Saturday, 17 April 2010

ဘ၀တွေကြမ်းပုံများ





မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းတယောက်က သူ့အလုပ်အကြောင်းပြောရင်း နှင်းကို စာရေးပေးပါလားဆိုပြီး ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကဓါတ်ပုံလေးတွေ ပို့ပေးပါတယ်။ ခရီးသွားရင်း ရိုက်လာတာဖြစ်ပြီး မြင်ရတာ စိတ်မကောင်းဘူးလို့ပြောပါတယ်။ မြန်မာပြည်အနေနဲ့ မြင်နေကျ ရိုးနေပြီလို့ ပြောလို့ရပေမယ့် နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုမဖြစ်နိုင်ဘူးဆိုတာသိကြမှာပါ။ ထမင်းတနပ် စားရဖို့အတွက် နေပူနေပြီလား မိုးရွာနေသလားဆိုတာ ဂရုမစိုက်နိုင်ပဲ အရွယ်ရောက်လို့ အလုပ်လုပ်နိုင်တာနဲ့ ရုန်းကန်နေရတဲ့ ကျောင်းစာသင်ဖို့ဆိုတာ နေနေသာသာ မနက်စာစားပြီးတာနဲ့ ညစာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ ပူပင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ ဘ၀တွေပါ။

အပျိုအရွယ်လေးမို့ လှလှပပနေနိုင်ဖို့ဆိုတာဝေးလို့ တောတောင်ထဲမှာ သဘာဝဘေးတွေကိုမကြောက်နိုင်ပဲ ထမင်းနပ်မှန်လို့ ထင်းခုတ် ဟင်းရွက်ခုးပြီးဝမ်းရေးကို ဖြေရှင်းနေရတဲ့သူတွေပါ။ ဈေးလေးရောင်းဖို့တောင် အရင်းအနှီးမရှိလို့ ခွန်အားကိုထုတ်ရောင်းပြီး တန်ရာတန်ကျေးဆိုတာထက် အလုပ်ရှိဖို့ ငွေရဖို့အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ မိုးထဲရေထဲမှာ အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေရရှာတဲ့ ဆယ်ကျော်သက် လူငယ်တွေရဲ့ဘ၀တွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။ ကျောင်းစာသင်ရမယ့်အရွယ်မှာ ၀မ်းရေးကိုဖြေရှင်းနေရတဲ့အတွက် ဗဟုသုတဆိုတာလည်း နည်းသွားပါတယ်။ ဒါပေမယ့် သူတို့လေးတွေရဲ့ဘ၀ကို အပြုံးမပျက် ကြိုးစားပြီး ဖြတ်သန်းနေကြပါတယ်။

နောင်လာမယ့် အနာဂတ်မှာ ဘယ်လိုရင်ဆိုင်ကြမလဲ။ ဒီလိုအဖြစ်မျိုးတွေ တနေ့တခြား များလာမယ်ဆိုရင်တော့ ရင်လေးစရာပါပဲ။

အခုလိုဘ၀တွေကနေ မြန်မြန်လွတ်မြောက်ဖို့ ဆုတောင်းမိပါတယ်။

Sunday, 11 April 2010

နှစ်ဆန်းတရက်



ဒီနေ့တော့ အချိန်ပိုဆိုတာကို မသွားတော့ပဲ အိမ်မှာပဲ နေဖြစ်ပါတယ်။ စောစောထလို့ ချက်ပြုတ်ပြီးတော့ ဆွမ်းတော်ကပ်ရင်း လူသားတွေ နှစ်သစ်မှာ ဘေးကင်းပြီး စိတ်ချမ်းသာပျော်ရွှင်ပါစေလို့ ဘုရားရှင်ထံမှာ ဆုတောင်းမိပါတယ်။ သင်္ကြန်တွင်းမှာ သတင်းဆိုးတွေကြားလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ နှစ်သစ်ကူးမှာ အခုလိုကြားလိုက်ရတာ စိတ်ထဲမှာ တော်တော်လဲကြောက်မိတာ အမှန်ပါပဲ။ မြန်မာပြည်အိမ်ကို ဖုန်းဆက်တော့ အိမ်မှာပရိတ်ရွတ်တယ်လို့ပြောတယ်။ မြန်မာနှစ်သစ်ကူးဆိုတဲ့ ခံစားချက်ကို မခံစားရတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ အခုတော့လဲ သင်္ကြန်ဆိုတာကို ရင်မခုန်တတ်တော့ပါဘူး။ ကလေးဘ၀တုန်းကတော့ သင်္ကြန်ရောက်ခါနီးရင် တော်တော်ပျော်ပါတယ်။ အခုကျတော့ အော် သင်္ကြန်ရောက်ပြီလားဆိုတဲ့ စကားလေးတခွန်းလောက်ပဲ ပြောဖြစ်ပါတယ်။

မနေ့ညက သူငယ်ချင်းက နှစ်ဆန်းတရက်နေ့ ရွှေတိဂုံသွားမလို့ နှင်းအတွက်ဆုတောင်းပေးခဲ့မယ်ဆိုလို့ အရင်တုန်းက နှစ်ဆန်းတရက်တိုင်း မာမားနဲ့ ဘုရားသွားခဲ့တာကို သတိရမိပါတယ်။ သူငယ်ချင်းကိုလည်းကျေးဇူး တင်မိပါတယ်။ အခုတော့လဲ အဝေးတနေရာကနေ ရည်မှန်းပြီး ကန်တော့မိပါတယ်။ လာမယ့် နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြတ်သန်းရဦးမယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး မြန်မာနှစ်ဆန်းတရက်နေ့ကစပြီး နှစ်သစ်မှာ ဘေးကင်းပြီး စိတ်ချမ်းသာပျော်ရွှင်ဖို့ ဆုတောင်းလိုက်ပါတယ်။

Monday, 5 April 2010

for u



လိမ်ညာမှုတွေနဲ့ လှည့်စားနေတာ
ငါ မသိလို့မဟုတ်ဘူးနော်
မင်းရဲ့သိက္ခာအတွက်
ငါ မသိသလိုနေလိုက်တာ။

အကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ
တခြားတယောက်ရှိနေတာသိပေမယ့်
ခြေလှမ်းပြင်နေတဲ့မင်းအတွက်
ငါ့နှုတ်ကပြောထွက်လိုက်တာက
ရပါတယ် သွားပါတဲ့။

မချစ်လို့မဟုတ်ဘူးနော်
ငါ့ချစ်သူ စိတ်ချမ်းသာဖို့အတွက်
နှလုံးသားကိုစတေးလိုက်တာ။

ရယူဖို့အတွက် ချစ်ခဲ့တာမဟုတ်သလို
ပေးဆပ်ဖို့တခုတည်းနဲ့
ငါ့နှလုံးသားကတော့
မင်းအတွက် အမြဲတမ်း
နားလည်ပေးနေမှာပါ။

ရာသက်ပန် အပြစ်မမြင်
ချစ်ခင်လျက်ပါပဲ။

ဆုံးမစာ

ံလူ့ဘ၀ဟာ တိုတိုလေးပါ။
အကုသိုလ်နဲ့ အချိန်မကုန်ပါစေနဲ့ ကုသိုလ်ကိုပဲလုပ်ပါ။
အရင်တုန်းက မိုက်မှားသမျှရှိရင်
အခုချိန်ကစပြီး အားလုံးကို ရပ်ပစ်လိုက်တော့။


တိရိစ္ဆာန်လိုများများနေရင် မှတ်ထား
သေရင်တိရိစ္ဆာန်ပဲဖြစ်တာပဲ။
တိရိစ္ဆာန်ဟာ အိပ်တယ် စားတယ် ကာဂုဏ်ခံစားတယ်။
ဒီသုံးမျိုးပဲလုပ်တယ်။ ကုသိုလ်ဆိုဘာမှမလုပ်ဘူး
လူဖြစ်ပြီးတော့ အိပ်လိုက် စားလိုက် ကာမဂုဏ်ခံစားလိုက် ဒီလိုပဲနေမယ်
ကုသိုလ်ဘာမှမလုပ်ဘူးဆိုရင် တိရိစ္ဆာန်ပဲ။


