Saturday 31 January 2009

၁၀၁


အ၀င်မှာ ရိုက်ထားတဲ့ ၁၀၁ အလှ

လိုချင်စရာတွေနဲ့ ပြည့်နေတဲ့ ဈေးဆိုင်တွေပေါ့



အပေါ်တက်ဖို့ လက်မှတ်ဝယ်ရတဲ့ ကောင်တာပါ။



၈၉ ထပ်ကနေ ထိုင်ပေမြို့ကို မြင်ရပုံနည်းနည်းလေးမှောင်ခါစ ထိုင်ပေအလှ

၁၀၁ မှာတပ်ဆင်ထားတဲ့ ဓါတ်လှေခါးရဲ့ ပုံစံငယ်လေးပါ။

To witness the world's largest wind damper in a clothes distance


ညဘက်မီးထွန်းထားတော့လဲ တမျိုးလေးလှပါတယ်


Guinness Record-breaking hight-speed pressurized elevators, 1010 meters/min. Only 37 seconds to reach the 89th floor.

၂၈.၁.၂၀၀၉

ဒီနေ့တော့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတိုက်လဲဖြစ်သလို အရင်နှစ်တွေက ကမ္ဘာရဲ့ အမြင့်ဆုံးတိုက်ဖြစ်ခဲ့တဲ့ ၁၀၁ အဆောက်အဦးကို ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒူဘိုင်းက ၁၀၁ ထက်မြင့်တဲ့အဆောက်အဦးကို ဆောက်နေတယ်လို့သိရပါတယ်။ အဆောက်အဦးထဲကို ၀င်လိုက်တာနဲ့ လင်းထိန်နေတဲ့ မီးရောင်တွေအောက်မှာ ကမ္ဘာနာမည်ကြီး ဘရမ်းတွေကိုရောင်းတဲ့ အရောင်းဆိုင်တွေကလည်း လိုချင်စရာ မျက်စိကျစရာကြည့်ပါပဲ။ မြေညီကနေ ၅ ထပ်အထိကို မည်သူမဆို အခမဲ့ ၀င်ရောက်နိုင်ပါတယ်။ ၄ ထပ်ရောက်တဲ့အခါမှာတော့ သစ်ပင်လေးတွေ ထိုင်ခုံလေးတွေနဲ့ အနားယူဖို့ လုပ်ပေးထားပါတယ်။ ဘေးပတ်လည်မှာတော့ ကော်ဖီဆိုင်လေးတွေကလည်း ချစ်စရာ တမူထူခြားပါတယ်။

၁၀၁ ရဲ့ အပေါ်ထပ်ကို တက်မယ်ဆိုရင်တော့ ဓါတ်လှေခါးစီးဖို့ လက်မှတ်ဝယ်ရပါတယ်။ ဓါတ်လှေခါးကတော့ ကမ္ဘာ့အမြန်ဆုံးဆိုပြီး ကြော်ငြာထားပါတယ်။ နှင်းနဲ့ မာမားလဲ အပေါ်ကိုတက်ဖို့ လက်မှတ်ဝယ်တာ လူများနေတာနဲ့ မိနစ် ၃၀ နီးပါးတန်းစီလိုက်ရပါတယ်။ ပိတ်ရက်ဖြစ်တာကြောင့်လဲ နိုင်ငံတကာဧည့်သည်တွေအပြင် ထိုင်ဝမ်နိုင်ငံသားတွေပါဆိုတော့ လူတွေအရမ်းများနေပါတယ်။ အရင်တုန်းက လက်မှတ်ခက ထိုင်ဝမ်ဒေါ်လာ ၃၅၀ လို့ပြောပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ၄၀၀ သတ်မှတ်ထားတာတွေ့ရပါတယ်။ ကလေးလက်မှတ်ကတော့ ထိုင်ဝမ်ဒေါ်လာ ၃၇၀ သတ်မှတ်ထားပါတယ်။ လက်မှတ်ဝယ်တဲ့အခါ ဓါတ်လှေခါးစီးဖို့ မိနစ် ၄၀ လောက်ထပ်စောင့်ရမယ်လို့ ပြောပြပါတယ်။ တကယ်လို့ မစောင့်နိုင်လို့ မ၀ယ်ချင်ဘူးဆိုရင်လဲရပါတယ်။ နှင်းတို့ကတော့ တက်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့အတွက် ၀ယ်လိုက်ပါတယ်။ နောက်တကြိမ် ရပ်စောင့်လိုက်ရပြန်ပါတယ်။ မိနစ် ၄၀ ကျော်လောက် ရပ်စောင့်ပြီးတာနဲ့ ဓါတ်လှေခါးနဲ့ အပေါ်ကို တက်ကြပါတယ်။ ဓါတ်လှေခါးက ပုံမှန်ထက်ကို ပိုကျယ်ပါတယ်။ လူ ၂၀ နီးပါးလောက် ဆန့်မယ်လို့ထင်ပါတယ်။ လူတွေကအရမ်းများနေတော့ ဘယ်လောက်ဆန့်တယ်ဆိုတာ သေချာမမေးလိုက်မိပါဘူး။ ဓါတ်လှေခါးမှာ ရှင်းပြပေးတဲ့ ဂိုက်တယောက်ပါပါတယ်။ ပုံမှန်ဓါတ်လှေခါးမှာ ကိုယ်လိုချင်တဲ့အထပ်ကိုနှိပ်ဖို့ ခလုပ်ထားတဲ့နေရာမှာတော့ အခုဘယ်နှစ်ထပ်ကိုရောက်နေပြီ အမြန်နှုန်းကဘယ်လောက် ဘယ်နှစ်စက္ကန့်ကြာတယ်ဆိုတာတွေအပြင် ၁၀၁ ပုံစံနဲ့ ဓါတ်လှေခါးတက်နေတဲ့ ပုံစံကိုပါ ပြသထားပါတယ်။ ဂိုက်ကလဲ တရုတ်၊ အင်္ဂလိပ်၊ ဂျပန် စတဲ့ ဘာသာစကားတွေနဲ့ ရှင်းပြပါတယ်။

ဓါတ်လှေခါးစတက်ပြီး ၁၀ စက္ကန့်လောက်ကြာလာတဲ့အခါမှာတော့ နားကနည်းနည်းအူလာပါတယ်။ ၅ ထပ်ကနေ ၈၉ ထပ်အထိ ၃၇ စက္ကန့်ပဲကြာပါတယ်။ သူရဲ့အမြန်နှုန်းကတော့ ၁၀၁၀ မီတာ/မိနစ်ပါ။ အပေါ်ရောက်တဲ့အခါမှာတော့ မီးရောင်မှိန်မှိန်လေးထွန်းပေးထားပါတယ်။ ကော်ဖီဆိုင် လက်ဆောင်ပစ္စည်းအရောင်းဆိုင် အမှတ်တရ ဓါတ်ပုံလုပ်ပေးတဲ့ ဓါတ်ပုံဆိုင်လည်းရှိပါတယ်။ လေးဘက်စလုံးမှာ အောက်ကိုကြည့်ဖို့အတွက် မှန်ပြောင်းတွေ တပ်ပေးထားပါတယ်။ ဘေးပတ်ပတ်လည်ကနေ ထိုင်ပေမြို့ရဲ့ ရှုခင်းကို တွေ့နိုင်ပါတယ်။ ၁၀၁ မှာတပ်ဆင်ထားတဲ့ ဓါတ်လှေခါးရဲ့ ပုံစံငယ်ကိုလည်း ပြသထားပါတယ်။ အဲဒီကနေ ဓါတ်ပုံတွေရိုက်လို့ပြီးတော့ ၉၀ ၉၁ ထပ်ကို တက်မယ်ပြောတော့ မာမားက ခြေထောက်နာနေလို့ မတက်ပါတော့နဲ့ဆိုလို့ ၈၈ ထပ်ကို ပြန်ဆင်းလာကြပါတယ်။ အသွားတုန်းကတော့ ၈၉ ထပ်အထိ ဓါတ်လှေခါးက ရောက်ပေမယ့် အပြန်မှာတော့ ၈၈ ထပ်ကနေ ပြန်ဆင်းရပါတယ်။ ၈၈ ထပ်ကိုဆင်းလာတော့ The world's largest wind damper ကိုဝင်ကြည့်ကြပါတယ်။ တကယ်ကိုပဲ ကြီးမားသလို သံမဏိကြိုးတွေ သူ့ကိုထောက်ထားတဲ့ ဒေါက်တွေကလည်း အကြီးကြီးပါပဲ။

အဲဒီကနေ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဖြတ်ပြီး ပြန်ဆင်ဖို့အတွက် တခါထပ်စောင့်ရပြန်ပါတယ်။ တော်တော်လေးစောင့်ပြီးတော့မှ အောက်ကိုပြန်ဆင်းလာကြပါတယ်။အဆင်းကြတော့ နည်းနည်းလေး ပိုနှေးပါတယ်။ ၈၈ ထပ်ကနေ ၅ ထပ်အထိကို စက္ကန့် ၄၀ ကြာပါတယ်။ ပေါ်တက်ဖို့ တန်းစီတာနဲ့ အောက်ကိုပြန်ရောက်တာနဲ့ ၃ နာရီနီးပါလောက် ကြာသွားပါတယ်။ ဒီနေ့တော့ အမြင့်ဆုံးဆိုတဲ့တိုက်အပေါ်ကို ရောက်ဖူးသွားပါပြီ။

wulai ၀ူးလိုင်


တောင်ပေါ်မှာ အခုလိုလှေစီးကြပါတယ်။ ရေတံခွန်ကို ပိတ်ပြီး ရေကန်လုပ်ထားတာပါ။

တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်း တောင်ကိုပတ်လည်စီးနေတဲ့ ချောင်းကလေး


တောင်ပေါ်ကနေ စီးကျနေတဲ့ ရေတံခွန် cable car ပေါ်ကနေ မြင်ရပုံ


cable car စီးပြီးသွားပါတယ်

ဒီနှစ် နှစ်သစ်ကူးပိတ်ရက် မိသားစုနဲ့ လျှောက်သွားမယ်လို့ စီစဉ်ထားပါတယ်။ အလုပ်ပိတ်ပြီး နောက်ရက်တွေက ရိုးရာကန်တော့ရတာနဲ့ဆိုတော့ မအားတာနဲ့ ၂၈ ရက်နေ့မှပဲ လျှောက်သွားဖြစ်ပါတယ်။ မနှစ်ကလဲ နေမကောင်းလို့ မသွားဖြစ်တော့ ဒီနှစ်ကို အတိုးချပြီး သွားလိုက်ပါတယ်။ ခရီးဝေးကိုတော့ မသွားတော့ပါဘူး။ အခုသွားဖြစ်တာကတော့ ထိုင်ပေ ပတ်ဝန်းကျင်ကိုပါပဲ။

ဒီနေ့တော့ အိမ်ကမိသားစုတွေနဲ့အတူတူ ဦးလေးအလတ်ရဲ့ သူငယ်ချင်းမိသားစုတွေကိုပါခေါ်ပြီး ကားတစီးအပြည့် သွားလိုက်ပါတယ်။ ပထမဆုံး ၀ူးလိုင်ဆိုတဲ့ နေရာလေးကိုသွားကြပါတယ်။ အဲဒီနေရာလေးက တောင်တွေပတ်လည်ဝိုင်းနေပြီး နေချင်စရာလေးပါ။ တောင်ပတ်လမ်းဘေးတလျှောက် ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီပင်တွေကိုလည်း တွေ့ရပါတယ်။ တောင်ကျချောင်းကလေးကလည်း ပတ်ပတ်လည် ကွေ့ပတ်စီးဆင်းနေသလို ကျောက်ဆောင်ကျောက်ခဲတွေနဲ့ သဘာဝအလှကိုလည်း တွေ့ရပါတယ်။ အိမ်ကနေ မနက်ခင်း ၉ နာရီလောက်စထွက်ပြီး ဟိုဝင်ဒီထွက်နဲ့ ၁၀ ကျော်လောက်ကျတော့ ၀ူးလိုင်ကိုရောက်သွားပါတယ်။ ၀ူးလိုင်တောင်ကြောကားလမ်းကို စပြီးဝင်တယ်ဆိုရင်ပဲ ကားတွေအကုန်လုံး မီးဖွင့်ပြီးမောင်းရပါတယ်။ တကယ်လို့မီးဖွင့်မမောင်းရင် ဒဏ်ငွေရိုက်တယ်လို့ သိရပါတယ်။ ပတ်လည်စီးနေတဲ့ချောင်းကလေးကို တံတားလေးတွေပုံစံမျိုးစုံနဲ့ ဖြတ်ဆောက်ထားတာတွေ့ရပါတယ်။ ဒီဘက်ကနေ နှင်းတို့သွားမယ့် အပန်းဖြေနေရာကို ရောက်ဖို့အတွက် တောင်ပေါ်ကိုတက်နေရာကနေ တောင်အောက်ကို ဆင်းလိုက်ရပါတယ်။ တောင်အောက်ကိုဆင်းရာလမ်းတလျှောက် ချယ်ရီပင်တွေကိုတွေ့ရသလို ပိတ်ရက်ဖြစ်တဲ့အတွက် လမ်းဘေးတလျှောက် ကားတွေကလည်း နေရာမလပ်အောင် ရပ်ထားကြပါတယ်။ တောင်အောက်ရောက်လို့ cable car စီးရမယ့်နေရာကိုရောက်တော့ ကားပေါ်ကနေဆင်းလိုက်ကြပါတယ်။ ဦးလေးကတော့ ကားထားဖို့အတွက် နေရာလိုက်ရှာရပါတယ်။ ကားထားဖို့အတွက် နေရာတနေရာဟာ အခုလိုအချိန်မှာ အလွန်တန်ဖိုးရှိပါတယ်။ ကားထားပြီးတာနဲ့ အားလုံးပဲ တဖက်တောင်ပေါ်ကိုတက်ဖို့အတွက် cable car လက်မှတ်ဝယ်လိုက်ကြပါတယ်။ ဒီဘက်တောင်ကနေ တဖက်ကတောင်ပေါ်ကို သွားဖို့အတွက် cable car ကိုပဲစီးကြရပါတယ်။ ကြားလည်မှာက တောင်ကျချောင်းကလေးခြားထားတဲ့အပြင် တောင်ကြောကလည်း အလွန်မတ်စောက်ပါတယ်။ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်ပြီးတာနဲ့ ဆက်လက်ပြီး လှေခါးထစ်တွေအတိုင်း ခြေလျင်ဆက်တက်ရပါတယ်။ တောင်ပေါ်မှာကတော့ အပန်းဖြေစရာ ကလေးကစားကွင်းတွေအပြင် လူကြီးတွေအတွက်ပါ မြှားပစ် သေနတ်ပစ် လှေအပျော်စီး စတာတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။ အဲဒါတွေကိုတော့ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ပြီးကစားရပါတယ်။ တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကလည်း အလွန်လှပါတယ်။ တောင်ပေါ်မှာကတော့ တောင်ပေါ်နေတိုင်းရင်သားတွေရဲ့ ဓလေ့တွေကို ပြသထားပါတယ်။ လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှာလည်း လိုချင်စရာတွေကြည့်ပါပဲ။ မြို့ပြကနေ အခုလိုတောတောင်ထဲကို သွားလိုက်ရတော့ စိတ်ထဲမှာ တမျိုးလေးလန်းဆန်းမိပါတယ်။


Tuesday 27 January 2009

ဝေးမှသိ

ဟိုတလောက မြန်မာပြည်မှာရှိတဲ့ အဒေါ်အငယ်နဲ့ ဖုန်းပြောဖြစ်တယ်။ မြန်မာပြည်ကို ပြန်လာချင်တယ်လို့ ခဏခဏ ပြောတတ်တော့ နှင်းကို အဒေါ်က ပြောပါတယ်။ ဒီမှာ တခြားသူတွေ နိုင်ငံခြားကို သွားချင်လွန်းလို့ ကြိုးစားနေတဲ့အချိန်မှာ နင်ကပြန်လာချင်နေတယ်။ ဘယ်လိုဖြစ်တာလဲ။ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး ပြောပါတယ်။ သူတို့တွေ ထင်နေတာက နိုင်ငံခြားရောက်နေတဲ့လူတွေ မြန်မာပြည်ကို သဘောမကျတော့ဘူးလို့များ ထင်နေလားမသိတော့ပါဘူး။ နှင်းကလဲ ဖုန်းပြောတိုင်း ပြန်လာချင်တယ်ပြောမိပါတယ်။ မြန်မာနိုင်ငံက ကိုယ့်အတွက် အကောင်းဆုံးပဲလို့ အမြဲလိုလိုပြောဖြစ်ပါတယ်။ ဘာတွေဘယ်လိုပဲ တိုးတက်ထွန်းကားနေပါစေ မြန်မာနိုင်ငံကိုပဲ ပိုသဘောကျပါတယ်။ ကိုယ့်ဘ၀တိုးတက်ဖို့ နည်းလမ်းရှာပြီး ကြိုးစားနေကြပေမယ့် မြန်မာပြည်မှာနေရတဲ့ ခံစားချက်ကို နိုင်ငံခြားမှာ ရှာလို့မရနိုင်ပါဘူး။ ရုပ်ဝတ္တုပစ္စည်းတွေ ဘယ်လောက်ပဲပြည့်စုံနေပါစေ စိတ်ထဲမှာတော့ ပြီးပြည့်စုံတဲ့ ခံစားချက်ကို မခံစားရပါဘူး။

ကိုယ့်ရဲ့အောင်မြင်မှုအတွက် မျှဝေခံစားမယ့် မိသားစုတွေဟာ ကိုယ်နဲ့အဝေးကြီးမှာ ရှိနေရတယ်။ မြန်မာပြည်မှာသာဆိုရင် ကိုယ့်အောင်မြင်မှုအတွက် သူတို့တွေရဲ့ အားပေးစကားတွေကို ကိုယ်ကြားရမယ်။ ကိုယ့်အတွက် ၀မ်းသာနေမယ့် သူတို့မျက်နှာတွေကို ကိုယ်မြင်ရမယ်။ မိသားစုရဲ့ နွေးထွေးမှုကို ကိုယ်တိုင်ခံစားနိုင်မယ်။ ကိုယ့်ဘ၀မှာ ရှုံးနှိမ့်မှုတွေ ကြုံလာရင်လည်း ဘေးနားမှာ အားပေးစကားပြောမယ့်သူ ဘယ်မှာရှာရမလဲ။ နိုင်ငံခြားမှာဆိုတာ သူလိုကိုယ်လိုပဲ ဘယ်သူ့ကိုမှ ကူနိုင်ကြတာမဟုတ်တော့ ကိုယ့်အပူကို ဘယ်လိုလုပ်မျှဝေခံစားနိုင်မလဲ။

ဘာသာရေးအရကြည့်မယ်ဆိုရင်လဲ မြန်မာပြည်မှာလို ဘုရားကျောင်းကန်ဆိုတာ မပေါများပါဘူး။ ရှိတဲ့နေရာဟာလည်း ကိုယ်နေတဲ့နေရာနဲ့ ဝေးနေမယ်ဆိုရင် မရောက်ဖြစ်တော့ပါဘူး။ အဲဒီအတွက် ဘာသာရေးဆိုတာနဲ့လည်း ဝေးမှန်းမသိ ဝေးလာပါတယ်။ ဘာသာရေးနဲ့ ဝေးလာတာနဲ့အမျှ စိတ်တွေကလဲ ရိုင်းတဲ့စိတ်တွေ မသိမသာဝင်လာတတ်ပါတယ်။ မြန်မာပြည်မှာဆိုရင် တခုခုလုပ်မယ်ဆိုရင်တောင် ဘာသာရေးအရ သင့်တော်ပါ့မလား။ လုပ်သင့်ရဲ့လားဆိုတဲ့ အထိန်းအကွပ်တွေနဲ့ ထိန်းချုပ်ထားတဲ့အတွက် ပိုကောင်းတယ်လို့ ထင်မိပါတယ်။

အဒေါ်ကို အဲတာတွေပြောပြတော့ နင်တရားပေါက်သွားတာလားတဲ့။ အင်းအဲလိုထင်ချင်ရင်လဲ ထင်လိုက်တော့လို့။ ဒီခံစားချက်တွေက မြန်မာပြည်မှာ နေတုန်းက မသိခဲ့ပါဘူး။ အဝေးကြီးကိုရောက်မှ သိလာရတဲ့ ခံစားချက်တွေပါ။ အခုနေ မြန်မာနိုင်ငံမှာ ရှိတဲ့လူကို ပြောနေရင်တော့ နှင်းကို ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ထင်ချင်ထင်နေမှာပါ။ တကယ်တမ်း သူတို့တတွေလဲ နိုင်ငံရပ်ခြားကို ရောက်လာခဲ့မယ်ဆိုရင် နှင်းအခုပြောနေတာတွေကို နားလည်လာမှာာပါ။

လူတွေဟာ တခါတလေမှာ ကိုယ်လက်ရှိရနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ကြပါဘူး။ အဲဒီအရာတွေကို ဆုံးရှုံးလိုက်ရတဲ့အခါမှသာ အဲဒါတွေရဲ့တန်ဖိုးကို ပိုနားလည်လာရပါတယ်။


Monday 26 January 2009

ငွေမျက်နှာ

ငွေဆိုတဲ့အရာဟာ လူတွေရဲ့ သည်းခြေကြိုက်တဲ့ အရာတစ်ခုပါပဲ။ ငွေရမယ်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ လူတွေဟာလည်း အများအပြားပါပဲ။ အရင်တုန်းက ငွေကြေးဟာ ဘယ်လောက်နေရာယူခဲ့သလဲဆိုတာ မသိပေမယ့် အခုလက်ရှိမှာတော့ နေရာတော်တော်များများမှာ ငွေဟာအဓိကလိုဖြစ်လာပါတယ်။ စားဝတ်နေရေးအတွက် ငွေလိုအပ်သလို ပညာဗဟုသုတအတွက်လဲ ငွေဟာအဓိက ကျလာပါတယ်။ စားဝတ်နေရေး မပြေလည်တဲ့ မိသားစုရဲ့ ကလေးတွေ ပညာရေးဟာလည်း နောက်မှာကျန်နေခဲ့မှာပါပဲ။ ပညာဗဟုသုတ နည်းလာတာနဲ့အမျှ လူနေမှုအဆင့်အတန်း စိတ်ဓာတ်ရေးရာတွေမှာလည်း အားနည်းလာပါတယ်။ ဒါတွေဟာ ငွေကြေးချို့တဲ့မှုကနေ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေပါပဲ။

ပညာသိပ်လိုချင်နေပေမယ့် အဲဒီပညာကို သင်ကြားနိုင်ဖို့ စရိတ်မရှိရင် ဒီပညာကို ဘယ်လိုလုပ်ရနိုင်တော့မလဲ။ အခုခေတ်မှာ စိတ်ရှိယုံကလေးနဲ့ မဖြစ်နိုင်တော့ပါဘူး။ စိတ်ကလိုချင်နေရင် နောက်ကငွေကလဲ ရှိဖို့လိုအပ်လာပါတယ်။ ကိုယ်နှစ်သက်တဲ့ စာအုပ်တအုပ်ကို ၀ယ်ချင်နေရင်တောင် စာအုပ်ဖိုးပိုက်ဆံမရှိတဲ့အတွက် ၀ယ်မဖတ်နိုင်တဲ့လူတွေ အများအပြားပါပဲ။ အဲဒီအခါမှာ ကိုယ်လိုချင်တဲ့ ဗဟုသုတ ရနိုင်ပါတော့မလား။ သူတပါးကို မပြောပါဘူး။ နှင်းတို့ကိုယ်တိုင်တောင် ဆိုင်တခုကို ၀င်လိုက်ရင် ကိုယ်လိုချင်တာကို အရင်မကြည့်ဖြစ်ပါဘူး။ ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးအတိုင်းအတာနဲ့ ညီမျှတာကိုပဲ အရင်ကြည့်ဖြစ်ပါတယ်။ တကယ်တမ်း လိုချင်တာက တခုဖြစ်ပေမယ့် ငွေဆိုတဲ့မျက်နှာကို ကြည့်လိုက်ရတဲ့အတွက် မလိုချင်ပေမယ့် သင့်တော်တယ်ထင်လို့ လက်ခံလိုက်ရပါတယ်။

အဲလိုပဲ တချို့တွေကလဲ အရာဝတ္ထုပစ္စည်းတင်မဟုတ်ပဲ ကိုယ့်ရဲ့ဘ၀ကိုပါ ငွေကြောင့် လဲလှယ်လိုက်ရပါတယ်။ ကိုယ့်ဘ၀ကောင်းစားဖို့ ကိုယ့်မိသားစုအတွက်ဆိုတဲ့ အရာတွေကို ငဲ့ညှာပြီး ကိုယ်မချစ် မနှစ်သက်ပေမယ့် ငွေကြေးချမ်းသာတဲ့လူဆိုရင် လက်ခံလိုက်ရပါတယ်။ အပြင်ပိုင်းမှာတော့ သူ့ဘ၀ဟာ အရာရာပြည့်စုံနေပေမယ့် တကယ်တမ်း သူ့ရဲ့စိတ်ဟာတော့ မပျော်ရွှင်နိုင်ပါဘူး။

တခါတလေ ဆွေမျိုးမိတ်ဆွေတွေ ကြားထဲမှာလဲ ငွေကြောင့်ပဲ ပြဿနာတွေ ဖြစ်တတ်ကြပြန်ပါတယ်။ ငွေကြေးအတွက် တခါတလေ မိတ်ဆွေတွေကို မျက်နှာပျက်ရတာတွေ ဆွေမျိုးတွေ အဆက်ဖြတ်ကြတာတွေ ဖြစ်တတ်ပါတယ်။ လူတွေရဲ့ စိတ်ထဲမှာ ငွေကြေးဆိုတာ ၀င်လာတဲ့အခါမှာ လူမှုရေးတွေ ငဲ့ညှာမှုတွေ ဘာမှမစဉ်းစားမိတော့ပါဘူး။ တကယ်တော့ ငွေမျက်နှာကို နေရာတိုင်းကြည့်မနေသင့်ပါဘူး။ အဲလိုသာကြည့်နေမယ်ဆိုရင် ဘ၀မှာ တချို့အရာတွေကို ဆုံးရှုံးရမှာပါပဲ။

တကယ်တမ်း ငွေဆိုတာ အရေးပါပါတယ်။ ဒါပေမယ့် ငွေကြေးကို သူ့နေရာနဲ့သူ ထားတတ်ရင်တော့ အကောင်းဆုံးပါပဲ။

