Saturday 25 October 2008

နှစ်ပတ်လည်နေ့( ၁ နှစ်ပြည့်)

၂၅.၁၀.၂၀၀၇

အဲဒီနေ့ကတော့ ဘ၀မှာ အမှတ်တရပါပဲ။ ဘလော့ပေါ်မှာ စာစရေးတဲ့ နေ့တစ်နေ့ပေါ့။ ဒီဘလော့လေးစလုပ်ဖို့ ပထမဆုံး တိုက်တွန်းတဲ့သူကတော့ ကိုမိုးကျော်ဝင်း ဆိုတဲ့ ကမ္ဘာအနောက်ခြမ်းမှာနေတဲ့ အစ်ကိုကြီးတစ်ယောက်ပါ။ နှင်းစာစရေးတော့လဲ ဂျီတော့ကနေပြီး စာတွေကိုဖတ် လိုအပ်တာတွေပြောပြပြီး စိတ်ရှည်လက်ရှည် အကြံညာဏ်ပေးခဲ့တဲ့သူပါ။ နှင်းရေးတဲ့စာတွေကို ပထမဆုံးဖတ်ပြီး အားပေးတဲ့လူ နှင်းရဲ့လေးစားရတဲ့ လူတစ်ယောက်ဆိုလဲ မမှားပါဘူး။ အပြင်မှာမတွေ့ဘူးပေမယ့် တကယ့်မိတ်ဆွေအရင်းတစ်ယောက်လို ခင်မင်ခွင့်ရတဲ့အတွက် ၀မ်းလဲသာမိပါတယ်။

နှင်း ဘလော့လေးရဲ့ နောက်ထပ်ကျေးဇူးတင်ရမယ့် သူနှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ ဘလော့မှာလိုအပ်တဲ့ နာရီတွေ ပြက္ခဒိန်တွေနဲ့ နှင်းမသိတာတွေကို သေသေချာချာ အချိန်ပေးပြီး ပြောပြပေးတဲ့ မောင်လေး ထိပေ့သျှင် ပါ။ ကျောင်းစာတွေနဲ့ မအားလပ်တဲ့ကြားထဲကနေ အစ်မသိချင်ရင်ပြောပြပါ့မယ့်ဆိုပြီး မညည်းမညူ ပြောပြပေးလို့ နှင်းဘလော့လေးရဲ့ ဆရာတစ်ယောက်လိုပါပဲ။ နောက်တစ်ယောက်ကတော့ စီဘောက်မှာ မြန်မာလိုမပေါ်လို့ ဒုက္ခရောက်နေတုန်း ကိုလွမ်းစေ ကပြောပြပြီး ပြင်ဆင်ပေးခဲ့ပါတယ်။ အခုလို စီဘောက်လေးမှာ သူငယ်ချင်းတွေရဲ့ စကားလေးတွေကို မြင်နေခွင့်ရတာကတော့ ကိုလွမ်းစေ ရဲ့ကျေးဇူးပါပဲ။

အရင်တုန်းကတော့ အလုပ်ကပြန်ရင် ဘာလုပ်ရမလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး။ မိတ်ဆွေမရှိ တော့လဲ အပြင်ဆိုတာ မထွက်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ အွန်လိုင်းကသိတဲ့ မိတ်ဆွေတွေရဲ့ ကူညီမှုတွေ သင်ကြားပေးမှုတွေနဲ့ ဘလော့ဆိုတဲ့ ကမ္ဘာလေးထဲကို ရောက်လာခဲ့ပါတယ်။ ဒီကမ္ဘာလေးထဲရောက်လာတော့ အရင်ကထက်ကို ပျော်ရွှင်လာပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ ရလာတော့ အလွန်ပျော်မိပါတယ်။ ပါးစပ်ကနေ စကားပြောရတာမဟုတ်ပေမယ့် သူငယ်ချင်းတွေ ရေးသွားတဲ့ စာလေးတကြောင်းကလဲ နှင်းအတွက် အလွန်စိတ်ချမ်းသာရပါတယ်။ အပြင်မှာ ၀မ်းနည်းစရာလေးတွေ တွေ့ရင်ဖြစ်စေ ကိုယ်စိတ်ညစ်လာရင်ဖြစ်စေ စာလေးရေးပြီး ရင်ဖွင့်တတ်လာပါတယ်။ အဲဒီလိုလေး လုပ်ခွင့်ရတဲ့အတွက် စိတ်ထဲမှာ တော်တော်လေးကို သက်သာပါတယ်။ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတစ်ခွန်းဟာ နှင်းအတွက် တော့အလွန်အားရှိလှပါတယ်။ သူငယ်ချင်းတွေဆီကို သွားလည်ရင်း စကြနောက်ကြနဲ့ အွန်လိုင်းပေါ်က ဘလော့ကမ္ဘာလေးကို သံယောဇဉ်တွယ်လာပါတယ်။ ဘလော့ဂ် မောင်နှမတွေကိုလဲ ခင်တွယ်မိပါတယ်။ ကိုမိုးကျော်ဝင်း မောင်လေးထိပေ့သျှင်နဲ့ ကိုလွမ်းစေ တို့ကြောင့် နှင်းရဲ့ ဒီဇင်ဘာနှင်းဆိုတဲ့ ဘလော့ကလေးစတင် ဖြစ်ပေါ်လာပြီး ၁ နှစ်ဆိုတဲ့အချိန်ကို ဖြတ်သန်းနိုင်ခဲ့တာကတော့ ဘလော့ဂ်ဂါ မောင်နှမတွေ စာလာဖတ်ကြတဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှု လက်တွဲခေါ်ဆောင်မှုကြောင့်ပါ။ အခုလို ဘလော့ဂ်ကမ္ဘာလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။






Sunday 19 October 2008

LIGER(လိုက်ဂါး)

Ever Land Resort ကိုအသွားကားပေါ်မှာ အဲဒီကစားကွင်းနဲ့ ပက်သက်တာတချို့ကို ဂိုက်ကရှင်းပြပါတယ်။ အဲဒီမှာ စိတ်ဝင်စားစရာတစ်ခုကို ပြောပြတယ်လေ။ ခြသေ့င်္နဲ့ ကျားကနေ ပေါင်းစပ်ပြီး ခြင်္သေ့ကျားလေးတွေကို မွေးဖွားခဲ့တာကို အဲဒီ Ever Land Resort က Safari World မှာ ရှိခဲ့ဘူးတယ်လို့ ပြောပြပါတယ်။ တကယ်ပါ အရင်တုန်းက အဲဒီလို ရှိခဲ့တယ်ဆိုတာကို မသိခဲ့ပါဘူး။ ကိုယ်ကပဲ ဗဟုသုတ နည်းခဲ့တာလားတော့ မသိပါဘူး။ ခြင်္သေ့ဆိုတာက တောမှာ ဘုရင်ပါပဲ။ ခြင်္သေ့ဘုရင်ဘေးနားမှာ သူ့အတွက် မိဖုရားခြင်္သေ့တွေလဲ အများအပြားရှိပါတယ်။ အဲဒီလို ခြင်္သေ့က ဘယ်လိုလုပ် ကျားမလေးကို သဘောကျသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဂိုက်က အခုလိုပြောပြပါတယ်။ အဲဒီ Safari World မှာ ခြင်္သေ့ရော ကျားရောကို အတူတူရောထားပါတယ်။ အဲဒီမှာ ခြင်္သေ့တွေက နယ်နိမိတ်မှာ ဘုရင်လုကျတော့ ရှုံတဲ့အကောင်ကရှောင်ပေးရတာပေါ့။ အဲဒီရှုံသွားတဲ့အကောင်အနားမှာ ဘယ်ခြင်္သေ့အမတွေမှ မကပ်တော့ပါဘူး။ အဲဒီလိုနဲ့ တစ်နေ့ကျတော့ ကျားမလေးတစ်ကောင်နဲ့ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။ အဲဒီကျားမလေးကို ရန်လာရှာရင် ခြင်္သေ့က ကူညီခဲ့တယ်။ တစ်ခါနှစ်ခါတင်မဟုတ်ပဲ ကျားမလေးဘေးနားမှာ လတော်တော်ကြာကြာ ကူညီစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီလိုနဲ့ သံယောဇဉ်တွယ်ပြီး အမျိုးမတူပေမယ့် ပေါင်းဖက်ခဲ့ကြပါတယ်။ သူတို့တွေကနေ မွေးဖွားလာတဲ့ သားသမီးလေးတွေက ငယ်ငယ်တုန်းကတော့ အမေကျားမျိုးဘက်ကို ဆင်ခဲ့ပေမယ့် နည်းနည်းကြီးလာတဲ့အခါမှာတော့ အဖေခြင်္သေ့နဲ့တူလာပါတယ်။ သူတို့တွေကို ဘယ်လိုနာမည်ပေးသလဲဆိုတော့ Lion နဲ့ Tiger ကနေ ပေါက်ဖွားလာတာမို့ Liger လို့ပေးကြပါတယ်။အဲဒီလို နှစ်တွေကြာလာတော့ တစ်နေ့ ကျားမလေးမှာ ကိုယ်ဝန်ထပ်ရှိလာတော့ ခြင်္သေ့က အမူအယာတစ်မျိုးဖြစ်လာပါတယ်။ အဲဒါနဲ့ ကျားမလေးလဲ သူ့အမျိုးသားမှာ တစ်ခြားတစ်ယောက်များရှိနေပြီလားဆိုပြီး စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျားမလေးမှာ ကိုယ်ဝန်ရှိလာတော့ သူ့ကိုလူအများကြည့်တဲ့နေရာမှာ မထားတော့ပဲ အနားပေးထားခဲ့ပါတယ်။ ကျားမလေးမီးဖွားပြီးလို့ Safari World ကို ပြန်လာတဲ့အခါမှာတော့ ခြင်္သေ့က နောက်တစ်ကောင်နဲ့ ဖောက်ပြန်နေတာကိုလဲသိရော နှစ်ကောင်သား ရန်ဖြစ်တာ တစ်ခါနှစ်ခါလဲ မပြီးနိုင်ပဲ လတော်တော်ကြာသွားပါတယ်။ နောက်ကျတော့ ဘယ်လိုမှ ဖြေရှင်းလို့မတော့ပဲ နှစ်ကောင်ကွာရှင်းလိုက်ပါတယ်။ သူတို့တွေကနေ မွေးဖွားလာတဲ့ သားသမီးလေးတွေကတော့ အခု Safari World မှာရှိနေပါတယ်။ အဲဒီ ခြင်္သေ့နဲ့ ကျားမလေးကတော့ အသက်အရွယ် ကြီးရင့်လာလို့ အနားပေးလိုက်ပါပြီ။

နှင်းတို့ရောက်သွားတဲ့အချိန်မှာ အဲဒီ Safari World ကိုဝင်ကြည့်ဖို့အတွက် လူတွေတန်းဆီပြီးစောင့်နေတာ အနည်းဆုံး ၃ နာရီလောက်စောင့်ရမယ်ဆိုလို့ မ၀င်ဖြစ်ခဲ့ပါဘူး။ အဲဒီထဲမှာ ခြင်္သေ့တွေ ကျားတွေနဲ့ တခြားတိရိစ္ဆာန်တွေကို သဘာဝအတိုင်းလွှတ်ထားပါတယ်။ အဲဒီထဲကို ၀င်ကြည့်မယ်ဆိုရင် သူတို့တွေရဲ့ရန်က ကာကွယ်နိုင်အောင် စီမံထားတဲ့ Safari World ကကားကို စီးပြီးသွားရပါတယ်။ ဂိုက်ပြောပြတာက ပိုပြီးနားထောင်လို့ကောင်းပါတယ်။ တကယ်လို့ မယုံကြည်နိုင်ဘူးဆိုရင်တော့ ကိုးရီးယားက Ever Land Resort မှာရှိတဲ့ Safari World မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Saturday 18 October 2008

ကင်ချီနဲ့စတွေ့ပြီ





ကိုးရီးယားရှေးနန်းတော် မြို့ရိုး

လေဆိပ်ကတော့ ဘေးမှာတွေ့ရတဲ့ ကျွန်းသေးသေးလေးပေါ်မှာပါ။
ဈေးဆိုင်တန်းတွေအလယ်မှာ



နာမည်ကြီး brand တွေကိုရောင်းတဲ့ အရောင်းဆိုင်တွေပါ

Hotel ကိုရောက်တော့ ဦးဆုံး အခန်းသော့တွေပေးပါတယ်။ အခန်းထဲမှာက တခြားအရာတွေ ရှိနေပေမယ့် သွားတိုက်ဆေးနဲ့ သွားတိုက်တံကိုတော့ မပေးထားပါဘူးတဲ့လေ။ တကယ်လို့များ မပါလာခဲ့ရင် ၂၄ နာရီဆိုင်မှာသွားဝယ်လို့ ရပါတယ်။ Hotel ထဲမှာ ရောင်းတဲ့ဆိုင်ကတော့ သိတဲ့အတိုင်းပါပဲ။ ဈေးကြီးပါတယ်။ ဒါကတော့ ထိုင်ဝမ်က Hotel တွေနဲ့ မတူတဲ့ အချက်တစ်ခုပါပဲ။ ထိုင်ဝမ်မှာကတော့ သွားတိုက်ဆေး သွားတိုက်တံတွေကို အခန်းထဲမှာ ထည့်ပေးထားပါတယ်။ မနေ့ညက ၁၁ နာရီကျော်လောက်မှ အခန်းကိုရောက်တော့ ခရီးပန်းလာတာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်လေ။ ပတ်ဝန်းကျင်မှာ ဘာတွေရှိတယ် ဆိုတာတောင် မစပ်စုအားလိုက်ပါဘူး။

၃.၁၀.၂၀၀၈

နံနက်ခင်း အိပ်ယာထဖို့အတွက် Morning Call ကို ၇ နာရီ ၂၀ မှာလှမ်းနှိုးပါတယ်။ ၈ နာရီလောက်လဲကြရော မနက်စာကို ၁၁ ထပ်မှာ ဘူဖေးကျွေးပါတယ်။ အဲဒီမှာ စတွေ့တော့တာပါပဲ။ ဘာလဲဆိုတာကတော့ ကိုးရီးယားရဲ့ မပါမဖြစ် အစားအစာတစ်ခုဖြစ်တဲ့ ကင်ချီပါပဲ။ မနက်စာမှာလဲ ကင်ချီကပါပါတယ်။ မနက်စာစားပြီးတော့ ဆိုလ်းမြို့ကိုသွားဖို့အတွက် ထွက်လာကြပါတယ်။ အဲဒီအချိန်အထိ နေလုံးဝမထွက်ပဲ ပတ်ဝန်းကျင်မှာ မြူတွေဆိုင်းနေပါတယ်။ ဆောင်းဦးရာသီဆိုတော့ အအေးဓါတ်လဲရှိပါတယ်။ အနွေးထည်လေးတွေဝတ်ပြီး ကားပေါ်ကိုအပြေးအလွှားတက်ကြပါတယ်။ အပြင်မှာက ပိုပြီးအေးလို့ပါ။ လေယာဉ်ကွင်းကို ကျွန်းအသေးလေး တစ်ခုရှိတဲ့နေရာမှာ ဆောက်ထားတာဖြစ်လို့ ဆိုလ်းမြို့ထဲကိုသွားဖို့ အဝေးပြေးလမ်းကနေ သွားရပါတယ်။ ဆိုလ်းကိုသွားဖို့အတွက် တစ်ခုတည်းသောလမ်းဖြစ်တဲ့အတွက် လမ်းအခွန်ကောက်တာကလဲ ဈေးကြီးပါတယ်။ အဝေးပြေးလမ်းကနေသွားတဲ့အခါ ကျွန်းကလေးနဲ့ ဆက်ထားတဲ့တံတားကိုဖြတ်ရပါတယ်။ ရာသီဥတုသာယာရင်တော့ ပင်လယ်ကိုတွေ့ရမှာပါ။ အခုတော့ နေမထွက်သေးပဲ ပတ်ဝန်းကျင်တစ်ခုလုံး မြူတွေဆိုင်းနေတော့ ဘာမှကိုမမြင်ရပဲ တံတားသံဘောင်ကိုပဲ တွေ့ခဲ့ရပါတယ်။ လေယာဉ်ကွင်းကနေ ဆိုလ်းကိုရောက်ဖို့ ပုံမှန်ဆိုရင် ၁ နာရီလောက်သွားရပါတယ်။ ဖြစ်ချင်တော့ နှင်းတို့သွားတဲ့နေ့က ကိုးရီးယားနိုင်ငံရဲ့ ပိတ်ရက်နဲ့ သွားတိုက်နေတဲ့အတွက် ၁ နာရီနဲ့သွားရမယ့် ခရီးကို ၂ နာရီလောက်သွားလိုက်ရပါတယ်။ ကိုးရီးယားတွေဟာ ဟိုအရင်တုန်းကဆိုရင် ပိုက်ဆံရှာပြီးရင် မသုံးပဲ စုထားတတ်ကြပါတယ်တဲ့လေ။ အခုနောက်ပိုင်းမှာတော့ ပိတ်ရက်တွေဆိုရင် အလည်အပတ်ထွက်တဲ့ အလေ့အထတွေ ပြုလုပ်လာတယ်လို့ ပြောပြပါတယ်။ ဒါကြောင့် ပိတ်ရက်တွေဆိုရင် ကားလမ်းပိတ်တာက အလွန်အရေးကြီးလာပါတယ်။ အခုလဲ အချိန် ၁ နာရီလောက်ပိုကုန်သွားပါတယ်။

ဆိုလ်းကိုရောက်တော့ ပထမဆုံး ကိုးရီးယားတွေရဲ့ ဟိုးအရင်က နန်းတော်မြို့ရိုးရှိတဲ့နေရာကို သွားကြပါတယ်။ အရင်အတိုင်းမဟုတ်ပေမယ့် အရင်ပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားထာပါ။ အဲဒီကနေပြီးတော့ ကိုးရီးယားမှာ ခေတ်စားပြီး ကမ္ဘာပေါ်က နာမည်ကြီး Brand တွေကြည့်ရောင်းတဲ့ Premium Outlet ဈေးဆိုင်တန်းကိုသွားကြပါတယ်။ အဲဒီမှာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်လောက်ရှိတယ်လို့ ပြောပြပါတယ်။ နောက်ပြီး Brand အမှန်တွေကိုပဲရောင်းပါတယ်။ ဆိုင်ခန်းတွေကို ကျောချင်းကပ်ပုံစံဆောက်ထားပြီး တိုက်ရဲ့အလည်ခေါင်မှာတော့ နားနေစရာ ထိုင်ခုံလေးတွေ ပန်းပင်လေးတွေအပြင် သ်ီးချင်းအေးအေးလေး ဖွင့်ပေးထားတော့ ဈေးဝယ်ရင်း သီချင်းလေးတွေ နားထောင်လို့ရပါတယ်။ အပြင်မှာရှိတဲ့ ဈေးတွေမှာလို လူတွေကြပ်သိပ်နေတာကို မတွေ့ရပဲ သေသေသပ်သပ် အေးချမ်းစွာနဲ့ ဈေးဝယ်လို့ရတဲ့ နေရာလေးတစ်ခုပါပဲ။ အဓိကလိုအပ်တာကတော့ $$$$$$$$$ ပေါ့နော်။

ဈေးပတ်ပြီးတော့ နေ့လည်စာစားဖို့အတွက် စားသောက်ဆိုင်ကိုသွားကြပါတယ်။ နေ့လည်စာကိုတော့ အသားကင်ကို ထမင်းလွတ်စားကြပါတယ်။ ကိုးရီးယားဇာတ်ကားတွေထဲကလိုပါပဲ အသားကင်မယ့် သံအိုးပြားကို စားပွဲအလည်မှာတည်ထားပြီး လူလေးယောက်ဝိုင်းထိုင်ပြီး ကိုယ့်စိတ်ကြိုက်အသားကို ကင်စားရပါတယ်။ လေးယောက်ကို တစ်အိုးဆိုပေမယ့် ခုံတွေက တစ်တန်းချင်းဆီ ဆက်ထားပါတယ်။ နောက်တစ်ခုကတော့ စားသောက်ဆိုင်တွေမှာလို ခုံအမြင့်မှာစားတာမဟုတ်ပဲ ကြမ်းပြင်မှာပဲ ထိုင်စားတာဆိုတော့ တော်တော်ကသိကအောင့်နိုင်ပါတယ်။ အသားကင်မှာလဲ ကင်ချီကပါတာပါပဲ။ ကိုးရီးယားတွေ ထမင်းစားတဲ့အခါမှာ ဟင်း ၂ မျိုး ၃မျိုးရယ် မပါမဖြစ် ကင်ချီရယ် ဟင်းရည်တစ်ခွက်ရယ် ဒါတွေက သူတို့တွေစားနေကြပုံစံလို့ သိရပါတယ်။ အသားကင်စားပြီးတဲ့အခါမှာတော့ EVER LAND RESORT ကိုသွားကြပါတယ်။

Tuesday 14 October 2008

သီတင်းကျွှတ်လပြည့်နေ့

ဒီနေ့ ၀ါလကင်းလွတ် သီတင်းကျွတ် ဆိုပြီးပြောကြတဲ့ သီတင်းကျွတ်လပြည့်နေ့ပါ။ အလုပ်တွေနဲ့ ပိနေပြီး ဘ၀ကိုရုန်းကန်နေရတော့ တစ်ချို့အရာတွေကို သတိမထားမိတော့ပါဘူး။ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ဆိုတာတောင် မနေ့ကမှ မာမားပြောလို့သိတော့တယ်။ မြန်မာလ ဘယ်လရောက်လို့ ရောက်မှန်းတောင် မသိတော့ပါဘူး။ မသိချင်လို့ မေ့ထားတာမဟုတ်ပေမယ့် နိုင်ငံတွေ ပတ်ဝန်းကျင်တွေမတူတော့လဲ သတိမထားမိလိုက်တာပါ။ မနေ့က နေ့လည်ခင်းနားချိန်မှာ မာမားကဖုန်းဆက်ပြီး မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ ဘုရားကို သစ်သီးဆွမ်းကပ်ရအောင် သစ်သီးဝင်ဝယ်ခဲ့နော် ဆိုပြီးပြောမှပဲ အော် သီတင်းတောင်ကျွတ်ပြီနော် ဆိုပြီးစိတ်ထဲမှာ တွေးနေမိပါတယ်။ မြန်မာပြည်ကိုလဲ အရမ်းသတိရမိတယ်။

မြန်မာပြည်မှာဆိုရင်တော့ ဒီအချိန်ဆိုရင် အိမ်တိုင်းမှာ ရောင်စုံမီးပုံးတွေ အလှဆင်ပြီး ကလေးငယ်တွေလဲ ပျော်ရွှင်နေကြလောက်ပါပြီ။ မီးပုံးပျံတွေလွှတ်ကြ မီးပန်းလေးတွေနဲ့ ကစားကြနဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲနေရပါပြီ။ တစ်မြို့တစ်နယ်ဆီကိုရောက်နေတဲ့ သားသမီးတွေကလဲ မိဘအိမ်ကိုအရောက်ပြန်လို့ မိဘဘိုးဘွားတွေဆီသွားပြီး ကန်တော့ကြနဲ့ မိသားစုတွေရဲ့ သာယာချမ်းမြေ့စရာ အချိန်လေးဆိုရင်လဲ မမှားပါဘူး။ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါ။်သက်ကြီးရွယ်အိုတွေ မိဘဘိုးဘွားတွေကို မမေ့မလျော့ ဂါရ၀ပြု ကန်တော့ကြတဲ့ အခုလိုအချိန်အခါလေးမှာ မြန်မာပြည်ရဲ့ အဝေးကြီးမှာ ရောက်နေရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်တိုင်ကိုယ်ကြ လက်ဆယ်ဖြာမိုးပြီး ကန်တော့ချင်ပေမယ့်လည်း ဘ၀ပေးအခြေအနေအရ အဝေးကနေပဲ စိတ်နဲ့မှန်းပြီး ဘိုးဘွားတွေကို ကန်တော့ရပါတယ်။

မြန်မာပြည်ကို ဖုန်းဆက်လိုက်တော့ စိတ်မကောင်းပိုဖြစ်မိပါတယ်။ နှင်း သိပ်ချစ်ရတဲ့ ဖွားဖွားနားမှာ အဝေးတစ်မြို့ဆီမှာ နေနေကြတဲ့ သားသမီးတွေ မြေးတွေရောက်နေကြတယ်။ တစ်နိုင်ငံထဲမှာဆိုတော့ ဘယ်လောက်ဝေးဝေး သီတင်းကျွတ်အချိန်ကိုတော့ ရောက်အောင်လာကြတယ်။ ဒါပေမယ့်လည်း နှင်းကတော့ နိုင်ငံတွေခြားပြီး မသွားနိုင်တဲ့နေရာမှာဆိုတော့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ ဖုန်းထဲကနေပဲ ဖွားဖွားကို နှင်းတို့မိသားစုက ကန်တော့ပါတယ်ဆိုတဲ့ စကားလေးပဲ ပြောနိုင်တယ်။ ဒီအချိန်မှာ မြန်မာပြည်ကို အရမ်းပြန်ချင်ပါတယ်။ ရန်ကုန်မှာနေတုန်းကလဲ သီတင်းကျွတ် ကျောင်းပိတ်ရက်ဆို ဖွားဖွားရှိတဲ့ မြို့လေးကို အရောက်ပြန်တတ်ပါတယ်။ ဆွေမျိုးထဲက သက်ကြီးရွယ်အိုတွေကို လိုက်ကန်တော့တဲ့အခါ ဆုပေးပြီးရင် ပေးတဲ့ဆုနဲ့ပြည့်ပါစေ လို့ပြောရတာလဲ အမောပါပဲ။ နှင်းတို့က ကန်တော့လို့ ပီတိဖြစ်ရသလို ဘိုးဘွားတွေကလဲ အပြုံးမျက်နှာတွေနဲ့ ဆုတွေပေးလို့ မဆုံးတော့ပါဘူး။ အခုတော့ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ဆုပေးတဲ့အသံ လူငယ်တွေရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့အသံတွေကို မကြားရတဲ့ ဟိုးအဝေးကြီးမှာရောက်နေရပါတယ်။

အဆိုတော် မေခလာသီချင်းလေးကို သွားပြီး သတိရမိတယ်။
“သီတင်းကျွှတ် ညလေးတစ်ည ပြန်လည်ကာအမှတ်ရမိပါတယ်.............. မီးကလေးတွေထွန်းတော့ စည်ပါတယ် မီးထွန်းပွဲတော်မယ် ချစ်တဲ့ကောင်လေးတစ်ယောက် ယောင်လည်လည် တစ်ဦးထဲလျှောက်ကာလည် အတွဲလေးမရှိဘူးပေါ့ သမင်လည်ပြန်ခဏခဏလှည့်ကြည့်တယ်.............”

သီတင်းကျွတ်အချိန်ခါမှာ သူငယ်ချင်းများအားလုံးလဲ ပျော်ရွှင်
ချမ်းမြေ့ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။




Sunday 12 October 2008

ကိုးရီးယားခရီးအစ


ပန်းပုပြခန်း

စက္ကူလေယာဉ်ကလေးတွေ
နားနေဆောင်က ကော်ဖီဆိုင်

သစ်ခွပြခန်း

ကြက်နှစ်မိုလို့ကြွက်ရုပ်ကလေး
Incheon International Airport

၂.၁၀.၂၀၀၈

ဒီနေ့ခရီးထွက်မှာဆိုတော့ စိတ်ကလောနေပါတယ်။ မနေ့ကအထိ အလုပ်တက်နေရတော့ ခရီးသွားဖို့ ဘာမှ မပြင်ဆင်ရသေးပါဘူး။ ဒါနဲ့ပဲ မနက်ကတည်းက အ၀တ်အစားတွေထည့်. လိုအပ်တာတွေထည့်ပြီး မာမားရဲ့အမှာစကားတွေကို နားထောင်ရပါတယ်။ မောင်နှမနှစ်ယောက်ထဲသွားမှာဖြစ်သလို Tour နဲ့ပထမဆုံးသွားတဲ့ ခရီးဖြစ်လို့ စိတ်မချဖြစ်နေကြပါတယ်။ နှင်းတို့သွားမယ့် အဖွဲ့ထဲမှာလဲ မြန်မာဆိုလို့ နှင်းတို့မောင်နှမပဲပါပြီး ကျန်တဲ့လူတွေအားလုံးက ထိုင်ဝမ်တရုတ်တွေကြည့်ပါပဲ။ အဖွဲ့နဲ့သွားတဲ့ခရီးဖြစ်လို့ လေဆိပ်ကို ၂ နာရီစောပြီးသွားရပါတယ်။ လေဆိပ်မှာက နှင်းတို့ကို ဦးဆောင်ပြီး ခေါ်သွားမယ့် Tour Company က၀န်ထမ်းက စောင့်နေပါတယ်။ လေဆိပ်ရောက်ပြီး လူစုံအောင်စောင့်ပြီးတော့ check in လုပ်ပြီး ပစ္စည်းတွေကို သွားထည့်ကြပါတယ်။ ထိုင်ခုံနေရာကိုတော့ Tour ၀န်ထမ်းကပဲ အားလုံးအတွက် တခါတည်း ယူပေးပါတယ်။ အဖွဲ့နဲ့သွားတာဖြစ်တဲ့အတွက် လေကြောင်းလိုင်းကောင်တာမှာ သွားယူရပါတယ်။ တစ်ဦးချင်းသွားသလို check in လုပ်ရင်း ထိုင်ခုံနေရာယူစရာမလိုပါဘူး။ ပစ္စည်းတွေထည့်ပြီးပြီဆိုတော့ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးကိုမဖြတ်ခင် အရည်ပါတဲ့ပစ္စည်းဆိုရင် ဘာမှယူသွားလို့မရတော့ပါဘူး။ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တဲ့အခါ အလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုပဲ သူတို့လုပ်ရမယ့်အလုပ်ကိုပဲ မြန်မြန်ဆန်ဆန်လုပ်ပေးပါတယ်။ ပတ်စ်ပိုစ့်တွေကို စစ်ပြီးပြီဆိုတော့ ကိုယ်စီးရမယ့်လေယာဉ်ရှိတဲ့ဂိတ်ကို သွားရပါတယ်။ နားနေဆောင်မရောက်ခင် Duty free ဆိုင်တွေကို ငေးမောရင်း သွားပါတယ်။ ဒီနှစ်ကတရုတ်အကောင် ၁၂ ကောင်ထဲက ကြွက်နှစ်ဆိုတော့ ရွှေရောင်ကြွက်ရုပ်ကလေးကို အလှဆင်ထားတာတွေ့ရပါတယ်။ နားနေဆောင်သွားတဲ့ ဘေးတဖက်မှာတော့ စက္ကူလေယာဉ်ရုပ်ကလေးတွေကို ရောင်စုံချယ်ပြီး အလှဆင်ထားတာကလဲ ချစ်စရာတမျိုးကောင်းပါတယ်။ နှင်းတို့စီးရမယ့် လေယာဉ်ရှိတဲ့နားနေဆောင်ကို မရောက်ခင် သစ်ခွပန်းတွေနဲ့အလှဆင်ထားတဲ့နေရာ ပန်းပုလက်ရာတွေကို ပြသထားတဲ့နေရာတွေဟာလဲ လေယာဉ်မစီးခင် လေ့လာလို့ရတဲ့အတွက် ကောင်းပါတယ်။ အချိန်ရနေသေးတဲ့အတွက် အဲဒီနေရာတွေကိုငေးမောရင်း မောင်လေးက ဗိုက်ဆာလာတယ်ဆိုတော့ နားနေဆောင်မှာပဲ ဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီဝင်သောက်ကြပါတယ်။ ကော်ဖီသောက်ပြီး ခဏကြာတော့ လေယာဉ်ပေါ်တက်ဖို့အတွက် ခရီးသည်တွေ သွားလာနေကြပြီဖြစ်လို့ နှင်းတို့လဲ သူများတွေနဲ့အတူ လေယာဉ်ပေါ်တက်ဖို့ သွားလိုက်ပါတယ်။

လေယာဉ်ပေါ်တက်ပြီးပြီဆိုတော့ သိပ်မကြာခင်မှာပဲ လေယာဉ်စထွက်ပါတော့တယ်။ ထိုင်ဝမ်ကနေ ကိုးရီးယားကို ၂ နာရီနဲ့ မိနစ် ၂၀ ၀န်းကျင်လောက်ပဲ စီးရပါတယ်။ ထိုင်ဝမ်က ညနေ ၆ နာရီ ၅၀ မိနစ်မှာ စထွက်ပါတယ်။ ကိုးရီးယားကိုတော့ ၁၀ နာရီ ၂၀ မိနစ်မှာရောက်ပါတယ်။ ထိုင်ဝမ်နဲ့ကိုးရီးယားက အချိန် ၁ နာရီကွာတဲ့အတွက် လေယာဉ်ပေါ်မှာတင် အချိန် ၁ နာရီကွာသွားပါတယ်။ ကိုးရီးယားမှာတော့ Incheon International Airport မှာ လေယာဉ်ကဆင်းပါတယ်။ လေဆိပ်ကြီးက အသစ်ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ဆောက်လက်စတွေအဖြစ်တွေ့ရပါတယ်။ လေယာဉ်ပေါ်ကနေဆင်းပြီးတော့ ပထမဆုံး လူဝင်မှုကြီးကြပ်ရေးကိုသွားဖို့အတွက် ပင်မအဆောက်အဦးဆီကို star line ဆိုတဲ့ရထားလေးစီးပြီးသွားရပါတယ်။ ရထားပေါ်ကဆင်းပြီးတာနဲ့ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ဖို့အတွက် အပေါ်ထပ်ကို စက်လှေခါးတဲ့တက်ကြပါတယ်။ အဲဒီမှာရယ်ရပါတယ်။ ပထမလူဝင်မှုကြီးကြပ်ရေးကောင်တာတွေကိုတွေ့ပါတယ်။ ဒါပေမယ့် ၀န်ထမ်းတွေမရှိတော့ပဲ အကုန်လုံးပိတ်ထားတော့ အရှေ့ကို ဆက်လျှောက်ကြတာပေါ့။ရှေ့ဆက်လျှောက်လဲ ဖွင့်ထားတဲ့ကောင်တာတွေကိုမတွေ့ပဲ ဖြစ်နေပါတယ်။ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေက အများကြီးပါပဲ။ နောက်မှ ၀န်ထမ်းတစ်ယောက်က ခေါ်ပြီးတော့အနောက်ကိုပြန်လျှောက်ခိုင်းတော့ အားလုံးပဲ ရယ်ဖြစ်ကြပါတယ်။ ကိုးရီးယားကိုရောက်ရောက်ချင်း လေ့ကျင့်ခန်းစလုပ်ရပါတယ်။ ၀န်ထမ်းခေါ်သွားတဲ့ကောင်တာကိုရောက်တော့မှပဲ လူဝင်မှုကြီးကြပ်ရေးမှာ ပတ်စ်ပို့ကိုပြပြီးတော့ အ၀င်တုန်းထုလိုက်ပါတယ်။ ပြီးပြီဆိုတော့ ပစ္စည်းရွေးဖို့အတွက်တစ်ခါ အောက်ထပ်ကို ပြန်ဆင်းရပါတယ်။ အဲဒီမှာ ပြဿနာက စပါတော့တယ်။ ကိုယ့်အိတ်ကို ယူကြရင်းနဲ့ နှင်းတို့အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက်ရဲ့ ခရီးဆောင်အိတ်က ရှာမတွေ့တော့ပါဘူး။ ရှိသမျှခရီးသည်တွေ ကုန်သွားတဲ့အပြင် ပစ္စည်းတွေလဲဘာမှမကျန်တော့ပဲ ပစ္စည်းတင်တဲ့စက်လဲ ရပ်သွားတဲ့အထိ ရှာမတွေ့ပါဘူး။ ဒါနဲ့ပဲ တာဝန်ရှိတဲ့သူတွေကို အကြောင်းကြားပြီး အိတ်ရဲ့နံပါတ်တွေ လိုအပ်တာတွေ လုပ်ပြီးတော့ ထွက်လာကြပါတယ်။ အပြင်မရောက်ခင် ငွေလဲတဲ့နေရာကို တွေ့ရပါတယ်။ ပြီးတာနဲ့ တံခါးအပြင်ကို ရောက်တော့ နှင်းတို့အဖွဲ့ကိုလာကြိုတဲ့ ကိုးရီးယားက Guide ကိုတွေ့ရပါတယ်။ သူကတော့ ကိုးရီးယားမှာမွေးတဲ့ တရုတ်လူမျိုးဖြစ်ပြီး နှင်းတို့အဖွဲ့ရဲ့ စကားပြန်လဲဖြစ်ပါတယ်။ မိတ်ဆက်စကားပြောပြီး မနက်ဖြန်အတွက် အစီအစဉ်တွေကိုပြောပါတယ်။ လေယာဉ်ကွင်းကနေ တစ်ညတာနားနေမယ့် Incheon Airport Hotel ကို ၅ မိနစ်လောက်ပဲ သွားရပါတယ်။ အဲဒီမှာ တစ်ညတာအိပ်စက်ရင်း ကိုးရီးယားခရီးကို စတင်ခဲ့ပါတယ်။

Saturday 11 October 2008

ဒီလိုပဲစားလိုက်တာပဲ

ခရီးသွားပြီးအပြန် ဘယ်သူတွေများလာလည်သွားလဲဆိုပြီး အပြေးအလွှား ဘလော့ကိုဖွင့်ကြည့်လိုက်တော့ မယ်ဂုလေးက အားမနာလျှာမကျိုး တက်ထားပါတယ်တဲ့။ အယ် ရောက်ရောက်ချင်းတက်ထားတယ်ဆိုတော့ ဘာပါလိမ့်ဆိုပြီး မယ်ဂုလေးဆီ သွားကြည့်တော့ ကြုံသလိုစားချင်း ဆိုပြီးတွေ့လိုက်တယ်။ အစားအသောက်နဲ့ တက်တာဆိုလို့ကတော့ ဘယ်တော့မှစိတ်ဆိုးဘူး။ မယ်ဂုလေးဆီကအပြန် ကိုနေလင်းကလဲ မနှင်းရေ တက်ထားတယ်နော်လို့ ပြောလာပြန်တယ်။ နှစ်ယောက်လုံးက ခင်ရင်ရေးရမယ်နော်တဲ့။ ဟုတ်ကဲ့ နှင်းမှာလဲ ခင်စရာဆိုလို့ ဒီဘလော့ဂါ မောင်နှမတွေပဲရှိတာလေ။ ပြီးတော့ အစားအသောက်အကြောင်း ရေးရမှာဆိုတော့ ပိုပြီးအားသန်တယ်လေ။

ငယ်ငယ်ကထဲက အစားအရမ်းသောင်းကျန်းလို့ အမျိုးတွေကတောင် လက်လန်ခဲ့ရတယ်။ ပူဆာတတ်တဲ့ အရွယ်ကတည်းက အစားအသောက်ကိုပဲ ပူဆာပြီး အလွန်ဂျီးများခဲ့တာပါ။ မပူဆာရင်လဲ ကြုံသလို အကုန်စားပါတယ်။ နည်းနည်းလေး ကြီးလာတော့ အစားအသောက် ဂျီးများလာပါတယ်။ အနံ့ရလို့မကြိုက်ရင် အဲဒီအစားအသောက်ကို မထိတော့ပါဘူး။ နောက်ပိုင်း ကျောင်းတက် သင်တန်းတွေတက်တော့ ကြုံသလိုပဲ စားပါတော့တယ်။ ထမင်းစားချိန်တောင် ပုံမှန်မရှိတော့ပဲ ဗိုက်ဆာလာရင် အပြင်မှာပဲ စားလိုက်ပါတယ်။ တရုတ်တန်းဘက်ရောက်လို့ ဗိုက်ဆာလာရင် ကြေးအိုးဝယ်စားလိုက်ပါတယ်။ မြို့မကျောင်းလမ်းဘက်ရောက်ရင်တော့ အဲဒီလမ်းက ယိုးဒယားအစားအသောက်နဲ့ ရှမ်းအစားအစာ ရောင်းတဲ့ဆိုင်မှာ ၀င်စားဖြစ်ပါတယ်။ ဗိုက်ကလဲဆာလာပြီ ကိုယ်မကြိုက်တဲ့ ဆိုင်တွေနားရောက်နေရင်တော့ ဘာမှမစားပဲ အိမ်ကိုရောက်အောင်ပြန်ပြီး အိမ်ကထမင်းပဲစားပါတယ်။ အိမ်မှာတခါတလေ ထမင်းဟင်းမချက်ဖြစ်ရင်တော့ ကြက်ဥခေါက်ကြော် စားလိုက်တာပါပဲ။ တခါတလေတော့လဲ ခေါက်ဆွဲပြုတ်ပေါ့။ ထိုင်ဝမ်ရောက်လာတော့ စားစရာပိုရှားလာပါတယ်။ နဂိုထဲက ဟင်းအနံ့အရမ်းပြင်းရင်မကြိုက်ပါဘူး။ ထိုင်ဝမ်မှာသုံးတဲ့ အမွှေးနံ့က တော်တော်ပြင်းပါတယ်။ ၀က်အူချောင်းတွေ အကင်တွေမှာသုံးတဲ့ မဆလာအနံ့ကို မခံနိုင်လို့ အဲဒါတွေကိုစားလို့မရပါဘူး။ အနံ့မပြင်းတဲ့ ၀က်အူချောင်းကို ရွေးဝယ်ပြီးစားပါတယ်။ မာမားကအိမ်မှာ ထမင်းချက်ပေးတော့ ကောင်းကောင်းစားရပါတယ်။ တခါတလေ ထမင်းချိုင့်မထည့်တဲ့ရက်တွေမှာ အဆင်ပြေသလိုပဲ နေ့လည်စာကိုစားလိုက်ပါတယ်။ တခါတလေ ပေါင်မုန့်တလုံးနဲ့ကော်ဖီတခွက်က နေ့လည်စာဖြစ်သွားတတ်ပါတယ်။ မြန်မာဆိုတော့လဲ ငါးပိရည်ကို အသဲစွဲပါပဲ။ အခုထိလဲ ဘာမှမရှိရင်နေ ကြက်ဥကြော်နဲ့ ငါးပိရည်နဲ့ ရှိရင်စားလို့ရပါပြီ။ ဖြစ်သလိုစားရလွန်းလို့လဲ ၀ိတ်တက်လာတာများနေပါပြီ။ ဘယ်လိုမှလဲ ပြန်ချလို့မရတော့ပါဘူး။ မြန်မာပြည်ကနေလာတုန်းကထက်ကို အများကြီးတိုးလာလို့ ပြန်သွားရင်တောင် အမျိုးတွေက မှတ်မိပါတော့မလားမသိပါဘူး။ ဟုတ်ကဲ့ နှင်းကတော့ အခုလိုပဲ ဖြစ်သလိုစားလိုက်ပါတယ်။

ဘယ်သူတွေကိုတက်ရမလဲရယ်လို့ ရှာလိုက်တော့လဲ တော်တော်များများက တက်ပြီးသွားကြပါပြီ။ဒီတစ်ခါတော့ တခါမှ မတက်ရသေးတဲ့ ညီအစ်မတွေကို တက်လိုက်ပါတယ်။
ညီမလေး ယုန်ကလေး
ညီမလေး SMNTL တို့ရေ ကြုံသလို ဘယ်လိုလေး စားတယ်ဆိုတာကို အချိန်ရရင် ရေးပေးပါဦးနော်။

Friday 10 October 2008

အားလုံးအတွက်လက်ဆောင်


အာလူးကြော်လေးစားပြီး လိုချင်တဲ့လက်ဆောင်တွေယူသွားကြနော်။


ဖန်စီလေးတွေကြိုက်တတ်တဲ့ မမတွေအတွက်နော်

ဖိနပ်ကြိုက်တဲ့ မမတွေအတွက်နော်

ဆောင်းဝင်ပြီဆိုတော့ သားသားမီးမီးတွေအတွက်

ဧည့်ခန်းမှာအလှထားရအောင်နော်

အမြဲတမ်း တူအလုံးတွေနဲ့ပဲသုံးနေကြတော့ ဒီတစ်ခါ ကိုးရီးယားတူအပြားလေးတွေနဲ့သုံးကြရအောင်

လိုအပ်တဲ့သော့လေးတွေချိတ်ဖို့ သော့ချိတ်လေးတွေ


Wednesday 8 October 2008

ပြန်ရောက်ပါပြီ

ခရီးထွက်သွားတာ ပြန်ရောက်ပါပြီ။ ဘယ်ကိုသွားတာလဲဆိုတော့ ကိုးရီးယားက ဆိုလ်းမြို့ပတ်ဝန်းကျင်ကိုပါ။ ဂျွန်စောတို့ ရိန်း တို့က တွေ့ချင်လို့ ခဏလောက်စောင့်ပေးပါဆိုပေမယ့်လည်း နှင်းကမအားတာနဲ့ပဲ သူတို့ကိုမစောင့်ပဲ ထိုင်ဝမ်ကိုပြန်လာခဲ့ပါတယ်။ ခရီးစဉ်မှာ ဘယ်တွေရောက်ခဲ့တယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို နောက်ရက်တွေမှာ ပြောပြမယ်နော်။ ပြန်ရောက်တဲ့နေ့မှာပဲ မနားရပဲ အလုပ်သွားရတဲ့အတွက် လူကတော်တော်လေး ပင်ပန်းနေပါတယ်။ နှင်းမရှိပေမယ့်လည်း လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးအတွက်လက်ဆောင်တွေလည်း ၀ယ်လာခဲ့တယ်နော်။ အော် ကိုနေလင်းနဲ့ မယ်ဂု လေးကလည်း သူတို့ကိုခင်ရင်ရေးရမယ်ဆိုတဲ့အတွက် ဖြစ်သလိုစားချင်းကိုလည်း ရေးပါဦးမည်။ ဒီနေ့ကတော့ ပြန်ရောက်တဲ့အကြောင်း ကြော်ငြာဝင်တာပါ။ လက်ဆောင်တွေကိုတော့ နောက်ရက်မှပဲ ပေးတော့မယ်နော် အခုတော့ အရမ်းအရမ်းကို ပင်ပန်းလာလို့ အိပ်ပါတော့မယ်။ ဟီ ဟီ ကိုးရီးယားမှာတုန်းကတော့ ပင်ပန်းဘူးသိလား.................

နောက်လဲလာလည်နော်

Glitter Graphics