အထုပ်ကလေး တပြင်ပြင် အထုပ်ရှင်သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား။
အထုပ်ရှင်မှာအလကား ဘာမှလည်းပါမသွား
သေရွာကြတော့ အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား

ဆရာတော် အရှင်ဇ၀န ရဲ့ ဆုံးမစကားတွေပါ။

နှင်းတို့တွေမှာ လူရယ်လို့ဖြစ်လာပြီးရင် လိုချင်တက်မက်စိတ်တွေ ဖြစ်ချင်တာတွေနဲ့ တနေ့တနေ့ အချိန်ကုန်လာပြီး အိုမင်းလာတာကို သတိမမူမိပါဘူး။ မအိုမသေတော့မယ့် တည်မြဲမယ့်အရာတွေလို့ ထင်ပြီး အရကိုယူချင်နေပါတယ်။ တကယ်တော့ လူရယ်လို့ဖြစ်လာပြီးတာနဲ့ သေခြင်းတရားကလည်း ကပ်ပါလာပါတယ်။ မသေခင် ဘာလုပ်ရမလဲလို့ သေချာစဉ်းစားကြည့်လိုက်ရင် တကယ်သေရမှာ ကြောက်ဖို့ကောင်းလာပါတယ်။
အခုချိန်ထိ ကိုယ်သေဖို့အတွက် ဘာမှမပြင်ဆင်ရသေးတဲ့အတွက် တကယ်သေရမှာကြောက်ပါတယ်။ နှင်းတို့တွေ သတိလက်လွတ်ဖြစ်နေတာလေးတွေကို ဆရာတော်က တိုတိုရှင်းရှင်းလေးနဲ့ ဆုံးမစကားပြောထားတာလေးကို မျှဝေပေးလိုက်ပါတယ်။

အဖြူရောင်






ခုတလော စိတ်ထဲမှာ ခံစားချက်အမျိုးမျိုးဖြစ်နေတယ်။ တခါတလေ ၀မ်းနည်းမိသလို တခါတလေလဲ ကြည်နူးမိတယ်။ တခါတလေ ကိုယ်ကပေးဆပ်နေရတဲ့သူအဖြစ် ခံစားမိတယ်။ ဒါပေမယ့်လည်း ဒီဘ၀ထဲမှာပဲ ကိုယ်တိုင်ကပျော်နေတာပါ။ လူတိုင်းမှာ အတ္တဆိုတာရှိတာပါပဲ။ နှင်းကိုယ်တိုင်လဲ ရှိတာပေါ့။ ဒါပေမယ့် အဲဒီအတ္တက နှင်းချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တာပါ။ အတ္တဆိုတာရှိလာမှတော့ ပူလောင်မှုလဲပါလာတာပေါ့။ တခါတလေ ကိုယ့်မှာပူလောင်နေရပေမယ့် ကိုယ်ချစ်ရတဲ့သူတွေ ပျော်ရွှင်နေတယ်ဆိုရင် ကျေနပ်တယ်။

မာမားပြောဖူးတဲ့စကားလေးကို သိရမိတယ်။ လူတွေရယ်လို့ ဖြစ်လာပေမယ့် တချို့က ပေးဆပ်ဖို့ရောက်လာပြီး တချို့ကတော့ တောင်းယူဖို့ရောက်လာတာတဲ့။ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ စဉ်းစားကြည့်ပါတဲ့။

ပေးဆပ်တယ်ဆိုတာကို တချို့က အရှုံးပေးတယ်လို့ ထင်ချင်လဲထင်မယ်။ မနိုင်တော့လို့ အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ အနိုင်အရှုံးဆိုတာ စိတ်ထဲမှာကိုမရှိတော့ပဲ ကိုယ့်အတွက်ဘာမှမလိုချင်တော့တာပါ။ အဖြူရောင်မေတ္တာသက်သက် ပေးဆပ်ချင်တာပါ။ ဘာမှတုံ့ပြန်ဖို့မလိုပါဘူး။



