Sunday 1 June 2008

သူတို့တွေလဲ ကူညီတတ်ကြတယ်

ဒီနေ့တော့ အလုပ်ကလဲပိတ်ရက်ဖြစ်သလို မာမားကိုလဲ အဖော်မလုပ်ပေးနိုင်တာ တော်တော်ကြာပါပြီ။ ဒါနဲ့ပဲ ဖွားလေးကိုပြောပြီး ထိုင်ပေစီးတီးမောကို ချီတက်ပါတော့တယ်။ တခါတည်းရောက်တဲ့ ကားစောင့်ရင် ကြာနေမယ်ဆိုပြီး ကားအဆင့်ဆင့် ပြောင်းပြီး သွားလိုက်ပါတယ်။ ဒီမှာ ကားစီးရတာ အလွန်စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ ဘယ်သူကမှ စည်းကမ်းတကျလုပ်ပါ။ ကားခကို ပေးပါရယ်လို့ ပြောစရာမလိုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြပါတယ်။ နှင်း တို့မြန်မာပြည်မှာဆိုရင် ကားပေါ်တက်လိုက်ရင် လူကြီးတွေ ဘုန်းကြီးနဲ့ ကိုယ်ဝန်ဆောင်သည်တွေကို ဦးစားပေးပြီး ထိုင်ခိုင်းတတ်ကြပါတယ်။ ဒီနေ့လဲ ကားပေါ်ကို ရောက်တော့ ထိုင်ခုံမှာထိုင်နေတဲ့ ကောင်မလေးက ဖွားလေးထိုင်ဖို့ ထပေးလိုက်ပါတယ်။ အော် သူတို့တွေလဲ မြန်မာတွေလိုပဲ စိတ်ဓါတ်လေးတွေရှိပါလားဆိုပြီး စိတ်ထဲက သာဓုခေါ်မိတယ်။ ကားတွေပြောင်းစီးတိုင်း ဒီလိုပဲကြုံနေရတော့ တယောက်ထဲမဟုတ်ပဲ လူတိုင်းနီးပါး ဒီစိတ်ကလေးရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။

အင်း ဒီအကြောင်းလေး ပြောရင်းကနေ ဆက်ပြောရဦးမယ်။ အဲဒီလို ကူညီချင်တဲ့စိတ်ကလေးနဲ့ ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို လိုက်ပြီး ကူညီနေတဲ့ ထိုင်ဝမ်က သာ့အိုက် ဆိုပြီး အင်္ကျီအပြာရင့်ရင့် နဲ့ ဘောင်းဘီအဖြူရောင်လေးတွေဝတ်ပြီး လူမှုရေးလုပ်ငန်းတွေကို ကူညီနေတဲ့ အဖွဲ့တဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ကို သီလရှင်ဆရာလေးက ဦးဆောင်ပြီး လုပ်ဆောင်နေတာပါ။ ဒီအဖွဲ့က ကိုယ်ပိုင်တီဗွီလိုင်းကို သာ့အိုက် ဆိုတဲ့နာမည်နဲ့ ၂၄ နာရီထုတ်လွှင့်နေပြီး တခြားသောလူမှုရေးလုပ်ငန်းတွေကိုလဲ လုပ်ဆောင်နေပါတယ်။ အခုလဲ မြန်မာနိုင်ငံအတွက် သွားရောက်လှူဒါန်းသလို တရုတ်နိုင်ငံက ဒုက္ခသည်တွေအတွက်လဲ သွားရောက်လှူဒါန်းပါတယ်။ သူတို့တွေမှာ ဘာသာလူမျိုးမခွဲခြားပဲ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ကူညီကြပါတယ်။ သူတို့တွေဟာ အလှူပစ္စည်း လှူဒါန်းရုံသက်သက် မဟုတ်ပဲ လူတွေရဲ့ စိတ်ဓါတ်မကျသွားအောင် စိတ်ဓါတ်ရေးရာကိုပါ အားပေးတာတွေ ပြုလုပ်ပေးကြပါတယ်။

အလုပ်ကပြန်လာတဲ့တစ်ရက် သစ်သီးဝယ်တဲ့ဆိုင်မှာ သူတို့အဖွဲ့ရပ်ပြီး အလှူခံနေတာတွေ့တော့ ဘာရယ်မဟုတ် ကိုင်ထားတဲ့ဓါတ်ပုံတွေဆီ ကြည့်မိတော့ မြန်မာနိုင်ငံက မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပုံတွေကို တွေ့လိုက်ရတယ်။ အော် မြန်မာပြည်က ဒုက္ခသည်တွေအတွက် မတ်တတ်ရပ် အပင်ပန်းခံပြီး အလှူခံပေးနေတာပါ။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် မဟုတ်ပေမယ့် လူသားအချင်းချင်း စာနာတဲ့ စိတ်ကလေးနဲ့ ပြုလုပ်ပေးနေတာ တွေ့တော့ ကိုယ့်နိုင်ငံအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်။ တိုင်းတပါးက လူမျိုးခြားကတောင် လုပ်ပေးသေးတယ်ဆိုတဲ့ အတွေးဝင်သွားပါတယ်။

ထိုင်ဝမ်မှာ ဒီလိုအသင်းအဖွဲ့ ရှိနေတာဟာ အလွန်ကောင်းတယ်လို့ထင်မိပါတယ်။ ကိုယ့်နိုင်ငံအတွက်တင် မဟုတ်ပဲ ဒုက္ခရောက်နေတဲ့ ကမ္ဘာပေါ်က လူသားအားလုံးအတွက် တတ်နိုင်တဲ့ဘက်က ကူညီနေတာဟာ အလွန်ကောင်းပါတယ်။ အဲဒီအဖွဲ့မှာ ၀င်ရောက်ပြီး လုပ်ကိုင်နေတဲ့လူတွေဟာ ပရဟိတ စိတ်ကလေးတခုတည်းနဲ့ ဘာကိုမှမမျှော်လင့်ပဲ လုပ်ဆောင်နေကြတာလို့ လူတိုင်းပြောကြပါတယ်။ အလွန်ကို လေးစားဖို့ကောင်းသလို အတုယူဖို့လဲကောင်းပါတယ်။

ဒါကတော့ သာ့အိုက် (Da Ai Television) ၀က်ဆိုဒ်ပါ ၀င်ရောက်လေ့လာနိုင်ပါတယ်။

1 comment:

Anonymous said...

ဟုတ်တယ် အဲဒီအဖွဲ့ကတော်တော်လေး လူသိများပါတယ် အခုဆို။ "သအိုက်" ဆိုတာထက် "တအိုက်" da ai = 大爱 ကြီးမားတဲ့ အကြင်နားချစ်ခြင်း လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ထိုင်ဝမ်ဟွနဲ့ ဖုထုံးဟွ နဲနဲတော့ ကွဲပါတယ်။ ဆရာလုပ်တာမဟုတ်ပါဘူး သိသလောက်ကို တင်ပြတာပါ။ ပို့စ်တွေများများ ဆက်တင်နိုင်ပါစေလို့ ..ဆန္ဒပြုလိုက်ပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics