Thursday 31 January 2008

မမေ့သေးဘူး


့နှစ်သစ်ရဲ့ ပထမဆုံးတစ်လတော့ ကုန်သွားပြန်ပြီ နှစ်ဟောင်းရဲ့နောက်ဆုံးရက်မှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်လိုမှမေ့လို့မရဘူး အဲဒီည ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ မထင်မှတ်တာတွေဖြစ်ခဲ့တယ် နှစ်သစ်ကူးညမှာ အရမ်းကိုပျော်လိုက်မယ်ဆိုတဲ့အတွေးနဲ့ ပျော်နေခဲ့တာ တကယ်တမ်းတော့ ဖြစ်မလာခဲ့ဘူး လူကအကောင်းကြီးကနေ ဗိုက်ကထအောင့်တယ် ပြီးလဲပြီးရော ပါပါးကထပြီးဆူပါလေရော ၁၂ နာရီဆိုတာ ဘယ်လိုထိုးသွားမှန်းကို မသိလိုက်တာ။ ၁၂ ကျော်တော့ မထင်မှတ်တဲ့လူတွေနဲ့ ဆုံဖြစ်တယ်
စကားတွေလဲပြောဖြစ်တယ် ၁၂ နာရီမကျော်ခင်ကဖြစ်နေတဲ့ စိတ်ညစ်မှုတွေက တဖြည်းဖြည်းပျောက်ကုန်တယ် ၃၁ ရက်ညကဖြစ်ပျက်ခဲ့တာတွေ အခုတစ်လပြည့်တဲ့အချိန်ထိ ဘယ်လိုမှမမေ့နိုင်သေးးဘူး ၂၀၀၈ ခုနှစ်အစရဲ့ အမှတ်တရလေးတွေပေါ့ ဟဲဟဲ နောက်တစ်ခုသတိရတာရှိသေးတယ် ဒါကတော့ ၂၀၀၈ ရဲ့ ပထမဆုံးလုပ်အားခကို နောက် ၅ ရက်နေရင် ရတော့မယ်ဆိုပြီး တွေးပြီးပျော်တာလေ ဟဲဟဲ အခုလဲနောက် ၅ ရက်နေရင် သိတဲ့အတိုင်းပေါ့

Wednesday 30 January 2008

နောက်ဆုံးရင်ခွင်


နေ့ နဲ့ ည အချိန်တွေပြောင်း
ရာသီတွေ အလီလီဟောင်း
နေရာတွေ ဘယ်လိုပင်ပြောင်း
စိတ်ထဲမှာ ဘယ်ခါမှမပြောင်းလဲပဲ
အမြဲထာဝရရှိနေတာက “မြန်မာပြည်”

ပြည့်စုံတဲ့ ရင်ခွင်မှာမပျော်
မပြည့်မစုံနဲ့ ရုန်းကန်နေရတဲ့
မင်း ဆီမှာနေရတာဟာ ပိုလို့ပျော်ပါတယ်

မချစ်လို့ ပစ်သွားတာမဟုတ်ပါဘူး
မတတ်သာလို့ ခပ်ခွာခွာနေနေရတာ
င့ါ ရင်ထဲမှာ မင်း အမြဲရှိနေတာပါ

ပြောမကုန်တဲ့ ပုံပြင်တွေရယ်
ငါ့ ဘ၀ရဲ့ မှတ်တိုင်တွေရယ်
မပြောင်းလဲပဲကျန်နေတဲ့ ငါ့ အတိတ်တွေရယ်
မင်း ဆီမှာခဏသိမ်းထားခဲ့တယ်နော်

မင်း ဆီကိုအရောက်ပြန်ခဲ့ဖို့
ငါ အင်အားတွေစုနေတယ်

ငါ့ ဘ၀ရဲ့နိဂုံးကို
မင်း ရင်ခွင်မှာ အဆုံးသတ်မယ်ဆိုတာ
မင်း ယုံအောင် ပုံပြင်အပြောမဟုတ်ပဲ
ငါ အလုပ်နဲ့ သက်သေပြမှာပါ