Friday, 2 April 2010

နေရာ

သားသမီးနေရာမှာ

မေမေ ဒါလေးလိုချင်တယ် ၀ယ်ပေးနော် မရရင်စိတ်ကောက်လိုက်မှာ။
အသားပဲစားချင်တာနော်။ မုန့်ဖိုးကမလောက်ဘူး။ ထပ်ပေးနော်။ သမီးကတော့ သူ့ကိုပဲချစ်တာ မေမေတို့လက်ခံပေးနော်။

ကိုယ်တိုင်မိဘနေရာရောက်တော့

ဒါလေးက သားသမီးအတွက်။ မရရင်သူတို့စိတ်ဆင်းရဲမှာ။အသားလေးကသားသမီးအတွက် အရိုးလေးပဲစားတော့မယ်။ ငါ့အတွက်မလိုပါဘူး။ မုန့်ဖိုးလေးပိုပေးလိုက်မယ်။ ကောင်လေးကိုသဘောမကျဘူး ဒါပေမယ့် သမီးစိတ်ချမ်းသာဖို့။

ကိုယ်က သားသမီးနေရာမှာရှိတုန်းက မိဘတွေဘယ်လိုဖြစ်လဲမစဉ်းစားခဲ့ဘူး။ မသိခဲ့ဘူး။ ကိုယ့်အတွက်ဆိုတဲ့ အတ္တပဲရှိတယ်။ ကိုယ်တိုင်မိဘနေရာရောက်မှ မိဘတွေရဲ့မေတ္တာကို ပိုပြီးသိနိုင်တယ်။ ကိုယ်သိလိုက်တဲ့အချိန်မှာ ပြန်လည်ပေးဆပ်ဖို့အတွက် မိဘတွေရှိနေသေးတယ်ဆိုရင်တော့ ကံကောင်းပါတယ်။ တကယ်လို့များအသိနောက်ကျခဲ့မယ်ဆိုရင် ဘာနဲ့မှ ပြန်အစားထိုးလို့မရတော့တဲ့ ဆုံးရှုံးမှုပဲ။ နောင်မှသိတာမျိုးမဖြစ်အောင် နေရာလေးကို ခဏအစားထိုးပြီး ၀င်ကြည့်လိုက်ကြပါ။

Saturday, 27 March 2010

မည်သူမပြုမိမိမှု

ဘယ်အရာပဲဖြစ်ဖြစ် ဘယ်သူတသူတဦးတယောက်ကမှ လာလုပ်လို့မရပါဘူး။ ဖြစ်လာသမျှအကြောင်းတွေက မိမိကိုယ်တိုင်ပြုလုပ်ပြီး ဖြစ်လာတာတွေကြည့်ပါပဲ။ တချို့ကပြောတယ်။ ကံကောင်းလိုက်တာ အားကျလိုက်တာတဲ့။ သူဘာကြောင့်ကံကောင်းနေတာလဲ သူကံကောင်းအောင်ဘာတွေလုပ်နေလဲ ကြည့်ပါ။ ကိုယ်လဲကံကောင်းချင်ရင် သူ့လိုလုပ်ပါ။ သားသမီးကံကောင်းတယ်။ ပေးကမ်းထောက်ပံ့မယ်သူများတယ်ဆိုပြီး အားကျနေတတ်ကြတယ်။ သားသမီးကံကောင်းချင်ရင် ကိုယ်ကလည်း မိဘပေါ် သားသမီးဝတ်ကျေအောင်လုပ်ပါ။ ပေးကမ်းထောက်ပံ့မယ်သူများချင်ရင် ကိုယ်ကလည်းသူတပါးကိုပေးကမ်းတတ်ပါစေ။ အပေးဆိုတာရှိမှ အယူဆိုတာလည်းရှိမှာပါ။ အယူပဲရှိပြီးအပေးမရှိရင်တော့ အမြဲမကောင်းနိုင်ဘူး။

Saturday, 27 February 2010

မုဒိတာ

ကိုယ့်ထက်သာ မနာလို ဆိုတဲ့စကားကို ခပ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ စရင်းနောက်ရင်းပြောခဲ့ဖူးတယ်။ မနာလိုမဖြစ်နဲ့သိလားဆိုပြီး မထိတထိလဲ နောက်ခဲ့ပါတယ်။ ငယ်ငယ်က အခုလိုနောက်ပြောင်ခဲ့ပေမယ့် သူတပါးကို မလိုစိတ်ထားတာ ကြောက်စရာကောင်းတယ်ဆိုတာ သေချာမသိခဲ့ပါဘူး။ အချင်းချင်း စကောင်းလို့သာပြောဖြစ်ခဲ့တာပါ။
လူတွေရဲ့စိတ်ဟာ တော်တော်ကို ကြောက်စရာကောင်းပါတယ်။ ကိုယ်ကသာ သူများထက်သာချင်တယ်။ ကိုယ်ကသာအပေါ်ကနေချင်ကြတယ်။ တယောက်ယောက်ကများ ကိုယ့်ထက်သာသွားရင် သူ့အတွက် ၀မ်းသာမပေးနိုင်ပဲ မနာလိုစိတ်ဖြစ်ကြပါတယ်။ မုဒိတာ ပွားလိုက်ပါဆိုတဲ့ စကားလေးက သုံးလုံးတည်းပါ။ ဒါပေမယ့် လိုက်လုပ်ဖို့ကတော့ တော်တော်ခက်နေကြပါတယ်။ မျက်နှာဖုံးတွေစွပ်ပြီး ရယ်ပြနေတတ်ကြပေမယ့် နောက်ကွယ်ကနေ သူတပါးထမင်းလုပ်ကို ပုတ်ချတတ်ကြတယ်။ သူတပါးစားမယ့်အရာကို မုဒိတာပွားပြီး မကျွေးနိုင်ကြဘူး။ ငွေမျက်နှာကို ကြည့်လိုက်တာနဲ့ မကောင်းတဲ့စိတ်တွေက ၀င်လာပြီး လုပ်သင့်တာတွေ မလုပ်သင့်တာတွေကို မတွေးတော့ပဲ လုပ်တတ်ကြတယ်။ ပင်လယ်ရေဆိုတာ ကိုယ်တယောက်ထဲလဲ သောက်မကုန်နိုင်ပါဘူး။ ကိုယ်တယောက်တည်းလဲ အကုန်မသောက်နိုင်တာကို သူတပါးကိုလဲ ပေးမသောက်နိုင်ကြဘူး။ လူဆိုတဲ့အတွက် စိတ်ကတော့ အမျိုးမျိုးဖြစ်နေတတ်ကြတာပါပဲ။ မနာလိုစိတ်ဆိုတာကလည်း အနည်းနဲ့အများပဲကွာတယ်။ လူတိုင်းမှာ တခဏတော့ ဖြစ်တတ်ကြပါတယ်။ ဖြစ်လာတဲ့ စိတ်ကို သိပြီး အချိန်မှီတားနိုင်မယ်ဆိုရင် အလွန်ကောင်းမှာပါ။ သူတပါးကို မနာလိုဖြစ်မယ့်အစား သူ့လိုဖြစ်အောင် ကိုယ်ဘာလုပ်ရမလဲလို့ အဖြေရှာပြီး ကြိုးစားရင် သူ့အတွက်ရော ကိုယ့်အတွက်ရော အကျိုးရှိမှာပါ။