တွေ့ဆုံကြုံကွဲ

တွေ့ဆုံကြုံကွဲဆိုတာ လူ့ဘ၀မှာ အမြဲတမ်းကြုံတွေ့နေရတဲ့ အရာတွေပါ။ တွေ့ဆုံခြင်းဆိုတဲ့နောက်မှာ ခွဲခွာခြင်းက ကပ်လျက်ပါလာပါတယ်။ အဲဒါကြောင့်လဲ တချို့က ခွဲခွာခြင်းရဲ့အစဟာ တွေ့ဆုံခြင်းလို့ ပြောကြပါတယ်။ တရပ်ကွက်ထဲနေပေမယ့် အကြောင်းမတိုက်ဆိုင်တော့ လူချင်းမသိနိုင်ပါဘူး။ ဝေးတမြေကိုရောက်မှ ပြန်လည်တွေ့ဆုံကြရတာတွေလည်း ဖြစ်နေကျပါ။ အဲလိုအကြောင်းအကျိုးတိုက်ဆိုင်လို့ တွေ့ဆုံနေရတဲ့အချိန်လေးမှာ ချစ်တာ မုန်းတာ သနားတာ အမြင်ကပ်တာ စတဲ့ အဖြစ်အပျက်မျိုးစုံကိုလဲ ခံစားရမယ်။

တကယ်တော့ နှင်းတို့တတွေဟာ မီးပွိုင့်တခုမှာ မီးနီနေတုန်းလေး ကြုံတွေ့ရတဲ့ လူတွေနဲ့တူပါတယ်။ မီးလေးနီနေတုန်း စက္ကန့်ပိုင်းလေးမှာ တဦးနဲ့တဦး လှည့်ကြည့်မိတဲ့ အခါ ကိုယ့်ကို သဘောကျလို့ တချို့က ပြုံးပြနေပေမယ့် ကိုယ့်ကို မကြိုက်တဲ့လူတွေကလည်း မဲ့ချင်မဲ့နေမယ်။ ကိုယ်က နှုတ်ဆက်လိုက်လို့ သူ့မှာ စိတ်ရှုတ်နေတဲ့အခါ ကိုယ့်ကို ဆဲချင်လဲဆဲသွားမှာပါပဲ။ အဲလိုခဏတာလေးမှာ ဖြစ်ပျက်သွားတာတွေက အများကြီးပါပဲ။ မီးနီလေးက အချိန်ပြည့်လို့ စိမ်းသွားပြီဆိုရင်တော့ အားလုံးဟာ ကိုယ့်ဦးတည်ရာ လမ်းကြောင်းကို ကိုယ်သွားကြတာပါပဲ။ ခုဏက တခဏဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးဟာလဲ အတိတ်မှာ ကျန်နေခဲ့တာပါပဲ။ စက္ကန့်ပိုင်းလေးမှာ တွေ့ဆုံခဲ့ရတဲ့ လူတွေဟာ နောင်ဘယ်တော့မှ ပြန်တွေ့မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

အခုလဲ မီးလေးနီနေတုန်းမှာ ဘလော့ဂ်ဆိုတဲ့ မီးပွိုင့်လေးမှာ ခဏတာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် မီးလေးစိမ်းလာရင်တော့ ကိုယ့်ဦးတည်ရာကို ကိုယ်သွားကြရမှာပါ။ နှင်း တယောက်လဲ ခင်တွယ်ရတဲ့ မိတ်ဆွေတွေ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ သံယောဇဉ်တွယ်မိတဲ့ ဘလော့ဂ်ဂါမောင်နှမတွေနဲ့ နှင်းရဲ့ ခင်တွယ်ရတဲ့ ဒီဘလော့ဂ်ကလေးကို ဘယ်အချိန်ခွဲခွာရမလဲဆိုတာ မသိနိုင်ပါဘူး။ မခွဲခွာချင်ပေမယ့်လည်း ဘ၀မှာ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ လုပ်သင့်တာတွေအတွက် ခွဲခွာကြရဦးမှာပါပဲ။

Saturday 24 January 2009

ဘာအရေးကြီးသလဲ

အရင်တပတ်ကအကြောင်းလေးပါ။ အခုမှ သတိရတာနဲ့ ရေးဖြစ်တာပါ။ အရင်တပတ်က မြန်မာပြည်ကို ပစ္စည်းပို့မယ်ဆိုပြီး သင်္ဘောနဲ့ ပို့ပေးတဲ့ ဆီကို ပစ္စည်းသွားပို့ကြပါတယ်။ လေယာဉ်နဲ့ပို့ရင် အချိန်ကုန်သက်သာပေမယ့် ပို့ခက ဈေးကြီးပါတယ်။ သင်္ဘောနဲ့ကတော့ အချိန် ၁ လလောက်ကြာပေမယ့် ပို့ခသက်သာပါတယ်။ အိမ်ကိုလဲ အရောက်ပို့ပေးပြီး ပစ္စည်းလည်းစိတ်ချရတော့ နှင်းတို့အိမ်ကတော့ သင်္ဘောနဲ့ပဲ ပို့ဖြစ်ပါတယ်။ အိမ်အသုံးအစောင်နဲ့ လျှပ်စစ်ပစ္စည်းကလဲ ပို့ခဈေးမတူပါဘူး။ လျှပ်စစ်ပစ္စည်းဆိုရင် ဈေးနည်းနည်း ပိုယူပါတယ်။ အဲဒီမှာ နှင်းတို့ရှေ့မှာ ပစ္စည်းလာပို့တဲ့ အမျိုးသမီးတယောက် ပိုက်ဆံရှင်းတဲ့အခါ ဈေးဆစ်နေတာကို တွေ့ရပါတယ်။ လက်ခံတဲ့သူကလဲ ဈေးမလျှော့နိုင်ကြောင်းပြောပါတယ်။ သူပို့တဲ့ပစ္စည်းက အကောင်းမဟုတ်ဘူး။ သုံးပြီးသားတွေလို့ ပြောပါတယ်။ ပို့ပေးမယ့်သူကလဲ အဟောင်းဆို တဈေးဆိုပြီးမရှိကြောင်း ပြန်ပြောပါတယ်။ အတင်းကိုဈေးဆစ်နေတော့ ပို့ပေးမယ့်သူက ထပ်ပြောတာကို ကြားရပါတယ်။ ပစ္စည်းကို ကောင်းကောင်းမွန်မွန်ရောက်ဖို့က အဓိကလား ပိုက်ဆံကအဓိကလားဆိုပြီး မေးလိုက်ပါတယ်။ အဲဒီအခါကြမှပဲ ဈေးမဆစ်တော့ပဲ ငွေရှင်းပေးပါတယ်။