Tuesday 29 January 2008

မြေးချစ်ရတဲ့ ဖွား


သားအချစ် မြေးအနှစ်တဲ့ မြေးအတွက်တော့အရမ်းကိုမှန်တယ်။ ငယ်ငယ်ကထဲက ဖွား လက်ပေါ်မှာကြီးခဲ့တဲ့မြေး..........ဖွား အပေါ်ကိုအမြဲတမ်းဆိုးပေမယ့်.......အပြုံးမပျက်တဲ့ ဖွား မျက်နှာက ဘယ်ခါကြည့်ကြည့် ကျက်သရေကိုရှိနေတာ။ သားသမီးတွေကို ဘယ်လိုပဲဆူခဲ့ရိုက်ခဲ့ မြေးအနှစ်ဆိုတဲ့အတိုင်း မရိုက်ရက်ခဲ့တာက ဖွား ရဲ့အချစ်တွေပေါ့။ ဘယ်သွားသွားခေါ်သွားတတ်တဲ့ ဖွား..........၃နှစ်အရွယ်မြေးကို ဒုက္ခခံပြီး သားသမီးတွေကကန့်ကွက်ရင်တောင် လက်မခံပဲ ရအောင်ခေါ်သွားတတ်တာကြောင့် ဖွား ကိုအရမ်းချစ်ခဲ့တာပေါ့။ ဖွား ချက်တဲ့ဟင်းကိုမှ စားချင်တယ်ဆိုရင် ကိုယ်တိုင်ချက်ကျွေးတတ်တာ ဖွား ရဲ့အကျင့်လေ။ ၁၀ ကျော်သက်အရွယ်မှာ ဖွား နဲ့ဝေးတဲ့နေရာမှာ ပြောင်းနေခဲ့ရပေမယ့် တစ်နေ့မှ မမေ့ခဲ့ပါဘူး ဖွား ရယ်။
ကိုယ့်ကျန်းမာရေးထက် သားသမီးတွေ မြေးတွေကို ပိုဂရုစိုက်တတ်တဲ့ ဖွား............မြေးတွေနေမကောင်းရင် အပြေးလာတတ်တာ ဖွား အကျင့်
......ဖွား နေမကောင်းရင် ဘယ်မြေးမှမလာနိုင်ပေမယ့်.......အပြစ်မမြင်ပဲ မလာပါနဲ့ ရပါတယ်လို့ပြောတတ်တဲ့ ဖွား......၂၀ ကျော်အရွယ်မြေးက ဆေးရုံတက်တော့ ၇၀ ကျော် ဖွား ကလာပြီးစောင့်ရှောက်ပေးခဲ့တာ........မိုင် ၁၀၀ ကျော်ဝေးတဲ့နေရာကနေ ချက်ချင်းလိုက်လာတဲ့ ဖွား ရဲ့စိတ်ပူတတ်မှု........ကိုယ်တိုင်နေမကောင်းတာကို အလေးမထားပဲ မြေးကိုပိုပြီးဂရုစိုက်ခဲ့တာ.....တစ်နိုင်ငံထဲနေရာကနေ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ နေရာကိုသွားရတော့မယ်ဆိုတော့ ဖွား ရဲ့ညှိုးငယ်နေတဲ့မျက်နှာကို ဘယ်တော့မှ မျက်စိထဲက မထွက်ပါဘူး ဖွား ရယ်..........မြေးတွေနဲ့ မခွဲချင်ပေမယ့် မြေးတွေရဲ့ရှေ့ရေးအတွက် ကြိုးစားနော်လို့ အားပေးတတ်တဲ့ ဖွား........မြေတို့ကိုလွမ်းလို့ ဖွား ငိုနေတယ်လို့ ကြားရင်မြေးတို့လဲ ဖွား ကိုလွမ်းလို့ ငိုရတာပါပဲ ဖွား ရယ်...........ဖုန်းဆက်လို့ ဖွား နဲ့စကားပြောလိုက်ရရင် စိတ်ထဲမှာအရမ်းကို အေးချမ်းတယ်......ငါ့မြေးကြိုးစားနော် ဖွား ကမြေးတို့နဲ့ အကြာကြီးနေအုန်းမှာ လို့ပြောပြောတတ်တဲ့ ဖွား...........ဖုန်းဆက်လို့ မြေး ၂ ယောက်အသံမကြားရင် ငါ့မြေးတွေကော ပြန်ရောက်ပြီလားလို့ အမြဲမေးတဲ့ ဖွား.......မြေးတွေနဲ့ စကားလေးပြောလိုက်ရမှ စိတ်ကျေနပ်တဲ့ ဖွား......၇၇ နှစ်ကျော်နေတဲ့ ဖွား က ၅၀ ကျော်ပဲရှိတဲ့ မြေးတို့အမေကို ဂရုစိုက်နော်လို့မှာပြီး..........ငါ့မြေးတွေလဲ ဂရုစိုက်ကြနော်လို့မှာတတ်တယ်..............ဖွား နေကောင်းအောင်နေနော်လို့ပြောရင်
ဖွား ကကောင်းပြီးသား စိတ်မပူနဲ့နော်လို့ နေမကောင်းတဲ့ကြားက ရယ်ရယ်မောမော ပြန်ပြောတဲ့ ဖွား............ဖွား ရဲ့မေတ္တာကြီးမားတာကို ဘယ်အရာနဲ့မှ နှိုင်းလို့မရပါဘူး.........ဖွား နဲ့ဝေးတဲ့နေရာမှာ နေနေရပေမယ့် စိတ်ကတော့ ဖွား ဆီမှာပါပဲ..........ဖွား ကမြေးရဲ့လေးစားရတဲ့ အရမ်းကိုချစ်ရတဲ့ သူပါ ဖွား ရယ်.........


(မြေးအရမ်းချစ်ရတဲ့ ဖွားဖွား ကိုလွမ်းလို့)

Sunday 27 January 2008


လူတစ်ဦးတစ်ယောက်က ကိုယ့်အပေါ်မကောင်းလို့ကိုယ်က စိတ်ဒုက္ခခံစားရရင် နောက်ကြုံလာမယ့် လူတွေအပေါ်မှာအဆိုးမြင်တဲ့စိတ်ကူးမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကို စိတ်ဒုက္ခရောက်အောင် လုပ်တဲ့လူကတစ်ယောက်ပါ။ ဘာမှမဆိုင်တဲ့ တစ်ခြားလူတွေအပေါ်မှာ အဆိုးမြင်တဲ့ စိတ်တွေကိုမထားသင့်ပါဘူး။ တစ်ကယ်လို့များအဲဒီလို စိတ်နဲ့ကြည့်မယ် ဆက်ဆံမယ်ဆိုရင် ဘာမှမသိတဲ့ ကိုယ့်ကိုလဲဘာမှမလုပ်တဲ့ လူတစ်ယောက်အပေါ်မှာ မတရားရာကျပါတယ်။ ကိုယ့်ကိုအဲဒီလိုအမြင်နဲ့ ကြည့်မယ်ဆိုရင် လက်ခံနိုင်ပါ့မလား? ငါကအဲဒီလိုလူမျိုးမှ မဟုတ်တာ ဘာလို့ငါ့ကိုဒီလိုအမြင် ဒီလိုဆက်ဆံရတာလဲဆိုတဲ့ အတွေးတွေနဲ့အတူ စိတ်မကောင်းဖြစ်မိမှာပါ။ နောက်တစ်ခုက ယောကျာင်္းလေးတွေက မိန်းကလေးတစ်ယောက် သူတို့ကို အသဲခွဲခဲ့ရင် အဲဒီယောကျာင်္လေးက တစ်ခြားမိန်းကလေးတွေကိုအသဲခွဲမယ်ဆိုတဲ့ စိတ်ကူးတွေတစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေကလဲအတူတူပါပဲ။ နှင်း အထင်ပြောရရင်တော့ အဲဒီလိုစိတ်တွေ အဲဒီလိုအတွေးတွေကို မထားသင့်ပါဘူး။ တစ်ကယ်ကို မကျေနပ်ရင် ကိုယ့်ကို လုပ်ခဲ့တဲ့လူကိုပဲ အဲဒီစိတ်တွေထားသင့်တယ်လို့ထင်တယ်။ မကျေနပ်ရင် အဲဒီလူနဲ့ပဲရှင်းပါ။ ဘာမှမဆိုင်တဲ့သူတွေကို မထိခိုက်သင့်ပါဘူး။ အဲဒီလိုစိတ်တွေသာ တစ်ယောက်နဲ့တစ်ယောက်ထားနေမယ်ဆိုရင် ဘ၀မှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေရမယ့်အချိန်တွေထဲကနေ အချိန်တစ်ချို့ကို စိတ်ရှုပ်မှုတွေ စိတ်ညစ်စရာတွေအတွက် ပေးလိုက်ရမှာ နှမျောဖို့ကောင်းပါတယ်။ ဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုတဲ့ စိတ်ကလေးနဲ့ဖြေလိုက်ရအောင်နော်။

(နှင်းရဲ့ မိတ်ဆွေတစ်ချို့ဖြစ်နေတာလေးတွေကို ကြည့်ပြီးရေးလိုက်မိတာပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတဲ့စိတ်မရှိပါဘူး။)

ပူပင်မှု့တွေနဲ့ ဝေးကြပါစေ


“လောကမှာ ရှိရှိသမျှ မီးအားလုံးထဲမှာ ရာဂမီး သို့မဟုတ် အချစ်မီးဟာ အနှိုင်းမဲ့မီး ဖြစ်ပါတယ်” လို့ အရှင်ဆန္ဒာဓိက ကပြောထားတယ်။ တကယ်လည်းဟုတ်ပါတယ်လေ။ တစ်ခြားမီးတွေက မလိုချင်ရင် ငြိမ်းလိုက်လို့ရပါတယ်။ အချစ်မီးကတော့ အချစ်ဘုးရယ်လို့လဲ ငြိမ်းသတ်လို့မရဘူးလေ။ မချစ်ခင်ကလဲ မချစ်မိအောင် ကြိုးစားပြီးနေလို့လဲရမှမရတာ။ ချစ်ပြီးရင်လဲ ချစ်တဲ့အလျှောက်ပူပင်မှုကလဲ ရှိလာပြန်တယ်။ ချစ်ပြီးရင်တော့ အပူအပင်တွေက နောက်ကနေတန်းစီပြီးကို လိုက်လာတာ။ မိဘက သားသမီးကို ချစ်တော့လဲ ပူပန်ရတာပဲ။ သားသမီးတွေကို ကောင်းစားစေချင်၊ သားသမီးလေးတွေကို တော်စေတတ်စေချင်တော့ အမျိုးမျိုးပူပန်နေကြရတယ်။ သူငယ်ချင်းကိုချစ်တော့လဲ ပူပန်ရတာပဲ။သူငယ်ချင်းက ငါခင်သလိုခင်ပါ့မလား? ငါ့ထက်တစ်ခြားသူကိုပိုခင်နေလား? ဆိုတဲ့အတွေးတွေနဲ့ပူရပြန်တာပဲ။ ချစ်သူချင်းချစ်တော့လဲ ပူပန်ရပြန်တာပဲ။ ချစ်သူတွေကြတော့ ပိုပြီးပူပင်မှုများတယ်လို့ထင်တယ်။ အဲဒီလိုပူပင်မှုတွေက မကောင်းမှန်း သိပေမယ့်လည်း ဘယ်သူမှမရှောင်လွှဲနိုင်ကြဘူး။ အနည်းနဲ့အများဆိုတာပဲကွာပါတယ်။ ပူပင်မှုမရှိအောင်တော့ ကိုယ့်စိတ်ကိုမထိန်းနိုင်ကြဘူး။
သူကတော့ ဘယ်တော့မှကို မပူတတ်ဘူးလို့ သူတစ်ပါးကို အပေါ်ယံကြည့်ပြီး မပြောလိုက်နဲ့နော်။ သူ့စိတ်ထဲမှာဘယ်လောက်ထိ ပူပန်နေရတယ်ဆိုတာ နှင်း တို့မှမမြင်နိုင်တာ။ အရာအားလုံးပြည့်စုံနေလို့ ပူပင်မှုမရှိဘူးလို့ထင်ရင် မှားမယ်နော်။ လူတွေဟာ သူ့ဟာနဲ့သူတော့ ပူပင်နေကြတာပါပဲလေ။ ပူပင်မှုကို တတ်နိုင်သမျှနည်းအောင်တော့ စိတ်ကိုကျင့်ကြရမှာပါ။ သဘာဝအတိုင်းဖြစ်နေတဲ့အရာတစ်ခုကို တွေးပြီးပူမနေနဲ့နော်။ ကိုယ်ကပူနေလဲ ဖြစ်နေကြအရာတစ်ခုက ဖြစ်ကိုဖြစ်မှာပဲလေ။ ကိုယ်မှလိုက်ပြီးမပြုပြင်နိုင်တာ။ ပြောသာပြောနေရတာ နှင်း ကိုယ်တိုင်ကြတော့လဲ မကျင့်နိုင်ဘူလေ။ ဒါပေမယ့်လည်း အရင်၂ နှစ်လောက်ကထက်စာရင်တော့ အခုလက်ရှိမှာ သိပ်ပြီးမပူတတ်တော့ဘူး။ မဖြစ်သေးတာတွေကို တွေးပြီးမပူမိအောင် ကိုယ့်ကိုကိုယ် အမြဲသတိထားနေရတယ်။ ပူပင်မှုရှိခဲ့ရင်လည်း တတ်နိုင်သမျှ စိတ်ထဲကနေ မြန်မြန်မောင်းထုတ်နိုင်အောင် လေ့ကျင့်နေရတယ်။ ဘယ်တော့များမှ ပူပင်မှုမရှိတဲ့ အချိန်ကိုရောက်မလဲမသိဘူးနော်။ အားလုံးပဲ ပူပင်မှုတွေနဲ့ဝေးတဲ့ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။


Thursday 24 January 2008

အလုပ်ထဲကအတွေ့အကြုံလေးတွေ


အလုပ်ထဲရောက်နေတော့လဲ အလုပ်ထဲကအတွေ့အကြုံလေးတွေကို ပြောပြချင်တယ်။ မြန်မာနိုင်ငံမှာနေတုန်းက သူများဆီမှာ အလုပ်မလုပ်ဘူးတော့ ဘယ်လိုနေရမယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာမသိဘူး။ အပြောအဆိုကလဲမတတ်ဘူးပေါ့။ အလုပ်ထဲစရောက်တော့ အားလုံးရှေ့မှာ ဘာမှမသိတော့ ကြောက်တာပေါ့နော်။ သင်ပေးသမျှ ခိုင်းသမျှကို အကုန်လိုက်လုပ်ပေးတာ။ အဲဒီမှာစပြီးသိလိုက်တာက အသစ်ဝင်လာတဲ့လူဆိုရင် လူဟောင်းတွေက နှိမ်ပြီးခိုင်းတော့တာပဲ။ ကိုယ်ကလဲ ဘာမှမသိတော့ နှိမ်လို့နှိမ်မှန်းမသိဘူး။ ကိုယ်မှမတတ်တာပဲလေဆိုပြီး အကုန်လုပ်ပေးတာ။ နောက်တစ်ခုက လူအသစ်ကို ပညာတစ်ခုသင်ပေးလိုက်ရင် လူဟောင်းတွေက မကြိုက်ကြဘူး။ သူတို့ထက်ပိုတတ်သွားမှာကို တွေးပြီးကြောက်ကြတယ်။ ကိုယ်တတ်တဲ့ဟာကို သူတစ်ပါးကိုမသင်ပေးချင်ကြဘူး။ သူတို့ရဲ့နေရာကို ဖယ်ပေးရမှာကြောက်နေကြတယ်။တစ်ကယ်ဆိုရင် လူတစ်ယောက်ဟာ ဒီအလုပ်ကိုတစ်သက်လုံးလုပ်မှာမှ မဟုတ်တာ။နောက်အလုပ်တစ်ခုအဆင်ပြေရင် ပြောင်းကြမှာပါ။ ကိုယ်ပိုင်ဆိုင်တဲ့အလုပ်လဲမဟုတ်ပါဘဲ လုပ်ဖော်ကိုင်ဖက်တွေကို ဘာလို့များလက်တွဲမခေါ်ချင်ကြတာလဲ။ ကိုယ်ကလုပ်တာနှေးနေပေမယ့် တွဲလုပ်တဲ့လူကမြန်နေရင်လည်း မကြိုက်ကြပြန်ဘူး။ အလုပ်ထဲမှာကြာလာတော့ အလုပ်အကြောင်းတွေကို သိလာသလို လူတွေရဲ့စိတ်ကိုလဲ သိလာတယ်။ ကြာလာတော့လဲ သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင်ကိုယ့်ကိုကိုယ်ပဲ ဆုံးမရတော့တယ်။ မသိခင်တုန်းကဆိုရင် နေ့တိုင်းကို စိတ်ညစ်နေရတယ်။ အဲဒီလိုလူနဲ့ တွဲလုပ်ရမယ်ဆိုတာသိတာနဲ့ မျက်နှာကချက်ချင်းပျက်သွားတာ။ ကြာတော့ သူတို့ကလဲရိပ်မိလာတယ်။ ငါ နဲ့တွဲလုပ်ရမှာမိုလို့ မျက်နှာပျက်တာလားဆိုပြီး ခဏခဏ အမေးခံရတော့ သူတို့ကိုအားနာလာတယ်။ နောက်ကြတော့လဲ စိတ်ထဲမှာဘာမှကို မတွေတော့ပဲ ငါ့တာဝန်ငါကျေရင်ပြီးတာပါပဲဆိုပြီး စိတ်ကိုပြောင်းယူလိုက်မှပဲ အဆင်ပြေတော့တယ်။ သူတို့ဆီမှာ ဘယ်လိုအတွေး ဘယ်လိုစိတ်တွေပဲထားနေပါစေ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်ကို ကျေပွန်ဖို့ကအရေးကြီးပါတယ်။

Wednesday 23 January 2008

မပျင်းရအောင်


ပိတ်ရက်တွေမှာဆိုရင် အားလုံးပဲပျင်းနေကြမှာနော်။ အဲဒီတော့ အားလုံးပဲ မပျင်းရအောင် website လေးတစ်ခုပေးမယ်နော်။ www.stage6.com ကို သိတဲ့လူတွေလဲသိကြမှာပါ။ မသိသေးတဲ့လူတွေအတွက် ပြောပြလိုက်တယ်နော်။ နှင်း လိုကာတွန်းကားကြိုက်တဲ့လူတွေအတွက်လဲ ကာတွန်းကားလေးတွေရှိတယ်နော်။ တစ်ခြားဟာတွေလဲရှိတယ်။ ကိုယ်ကြိုက်တာကို ရှာပြီးကြည့်ကြနော်။ ကလေးလဲမဟုတ်ပဲနဲ့ ကာတွန်းကားကြိုက်တယ်မပြောနဲ့နော်။ အဲဒီထဲက ကာတွန်းလေးတွေက ကြည့်လို့ကောင်းတယ်။ ရယ်လည်းရယ်ရတယ်။ ကြော်ငြာခမရပဲနဲ့ကို အလကားကြော်ငြာပေးတာ။ :P

www.stage6.com

Friday 18 January 2008

ကြားဘူးထားသမျှ


စံပယ်လို ဖြူစင်ပြီး
ပိတောက်လို သစ္စာရှိပါ။


တစ်ယောက်ဆိုတစ်ယောက်
ပိတောက်ဆိုပိတောက်
မင်းနဲ့ကျမှ ၁၁ ယောက်မြောက်။

မင်းနဲ့ကိုယ်ဟာ
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့
စွယ်တော်ရွက်ကလေးပါ။



ရင်ဖွင့်ဖော်


လူတစ်ဦးတစ်ယောက်ရဲ့ အမူအရာဟာ အရေးကြီးတယ်ဆိုတာ ကိုယ်တိုင်ကြုံပြီးမှ ပိုသိလာတယ်။ ကိုယ်ကခံစားရသမျှကို မိတ်ဆွေကို ပြောပြတဲ့အခါ နားထောင်ပေးတဲ့ မိတ်ဆွေဟာ စိတ်ဝင်တစားနဲ့ နားထောင်နေမယ်ဆိုရင် ပြောနေရတဲ့သူကလဲ နားထောင်ပေးနေတဲ့ မိတ်ဆွေကို ကျေးဇူးတွေ တင်နေမိမှာပါ။ ကိုယ်ကတော့ စိတ်ထဲကအကြောင်းတွေကို အားကိုးတကြီး ပြောပြနေပေမယ့် မိတ်ဆွေလုပ်သူဟာ ဘာကိုမှ အရေးမကြီးသလို ပုံစံအမူအရာ လုပ်နေမယ်ဆိုရင် ပြောနေတဲ့လူဟာ ဘယ်လိုမျိုးခံစားရမလဲ။ လူတစ်ယောက်ဟာ သူ့ရင်ထဲကအကြောင်းကို ပြောပြတယ်ဆိုတာ သူတကယ်ကို ရင်ထဲမှာ မခံစားနိုင်လို့ ဖွင့်ပြောပြတာပါ။ သင်သာ ပြောနေတဲ့လူနေရာမှာဆိုရင် ဘယ်လိုခံစားရမလဲ။သင်ဟာ မိမိမိတ်ဆွေရဲ့ ရင်ဖွင့်ဖော်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုရင် သူ့နေရာမှာ ခဏလောက် ၀င်ခံစားပြီး နားထောင်ပေးနိုင်မယ်ဆိုရင်တော့ အရမ်းကိုကောင်းမှာပါ။

( လူတယောက်ကို ရင်ထဲကအကြောင်းကို ပြောပြတုန်းခံစားရတာလေးကို ရေးမိတာပါ။)

Tuesday 15 January 2008

ခင်တယ်တအား







အတွင်းအပြင်မခွဲခြား


ရင်ထဲမှာတစ်ခုထဲထား


အားလုံးကို ခင်တယ်သိလား

Monday 14 January 2008

တစ်ကိုယ်တည်းဘ၀က လွတ်ကြပါစေ


အခုတစ်လောအရမ်းကို အားနေတော့ စိတ်ကလျှောက်စဉ်းစားရင်းကနေ လူတစ်ချို့ဘာလို့ အိမ်ထောင်မပြုပဲ လူပျိုကြီး၊ အပျိုကြီးတွေဖြစ်နေကြသလဲဆိုပြီး စဉ်းစားမိတယ်။ တွေရင်းစဉ်းစား စဉ်းစားရင်းတွေးနေတာ။ နောက်ဆုံးတော့ စဉ်းစားမိတာတွေကို ပြောပြမယ်နော်။
၁။ ရတာမလို လိုတာမရလို့ (ကိုယ်ကြိုက်တဲ့လူက ကိုယ့်ကိုပြန်မကြိုက်။ ကိုယ်မကြိုက်တဲ့လူက ကိုယ့်ကိုကြိုက်နေ။ ဘာလုပ်ရမှန်းမသိပဲ အိမ်ထောင်မပြုဖြစ်တာ။)

၂။ ကိုယ်ချစ်တဲ့သူနဲ့ ကွဲခဲ့ရလို့ (ကိုယ်ချစ်တဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် မပေါင်းဖက်နိုင်တော့ ဘယ်သူနဲ့မှအိမ်ထောင်မပြုဘူးလို့ဆုံးဖြတ်ပြီးနေနေလို့။)

၃။ မိဘကို ငဲ့ညှာရင်းကနေ အိမ်ထောင်ပြုဖို့ အချိန်လွန်သွားလို့ (စိတ်ထဲမှာ မိဘကိုပဲကျေးဇူးဆပ်မယ်ဆိုတဲ့ စိတ်တစ်ခုပဲထည့်ထားရင်းကနေ အိမ်ထောင်ပြုဖို့အချိန်ကျော်သွားလို့။ ကိုယ်သတိရတော့ အချိန်ကကျော်နေပြီ။ မထူးပါဘူးဆိုပြီး အိမ်ထောင်မပြုဖြစ်တော့တာ။)

၎။ ကိုယ်ကချိန်လိုက် ပါသွားလိုက်ဖြစ်လို့ (ကိုယ်က ကြိုက်လို့ လိုက်မယ်ပြင်လိုက်။ ကောင်မလေးကတစ်ယောက်နဲ့ကြိုက်သွားလိုက် ဖြစ်ရင်းကနေ အိမ်ထောင်မပြုဖြစ်တာ။)

၅။ အိမ်ထောင်ရေးကို လုံးဝစိတ်မ၀င်စားလို့ (အိမ်ထောင်ရေးဆိုတာ ထောင်တစ်ခုလိုပဲဆိုတဲ့အတွေးနဲ့၊ တစ်ကိုယ်တည်းလွတ်လပ်စွာနေတာကို ပိုပြီးနှစ်သက်လို့။)

၆။ အရှက်အကြောက်ကြီးနေလို့ (အသက်ကလဲ ၃၀ ကျော်ပြီ ကိုက်ကြိုက်တဲ့ကောင်မလေးတွေ့ရင်တောင် လူငယ်တွေလို ရည်းစားစကားလဲပြောလို့မရ။ စာလဲလိုက်ပေးလို့မသင့်တော်။ ဘေးလူကိုပြောခိုင်းရမှာလဲရှက်နေလို့။)

အပေါ်မှာစဉ်းစားမိသလိုမျိုးအချက်တစ်ခုခုနဲ့ ညိုချင်နေပြီဆိုရင်တော့ လူပျိုကြီးတွေ အပျိုကြီးတွေ ဖြစ်နေမယ်နော်။ တော်ကြာငှက်ပျောတုန်းဖက်နေရမယ်။ ငှယ်ပျောတုန်းမရှိတဲ့နေရာမှာဆို ဒုက္ခရောက်နေမယ်။ ဒါကြောင့် အချိန်ရှိတုန်းလေး မြန်မြန်ရှာကြနော်။(စဉ်းစားမိသလောက်ပဲ ပြောလိုက်တာနော်။ လိုသေးတယ်ထင်ရင် ပြောပြကြပါနော်။)

သေသောသူ ကြာရင်မေ့ ၊ ပျောက်သောသူ ရှာရင်တွေ့၊ ပုန်းနေသူကို ဘယ်လိုရှာရမလဲဟင်


သေသောသူ ကြာရင်မေ့ လို့ လူတွေက အလွယ်တကူပြောနေကြပေမယ့် တကယ်တော့ မမေ့နိုင်ကြပါဘူး။ ကိုယ်ချစ်ခင်တဲ့ မိဘဆွေမျိုး မိတ်ဆွေတွေ သေဆုံးသွားပြီးရင်တောင် မမေ့ကြပါဘူး။ တစ်ရက်မှ မေ့မရပါဘူးဆိုတဲ့ စကားလုံးမျိုးနဲ့လဲ မပြောချင်ပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုတွေရှိတဲ့အခါ သူတို့တွေရဲ့ အကြောင်းကို သတိတရ ပြန်ပြောကြပါတယ်။ကောင်းရင်လဲ သူဘယ်လိုကောင်းကြောင်းကို ပြောကြပါတယ်။ ဆိုးရင်လဲ ဘယ်လိုဆိုးခဲ့တယ်ဆိုတာတွေကို ပြန်ပြောကြရင်း မမေ့ကြပါဘူး။

ပျောက်သောသူ ရှာရင်တွေ့ လို့ပြောကြတာကို လူတိုင်းကြားဘူးကြပါတယ်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် တွေ့ချင် မြင်ချင်ပါလျှက် ကိုယ်မသိလိုက်ခင် ဘယ်ရောက်သွားမှန်း ဘယ်ကိုပြောင်းသွားမှန်း မသိလိုက်တာမျိုးတွေကို လူတိုင်းဘ၀မှာ ကြုံဘူးကြပါတယ်။ ဒါပေမယ့် ကိုယ်ကတွေ့ချင်ရင် တွေ့အောင်ရှာလို့ရပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိစောင့်ရမယ်ဆိုတာတော့သိပါတယ်။ နောက်ဆုံးတွေ့ကြရတာပါပဲ။

တစ်စုံတစ်ခုကြောင့် မပြောမဆိုနဲ့ပျောက်သွားတာလဲမဟုတ်၊ အဆက်အသွယ် ခက်ခဲလို့ ဘယ်လိုမှဆက်သွယ်မရလို့ လဲမဟုတ်ပဲနဲ့ မတွေချင်လို့တမင်ပုန်းရှောင်နေတဲ့ လူကို တွေအောင် ဘယ်လိုမျိုးများရှာရမလဲဟင်..............

Saturday 12 January 2008

ပြောပြတာကို မမှတ်မိတဲ့ လူပျိုကြီးအတွက်


အားလုံးအဆင်သင့်ဖြစ်နေပြီ




စားလို့ရပါပြီ




ငါးထမင်းနယ်လုပ်ဖို့အတွက် ပထမဦးစွာ ထမင်းကိုပုံမှန်ထက်ပျော့အောင်ချက်ပါ။ အသားများပြီးအရိုးနည်းတဲ့ ငါးအသားလွှာကို ရွေးပါ။ ငါးးကိုရေဆေးပြီး ဆား ၊အချိုမှုန့် နယ်ပါ။ အိုးတစ်လုံးထဲကို ငါးထည့်ပါ။ ရေကို ငါးမြှုပ်အောင်ထည့်ပါ။ ချင်း။ ကြက်သွန်ဖြု ကို မညက်တညက်ထောင်းပြီးထည့်ပါ။
ပုဇွန်ငံပြာရည်အနည်းငယ်ထည့်ပါ။ ငါးအသားနူးတဲ့အထိတည်ပါ။ အသားနွှင်ဖို့အတွက် ငါးကိုပန်းကန်ပြားတစ်ခုထဲထည့်ပါ။
ငါးကိုအရိုးပြောင်အောင်နွှင်ပါ။ ငါးအရိုးမပြောင်ရင် ထမင်းနဲ့ နယ်တဲ့အခါ လက်ကိုစူးမှာစိုးလို့။ ပြီးရင် ကြက်သွန်ဖြုနဲ့ ချင်းကို ညက်အောင်ထောင်းပါ။
ဒယ်အိုးထဲကို ဆီအနေတော်ထည့်ပြီး ကြက်သွန်ဖြုနဲ့ ချင်းထောင်းထားတာကို အရောင်တင်ငြုပ်သီးမှုန့် ဆီသပ်ပါ။ ငါးကပြုတ်ထားတဲ့အတွက် ရေပါနေတယ်။
ဒါကြောင့် အိုးထဲမှာငါးကို အနည်းငယ်ခြောက်အောင်မွှေပေးပါ။ ပြီးရင် ပန်းကန်တစ်ခုထဲကိုထည့်ထားပါ။ ပြီးရင် ခရမ်းချဉ်သီး၃ ၄ လုံးလောက်ကို အိုးတစ်လုံးထဲကို
ထည့်ပြီးပြုတ်ပါ။ အခွံလေးတွေကွဲလာပြီဆိုရင် အိုးကိုမီးဖိုပေါ်ကနေချလိုက်ပါ။ ခရမ်းချဉ်သီးကို အခွံနွှာလိုက်ပါ။ ပန်းကန်တစ်ခုထဲထည့်ပြီး ချေလိုက်ပါ။ အာလူး၃ ၄ လုံးလောက်ကို ပြုတ်ပါ။ ကျက်ပြီဆိုရင် အခွံနွှာပြီး ပန်းကန်ထဲကိုထည့်ထားပါ။ ငြုပ်ဆီလုပ်ဖို့အတွက် ဆီအပူခံတဲ့ ပန်းကန်တစ်ခုထဲကိုအရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ ဒယ်အိုးထဲကို ဆီအနေတော်ထည့်ပြီးကျက်လာပြီဆိုရင် အရောင်တင်မှုန့်ထည့်ထားတဲ့ ပန်းကန်ထဲကိုလောင်းထည့်ပြီး ဇွန်းနဲ့မွှေပေးပါ။ ဆီချက်ချက်ဖို့အတွက် ကြက်သွန်ဖြူကိုထောင်းပါ။ ဒယ်အိုးထဲကိုဆီထည့်ပြီး ကျက်ပြီဆိုရင်ကြက်သွန်ဖြူထည့်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ အားလုံးပြီးပြီဆိုရင်တော့ ငါးထမင်းနယ် စလုပ်ပါတော့မယ်။ ထမင်းကို ပန်းကန်ပြားကျယ်ကျယ်တစ်ခုထဲကိုထည့်ပါ။ ငါး ဆီသပ်၊ ခရမ်းချဉ်သီး၊ အာလူး၊အရောင်တင်ဆီ၊ဆီချက် အားလုံးထည့်ပါ။ အချိုမှုန့် ၊ ပုဇွန်ငံပြာရည် ထည့်ပါ။ ပြီးရင်တော့ ထမင်းကိုနယ်ပါ။ ထမင်းကို နှံအောင်နယ်ပါ။ နယ်တဲ့အခါလက်ဖနောင့်လေးနဲ့ ဖိပြီးနယ်ပေးပါ။ ပြီးရင်တော့ ထမင်းကိုအလုံးလေးလုပ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ အပေါ်ကနေထမင်းလုံးလေးမကွဲအောင်
ဖိလိုက်ပါ။ ပြီးရင်တော့ စားလို့ရပါပြီ။ ဟင်းရည်ကိုတော့ ကိုယ်ကြိုက်သလိုချက်စားလိုက်တော့နော်။ ရှမ်းပြည်ဘက်မှာတော့ ငါးထမင်းနယ်နဲ့ ဆေးခါးဟင်းရည်နဲ့ တွဲဖက်စားသုံးကြပါတယ်။

Wednesday 9 January 2008

ပြောရဦးမယ်




လူတိုင်းတစ်ခါတစ်လေပြောဘူးတဲ့ စကားလေးတစ်ခွန်းကို သတိရလို့စဉ်းစားနေတာ။
“ဘုရားမကြိုက် နတ်မကြိုက်တဲ့အလုပ် မလုပ်ကြနဲ့” လို့အပြောခံရရင် စိတ်တိုတယ်သိလား။ ဒါပေမယ့် သေချာစဉ်းစားရင် ပြောတာမှန်တယ် သိလား။
ဟုတ်တယ်လေ။ ဘုရား နဲ့ နတ်မကြိုက်တာကိုပဲ မလုပ်ဖို့ပြောတာလေ။ ကိုယ်ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲလိုစဉ်းစားမိတော့ စိတ်ဆိုးတော့ဘူး။

ယောကျာ်လေးတွအချင်းချင်းပြောနေကြတာရှိပါတယ်။ ဒီတစ်ယောက်ကတော့ မ ယ က ပါကွာ ဆိုပြီးပြောတတ်ကြတယ်။ အဲဒါက မ ယ က မဟုတ်ဘူးနော်။ မသိရင်မှတ်ထား မ ယ ခ လို့ခေါ်တယ်။“ မယားချစ်” သိလား ။ ချစ်လို့ဘာပြောပြောခေါင်းညိတ်တာ။ ချစ်လို့လုပ်ပေးတာ။ ဘယ်သူတွေဘာပြောပြော ဂရုမစိုက်နဲ့နော်။ အရမ်းချစ်တတ် တယ်ဆိုပြီးဂုဏ်ယူရမှာ။

အမျိုးသားတွေက အိမ်အလုပ်တွေကို ကူလုပ်ပေးရရင် စိတ်တိုကြတယ်။ သေချာမစဉ်းစားလို့ပါ။ အမျိုးသမီးတွေက သူတို့ရထားတဲ့ အခွင့်အရေးတွေကို အဆုံးရှုံးခံပြီး အမျိုးသားတွေကို ပေးလိုက်ရတာ။ ထမင်းဟင်းချက်တာပဲ ဖြစ်ဖြစ်၊ အ၀တ်လျှော်တာပဲဖြစ်ဖြစ် အိမ်မှုကိစ္စတွေကို လုပ်ရတာက သူတို့ရဲ့အခွင့်အရေးလေ။ အဲဒီအခွင့်အရေးတွေကို လက်လွတ်အဆုံးရှုံးခံ လိုက်ရတာ။ အမျိုးသမီးတွေက သနားဖို့တောင်ကောင်းသေးတယ်နော်။


Tuesday 8 January 2008

အဲလိုကို ချစ်တာ


ချစ်သူ

ကိုယ်တစ်ကယ်ခံစားပြီး ပြောတာပါ
ပန်းကန်ပြားနဲ့ ........

မင်းရဲ့ဆိတ်ကြောင့်
ကိုယ့်ခြံထဲက မြက်တွေလဲကုန်ပြီ.......

မင်းကို ကိုယ်အသဲ ပေးချင်ပေမယ့်
ပန်းကန်ထဲမှာ ခေါက်ဆွဲပဲကျန်တယ်...........

မင်းကြောင့် ကြေကွဲရတာ
အိမ်က ပန်းကန်တွေလဲ ကုန်ပြီ..........

မင်းကို ချစ်ချင်ပေမယ့်
အုန်းသီးကဈေးကြီးနေလို့...........

အားလုံးကို ခြုံကြည့်ရင်
ဂုန်နီအိတ်က နွေးပါတယ်....


Sunday 6 January 2008

စကားပုံတစ်ချို့


စကားပုံတစ်ချို့ကို ပြောပြမယ်နော်။ အော်ဒီလိုပြောလိုက်လို့ အရမ်းတော်နေတယ်မထင်နဲ့နော်။ ဖတ်ဖူးတဲ့စာအုပ်ထဲကနေ copy လုပ်လိုက်တာပါ။
“ခြေတစ်ဘက်ဟာ တုတ်ထောက်နှစ်ခုထက် သာပါသေးတယ်”
ခြေထောက်တစ်ဘက်ထဲရှိလို့ အားငယ်မနေပါနဲ့။ တုတ်ထောက်နှစ်ခုထက်တော့ ပိုပြီးကောင်းပါတယ်။

“မျက်ကန်းနိုင်ငံမှာ မျက်လုံးတစ်ဘက်ရှိသူဟာ ဘုရင်ပဲ”
“အနုတောက လူချော”
စကားပုံနှစ်ခုစလုံးကအတူတူပါပဲ။ မျက်လုံးကန်းတဲ့နိုင်ငံမှာ မျက်လုံးတစ်လုံးရှိသူဟာ ဘုရင်လုပ်လို့တယ်။

“ပညာရှိ အခါတစ်ထောင် စဉ်းစားသုံးသပ်ယင် တစ်ခါတော့မှားမှာပဲ”
“လူနုံလူအ အခါတစ်ထောင် စဉ်းစားသုံးသပ်ယင် တစ်ခါတော့မှန်မှာပဲ”
ပညာရှိလဲ အမှားနဲ့မကင်းနိုင်သလို လူနုံလူအလဲ တစ်ခါတော့မှန်တာပါပဲ။

“လှေနံနှစ်ဘက်နင်းခြင်းဟာ အနှေးနဲ့အမြန် ရေထဲကျမှာပဲ”
“တစ်ချိန်ထဲမှာ ယုန်နှစ်ကောင်ဖမ်းခြင်းဟာ တစ်ကောင်မှရဖို့ မလွယ်ပါ။
လှေနံနှစ်ဘက်ကို နင်းထားတဲ့လူဟာ လှေတစ်ခုကမ်းကခွာတာနဲ့ အဲဒီလူရေထဲကိုကျမှာပါပဲ။ လူတစ်ယောက်ထဲက ယုန်နှစ်ကောင်ကို တစ်ပြိုင်ထဲဖမ်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။


(ဆက်လက်ဖော်ပြပါမယ်။ မျှော်)


အသုတ်စားရအောင်


ငါးသေတ္တာသုတ်နဲ့ ၀က်သားလုံးဟင်းရည်


နံနံပင်လေးအုပ်ထားတဲ့ ငါးသေတ္တာသုတ်


ဒီနေ့တော့ အစားပုတ်တဲ့ နှင်း ရဲ့အကျင့်အတိုင်း ဘာစားရင်ကောင်းမလဲစဉ်းစားရင်း လုပ်ရတာလဲလွယ်ကူပြီး စားရတာတစ်မျိုးလေးဖြစ်အောင် ငါးသေတ္တာကို သုတ်စားရအောင်နော်။
ငါးသေတ္တာမသုတ်ခင် ဂေါ်ဖီကိုပါးပါးလေးလှီးပါ။ ကြက်သွန်နီကိုလဲ ပါးပါးလေးလှီးပါ။ ပန်းကန်တစ်ခုထဲကိုထည့်ပါ။အစပ်ကြိုက်တဲ့သူအတွက် ငရုတ်သ်ီးစိမ်းကို လှီးထည့်ပါ။ ပြီးရင်တော့
ငါးသေတ္တာဘူးကိုဇွင့်ပြီး ဂေါ်ဖီ နဲ့ ကြက်သွန်နီ ထည့်ထားတဲ့ပန်းကန်ထဲ ထည့်ပါ။ ပြီးရင် သံပုရာသီးညှစ်ထည့်ပါ။ ပုဇွန်ငံပြာရည်ထည့်ပါ။ အသားမှုန့် (သို့) ဟင်းချိုမှုန့် ထည့်ပါ။ ဆီချက်တော့
မထည့်ပါနဲ့။ ငါးသေတ္တာထဲမှာ အနှစ်ပါတဲ့အတွက် ဆီချက်ထည့်စရာမလိုတော့ဘူးပေါ့။ အားလုံးထည့်ပြီးရင်တော့ သမအောင်နယ်လိုက်ပါ။ ပြီးရင် ပန်းကန်ပြားထဲထည့်လိုက်ပါ။ နံနံပင်ကြိုက်ရင်တော့
အပေါ်ကနေ နံနံပင်လေးဇြူးလိုက်ပါ။ ကဲအားလုံးပဲစားလို့ရပါပြီ။ အော်မေ့နေလို့ အသုတ်နဲ့တွဲပြီးစားလို့ရအောင် ဟင်းရည်တစ်ခွက်လောက်ချက်လိုက်ရအောင်။ ဟင်းရည်ချက်ရတာကလွယ်ပါတယ်။ အိုးတစ်လုံးထဲကို
ရေအနေတော်ထည့်ပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းထည့်ပါ။ ချင်းကြိုက်တဲ့သူက ချင်းနဲနဲထည့်ပါ။ ပြီးရင်အသင့်လုပ်ထားတဲ့ အသားလုံးထည့်ပါ။ အချိုအငန်ကို ကိုယ်ကြိုက်သလိုထည့်ပါ။ဟင်းရည်အိုးကိုရေကျအောင်တည်ပါ။
ရေလဲကျပြီ အပေါ့အငန်လဲအတော်ပဲဆိုရင်တော့ ငါးသေတ္တာသုတ်နဲ့ တွဲဖက်စားလို့ရပါပြီ။

Thursday 3 January 2008

မွေးနေ့မှာပျော်ရွှင်ပါစေနော်



ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် တစ်ယောက်သောသူအတွက်မွေးနေ့ဆုတောင်းမလို့။ သူဘယ်သူလဲဆိုတာတော့ သူကိုယ်တိုင်ပဲသိမှာပေါ့နော်။
၎ ရက်နေ့မှာကျရောက်မယ့် ၂၄ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေ။

နောက်လဲလာလည်နော်

Glitter Graphics