Tuesday, 16 February 2010

ချယ်ရီနဲ့ အတူ



ထိုင်ဝမ်ရဲ့ တနေရာက ချယ်ရီပင်တန်း




ထိုင်ဝမ်ကို စရောက်ပြီးကတည်းက ပိတောက်ပန်းဆိုတာကို မမြင်ရတော့ပါဘူး။ မြန်မာပြည်မှာ ပိတောက်ကို ဧပြီလမှာ မြင်ရသလိုပဲ ထိုင်ဝမ်မှာတော့ ဇန်န၀ါရီ ဖေဖော်ဝါရီဆိုရင် ချယ်ရီကိုမြင်ရပါတယ်။ ပိတောက်ကို လွမ်းပေမယ့် အနားမှာရှိတဲ့ချယ်ရီနဲ့ပဲ ကျေနပ်လာတာ ၄ နှစ်ကျော်လာပါပြီ။ မြန်မာပြည်ကလူတွေ ပိတောက်ကိုချစ်ကြသလိုပဲ ထိုင်ဝမ်ကလူတွေကလဲ ချယ်ရီကိုချစ်ကြပါတယ်။ အခုအချိန်ဆိုရင် ချယ်ရီတွေလဲ အစွမ်းကုန်ဖူးပွင့်နေပြီဖြစ်လို့ ချယ်ရီပန်းတွေရှိတဲ့နေရာမှာ လူတွေစည်ကားနေပါပြီ။ နှင်းကိုယ်တိုင်လဲ ချယ်ရီပန်းတွေကိုချစ်တတ်လာပါတယ်။ ချယ်ရီပင်တွေအောက်ကို အရောက်သွားတတ်လာတယ်။ ၁ လပိုင်းတုန်းက ချယ်ရီရှိတဲ့နေရာကိုသွားခဲ့ပြီးပြီ။ ရွှေညာမြေက ပိတောက်ဝါကိုသတိရတဲ့အခါ ချယ်ရီကိုသာ ပန်ကာကျေနပ်ကွယ် ဆိုတဲ့ ဦးထီးဆိုင်ရဲ့ သီချင်းလေးကို အမှတ်ရမိပါတယ်။

sun moon lake


ကျိုကျူအ၀င်

sun moon lake ကနေ ကျိုကျူအပြန် skyline
ချယ်ရီပန်းအဖြူရောင်


ကျိကျူရဲ့ ချယ်ရီပင်တန်းလေး

ဒီနေရာမှာ ရိုးရာအကတွေ ကပြကြတယ်



ကျိုကျူကနေတက်လာတဲ့ skyline ပေါ်ကနေ မြင်ရတဲ့ပုံ


sun moon lake ရဲ့ skyline ဂိတ်အ၀င်


မော်တော်ဂိတ်

sun moon lake ဘက်က skyline ဂိတ်


sun moon lake ထဲကနေ မြင်ရတဲ့ skyline

ဈေးတန်းကိုသွားဖို့အတွက် ဆင်းတဲ့ ဆိပ်ကမ်း

ဈေးတန်းလေးအ၀င်

တိုင်းရင်းသားတမျိုးရဲ့ အစားအစာ


လက်ဆောင်ပစ္စည်းအရောင်းဆိုင်






၁ လပိုင်းတုန်းက စနေပိတ်ရက်တရက် အလုပ်ကအစ်မတွေနဲ့ တခါမှမရောက်ဖြစ်သေးတဲ့ sun moon lake ကိုသွားဖြစ်ခဲ့တယ်။ sun moon lake ကို ကားနဲ့တိုက်ရိုက်မသွားပဲ ကျိုကျူလို့ခေါ်တဲ့ ကစားကွင်းကနေတဆင့် skyline စီးပြီး သွားကြပါတယ်။ ထိုင်ပေကနေ ၃ နာရီကျော်လောက် ကားစီးသွားပြီး ကျိုကျူကိုရောက်ပါတယ်။ ကျိုကျူဆိုတဲ့နေရာကတော့ အရင်ထိုင်ဝမ်ကျွန်းပေါ်မှာနေခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို ပြသထားတဲ့နေရာဖြစ်သလို ကလေးတွေအတွက်လဲ ကစားကွင်းရှိပါတယ်။ ကျိုကျူကနေ skyline စီးပြီး တောင်ကုန်း၂ လုံးကို ဖြတ်ပြီးသွားရင်တော့ sun moon lake ကိုရောက်ပါတယ်။ ကျိုကျူနဲ့ sun moon lake ကို သွားဖို့အတွက် skyline ကို ဂိတ်နှစ်ခုပြောင်းရပါတယ်။ ကျိုကျူတောင်ခြေကနေ တောင်အလယ်ထိတခါစီးရပြီး sun moon lake ကိုသွားဖို့အတွက် sun moon lake ဂိတ်ကို တခါပြောင်းပြီးစီးရပါတယ်။ sun moon lake ကိုရောက်တော့ မော်တော်ဘုတ်ပတ်စီးလို့ရပါတယ်။ အဲဒါနဲ့ပဲ ကန်ထဲမှာ မော်တော်ပတ်စီးကြပါတယ်။ ရေကန်ရဲ့ အလယ်တနေရာမှာတော့ ကျွန်းလေးတခုရှိပါတယ်။ အရင်တုန်းကတော့ ဒီကျွန်းကလေးက တော်တော်လေးကြီးပေမယ့် အခုတော့ ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် ကျွန်းပေါ်က သစ်ပင်လေးတပင်အပြင် ရေပေါ်ပေါ်နေတဲ့ ကုန်းမြေဟာလဲ သေးသေးပဲကျန်ပါတော့တယ်။ အဲဒီကျွန်းလေးနားကအပြန်မှာတော့ ဈေးတန်းလေးရှိတဲ့ ဆိပ်ကမ်းမှာ ခဏဆင်းလိုက်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေအပြင် ရိုးရာအ၀တ်အစားတွေကိုပါ ရောင်းချနေတဲ့ ဆိုင်တွေရှိပါတယ်။ လက်ဆောင်ပစ္စည်းဆိုင်တွေမှာ သူတို့ရဲ့ ရိုးရာဓလေ့ပန်းပုပန်းချီတွေကိုလဲ တွေ့ရပါတယ်။ တချို့ပန်းပုတွေက မြန်မာပြည်က တိုင်းရင်းသားတွေနဲ့ တော်တော်လေးဆင်ပါတယ်။ ဈေးတန်းလေးထဲ ပတ်ကြည့်ပြီးတော့ ကျိုကျူကို ပြန်ဖို့အတွက် skyline ရှိတဲ့နေရာကို လမ်းလျှောက်ပြီးသွားလို့ရသလို မော်တော်စီးပြီးလဲ ပြန်လို့ရပါတယ်။ နှင်းတို့ကတော့ မော်တော်စီးပြီး ပြန်လိုက်ပါတယ်။ ကျိုကျူကို ပြန်တဲ့အချိန်မှာတော့ skyline မှာ လူမရှိတော့တဲ့အတွက် တန်းစီစရာမလိုတော့ပါဘူး။ ကျိုကျူပြန်ရောက်တဲ့အချိန်မှာတော့ တောင်အောက်ကို လမ်းလျှောက်ပြီးဆင်းလို့ရသလို skyline နဲ့ ဆင်းလို့လဲရပါတယ်။ နှင်းတို့ကတော့ လမ်းလျှောက်ဆင်းပြီး ဓါတ်ပုံတွေ လျှောက်ရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်တာရယ် sun moon lake မှာလျှောက်သွားတာရယ်နဲ့ အချိန်မရှိတော့လို့ ကစားကွင်းထဲ ၀င်မဆော့ဖြစ်ပါဘူး။ နှင်းကိုယ်တိုင်လဲ အမြင့်ကြောက်တဲ့အတွက် မဆော့ရဲသလို ကိုယ်နဲ့အတူတူသွားတာကလည်း ၃၀ ကျော် ၄၀ ကျော်တွေဖြစ်လို့ မဆော့ကြပါဘူး။ နှင်းတို့သွားတဲ့အချိန်က ချယ်ရီတွေ စပွင့်နေပြီဖြစ်လို့ တော်တော်လေးလှပါတယ်။ အခုဆိုရင်တော့ ချယ်ရီတွေ အကုန်လုံးပွင့်နေလောက်ပြီဖြစ်လို့ ပိုလှမှာပါ။

နောက်လဲလာလည်နော်

Glitter Graphics