Monday 29 September 2008

ခရီးသွားဦးမယ်

အခုတစ်လော ခရီးတစ်ခုကိုသွားဖို့ ပြင်ဆင်နေပါတယ်။ နှင်း စိတ်ကူးထဲမှာ အရမ်းကိုသွားချင်နေတဲ့ နေရာလေးတစ်ခုဆိုရင်လဲ မမှားပါဘူး။ သွားချင်တဲ့ နေရာတွေအများကြီးထဲက တစ်ခုပေါ့နော်။ ပထမကတော့ သွားမယ်မသွားဘူးနဲ့ လွန်ဆွဲနေတာပါ။ ပါပါးနဲ့ မာမားရဲ့ အလိုလိုက်မှုကြောင့် အခုတော့ သွားရမှာပါ။ နှင်းရဲ့မောင်လေးနဲ့အတူ မောင်နှမနှစ်ယောက်သွားဖို့ ပြင်ဆင်နေပါတယ်။ အများကြီးမကြာပါဘူး။ ၄ ညအိပ်ပါပဲ။၂ ရက်နေ့သွားပြီး ၆ ရက်နေ့မနက်ပိုင်း ပြန်လာမှာပါ။ ပြန်လာရင်တော့ ထုံးစံအတိုင်း သွားခဲ့တာတွေကို ပြန်လည်ဖောက်သည်ချမှာပါ။ ဘယ်ကိုလဲဆိုတာ သိချင်နေမလားပဲနော်.........အခုတော့ပြောသေးဘူး။ သွားမယ့်နေ့ကျမှပြောပြမယ်။ ထိုင်ဝမ်နဲ့ အချိန် ၁ နာရီကွာတဲ့ နေရာလေးတစ်ခုကိုပေါ့............ပြီးတော့ မင်းသားမင်းသမီး ချောချောလေးတွေနဲ့ ကောင်မလေးတွေ အရမ်းကြိုက်တဲ့ မင်းသားလေးတွေရှိတဲ့ နေရာပေါ့ကွယ်...........

ဘန်ကောက်လေဆိပ်သစ်သို့တစ်ခေါက်


လေဆိပ်အ၀င်
လေဆိပ်အတွင်းဘက်
ပစ္စည်းရွေးတဲ့နေရာ
ခရီးသည်နားနေတဲ့နေရာကို သွားရာလမ်း


ခရီးသည်နားနေတဲ့နေရာ

လေယာဉ်ပေါ်ကနေမြင်ရပုံ



အခုတစ်လော ဓါတ်ပုံစီဒီတွေကို ပြန်လုပ်ရင်းကနေ ဘန်ကောက်သွားတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲက တစ်ချို့ကို ပြန်တွေ့ပါတယ်။ ဒီထဲကနေ ဘန်ကောက်လေဆိပ်ကို ရိုက်ထားတာတွေတွေ့တာနဲ့ ပိုစ့်တင်ဖြစ်သွားတာပါ။ ဘန်ကောက်ကို အရင်အခေါက်တွေသွားတုန်းက လေဆိပ်အဟောင်းကနေပဲ အ၀င်အထွက်လုပ်ရပါတယ်။ နောက်ဆုံးတစ်ခေါက်သွားတဲ့အခါမှာတော့ သုဝဏ္ဏဘုမ္မိ လေဆိပ်အသစ်ကြီးက ဖွင့်ပြီးသွားပြီဖြစ်တဲ့အတွက် လေဆိပ်အသစ်ကနေ အ၀င်အထွက်လုပ်ရပါတယ်။ လေဆိပ်အသစ်ကြီးဟာ တကယ်ကိုပဲကြီးကျယ်ခမ်းနားလှပါတယ်။ လူဝင်မှုကြီးကြပ်ရေးကို ရောက်ဖို့အတွက် မိနစ် ၂၀ ၃၀ လောက် လမ်းလျှောက်ရပါတယ်။ ဘေးဝဲဟာအားလုံးနီးပါးကို မှန်တွေနဲ့ကြည့် ကာထားပါတယ်။ ခရီးသည်နားနေတဲ့နေရာတွေဟာလဲ သေသေသပ်သပ်နဲ့ သန့်ရှင်းနေပါတယ်။ ဆိုက်ရောက်ဗီဇာအတွက်လဲ အလွန်လွယ်ကူစွာပဲ ပြုလုပ်နိုင်ပါတယ်။ အပြန်အတွက် check in လုပ်တဲ့အခါမှာလည်း လွယ်ကူလှပါတယ်။ ကိုယ်စီးမှာက Thai လေကြောင်းလိုင်းဆိုရင် အဲဒီကောင်တာမှာပဲ ကိုယ့်လက်မှတ်ပြပြီး နေရာယူရုံပါပဲ။ ဘယ်နိုင်ငံကိုပဲသွားသွားThai လေကြောင်းကနေဆိုရင် ဒီတစ်နေရာထဲကနေ check in လုပ်လို့ရပါတယ်။ ဒီအတွက် ဘယ်နိုင်ငံသွားမှာမိုလို့ဆိုပြီး ကောင်တာရှာရတာ မလိုအပ်တော့ဘူးပေါ့။ ပြီးတော့ လူဝင်မှုကြီးကြပ်ရေးကို ၀င်ရပါတယ်။ အဲဒီကို ၀င်ပြီးပြီဆိုရင်တော့ လိုချင်စရာ ၀ယ်ချင်စရာတွေအစုံအလင်ရှိတဲ့ Duty Free ဆိုင်တွေကို ငေးမောရင် ကိုယ်စီးမယ့် လေယာဉ်ရှိရာ နားနေဆောင်ကို ဆက်သွားရပါတယ်။ နားနေဆောင်ကိုရောက်ဖို့လဲ လမ်းတော်တော်လျှောက်လိုက်ရပါတယ်။ လေဆိပ်ကြီးက ကြီးလဲကြီးသလို အပြင်အဆင်တွေကလဲ ရိုးရိုးလေးနဲ့ လှနေပါတယ်။ ထိုင်ဝမ်လေဆိပ်ထက်ကို အများကြီးလှပါတယ်။ အပြာရောင်မီးလေးတွေကို ခပ်မှိန်မှိန်လေးထွန်းထားတာကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိပါတယ်။ နှင်း လေဆိပ်ကိုသွားတယ့်အချိန်က မနက်အစောကြီးဖြစ်နေတဲ့အတွက် ဘေးပတ်ဝန်းကျင်ကို သေသေချာချာမတွေ့နိုင်သေးပါဘူး။ လေယာဉ်က မနက် ၇:00ကျော်ဆိုတော့ လေဟာဉ်ပေါ်တက်ပြီးမှပဲ နေရောင်ကို ကောင်းကောင်းတွေ့ရပါတယ်။ ဓါတ်ပုံတွေကတော့ ဖုန်းနဲ့ပဲရိုက်ယူခဲ့ရတဲ့အတွက် သိပ်ပြီးမကောင်းလှပါဘူး။ ကင်မရာကိုမထုတ်ချင်တော့တာကြောင့် အပြင်မှာလောက်သိပ်မလှပါဘူး။ တစ်ခုတော့ရှိတယ် ထိုင်းမှာက မြန်မာဆိုရင် အမြင်သိပ်မကြည်ကြပါဘူး။ လူဝင်မှုကြီးကြပ်ရေးမှာကအစ သိသာပါတယ်။

စိတ်မကောင်းပါဘူး

ဒီနေ့ တနလာင်္နေ့ အမှန်တကယ်ဆိုရင်တော့ အလုပ်သွားရမယ့် နေ့တရက်ပါပဲ။ ဒါပေမယ့်လည်း မုန်တိုင်းသတိပေး ကြော်ငြာချက်အရ ထိုင်ဝမ်ရဲ့ မြို့တော်တော်များများမှာ အလုပ်မတက်ရ ကျောင်းမတက်ရဆိုပြီး ကြော်ငြာထားတဲ့အတွက် အိမ်ထဲမှာ နားနေခွင့်ရပါတယ်။ မုန်တိုင်းဆိုတာကတော့ ထိုင်ဝမ်မှာ ၇ လပိုင်းလောက်ကနေ စပြီးတွေ့ကြုံရတဲ့ သဘာဝဘေးတစ်ခုပါ။ တနှစ်တနှစ် မုန်တိုင်းကြောင့် ပျက်စီးတာလဲ မနည်းပါဘူး။ သေဆုံးသွားရတဲ့လူကလဲ နှစ်တိုင်းပါပဲ။ အရင်တလောကပဲ မုန်တိုင်းဝင်လို့ တံတားတွေကျိုး လူတွေသေပြီး ဘာမှမကြာဘူး အခုလဲ ထပ်ဖြစ်ပြန်ပါပြီ။ ဒီမှာက သတိပေးကြော်ငြာချက်တွေ ကယ်ဆယ်ရေးတွေရှိနေတာတောင် မထင်မှတ်တဲ့နေရာတွေမှာ လူတွေသေဆုံးကြရတယ်။ သဘာဝဘေးကို ဘယ်လိုမှရှောင်လို့မရတော့လဲ ဒီလိုပဲ ခံစားကြရတာပါပဲလေ။ အသီးအနှံတွေဆိုတာ မုန်တိုင်းကြောင့်ပျက်စီးကြရတယ်။ အခုလို မုန်တိုင်းဝင်ပြီးပြီဆိုရင် အသီးအနှံတွေ ဈေးတက်သွားပြီး။ ကိုယ်စားချင်တာမစားရပါဘူး။ မြန်မာနိုင်ငံမှာနေတုန်းက ရန်ကုန်မှာဆိုတော့ အခုလိုသဘာဝဘေးဆိုတာ ဘာမှန်းတောင်မသိခဲ့ပါဘူး။ တခြားနေရာတွေမှာ ရေကြီးတယ်ဆိုလဲမသိပါဘူး။ စိတ်ထဲမှာရေတွေနဲ့ဆို ပျော်စရာကြီးလို့ပဲ တွေးနေခဲ့တာပါ။ အခုတော့ သဘာဝဘေးကို ကြောက်တတ်လာပါတယ်။ ဒီတပတ်ဝင်တဲ့ မုန်တိုင်းက လေတော်တော်ကြမ်းပါတယ်။ နှင်းနေတဲ့အိမ်က ၈ ထပ်မှာအပြင် ကုန်းလဲနည်းနည်းမြင့်တော့ လေတိုက်တာကို ပိုခံစားရတယ်။ လေတိုက်လို့ထွက်လာတဲ့အသံက တော်တော်ကို ကြောက်စရာကောင်းပါတယ်။ tv လိုင်းတွေလဲ ပျက်တော့ အိမ်ထဲမှာပဲ ကွန်ပျူတာတလုံးနဲ့ အလုပ်ရှုပ်နေတော့တာပေါ့။ အင်း သတင်းတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။

Wednesday 24 September 2008

Orange festival in Netherlands

ဒါကတော့ နယ်သာလန်နိုင်ငံမှာပြုလုပ်တဲ့ လိမ္မော်သီးပွဲတော်မှာ လိမ္မော်သီးနဲ့အလှဆင်ထားတဲ့ အရာတွေပါ။ ဓါတ်ပုံတွေကိုတော့ သူငယ်ချင်းက Forward Mail နဲ့ပို့ပေးလိုက်တာပါ။ ကဲလိမ္မော်သီးကြိုက်တဲ့သူတွေအတွက်ပေါ့နော်။




Sunday 21 September 2008

အတုယူစရာ

ထိုင်ဝမ်ကိုစရောက်ကတည်းက အခက်အခဲတွေအများကြီးပဲဆိုပြီး ကိုယ့်ဟာကို စိတ်ပျက်နေမိတာပါ။ စကားကို သေသေချာချာမပြောနိုင်တာကို တွေးပြီးစိတ်အားငယ်နေတာကို နောက်မှနောင်တရသလို ရှက်လဲရှက်မိပါတယ်။ ထိုင်ဝမ်မှာ တခြားနိုင်ငံကနေ လာရောက်နေထိုင်ကြတဲ့လူတွေလဲရှိပါတယ်။ ဥပမာ Vietnam မိန်းကလေး ယောင်္ကျာလေးတွေ ထိုင်ဝမ်ကလူတွေနဲ့ အိမ်ထောင်ကျပြီး လိုက်နေကြတဲ့ လူတွေ အတော်များများရှိပါတယ်။ သူတို့တွေဆိုရင် ဘေးမှာ မိဘဆိုတာမပြောနဲ့ ဆွေမျိုးဆိုတာတောင် ရှိတဲ့လူရှားပါတယ်။ ရှိပြန်တော့လဲ ၀မ်းကွဲတွေ ဆွေမျိုးနီးစပ်လောက်ပဲရှိပါတယ်။ သူတပါးနိုင်ငံမှာ အိမ်ထောင်ဘက်အဖြစ်လိုက်နေရပေမယ့် စိတ်ပျက်အားလျော့တာမျိုးမရှိပဲ ဘ၀ကို ကြိုးစားကြပါတယ်။ အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးလဲ ဘယ်လိုစိတ်ဓာတ်လဲဆိုတာ မသိပေမယ့် ကိုယ့်ဘ၀အတွက် (အဆင့်မြင့်မြင့်နေချင်တဲ့အတွက်) အလွန်ကြိုးစားကြတယ်။ သူတို့တွေကို နှိမ်မှာကြောက်တဲ့အတွက် တရုတ်စာနဲ့ စကားကို အပင်ပန်းခံပြီး လိုက်သင်ကြပါတယ်။ ဒီကြားထဲ ကလေးရှိတဲ့ မိန်းကလေးတွေဆိုရင် ကလေးတစ်ဖက် အလုပ်တစ်ဖက်နဲ့ တရုတ်စာကို သင်ကြပါတယ်။ထိုင်ဝမ်ရောက်တာ ၅ လပဲရှိပါသေးတယ်ဆိုတဲ့ Vietnam ကောင်မလေးက တရုတ်စကားကို ကောင်းကောင်းပြောနိုင်ပါတယ်။ ဒါကိုတောင် သေသေချာချာနားမလည်ပါဘူးတဲ့လေ။ ဒီထက်ကို ပိုတတ်ချင်တာပါတဲ့။ အဲဒီကျမှပဲ ကိုယ့်ဟာကို ရှက်မိတော့တယ်။ နှင်းမှာတော့ စကားကောင်းကောင်းမပြောနိုင်ဘူးဆိုပြီး စိတ်အားငယ်နေတာကလွဲပြီး စာကိုကြိုးစားသင်မယ်ဆိုတဲ့ စိတ်ကူးမရှိပဲ ဒီအတိုင်းနေခဲ့တာ ၃ နှစ်ပြည့်တော့မယ်။ သူတို့တွေမှာကျတော့ သူတစ်ပါးအနှိမ်မခံချင်တဲ့စိတ်ရယ် ကြိုးစားချင်စိတ်ရှိတယ်။ တကယ်ကိုပဲ အတုယူဖို့ကောင်းပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ဘာသာစကားမဟုတ်ပေမယ့် ကိုယ့်ဘ၀အတွက် စိတ်ပျက်အားငယ်မနေပဲ ကြိုးစားနေကြတာဟာ တကယ်ကိုပဲ အားကျအတုယူဖို့ကောင်းပါတယ်။

ကိုယ့်အတွက် ဘာကျန်သလဲ

တစ်နေ့တစ်နေ့ အချိန်တွေကုန်တာ အရမ်းကိုမြန်တယ်လို့ထင်မိပါတယ်။ အချိန်သာကုန်သွားတယ် တခါတလေ ဘာမှအကျိုးမရှိလိုက်သလိုပါပဲ။ အန်တီတစ်ယောက်ကပြောပါတယ်။ “တစ်နေ့တာအချိန်ကုန်သွားပြီးလို့ ညရောက်ရင် ကိုယ်ဖြတ်သန်းခဲ့တဲ့တစ်နေ့တာမှာ ကိုယ့်အတွက်ဘာရသလဲဆိုတာ စဉ်းစားမိသလား” တဲ့လေ။ ဟုတ်ပါရဲ့ အန်တီပြောမှ သတိရတယ်။ တစ်ခါမှကို မစဉ်းစားမိတာပါ။ တစ်ရက်သာကုန်ရော ငါဘာတွေလုပ်ခဲ့လဲဆိုတာကို ပြန်ကိုမစဉ်းစားမိတာပါ။ ကောင်းတာရော ဆိုးတာရော ဘာကိုမှမစဉ်းစားပါဘူး။ အန်တီကဆက်ပြောတယ်။ “တစ်ရက်အချိန်ကုန်သွားတာနဲ့ ကိုယ့်အတွက် တစ်ခုခုတော့ ကျန်အောင်လုပ်ရမယ်”တဲ့။ “ပညာဖြစ်စေ ကုသိုလ်ဖြစ်စေ တစ်ခုခုတော့ကျန်အောင်လုပ်ရမယ်”တဲ့။ အန်တီပြောတာဟုတ်ပါတယ်။ တစ်ရက်တစ်ရက် အချိန်တွေသာကုန်သွားတယ် ဘာမှမကျန်ဘူးဆိုရင် ကိုယ့်အတွက် ဘာအကျိုးမှမရှိဘူး။ အိမ်ပြန်ရောက်ရင် ကိုယ်တစ်နေ့တာမှာ ဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစားရမယ်။ ဒါမှ ကိုယ်ဘာတွေဆက်လုပ်ရမလဲဆိုတာ သိမှာ။ စဉ်းစားပြီးလုပ်တတ်တဲ့ လူတစ်ယောက်မှာ အမှားဆိုတာ နည်းပါတယ်။ စကားပြောတဲ့နေရာမှာလဲ မပြောခင်သေချာစဉ်းစားသင့်ပါတယ်။ ကိုယ့်စကားတစ်ခွန်းက ကုသိုလ်ကိုလဲ ဖြစ်စေသလို အကုသိုလ်ကိုလဲ ဖြစ်စေပါတယ်။ ဒီတော့ ကိုယ်ပါးစပ်က ထွက်လာမယ့်စကားကို မပြောခင်သေချာစဉ်းစားသင့်တယ်။ အလကားရတိုင်း ပြောနေပြီး အကုသိုလ်ဖြစ်နေမယ်ဆိုရင် မကောင်းမှုအကုသိုလ်ကို အလကားရယူနေသလိုဖြစ်နေပါတယ်။ လူဆိုတာ မသေခင်လေးပဲ ကိုယ်ဖြစ်ချင်တာတွေကို လုပ်နိုင်တာပါ။ သေသွားပြီးရင် ဘယ်ဘ၀ ဘယ်အခြေအနေဆိုတာ မသိတော့ပါဘူး။ တစ်နေ့ သေရမယ်ဆိုတာကို ကြိုသိနေတဲ့ လူတွေဖြစ်တဲ့အတွက် မသေခင် ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေကို တတ်နိုင်သလောက်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

Sunday 14 September 2008

ဈေးဝယ်ချင်တဲ့ ဒုက္ခ

ဒီနေ့ ဈေးထဲသွားပြီး ဈေးဝယ်ပါတယ်။ စိတ်ကသိကအောင့် ဖြစ်စရာနဲ့ ကြုံခဲ့ရတယ်။ ဈေးသည်ဆိုတာ နှုတ်ချိုရတယ်လို့ ပြောကြတယ်။ ကိုယ်ကအပြောကောင်းမှ ကိုယ့်ပစ္စည်းရောင်းကောင်းမှာပါ။ အပြောကောင်းတယ်ဆိုတဲ့နေရာမှာ မဟုတ်မမှန်တာကို လိမ်လည်ပြောဆိုတာမျိုးမဟုတ်ပဲ လူတဖက်သားက ကိုယ့်ပစ္စည်းကို ၀ယ်သွားချင်စိတ်ပေါက်အောင် ပြောတတ်ရမှာပါ။ တခါတလေ ဆိုင်တွေကို ၀င်ကြည်ဖြစ်တဲ့အခါ ကိုယ်က၀ယ်မယ်လို့ စိတ်ကူးမရှိပေမယ့် ဈေးသည်ရဲ့ ဖော်ရွှေပျူငှာမှုတွေကို အားနာပြီး ၀ယ်ခဲ့တာတွေလဲရှိပါတယ်။ တခါတလေ ကိုယ်ဝယ်လိုက်တဲ့ဆိုင်က ဈေးနဲနဲပိုပေးရပေမယ့် သူ့ရဲ့ဝန်ဆောင်မှုကောင်းတာတွေကို ကျေနပ်ပြီး ပိုပေးရတယ်လို့ မထင်မိပါဘူး။

ဒီနေ့ဖြစ်ပုံက အင်္ကျီဆိုင်မှာပါ။ ဆိုင်မှချိတ်ထားတဲ့ စကဒ်လေးကို သဘောကျလို့ ၀ယ်မယ်ဆိုပြီး သွားခဲ့တာပါ။ ဆိုင်ရှင်မျိုးသမီးနဲ့ စကားစပြောတာကနေ စိတ်ညစ်ရတော့တာပါပဲ။ စကဒ်က ဘယ်အရောင်တွေရှိလဲ။ ဒါကဆိုဒ်အကြီးဆုံးလား ဆိုပြီးမေးလိုက်မိပါတယ်။ ဒါကိုသူက စိတ်မရှည်ပဲ ၀တ်ကြည့်လို့မတော်ရင်မရှိပါဘူးတဲ့။ ကဲ မသိလို့မေးမိတာပါ။ ကိုယ့်ဆီကို ဈေးလာဝယ်တဲ့သူကို ဒီလိုပဲ ပြောသလား။ စိတ်တော်တော် ညစ်သွားပါတယ်။ ဘယ်သူမဆို ကိုယ်ဝယ်မယ့်ပစ္စည်းတစ်ခုကို သိချင်တော့ မေးမိမှာပါပဲ။ သူပြထားတဲ့အရောင်ကို မကြိုက်တဲ့အတွက် ဘာအရောင်တွေရှိလဲမေးလိုက်မိတာက သူ့ကို ဒီလောက်ထိ စိတ်ဆိုးစရာ ဖြစ်သွားစေသလားဆိုတာ မစဉ်းစားမိဘူး။ ဟော နောက်တစ်ယောက်က သူပြောနေတဲ့ဈေးနဲ့ တံဆိပ်ကဈေးနဲ့ မတူလို့မေးလိုက်တာကို စိတ်ဆိုးပြီး ပြောပြန်တယ်။ ကဲဒါနဲ့ပဲ တော်ပါပြီဆိုပြီး မ၀ယ်ပဲပြန်ထွက်ခဲ့လိုက်တယ်။ ဆက်ပြီး မေးနေပြောနေရင်လဲ စိတ်ညစ်ရမယ့်အတူတူ ကိုယ်လိုချင်တာမရလဲ ဘာမှမဖြစ်ဘူးလေဆိုတဲ့ စိတ်နဲ့ပဲ အိမ်ပြန်ရောက်လာပါတယ်။

ဈေးရောင်းမယ့်သူဆိုတာ ကိုယ့်စိတ်ထဲက ဈေးဝယ်ရဲ့အပြုအမူ အပြောအဆိုတွေကို မကြိုက်ရင်တောင် ကိုယ့်ပစ္စည်းရောင်းထွက်ဖို့အတွက် သည်းခံနိုင်ရမယ်။ တော်ရုံတန်ရုံ ပစ္စည်းအကြောင်းသိချင်လို့ မေးလာရင် နားလည်အောင်ရှင်းပြနိုင်ရမှာပေါ့။ နှင်းတို့လဲဈေးရောင်းဈေးဝယ် လုပ်ခဲ့ဘူးတာပါပဲ။ ဒါပေမယ့် အခုလိုမျိုးကြတော့ တော်တော်စိတ်ညစ်ရပါတယ်။ တချို့ဈေးသည်တွေ တော်တော်အပြောကောင်းပါတယ်။ လူတယောက်ကို ၀ယ်သွားချင်စိတ်ပေါက်အောင်ကို ပြောနိုင်ပါတယ်။ ကိုယ်ဘယ်လောက်ပဲ စိတ်ထဲမှာ စိတ်ဆိုးနေပါစေ နှုတ်ကချိုချိုသာသာနဲ့ ပြောဆိုနေတော့ နားဝင်ချိုသလို ၀ယ်သူကိုလဲ ဖမ်းစားနိုင်ပါတယ်။ ဒါဟာလည်း ပညာတစ်ခုလို့ပြောရမှာပါ။

ကိုယ့်ဆိုင်ကို ၀င်လာပြီဆိုကတည်းက ကိုယ့်ဆီက ပစ္စည်းတခုခုကို သဘောကျလို့ ၀င်လာတာပါ။ ၀င်လာတဲ့သူက ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်နေပါစေ လက်ရှိသူဟာကိုယ့်ရဲ့ ဈေးဝယ်သူဖြစ်နေတဲ့အတွက် သူစိတ်ကျေနပ်အောင် ကိုယ်က၀န်ဆောင်မှုပေးရမှာပါ။ သူဘာကိုသဘောကျနေလဲဆိုတာကို ကြည့်ပြီး ၀ယ်ချင်သွားအောင်ပြောတတ် ရောင်းတတ်မယ်ဆိုရင် ကိုယ့်အတွက် ပိုပြီးအကျိုးရှိမှာပါ။ အ၀တ်အစားအပြင်အဆင်ကိုကြည့်ပြီး ပြောဆိုဆက်ဆံမယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်။

စိတ်ချမ်းသာပျော်ရွှင်စွာ ဈေးဝယ်နိုင်ကြပါစေ.............

Friday 12 September 2008

ဒုက္ခတမျိုး

အခုတလော စိတ်က မြန်မာပြည်ကိုပဲ ပြန်ချင်နေပါတယ်။ နိုင်ငံရပ်ခြားမှာ နေရတာ ဘယ်လောက်ပဲ အဆင်ပြေပါတယ် ပြောနေပါစေ မပျော်ရွှင်ပါဘူး။ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ နေရာလေးကိုပဲ တမ်းတမိပါတယ်။ မြန်မာပြည်ကို လွမ်းနေတယ်။ ပြန်ချင်နေပါတယ်ဆိုလို့ တမျိုးတွေလည်း မတွေးနဲ့ဦးနော်။ သံယောဇဉ် ထားနိုင်လောက်အောင်လည်း သူများတကာတွေလို လှတပတလေးမဟုတ်တော့ မထားခဲ့နိုင်ဘူးပေါ့ကွယ်။ သိပ်ချစ်ရတဲ့ ဖွားဖွားနဲ့ ဆွေမျိုးတွေကို လွမ်းလို့ တပတ်တခါ ဖုန်းခေါ်ရတာလည်း တော်တော်လေးကို ကုန်နေပါပြီ။ ပါပါးနဲ့ မာမားကလည်း သတိရတိုင်း မြန်မာပြည်ကို ဖုန်းဆက်လွန်းလို့ မြန်မာပြည်ကလူက ပြန်တားယူရပါတယ်။ ဒါကလည်း နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေရဲ့ ဒုက္ခတမျိုးပါပဲ။ မြန်မာပြည်နဲ့ ဖုန်းပြောနေရတဲ့အချိန်ဆိုရင် စိတ်က ပျော်နေတာပါပဲ။ ကိုယ်သိချင်တာတွေ ကိုယ်ပြောချင်တာတွေကို ပြောနေရင်း ဖုန်းကကျသွားပြီဆိုရင်တော့ စိတ်ကသိအောင့် တော်တော်ဖြစ်မိပါတယ်။ တခြားနိုင်ငံတွေကို မိနစ်အများကြီးပြောလို့ရပေမယ့် မြန်မာနိုင်ငံကိုတော့ မိနစ်ပိုနည်းနေတာကို စိတ်ကလဲ မကျေမနပ်ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ဘာမှမတတ်နိုင်တဲ့အရာမို့ မကျေမနပ်ဖြစ်ပေမယ့် “ ကိုယ်က မဆက်ပဲမှ မနေနိုင်တာ” ဆိုတော့လည်း ပြောပြောဆိုဆိုနဲ့ပဲ ဆက်ရတာပါပဲ။ နှင်းတို့်မိသားစုတွေ ဖုန်းဆက်လွန်းလို့ ဖုန်းကဒ်ရောင်းတဲ့ဆိုင်မှာ ဖောက်သည်ဈေးနဲ့ဝယ်ထားရပါတယ်။ ဖောက်သည်ဈေးဆိုလို့လဲ အများကြီးမသက်သာပါဘူး။ ၅ ကျပ်လောက်ပဲသက်သာပါတယ်။ တခါတလေ အိမ်မှာကုန်သွားရင် ဖုန်းဆက်ပြီး စာရင်းမှတ်ခိုင်းတတ်ပါသေးတယ်။ ကဲ ဒီလောက်ဆိုရင် မြန်မာပြည်ကိုလွမ်းလို့ ခံစားရတဲ့ ဒုက္ခတမျိုးကို သိလောက်ပြီနော်။ ဖုန်းခတွေအရမ်းကုန်နေလို့ မြန်မာပြည်ကို မြန်မြန်ပြန်ချင်နေပါတယ်။

Tuesday 9 September 2008

တွေးပြီးရယ်မယ်

ပျောက်ပုံဆန်း

“ခုတလော အားကြီးပျောက်တယ်ကွာ”
“နေ့ရောညရော အစောင့်တွေရှိနေတဲ့ကြားက ပျောက်တာလား”
“ပစ္စည်းပျောက်တာမဟုတ်ဘူးကွ စာရင်းစာအုပ်ထဲက ဂဏန်းတွေပျောက်ပျောက်နေတာ”

ကြွားပုံက

“ရှင့်သားခု ဘာလုပ်နေလဲ ကျွန်မသားကတော့ မန်နေဂျာဖြစ်နေပြီ”
“ဟုတ်လား ကျွန်မသားကလဲ ကုန်တိုက်မှာ အရေးပါတဲ့သူ ဖြစ်နေပါပြီ ပြဿနာတစ်ခုခုရှိတာနဲ့ သူ့ကိုခေါ်မေးရတာ။ သူသွားဖြေရှင်းပြမှဖြစ်တာ”
“သြော် ဘာရာထူးများပါလိမ့်”
“ညစောင့်လေ”


လုပ်ချင်မှလုပ်

“မင်းတာဝန်ယူရမှာ ဒီဂိုဒေါင်ဆယ်လုံးပဲ”
“ပေးတဲ့လစာက မနည်းဘူးလားခင်ဗျာ”
“အိပ်ရာပြောင်းအိပ်တဲ့ လစာလို့ သဘောထားလေ”
“မင်းအိမ်မှာ အိပ်မယ့်အစား ဒီမှာလာအိပ်ရတာ ဒါတွေက မြေတူးစက်ကြီးတွေ ထားတဲ့ဂိုဒေါင်ကွ”


ဖွင့်မယ်

“မန်နေဂျာကြီး လာပါဦး”
“ပြောပါသူဌေး”
“ရှေ့ခန်းမှာ စာရေးမဘယ်လောက်ခန့်ထားတာလဲ”
“ဆယ်ယောက်ပါ”
“အင်း ဆယ်ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာ နေရာပေးဖို့ဆံ့မှာ မဟုတ်ဘူး။ ဒီတော့ လက်သမားဆရာ ခေါ်ဗျာ”
“ဘာလုပ်မှာလဲဆရာ”
“ခန်းဆီးတွေ ဖြုတ်ခိုင်းမယ်”


ကွက်လပ်ကလေး ဖြည့်လိုက်ကြပါ

သူငယ်ချင်းဖြစ်သူ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အပျိုကြီတစ်ဦး ညည်းညည်းညူညူ ပြောကြားသည်ကား............
“လောကမှာ ယောကျာင်္းအတော်များများက လူလိမ်လူညာတွေချည်းပဲ”
“ဘာဖြစ်လို့လဲဟ”
“တစ်ချိန်က ငါ့ကိုချစ်လှပါတယ် ကြိုက်လှပါတယ်ဆိုတဲ့ ယောကျာင်္းတွေ အများကြီးပဲ”
အဲဒီတော့ ဘာဖြစ်လဲ”
“ငါ့ကို ယူမယ့်သူကျတော့ တစ်ယောက်မှ မရှိလို့”
“ဟိုက်”



ဖြစ်ပုံက

အော် ဘလော့တွေကို သွားမလည်ဖြစ်တော့ ဘယ်သူတွေ ဘာတွေရေးလို့ ဘာဖြစ်နေမှန်းမသိလိုက်ပါဘူး။ နှင်းကို တီတီ ဒရင်းက တက်လိုက်တော့ နှင်းသိတဲ့လူတွေကို တက်မယ်လဲလုပ်ရော တီတီကကြည့် ဦးအောင်တက်ထားတယ်လေ။ ဒါနဲ့ပဲ အစ်မသုံးယောက်ကို တက်လိုက်ပါတယ်။ ဖြစ်ပုံက မမယ်ဂုမီကို မမီးငယ်က တက်ထားပြီးသားဆိုတာကို မသိလိုက်ဘူး။ မအားတာနဲ့ ဘလော့တွေကို မလည်ဖြစ်တော့ အခုလိုဖြစ်တာပေါ့။ ပိုစ့်တွေလဲ မတင်ဖြစ်သလို ဘလော့တွေကိုလည်း မလည်နိုင်။ ဘလော့မှာ တန်းပလိတ်ပြောင်းလိုက်ပါတယ် ဘာမှမပေါ်တော့လို့ အလုပ်တွေရှုပ်သွားတာနဲ့ ဘာမှကို မလုပ်ဖြစ်တော့ပါဘူး။ ကိုယ်တိုင်ကလည်း HTML ကိုမသိတော့ သူများတွေလို လှတပတလေးလည်း မပြင်နိုင်ဘူးပေါ့ကွယ်။ ကိုယ်တိုင်ပေါ့လျော့တာကို မမယ်ဂုမီ ပြောမှသိရတော့ ရှက်လိုက်တာလေ မပြောချင်တော့ပါဘူး။ (ရှက်တတ်လို့ပဲ လူတကာသိအောင် ပြောပြနေတယ်။) မမယ်ဂုမီကိုလည်း အားနာမိပါတယ်။ နှင်းလုပ်လိုက်တာနဲ့ အလုပ်တွေရှုပ်သွားရတယ်။ ဘလော့ရောဂါကလည်း မသေးပါဘူးနော်။ ဘာပိုစ့်မှသာမတင်ဖြစ်တာ နေ့တိုင်းတော့ ဖွင့်ကြည့်ရတာ အမောပါပဲ။ ဘယ်သူတွေများလာလည်မလဲ ဘာတွေပြောမလဲလို့လေ။ ကယ် ဒီရောဂါကို ဘာဆေးနဲ့ကုရမလဲ မသိတော့ပါဘူး။ မမယ်ဂုမီရေ နောက်တစ်ခါ ဒီလိုမဖြစ်အောင် အမြဲလာလည်မယ်နော်။ ဒီတစ်ခါတော့ ဆောတီး အဲလေ ဆောရီးပါနော်............

Monday 8 September 2008

မီးမီးအကြောင်း

တီတီဒရင်းက တက်လိုက်တော့လဲ ရေးရတော့မှာပေါ့။ အလုပ်တွေရှုပ်နေတယ်လို့ မထင်နဲ့နော် အရှုပ်တွေလုပ်နေလို့ အခုမှပဲ ရေးဖြစ်တော့တယ်။ ကိုယ့်အကြောင်း ကိုယ်ရေးဖို့ စဉ်းစားလိုက်တာ ၈ ရက်လောက်ကြာသွားတယ်။ တီတီတောင်းတဲ့ ဆုနဲ့တော့ လွဲပါပြီ တီတီရယ်။ ၁ ရက်ထဲကျော်တာပဲ လျော့လိုက်နော် တီတီ။ တီတီ တက်လိုက်တဲ့ မီးမီးအကြောင်းကတော့

ကိုယ့်ရဲ့နာမည်.................................................... နှင်းလေး
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်.................နှင်းတဲ့ တချို့ကလဲ ချစ်စရာကောင်မလေးတဲ့ :P
ကိုယ်ဒီမှာနေတယ်.............................................အိမ်မှာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင်.......................................အိမ်ဖုန်းနဲ့လဲဆက်လို့ရတယ် ဟန်းဖုန်းနဲ့လဲရတယ်
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်......................................................အနီရောင် အဖြူရောင် အနက်ရောင် အရောင်ဖျော့ဖျော့လေး
အ၀တ်အစားဆိုရင်................................................ပေါ့ပေါ့ပါးပါး ကိုယ်နဲ့လိုက်တာတွေ
ပစ္စည်းဆိုရင်......................................................ကိုယ်သုံးလို့အဆင်ပြေတာအားလုံး
သီချင်းဆိုရင်...................................................Pop နဲ့ ခံစားလို့ရတာအားလုံး
စာရေးစာဆရာ...................................................အားလုံးပဲ
စာအုပ်.............................................................ရယ်စရာနဲ့ ဗဟုသုတရမယ့်စာအုပ်တွေ
Life style.....................................................အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝ
ကိုယ့်ရဲ့ဝါသနာ................................................မိဘတွေနဲ့ စကားပြောမယ်။ စာဖတ်မယ်။ ခရီးသွားမယ်။
အလိုချင်ဆုံးလက်ဆောင်.................................ရိုးသားမှုရှိတဲ့ စိတ်ကလေးနဲ့ ကိုယ့်ကိုခင်မင်ဖို့
ကိုယ့်ရဲ့ အချစ်ဆုံးသူက.....................................မိဘနှစ်ပါးနဲ့ ကိုယ့်ကိုကိုယ်
ကိုယ့်ရဲ့ အလေးစားဆုံးသူက..................................လူသားအားလုံး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက.............................ရိုးသားမှုရှိတဲ့ သူငယ်ချင်း
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက.......မိဘနှစ်ပါး
ကိုယ့်ရဲ့ အမုန်းဆုံးသူက.......................................မရှိသေးဘူး
ရင်အခုန်ဆုံးအချိန်...............................................လိုချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရတော့မယ့်အချိန်
အကြောက်ဆုံးအချိန်............................................မိဘတွေနဲ့ခွဲရမှာ
အပျော်ဆုံးအချိန်............................................အများကြီးပဲ
အမှတ်တရနေ့..............................................ဒါလည်းအများကြီးပဲ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု...တောင်းတဲ့ဆုနဲ့ ပြည့်ရပါစေ
အချစ်ဆိုတာ..................................................မသိသေးဘူး
အမုန်းဆိုတာ....................................................မရှိသေးဘူး
အလွမ်းဆိုတာ................................................မဖြစ်ဘူးသေးဘူး
သံယောဇဉ်ဆိုတာ..............................................အဖြူရောင်ကြိုးလေး
ဘ၀ဆိုတာ......................................................မွေးဖွားပြီးအချိန်ကစပြီး မသေဆုံးခင် ကြားထဲကအချိန်
သူငယ်ချင်းဆိုတာ...........................................တယောက်ကိုတယောက် နားလည်ပေးနိုင်သူ
ချစ်သူဆိုတာ..................................................ဘယ်လိုလူမျိုးပါလိမ့်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်....................................ချစ်စရာကောင်မလေး :P
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က..............................သူတစ်ပါးကောင်းတာမကောင်းတာထက် ကိုယ်ကောင်းဖို့က အရေးကြီးတယ်
အပြောချင်ဆုံးစကားတစ်ခွန်း..........................ပျော်ရွှင်အောင်နေ စိတ်ချမ်းသာအောင်နေ

ကိုယ်တက်ချင်တဲ့လူတွေကို တီတီကကြည့် တက်လိုက်တော့ ကိုယ်မတက်ရတော့ဘူးပေါ့။ ဒါပေမယ့်လည်း မနေနိုင်လို့ အစ်မ ၃ယောက်ကို တက်လိုက်ဦးမယ်။

၁။ မမယုဝရီ
၂။ မဆောင်းဦး
၃။ မီဂုမိ

မအားတဲ့ ကြားကပဲ ရေးကြပါနော်။

Friday 5 September 2008

စဉ်းစားပါဦး

ရောမလိုရောက်ရင် ရောမလို ကျင့်ရမယ် ဆိုတဲ့ စကားအတိုင်း ကိုယ်နေထိုင်ရာဒေသကိုလိုက်ပြီး လိုက်လျောညီတွေ နေနေကြရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ဓာတ်တွေ ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို မေ့ပစ်ဖို့အထိ မပြောင်းလဲသင့်ဘူးလို့ ထင်ပါတယ်။ နေထိုင်စားသောက်မှုတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ မိဘအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုတော့ မပြောင်းလဲသင့်ပါဘူး။ မြန်မာပြည်မှာ နေတုန်းကတော့ အလွန်လိမ္မာယဉ်ကျေးပါတယ်ဆိုတဲ့ သားသမီးတွေ နိုင်ငံရပ်ခြားကို ရောက်လာတဲ့အခါမှာ ဘယ်လိုတွေကြောင့် ရိုင်းစိုင်းပြီး မိဘကို ချစ်ခင်ကြင်နာစိတ်တွေ လျော့နည်းလာကြတာလဲ? ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲလာရ
တာပါလို့ ပြောချင်လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်မှာ ကိုယ်ပိုင်အသိ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိနေတာက ဘာအတွက်အသုံးချရမှာလဲ.....။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုပြီး ပြောကြမှာပဲ။ ဒါဟာလည်း ကိုယ့်ရဲ့စိတ်က ဖြစ်ချင်မှ လိုက်လုပ်မှ ဖြစ်တာပါ။ လူဆိုတာက စဉ်းစားဖို့ဦးနှောက် ရှိနေတာပဲ။ မိဘတွေက သားသမီးတွေကို ရင်အုပ်မကွာ ထားချင်လို့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး နိုင်ငံခြားကို ရောက်အောင် ခေါ်လာခဲ့တာပါ။ ဒါပေမယ့်လည်း နိုင်ငံခြားဆိုတာကိုလည်းရောက်ရော အပြောအဆို အနေအထိုင် စိတ်ဓာတ်တွေကအစ ပြောင်းလဲလာပြီး မိဘအပေါ်မှာပါ သနားညှာတာစိတ်တွေ ကင်းလာကြတယ်။ အရာရာကို သိတတ်နားလည်နေတဲ့ အရွယ်တွေဖြစ်နေပါလျက် ဘာကြောင့်များ ဒီလိုတွေဖြစ်နေတယ်။ မဖြစ်သင့်ဘူးထင်လို့ တားမြစ်လိုက်ရင် “ဒါက မြန်မာပြည်မဟုတ်ဘူး နိုင်ငံခြား” ဆိုပြီး ပြောကြပြန်တယ်။ နိုင်ငံခြားမှာနေလို့ သူတို့တွေလို လိုက်လုပ်ရမယ် လိုက်နေရမယ်ရယ်လို့ မသတ်မှတ်ထားပါဘူး။ ကိုယ်တိုင်က လုပ်ချင်နေလို့ ဆင်ခြေပေးလိုက်တာပါ။ သူတို့တွေက သူတို့နိုင်ငံ သူတို့ဓလေ့ မွေးကတည်းက နေလာတဲ့ပုံစံဖြစ်လို့ ဘယ်လိုမှ မနေပါဘူး။ ဒါပေမယ့် ကိုယ်တွေကျတော့ ကိုယ့်ဓလေ့ ကိုယ့်နိုင်ငံလဲမဟုတ်ပါပဲ လိုက်လုပ်တဲ့အခါ ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်ပါ။

သဝေထိုး င၀ဆွဲ ငွေ

ပိုက်ဆံ လို့ပြောလိုက်ရင် ၃ နှစ်ကလေးကအစ လိုချင်တက်မက်ကြပါတယ်။ ဘ၀မှာ အရာတော်တော်များများကို ငွေ ဆိုတဲ့အရာက လွှမ်းမိုးထားပါတယ်။ စားဝတ်နေရေးဆိုတဲ့အရာတွေဟာ ငွေပါမှ ငွေရှိမှ လုပ်ဆောင်နိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့်လဲ ငွေနောက်ကို လူတိုင်း လိုက်နေကြတာပါ။ သူများနေသလို သူများစားသလို သူများတွေသုံးနေသလို သုံးချင်လို့ အရာတော်တော်များများကို ဂရုမစိုက်နိုင်ပဲ ငွေနောက်ကို လိုက်နေကြပါတယ်။ ငွေနောက်ကို လိုက်ရင်းကနေ ဘ၀ပျက်တဲ့လူတွေလဲရှိသလို အောင်မြင်နေတဲ့ လူတွေလဲ ရှိပါတယ်။ ငွေဆိုတဲ့အရာဟာ လူတွေရဲ့စိတ်တွေကို ပြောင်းလဲပစ်နိုင်တယ်။ ငွေရမယ်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ လူတွေလဲ အများအပြားပါပဲ။ ငွေရဖို့အတွက် နေ့ညမနား ရှာနေတဲ့လူတွေ ကိုယ့်မိသားစုဆိုတာကို တခါတလေ မေ့ထားတတ်ပါတယ်။ မိသားစုအတွက် အချိန်မပေးနိုင်ပဲ ငွေနောက်ကိုပဲ လိုက်နေတဲ့အတွက် မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာဆိုတာကို မခံစားနိုင်တော့ပါဘူး။ တချိန်လုံး ခေါင်းထဲမှာ ငွေဆိုတဲ့အရာက စိုးမိုးထားတဲ့အတွက် တခြားအရာတွေကို ဂရုမစိုက်နိုင်တော့ပါဘူး။ ငွေ ဟာဘ၀မှာ အရေးပါတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အရာရာကိုတော့ ငွေကြေးနဲ့ ၀ယ်ယူလို့ မရနိုင်ပါဘူး။ မိဘဆီကရတဲ့ အေးမြတဲ့မေတ္တာ မိသားစုဘ၀ရဲ့ နွေးထွေးကြင်နာမှုတွေကို ငွေနဲ့ဝယ်ယူလို့ မရနိုင်ပါဘူး။ ငွေကြေးတွေလဲ ပြည့်စုံပါတယ်။ ရာထူးတွေလဲ ရှိပါတယ် ဒါပေမယ့် နွေးထွေးမှုမရှိ ကြင်နာမှုမရှိတဲ့ ဘ၀ကိုပိုင်ဆိုင်နေရမယ်ဆိုရင် ဘ၀ဟာ ဘာမှအဓိပ္ပာယ်မှ မရှိတော့ဘူးလို့ထင်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် နွေးထွေးမှုရှိတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ပြီး တိုတောင်းလှတဲ့ဘ၀မှာ အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့က ပိုအရေးကြီးတယ်လို့ထင်ပါတယ်။

ငွေ ဆိုတဲ့အရာဟာ လူတွေရဲ့စိတ်တွေ အကျင့်တွေကို အများကြီးပြောင်းလဲပစ်တယ်။ ငွေမရှိတဲ့ လူတွေဟိာငွေလိုချင်တဲ့အတွက် မလုပ်သင့်တာတွေ မပြောသင့်တာတွေကို လုပ်မိပြောမိကြတယ်။ ငွေရှိတဲ့လူတွေကျပြန်တော့လဲ ငွေကိုအကြောင်းပြပြီး မလုပ်သင့်တာတွေကို လုပ်ကြပြန်တယ်။ ငွေကြောင့် လူတွေရဲ့ စာရိတ္တတွေ ပျက်စီးရတယ်။ ဘ၀တွေ ပျက်ကြရတယ်။ ငွေဆိုတာကို လိုချင်လာတော့ မိသားစု နဲ့ မိဘတွေကိုပစ်ထား ကိုယ့်မွေးမြေကို ခွဲခွာပြီး စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်ကြရတယ်။ ငွေရဖို့အတွက် ရှာဖွေရတာ ခက်ခဲသလောက် သုံးဖို့ကျတော့ အလွန်လွယ်တယ်။ ဒါတွေကို သိနေပေမယ့်လည်း ငွေဆိုတဲ့အရာရဲ့ လွှမ်းမိုးချယ်လှယ်မှုကို လူတိုင်းမငြင်းဆန်နိုင်ပဲ ခေါင်းငုံ့နေကြရတယ်။ ငွေ ငွေ လူတွေကို အမျိုးအမျိုးဖြစ်အောင် ဖန်တီးနိုင်တဲ့ အရာပါပဲ..................

Monday 1 September 2008

ရေစက်

တစ်ခါတုန်းက မြို့တစ်မြို့မှာ လှေကွဲကြီးကို ခတ်ထားတဲ့ သော့တွဲကြီးကို ခါးမှာဆွဲပြီး အမြဲသွားလာနေတဲ့ အမျိုးသား တစ်ယောက်ရှိတယ်။ အဲလိုပဲ လူတွေအထင်ကြီးအောင် ကြေးလက်ကောက်တွေဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်လဲရှိတယ်။ တစ်နေ့တော့ သော့တွဲကြီးချိတ်ထားတဲ့ အမျိုးသားက ကြေးလက်ကောက်တွေ ၀တ်ထားတဲ့ အမျိုးသမီးကို တွေ့သွားပြီး “ဒီအမျိုးသမီးကတော့ လက်ကောက်တွေအများကြီးနဲ့ သူ့ကိုသာယူလိုက်ရင် စီးပွားရေးအစဉ်ပြေမှာပဲ” လို့ တွေးမိတယ်လေ။ ဒီလိုပဲ ကြေးလက်ကောက်တွေ ၀တ်ထားတဲ့ အမျိုးသမီးကလဲ သော့တွဲကြီး ချိတ်ပြီး သွားလာနေတဲ့ သူကို မြင်တော့ “ဒီလူကခါးမှာ သော့တွဲကြီးချိတ်ထားတယ်။ မီးခံသေတ္တာသော့ဖြစ်မှာပဲ။ သူ့ကိုသာ လက်ထပ်လိုက်ရင် ချမ်းသာပြီ” ဆိုပြီးတွေးလိုက်တယ်။ ဒီလိုနဲ့ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အထင်တွေကြီးပြီး အိမ်ထောင်ပြုလိုက်ကြတယ်။ အိမ်ထောင်ပြုပြီးတော့ အမျိုးသမီးက အမျိုးသားကို စီးပွားရေးလုပ်ရအောင် အရင်းအနှီးထုတ်ခိုင်းတာပေါ့။သော့တြွဲကီးချိတ်ထားတဲ့သူကလဲ သူ့မှာပိုက်ဆံမရှိဘူးပြောတာပေါ့။ ဒီတော့ အမျိုးသမီးက “ခါးမှာချိတ်ထားတာ မီးခံသေတ္တာသော့မဟုတ်ဘူးလား” မေးတာပေါ့။ ဒီတော့မှ အမျိုးသားက “ဒါက မီးခံသေတ္တာသော့မဟုတ်ဘူး။ သုံးမရပဲ ကွဲနေတဲ့ လှေကြီးကို ခတ်ထားတဲ့ သော့တွဲကြီး” လို့ ဖြေလိုက်တယ်။ အဲဒီတော့မှပဲ အမျိုးသမီးက သူထင်နေတဲ့ သူဌေးမဟုတ်ဘူးဆိုတာ သိသွားတာပေါ့။ အမျိုးသားက “ငါ့မှာတော့ ဘာမှမရှိဘူး။ မင်းဝတ်ထားတဲ့ လက်ကောက်တွေ ချွတ်ရောင်းပြီး အရင်းအနှီးလုပ်ရအောင်” လို့ ပြောတာပေါ့။ အဲဒီတော့မှ အမျိုးသမီးကလဲ “လက်ကောက်တွေက ရွှေအစစ်တွေမဟုတ်ဘူး။ ကြေးလက်ကောက်တွေလေ” လို့ပြောလိုက်တယ်။ တစ်ယောက်ကိုတစ်ယောက် အထင်ကြီးပြီး အိမ်ထောင်ပြုခဲ့တဲ့ သူတို့နှစ်ယောက် ဘာမှမရှိမှန်းလဲသိရော နှစ်ဦးသဘောတူ လမ်းခွဲပြီး ကြုံရာကျပန်း လုပ်ကိုင်ပြီး အမြို့မြိုကအနယ်နယ် လှည့်ပြီး စီးပွားရှာကြတယ်။ ဒီလိုနဲ့ အမျိုးသားကလဲ အငြိမ့်အဖွဲထဲဝင်ပြီး လင်ကွင်းတီးတဲ့ဆရာ ၀င်လုပ်နေတယ်။ အငြိမ့်လဲထွက်ရော အမျိုးသမီးက သီချင်းဆိုပြီး ကတောပေါ့။ လင်ကွင်းတီးတဲ့လူက “ဒီအသံကို ငါကြားဘူးပါတယ်” ဆိုပြီး ကြည့်လိုက်တော့ အရင်တုန်းက သူ့မိန်းမ ဖြစ်နေတယ်။ ဒါနဲ့ပဲ လင်ကွင်းကို အားရပါးရ တီးတော့တာပေါ့။ စင်ပေါ်က ကနေတဲ့သူကလဲ အောက်ကလင်ကွင်းက အရမ်းကိုတီးနေပါလားဆိုပြီး ကြည့်လိုက်တော့ တစ်ခါက သူ့ယောကျာင်္း ဖြစ်နေတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး လင်ကွင်းသမားကလဲ တီးကောင်းကောင်းနဲ့တီးလိုက်တာ လင်ကွင်းရဲ့ဘုပဲ ကျန်တော့တယ်။ ကနေတဲ့သူကလဲ ကကောင်းကောင်းနဲ့ ခြေခပ်ကလိုက်တာ အထက်ဆင်ပဲကျန်တော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အတူမနေချင်လို့ လမ်းခွဲလိုက်တာပါပဲ။ ဒါပေမယ့်လည်း အတိတ်ရေစက်က ပါလာတော့ အငြိမ့်တစ်ဖွဲထဲမှာ လင်ကွင်းဆရာနဲ့ အငြိမ့်သမ အဖြစ်လာပြန်ဆုံကြရတယ်။

အတိတ်ကံရေစက် ပါလာတော့ တစ်ယောက်နဲ့တစ်ယောက်လာဆုံကြရတယ်။ ကိုယ်ကမဆုံချင်လို့ ဘယ်လိုပဲရှောင်ရှောင် ရေစက်မကုန်တော့လဲ ပြန်ဆုံကြရတယ်။


နောက်လဲလာလည်နော်

Glitter Graphics