သူ့ကိုကြည့်ပြီး အတွေးတခုဝင်မိပါတယ်။ တခါတလေကျရင် လူတွေဟာ ဘာမဟုတ်တာလေးတခုကို တွက်ချက်နေတတ်ပါတယ်။ တခါတလေ အတွက်လွန်သွားပြီး ထင်တိုင်းမဖြစ်လာပါဘူး။ အခုနှင်းတွေ့ခဲ့တာကိုကြည့်ရင် ဘာမဟုတ်တဲ့ ပိုက်ဆံလေး ၄ ၅ ရာကို သူတွက်ပြီးပြောနေတာပါ။ တကယ်တမ်းကျတော့ ကိုယ့်ပစ္စည်း လုံလုံခြုံခြုံရောက်သွားဖို့က အဓိကပါ။

နောက်ဆုံးတခွန်းကိုတော့ တော်တော်စဉ်းစားရပါတယ်။ မြန်မာပြည်က custom မှာ ကိုယ်တိုင်ပစ္စည်းရွေးမယ်ဆိုရင် ၅ ပုံ ၁ ပုံပဲ သူယူပါမယ်တဲ့။ ကဲ ဘယ်လိုဖြစ်တာလဲ မသိတော့ပါဘူး။


မမျှော်တော့ဘူး

ဒီနေ့ ဈေးသွားလိုက်တာ ဈေးထဲမှာ လူတော်တော် တိုးလိုက်ရပါတယ်။ မနက်ဖြန်ဆိုရင် ကန်တော့တာ နောက်ဆုံးရက်ဆိုတော့ ဒီနေ့ ဈေးဝယ်တာ လုဝယ်နေရပါတယ်။ နောက်ရက်ကနေစပြီး ဈေးဆိုင်တွေလဲ နားကြပါပြီ။ နှင်းလဲပဲ အနားယူပြီး လျှောက်လည်ဖို့ ကြံစည်နေပါတယ်။ နှစ်သစ်ကူးဆိုရင် ရာသီဥတုက အရမ်းအေးပါတယ်။ မိုးကလဲ နှစ်တိုင်းလိုလိုရွာပါတယ်။ မနှစ်ကတော့ နေမကောင်းတာနဲ့ အိပ်ယာထဲမှာ အချိန်ကုန်လိုက်ရလို့ ဒီနှစ်တော့ အတိုးချပြီး လျှောက်သွားဖို့ ကြံစည်နေပါတယ်။ လျှောက်လည်ဖြစ်ခဲ့ရင်တော့ အားလုံးကို အားမနာပါးမနာ ပြောပြမယ်နော်။ အခု အရမ်းကိုချမ်းနေလို့ အိပ်ယာထဲကနေပြီး စာလှမ်းရေးလိုက်တာပါ။ အေးတာလေးကို အကြောင်းပြပြီး အိမ်မှာ အပါးခိုနေပါတယ်။

အခုချိန်ထိ အိမ်ကလူတွေက အမ်ပေါင်းပေးဖို့ စကားမဟကြပါဘူး။ ဒီနှစ်လဲပဲ မရတော့ပါဘူး။ မမျှော်လင့်တော့ပါဘူးလေ။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့။ ဘေလာ့ဂ္ဂါ အစ္ကိုအစ္မေတြကလဲ ဘယ္သူမွ လာမေပးၾကပါဘူး။ တကယ်ကိုပဲ ဘိုင်ပြတ်ပါတယ်။ ကိုမိုးကျော်ဝင်းကလဲ ရော့ဆိုပြီးလာပေးတာ အွန်လိုင်းကနေဆိုပြီး စာအိပ်ပဲပါတယ်။ အထဲမှာ ဘာမှလဲ မပါလာပါဘူး။ အိပ်ယာထဲကနေ ကယောင်ကတမ်းနဲ့ စာထရေးမိတာ အမ်ပေါင်းအကြောင်းပဲ ရေးမိတယ်။ အခုတလော စိတ်ထဲမှာ ဒါပဲ မျှော်နေမိတယ်။ ဟီ ဟီး ဘယ်သူများ အလိုက်တသိလာပေးမလဲလို့ ထအော်တာ။ တော်ပြီ ပြန်ကွေးတော့မယ်။ အခုထိမပေးမှတော့ မမျှော်တော့ဘူး...........

Thursday 22 January 2009

Happy Chinese New Year

Happy New Year လို့ ထပ်ပြောလိုက်ရင် နှင်းလေး တယောက် ဘာထပ်ကြောင်တာလဲလို့ ထင်ကြမှာပဲနော်။ ဒီဇင်ဘာ ၃၁ တုန်းကလဲ ဟက်ပီနယူးရီးယားဆိုပြီး အော်ပြီးပါပြီ။ အခုလဲ နောက်ထပ်တခါ အော်ပါတော့မယ်။ ဒီဇင်ဘာတုန်းကတော့ အင်္ဂလိပ်ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးပါ။ အခုကတော့ နှင်း ပါးပါးဘက်က တရုတ်ဖြစ်တော့ တရုတ်ရိုးရာ နှစ်သစ်ကူးပါ။ ဒီနေ့ကတော့ အလုပ်မှာ ဘာအလုပ်မှ မလုပ်ရပဲနဲ့ သန့်ရှင်းရေးတွေ လုပ်ကြပါတယ်။ နေ့လည်စာကို သူဌေးက ဟော့ပေါ့ကျွေးလို့ တပျော်တပါး သွားစားကြပါတယ်။ နောက်တော့ အလုပ်ကိုပြန်လာပြီး နှုတ်ဆက်စကားတွေ ပြောကြပါတယ်။ အားလုံးပြီးတော့ သူဌေးက အလုပ်သမားတွေအတွက် နှစ်ကူးအမ်ပေါင်း ပေးပါတယ်။ ပြီးတော့ အိမ်ကို ပြန်ကြပါတယ်။ ဒါကတော့ နှစ်တိုင်းလုပ်နေကျ နှင်းတို့အလုပ်ရဲ့ ပုံစံပါပဲ။ ဒါပေမယ့် ဒီနှစ်ကတော့ တကမ္ဘာလုံးအလုပ်မကောင်းတဲ့အတွက် နှစ်ကူးပိတ်ရက်ကို ကြိုပြီး ပိတ်ကြပါတယ်။ အမှန်တကယ်ဆိုရင် စနေနေ့မှ စပိတ်ရမှာ ဖြစ်ပေမယ့် နှင်းတို့ကိုတော့ မနက်ဖြန် သောကြာနေ့ထဲကနေ ကြိုပိတ်လိုက်ပါတယ်။ တချို့အလုပ်တွေမှာ ဒီနေ့ကထဲက ကြိုပိတ်ကြပါတယ်။ အလုပ်တွေမကောင်းတော့ သူဌေးတွေလဲ အလုပ်သမားတွေကို အမ်ပေါင်းများများ မပေးနိုင်ကြပါဘူး။ နှင်းတို့တွေလဲ အတူတူပါပဲ။ မနှစ်ကတော့ ပိုပျော်ပါတယ်။ အမ်ပေါင်းက ပိုများတာကို။ ဒီနှစ်တော့ တ၀က်နည်းသွားတော့ သိပ်မပျော်ပါဘူး။ ဒါပေမယ့် နှစ်သစ်ကူးမှာ အမ်ပေါင်းရတယ်ဆိုရင် ဘယ်လောက်ပဲရရ ပျော်ပါတယ်။ နှစ်သစ်ကူးနဲ့ အမ်ပေါင်းဆိုတာ တွဲနေတော့လဲ ကလေးတွေအတွက် ပျော်ပါတယ်။ နှင်းကတော့ အခုမပျော်တော့ပါဘူး။ အိမ်ကလူတွေအကုန်လုံးက မနှစ်ကစပြီးတော့ နှင်းကို အမ်ပေါင်းမပေးကြတော့ပါဘူး။ ကလေးလေးလို့ အမြဲတမ်းပြောပြောနေတဲ့ မိဘနှစ်ပါးကအစ နှစ်သစ်ကူးကြရင်တော့ နှင်းက ကလေးမဟုတ်တော့ပါဘူးတဲ့လေ။ ကဲ ဘယ်လိုလုပ်ရမလဲ။ ကျန်တဲ့အချိန်မှာတော့ ကလေးတဲ့ နှစ်သစ်ကူးကျမှ ကလေးမဟုတ်တော့ဘူးဆိုပြီး လုပ်ကြပါတယ်။ ကဲ ဘလော့ဂ်ဂါမောင်နှမတွေကရော နှင်းကို အမ်ပေါင်းပေးချင်စိတ်ကလေးများ မရှိကြဘူးလားဟင်...............

လာမယ့် တရုတ်နှစ်သစ် နွားနှစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ကိစ္စအ၀၀ အဆင်ပြေချောမွေ့ကြပါစေလို့ အားလုံးအတွက် ဆုတောင်းလိုက်ပါတယ်။

Wednesday 14 January 2009

ဆိုလ်းမြို့ပတ်ဝန်းကျင်

ဟန်မြစ်ကို ကားနဲ့ဖြတ်တုန်း ရိုက်ထားတာပါ။

ဟန်မြစ်ကမ်းနံဘေးမှာပါ။ ရေပေါ် စားသောက်ဆိုင်ကလေးတွေလဲ ရှိပါတယ်။

ဟန်မြစ်ကိုကူးတဲ့ တံတားပါ။ အပေါ်က ကားလမ်းဖြစ်ပြီး အောက်ကတော့ ရထားသွားတာဖြစ်ပါတယ်။

ဟိုးအဝေက လှမ်းမြင်နေရတာကတော့ အိုလံပစ်ပြိုင်ပွဲကျင်းပဘူးတဲ့ အားကစားရုံပါ။

ကိုးရီးယားက ဘတ်စ်ကားပါ

ဒါကတော့ လာလည်တဲ့ခရီးသည်တွေကို လိုက်ပို့ပေးတဲ့ ကားတွေပါ။ ဒီနေရာကတော့ အလှကုန်အရောင်းဆိုင်မှာပါ။


ကားနဲ့သွားတုန်း လှမ်းရိုက်ထားတာ



တောင်ကုန်းလေးတွေပေါ်က အိမ်လေးတွေ

မြို့ရိုးပေါ်ကနေ မြင်ရတဲ့ပုံပါ

ဟိုးအရင် နန်းတော်မြို့ရိုးတံခါးကနေ လှမ်းမြင်ရပုံ

ကိုးရီးယားက ပုံလေးတွေကို ပြမယ်ဆိုပြီး လုပ်နေတာ အချိန်ကြာသွားတယ်။ ဒီနေ့တော့ သတိတရနဲ့ပဲ ဆိုလ်းမြို့ပတ်ဝန်းကျင်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက် ကင်မရာမန်းကတော့ နှင်းမဟုတ်ပါဘူး။ နှင်းရဲ့ မောင်လေးပါ။ ဆိုလ်းမြို့ရဲ့ အမြင့်ဆုံးမျှော်စင်ကို မရောက်ခဲ့ပါဘူး။ိ

နန်းတော်ဟောင်းရဲ့ မြို့ရိုးတံခါးကို ၀င်ကြည့်လို့ရပါတယ်။ ဟိုအရင်က ပုံစံအတိုင်းပြုပြင်ထားတာပါ။

Sunday 11 January 2009

အချစ်ရူး

မှားမယ်မှန်းသိပေမယ့်
သိသိကြီးနဲ့ မိုက်ခဲ့ပြီး
အချစ်ဆိုတာကို လက်ခံခဲ့မိတယ်

မဖြစ်သင့်မှန်းသိပေမယ့်
love is blind ဆိုတာကိုရေရွတ်လို့
ဇွတ်တိုးချစ်ခဲ့တယ်

နောင်တတွေ ရမယ်မှန်းသိပေမယ့်
မမြင်ချင်ယောင်ဆောင်ပြီး
မျက်မှန်မည်းကြီး တပ်ခဲ့တယ်

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေအောက်မှာ
ခေါင်းမဖော်ဝံ့တဲ့ ငါ့မျက်နှာ
အချစ်ဆိုတာအတွက် ရင်နာနေရတယ်

အားလုံးကို သိပေမယ့်
အချစ်ဆိုတာကို ကိုးကွယ်မိတဲ့
ငါဟာ အရူးတပိုင်းဖြစ်နေပြီ

Saturday 10 January 2009

အမေများနေ့




ဒီနေ့အမေများနေ့ဆိုတာကို အမှန်တကယ်ကိုပဲ မေ့နေခဲ့ပါတယ်။ ထိုင်ဝမ်မှာကတော့ အမေများနေ့ကို မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေကို သတ်မှတ်ထားပါတယ်။ ဒီနေ့ ပြာသိုလပြည့်နေ့ကတော့ မြန်မာနိုင်ငံရဲ့ အမေများနေ့လို့ သိရပါတယ်။ ထိုင်ဝမ်မှာကတော့ အမေများနေ့မရောက်ခင်ကထဲက တီဗွီအစီအစဉ်တွေ လမ်းတွေပေါ်မှာ ကြော်ငြာကြပါတယ်။ အမေများနေ့အတွက် အမှတ်တရပစ္စည်းတွေကိုလဲ သီးသန့်ရောင်းချပေးကြပါတယ်။

မနှစ်ကတော့ ထိုင်ဝမ်ရဲ့ အမေများနေ့မှာ မာမားအတွက် လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ တန်ဖိုးမကြီးပေမယ့် မာမားအတွက် အမှတ်တရအဖြစ်ရှိနေတဲ့အတွက် ပျော်ရွှင်မိပါတယ်။ မာမားက နှင်း ငယ်ငယ်ကထဲကနေ အခုချိန်ထိ အပင်ပန်းခံပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီအသက်အရွယ်ရောက်နေပေမယ့် စိတ်ထဲမှာ ကလေးလိုမြင်ပြီး အကုန်လုပ်ပေးနေဆဲပါပဲ။ မိခင်တစ်ယောက်ရဲ့ မေတ္တာကို အပြည့်အ၀ ရရှိခံစားခွင့်ရတဲ့အတွက် မာမားကို ကျေးဇူးအရမ်းတင်ပါတယ်။ အဲဒီကျေးဇူးတွေဟာ ဘယ်လိုမှ ဆပ်မကုန်နိုင်ပါဘူး။ အရင်မသိတတ်တဲ့အရွယ်မှာ မာမားစိတ်ပူအောင် စိတ်ညစ်အောင် အမျိုးမျိုးလုပ်ခဲ့မိပါတယ်။ အဲဒီအချိန်တုန်းက မာမား ဘယ်လောက်ဝမ်းနည်း ပူပင်နေမလဲဆိုတာ အခုနေပြန်တွေးမိရင် နောင်တတွေရနေမိတယ်။ မာမားအပေါ် စိတ်ညစ်အောင်လုပ်မိတဲ့ သမီး ပူပင်အောင်လုပ်မိတဲ့ သမီး ဒီနေရာကနေ ၀န်ချတောင်းပန် ကန်တော့လိုက်ပါတယ်။

ခပ်ငယ်ငယ် စကားပြောသင်ခါစမှာ အမေ ဆိုတာရှိလားလို့ ဦးလေးတွေ ကမေးရင် အမေဆိုတာ မရှိဘူးလို့ မောင်လေးက ပြန်ဖြေခဲ့ပါတယ်။ မာမား ဆိုတာရှိလားမေးမှ ရှိတယ်လို့ ဖြေတတ်ခဲ့ပါတယ်။ အဖေဘက်မှာပဲနေပြီး စကားစသင်ခဲ့ရတော့ အမေ ဆိုတဲ့ အခေါ်အဝေါ်ကို မသိခဲ့ပါဘူး။ နောက်တော့မှ အမေ ဆိုတာ မာမား ကိုခေါ်တယ်လို့ သင်ပေးတော့မှ သိခဲ့ရတယ်။ အခေါ်အဝေါ်တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ စိတ်ထဲမှာသိကြတာကတော့ ကိုယ့်ကိုမွေးထုတ်ပေးတဲ့ မိခင်ဆိုတဲ့အသိပါ။

ဒီနေ့တနေ့လုံး မာမားကို စိတ်ဆင်းရဲအောင် မလုပ်မိလို့ တော်သေးတယ်လို့ တွေးမိပါတယ်။ ဟုတ်ပါတယ် အခုတလော မိခင်ကို ပိုသနားတတ်လာပါတယ်။ ပိုပြီးလဲ အရင်ကထက်ချစ်တတ်လာပါတယ်။ အရင်တုန်းက မချစ်လို့ မဟုတ်ပါဘူး။ အရင်တုန်းကလဲ ချစ်ပါတယ်။ အခုတော့ မိခင်ကို ပိုပြီးနားလည်လာပါတယ်။ ၀မ်းထဲမှာ ၉ လ လွယ်ပြီး ပင်ပန်းမှုတွေကြားကနေ မွေးထုတ်ပေးခဲ့ရတဲ့ သားသမီးကို ထိခိုက်မှာ စိုးရိမ်လို့ နေရာတကာမှာ ချုပ်ချယ်တားမြစ်ခဲ့ပါတယ်။ အဲဒါတွေကို အရင်က နားမလည်ခဲ့ပါဘူး။ ကိုယ့်ဝမ်းအနာခံပြီး မွေးခဲ့ရလို့ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို နားလည်မပေးခဲ့ပဲ နေရာတကာ အပြစ်မြင်နေတယ်ဆိုပြီး အထင်လွဲခဲ့မိတယ်။ သူများတွေလို မလွတ်လပ်ဘူး အရမ်းချုပ်ချယ်တယ်လို့ ထင်ခဲ့မိတယ်။ မာမားကို အမြဲပြောမိတယ်။ သမီးကို ဘာလို့ အရမ်းချုပ်ချယ်တာလဲ သူများတွေဆို အဲလိုမချုပ်ချယ်ပါဘူးလို့ လေ မာမား ပြန်ပြောတတ်တာကတော့ ငါ့မှာ သမီးတယောက်ပဲရှိတာလေ ဆိုတဲ့စကားပါပဲ။ အဲဒါကို နှင်းကလဲ ထပ်ပြီး အတွန့်တက်တတ်ပါတယ်။ သားတယောက်လဲ ရှိတာပဲ လေဆိုပြီးတော့။ ဟုတ်ပါတယ် မာမားက နှင်းတို့ မောင်နှမ ၂ ယောက်လုံးကို ငယ်ငယ်ကဆို အရမ်းထိန်းချုပ်ပါတယ်။ အခုအရွယ်မှာတော့ အရင်လောက် မစိုးရိမ်တော့ပေမယ့် တားမြစ်ချက်တွေကတော့ ရှိနေသေးတာပါပဲ။ အခုတော့ အဲဒီချုပ်ချယ်မှု တားမြစ်မှုတွေကို ကျေနပ်စွာ ခံယူတတ်လာပါတယ်။ မာမား နှင်းတို့ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ အတွေးတွေနဲ့ ပျော်တတ်လာပါတယ်။

နှင်းတို့အတွက် အပင်ပန်းခံ ပြုစုပျိုးထောင်ပြီး အန္တရာယ်မှန်သမျှကို ကာကွယ်ပေးခဲ့တဲ့ မာတာမိခင် အသက်ရာကျော်ရှည်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ တရားဓမ္မမှာ မွေ့ပျော်ပြီး မာမားချစ်တဲ့ ပါပါး နှင်းတို့မောင်နှမ နှစ်ယောက်နဲ့အတူ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ သမီးဆုတောင်းလိုက်ပါတယ်။

Tuesday 6 January 2009

A Mysterious Tree in NALGONDA --- Andra Pradesh ---India
















ထူးထူးခြားခြားလေးတွေ တွေ့ရလို့ သူငယ်ချင်းတွေကို မျှဝေလိုက်ပါတယ်။ တကယ်လား အမှန်လားဆိုတာကတော့ ကိုယ်တိုင်လဲ မသိပါဘူး။ ဒါပေမယ့် သဘာဝအလျောက် ဖြစ်ပေါ်တတ်တာတွေကိုတော့ တွေ့ဘူးပါတယ်။ အခုလောက် ထူးခြားတာတွေတော့ ကိုယ်တိုင်မကြုံဘူးလို့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုးထူးခြားတဲ့ သစ်ပင်ကိုတော့ ကိုယ်တိုင်တွေ့ဖူးချင်ပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics