Monday 21 April 2008

တကယ်လိုအပ်ရဲ့လား

ရတဲ့ လခနဲ့ အသုံးစရိတ်တွေနဲ့ မျှပါဘူး ဆိုပြီး နှင်း တို့တွေ ညည်းညူတတ်ပါတယ်။ ကုန်ဈေးနှုန်းတွေတက်လာတော့ လခစားတွေအတွက် မကောင်းပါဘူး။ ဒါက ကုန်ဈေးနှုန်းကြောင့် ဖြစ်ရတဲ့ ပြဿနာပါ။ တစ်ချို့တွေကကြတော့ အသုံးအစွဲမတတ်လို့ မလောက်တာပါ။ ကိုယ်ရတဲ့ ၀င်ငွေကို လောက်ငအောင် မသုံးတတ်ကြလို့ အမြဲလိုငွေ ပြနေကြတဲ့လူတွေ အများကြီးပါ။ လူငယ်မိုလို့ အသုံးမတတ်တာလို့ အပြစ်ပြောချင်ကြမယ်။ ဒါပေမယ့် လူကြီးဖြစ်ပြီး အသုံးမတတ်တဲ့ လူတွေလဲ အများအပြားပါပဲ။ လူငယ်လူကြီး မရှိပါဘူး။ ကိုယ့်ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်တဲ့လူဖြစ်ဖို့က အဓိကလို့ ထင်ပါတယ်။ ကိုယ်ကလခစားလုပ်နေရပြီး သူဌေးလိုသုံးချင်ကြတဲ့ လူတွေအတွက်ကတော့ အမြဲတမ်းလိုငွေပြနေမှာပါ။

နှင်း တို့မိသားစုက အရင်တုန်းကဆိုရင် အားရင်အားသလို ကုန်တိုက်တွေကိုသွားပြီး လျှောက်ကြည့်ရင်း သဘောကျရင် ခြင်းထဲကောက်ထည့်ပြီး ၀ယ်တတ်ပါတယ်။ တကယ်တမ်း အိမ်ရောက်တော့ ကိုယ်လိုချင်လို့ ၀ယ်ခဲ့တဲ့ပစ္စည်းက ကိုယ့်အတွက်မရှိမဖြစ်မဟုတ်ပဲ အပိုသက်သက်ဖြစ်နေတတ်ပါတယ်။ ဒါတွေဟာ ပိုက်ဆံကို အလကားသက်သက်ဖြုန်းတီးပြစ်လိုက်တယ်ဆိုတာ အခုမှသိလာရပါတယ်။ အဲဒီလိုသိလာအောင်လဲ သင်ပေးလိုက်တဲ့ မိသားစုလေးရှိပါတယ်။ ဒီမိသားစုလေးက ထိုင်ပေမြို့ပေါ်မှာ ကိုယ်ပိုင်အိမ်ကို ၀ယ်ပြီးနေနိုင်လောက်တဲ့အထိကို အဆင်ပြေပါတယ်။ ကိုယ်ပိုင်မနက်စာရောင်းတဲ့ ဆိုင်လေး ဖွင့်ထားပါတယ်။ အရင်စီးပွားရေးတွေကောင်းတုန်းက ဆိုင်ကလဲရောင်းကောင်းတော့ ၀င်ငွေအရမ်းကောင်းခဲ့ပါတယ်။ မိသားစုတွေပျင်းပြီဆိုရင် ကုန်တိုက်တွေကိုလျှောက်သွားပြီး ကိုယ်လိုချင်တာမှန်သမျှဝယ်တတ်တဲ့ အကျင့်လေးရှိနေပါတယ်။ အိမ်မှာတကယ်လိုသလား မလိုဘူးလားဆိုတာကို မတွေးပါဘူး။ မလိုအပ်ပဲ ၀ယ်လိုက်တဲ့ ပစ္စည်းတွေက ထားစရာမရှိ ဖြစ်လာတဲ့အခါ အမှိုက်ပုံးထဲကို ပစ်လိုက်ရပါတယ်။ ၀င်ငွေကောင်းနေတဲ့အတွက် ထွက်ငွေကို သတိမထားမိပါဘူး။ ဒီ ၁ နှစ် ၂ နှစ် စီးပွားရေးတွေမကောင်းတော့ ၀င်ငွေထွက်ငွေ မညီမျှတာက သိသာလာပါတယ်။ မိသားစုဘယ်လောက်ပဲချွေတာချွေတာ ထွက်ငွေက များနေတုန်းဆိုတော့ စိတ်ညစ်လာရပါပြီ။ ဒီအချိန်ထိ သူတို့မိသားစုက အရင်အကျင့်အတိုင်း ကုန်တိုက်တွေမှာ ဈေးဝယ်ထွက်မြဲ သွားမြဲပါပဲ။ နောက်ဆုံးတော့ မိသားစုတိုင်ပင်ပြီး ကုန်တို်က်တွေကို ဈေးဝယ်မသွားပဲ သွားခဲ့ရင်လဲ အမှန်တကယ်လိုအပ်တာပဲ ၀ယ်ဖို့ သားသမီးတွေကိုလဲ ဆုံးမရတော့တယ်။ ပထမကတော့ အရင်အကျင့်ကို ဖျောက်ဖို့အတွက် တော်တော်ခက်တယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် ထွက်ငွေက သိသိသာသာ လျော့သွားတယ်လို့ ပြောပြပါတယ်။ အခုတော့အားရင် ကုန်တိုက်သွားတတ်တဲ့ အကျင့်မရှိတော့သလို မလိုအပ်တဲ့ပစ္စည်းတွေကိုလဲ မ၀ယ်တော့ပါဘူးတဲ့လေ။

ဒီမိသားစုလေး ပြောပြတဲ့ အကြောင်းလေး ကြားပြီးကတည်းက နှင်း တို့မိသားစုလဲ ပျင်းရင်ကုန်တိုက်တွေ စူပါမတ်ကတ်တွေကို မသွားဖြစ်တော့ပါဘူး။ ဒါဟာတကယ်ကို သိသိသာသာ ထွက်ငွေကို ထိန်းချုပ်လိုက်နိုင်တာပါ။ ဘာလို့လဲဆိုတော့ အခုခေတ်မှာက အရောင်းဆိုင်တွေ ကုန်တိုက်တွေဆိုတာ နိုင်ငံတိုင်းမှာ အများအပြား ရှိနေတဲ့ အချိန်အခါပါ။ ကိုယ်ကသွားပြီးကြည့်ရုံပါဆိုတဲ့ စိတ်ကလေးနဲ့ သွားမိရင်တောင် ပြန်ထွက်လာတဲ့အခါ လက်ထဲမှာ တခုမဟုတ်တခုတော့ ၀ယ်ခဲ့မိတတ်ပါတယ်။ လူဆိုတာကလည်း လိုချင်တက်မက်မှုကများတော့ ပိုဆိုးတာပေါ့။ တွေ့သမျှပစ္စည်းတွေကလည်း လိုချင်လောက်အောင်ကို စွဲဆောင်နိုင်တော့ စိတ်တွေက ၀ယ်ချင်မိပါတယ်။ တကယ်တော့ ပစ္စည်းတခုကို ၀ယ်ပါနီးတိုင်း ကိုယ့်ဆီမှာ အမှန်တကယ်လိုအပ်သလားဆိုတဲ့ မေးခွန်းကို ပြန်မေးပြီးမှ ၀ယ်သင့်တယ်လို့ထင်ပါတယ်။ အရင်တုန်းက နှင်း ဆိုရင်လိုချင်တာမှန်သမျှ မစဉ်းစားပဲဝယ်တတ်တဲ့ အကျင့်ရှိတယ်။ ကိုယ်လိုချင်လို့ဝယ်တာပဲ ဘာဖြစ်သလဲဆိုပြီး တွေးတတ်ပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ ကိုယ်လိုချင်တိုင်း ကိုယ့်အတွက် အသုံးတည့်ချင်မှတည့်မယ်ဆိုတာ သိလာပါတယ်။ ဒါကြောင့် ဘယ်အရာမဆို အမှန်တကယ်လိုအပ်မှ ၀ယ်ယူခြင်းဖြင့် မိမိရဲ့ထွက်ငွေကို ထိန်းချုပ်ထားသင့်တယ်လို့ ထင်ပါတယ်။


No comments:

နောက်လဲလာလည်နော်

Glitter Graphics