနေ ခဏတာ အပန်းဖြေထွက်ကြရတာမို့ စိတ်ချမ်းသာဖို့ကောင်းပါတယ်။ တောင်ပေါ်တက်လာတဲ့ တောင်တက်လမ်းက ရှုခင်းတွေဟာ မြန်မာပြည်က တောင်ကြီးဘက်ကို သွားတဲ့ ရှုခင်းတွေလိုပါပဲ။ ကမ်းပါးယံတွေကို ကပ်ပြီးဖောက်ထားတဲ့ ကားလမ်းကနေ အောက်ကိုကြည့်လိုက်ရင် ရင်ကိုအေးသွားတာပါပဲ။

တောင်တက်လမ်းတလျှောက် တက်လာရင်းကနေ တောင်ပိုမြင့်လာလေ မြူတွေဆိုင်းပြီး အအေးဓာတ်က ပိုလာပါတယ်။ တောင်စောင်းတလျှောက် လှေကားထစ် လက်ဖက်စိုက်ခင်းတွေကလဲ တမျိုးလေး လှနေပြန်ပါတယ်။ နိုင်ငံက တိုးတက်တဲ့အတွက် လက်ဖက်စိုက်တဲ့စနစ်တွေနဲ့ အသုံးပြုတဲ့ ပစ္စည်းတွေကလဲ အဆင့်မြင့်ပါတယ်။ တောင်ပေါ်ကို စတက်တဲ့ သိပ်မမြင့်တဲ့ တောင်စောင်းတွေမှာ ကွမ်းသီးခြံတွေကိုလဲ တွေ့ရပါတယ်။ ထိုင်ဝမ်မှာက မိုးရွာပြီး မြေပြိုတာများတဲ့အတွက် တောင်တက်လမ်းတွေမှာ လမ်းပြင်နေတဲ့ လူတွေကိုလဲ တွေ့ရပါတယ်။

တောင်ပေါ်ကို ညနေပိုင်းရောက်သွားတယ်ဆိုရင်ပဲ Alishan national Forest Recreation Area ဆိုတဲ့ မုဒ်ဦးကို ကျော်ပြီးတာနဲ့ ဈေးဆိုင်တန်းတွေ ဟော်တယ်တွေနဲ့ စည်ကားနေတဲ့ အားလီဆန်းကိုရောက်ပါတယ်။ ခရီးသွားရာသီမို့ အလည်လာသူတွေနဲ့ အလွန်စည်ကားနေပါတယ်။ နောက်တစ်နေ့ တောင်ပေါ်ကို မြန်မာပြည်ကလို မြို့ပတ်ရထားကလေးနဲ့ မနက်အစောကြီး တက်ခဲ့ပါတယ်။ နေမင်းကြီး မထွက်လာခင် တောင်ပေါ်ကို အမီတက်ကြတာပါ။ မနက် ၃း၃၀ လောက်ထပြီး ရထားထွက်မယ့်အချိန်ကို ဘူတာရုံမှာ သွားစောင့်ကြပါတယ်။ လူတွေအားလုံးက စည်းကမ်းတကျ တန်းစီးပြီး ရထားပေါ်ကိုတက်ပြီးတာနဲ့ ရထားကြီးက ဥသြဆွဲပြီး တောင်ပေါ်ကို စတက်ပါတယ်။ မိနစ် ၂၀ ကျော်လောက်ရထားစီးပြီးတော့ တောင်ပေါ်ဘူတာကို ရောက်ပါတယ်။ ဘူတာကနေ နေမင်းထွက်အလာကို ကြည့်တဲ့ ရင်ပြင်ဆီကို ခြေကျင်လျှောက်ကြပါတယ်။ အဲဒီနေ့က နေမင်းကြီးက ၆း ၂၀ ကျော်လောက်မှာထွက်ပါတယ်။

ရင်ပြင်ပေါ်ကိုရောက်တော့ လူအုပ်ကြီးကိုတွေ့လိုက်ရပါတယ်။ လက်ထဲမှာလဲ ကင်မရာကိုယ်စီနဲ့ နေမထွက်မီ အလှနဲ့ နေမင်းထွက်လာတဲ့ အလှတို့ကို ရိုက်ယူကြပါတယ်။ နေမင်းကြီးလဲ ထွက်လာပြီးရော အားလုံးက တောင်အောက်ကို ရထားနဲ့တမျိုး ခြေကျင်တမျိုး ဆင်းကြပါတယ်။ တောင်အောက်ကို ဆင်းတဲ့အချိန်ထိ အအေးဓါတ်ကရှိနေသေးတော့ နှင်းတို့တွေ ဟင်းချိုပူပူလေးတွေ ၀ယ်သောက်ကြတာပေါ့။ နှင်းတို့အဖွဲ့ကတော့ ခြေကျင်ဆင်းပြီး အားလီဆန်းရဲ့ ရှုခင်းတွေကို ကြည့်ရှုကြပါတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ သစ်ပင်တွေကို ကာကွယ်ပေးထားပြီး သန့်ရှင်းရေးတွေကိုလဲ သေသေချာချာ လုပ်ထားပါတယ်။ တောင်အောက်ကို နေ့လည် ၁၁း၀၀ လောက် ပြန်ရောက်ပါတယ်။

အားလီဆန်း အကြောင်းကို နေမထွက်ခင် ပြောပြပါတယ်။ အဲဒီပြောပြပေးတဲ့လူကပြောပါတယ်။ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးနေရာမှာ နေတာက ထိုင်ဝမ်သမ္မတ မဟုတ်ပါဘူး။ သူကမှ အမြင့်ဆုံးမှာ ရှိနေတဲ့ လူပါတဲ့။ တောင်အောက်ရောက်ပြီး နေ့လည်စာစားပြီးတော့ အားလီဆန်းကို နှုတ်ဆက်ခဲ့ပါတော့တယ်။

နောက်လဲလာလည်နော်

Glitter Graphics