Thursday, 26 March 2009

မွေးနေ့ဆုတောင်း

ဒီနေ့ကတော့ နှင်းဘ၀မှာ မသိတာတွေ မတတ်တာတွေကို အဝေးကြီးတနေရာကနေ ပြောပြပေးသလို ဒီဘလော့လေးဖြစ်လာအောင် စတင်ဖန်တီးပေးတဲ့ အစ်ကို မိုးကျော်ဝင်းရဲ့ မွေးနေ့ပါ။ အရင်နှစ်တွေက အခုလို အမှတ်တရ စကားတွေမပြောဖြစ်ခဲ့ပါဘူး။ ထိုင်ဝမ်မှာနေတုန်းကတော့ နေ့တိုင်း အွန်လိုင်းမှာ တွေ့နေရတဲ့အတွက် အဝေးကြီးမှာရှိနေတယ်လို့ မထင်မိပါဘူး။ အခုအချိန်မှာတော့ နှင်းကမြန်မာပြည်ကို ပြန်ရောက်နေတဲ့အတွက် အရင်လို မတွေ့နိုင်တော့ပါဘူး။ ကိုမိုးကျော်ဝင်းနဲ့ နှင်းနဲ့က အပြင်မှာ တခါမှ မတွေ့ဘူး မမြင်ဘူးပေမယ့် အွန်လိုင်းကနေ ခင်လာတာ နှစ်နဲ့ချီနေပြီ။ အရင်ကတော့ ခရစ္စမတ်ဆိုရင် နှုတ်ဆက်စကားပြောဖြစ်ကြပါတယ်။ ဒီနှစ်တော့ အစ်ကို့အတွက် ခရစ္စမတ်ကျရင်လဲ ဆုတောင်းမပေးနိုင်တော့ဘူး။ ဘယ်အရာကိုမဆို မျှမျှတတတွေးတတ်ပြီး နှင်း စိတ်ညစ်လို့ ပြောပြရင်လဲ နားလည်အောင်ပြောပြတတ်တဲ့ အစ်ကိုတယောက်ဖြစ်လို့ ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အရင်လိုအမြဲတမ်း မတွေ့နိုင်တော့ပေမယ့် ဘ၀မှာ အမှတ်တရအဖြစ် အမြဲတမ်းရှိနေတဲ့ လူတယောက်ပါပဲ။

၂၆ ၃ ၂၀၀၉ မှာကျရောက်တဲ့ အစ်ကို့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ အစ်ကိုဖြစ်ချင်တဲ့ဆန္ဒ အစ်ကိုလိုချင်တာတွေပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Saturday, 21 February 2009

ကမ္ဘာသစ်လေး ဖန်တီးခြင်း

ဒီနေ့ ကိုမိုးကျော်ဝင်းနဲ့ စကားပြောဖြစ်ပါတယ်။ အစ်ကိုနဲ့ပြောနေရင်းကနေ ဘလော့ကို မြန်မာနိုင်ငံမှာ သုံးလို့အဆင်မပြေနိုင်လို့ စိတ်ညစ်နေတယ်လို့ ပြောဖြစ်တယ်။ ဒါနဲ့ပဲ အစ်ကိုက မြန်မာနိုင်ငံမှာ သုံးမယ်ဆိုရင်တော့ http://sites.google.com မှာ သုံးရင်အဆင်ပြေနိုင်မယ်လို့ ထင်တယ်ဆိုပြီး ပြောတာနဲ့ပဲ အစ်ကို့ရဲ့ အကူအညီနဲ့ ကမ္ဘာသစ်လေးတခုကို ဖန်တီးလိုက်ပါတယ်။ တကယ်လို့များ မြန်မာနိုင်ငံမှာ ဘလော့ကိုဝင်ဖို့ အခက်အခဲတွေ ဖြစ်ပြီး ပိုစ့်အသစ်မတင်နိုင်ခဲ့ဘူးဆိုရင်တော့ နှင်းရဲ့ လိပ်စာအသစ်ကလေးမှာ လာရောက်လည်ပတ်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေရာအသစ်ကလေးကတော့ http://sites.google.com/site/decemberhninblogspot မှာပါ။ ဒီဇင်ဘာနှင်းဆိုတဲ့ နာမည်လေးနဲ့ပဲ ဆက်လက်ပြီးတော့ စိတ်ထဲရှိတာလေးတွေကို မျှဝေနေဦးမှာပါ။

Tuesday, 17 February 2009

ပြန်တော့မယ် ဇာတိမြေကို

မကြာခင်ရက်ပိုင်းအတွင်းမှာ ဇာတိမြေကို ပြန်ပါတော့မယ်။ အဲဒီအတွက် ဒီရက်ပိုင်းတွေမှာ အလုပ်တွေရှုပ်နေလို့ ဘလော့ကိုလဲ မကြည့်ဖြစ်ပါဘူး။ ဘယ်မှလည်းမလည်ဖြစ်ပါဘူး။ အပြီးလား ပြန်လာမှာလားလို့ မေးကြမယ်ဆိုရင်တော့ စိတ်ထဲမှာ ပြန်မလာချင်တော့ပါဘူး။ အမိမြေကို ထပ်ပြီးမခွဲချင်တော့ပါဘူး။ မိသားစုရဲ့ လိုအပ်ချက် ဘ၀ကပေးတဲ့ တာဝန်တွေကို လွှဲပြောင်းယူရတော့မယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် အခုလို ကွန်ပျူတာရှေ့မှာ အချိန်မကုန်နိုင်တော့ပါဘူး။ ကိုယ်နေရမယ့် မြို့လေးကလဲ အွန်လိုင်းမရှိတဲ့နေရာဆိုတော့ ဘလော့ကိုလဲ ပစ်ထားရတော့မယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ဘလော့နိုင်အောင် ကြိုးစားကြည့်ပါမယ်။ တကယ်တမ်း ဘလော့လေးကို ခွဲရမယ်ဆိုတော့ မခွဲနိုင်ပါဘူး။ စိတ်ထဲမှာ နှမျောတသဖြစ်မိသလို ဘလော့မောင်နှမတွေနဲ့လဲ မတွေ့ရတော့ဘူးဆိုတဲ့အသိက လူကိုဝမ်းနည်းစေပါတယ်။ ဘလော့လေးထဲမှာ ၁ နှစ်ကျော် ပျော်ရွှင်နေရတဲ့ ဘ၀လေးကို ဘယ်လိုမှ မမေ့နိုင်ပါဘူး။

