Sunday 6 April 2008

ချွေးမဆိုတာ ယောက္ခလောင်းတွေပါ

ယောက္ခမနဲ့ ချွေးမ ၊ သမီးယောက်မ ဘယ်တော့မှ မတည့်ဘူးရယ်လို့ လူတိုင်းပြောကြတယ်။ မတည့်ကြတာတွေများ လာတော့ လူတွေစိတ်ထဲမှာ လူတိုင်းဖြစ်ကြမှာပဲရယ်လို့ သတ်မှတ်လာကြပါတယ်။ တကယ်လဲ အများအပြားရှိပါတယ်။ ဒါပေမယ့် သင့်သင့်မြတ်မြတ်နေကြတဲ့ ယောက္ခမနဲ့ ချွေးမတွေလဲ အများအပြားပါ။ ဒီလိုတွေ မတည့်ဘူးဆိုတာ လူတွေရဲ့ စိတ်နဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိကြရင် မတည့်ဘူးရယ်လို့ မရှိတော့ပါဘူး။ ကိုယ့်လျှာနဲ့ ကိုယ့်သွားတောင် တစ်ခါတစ်ခါ ကိုက်မိသေးတာပဲ။ လူနှစ်ဦးရဲ့ စိတ်က အမြဲသင့်မြတ်နေဖို့ဆိုတာ မလွယ်ပါဘူး။

တစ်ခါတစ်ရံတော့ စိတ်တိုင်းမကျတာတွေရှိမှာပါ။ အဲဒီလိုရှိလာရင်လဲ တစ်ဦးနဲ့တစ်ဦး နားလည်အောင် အေးအေးဆေးဆေး ပြောပြမယ်ဆိုရင် စိတ်ထဲမှာ အစိုင်အခဲလေးတွေ မရှိတော့ဘူးပေါ့။ ဒီလိုမဟုတ်ပဲ ဘာမှမပြောပဲ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေမယ်ဆိုရင် ကြာလာတဲ့ခါမှာ မကျေနပ်တာတွေများလာပြီး မသင့်မြတ်တာတွေ ဖြစ်လာမှာပါ။ မိဘဆိုတာကတော့ သားသမီးကို ချစ်ကြတာကြည့်ပါပဲ။ တစ်ချို့ အမျိုးသမီးတွေဟာ မယှဉ်သင့်တာကို ယှဉ်ပြီးပြောကြပါတယ်။ မိခင်လုပ်တဲ့ သူဘက်ကို ပါမလား မိန်းမဘက်ပါမလား ဆိုတာမျိုးတွေဟာ မမေးသင့်ဘူးလို့ ထင်ပါတယ်။ အဲဒီလို မေးလိုက်တာဟာ ကိုယ်ချစ်တဲ့ သူကို စိတ်ဆင်းရဲအောင် လုပ်မိသလို ကိုယ်တိုင်လဲ စိတ်ညစ်ရမှာပါ။ မိဘကို ချစ်တဲ့အချစ်နဲ့ ချစ်သူကို ချစ်တဲ့အချစ် မတူဘူးဆိုတာ သိထားရမှာပါ။ မိခင်လုပ်တဲ့သူဟာ သားသမီးကို အရွယ်ရောက်အောင် ပြုစုခဲ့ရတယ်ဆိုတာကို ချွေးမလုပ်သူက သိတတ်မယ်ဆိုရင် မေးမိမှာ မဟုတ်ပါဘူး။

ချွေးမဆိုတာဟာ နောင်တစ်ချိန်မှာ ယောက္ခဆိုတဲ့ နေရာကို ရောက်လာမယ့်လူတွေပါပဲ။ အဲဒီအချိန်ကြရင် ကိုယ်ကရော ကိုယ့်ချွေးမကို ဘယ်လိုဆက်ဆံမှာလဲ။ အဲဒီအချိန်ကို ရောက်မှ နောင်တတွေ ရမယ်ဆိုရင် ကုန်သွားတဲ့ အချိန်တွေ နှမျောဖို့ကောင်းပါတယ်။ တစ်ချို့ယောက္ခမတွေဟာ သားတွေကို ချစ်တဲ့ဇောနဲ့ ပြောတတ်ကြတာတွေရှိပါတယ်။ ဒါတွေကို လူငယ်ဖြစ်တဲ့ ချွေးမကနားလည်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

1 comment:

Welcome said...

အစ်မပြောသလို စိတ်နဲ့ပဲဆိုင်သလို
လူငယ်ကပဲ နားလည်ပေးရပါမယ်။
အခု 5 series ကပြနေတဲ့ ကိုရီးယား
ရုပ်ရှင်အရဆိုရင် ယောက္ခမက လွန်ပေမဲ့
ချွေးမက နားလည်ပေးတယ်လေ....

နောက်လဲလာလည်နော်

Glitter Graphics