နောက်တခုကတော့ မကျော်မခွတတ်တဲ့ ဒုက္ခပါပဲ။ ထိုင်ဝမ်မှာက ကျော်စရာမလိုတော့ မြန်မာပြည်ပြန်ရောက်ရင် ဘလော့ကို ဘယ်လိုဝင်ရမလဲ မစဉ်းစားတတ်တော့ပါဘူး။ တွေ့ရမယ့် အခက်အခဲတွေကတော့ အများကြီးရှိမလားဆိုပြီး တွေးပူနေမိပါတယ်။ မြန်မာပြည်ကို ပြန်ရမယ်ဆိုလို့ ပျော်မိသလို ဘလော့လေးကို ခွဲရမယ်ဆိုတော့ ၀မ်းနည်းမိပြန်တယ်။ ဘလော့ဂါမောင်နှမတွေ ဘလော့ကိုလာလည်တဲ့ သူငယ်ချင်းတွေကို ဒီနေရာကနေ နှုတ်ဆက်လိုက်ပါတယ်။ အချိန်ရရင် အခွင့်အရေးရရင် ဆက်လက်ပြီး ဘလော့နေဦးမှာပါ။

သိတဲ့သူများရှိရင် ပြောပြပေးကြပါ။ နယ်မြို့တွေမှာ ဒစ်ဂျစ်တယ်ဖုန်းရှိရင် အွန်လိုင်းသုံးလို့ရပါသလား။ ဘယ်လိုနည်းတွေနဲ့ သုံးလို့ရသလဲဆိုတာ ပြောပြပေးကြပါနော်။ တချို့ကပြောတော့ ကဒ်နဲ့သုံးလို့ရတယ်လို့ ပြောပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုတာ သိရင်ပြောပေးကြပါနော်။

Saturday, 14 February 2009

ချစ်သူများနေ့

ချစ်သူများနေ့တဲ့ နှင်းနဲ့တော့ ဘာမှမဆိုင်သလို ဖြစ်နေပါတယ်။ ဒီနေ့ အပြင်ထွက်တော့ ချစ်သူများနေ့အတွက် လက်ဆောင်ပန်းစည်းလေးတွေ ချောကလက်လေးတွေ တကယ်ကိုလိုချင်စရာတွေကြည့်ပါပဲ။ ဒါပေမယ့်လည်းပေါ့လေ ကိုယ့်ကိုလာပေးမယ့်သူမှ မရှိတာ ဘေးကနေလှလိုက်တာလို့ ငေးကြည့်နေရတာပေါ့။ ဒါပေမယ့် ချစ်သူရှိတဲ့ သူတွေအတွက်ကတော့ ဒီနေ့လေးက တကယ်ကို အမှတ်တရဖြစ်စေမှာပါ။ ချစ်သူရှိတဲ့သူများ ပျော်ရွှင်စွာချစ်သူလက်ကိုတွဲလို့ နောက်နှစ်ပေါင်းများစွာကို ဖြစ်ကျော်နိုင်ပါစေ။ ချစ်သူမရှိသေးသောသူများလည်း ချစ်သူများနေ့မှာ မိမိချစ်ရတဲ့သူကို ရှာဖွေတွေ့ပြီး ပျော်ရွှင်နိုင်ကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။

Saturday, 31 January 2009

၁၀၁


အ၀င်မှာ ရိုက်ထားတဲ့ ၁၀၁ အလှ

လိုချင်စရာတွေနဲ့ ပြည့်နေတဲ့ ဈေးဆိုင်တွေပေါ့



အပေါ်တက်ဖို့ လက်မှတ်ဝယ်ရတဲ့ ကောင်တာပါ။



၈၉ ထပ်ကနေ ထိုင်ပေမြို့ကို မြင်ရပုံနည်းနည်းလေးမှောင်ခါစ ထိုင်ပေအလှ

၁၀၁ မှာတပ်ဆင်ထားတဲ့ ဓါတ်လှေခါးရဲ့ ပုံစံငယ်လေးပါ။

To witness the world's largest wind damper in a clothes distance


ညဘက်မီးထွန်းထားတော့လဲ တမျိုးလေးလှပါတယ်


Guinness Record-breaking hight-speed pressurized elevators, 1010 meters/min. Only 37 seconds to reach the 89th floor.

၂၈.၁.၂၀၀၉

ဒီနေ့တော့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတိုက်လဲဖြစ်သလို အရင်နှစ်တွေက ကမ္ဘာရဲ့ အမြင့်ဆုံးတိုက်ဖြစ်ခဲ့တဲ့ ၁၀၁ အဆောက်အဦးကို ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒူဘိုင်းက ၁၀၁ ထက်မြင့်တဲ့အဆောက်အဦးကို ဆောက်နေတယ်လို့သိရပါတယ်။ အဆောက်အဦးထဲကို ၀င်လိုက်တာနဲ့ လင်းထိန်နေတဲ့ မီးရောင်တွေအောက်မှာ ကမ္ဘာနာမည်ကြီး ဘရမ်းတွေကိုရောင်းတဲ့ အရောင်းဆိုင်တွေကလည်း လိုချင်စရာ မျက်စိကျစရာကြည့်ပါပဲ။ မြေညီကနေ ၅ ထပ်အထိကို မည်သူမဆို အခမဲ့ ၀င်ရောက်နိုင်ပါတယ်။ ၄ ထပ်ရောက်တဲ့အခါမှာတော့ သစ်ပင်လေးတွေ ထိုင်ခုံလေးတွေနဲ့ အနားယူဖို့ လုပ်ပေးထားပါတယ်။ ဘေးပတ်လည်မှာတော့ ကော်ဖီဆိုင်လေးတွေကလည်း ချစ်စရာ တမူထူခြားပါတယ်။

၁၀၁ ရဲ့ အပေါ်ထပ်ကို တက်မယ်ဆိုရင်တော့ ဓါတ်လှေခါးစီးဖို့ လက်မှတ်ဝယ်ရပါတယ်။ ဓါတ်လှေခါးကတော့ ကမ္ဘာ့အမြန်ဆုံးဆိုပြီး ကြော်ငြာထားပါတယ်။ နှင်းနဲ့ မာမားလဲ အပေါ်ကိုတက်ဖို့ လက်မှတ်ဝယ်တာ လူများနေတာနဲ့ မိနစ် ၃၀ နီးပါးတန်းစီလိုက်ရပါတယ်။ ပိတ်ရက်ဖြစ်တာကြောင့်လဲ နိုင်ငံတကာဧည့်သည်တွေအပြင် ထိုင်ဝမ်နိုင်ငံသားတွေပါဆိုတော့ လူတွေအရမ်းများနေပါတယ်။ အရင်တုန်းက လက်မှတ်ခက ထိုင်ဝမ်ဒေါ်လာ ၃၅၀ လို့ပြောပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ၄၀၀ သတ်မှတ်ထားတာတွေ့ရပါတယ်။ ကလေးလက်မှတ်ကတော့ ထိုင်ဝမ်ဒေါ်လာ ၃၇၀ သတ်မှတ်ထားပါတယ်။ လက်မှတ်ဝယ်တဲ့အခါ ဓါတ်လှေခါးစီးဖို့ မိနစ် ၄၀ လောက်ထပ်စောင့်ရမယ်လို့ ပြောပြပါတယ်။ တကယ်လို့ မစောင့်နိုင်လို့ မ၀ယ်ချင်ဘူးဆိုရင်လဲရပါတယ်။ နှင်းတို့ကတော့ တက်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့အတွက် ၀ယ်လိုက်ပါတယ်။ နောက်တကြိမ် ရပ်စောင့်လိုက်ရပြန်ပါတယ်။ မိနစ် ၄၀ ကျော်လောက် ရပ်စောင့်ပြီးတာနဲ့ ဓါတ်လှေခါးနဲ့ အပေါ်ကို တက်ကြပါတယ်။ ဓါတ်လှေခါးက ပုံမှန်ထက်ကို ပိုကျယ်ပါတယ်။ လူ ၂၀ နီးပါးလောက် ဆန့်မယ်လို့ထင်ပါတယ်။ လူတွေကအရမ်းများနေတော့ ဘယ်လောက်ဆန့်တယ်ဆိုတာ သေချာမမေးလိုက်မိပါဘူး။ ဓါတ်လှေခါးမှာ ရှင်းပြပေးတဲ့ ဂိုက်တယောက်ပါပါတယ်။ ပုံမှန်ဓါတ်လှေခါးမှာ ကိုယ်လိုချင်တဲ့အထပ်ကိုနှိပ်ဖို့ ခလုပ်ထားတဲ့နေရာမှာတော့ အခုဘယ်နှစ်ထပ်ကိုရောက်နေပြီ အမြန်နှုန်းကဘယ်လောက် ဘယ်နှစ်စက္ကန့်ကြာတယ်ဆိုတာတွေအပြင် ၁၀၁ ပုံစံနဲ့ ဓါတ်လှေခါးတက်နေတဲ့ ပုံစံကိုပါ ပြသထားပါတယ်။ ဂိုက်ကလဲ တရုတ်၊ အင်္ဂလိပ်၊ ဂျပန် စတဲ့ ဘာသာစကားတွေနဲ့ ရှင်းပြပါတယ်။

ဓါတ်လှေခါးစတက်ပြီး ၁၀ စက္ကန့်လောက်ကြာလာတဲ့အခါမှာတော့ နားကနည်းနည်းအူလာပါတယ်။ ၅ ထပ်ကနေ ၈၉ ထပ်အထိ ၃၇ စက္ကန့်ပဲကြာပါတယ်။ သူရဲ့အမြန်နှုန်းကတော့ ၁၀၁၀ မီတာ/မိနစ်ပါ။ အပေါ်ရောက်တဲ့အခါမှာတော့ မီးရောင်မှိန်မှိန်လေးထွန်းပေးထားပါတယ်။ ကော်ဖီဆိုင် လက်ဆောင်ပစ္စည်းအရောင်းဆိုင် အမှတ်တရ ဓါတ်ပုံလုပ်ပေးတဲ့ ဓါတ်ပုံဆိုင်လည်းရှိပါတယ်။ လေးဘက်စလုံးမှာ အောက်ကိုကြည့်ဖို့အတွက် မှန်ပြောင်းတွေ တပ်ပေးထားပါတယ်။ ဘေးပတ်ပတ်လည်ကနေ ထိုင်ပေမြို့ရဲ့ ရှုခင်းကို တွေ့နိုင်ပါတယ်။ ၁၀၁ မှာတပ်ဆင်ထားတဲ့ ဓါတ်လှေခါးရဲ့ ပုံစံငယ်ကိုလည်း ပြသထားပါတယ်။ အဲဒီကနေ ဓါတ်ပုံတွေရိုက်လို့ပြီးတော့ ၉၀ ၉၁ ထပ်ကို တက်မယ်ပြောတော့ မာမားက ခြေထောက်နာနေလို့ မတက်ပါတော့နဲ့ဆိုလို့ ၈၈ ထပ်ကို ပြန်ဆင်းလာကြပါတယ်။ အသွားတုန်းကတော့ ၈၉ ထပ်အထိ ဓါတ်လှေခါးက ရောက်ပေမယ့် အပြန်မှာတော့ ၈၈ ထပ်ကနေ ပြန်ဆင်းရပါတယ်။ ၈၈ ထပ်ကိုဆင်းလာတော့ The world's largest wind damper ကိုဝင်ကြည့်ကြပါတယ်။ တကယ်ကိုပဲ ကြီးမားသလို သံမဏိကြိုးတွေ သူ့ကိုထောက်ထားတဲ့ ဒေါက်တွေကလည်း အကြီးကြီးပါပဲ။

အဲဒီကနေ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဖြတ်ပြီး ပြန်ဆင်ဖို့အတွက် တခါထပ်စောင့်ရပြန်ပါတယ်။ တော်တော်လေးစောင့်ပြီးတော့မှ အောက်ကိုပြန်ဆင်းလာကြပါတယ်။အဆင်းကြတော့ နည်းနည်းလေး ပိုနှေးပါတယ်။ ၈၈ ထပ်ကနေ ၅ ထပ်အထိကို စက္ကန့် ၄၀ ကြာပါတယ်။ ပေါ်တက်ဖို့ တန်းစီတာနဲ့ အောက်ကိုပြန်ရောက်တာနဲ့ ၃ နာရီနီးပါလောက် ကြာသွားပါတယ်။ ဒီနေ့တော့ အမြင့်ဆုံးဆိုတဲ့တိုက်အပေါ်ကို ရောက်ဖူးသွားပါပြီ။

wulai ၀ူးလိုင်


တောင်ပေါ်မှာ အခုလိုလှေစီးကြပါတယ်။ ရေတံခွန်ကို ပိတ်ပြီး ရေကန်လုပ်ထားတာပါ။

တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်း တောင်ကိုပတ်လည်စီးနေတဲ့ ချောင်းကလေး


တောင်ပေါ်ကနေ စီးကျနေတဲ့ ရေတံခွန် cable car ပေါ်ကနေ မြင်ရပုံ


cable car စီးပြီးသွားပါတယ်

ဒီနှစ် နှစ်သစ်ကူးပိတ်ရက် မိသားစုနဲ့ လျှောက်သွားမယ်လို့ စီစဉ်ထားပါတယ်။ အလုပ်ပိတ်ပြီး နောက်ရက်တွေက ရိုးရာကန်တော့ရတာနဲ့ဆိုတော့ မအားတာနဲ့ ၂၈ ရက်နေ့မှပဲ လျှောက်သွားဖြစ်ပါတယ်။ မနှစ်ကလဲ နေမကောင်းလို့ မသွားဖြစ်တော့ ဒီနှစ်ကို အတိုးချပြီး သွားလိုက်ပါတယ်။ ခရီးဝေးကိုတော့ မသွားတော့ပါဘူး။ အခုသွားဖြစ်တာကတော့ ထိုင်ပေ ပတ်ဝန်းကျင်ကိုပါပဲ။

ဒီနေ့တော့ အိမ်ကမိသားစုတွေနဲ့အတူတူ ဦးလေးအလတ်ရဲ့ သူငယ်ချင်းမိသားစုတွေကိုပါခေါ်ပြီး ကားတစီးအပြည့် သွားလိုက်ပါတယ်။ ပထမဆုံး ၀ူးလိုင်ဆိုတဲ့ နေရာလေးကိုသွားကြပါတယ်။ အဲဒီနေရာလေးက တောင်တွေပတ်လည်ဝိုင်းနေပြီး နေချင်စရာလေးပါ။ တောင်ပတ်လမ်းဘေးတလျှောက် ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီပင်တွေကိုလည်း တွေ့ရပါတယ်။ တောင်ကျချောင်းကလေးကလည်း ပတ်ပတ်လည် ကွေ့ပတ်စီးဆင်းနေသလို ကျောက်ဆောင်ကျောက်ခဲတွေနဲ့ သဘာဝအလှကိုလည်း တွေ့ရပါတယ်။ အိမ်ကနေ မနက်ခင်း ၉ နာရီလောက်စထွက်ပြီး ဟိုဝင်ဒီထွက်နဲ့ ၁၀ ကျော်လောက်ကျတော့ ၀ူးလိုင်ကိုရောက်သွားပါတယ်။ ၀ူးလိုင်တောင်ကြောကားလမ်းကို စပြီးဝင်တယ်ဆိုရင်ပဲ ကားတွေအကုန်လုံး မီးဖွင့်ပြီးမောင်းရပါတယ်။ တကယ်လို့မီးဖွင့်မမောင်းရင် ဒဏ်ငွေရိုက်တယ်လို့ သိရပါတယ်။ ပတ်လည်စီးနေတဲ့ချောင်းကလေးကို တံတားလေးတွေပုံစံမျိုးစုံနဲ့ ဖြတ်ဆောက်ထားတာတွေ့ရပါတယ်။ ဒီဘက်ကနေ နှင်းတို့သွားမယ့် အပန်းဖြေနေရာကို ရောက်ဖို့အတွက် တောင်ပေါ်ကိုတက်နေရာကနေ တောင်အောက်ကို ဆင်းလိုက်ရပါတယ်။ တောင်အောက်ကိုဆင်းရာလမ်းတလျှောက် ချယ်ရီပင်တွေကိုတွေ့ရသလို ပိတ်ရက်ဖြစ်တဲ့အတွက် လမ်းဘေးတလျှောက် ကားတွေကလည်း နေရာမလပ်အောင် ရပ်ထားကြပါတယ်။ တောင်အောက်ရောက်လို့ cable car စီးရမယ့်နေရာကိုရောက်တော့ ကားပေါ်ကနေဆင်းလိုက်ကြပါတယ်။ ဦးလေးကတော့ ကားထားဖို့အတွက် နေရာလိုက်ရှာရပါတယ်။ ကားထားဖို့အတွက် နေရာတနေရာဟာ အခုလိုအချိန်မှာ အလွန်တန်ဖိုးရှိပါတယ်။ ကားထားပြီးတာနဲ့ အားလုံးပဲ တဖက်တောင်ပေါ်ကိုတက်ဖို့အတွက် cable car လက်မှတ်ဝယ်လိုက်ကြပါတယ်။ ဒီဘက်တောင်ကနေ တဖက်ကတောင်ပေါ်ကို သွားဖို့အတွက် cable car ကိုပဲစီးကြရပါတယ်။ ကြားလည်မှာက တောင်ကျချောင်းကလေးခြားထားတဲ့အပြင် တောင်ကြောကလည်း အလွန်မတ်စောက်ပါတယ်။ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်ပြီးတာနဲ့ ဆက်လက်ပြီး လှေခါးထစ်တွေအတိုင်း ခြေလျင်ဆက်တက်ရပါတယ်။ တောင်ပေါ်မှာကတော့ အပန်းဖြေစရာ ကလေးကစားကွင်းတွေအပြင် လူကြီးတွေအတွက်ပါ မြှားပစ် သေနတ်ပစ် လှေအပျော်စီး စတာတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။ အဲဒါတွေကိုတော့ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ပြီးကစားရပါတယ်။ တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကလည်း အလွန်လှပါတယ်။ တောင်ပေါ်မှာကတော့ တောင်ပေါ်နေတိုင်းရင်သားတွေရဲ့ ဓလေ့တွေကို ပြသထားပါတယ်။ လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှာလည်း လိုချင်စရာတွေကြည့်ပါပဲ။ မြို့ပြကနေ အခုလိုတောတောင်ထဲကို သွားလိုက်ရတော့ စိတ်ထဲမှာ တမျိုးလေးလန်းဆန်းမိပါတယ်။


Tuesday, 27 January 2009

ဝေးမှသိ

ဟိုတလောက မြန်မာပြည်မှာရှိတဲ့ အဒေါ်အငယ်နဲ့ ဖုန်းပြောဖြစ်တယ်။ မြန်မာပြည်ကို ပြန်လာချင်တယ်လို့ ခဏခဏ ပြောတတ်တော့ နှင်းကို အဒေါ်က ပြောပါတယ်။ ဒီမှာ တခြားသူတွေ နိုင်ငံခြားကို သွားချင်လွန်းလို့ ကြိုးစားနေတဲ့အချိန်မှာ နင်ကပြန်လာချင်နေတယ်။ ဘယ်လိုဖြစ်တာလဲ။ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး ပြောပါတယ်။ သူတို့တွေ ထင်နေတာက နိုင်ငံခြားရောက်နေတဲ့လူတွေ မြန်မာပြည်ကို သဘောမကျတော့ဘူးလို့များ ထင်နေလားမသိတော့ပါဘူး။ နှင်းကလဲ ဖုန်းပြောတိုင်း ပြန်လာချင်တယ်ပြောမိပါတယ်။ မြန်မာနိုင်ငံက ကိုယ့်အတွက် အကောင်းဆုံးပဲလို့ အမြဲလိုလိုပြောဖြစ်ပါတယ်။ ဘာတွေဘယ်လိုပဲ တိုးတက်ထွန်းကားနေပါစေ မြန်မာနိုင်ငံကိုပဲ ပိုသဘောကျပါတယ်။ ကိုယ့်ဘ၀တိုးတက်ဖို့ နည်းလမ်းရှာပြီး ကြိုးစားနေကြပေမယ့် မြန်မာပြည်မှာနေရတဲ့ ခံစားချက်ကို နိုင်ငံခြားမှာ ရှာလို့မရနိုင်ပါဘူး။ ရုပ်ဝတ္တုပစ္စည်းတွေ ဘယ်လောက်ပဲပြည့်စုံနေပါစေ စိတ်ထဲမှာတော့ ပြီးပြည့်စုံတဲ့ ခံစားချက်ကို မခံစားရပါဘူး။

ကိုယ့်ရဲ့အောင်မြင်မှုအတွက် မျှဝေခံစားမယ့် မိသားစုတွေဟာ ကိုယ်နဲ့အဝေးကြီးမှာ ရှိနေရတယ်။ မြန်မာပြည်မှာသာဆိုရင် ကိုယ့်အောင်မြင်မှုအတွက် သူတို့တွေရဲ့ အားပေးစကားတွေကို ကိုယ်ကြားရမယ်။ ကိုယ့်အတွက် ၀မ်းသာနေမယ့် သူတို့မျက်နှာတွေကို ကိုယ်မြင်ရမယ်။ မိသားစုရဲ့ နွေးထွေးမှုကို ကိုယ်တိုင်ခံစားနိုင်မယ်။ ကိုယ့်ဘ၀မှာ ရှုံးနှိမ့်မှုတွေ ကြုံလာရင်လည်း ဘေးနားမှာ အားပေးစကားပြောမယ့်သူ ဘယ်မှာရှာရမလဲ။ နိုင်ငံခြားမှာဆိုတာ သူလိုကိုယ်လိုပဲ ဘယ်သူ့ကိုမှ ကူနိုင်ကြတာမဟုတ်တော့ ကိုယ့်အပူကို ဘယ်လိုလုပ်မျှဝေခံစားနိုင်မလဲ။

ဘာသာရေးအရကြည့်မယ်ဆိုရင်လဲ မြန်မာပြည်မှာလို ဘုရားကျောင်းကန်ဆိုတာ မပေါများပါဘူး။ ရှိတဲ့နေရာဟာလည်း ကိုယ်နေတဲ့နေရာနဲ့ ဝေးနေမယ်ဆိုရင် မရောက်ဖြစ်တော့ပါဘူး။ အဲဒီအတွက် ဘာသာရေးဆိုတာနဲ့လည်း ဝေးမှန်းမသိ ဝေးလာပါတယ်။ ဘာသာရေးနဲ့ ဝေးလာတာနဲ့အမျှ စိတ်တွေကလဲ ရိုင်းတဲ့စိတ်တွေ မသိမသာဝင်လာတတ်ပါတယ်။ မြန်မာပြည်မှာဆိုရင် တခုခုလုပ်မယ်ဆိုရင်တောင် ဘာသာရေးအရ သင့်တော်ပါ့မလား။ လုပ်သင့်ရဲ့လားဆိုတဲ့ အထိန်းအကွပ်တွေနဲ့ ထိန်းချုပ်ထားတဲ့အတွက် ပိုကောင်းတယ်လို့ ထင်မိပါတယ်။

အဒေါ်ကို အဲတာတွေပြောပြတော့ နင်တရားပေါက်သွားတာလားတဲ့။ အင်းအဲလိုထင်ချင်ရင်လဲ ထင်လိုက်တော့လို့။ ဒီခံစားချက်တွေက မြန်မာပြည်မှာ နေတုန်းက မသိခဲ့ပါဘူး။ အဝေးကြီးကိုရောက်မှ သိလာရတဲ့ ခံစားချက်တွေပါ။ အခုနေ မြန်မာနိုင်ငံမှာ ရှိတဲ့လူကို ပြောနေရင်တော့ နှင်းကို ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ထင်ချင်ထင်နေမှာပါ။ တကယ်တမ်း သူတို့တတွေလဲ နိုင်ငံရပ်ခြားကို ရောက်လာခဲ့မယ်ဆိုရင် နှင်းအခုပြောနေတာတွေကို နားလည်လာမှာာပါ။

လူတွေဟာ တခါတလေမှာ ကိုယ်လက်ရှိရနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ကြပါဘူး။ အဲဒီအရာတွေကို ဆုံးရှုံးလိုက်ရတဲ့အခါမှသာ အဲဒါတွေရဲ့တန်ဖိုးကို ပိုနားလည်လာရပါတယ်။


Monday, 26 January 2009

ငွေမျက်နှာ

ငွေဆိုတဲ့အရာဟာ လူတွေရဲ့ သည်းခြေကြိုက်တဲ့ အရာတစ်ခုပါပဲ။ ငွေရမယ်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ လူတွေဟာလည်း အများအပြားပါပဲ။ အရင်တုန်းက ငွေကြေးဟာ ဘယ်လောက်နေရာယူခဲ့သလဲဆိုတာ မသိပေမယ့် အခုလက်ရှိမှာတော့ နေရာတော်တော်များများမှာ ငွေဟာအဓိကလိုဖြစ်လာပါတယ်။ စားဝတ်နေရေးအတွက် ငွေလိုအပ်သလို ပညာဗဟုသုတအတွက်လဲ ငွေဟာအဓိက ကျလာပါတယ်။ စားဝတ်နေရေး မပြေလည်တဲ့ မိသားစုရဲ့ ကလေးတွေ ပညာရေးဟာလည်း နောက်မှာကျန်နေခဲ့မှာပါပဲ။ ပညာဗဟုသုတ နည်းလာတာနဲ့အမျှ လူနေမှုအဆင့်အတန်း စိတ်ဓာတ်ရေးရာတွေမှာလည်း အားနည်းလာပါတယ်။ ဒါတွေဟာ ငွေကြေးချို့တဲ့မှုကနေ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေပါပဲ။

ပညာသိပ်လိုချင်နေပေမယ့် အဲဒီပညာကို သင်ကြားနိုင်ဖို့ စရိတ်မရှိရင် ဒီပညာကို ဘယ်လိုလုပ်ရနိုင်တော့မလဲ။ အခုခေတ်မှာ စိတ်ရှိယုံကလေးနဲ့ မဖြစ်နိုင်တော့ပါဘူး။ စိတ်ကလိုချင်နေရင် နောက်ကငွေကလဲ ရှိဖို့လိုအပ်လာပါတယ်။ ကိုယ်နှစ်သက်တဲ့ စာအုပ်တအုပ်ကို ၀ယ်ချင်နေရင်တောင် စာအုပ်ဖိုးပိုက်ဆံမရှိတဲ့အတွက် ၀ယ်မဖတ်နိုင်တဲ့လူတွေ အများအပြားပါပဲ။ အဲဒီအခါမှာ ကိုယ်လိုချင်တဲ့ ဗဟုသုတ ရနိုင်ပါတော့မလား။ သူတပါးကို မပြောပါဘူး။ နှင်းတို့ကိုယ်တိုင်တောင် ဆိုင်တခုကို ၀င်လိုက်ရင် ကိုယ်လိုချင်တာကို အရင်မကြည့်ဖြစ်ပါဘူး။ ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးအတိုင်းအတာနဲ့ ညီမျှတာကိုပဲ အရင်ကြည့်ဖြစ်ပါတယ်။ တကယ်တမ်း လိုချင်တာက တခုဖြစ်ပေမယ့် ငွေဆိုတဲ့မျက်နှာကို ကြည့်လိုက်ရတဲ့အတွက် မလိုချင်ပေမယ့် သင့်တော်တယ်ထင်လို့ လက်ခံလိုက်ရပါတယ်။

အဲလိုပဲ တချို့တွေကလဲ အရာဝတ္ထုပစ္စည်းတင်မဟုတ်ပဲ ကိုယ့်ရဲ့ဘ၀ကိုပါ ငွေကြောင့် လဲလှယ်လိုက်ရပါတယ်။ ကိုယ့်ဘ၀ကောင်းစားဖို့ ကိုယ့်မိသားစုအတွက်ဆိုတဲ့ အရာတွေကို ငဲ့ညှာပြီး ကိုယ်မချစ် မနှစ်သက်ပေမယ့် ငွေကြေးချမ်းသာတဲ့လူဆိုရင် လက်ခံလိုက်ရပါတယ်။ အပြင်ပိုင်းမှာတော့ သူ့ဘ၀ဟာ အရာရာပြည့်စုံနေပေမယ့် တကယ်တမ်း သူ့ရဲ့စိတ်ဟာတော့ မပျော်ရွှင်နိုင်ပါဘူး။

တခါတလေ ဆွေမျိုးမိတ်ဆွေတွေ ကြားထဲမှာလဲ ငွေကြောင့်ပဲ ပြဿနာတွေ ဖြစ်တတ်ကြပြန်ပါတယ်။ ငွေကြေးအတွက် တခါတလေ မိတ်ဆွေတွေကို မျက်နှာပျက်ရတာတွေ ဆွေမျိုးတွေ အဆက်ဖြတ်ကြတာတွေ ဖြစ်တတ်ပါတယ်။ လူတွေရဲ့ စိတ်ထဲမှာ ငွေကြေးဆိုတာ ၀င်လာတဲ့အခါမှာ လူမှုရေးတွေ ငဲ့ညှာမှုတွေ ဘာမှမစဉ်းစားမိတော့ပါဘူး။ တကယ်တော့ ငွေမျက်နှာကို နေရာတိုင်းကြည့်မနေသင့်ပါဘူး။ အဲလိုသာကြည့်နေမယ်ဆိုရင် ဘ၀မှာ တချို့အရာတွေကို ဆုံးရှုံးရမှာပါပဲ။

တကယ်တမ်း ငွေဆိုတာ အရေးပါပါတယ်။ ဒါပေမယ့် ငွေကြေးကို သူ့နေရာနဲ့သူ ထားတတ်ရင်တော့ အကောင်းဆုံးပါပဲ။

တွေ့ဆုံကြုံကွဲ

တွေ့ဆုံကြုံကွဲဆိုတာ လူ့ဘ၀မှာ အမြဲတမ်းကြုံတွေ့နေရတဲ့ အရာတွေပါ။ တွေ့ဆုံခြင်းဆိုတဲ့နောက်မှာ ခွဲခွာခြင်းက ကပ်လျက်ပါလာပါတယ်။ အဲဒါကြောင့်လဲ တချို့က ခွဲခွာခြင်းရဲ့အစဟာ တွေ့ဆုံခြင်းလို့ ပြောကြပါတယ်။ တရပ်ကွက်ထဲနေပေမယ့် အကြောင်းမတိုက်ဆိုင်တော့ လူချင်းမသိနိုင်ပါဘူး။ ဝေးတမြေကိုရောက်မှ ပြန်လည်တွေ့ဆုံကြရတာတွေလည်း ဖြစ်နေကျပါ။ အဲလိုအကြောင်းအကျိုးတိုက်ဆိုင်လို့ တွေ့ဆုံနေရတဲ့အချိန်လေးမှာ ချစ်တာ မုန်းတာ သနားတာ အမြင်ကပ်တာ စတဲ့ အဖြစ်အပျက်မျိုးစုံကိုလဲ ခံစားရမယ်။

တကယ်တော့ နှင်းတို့တတွေဟာ မီးပွိုင့်တခုမှာ မီးနီနေတုန်းလေး ကြုံတွေ့ရတဲ့ လူတွေနဲ့တူပါတယ်။ မီးလေးနီနေတုန်း စက္ကန့်ပိုင်းလေးမှာ တဦးနဲ့တဦး လှည့်ကြည့်မိတဲ့ အခါ ကိုယ့်ကို သဘောကျလို့ တချို့က ပြုံးပြနေပေမယ့် ကိုယ့်ကို မကြိုက်တဲ့လူတွေကလည်း မဲ့ချင်မဲ့နေမယ်။ ကိုယ်က နှုတ်ဆက်လိုက်လို့ သူ့မှာ စိတ်ရှုတ်နေတဲ့အခါ ကိုယ့်ကို ဆဲချင်လဲဆဲသွားမှာပါပဲ။ အဲလိုခဏတာလေးမှာ ဖြစ်ပျက်သွားတာတွေက အများကြီးပါပဲ။ မီးနီလေးက အချိန်ပြည့်လို့ စိမ်းသွားပြီဆိုရင်တော့ အားလုံးဟာ ကိုယ့်ဦးတည်ရာ လမ်းကြောင်းကို ကိုယ်သွားကြတာပါပဲ။ ခုဏက တခဏဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးဟာလဲ အတိတ်မှာ ကျန်နေခဲ့တာပါပဲ။ စက္ကန့်ပိုင်းလေးမှာ တွေ့ဆုံခဲ့ရတဲ့ လူတွေဟာ နောင်ဘယ်တော့မှ ပြန်တွေ့မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

အခုလဲ မီးလေးနီနေတုန်းမှာ ဘလော့ဂ်ဆိုတဲ့ မီးပွိုင့်လေးမှာ ခဏတာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် မီးလေးစိမ်းလာရင်တော့ ကိုယ့်ဦးတည်ရာကို ကိုယ်သွားကြရမှာပါ။ နှင်း တယောက်လဲ ခင်တွယ်ရတဲ့ မိတ်ဆွေတွေ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ သံယောဇဉ်တွယ်မိတဲ့ ဘလော့ဂ်ဂါမောင်နှမတွေနဲ့ နှင်းရဲ့ ခင်တွယ်ရတဲ့ ဒီဘလော့ဂ်ကလေးကို ဘယ်အချိန်ခွဲခွာရမလဲဆိုတာ မသိနိုင်ပါဘူး။ မခွဲခွာချင်ပေမယ့်လည်း ဘ၀မှာ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ လုပ်သင့်တာတွေအတွက် ခွဲခွာကြရဦးမှာပါပဲ။

Saturday, 24 January 2009

ဘာအရေးကြီးသလဲ

အရင်တပတ်ကအကြောင်းလေးပါ။ အခုမှ သတိရတာနဲ့ ရေးဖြစ်တာပါ။ အရင်တပတ်က မြန်မာပြည်ကို ပစ္စည်းပို့မယ်ဆိုပြီး သင်္ဘောနဲ့ ပို့ပေးတဲ့ ဆီကို ပစ္စည်းသွားပို့ကြပါတယ်။ လေယာဉ်နဲ့ပို့ရင် အချိန်ကုန်သက်သာပေမယ့် ပို့ခက ဈေးကြီးပါတယ်။ သင်္ဘောနဲ့ကတော့ အချိန် ၁ လလောက်ကြာပေမယ့် ပို့ခသက်သာပါတယ်။ အိမ်ကိုလဲ အရောက်ပို့ပေးပြီး ပစ္စည်းလည်းစိတ်ချရတော့ နှင်းတို့အိမ်ကတော့ သင်္ဘောနဲ့ပဲ ပို့ဖြစ်ပါတယ်။ အိမ်အသုံးအစောင်နဲ့ လျှပ်စစ်ပစ္စည်းကလဲ ပို့ခဈေးမတူပါဘူး။ လျှပ်စစ်ပစ္စည်းဆိုရင် ဈေးနည်းနည်း ပိုယူပါတယ်။ အဲဒီမှာ နှင်းတို့ရှေ့မှာ ပစ္စည်းလာပို့တဲ့ အမျိုးသမီးတယောက် ပိုက်ဆံရှင်းတဲ့အခါ ဈေးဆစ်နေတာကို တွေ့ရပါတယ်။ လက်ခံတဲ့သူကလဲ ဈေးမလျှော့နိုင်ကြောင်းပြောပါတယ်။ သူပို့တဲ့ပစ္စည်းက အကောင်းမဟုတ်ဘူး။ သုံးပြီးသားတွေလို့ ပြောပါတယ်။ ပို့ပေးမယ့်သူကလဲ အဟောင်းဆို တဈေးဆိုပြီးမရှိကြောင်း ပြန်ပြောပါတယ်။ အတင်းကိုဈေးဆစ်နေတော့ ပို့ပေးမယ့်သူက ထပ်ပြောတာကို ကြားရပါတယ်။ ပစ္စည်းကို ကောင်းကောင်းမွန်မွန်ရောက်ဖို့က အဓိကလား ပိုက်ဆံကအဓိကလားဆိုပြီး မေးလိုက်ပါတယ်။ အဲဒီအခါကြမှပဲ ဈေးမဆစ်တော့ပဲ ငွေရှင်းပေးပါတယ်။

သူ့ကိုကြည့်ပြီး အတွေးတခုဝင်မိပါတယ်။ တခါတလေကျရင် လူတွေဟာ ဘာမဟုတ်တာလေးတခုကို တွက်ချက်နေတတ်ပါတယ်။ တခါတလေ အတွက်လွန်သွားပြီး ထင်တိုင်းမဖြစ်လာပါဘူး။ အခုနှင်းတွေ့ခဲ့တာကိုကြည့်ရင် ဘာမဟုတ်တဲ့ ပိုက်ဆံလေး ၄ ၅ ရာကို သူတွက်ပြီးပြောနေတာပါ။ တကယ်တမ်းကျတော့ ကိုယ့်ပစ္စည်း လုံလုံခြုံခြုံရောက်သွားဖို့က အဓိကပါ။

နောက်ဆုံးတခွန်းကိုတော့ တော်တော်စဉ်းစားရပါတယ်။ မြန်မာပြည်က custom မှာ ကိုယ်တိုင်ပစ္စည်းရွေးမယ်ဆိုရင် ၅ ပုံ ၁ ပုံပဲ သူယူပါမယ်တဲ့။ ကဲ ဘယ်လိုဖြစ်တာလဲ မသိတော့ပါဘူး။


နောက်လဲလာလည်နော်

Glitter Graphics