Thursday 24 December 2009

Merry Christmas

Merry Christmas

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ခရစ္စမတ်ဆိုတာနဲ့ မသက်ဆိုင်ပေမယ့် မြန်မာပြက္ခဒိန်ရဲ့ ရုံးပိတ်ရက်လဲဖြစ်သလို တမ္ဘာလုံးကလူတွေ တော်တော်များများလဲ ပျော်ရွှင်ကြတဲ့နေ့တနေ့ပါ။ ထိုင်ဝမ်မှာကတော့ တချို့အလုပ်တွေက ပိတ်ပေမယ့် နှင်းတို့အလုပ်ကတော့ မပိတ်ပါဘူး။ နှင်းအနေနဲ့ကတော့ ငယ်ငယ်လေးထဲကလဲ ဘာမှထွေထွေထူးထူးမရှိပဲ အိမ်ထဲမှာပဲ အချိန်ကုန်နေကြဖြစ်လို့ ဒီနေ့လဲပဲ အိမ်ထဲမှာပါပဲ။ မနှင်းဟေမာက ဂျီတော့ကနေ ဆုတောင်းလေးပို့ပေးမှပဲ မနက်ဖန်ဆိုရင်ခရစ္စမတ်နေ့ဆိုတာ သတိရပြီး စာထရေးဖြစ်တာပါ။ အလုပ်ထဲကလူတွေ ဒီညသွားကဲကြမယ် ပြောသံကြားပေမယ့် သတိမထားမိဘူး။ ဒီမှာက ခရစ္စမတ်အ၀င်ည ၂၄ ရက်ညမှာ ပါတီတွေသွားကြ ပျော်ပွဲတွေလုပ်ကြနဲ့ပေါ့။ ခရစ္စမတ်မတိုင်ခင်လေးတင် ထိုင်ဝမ်ရဲ့တောင်ပေါ်တချို့မှာ နှင်းတွေကျပါတယ်။ ဒီဇင်ဘာလရောက်ပြီဆိုရင် ဆောင်းနှင်းတွေရယ် ခရစ္စမတ်ရက်ရယ် နှစ်တနှစ်ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရယ်ဆိုတာ အမြဲမခွဲပဲရှိနေတဲ့ အရာတွေပေါ့။

သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ခရစ္စမတ်မှာပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ခရစ္စမတ်ရောက်တိုင်း ကြားနေကျသီချင်းလေးတွေ ဘယ်တော့မှရိုးမသွားတဲ့သီချင်းလေးတွေနဲ့ အားလုံးကို ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။





ကိုယ့်ကြောင့်

ကိုယ်လုပ်တာတခုခုမှားသွားရင်ဖြစ်စေ ကိုယ့်သားသမီးက မကောင်းတာတခုခုကို လုပ်လိုက်ရင်ဖြစ်စေ ပတ်ဝန်းကျင်ကလူတွေကြောင့်လို့ ပြောတတ်ကြတယ်။ ငါက အစကဒီလိုလုပ်ဖို့မဟုတ်ဘူး သူပြောလို့လုပ်လိုက်တာကနေ ဖြစ်သွားရတယ်လို့ ပြောတတ်ကြတယ်။ အဲလိုပဲ ကိုယ့်သားသမီးကမဆိုးဘူး အပေါင်းအသင်းဖျက်လို့ ပျက်သွားတယ် ဆိုတာတွေလဲ မကြာခဏကြားရတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကပြောလို့ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်ကလူတွေက ပါးစပ်ကပဲပြောနိုင်တာပါ။ လက်တွေ့လိုက်လုပ်တာက ကိုယ်ကိုယ်တိုင်ပါ။ အဲဒီတော့ ပြောတဲ့လူရဲ့အပြစ်လား ကိုယ်တိုင်လိုက်လုပ်ချင်စိတ်နဲ့ လုပ်တဲ့သူရဲ့ အပြစ်လား?

လူတွေက အပြစ်ဖြစ်လာမှ မကောင်းတာဖြစ်လာမှ ဘေးကိုလွှဲချတတ်ကြတာပါ။ အဲဒီနေရာမှာသာ အကောင်းပဲဖြစ်မယ် ကောင်းကျိုးပဲခံစားရမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကောင်းလို့ဆိုပြီး ပြောတတ်ကြတယ်။ ပတ်ဝန်းကျင်ကလူတွေကောင်းလို့ သူငယ်ချင်းကောင်းလို့ဆိုပြီး ပြောတဲ့သူနည်းပါတယ်။

ပတ်ဝန်းကျင်က ကောင်းစေချင်လို့ ပြောပေမယ့်လည်း ကိုယ်ကလိုက်မလုပ်တဲ့ အခါတွေလဲရှိပါတယ်။ ဆေးလိပ်သောက်တာမကောင်းမှန်း သိပေမယ့်လည်း သူငယ်ချင်းကဆွယ်တော့ လိုက်သောက်တာတွေလဲ ရှိတာပါပဲ။ တကယ်တော့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် အားလုံးက ကိုယ့်ကြောင့် ကိုယ်တိုင်ဖန်တီးပြီး ဖြစ်လာတာကြည့်ပါပဲ။

Monday 21 December 2009

တခုလိုချင်ရင် တခုပေးရတယ်

အလုပ်အောင်မြင်ချင်ရင် ကြိုးစားမှရမယ်။
သူတပါးက ကောင်းကောင်းမွန်မွန်ဆက်ဆံတာလိုချင်ရင် ကိုယ်ကလည်းကောင်းကောင်းဆက်ဆံရမယ်။
သူတပါးချမ်းသာတာကို မြင်တိုင်း ကိုယ်မချမ်းသာချင်နဲ့။ သူု့လိုချမ်းသာအောင် အရင်ထဲကကြိုးစားခဲ့ပါလား။
ကိုယ်က သူတပါးကို အဆိုးမြင်နေပြီး သူ့ဆီက ကိုယ့်ကိုအကောင်းမြင်စေဖို့ မမျှော်ပါနဲ့။
သူတပါးရဲ့အပြုံးကို မြင်ချင်ရင် ကိုယ်ကလဲပြုံးပြတတ်ရတယ်။
သူတပါးကံကောင်းတာမြင်တိုင်း မနာလိုမဖြစ်နဲ့ သူ့လိုကံကောင်းအောင် ကိုယ်လဲကောင်းတာတွေလုပ်ရတယ်။

Sunday 20 December 2009

နားလည်မှု

နားလည်မှု ဆိုတဲ့စကားလေးက ပြောရတာလွယ်သလောက် လူတွေအပေါ် နားလည်ပေးနိုင်ဖို့ တကယ်တမ်းကျတော့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် လူတွေအပေါ်မှာ တကယ် နားလည်ပေးနိုင်သွားတယ် ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ တော်တော်လေးကို အဆင်ပြေပါတယ။် အဲလိုပဲ မိသားစုမှာဖြစ်စေ ချစ်သူတွေကြားမှာဖြစ်စေ မိတ်ဆွေကြားမှာဖြစ်စေ ပြဿနာဆိုတာ တော်ရုံနဲ့ ဖြစ်မလာတော့ပါဘူး။ တဖက်လူကို နားလည်ပေးလိုက်တဲ့အတွက် တဖက်လူလဲ စိတ်မညစ်ရသလို ကိုယ်လဲ စိတ်မညစ်ရတော့ပါဘူး။ အဲလိုနားလည်ပေးနိုင်ဖို့အတွက် သူ့နေရာမှာ ကိုယ်က၀င်ပြီး ကြည့်မှလဲ သူ့ရဲ့ခံစားချက်ကို နားလည်နိုင်မှာပါ။ ပါးစပ်က နားလည်ပါတယ်ပြောရုံနဲ့ မရပါဘူး။ နားလည်ပေးနိုင်သွားတာနဲ့ အဲဒီလူအပေါ်မှာ အပြစ်ဆိုတာလဲ မမြင်တော့ပါဘူး။

အချိန်တွေမရွေးသင့်ဘူး

မနေ့ညက ထိုင်ပေမှာ ငလျင်လှုပ်သွားတယ်။ ဖြစ်ချင်တော့ အလုပ်ကနေအပြန် အိပ်ရောက်နေတဲ့အချိန် ရေချိုးမလို့ အ၀တ်လဲနေတုန်း လှုပ်သွားတာ။ အခုနေပြန်တွေးပြီးပြောနေလို့သာ ရယ်နိုင်တာ။ ဖြစ်နေတုန်းကတော့ လူကတော်တော်လေးကြောက်သွားတယ်။ အရင်တုန်းကလဲ အခုလို မကြာခဏလှုပ်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီး အရှိန်မပြင်းတော့ သိပ်မကြောက်ပါဘူး။ မနေ့ညကတော့ ပစ္စည်းတွေလဲပြုတ်ကျ အ၀တ်တွေလဲပြုတ်ကျနဲ့ ကြောက်လန့်ပြီး ဦးလေးအငယ်ကို အော်လိုက်တာ ငယ်သံပါသွားတာပဲ။ အဒေါ်အငယ်နဲ့ ဦးလေးအကြီးကလဲ မရှိတော့ တူဝရီးနှစ်ယောက်သား ကြောက်လန့်ပြီး အပြင်ထွက်ပြေးဖို့ ပြင်နေကြတာ ပြန်တွေးကြည့်တော့ ရယ်စရာဖြစ်နေတယ်။ နှင်းကလဲ အိမ်အောက်ပြေးဆင်းဆိုပြီး အခန်းထဲကထွက်လာတယ်။ ဦးလေးအငယ်ကလဲ အိမ်ပေါ်ပြေးတက်မယ်ဆိုပြီး တံခါးအတင်းဖွင့်နေတယ်။ အိမ်အောက်ထပ်က အဒေါ်ကြီးတွေကလဲ အော်လိုက်တာ ဆူညံသွားတာပဲ။ ဒါပေမယ့် ငလျင်ကတော့ ခဏလေးပဲ လှုပ်သွားတာပါ။ လှုပ်သွားတဲ့ခဏလေးမှာ တော်တော်လေးကို ကြောက်သွားကြတာ။ ဦးလေးအကြီးနဲ့ အဒေါ်လဲပြန်ရောက်ရော တယောက်နဲ့တယောက်ဖြစ်တာကိုပြောပြီး ရယ်လိုက်ကြတာ။ ပြန်စဉ်းစားကြည့်တော့ လူတွေက သေရမှာကို တော်တော်လေးတုန်လှုပ်ကြပါတယ်။ ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော တကယ်တမ်းကြုံလာရတော့ ကြောက်ကြတာပါပဲ။

ပထမအရွယ် ပညာရှာ
ဒုတိယအရွယ် ဥစ္စာရှာ
တတိယအရွယ် တရားရှာ
ဆိုတဲ့ စကားက မှန်လားမမှန်လားတော့မသိဘူး။ တကယ်လို့များ မနေ့ညကသာ အခန့်မသင့်လို့ သေသွားခဲ့ရင် သေချာပါတယ်။ တရားမရှိလို့ အောက်ကိုပဲရောက်သွားမှာပါ။ တကယ်တော့ ဘယ်တော့သေမယ်ဆိုတာကို မသိတဲ့အတွက် အရွယ်တွေ အချိန်တွေ အသက်အရွယ်တွေကို စောင့်မနေပဲ တရားရှာသင့်ပါတယ်။ သေရင်ကိုယ့်နောက်ပါတာဆိုလို့ ကိုယ်ပြုတဲ့ကောင်းမှုကုသိုလ်ပဲရှိပါတယ်။

Sunday 29 November 2009

မရွဲ့မိစေနဲ့

လူတိုင်းမှာ အကျင့်တခုစီတော့ ရှိတတ်ကြပါတယ်။ အဲလိုအကျင့်လေးတွေမှာ တချို့အကျင့်လေးတွေက တခြားသူတွေကိုမထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် တချို့အကျင့်တွေကြတော့ တော်တော်လေးကို တခြားသူအတွက် စိတ်ညစ်စရာဖြစ်ပါတယ်။ အဲဒီအကျင့်တွေထဲမှာ စကားကိုရွဲ့ပြောတတ်တာက တော်တော်ဆိုးပါတယ်။ သူတို့ပြောတာကို တခြားသူက ရှင်းပြလာရင်ဖြစ်စေ သူတို့ကို တိုင်ပင်တဲ့စကားကို လက်မခံချင်ရင်ဖြစ်စေ စကားတွေကို ရွဲ့ပြီးပြောပါတော့တယ်။ အဲလိုရွဲ့ပြောတတ်တဲ့ သူမျိုးနဲ့များ ပြဿနာတခုခု ဖြစ်လာပြီဆိုရင်တော့ တော်တော်ကိုဖြေရှင်းရခက်ပါတယ်။ သူပြောတာကလဲ ကိုယ်လက်မခံနိုင်စရာဖြစ်နေသလို ကိုယ်ဖြစ်ချင်တာကို တိုင်ပင်တော့လဲ ကိုယ့်ကိုတရွဲ့ကြည့်ပြောနေတော့ ပြဿနာက ဘယ်လိုမှကို မပြေလည်နိုင်တော့ပါဘူး။

ပြဿနာဆိုတာကတော့ တခုမဟုတ်တခုကြုံနေရမှာပါပဲ။ ဒါပေမယ့် အမြဲတမ်း အဲလိုရွဲ့ပြောနေမယ်ဆိုရင် သူနဲ့အမြဲနေရတဲ့ သူတယောက်ဆိုရင်တော့ကြာလာရင် စိတ်ကုန်လာမှာပါပဲ။ စကားအကောင်းကို ပြောမရတော့ ရလဒ်ကောင်းဆိုတာလည်း မရနိုင်တော့ဘူးပေါ့။ မိတ်ဆွေတွေကြားမှာပဲ ဖြစ်ဖြစ် မိသားစုကြားမှာပဲဖြစ်ဖြစ် ပြဿနာတခုဖြစ်လို့ ကိုယ့်အစီအစဉ်အတိုင်း မဖြစ်နိုင်တာနဲ့ ရွဲ့ပြီးလုပ်လိုက်တာတွေ ဆုံးဖြတ်လိုက်တာတွေက အမှားဘက်ကို ဖြစ်သွားနိုင်သလို ကိုယ့်ပတ်ဝန်းကျင်နဲ့လဲ အဆင်မပြေနိုင်ပါဘူး။ မိဘစကားကို ရွဲ့ပြီးဆုံးဖြတ်လိုက်လို့ နောင်တရနေကြတဲ့ သားသမီးတွေရှိသလို ချစ်သူကိုရွဲ့လိုက်မိလို့ လမ်းခွဲပြီးမှ နောင်တရနေတဲ့သူတွေလဲရှိပါတယ်။ ဖြစ်လာတဲ့ ပြဿနာကို ခေါင်းအေးအေးနဲ့ အကောင်းဆုံးနည်းလမ်းကို မစဉ်းစားပဲနဲ့ ရွဲ့ပြီးလုပ်လိုက်တာဟာ ကိုယ့်အတွက်လဲမကောင်းသလို ကောင်းတဲ့ရလဒ်တွေဖြစ်လာဖို့ ဆိုတာကလည်း နည်းပါတယ်။

မိတ်ဆွေတွေကြားမှာလဲ ကိုယ်မကြိုက်တာနဲ့ စကားကို ရွဲ့ပြောတတ်တဲ့သူတွေကို တွေ့ဘူးပါတယ်။ လူပတ်ဝန်းကျင်မှာ နေနေတဲ့အတွက် ကိုယ်ဖြစ်ချင်တာကြည့် မဖြစ်နိုင်ပါဘူး။ အားလုံးနဲ့ လိုက်လျောညီထွေ နေနိုင်မှ ဖြစ်မှာပါ။ အခုတော့ ကိုယ့်သဘောနဲ့ မတွေ့တာနဲ့ အမြဲတမ်း ရွဲ့ပြောနေမယ်ဆိုရင် ကြာလာရင် မိတ်ဆွေနည်းသွားနိုင်တယ်။ အဲလိုရွဲ့ပြီးမပြောပဲ နားလည်ပေးလိုက်မယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါမှမဟုတ် မှားနေတယ်လို့ ထင်ရင်လည်း ဘာဖြစ်သင့်တယ် ဘာကတော့ ပိုကောင်းတယ်လို့ အကြံပေးလိုက်တာက ပိုကောင်းပါတယ်။

Saturday 28 November 2009

ထွက်ပေါက်မှန်ပါစေ

မနေ့ကမှ မေးလ်တွေဝင်စစ်ဖြစ်ပါတယ်။ အလုပ်ကလဲ မအားတာရော မေးလ်ထဲမှာလဲ ဘာမှအရေးတကြီး မတွေ့တာကြောင့် သေချာဝင်မစစ်ဖြစ်ပါဘူး။ ဒါပေမယ့် မနေ့က၀င်ကြည့်ဖြစ်တော့ စင်္ကာပူက သူငယ်ချင်းမွန်မွန် ပို့ပေးထားတဲ့ forward မေးလ်ကို သွားကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ချစ်သူကောင်မလေးအတွက် ကိုယ့်အသက်ကို အဆုံးစီရင်သွားတဲ့ ကောင်လေးတယောက်ရဲ့ပုံရော စာတွေရောပါပါတယ်။ စာတွေကိုတောင်သေချာမဖတ်ဖြစ်ပါဘူး။ ကောင်လေးရဲ့ နာရေးဖိတ်စာကိုဖတ်လိုက်ပြီး ဓါတ်ပုံကို မြင်လိုက်တော့ ရင်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားလို့ တခါတည်းပဲ မေးလ်ကိုဖျက်လိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့တနေ့လုံး စိတ်ထဲမှာ မကောင်းပါဘူး။ အဲဒီကောင်လေးပုံကို ပြန်မြင်ပြီး ၂၀ ကျော်လူငယ်တယောက် အခုလို လုပ်သွားတာကို နှမျောမိပါတယ်။ အချစ်အတွက်နဲ့ အသက်ကို စတေးသွားတဲ့အတွက် ပိုနှမျောမိပါတယ်။

စိတ်ညစ်စရာဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ပြဿနာတခုဖြစ်လာရင်လည်း ဖြေရှင်းစရာဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းတဲ့နည်းတွေမတူတော့ မဖြစ်သင့်တာတွေဖြစ်သွားတတ်ပါတယ်။ အခုလဲ ကောင်လေးရဲ့ ဖြေရှင်းလိုက်တဲ့နည်းလမ်းက တော်တော်လေးကို ကြေကွဲစရာဖြစ်သွားပါတယ်။

အရင်ရက်တွေက ဆရာတော်လေး ရဝေနွယ်(အင်းမ) ရေးထားတဲ့ အချစ်နှင့် ၀ိပဿနာဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ပါတယ်။ လူတိုင်းမှာ အချစ်ဆိုတာရှိပါတယ်။ အချစ်နဲ့လဲ မကင်းနိုင်ကြပါဘူး။ အဲဒီထဲက စာသားလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။ အဲဒီထဲမှာ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ အခုလိုပြောထားပါတယ်။

ဘယ်လိုပြဿနာမျိုးပဲ ကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားရမယ်။
တချို့ပြဿနာတွေကို ဒါနပေးကမ်းစွန့်ကြဲပြီး ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို မေတ္တာနဲ့ ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို သနားကရုဏာနဲ့ ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို ဥပေက္ခာနဲ့ ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို သည်းခံပြီးဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို သည်းခံတာမဟုတ်ပဲ တုံဏှိဘာဝေ=ဆိတ်ဆိတ်နေပြီး ဘာစကားမှကို ပြန်မပြောပဲ ဖြေရှင်းပစ်ရပါတယ်။
တချို့ပြဿနာတွေကို သစ္စာဆိုပြီး ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကျတော့ ၀ိပဿနာနဲ့ ဖြေရှင်းရပါတယ်။

ပြဿနာတခုဖြစ်လာပြီဆိုရင် ခုတင်ပေါ်မှာလှဲ နဖူးပေါ်လက်တင် စိတ်ရော ရုပ်ရောလျော့ထားပြီး " ငါ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားမယ် " ဆိုတဲ့ အသိကို ထပ်ကာထပ်ကာ ဆင်ခြင်နေလိုက်ပါ။ ရင်ထဲမှာ ကိုယ်ဆင်ခြင်တဲ့ အသိ ရောက်လာပြီဆိုရင် သင့်တော်ရာ တရားသဘောတစ်ခုခုနဲ့ ဖြေရှင်းရမှာပါ။

အားတဲ့အခါလေးတွေမှာလည်း တရားသဘောလေးတွေကို ဆင်ခြင်နေသင့်တယ်။ ဆင်ခြင်းရင်းနဲ့ တရားအသိ လေးတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ တရားအသိလေးတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောနဲ့ ဖြေရှင်းသွားဖို့ပါပဲ။

ဖြစ်ပေါ်လာတဲ့ ပြဿနာကို မတရားတဲ့သဘောနဲ့ ဖြေရှင်းလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေကလည်း ပေါ်လာရဦးမှာပါပဲ။ တကယ့်ကို ကိုယ်ကဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တရားသဘောနဲ့ ဖြေရှင်းချင်တယ် မဖြေရှင်းတတ်တော့ဘူးဖြစ်နေရင် ဆရာတော်တွေ မိတ်ကောင်းဆွေကောင်းတွေ လူပညာရှိတွေကို တိုင်ပင်ပြောပြ အကြံတောင်းယူသင့်တယ်။ နောက်ဆုံး ဘယ်လိုမှ မဖြေရှင်းတတ်တော့ဘူး။ သိပ်ကို စိတ်ဆင်းရဲနေရပြီဆိုရင် ရိပ်သာဝင်ပြီး ၁၀ ရက်လောက် တရားအားထုတ်ပစ်လိုက်ပါ။

အချစ်ဆိုတာ အနာဂါမ်ရောက်မှ ပယ်လို့ရမှာပါ။ အနာဂါမ်မဖြစ်သေးသရွေ့တော့ အချစ်ဆိုတာ ရှိနေဦးမှာပါ။ အချစ်ရှိနေသရွေ့တော့ အချစ်နဲ့ယှဉ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရဦးမှာပါ။ စာဖတ်သူ အောက်က စာပိုဒ်လေးကို နှစ်ခေါက်လောက်တိုးတိုးလေး ဆိုကြည့်ရအောင်နော်။

"ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။ ဒါဆိုရင် စိတချမ်းသာပါလိမ့်မယ်။"

ဆရာတော်လေး ရဝေနွယ်ရေးထားတဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းလေးတွေပါ။

ဘယ်ပြဿနာမျိုးနဲ့ပဲကြုံကြုံ တရားသောနည်းနဲ့ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့လူတွေ ဖြစ်ကြပါစေ။





Monday 23 November 2009

၂၀၁၂

အခုတလော ၂၀၁၂ ရုပ်ရှင်ကားက လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ရယူသွားပါတယ်။ အဲဒီကားရုံမတင်ခင်ထဲက လူတွေက ကြည့်ချင်နေကြတယ်။ ကမ္ဘာပျက်တာကို ရိုက်ထားတာဆိုပြီး ပိုစိတ်ဝင်စားနေကြတယ်။ ၂၀၁၂ ဒီဇင်ဘာမှာ ဘာဖြစ်မလဲဆိုတဲ့စိတ်တွေ လူတော်တော်များများမှာ တွေးနေကြမှာပါပဲ။ နှင်းကိုယ်တိုင်လဲ သိချင်တာပါပဲ။ ဒါပေမယ့် ဖြစ်သမျှအကြောင်း အကောင်းကြည့်ပါပဲ။ ကိုယ်တယောက်ထဲ တွေးကြောက်နေလို့လဲ ပြီးသွားမယ့် အရာတခုမဟုတ်ပါဘူး။ အဲဒီတော့လဲ လက်ရှိအချိန်က အကောင်းဆုံးပါပဲ။

လူတွေကို ဒုက္ခပေးနေတာက တခြားအရာမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါပဲ။ တကယ်မဖြစ်လာသေးတာတွေကို စိတ်ကနေ ဖြစ်လာတော့မှာပဲဆိုတဲ့ စွဲလမ်းစိတ်ကြောင့် ပိုဒုက္ခများသွားတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ကြောင့်ပဲ လူပင်ပန်းဖြစ်ရတယ်။ အဲဒီမဖြစ်သေးတာတွေကို ကိုယ့်စိတ်ကအထင်နဲ့ ထင်ချင်ရာထင်နေတော့ တကယ့်အမှန်ကို မမြင်နိုင်အောင်လဲ ဖြစ်တတ်တယ်။ ကိုယ်ထင်ချင်ရာတွေထင် ကိုယ့်အထင်အတိုင်းလုပ်နေပြီး တကယ်လုပ်သင့်တာတွေကို သတိမရပဲ ဖြစ်သွားတတ်တယ်။ စိတ်ဆိုတဲ့အရာကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ခဲယဉ်းပါတယ်။

ခုတလော စိတ်ထဲမှာတွေးနေတာတွေကို ရေးနေမိတယ်။

အချစ်ရဲ့ခွန်အား

အချစ်က ပေးလိုက်တဲ့ ခွန်အားတွေက လူတွေကို အမျိုးမျိုးပြောင်းလဲသွားစေတယ်။ ချစ်သူကိုချစ်တဲ့စိတ်က အရာတော်တော်များများကို လုပ်ဖို့အတွက် တွန်းအားတခုလို ဖြစ်သွားပါတယ်။ ချစ်သူအတွက် ဆိုတဲ့စိတ်နဲ့ မကောင်းတာရော ကောင်းတာတွေရော လုပ်မိသွားတတ်တယ်။ အချစ်ကြောင့် ကုသိုလ်လဲဖြစ်နိုင်သလို အကုသိုလ်ကိုလဲ ဖြစ်စေနိုင်တယ်။ ကိုယ့်ချစ်သူကို ကိုယ့်အတွက်နဲ့ ကုသိုလ်မရစေနိုင်ရင်တောင် အကုသိုလ်အဖြစ်နိုင်အောင် ချစ်တတ်မယ်ဆိုရင် သိပ်ကောင်းမှာပဲ။

စာဖတ်ရင်းနဲ့ တွေးလိုက်မိတာပါ။

Sunday 15 November 2009

သူကသိပါ့မလား

နှင်းတို့တတွေမှာ ခံစားတတ်တဲ့ စိတ်ကပါလာတော့လဲ တခုခုဆိုရင် စိတ်ထဲမှာ ခံစားတတ်ကြပါတယ်။ တယောက်ယောက်ကို သတိရတာတို့ ကိုယ်သံယောဇဉ်ရှိတဲ့သူကို တမ်းတလွမ်းဆွေးနေတာတို့ဆိုတာ လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရအောင်။ လူတယောက်ကို ကိုကသတိတရ ရှိနေတဲ့အချိန် သူ့ကိုသတိရလွန်းလို့ ကိုယ့်စိတ်မှာ ပူလောင်ပြီး နေမထိထိုင်မသာ ဖြစ်နေတဲ့အချိန်မှာ တဖက်လူက သိပါ့မလား။ ကိုယ့်ကိုရော သတိရပါ့မလား။ ကိုယ်ကသာအိပ်မရဖြစ်နေတာ သူကအိပ်ပျော်နေလောက်ပြီ။ ကိုယ်ကသာ ပူလောင်ပြီး မပျော်နိုင်ဖြစ်နေတာ သူကတော့ ပျော်ချင်လဲ ပျော်နေလောက်တယ်။ တကယ်တော့ ကိုယ့်စိတ်ကတဖက်သတ် ဒုက္ခပေးနေတာ။ သူက သိချင်မှတောင်သိမှာပါ။ တခါတလေလဲသိမှာပေါ့ တိုင်ဆိုင်မှုတွေရှိတဲ့အခါလေ။

စိတ်ချင်းဆက်သွယ်တာတွေရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တော်တော်လေးရှားမှာပါ။

နှင်းအတွက် စိတ်ဖြေရာ





Justify Full

နှင်းအခုအလုပ်အသစ်ထဲကို ရောက်တဲ့အခါ ကိုယ်ကလူသစ်လဲဖြစ်သလို အလုပ်သဘောကိုလဲ သိပ်မသိသေးတော့ စိတ်မှာ ဖိအားတွေ များပါတယ်။ တယောက်တည်းပြန်လာရလို့ မာမားတို့ကို လွမ်းတာရော ဆိုတော့ လူကတော်တော်လေး ၀မ်းနည်းလွယ်နေပါတယ်။ ဒါပေမယ့် နှင်းအတွက် ကံကောင်းတာတခုကတော့ အလုပ်ထဲမှာ စိတ်ပင်ပန်းလာရင် စိတ်လွတ်လပ်စွာ နေနိုင်တဲ့ နေရာလေးတခု ရှိနေလို့ပါ။ နှင်းတို့ company က ၁၃ ထပ်မှာဆိုတော့ အပေါ်ဆုံးထပ်ပါ။ တိုက်က ၁၃ ထပ်ပဲရှိတော့ အပေါ်ဆုံးထပ်ဖြစ်လို့ အပေါ်မှာ လသာဆောင်ရှိနေပါတယ်။ အရင်တုန်းက သတိမထားမိတာရော တက်လို့မရဘူးလို့ ထင်တာကြောင့် နားချိန်ဆိုရင် ဒီလိုပဲနေဖြစ်ပါတယ်။ လူအများကြားထဲမှာဆိုတော့ နည်းနည်းတော့ ကျဉ်းကျပ်ပါတယ်။ အလုပ်ကအဆင်မပြေတဲ့အခါလဲ စိတ်ထဲမှာကျိတ်ပြီး နေရပါတယ်။ တနေ့တော့ အန်တီတယောက်က အပေါ်ကို တက်ကြည့်မလား လေအေးအေးလေးနဲ့ ကောင်းတယ်ဆိုတော့ လူကတော်တော်လေး ပျော်သွားပါတယ်။ ဒါနဲ့ပဲ အပေါ်ထပ်ကို တက်ကြည့်ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ တယောက်ထဲ နားချိန်ဆိုရင် သွားဖြစ်ပါတယ်။ အားလုံးကို အပေါ်ကနေမြင်နေရသလို ဘေးပတ်လည်မှာ ၀ိုင်းထားတဲ့ တောင်တန်းကြီးတွေကို မြင်ရတာလည်း စိတ်ထဲမှာ တမျိုးခံစားမိပါတယ်။ တခါတလေ ဖိအားတွေများလာရင် အပေါ်ထပ်တက်ပြီး တယောက်ထဲ ငိုလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို နေရာလေးရှိတော့ နှင်းအတွက် အဆင်ပြေပါတယ်။ တခါတလေ စိတ်ကို လွတ်လွတ်လပ်လပ်လေး ထားလို့ရတာကလည်း လူကို တော်တော်လေး သက်သာပါတယ်။ ဘယ်သူနဲ့မှ စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ်လေး နေရတာကလည်း တမျိုးပါပဲ။ တနေကုန် အလုပ်ထဲမှာ နေရတော့ ကျဉ်းကျပ်နေတဲ့စိတ်ကို လသာဆောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းတွေက ပြေပျောက်စေနိုင်တာကတော့ အမှန်ပါပဲ။

Saturday 14 November 2009

ဟိုနားဒီနား လမ်းသလား




ကုန်တိုက်ရှေ့က ခရစ္စမတ်သစ်ပင်ကြီး

ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ ခရစ္စမတ်အပင်လေးတွေနဲ့ အလှဆင်နေကြပြီ

ကုန်တိုက်ထဲမှာ ဒါက လူရှင်းနေတဲ့နေရာမှာ

ပေါင်မုန့်ခြောက်ရယ် ပြောင်းဖူးရယ် အုန်းနို့ရယ် ဟင်းရယ်ပူပူလေး

ကြက်သား မှိုနဲ့ အီတလီခေါက်ဆွဲ

ဒါကတော့ ဆိုင်ကလက်ဆောင်ပေးတဲ့ ရေခဲမုန့်နဲ့ ကိတ်

ချမ်းလာလို့ မသောက်နိုင်ပဲ ထားခဲ့ရတာ



ဒီနေ့တော့ အချိန်ပိုမဆင်းပဲနဲ့ အသိအန်တီိတယောက်နဲ့ချိန်းပြီး ကုန်တိုက်ကိုသွားဖြစ်ပါတယ်။မြန်မာပြည်ကနေ ပြန်လာထဲက အလုပ်ထဲမှာပဲ အချိန်ကုန်နေပြီး စိတ်လဲ ကျဉ်းကျပ်လာပါတယ်။ ဒီနေ့တော့ တမင်ကို အချိန်ပိုမဆင်းပဲ လျှောက်သွားမယ်ဆိုပြီး အရင်တပတ်ထဲက ကြိုတင်စီစဉ်ခဲ့တာပါ။ အန်တီဆီကိုဖုန်းဆက်ပြီး မြန်မာဆိုင်မှာပဲ ချိန်းလိုက်ပါတယ်။ ဦးလေးအငယ်က ဖုန်းကဒ်ဝယ်ချင်တယ်ဆိုတာနဲ့ နှင်းကလည်း မုန့်ဟင်းခါးစားချင်တာနဲ့ဆိုတော့ အတော်ပဲဖြစ်သွားပါတယ်။ နှင်းတို့သွားမယ့် ကုန်တိုက်က အိမ်နဲ့ပိုနီးပေမယ့် မြန်မာဆိုင်ကို အရင်သွားပြီး မုန့်စားလိုက်ပါတယ်။ မုန့်ဟင်းခါးက မြန်မာပြည်ကလို အရသာမတူပေမယ့် အလွမ်းပြေဆိုပြီး စားလိုက်တော့လဲ စားကောင်းနေတာပါပဲ။ အလောတကြီးစားလိုက်လို့ ဓါတ်ပုံရိုက်ဖို့တောင် မေ့သွားတယ်။ မုန့်ဟင်းခါးစားပြီးတာနဲ့ ကုန်တိုက်သွားမယ်ဆိုပြီး ကားစီးကြပါတယ်။


ကုန်တိုက်နာမည်တောင် ပြောဖို့မေ့နေတယ်။ GLOBAL MALL တဲ့။ ကုန်တိုက်ရှေ့လဲရောက်ရော ခရစ္စမတ်သစ်ပင်ကြီးကိုတွေ့လိုက်မှပဲ နောက်လဆိုရင်ခရစ္စမတ်ရောက်တော့မယ် ဆိုပြီးသတိရသွားပါတယ်။ အပြင်ဘက်မှာလဲ ကလေးတွေရော လူကြီးတွေရော ရုပ်ရှင်လက်မှတ်တန်းဆီနေတာ တွေ့ရပါတယ်။ ဒီနေ့ ၂၀၁၂ ကမ္ဘာပျက်တာကို ရိုက်ထားတဲ့ ရုပ်ရှင်ရုံတင်တာမို့လို့ လူတွေစိတ်ဝင်တစား လာကြည့်ကြလို့ ပိုစည်ကားနေပါတယ်။ ၁၀ကျော်သက်အရွယ် ကျောင်းသားလေးတွေ ပိုများတာကိုလဲ သတိထားမိပါတယ်။ ကုန်တိုက်က အပေါ်ထပ်မှာ ရုပ်ရှင်ရုံပါရှိတဲ့အတွက် ဈေးဝယ်ရင်းလဲ ရုပ်ရှင်ဝင်ကြည့်လို့ အဆင်ပြေပါတယ်။ အထဲကို ၀င်လိုက်တော့ လျှော့ဈေးတွေ ချနေတာတွေ့ရပါတယ်။ လူတွေကလဲ တဖြည်းဖြည်းများလာပါတယ်။ နေ့လည်ရောက်နေပြီဆိုတော့ နေ့လည်စာဘာစားမလဲ ပြောရင်း စားသောက်ဆိုင်တွေဘက် လျှောက်လိုက်ပါတယ်။ ဆိုင်တိုင်းမှာလဲ လူအပြည့်နဲ့ စားမယ်ဆိုရင် နေရာအလွတ်ရမှ ဆိုင်ထဲကိုဝင်လို့ရမှာဖြစ်လို့ အပြင်မှာ တန်းစီရမယ်။ အဲဒါနဲ့ အန်တီက တန်းစီပြီးတော့ မစောင့်ချင်ဘူး။ အပေါ်ထပ်ကိုတက်မယ်ဆိုပြီး အောက်ထပ်က ဆိုင်တွေမှာမစားတော့ဘူးဆိုပြီး အပေါ်ကိုတက်လိုက်ပါတယ်။ အပေါ်လဲရောက်ရော ပိုဆိုးသွားပါတယ်။ နေရာလွတ်ကိုမရှိတော့တာ ဆိုင်တိုင်းကိုပြည့်နေတာ။ မထူးပါဘူး အရင်လာစားနေတဲ့ ဆိုင်ကိုပဲ သွားကြမယ်ဆိုပြီး UCC COFFEE SHOP ဆိုင်ကိုပံသွားလိုက်ပါတယ်။

ဆိုင်ထဲလဲဝင်ရော ခုံနေရာတော်တော်များများက ပြည့်နေပါတယ်။ ဘယ်နှစ်ယောက်လဲလို့ စားပွဲထိုးလေးကမေးလို့ ၂ ယောက်တည်းပါဆိုတော့ အတွင်းနံရံဘက်က ၂ယောက်ခုံကိုပေးပါတယ်။ အပြင်ကိုမြင်ရတဲ့ နေရာကခုံကို ထိုင်ချင်တယ်မရဘူးလားဆိုတော့ ပိတ်ရက်မိုလို့ နေရာလွတ်မရှိတော့ပါဘူးတဲ့။ ကိုယ်လိုပဲ ပိတ်ရက်မှ ထွက်လာကြတဲ့လူတွေကြည့်ဆိုတော့ ဒီလိုပဲကြုံမှာပေါ့ဆိုပြီး ရတဲ့နေရာမှာပဲ ထိုင်လိုက်ကြပါတယ်။ ဒီဆိုင်က အီတလီခေါက်ဆွဲက စားရတာ မဆိုးပါဘူး။ အရင်အခေါက်တွေ လာတုန်းက မစားဖြစ်သေးတဲ့ ကြက်သားနဲ့ မှိုပါတဲ့ အီတလီခေါက်ဆွဲကို ၂ စုံမှာလိုက်ပါတယ်။ ဒီဆိုင်မှာက တပွဲချင်းလဲ ကိုယ်ကြိုက်တာကို မှာစားလို့ရသလို တစုံစာလဲမှာလို့ရပါတယ်။ တပွဲချင်းဆိုတာကတော့ ခေါက်ဆွဲပဲစားရင် ခေါက်ဆွဲဖိုးပဲပေးရပါတယ်။ ၁ စုံစာကတော့ အရင်ဆုံး ခေါက်ဆွဲမစားခင် အရံတခုလာချပေးပါတယ်။ ပြီးရင်ခေါက်ဆွဲလာချပေးပါတယ်။ ပြီးရင် မီနူးထဲမှာရှိတဲ့ အပူအအေး တခုခုကို ကြိုက်တာမှာလို့ရပါတယ်။ ဒါကတော့ ၁စုံစာပါ။ တစုံစာကတော့ ပိုပြီး သက်သာတယ်လို့ထင်ပါတယ်။ တချို့အအေးတွေက ဈေးကြီးတယ်လေ။ ကိုယ်က ၁စုံစာမှာလိုက်တော့ သူကအပြတ်ယူပြီးသားဖြစ်လို့ ဘာမှမစဉ်းစားရတော့ဘူးပေါ့။ ဒါပေမယ့် ဒီနေ့က ဆိုင်မှာ လာစားတဲ့သူတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ အချိုပွဲ ထပ်ပေးပါတယ်။

ဆိုင်မှာလူများတော့ တခုနဲ့တခုလာချတာ အရင်လောက်မမြန်ပဲ စောင့်စားနေရပါတယ်။ သူတို့ကလဲ အားနာပါတယ်ဆိုပြီးခဏခဏ လာပြောနေပါတယ်။ လူကများနေတော့ ကိုယ့်လိုပဲစောင့်နေကြရတဲ့လူတွေ အများကြီးပါပဲ။ နေ့လည်စာစားလိုက်တာ ၂ နာရီနီးပါးလောက် အချိန်ကုန်သွားပါတယ်။ ရာသီဥတုက အေးနေတာကို သတိမရပဲ သစ်သီးနဲ့ ရေခဲသုပ်လိုဖျော်ရည်ကို မှာသောက်မိလို့ လက်၂ လုံးလောက်ပဲသောက်ပြီး ထားခဲ့ရပါတယ်။ ကိုယ့်ဟာကိုယ်လဲ ရယ်မိပါတယ်။ အန်တီကတော့ နှမျောစရာဆိုပြီးပြောပေမယ့် သောက်ရင်းကနေ လူကအရမ်းချမ်းလာလို့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ စားသောက်ပြီးတော့ ကုန်တိုက်ကနေ ပြန်လာခဲ့ပါတယ်။ ဘာတွေဝယ်လဲလို့ မမေးပါနဲ့ ဈေးချတယ်ဆိုလို့ သွားကြည့်ဖြစ်ပါတယ်။ adidas nike သိတယ်မှတ်လား ဒါတွေလျှော့ဈေးဆိုတော့ စိတ်ဝင်တစား လူတွေကြိတ်ကြိတ်တိုးပေါ့။ နှင်းလဲဝင်ကြည့်တာပေါ့။ ရေးထားတာက ၁ ထည်ဝယ် ၁ထည်လက်ဆောင်တဲ့လေ။ ဟာ တန်တယ်ပေါ့။ အန်တီကလည်း ဒါဆိုရင် နင်ကြိုက်တာ၁ ထည် ငါကြိုက်တာ၁ ထည်ဝယ်ရင် တန်တာပေါ့လို့ စိတ်ကူးနဲ့ပေါ့။ တံဆိပ်မှာ ဈေး ၂ မျိုးကပ်ထားတာတော့ တွေ့ပါတယ်။ ဒါပေမယ့် လျှော့ဈေးဆိုပြီး သပ်သပ်ကပ်ထားတာကိုပဲ ကိုယ်ကကြည့်လိုက်ပါတယ်။ တကယ်လည်း ကြိုက်တာတွေ့လို့ ကောင်တာလဲသွားရော ရေးထားတဲ့ဈေးအတိုင်းမဟုတ်ပါဘူး။ ဘာပြောလဲဆိုတော့ တံဆိပ်မှာ ကပ်ထားတဲ့ အပေါ်က ဈေးက ၂ ထည်ဈေးပါတဲ့။ အောက်မှာကပ်ထားတာက ၁ ထည်ဈေးပါတဲ့။ ၁ ထည်တည်းယူမယ်ဆိုရင် အောက်ကဈေးနဲ့ ရှင်းရမှာဖြစ်ပြီး ၂ ထည်ယူမယ်ဆိုရင်တော့ အပေါ်ကဈေးနဲ့ ရှင်းရမှာပါတဲ့။ ဟာ တော်ပြီ ဒါဆိုရင်တော့ ဘာထူးမှာလဲဆိုပြီး စိတ်တိုပြီး ပြန်လာခဲ့ပါတယ်။ အဲလိုမှတော့ တထည်ချင်းပဲ ကိုယ်ကြိုက်တဲ့ဒီဆိုင်းအသစ်ကို ၀ယ်တော့မှာပေါ့ဆိုပြီး ပြန်လာပါတယ်။ နှင်းဖုန်းကလဲ အိမ်ပြန်ရောက်ရင် နေရာမရှိပါဘူး။ ဒါနဲ့ ဖုန်းထည့်တဲ့ဟာလေးပဲ ၀ယ်ပြီး ပြန်လာခဲ့ပါတယ်။ ဒီနေ့တော့ တွတ်ပီတို့ ကံမကောင်းပါဘူး။

Thursday 12 November 2009

အသက်အရွယ်နဲ့ ခံစားမှု

လူတွေက အသက်အရွယ်နဲ့လိုက်ပြီး စိတ်ခံစားမှုတွေက ကွာခြားသွားတယ်လို့ ပြောတာကို ကြားဖူးပါတယ်။ ၁၀ ကျော်သက်အရွယ်မှာ အဲလိုတွေ ပြောနေတာကို ကြားခဲ့ပေမယ့် မပြောင်းလဲနိုင်ပါဘူးလို့ ထင်နေခဲ့တယ်။ အခုတော့ နှင်းကိုယ်တိုင်ခံစားမှုတွေ ပြောင်းလဲလာမှပဲ လက်ခံမိပါတယ်။ နှင်း ၁၀ ကျော်သက်အရွယ်က ခံယူချက်တွေ ဖြစ်ချင်တာတွေက အခု ၂၅ နှစ်ကျော်လာတဲ့အခါမှာ တော်တော်ကြီးကို ခြားနားသွားတာ တွေ့ရပါတယ်။ ၁၆ နှစ်လောက် ၁၀ တန်းအောင်ပြီးတဲ့အချိန်ကနေ တက္ကသိုလ်တက်နေတဲ့အချိန်ထိ စိတ်ခံစားမှုက တမျိုးဖြစ်နေပြီး အခုချိန်မှာတော့ စိတ်ကတော်တော်လေး ပြောင်းလဲသွားတာ တွေ့ရတယ်။ အရင်တုန်းက ဖြစ်ချင်တာတွေ လိုချင်တာတွေက အခုနေမှာ ပြန်စဉ်းစားကြည့်ရင် မဖြစ်နိုင်တာတွေ များနေတာကို တွေ့ရတယ်။ အတွေ့အကြုံ ဗဟုသုတ မရှိသေးတဲ့အရွယ်မှာ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေက မဖြစ်နိုင်တဲ့ မဖြစ်သင့်တဲ့အရာတွေ ဖြစ်နေတယ်။

၁၀ ကျော်သက်အရွယ်မှာ မိဘအပေါ်မှာ ထားခဲ့တဲ့ စိတ်ခံစားမှုတွေ အမြင်တွေက တကိုယ်ကောင်းဆန်ခဲ့တယ်။ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေကိုပဲ စဉ်းစားပြီး မိဘဘက်ကို မကြည့်ပေးခဲ့ဘူး။ ဒီစကားတွေပြောလိုက်ရင် မိဘတွေစိတ်ဆင်းရဲမလားဆိုတာ စဉ်းစားဖို့နေနေသာသာ ကိုယ်တောင်းဆိုတာ ရဖို့ပဲ အဓိကထားပြီး ပြောချင်တာတွေ လုပ်ချင်တာတွေ လုပ်ခဲ့မိတယ်။ မိဘက မေတ္တာရှေ့ထားပြီး အပြစ်မမြင်ခဲ့ပေမယ့် အခုချိန်မှာ စဉ်းစားမိတော့ တော်တော်လေး နောင်တရမိသလို မိဘရဲ့ မေတ္တာနဲ့ ကျေးဇူးကိုလဲ သိလာရတယ်။

၁၀ ကျော်သက်အရွယ်ဆိုတော့ မာန်တွေ မာနတွေကလဲ ကြီးနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတွေကို မထင်ရင် မထင်သလို ဆက်ဆံမိတဲ့အခါတွေလဲ ရှိခဲ့တာပေါ့။ အခုနေမှာ စဉ်းစားလိုက်ရင် အဲဒီမာန်တွေ မာနတွေဆိုတာ တကယ်တော့ ဘာမှသုံးလို့မရပါဘူး။ မာန်မာနတွေ ရှိနေတဲ့အတွက် လူရဲ့စိတ်ကလဲ မအေးချမ်းနိုင်ဘူးဆိုတာ အခုမှ နားလည်နိုင်ခဲ့တယ်။ ၁၀ကျော်သက်အရွယ်မှာထားခဲ့တဲ့ စိတ်ကတော့ သူက ငါ့ကို ဒီလိုပြောရင် ငါကလည်း ဘယ်လိုပြန်ပြောလိုက်မယ်ဆိုတာတွေ ငါ့ကို လာကျောလို့ရမလားဆိုတာတွေက တကယ်တော့ ကောင်းတဲ့စိတ်တွေ မဟုတ်ပါဘူး။ လူတွေရဲ့ သဘောသဘာဝကို နားလည်ပေးနိုင်မယ်ဆိုရင် ဒီလိုအတွေးတွေ ၀င်မလာနိုင်တော့ပါဘူး။ လူရယ်လို့ ဖြစ်နေတဲ့အတွက် ကိုယ်မကြိုက်တာ တခုခုကို တွေ့လိုက်ရင်တော့ ဒေါသစိတ်ကလေးက ချက်ချင်းထွက်သွားတတ်ပါတယ်။ ဒါပေမယ့် အဲဒီဒေါသကို အချိန်မှီပြန်ပြီး ဆင်ခြင်နိုင်အောင်တော့ စိတ်ကို ထိန်းသိမ်းနိုင်မှ ဖြစ်မှာပါ။ နှင်းကိုယ်တိုင်လည်း ကိုယ်မကြိုက်တာကို တွေ့ကြုံလိုက်ရင် စိတ်ကတော့ ချက်ချင်းဆိုးတတ်ပါတယ်။ ဒါပေမယ့် အရင် ၁၀ ကျော်သက်လောက်ကလို လက်တုံ့ပြန်လိုစိတ် မထားတော့ပါဘူး။ ဒေါသကြောင့် မဖြစ်သင့်တာတွေ ဖြစ်တတ်ပြီး တခါတလေ ဘာမဟုတ်တဲ့ ဒေါသလေးကနေ ပြင်မရတဲ့ အမှားမျိုးတွေ ဖြစ်သွားတတ်တယ်ဆိုတာကို သိလာလို့ပါ။

၁၀ ကျော်သက်အရွယ်က အချစ်နဲ့ ပက်သက်တဲ့ ခံစားမှုကလဲ အခုနေ ပြန်စဉ်းစားမိတော့ တော်တော်ကို ရယ်ဖို့ကောင်းနေပါတယ်။ ၁၇ ၁၈ နှစ်အရွယ်လောက်က အချစ်ကို စိတ်ကူးယဉ်ခဲ့ဖူးတယ်။ တခါမှ ရည်းစားမထားဖူးတော့ လူတွေပြောနေတဲ့ အချစ်ဦးဆိုတာကို တော်တော်လေး အထင်ကြီးခဲ့တယ်။ ကိုယ်အတွက် သူက အချစ်ဦး ဖြစ်မှာဖြစ်သလို ကိုယ့်ချစ်သူဖြစ်လာမယ့် သူ့အတွက်လဲ ကိုယ်ကအချစ်ဦးဖြစ်ရမယ်ပေါ့။ အဲလိုကို စိတ်ကူးယဉ်ခဲ့တာ။ တကယ်တမ်း ကိုယ့်ကို လာပြောတဲ့ သူတွေကျတော့လဲ ဘာကိုအလေးထားမေးခဲ့သလဲဆိုရင် အရင်ရည်းစားထားဖူးလားဆိုတာကို အရေးတကြီးမေးခဲ့တယ်။ ထားခဲ့ဖူးတယ်ဆိုရင် စိတ်ထဲမှာ ဆက်ပြီးကို မစဉ်းစားချင်တော့တာ။ အဲလိုမျိုး ၂ ယောက် ၃ ယောက်လောက်ကြုံခဲ့ဖူးတယ်။ သူတို့ကလဲ မေးပါတယ်။ အရင်ရည်းစားထားခဲ့ဖူးတာက အရေးကြီးသလားပေါ့။ အဲဒီအရွယ်မှာတော့ အဲဒီအချက်က အရေးအကြီးဆုံးလို့ထင်ခဲ့မိတော့ ဟုတ် အရေးကြီးတယ်ပေါ့။ အဲလိုနဲ့ နေလာတာ အခုမှ လူတယောက်ကို ဘယ်လိုချစ်ရမယ်ဆိုတာ သိလာပါတယ်။ လူငယ်အရွယ်မှာ စိတ်လှုပ်ရှားမှု စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တော့ ကိုယ်သဘောကျတဲ့ ကောင်မလေးဆိုရင် ရည်းစားအဖြစ် တွဲချင်ကြတာပါပဲ။ အဲဒီလိုတွေ တွဲရင်းကနေ အဆင်မပြေလို့ ကွဲသွားပြီး စိတ်တည်ငြိမ်လာတဲ့အချိန်မှာ ကိုယ်တကယ်ချစ်တဲ့ ကိုယ်တကယ်သံယောဇဉ်ရှိတဲ့လူကို တွေ့တာမျိုးလဲ ဖြစ်တတ်ပါတယ်။ အဲတာကို နားလည်နိုင်သွားတော့ ရည်းစားဦးဖြစ်ဖို့ထက် ကိုယ့်ကိုတကယ်ချစ်ဖို့က အရေးကြီးတယ်ဆိုတာ သိလာပါတယ်။ အခုတော့ ရည်းစားဦး အချစ်ဦး မဖြစ်ချင်တော့ပဲ နောက်ဆုံးချစ်သူပဲ ဖြစ်ချင်သလို အချစ်ဆုံးဆိုတဲ့ နေရာမှာပဲ နေချင်ပါတယ်။

အရင်တုန်းက ၁၀ ကျော်သက်အရွယ်ဆိုတော့ အချစ်က အဓိကဖြစ်နေတယ်။ ဘ၀ဆိုတာ ဘာမှန်းမသိ အရာရာက မိဘတာဝန်လို့ ထင်ပြီး ပေါ့ပေါ့တန်တန်နေခဲ့တယ်။ တကယ်တော့ အချစ်နဲ့ ဘ၀ဆိုတာ ထပ်တူကျမကျနိုင်ပါဘူး။ ကိုယ်တကယ်ချစ်တဲ့သူကို တွေ့ခဲ့ရင်တောင် ဘ၀အတွက် ရွေးချယ်ရတော့မယ်ဆိုရင် လူတော်တော်များများကတော့ ဘ၀အတွက်ကိုပဲ ဦးစားပေးစဉ်းစားကြပါတယ်။ အဲလိုလူတွေကို တကယ်မချစ်လို့ဆိုပြီး မပြောနိုင်ပါဘူး။ လူငယ်ဘ၀မှာတော့ ဖြစ်သင့်တာထက် ဖြစ်ချင်တာတွေကိုပဲ ဦးစားပေးလို့ အချစ်ကိုပဲ ရွေးကြတာများပါတယ်။ နောက်မှ ဘ၀ဆိုတာကို သိလာတော့ အဆင်မပြေတာတွေ ဖြစ်လာပါတယ်။ နှင်းကတော့ အခုချိန်မှာ ဘာကိုရွေးမလဲမေးရင် ဘ၀ဆိုတာကိုပဲ ရွေးဖြစ်မှာပါ။ အချစ်ဆိုတာကို ရွေးလိုက်ရင် မလုပ်သင့်တာတွေ မဖြစ်သင့်တာတွေကို မစဉ်းစားမိတော့ပဲ ကိုယ်ဖြစ်ချင်တာကိုပဲ ဦးစားပေးမှာဖြစ်လို့ နောင်မှရမယ့် နောင်တတွေနဲ့ ကြုံလာမှာကို မလိုလားလို့ပါ။

အခုနေအခါမှာတော့ ၁၀ ကျော်သက်အရွယ်ခံစားမှုတွေ ဘ၀နဲ့ အချစ်ကို မြင်တဲ့အမြင်တွေက ကွာခြားသွားသလို မာန်မာနဆိုတာလဲ မရှိတော့ပါဘူး။ ဘာကိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်နိုင်အောင် စိတ်ကို တဖြည်းဖြည်း လေ့ကျင့်နေပါတယ်။ လူတွေရဲ့ အလေ့အကျင့် သဘာဝတွေကို နားလည်နိုင်အောင် ကြိုးစားနေပါတယ်။

Sunday 1 November 2009

တန်ဆောင်မုန်းလပြည့်

သီတင်းကျွတ်ပြီးတော့ တန်ဆောင်မုန်းလပြည့်ကို ရောက်တာ မြန်လိုက်တာလို့ ထင်မိတယ်။ တနေ့တနေ့ အလုပ်ထဲမှာ လုံးပန်းနေတာနဲ့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တန်ဆောင်မုန်းရောက်ပြီဆိုရင် မြန်မာပြည်မှာတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်က လူတိုင်းသွားချင်တဲ့ နေရာတခုပေါ့။ ကိုယ်တိုင်လဲ သွားဖူးချင်ပေမယ့် တခါမှမရောက်ဖြစ်သေးဘူး။ အင်း နှင်းနေခဲ့တဲ့ ရန်ကုန်မှာဆိုရင်တော့ ဒီနေ့မှာ ပျော်စရာလေးတခုရှိတယ်။ အဲဒါကတော့ လမ်းထဲမှာ နိဗ္ဗာန်ဈေးပွဲလေးလုပ်တတ်ပါတယ်။ အားလုံးကို စတုဒီသာကျွေးတာဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးလဲပျော်ရအောင် ဆိုင်ကိုနံပါတယ်လေးတွေ လိုက်ဝေသလို အိမ်တိုင်းကိုလည်း ကံစမ်းမဲပုံစံမျိုး နံပါတ်အစုံပါတဲ့ စာရွက်တွေကို လိုက်ဝေပေးထားပါတယ်။ ဆိုင်နံပါတ်ရယ် ကိုယ့်မှာရှိတဲ့ နံပါတ်ရယ် တူနေရင်တော့ အဲဒီဆိုင်ကမုန့်ကို ယူလို့ရပါတယ်။ ဒါကတော့ အမှတ်တရ ဖြစ်ခဲ့တဲ့အရာတခုပေါ့။

သီတင်းကျွတ်လပြည့်တုန်းကတော့ မိဘတွေကို ကန်တော့ဖြစ်ပါတယ်။ ဒီနေ့တော့ မနက်ခင်းထဲက လုပ်နေကျအတိုင်း ဘုရားကန်တော့ ဆွမ်းတော်ကပ်လို့ မေတ္တာပို့ပါတယ်။ ဘလော့ပေါ်ရောက်တော့ တန်ဆောင်မုန်းလပြည့်နေ့အတွက် ကိုအောင်ဦးတင်ထားတဲ့ ကုမုဒြာတွေ ပွင့်တဲ့ည တရားကို နာဖြစ်ပါတယ်။ ဘာကိုမှ ထွေထွေထူးထူးမလုပ်ဖြစ်ပေမယ့် အခုလို တရားတော်တွေကို မျှဝေပေးနေတဲ့ ဘလော့ဂါမောင်နှမတွေကိုတော့ အထူးကျေးဇူးတင်မိပါတယ်။

Saturday 31 October 2009

ဘယ်နိုင်ငံသားလဲ

နှင်းတို့တွေ မြန်မာပြည်မှာနေတုန်းက ၁၀ နှစ်ကျော်ပြီဆိုရင် နိုင်ငံသားကဒ်လုပ်ရပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ အခက်အခဲတခုဖြစ်လာပါတယ်။ အဲဒါကတော့ ဖောင်ဖြည့်တဲ့အခါ မျိုးရိုးတွေချရေးရပါတယ်။ ပါပါးဘက်က တရုတ်ဖြစ်တဲ့အတွက် လူမျိုးခြားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗမာပြည်မှာမွေးပေမယ့် နိုင်ငံသားအဖြစ် လက်ခံဖို့ကို တော်တော်လေးခက်ခဲခဲ့ပါတယ်။ အဖိုးအဖွားတွေ အဘိုအဘွားတွေအထိလိုက်ဖြည့်ရသလို ဖြည့်လေရှုပ်လေဆိုသလို ဟိုးအရင်က နိုင်ငံခြားသား မှတ်ပုံတင် frc အဖြစ်ကိုင်ခဲ့တဲ့လူတွေကနေ ကျမ်းကျိန်ပြီးနိုင်ငံသားအဖြစ် ပြောင်းခဲ့တဲ့မိဘက မွေးတဲ့ သားသမီးတွေဖြစ်နေလို့ ဗမာလူမျိုးတွေလောက် မလွယ်ကူတာ အမှန်ပါပဲ။ အင်း မြန်မာပြည်မှာမွေးပြီး နိုင်ငံသားအဖြစ် အလွယ်တကူ မရနိုင်တဲ့အဖြစ်ကို တွေးပြီးရယ်လဲ ရယ်ချင်သလို စိတ်လဲညစ်မိပါတယ်။

အခုလဲ ထိုင်ဝမ်ရောက်လာတဲ့အခါမှာ ဖောင်ဖြည့်ရပါတယ်။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် စ၀င်ဖို့အတွက် လုပ်တုန်းကလဲ တရုတ်လူမျိုးစစ်မှန်ကြောင်း ထောက်ခံချက်တောင်းပါတယ်။ မြန်မာပြည်မှာ နေတုန်းကကျတော့လဲ တရုတ်ဖြစ်လို့ မိဘတွေ နိုင်ငံသားအဖြစ် ကျမ်းကျိန်ထားတာတွေ နိုင်ငံသားအဖြစ်တကယ် ခံယူမယ်ဆိုတာတွေကို တောင်းခံရပါတယ်။ အခုကျတော့လဲ တရုတ်ဖြစ်ပါလျက်နဲ့ တရုတ်ဖြစ်ကြောင်းကို ထောက်ခံခိုင်းပြန်တယ်။ အော် ဘ၀နဲ့ ကိုယ့်ဟာကို ဘယ်နိုင်ငံသားမှန်း ဘာလူမျိုးမှန်းတောင် မသိတော့ပါဘူး။

အလုပ်ထဲရောက်တော့လဲ နှင်းတို့တွေကို တရုတ်လူမျိုးအဖြစ် သတ်မှတ်ပေမယ့် မြန်မာတွေလို့ပဲခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်ဝမ်မှာမွေးတဲ့ တရုတ်မဟုတ်လို့ပါတဲ့။ မြန်မာပြည်မှာနေတုန်းက နှင်းတို့ကို တရုတ် ဆိုပြီးပြောပြန်တယ်။ အခုတခေါက် မြန်မာပြည်ပြန်တော့လဲ တရုတ်မပြန်လာလည်တာလားတဲ့။ ဘယ်တော့ ပြန်မှာလဲတဲ့။ အင်း ဘယ်ဟာက ကိုယ့်အိမ်မှန်းတောင် မသိတော့ဘူး။ တခါတလေ ကိုယ့်ဟာကို ဘယ်နိုင်ငံသားအဖြစ် ပြောရမလဲတောင် မသိပါဘူး။ အခုက ၂ နိုင်ငံမှာပဲ နေလို့ ဒီလောက်ပဲဖြစ်တာပါ။ နောက်နိုင်နိုင်ငံတခုခုကိုများ ထပ်သွားဖြစ်မယ်ဆိုရင် ဘယ်နိုင်ငံမှာနေပြီး ဘယ်နိုင်ငံမှာ သေရမလဲတောင် သိမှာမဟုတ်တော့ပါဘူး။

Monday 26 October 2009

ဆရာမရေ သွားနှင့်နော်

မနေ့က ဦးလေးအကြီး အပြင်သွားပြီးပြန်လာတော့ နင်တို့ညကျောင်းက ဆရာမဆုံးသွားလို့ သူငယ်ချင်းအစ်မကြီးတွေ သွားကြတယ်လို့ပြောပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘယ်ဆရာမပါလိမ့် ဆိုပြီး ဘာမှပြန်မပြောပဲ ဒီတိုင်းနေလိုက်ပါတယ်။ နှင်းသိတဲ့ ဆရာမထဲကတော့ မဖြစ်လောက်ပါဘူးပေါ့။ သိတဲ့ဆရာမတွေက အားလုံးကျန်းမာရေးကောင်းကြပါတယ်လို့ တွေးပြီး အစ်မကို လှမ်းမမေးဖြစ်ပါဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ ကိုယ့်ကိုစာသင်ပေးခဲ့တဲ့ ဆရာမများဖြစ်နေမလားလို့ ထင့်နေမိပါတယ်။ ဒီနေ့ညနေမှာတော့ မအောင့်နိုင်တာနဲ့ အစ်မဆီကို ဖုန်းဆက်မေးဖြစ်ပါတယ်။ အစ်မရေ ဆရာမဆုံးသွားလို့ဆို ဘယ်တယောက်လဲပေါ့။ အဲဒီတော့မှ နှင်းတို့အတန်းပိုင်ဆရာရဲ့ အမျိုးသမီး အစ်မတို့အတန်းရဲ့ အတန်းပိုင်ဆရာမဆိုတာ သိလိုက်ရတယ်။ နှင်းတို့အတန်းကို မသင်ရပေမယ့် အတန်းထဲကို အမြဲလာတတ်ပြီး အားလပ်ချိန်ဆိုရင် အပြင်သွားဖို့ ဆရာ့ကိုအမြဲလာခေါ်တတ်ပါတယ်။ အမြဲတမ်း မျက်နှာကပြုံးနေတတ်ပြီး နိုင်ငံပေါင်းစုံက ရောက်လာတဲ့ တရုတ်စာမတတ်တဲ့ နှင်းတို့လိုလူတွေကို စိတ်ရှည်လက်ရှည်သင်ပေးတတ်တဲ့ ဆရာနဲ့ဆရာမ စုံတွဲဖြစ်လို့ နှစ်တန်းလုံးက ချစ်ခင်ကြပါတယ်။ ညနေပိုင်းကျောင်းကို နှစ်ယောက်အတူတူတွဲလာတတ်သလို တယောက်ကိုတယောက်လဲ ချစ်ချစ်ခင်ခင်နေတတ်တဲ့ စုံတွဲပါ။ ဆရာကစာအသင်ကောင်းတယ်လို့ အစ်မကိုပြောရင် ဆရာမကလဲအရမ်းကောင်းတာလို့ ပြောပြပါတယ်။

နိုင်သံခြားသားတွေဆိုတဲ့အမြင်မျိုး ဆရာနဲ့ဆရာမတို့စိတ်ထဲမှာ မရှိဘူးဆိုတာက နှင်းတို့ကို စကားပြောတဲ့အခါမှာ သိရပါတယ်။ ကလေးလေးတွေကို သင်သလို သေသေချာချာသင်ပေးတတ်ပြီး နားမလည်ရင်လဲ နားလည်လာအောင် တရုတ်လိုရော အင်္ဂလိပ်လိုရော သူတို့တတ်နိုင်သလောက် ရှင်းပြတတ်ပါတယ်။ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံကို တချိန်တည်းသင်နေရပေမယ့် အာလုံးကို စိတ်ရှည်ရှည်နဲ့ အသံထွက်မှန်အောင် နားလည်အောင် သင်ပေးပါတယ်။ အလုပ်တဖက်နဲ့ ညကျောင်းကို လာတက်နေကြတဲ့လူတွေမို့ ဆရာဆရာမတွေက နားလည်ပေးပြီး မအားရင်လဲ မလာလို့ရသလို အချိန်လေးရှိရင်တော့ လာခဲ့ဖို့ အမြဲပြောတတ်ပါတယ်။ အိမ်မှာနေတာထက်စာရင် ကျောင်းကိုလာတော့ ဘာပဲဖြစ်ဖြစ် စာတော့ဖတ်ဖြစ်တယ်ဆိုပြီး စာသင်ချင်အောင် အမြဲအားပေးတတ်ပါတယ်။ နေ့ခင်းဘက် ကလေးတွေကို စာသင်ပေးရပြီး ညဘက် နှင်းတို့တွေကို စာသင်ပေးရတာကို ပင်ပန်းတယ်လို့ ညည်းသံမကြားခဲ့ရပါဘူး။

မြန်မာပြည်ကို ပြန်တော့မှာမို့ ကျောင်းမတက်နိုင်တော့ဘူးဆိုတော့ တကယ်လို့ ပြန်လာခဲ့ရင်လဲ လာတက်ပါလို့ မှာလိုက်တဲ့ ဆရာ့ဆီကို အလုပ်မှာအချိန်ပေးလိုက်ရတဲ့အတွက် ကျောင်းကိုပြန်မရောက်ဖြစ်ခဲ့ပါဘူး။ အစ်မက ကျောင်းပြန်တက်ဖို့ခေါ်ပေမယ့် အလုပ်ချိန်က နောက်ကျနေတဲ့အတွက် ဆက်မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းကလေးနဲ့ ဆရာဆရာမတွေကို ရင်ထဲမှာအမြဲသတိရနေခဲ့တယ်။ အခုတော့ ကြားလိုက်ရတဲ့သတင်းက စိတ်မကောင်းစရာဖြစ်သလို နှင်းတို့လို လူတွေအတွက် အဖိုးတန်တဲ့ လူတယောက် ကလေးတွေအတွက် လမ်းပြပေးမယ့် ဆရာမတယောက် ဆုံးရှုံးလိုက်ရပါတယ်။ လူတိုင်းတနေ့သွားရမယ်ဆိုတာသိပေမယ့် အခုလို စောပြီးထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ အစ်မပြောတာကတော့ အရင်တပတ်က ခေါင်းမူတယ်ဆိုပြီး ဆေးရုံတင်လိုက်တာကနေ သတိမလည်တော့ပဲ နောက် ၂ ရက်လောက်မှာဆုံးသွားတယ်လို့ ပြောပါတယ်။ ဘာဝေဒနာမှ မခံစားလိုက်ရဘူးဆိုတော့ ဆရာမအတွက် ကောင်းပါတယ်လို့ပဲ တွေးလိုက်ပါတယ်။ ဒါပေမယ့် အစ်မတို့က ဆေးရုံကနေဆင်းပြီးရင် စာလာသင်မှာပဲဆိုပြီး စောင့်နေခဲ့ပါတယ်တဲ့။ ဒါပေမယ့် အခုတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး။ နှင်းတို့ဆရာလဲ ခွင့်ယူထားတယ်လို့ပြောပါတယ်။ ဆရာမကို သိပ်ချစ်တဲ့ ဆရာအတွက်လဲ စိတ်မကောင်းပါဘူး။ ကျန်နေခဲ့တဲ့ သမီးလေး ၃ ယောက်အတွက် ၀မ်းနည်းမိပါတယ်။

တွေ့ဆုံကြုံကွဲ ဖြစ်မြဲပါပဲ။ တနေ့တော့ နှင်းတို့တွေလဲ ဒီလမ်းကို လျှောက်ကြရမှာပါပဲ။ အခုတော့ ဆရာမက အရင်သွားနှင့်ပြီပဲ။ ဆရာမတယောက် ကောင်းမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေ။

Sunday 25 October 2009

နေရာလဲကြည့်ရအောင်

လူတွေဟာ တခါတလေကျရင် ကိုယ့်အမြင် ကိုယ့်အတွေးတခုထဲနဲ့ သူတပါးကို အလွယ်တကူ အပြစ်မြင်လိုက်တတ်ပါတယ်။ အခုလဲ အလုပ်ထဲမှာ အဲဒီပြသနာကို နေ့တိုင်းတွေ့နေရပါတယ်။ ခေါင်းဆောင်လုပ်တဲ့သူဆိုတာက လက်အောက်က၀န်ထမ်းတွေကို အုပ်ချုပ်ဖို့အတွက် ထားထားတာပါ။ လက်အောက်ဝန်ထမ်းတွေ အမှားလုပ်လိုက်ရင်ဖြစ်ဖြစ် ပေါ့ဆမှုတခုခုဖြစ်ခဲ့ရင်လဲ ဒီခေါင်းဆောင်ကပဲ ခေါင်းခံဖြေရှင်းပေးရတာပါ။ အဲလိုတွေကြောင့် ခေါင်းဆောင်လုပ်တဲ့သူက အမှားနည်းအောင် အလုပ်ထဲမှာ မပေါ့ဆဖို့ နေ့တိုင်းသတိပေးတတ်ပါတယ်။ အဲဒီအခါမှာ လက်အောက်ဝန်ထမ်းတွေက သဘောမကျကျပါဘူး။ သူဘာလို့ ဒီလိုနေ့တိုင်း သတိပေးနေရတာလဲ ကိုယ့်ဖာသာ ဘာလုပ်ရမလဲ သိတယ်လို့ ပြောပြီး ခေါင်းဆောင်လုပ်သူကို မုန်းစိတ်တွေဝင်ကြပါတယ်။ တကယ်တော့ ခေါင်းဆောင်တယောက်လုပ်ရတာ တကယ်မလွယ်ပါဘူး။ ကိုယ့်လက်အောက်က ၀န်ထမ်းတွေရဲ့ မုန်းတီးမှုကို ခံရသလို အလုပ်မပြီးလို့ရှိရင်လဲ ကိုယ့်ထက်ကြီးတဲ့ အထက်လူကြီးရဲ့ ငြိုငြင်ဆူပူမှုကိုလည်း ခံရပါတယ်။ လက်အောက်ဝန်ထမ်းအမှားတခုခု လုပ်လိုက်ပြန်ရင်လည်း ခေါင်းဆောင်မကောင်းလို့ဆိုပြီး အပြစ်တင်ခံရပြန်တယ်။

လူပေါင်းစုံကို အလိုက်အထိုက်လိုက်ပြီး အုပ်ချုပ်နေရတာဖြစ်သလို ၀န်ထမ်းချင်းမတည့်တဲ့အခါမှာလဲ သူကပဲ ကြားကနေပြေလည်အောင် လုပ်ပေးရပြန်ပါတယ်။ မတည့်တဲ့ဝန်ထမ်းချင်း အလုပ်ထဲမှာ ပြသနာမဖြစ်ရအောင်လဲ လူကိုစီစဉ်ပေးရပြန်ပါတယ်။ နှင်းတို့တွေအိမ်ပြန်တဲ့အချိန် အလုပ်မပြီးရင်လဲ တယောက်ထဲနေခဲ့ပြီး ပြီးအောင်ဆက်လုပ်ရပြန်ပါတယ်။ တခါတလေ အထက်ကသူ့ကိုဆူလိုက်လို့ စိတ်မကြည်တဲ့အခါ အလုပ်ပြီးအောင် မြန်မြန်လုပ်ဖို့ အော်မိတာတွေတော့ရှိတာပေါ့။ ဒါကိုအပြစ်တခုလိုမြင်ပြီး သူ့ကို မုန်းနေကြပါတယ်။ တကယ်တော့ အောက်က၀န်ထမ်းတွေကို သူလဲဘယ်ပြောချင်ပါ့မလဲ။ သူ့ကို အထက်ကလူတွေက ဖိအားတွေပေးပြီး လုပ်ခိုင်းနေလို့သာ သူလဲလုပ်နေရတာပါ။ သူက လက်အောက်ဝန်ထမ်းတွေကို မပြောပဲ နေပြန်တော့လဲ အထက်က သူ့ကို အုပ်ချုပ်ဖို့အတွက် ခေါင်းဆောင်နေရာမှာထားတာ ဘာလို့မပြောလဲ ဖြစ်ပြန်တယ်။

ခေါင်းဆောင်ဆိုတဲ့ တာဝန်ကိုယူထားတဲ့ လူတယောက်အတွက် သူယူထားတဲ့တာဝန်တွေကို ကျေအောင်ထမ်းဆောင်ရမှာပါပဲ။ နှင်းတို့တွေကလဲ လက်အောက်ဝန်ထမ်းဖြစ်တဲ့အတွက် ခေါင်းဆောင်တယောက်ရဲ့ အမိန့်ကို နာခံကြရမှာပါပဲ။ သူကလဲ သူ့တာဝန်ကျေအောင်ပြောမှာပဲ။ ဒါကိုလိုက်ပြီး မုန်းမနေပဲ ကိုယ်ကလဲ ကိုယ့်တာဝန်ကျေအောင် လုပ်လိုက်ရင် ပြီးတာပါပဲ။ သူ့ကိုမုန်းနေလို့လဲ ကိုယ်ဘာမှအကျိုးမရှိပဲ အကုသိုလ်ပဲဖြစ်ပါတယ်။

သူ့နေရာမှာ နှင်းတို့တွေဆိုရင်ရော ဘယ်လိုလုပ်မလဲ။ အထက်လူကြီးရဲ့ ဆူပူမှုကိုပဲ ခံပြီး လက်အောက်ဝန်ထမ်းတွေ အမုန်းကိုမခံရအောင် ဘာမှမပြောပဲနေမလား။ အလုပ်မပြီးတဲ့အခါ အထက်လူကြီးရဲ့ အဆူအပူကိုပဲခံမလား။ ခေါင်းဆောင်နေရာမှာ နေတဲ့လူတယောက်ရဲ့ အရည်အချင်းတွေကို မထုတ်သုံးတော့ပဲ နေသာသလိုပဲနေတော့မလား။ သူ့နေရာမှာ ကိုယ်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပြီး သူ့ကိုမုန်းသင့်မမုန်းသင့် ဆုံးဖြတ်သင့်တယ်။

Wednesday 14 October 2009

ဂုဏ်ယူစရာလား

ဂုဏ် ဆိုတဲ့အရာကို လူတွေတော်တော်လေး သဘောကျပါတယ်။ ကိုယ့်အလုပ်အောင်မြင်ရင်ဖြစ်စေ ကိုယ့်သားသမီးက တော်နေရင်ဖြစ်စေ ကိုယ့်အသိုင်းအ၀ိုင်းက ထင်ပေါ်နေတဲ့အခါမှာဖြစ်စေ လူတွေကြားထဲမှာ ဂုဏ်ယူပြီး ထုတ်ဖော်ပြောတတ်ကြပါတယ်။ ဒါဟာလည်း လူ့ပတ်ဝန်းကျင် လူ့သဘာဝပဲမို့ အပြစ်လို့မပြောလိုပါဘူး။ လူတိုင်းမှာဖြစ်တတ်တဲ့ သဘောပါပဲ။ ဒါပေမယ့် တချို့တွေကြတော့ ဂုဏ်ယူတဲ့နေရာတွေ မှားနေသလားလို့တောင် ထင်မိတယ်။
ဥပမာ ကိုယ့်ထက်ကြီးတဲ့သူတွေကို နိုင်စားရတာ ကိုယ့်ထက်သိမ်ငယ်တဲ့လူတွေအပေါ်မှာ အနိုင်ယူရတာတွေကို ဂုဏ်ယူစရာလို့ထင်နေကြတယ်။ အိမ်ထောင်သည်တွေကျပြန်တော့လဲ ယောကျာင်္းကမိန်မကို နိုင်ရတာ မိန်းမက ယောကျာင်္းကို နိုင်ရတာတွေကို မိတ်ဆွေတွေရှေ့မှာ ဂုဏ်ယူပြီးပြောတတ်ကြပြန်တယ်။ ကိုယ့်ထက်ကြီးတဲ့သူအပေါ်မှာလဲ နိုင်စားစရာမလိုသလို ကိုယ့်ထက်နိမ့်ကျတဲ့သူအပေါ် အနိုင်ရတာကလဲ ကောင်းတဲ့အလုပ်မှမဟုတ်တာ ဒါတွေကို ဘာလို့များ ဂုဏ်ယူစရာလို့ ထင်နေကြတာလဲ။ ကိုယ့်အိမ်ထောင်ဘက်ကို အနိုင်ရတာကရော ဘာများကောင်းနေလို့လဲ။ ကိုယ့်အိမ်ထောင်ဖက်ကို နိုင်တဲ့အကြောင်း လူအများရှေ့မှာပြောတော့ရော လူတွေကချီးကျူးမယ်ထင်နေကြသလား။ ကိုယ့်ရှေ့မှာတော့ ကောင်းတယ်ပြောနေပေမယ့် ကွယ်ရာမှာတော့ ကိုယ့်ကို အနိုင်ကျင့်တတ်တဲ့ လူတယောက်အဖြစ် သတ်မှတ်လိုက်မှာပါ။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ သိက္ခာလဲ ကျပါတယ်။ နှစ်ဦးစလုံးအတွက်မကောင်းတာကို ဘာလို့ဂုဏ်ယူပြီးပြောနေသလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။
အခုတလောလဲ ကိုယ်တွေ့လို့ပဲပြောရမယ်။ နှင်းကို အန်တီအရွယ် အမျိုးသမီးကြီးတွေက လာပြောပါတယ်။ ညီမလေး မြန်မာဟင်းတွေ ဘယ်လိုချက်လဲ စာလေးနဲ့ရေးပေးပါလားတဲ့လေ။ အော် ဟုတ်ကဲ့ရပါတယ်ပေါ့။ ဒါပေမယ့် သူဆက်ပြောလိုက်တာက အစ်မတို့က ထမင်းဟင်းမချက်တတ်ဘူးလေ။ အမေက ငယ်ငယ်ထဲက အိမ်ဖော်နဲ့ထားပြီး ဘာမှပေးမလုပ်လို့ အခုအရွယ်ထိမချက်တတ်ဘူး ဆိုပြီးပြောပါတယ်။ အခုအရွယ်ဆိုတဲ့အချိန်မှာ အသက်က ၄၀ ကျော်နေပါပြီ။ အမေက ပေးမလုပ်တာကို လက်ခံပါတယ်။ ဘယ်မိဘမဆို သားသမီးကို အပူအပင်ကင်းကင်းနဲ့ မပင်ပန်းစေချင်ပါဘူး။ ဒါကမိဘတွေရဲ့ မေတ္တာတရားပါ။ ကိုယ့်မိဘကတတ်နိုင်လို့ အိမ်ဖော်နဲ့ နေရတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် မိဘက ပေးမလုပ်လို့ အလုပ်လုပ်မယ့် အိမ်ဖော်ရှိလို့ ဘာမှမလုပ်တတ်ဘူးဆိုတာကို ဘယ်လိုနားလည်ရမလဲ။ ဒါဆိုရင် မိဘက ချက်ကျွေးသလို အိမ်ဖော်ကချက်ကျွေးသလိုပဲ စားကြတော့မှာလား။ ဘယ်စားမလဲ ကိုယ်စားချင်တာကို ချက်ခိုင်းတဲ့အခါလဲ အနည်းနဲ့အများတော့ရှိမှာပါပဲ။ အဲလိုအခါမှာ ကိုယ်ကိုယ်တိုင်ချက်တတ်နေရင် ပိုမကောင်းဘူးလား။ သူများချက်ကျွေးတာပဲ စားရတာနဲ့ ကိုယ်တိုင်ချက်တတ်ပြီး သူများကို ပြောပြပြီး ချက်ခိုင်းတာ ဘယ်ဟာက ပိုအဆင်ပြေမလဲ။ မိဘက ပေးမလုပ်လဲ ကိုယ်တိုင်က လုပ်ချင်စိတ်ရှိရင် လုပ်တတ်ပါတယ်။ ကိုယ်မလုပ်ချင်တာကို မိဘတွေခေါင်းပေါ်ပုံချလိုက်တာကတော့ မကောင်းပါဘူး။ ဒီအရွယ်ထိ မချက်တတ်ပဲ သူများချက်ကျွေးတာကို စားနေရတာကို ဂုဏ်ယူစရာလို့ထင်ပြီး လူအများရှေ့မှာ လာပြောတဲ့အခါ သူ့အတွက် ဂုဏ်ယူပေးရမလားဆိုတာ စဉ်းစားမိတယ်။
နောက်တခုကတော့ မြန်မာပြည်မှာမွေးပြီး မြန်မာအစားအစာတွေစားလာတာ နှစ်ပေါင်းပဲမနည်းတော့ပါဘူး။ အခုမှ နိုင်ငံခြားကိုလာတာ ၁၀ နှစ်တောင်မပြည့်သေးပဲနဲ့ မြန်မာပြည်မှာ စားသောက်လာခဲ့တဲ့ ဟင်းရွက်တွေကို မခွဲတတ်တော့ဘူးတဲ့။ မကျီးရွက်နဲ့ ကင်ပွန်းချဉ်ရွက် ဘယ်လိုခွဲရမှန်းမသိလို့ ဘာကိုကြည့်ဝယ်ရမလဲ မြန်မာပြည်က အရွက်တွေကို သိပ်မသိတော့ဘူးတဲ့လေ။ ကဲ ဘယ်လိုပြောရမလဲ။ တကယ်ပဲ မသိတော့တာလား။ ထားလိုက်ပါတော့ မေးလာမှတော့လဲ ဖြေလိုက်ရတော့တာပေါ့။ မကျီးရွက်က အစိမ်းရောင်လေးတွေ ဆူးမပါဘူး။ ကင်ပွန်းချဉ်ရွက်ကတော့ အရောင်ပိုရင့်ပြီး တချို့ဆိုရင် နီညိုရောင်လေးသန်းပြီး ဆူးတွေပါ ပါတယ်လို့။ ကဲ ဘယ်နှယ့်လုပ်ကြမလဲ လူတွေက တခါတလေမှာ ဂုဏ်ယူစရာလို့ထင်ပြီး ပြောလိုက်တာတွေက ဂုဏ်ယူစရာမဖြစ်ပဲ ကိုယ်အသုံးမကျတာကို ထုတ်ပြောလိုက်သလို ဖြစ်ဖြစ်သွားပါတယ်။
ကိုယ်ကိုယ်တိုင် လုပ်တတ်တာ ကိုယ်ကြိုးစားလို့ အောင်မြင်မှုရတဲ့အခါ ကိုယ်ထုတ်ဖော်မပြောလဲ လူအများက ကိုယ့်ကို ဂုဏ်ပြုကြသလို ကိုယ်တိုင်လဲ ဂုဏ်ယူနိုင်ပါတယ်။ အခုတော့ မိန်းကလေးတွေ ဖြစ်နေရဲ့သားနဲ့ အိမ်အလုပ် မလုပ်တတ်တာတွေ ထမင်းဟင်းမချက်တတ်တာတွေ ကိုယ့်အိမ်ထောင်ဖက်ကို နိုင်စားလို့ရတာတွေကို ဂုဏ်ယူပြီး ပြောနေကြပါတယ်။ မိန်းမတယောက်လုပ်နေပြီး ကိုယ်စားမယ့်ထမင်း ကိုယ့်နေတဲ့ အိမ်မှုကိစ္စတွေကိုတောင်မလုပ်တတ်တာကို ဂုဏ်ယူနေရင် တချို့ယောကျာင်္လေးတွေ ကိုယ့်ထမင်းကိုယ်ချက်စားပြီး အလုပ်တဖက်လုပ်နေတာတွေ ကျောင်းတဖက်တက်နေတာတွေကို ဘယ်လိုပြောရမလဲ။ အလုပ်တဖက်နဲ့မို့ တခြားကိစ္စတွေနဲ့မို့ ကိုယ်တိုင်ဝင်မလုပ်နိုင်ရင်ရှိမယ်။ ဒါတွေကိုတော့ ကိုယ်တိုင်တတ်ထားသင့်ပါတယ်။ ကိုယ်တိုင်တတ်မှလဲ သူများကို ပြန်ခိုင်းနိုင်မှာပါ။ ကိုယ်တိုင်မှမတတ်ရင်တော့ သူများကျွေးသမျှပဲစားပြီး နေရမှာပါ။
နှင်းရဲ့ဖိုးဖိုး ပြောခဲ့တာတွေကို မှတ်မိသေးတယ်။ အိမ်မှာက ဦးလေး ၅ ယောက်ရှိတယ်။ အစ်မတွေအောက်မှာဖြစ်ပေမယ့် ဖိုးဖိုးက ဦးလေးတွေကို အိမ်မှုကိစ္စ ထမင်းချက် အ၀တ်လျှော် အိမ်သိမ်း အကုန်ခိုင်းပါတယ်။ ကိုယ်တိုင် ထမင်းမချက်တတ်ရင် ထမင်းဝင်မစားနဲ့တဲ့။ မိန်းကလေးပဲထမင်းချက်ရမယ် မသတ်မှတ်ထားဘူး။ ထမင်းစားတတ်တဲ့လူတိုင်း ချက်တတ်ရမယ်တဲ့။

Monday 12 October 2009

တခါတလေ

တခါတလေ ကိုယ်သိနေပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တာက ကိုယ့်အတွက်ပိုစိတ်ချမ်းသာတယ်။
တခါတလေ ကိုယ်မသိချင်တဲ့အတိတ်တွေကို တမင်မေ့ချင်ယောင်ဆောင်နေလိုက်တာက ကိုယ့်အတွက်ပိုကောင်းတယ်။
တခါတလေ လူ့ပတ်ဝန်းကျင် လူ့စည်းကမ်းတွေကို ဘာမှနားမလည်သလိုနဲ့ နှလုံးသားရဲ့အလိုအတိုင်း နေလိုက်တာက ပိုကောင်းတယ်။
တခါတလေ အားလုံးနဲ့ဝေးရာမှာ နေလိုက်တာက ပိုစိတ်ချမ်းသာတယ်။
တခါတလေ ကိုယ်ဖြစ်ချင်သလို လုပ်ချင်သလို လုပ်ပစ်လိုက်တာက ပိုကောင်းတယ်လို့ထင်တယ်။
တခါတလေ ဆိုတဲ့အတိုင်း အမြဲတမ်းတော့မဟုတ်ဘူးပေါ့။

Sunday 11 October 2009

listening song

ဂီတဆိုတာက လူရဲ့စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ နှင်းကတော့ လက်ခံမိတယ်။ တခါတလေ စိတ်ညစ်နေတဲ့အခါ သီချင်းဖွင့်ပြီး လိုက်အော်လိုက်ရင် ရင်ထဲမှာ နည်းနည်းတော့ သက်သာသွားတယ်လို့ ထင်မိတယ်။ အမေ့ရုပ်ရည်လို သီချင်းမျိုးကိုများ နားထောင်မိတဲ့နေ့ဆိုရင်တော့ တကယ်ကို လိုက်ငိုမိတယ်။ အဲဒီသီချင်းကို ဘယ်အချိန်ပဲနားထောင် ခံစားချက်ကတော့ အတူတူပဲ။ ရင်ထဲမှာ နင့်နေအောင်ခံစားမိသလို အသက်အရွယ်ကြီးလာတဲ့ မာမားကိုကြည့်ပြီး မျက်ရည်ကျမိပါတယ်။

သီချင်းတွေကို မရူးသွပ်ပါဘူး။ သီချင်းတိုင်းကိုလည်း သိပ်နားမထောင်ဖြစ်ဘူး။ ဒါပေမယ့် ငယ်ငယ်ထဲက မာမားကအိမ်မှာ စိုင်းထီးဆိုင်တို့ စိုင်းဆိုင်မောဝ် တို့ရဲ့ သီချင်းတွေကို နားထောင်တဲ့အတွက် သူတို့သီချင်းတွေနဲ့ ကြီးပျင်းခဲ့ရတယ်လို့ ပြောလို့်ရပါတယ်။ ဘယ်အဆိုတော်ကိုကြိုက်လဲမေးရင် ဘယ်သူ့ကိုမှ မကြိုက်ပါဘူး။ ဒါပေမယ့် စိုင်းထီးဆိုင် ကိုတော့ တော်တော်လေးကြိုက်သလို သီချင်းတွေကလဲ ဘယ်တော့မှ မရိုးပါဘူး။ စာသားတွေကလဲ တကယ်ကိုကောင်းပါတယ်။ အခုတလောလဲ စိုင်းထီးဆိုင်သီချင်းတွေကို နားထောင်ဖြစ်ပါတယ်။

mouse love rice ဆိုတဲ့ သီချင်းလေးကိုတော့ တရုတ်လို နားထောင်ဖြစ်တယ်။ တရုတ်သီချင်းဆို လုံးဝကို နားမထောင်ဖြစ်ဘူးလို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီသီချင်းလေးကိုတော့ တော်တော်လည်းကြိုက်သလို တခါတလေလည်း ပါးစပ်ထဲမှာ ဆိုညည်းဖြစ်ပါတယ်။



Saturday 10 October 2009

ပြန်လိုချင်တယ်

ကလေးဘ၀ ဖြုစင်လှ
အလိမ်အညာတွေ သူတို့မသိကြ
အဖြူရောင် သူတို့ဘဝ

အသက်ကလေးရတော့ လိမ်တတ်ကြ
ဖြူစင်မှုဆိုတာမရှိကြ
အရောင်တွေဆိုးတဲ့ သူတို့ဘဝ

တစ်ခါတစ်လေများ ပြန်တမ်းတ
ငယ်ငယ်တုန်းက ကလေးဘဝ
လိုချင်သော်လည်း ပြန်မရ

စိုင်းထီးဆိုင်သီချင်းထဲကလိုပဲ အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တခါပြန်ပြီး ရချင်သေးတယ်။ အခုတော့ ကလေးဘ၀ကို ပြန်တမ်းတတတ်နေပါပြီ။ ကလေးလေးဘ၀ဆိုတာ တကယ်ကိုဖြူစင်သလို အပူအပင်ဆိုတာလဲမရှိပဲ ဘယ်သူ့ကိုမှလဲ မနာလိုတာ မကောင်းမြင်တာ မရှိပါဘူး။ အသက်တွေကြီးလာလေ လိမ်တတ် ညာတတ် မကောင်းမြင်တတ်လာပါတယ်။ ကိုယ့်အတွက်ပဲကြည့်တတ်လာပါတယ်။ ကလေးတွေမှာ ဟန်ဆောင်တာတွေ တမင်လုပ်ပြောတာတွေမရှိပဲ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ပြောလိုက်လုပ်လိုက်ပါတယ်။ တကယ်တော့ ကလေးလေးတယောက်လောက်တောင်မှ နှင်းတို့တွေက စိတ်ထဲရှိတာကို မလုပ်နိုင်မပြောနိုင်ပဲ ဟန်ဆောင်လိမ်ညာနေတဲ့ အရောင်ဆိုးထားတဲ့ လူတွေဖြစ်နေပါတယ်။ အသက်ကြီးလာလေ ဖြူစင်မှုဆိုတာတွေနဲ့ ဝေးမှန်းမသိပဲ ဝေးလာပါတယ်။ ဒါကြောင့်လဲ အပြစ်ကင်းပြီး ဖြူစင်တဲ့ ကလေးလေးတွေရဲ့ အပြုံးအရယ်လေးတွေကို မြင်လိုက်ရင်ပဲ ရင်ထဲမှာအေးချမ်းသွားပါတယ်။ ၂ ခါပြန်မရတော့တဲ့ ကလေးဘ၀ကို ပြန်လိုချင်မိတယ်။ ကလေးဘ၀တုန်းက လူကြီးဖြစ်ချင်နေခဲ့မိတယ်။ အခုလို လူကြီးဖြစ်လာတော့မှ ကလေးဘ၀က ပိုကောင်းသလို အပြစ်ပိုကင်းတယ်ဆိုတာကို သိလာပါတယ်။

Wednesday 7 October 2009

ဆောင်းအမှီ

ထိုင်ဝမ်မှာ နွေရာသီကနေ ဆောင်းရာသီကို ကူးပြောင်းရောက်လာတော့မယ်။ တရုတ်လမုန့်ပွဲတော်ပြီးရင် စအေးလာမယ်ဆိုတာက ထိုင်ဝမ်ရဲ့ ဆောင်းရာသီအစလို့ ပြောလေ့ရှိကြပါတယ်။ လမုန့်ပွဲတော်ရောက်ခါနီးမှာ အပူချိန်ကလဲ တော်တော်လေး ကျလာတာကိုတွေ့ရပါတယ်။ မုန်တိုင်းဝင်နိုင်တယ်ဆိုပြီး သတိပေးချက် ရှိနေတာကြောင့်လဲ မုန်တိုင်းအရှိန်နဲ့ လမုန့်ပွဲတော်မှာ မိုးရွာမှာကို စိုးရိမ်နေကြပါတယ်။ တော်ပါသေးတယ်။ မိုးကမရွာပဲနဲ့ ညနေပိုင်းလောက်မှာ အေးရုံပဲအေးလာလို့ပါ။ ဒါပေမယ့် ဒီနေ့မှာတော့ မုန်တိုင်းကမလာပေမယ့် မနက်ခင်းထဲက မိုးရွာလိုက်တာ အခုထိကို မတိတ်သေးပါဘူး။ အပူချိန်ကလည်း နွေရာသီကလောက် မပူတော့သလို မိုးကလည်းရွာနေပြီး လေလေးကပါတိုက်လာတော့ တော်တော်လေးအေးပါတယ်။ ထိုင်ဝမ်ရဲ့ ဆောင်းတွင်းမှာ မိုးရွာမှာကို မနှစ်သက်ပါဘူး။ ဆောင်းတွင်းမိုလို့ အေးပါတယ်ဆိုမှ မိုးကရွာပြီး လေကပါထပ်တိုက်လို့ပါ။ မိုးမရွာပဲ လေတိုက်ရုံဆိုရင် ခံနိုင်ပါတယ်။ ခြောက်ခြောက်သွေ့သွေ့လေးနဲ့ အေးအေးလေးမို့ အတော်ကိုသဘောကျပါတယ်။ အဲ မိုးရွာတယ်ဆိုရင်တော့ အလုပ်သွားအလုပ်ပြန် တော်တော်ဒုက္ခရောက်ပါတယ်။

ထိုင်ဝမ်ရဲ့ဆောင်းတွင်းက ဂျပန်တို့ ကိုးရီးယားတို့လောက် ရေခဲမှတ်လောက်အထိ မအေးပါဘူး။ ဒါပေမယ့် တချို့တောင်ပေါ်တွေမှာတော့ နှင်းကျပါတယ်။ နှင်းတို့နေတဲ့ နေရာတွေမှာတော့ တခါတလေ ၄ ဒီဂရီ ၅ ဒီဂရီလောက်အထိတော့ ကျတတ်ပါတယ်။ အအေးလှိုင်းဖြတ်တဲ့အချိန်တွေမှာ အဖြစ်များပါတယ်။ နွေရော ဆောင်းရော မိုးကရွာတတ်ပါတယ်။ ဆောင်းရောက်တော့မယ်ဆိုရင် နွေရာသီအ၀တ်တွေကို ဈေးချပြီးရောင်းလေ့ရှိပါတယ်။ ဆောင်းဝင်တော့မယ်ဆိုတာနဲ့ မနှစ်ကသိမ်းထားတဲ့ ဆောင်းတွင်းဝတ်တဲ့ အ၀တ်တွေကို ပြန်ထုတ်ရတော့မယ်။ အနွေးထည်တွေ အသားကပ်အင်္ကျီတွေ ဆောင်းတွင်းမှာခြုံတဲ့ စောင်ကအစပေါ့။ နှင်းကတော့ ရာသီတွေထဲမှာ ဆောင်းရာသီကိုအကြိုက်ဆုံးမို့ ဆောင်းဝင်တော့မယ်ဆိုရင် ပျော်ပါတယ်။ ဆောင်းတွင်းအ၀တ်တွေ ၀တ်ရတာကိုလည်း နှစ်သက်သလို အေးအေးလေးနဲ့ ကွေးနေရတာကိုလည်း ကြိုက်တယ်။ အရမ်းအေးတဲ့နေ့တွေဆိုရင် စကားပြောလိုက်တိုင်း ပါးစပ်က အငွေ့လေးတွေထွက်တာကို သဘောကျပါတယ်။ ကလေးဆန်တယ်ပဲပြောပြော မာမားနဲ့အပြင်သွားလို့ စကားပြောရင်း အငွေ့ထွက်တာကိုမြင်ရင် သဘောကျပြီး မာမားရေ အရမ်းအေးလို့ အငွေ့တောင်ထွက်တယ်ဆိုပြီး ပြောတတ်ပါတယ်။

ဆောင်းဝင်တော့မယ်ဆိုတော့ ခင်ညွှန့်ရီဆိုထားတဲ့ ဆောင်းအမှီသီချင်းလေးကို သွားသတိရမိတယ်။ ဆောင်းအမှီရောက်အောင်သာပြန်ခဲ့ ခင့်ဆီ ဆိုတဲ့စာသားလေးက ဆောင်းတွင်းရဲ့ အေးချမ်းမှုရယ် ဆောင်းတွင်းအမှီ ချစ်တဲ့သူကို မိမိဆီပြန်လာစေချင်တဲ့သဘောလေးရယ်ကို တွေ့ရပါတယ်။ အင်း အဲလိုသာ ခေါ်လို့ရရင်တော့လဲ ကောင်းသား။ ဆောင်းတွင်းအေးတဲ့ဒဏ်ကို ချစ်သူရင်ခွင်ထဲမှာ ခိုလှုံလို့ ရတာပေါ့။

Sunday 4 October 2009

အမေဂျမ်းက ပိုကြမ်းတယ်

၃၇ မင်းနတ်တွေထဲမှာ နာမည်ကြီးတယ်လို့ပဲပြောရမလား နှင်းသိတာက ဒီနှစ်ခုပဲရှိတယ်ပြောရမလားပဲ။ အမေဂျမ်းတို့ ကိုကြီးကျော်တို့ကိုတော့ လူပြောများလို့ သိပါတယ်။ ကိုကြီးကျော်ကိုသိတာကတော့ သူ့ကိုဆက်ချင်ရင် အရက်ပုလင်းက မပါမဖြစ်မိုလို့ အရက်ကြိုက်တယ်တဲ့ နတ်ဆိုပြီး သိတာပါ။ အမေဂျမ်းကတော့ အပြောအဆိုကြမ်းတယ်ဆိုပြီး နတ်ကနားပွဲတွေကို သွားကြည့်ဖူးတဲ့ အဒေါ်တွေပြောပြလို့သိရတာပါ။ ပါပါးတို့ မာမားတို့ကလဲ မကိုးကွယ်တော့ ဘာနတ်ဆိုတာကို သေသေချာချာမသိသလို ဘာကြောင့်လူတွေအားကိုးနေတယ်ဆိုတာကိုလဲ မသိပါဘူး။ ကိုယ်ယုံကြည်ရာကို အားကိုနေတာဆိုတော့လဲ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ အခုတော့ အမေဂျမ်းတို့ ကိုကြီးကျော်တို့ထက် ပိုဆိုးတဲ့လူတွေကို မြန်မာပြည်ပြန်မှပဲတွေ့ခဲ့ရပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲဆိုတာ ရေသဘင်ပွဲတော်ပါ။ အခုတော့ အရက်သဘင်ပွဲတော်လို့တောင် ပြောရမလိုဖြစ်နေတယ်။ ဒီနှစ်ပြန်သွားတဲ့အချိန်ကလဲ ၂ လပိုင်းလောက်ကနေ ၇ လပိုင်းမှ ထိုင်ဝမ်ကိုပြန်လာဖြစ်တာကြောင့် သင်္ကြန်ကို မြန်မာပြည်မှာပဲ ဆင်နွှဲဖြစ်ပါတယ်။ ရန်ကုန်မှာ သင်္ကြန်အကြိုနေ့မနက်ပဲ နေဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ နယ်ကအိမ်ကိုပြန်ရောက်နေပါပြီ။ ရန်ကုန်မှာကတော့ အကြိုနေ့ဖြစ်တဲ့အတွက် ဘာမှအရမ်းကြီးစည်တယ်ဆိုတာ မတွေ့ရပါဘူး။ နောက်တရက်မှာတော့ စတွေ့ရပါပြီ။ အိမ်က ရန်ကုန်-မန္တလေးကားလမ်းဘေးဖြစ်တာကြောင့် ဖြတ်သွားဖြတ်လာအကုန်တွေ့နေရပါတယ်။ သင်္ကြန်ရက်ဆိုတော့လဲ အရင်ပုံမှန်ထက် လူပိုများသလို တမြို့နဲ့တမြို့ သွားလည်ကြပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့ ရှုပ်ရှက်ခပ်နေပါတယ်။ အရင်တုန်းကတော့ ရိုးရိုးသင်္ကြန်လည်ကြတာပါ။ အခုတော့ သင်္ကြန်လည်ရင်ဖြင့် အရက်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ်သောက်ရမယ်လို့ အမိန့်ထုတ်ထားသလားတောင် ထင်ရတယ်။ ယောင်္ကျာလေးတွေရော မိန်းကလေးတွေရော မူးမူးရူးရူးနဲ့ ဖြစ်ချင်သလိုကို ဖြစ်နေကြပါတယ်။ ၁၀ ကျော်သက်ကလေးတွေဖြစ်နေပေမယ့် တကယ့်ကိုလူကြီးတွေနည်းတူ မူးနေကြတာပါ။ မိဘတွေကတော့ ခွင့်ပြုမှာမဟုတ်ပေမယ့် အိမ်ကထွက်သွားတော့ သူတို့လုပ်ချင်သလိုလုပ်နေကြတာပါ။ ဘယ်သူကများ သင်္ကြန်မှာ အရက်သောက်ရမယ်လို့ ထွင်သွားသလဲတော့ မသိပါဘူး။ လူကြီးတွေသောက်တာကနေ အခုဆိုရင် ကလေးတွေကပါ လိုက်လုပ်နေတော့ ဒီကလေးတွေအတွက် ရင်လေးစရာပါ။
အခုတော့ ယောကျာင်္လေးတွေတင်မဟုတ်တော့ပဲ မိန်းကလေးတွေကလဲ ကိုးရီးယားကားတွေထဲက မင်းသမီးတွေလို အရက်သောက်လာကြပါတယ်။ ကိုးရီးယားက မိန်းကလေးတွေ အရက်သောက်တာက သူတို့နေရတဲ့ ရာသီဥတုက ရေခဲမှတ်အောက်ရောက်နေတော့ ကျန်းမာရေးအရရော သူတို့နိုင်ငံရဲ့ ဓလေ့အရရော သောက်တာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်မြန်မာနိုင်ငံက မိန်းကလေးတွေက ဘာလို့များဒီလိုမျိုးတွေကို အတုခိုးချင်ရတာလဲ။ ဒါတွေက ခေတ်မှီတယ်လို့များထင်နေကြလို့လား။ ဒါမှမဟုတ် ယောကျာင်္လေးနဲ့ မိန်းကလေး တန်းတူအခွင့်အရေးရှိတယ်လို့များ ထင်နေကြလို့လား။ ဘာပဲဖြစ်ဖြစ် ယောကျာင်္လေးကို ဘယ်လောက်ပဲ တန်းတူလိုက်နိုင်တယ်ပြောပြော မိန်းမက မိန်းမပါပဲ။
အခုသင်္ကြန်လည်တော့ ကောင်လေးတွေက ကောင်မလေးတွေကို လိုက်ထိန်းနေရတယ်လို့ အစ်ကိုဝမ်းကွဲက ပြောပြပါတယ်။ ဘာလို့လဲ အကိုးရဲ့ ဆိုတော့ ကောင်လေးတွေထက် ကောင်မလေးတွေက သောက်နိုင်ပြီး ရမ်းနေကြလို့တဲ့။ ဒါက အစ်ကိုကပြောသွားတာပါ။ ဟော ဦးလေးနောက်တယောက်ကလဲ ပြောပြပြန်တယ်။ သမီးရေ အခုသင်္ကြန်မှာဆိုရင် အမေဂျမ်းတွေက ပိုကြမ်းနေလို့ ကိုကြီးကျော်က ငြိမ်နေရတယ်တဲ့။ ခေတ်မှီတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်ဓလေ့တွေကိုတော့ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ရင် ပိုင်ကောင်းမယ်လို့ ထင်ပါတယ်။

Saturday 3 October 2009

တောင်ကြီးမြို့ကိုအလည်တစ်ခေါက်




မြစိမ်းတောင်ပေါ်က မြင်ရတဲ့ တောင်ကြီးမြို့






မြစိမ်းတောင် ဘုရားမှာရှိတဲ့ ဘုရားရဲ့အရိုးကွင်းဆက်တော်
ပြန်လည်ပြုပြင်ထားတဲ့ ဘုရားဆင်းတုတော်
မွေတော်ကက္ကူစေတီတော်


မွေတော်ကက္ကူဘုရားများ


ညောင်ရွှေကနေ နေ့လည် ၁၂ နာရီကျော်လောက်ကနေထွက်လာပြီး တောင်ကြီးကိုတော့ ညနေဘက် ၂ နာရီလောက်ရှိမယ်နဲ့တူတယ်။ သေချာတောင်မမှတ်ထားလိုက်မိဘူး။ ဟိုးအရင်က တောင်ပေါ်အတက်အဆင်းကို တလမ်းထဲပဲရှိပါတယ်။ အခုကျတော့ တောင်ပေါ်အဆင်းတလမ်း အတက်တလမ်း ၂ လမ်းဖောက်ထားသလို ကမ်းပါးယံဘေးတွေမှာလဲ တောင်ပြိုတာကို ကာကွယ်ဖို့အတွက် ကွန်ကရစ်တွေနဲ့ ကာထားတာကို တွေ့ခဲရတယ်။ တောင်စောင်းတလျှောက်မှာလဲ အရင်လာတုန်းက စိုက်ထားတဲ့ ပျိုးပင်လေးတွေက အခုအခါမှာတော့ သစ်တောလေးတခုလိုဖြစ်နေပြီး တောင်တက်လမ်းကို အုပ်မိုးလို့နေပါတယ်။ တောင်တက်လမ်းတလျှောက် အောက်ဘက်ကိုကြည့်ပြီး ရင်အေးမိသလို ဟိုး ခပ်ဝေးဝေးက လှမ်းမြင်နေရတဲ့ ကျီးဖြူကန်ကိုကြည့်ပြီး ဖိုးဖိုးအရင်တုန်းက အဲဒီကန်မှာ ငါးသွားမျှားတတ်တဲ့အကြောင်း ဖိုးဖိုးပြောပြခဲ့တာတွေကို ပြန်သတိရသွားပါတယ်။ တောင်ကြီးကိုရောက်ခါနီးမှာတော့ မြို့ထဲကိုမ၀င်ခင် တောင်ကြီးမြို့မှ ကြိုဆိုပါဧ။် ဆိုတဲ့ ဆိုင်းဘုဒ်အောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေဆိုတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ မြို့အ၀င်က ကြိုးတံတားကိုလဲ ကားပေါ်ကနေပဲ မော့ကြည့်ခဲ့ပါတယ်။ တောင်ကြီးကြိုးတံတားဆိုတာ ခဏခဏရောက်ဖူးနေလို့ ဒီတခေါက်တော့ မသွားခဲ့ပါဘူး။
တောင်ကြီးမြို့ထဲကို ရောက်သွားတဲ့အခါမှာတော့ မွေတော်ကက္ကူဘုရားကို ဆက်သွားဖို့အတွက် တိုင်ပင်လိုက်ကြပါတယ်။ အဲဒါနဲ့ ဆက်သွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတယ်။ မွေတော်ကက္ကူကိုဆက်မသွားခင် တောင်ကြီးမြို့အစွန်က စူဌာမုဏိဘုရားကို အရင်သွားဖူးလိုက်ပါတယ်။ ဘုရားမှာပဲ နေ့လည်စာကို ထမင်းမစားတော့ပဲ ရှမ်းခေါက်ဆွဲ စားလိုက်ပါတယ်။ တခြားလူတွေကလဲ တို့ဖူးနွေးတို့ တို့ဖူးသုတ်တို့ ကြိုက်တာမှာစားကြတယ်။ တောင်ကြီးကိုရောက်နေမှတော့ ထမင်းမစားချင်တော့ပါဘူး။ ရိုးရာအစားအစာလေးပဲ စားချင်ပါတယ်။ အဲဒီမှာ စားသောက်ပြီးတော့ မွေတော်ကက္ကူကို ခရီးဆက်ခဲ့ပါတယ်။ မွေတော်ကက္ကူဘုရားကို နှင်းတယောက်ထဲပဲ ရောက်ဖူးတာဖြစ်လို့ ပါပါးတို့ကလဲ လမ်းမသိပါဘူး။ နှင်းကလည်း တက္ကသိုလ်တက်တုန်းက သွားထားဖြစ်လို့ အခုမမှတ်မိတော့ပါဘူး။ အဲဒါနဲ့ လမ်းမှားပြီး ဟိုပုံးဘက်ကို မောင်းသွားမိလို့ တွေ့တဲ့လူကိုမေးကြည့်မှပဲ တောင်ကြီးတက္ကသိုလ်ဘက်ကနေ သွားရတယ်ဆိုလို့ လမ်းမှန်ပြန်ရောက်သွားပါတယ်။

အရင်လာတုန်းက မွေတော်ကက္ကူသွားတဲ့ဘက်မှာ အခုလောက် မတိုးတက်ဘူးလို့ ထင်ပါတယ်။ အခုတော့ ရွာတွေမှာ ကိုယ်ပိုင်ကားတွေ ၂ ထပ်တိုက်တွေနဲ့ ဘေးဝဲယာမှာလည်း တောင်ယာစိုက်ခင်းတွေနဲ့ ရှုခင်းတွေကို ကြည့်ရတာဟာ ဘယ်တော့မှ မရိုးနိုင်ဘူးလို့ထင်ပါတယ်။ တောင်ကြီးမြို့ကနေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ မိုးစရွာလာပါတယ်။ သွားနေရင်းကနေ မိုးကတော်တော်လေး သည်းလာတော့ ကြီးကြီးမေက နောက်ကြောင်းပြန်လှည့်ဖို့ ပြောပါတယ်။ ဒါပေမယ့် ဖွားဖွားက ထွက်လာပြီးရင် ပြန်မလှည့်ချင်ဘူးဆိုပြီး ဆက်သွားခိုင်းပါတယ်။ ၁ နာရီခွဲကျော်လောက် မောင်းရမယ်လို့ထင်ပါတယ်။ သွားနေရင်းကနေ ဘုရားနားရောက်ခါနီးမှာတော့ မိုးတိတ်သွားပြီး ကောင်းကင်တခုလုံးကြည်လင်လာတော့မှ အားလုံးစိတ်ချမ်းသာခဲ့ရတယ်။ တကယ်လို့များ မိုးသာဆက်ရွာနေရင် ဒုက္ခပဲဆိုပြီး တွေးပူနေရတာက လွတ်သွားပါတယ်။ ဘုရားနားမရောက်ခင်ကတည်းက မွေတော်ကက္ကူရဲ့ စေတီတော်တွေကို လှမ်းမြင်နေရပါတယ်။ သိပ်မကြာခင်မှာတော့ ဘုရားကိုရောက်သွားပါတယ်။ ဘုရားဝန်းရဲ့အပြင်ဘက်မှာတော့ ညောင်ပင်အကြီးကြီးတွေရယ် ဈေးဆိုင်တန်းလေးတွေရယ် တွေ့ရပါတယ်။ ဘုရားဝန်းကို ၀င်လိုက်တာနဲ့ပဲ ဆည်းလည်းသံလေးတွေကိုကြားရတာဟာ ရင်ကိုအေးချမ်းသွားပါတယ်။ ဘုရားဝန်းထဲက ရှေးဟောင်းဘုရားပြိုပျက်နေတာတွေကို ပြုပြင်နေတာကိုလဲ တွေ့ခဲ့ရပါတယ်။ဟိုးအရင် သူငယ်ချင်းတွေနဲ့လာတုန်းကထက် ပိုတိုးတက်လာပါတယ်။ ဘုရားရဲ့ လုံခြုံရေးအတွက် ပအိုဝ့် စစ်တပ်က တာဝန်ယူထားတာကိုတွေ့ခဲ့ရပါတယ်။ ဘုရားဖူးတွေအဆင်ပြေဖို့ အိမ်သာတွေကိုလဲ သေသေချာချာလုပ်ပေးထားပါတယ်။ အဲဒီကနေအပြန်မှာတော့ မိုးလေ၀သကလဲ ကောင်းနေပါတယ်။ ဘေးပတ်ဝန်းကျင်ကို ငေးမောရင်းနဲ့ သဘာဝအလှတွေကို တ၀ကြီးခံစားခဲ့ပါတယ်။ တောင်ကြီးမြို့ကိုတော့ ညနေပိုင်း ၆ နာရီလောက်မှာပြန်ရောက်လာပါတယ်။ တောင်ကြီးမှာ ညအိပ်ဖို့ဆိုပြီး တည်းခိုခန်းတွေ လိုက်ရှာကြပါတယ်။ မြို့ထဲမှာပဲ တည်းချင်တယ်ဆိုလို့ မြို့တော်တည်းခိုခန်းကို သွားမေးကြပါတယ်။ အဲဒီနေရာက လမ်းမတန်းဖြစ်သလို ဈေးဆိုင်တွေ စတိုးဆိုင်တွေနဲ့ စည်းကားလို့ ကြီးကြီးမေတို့က ညဘက်လမ်းလျှောက်ရင်ကောင်းတယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နှင်းတို့ခရီးသွားတော့ အိမ်ကကိုးကွယ်တဲ့ ဘုန်းကြီးတပါးကို ပင့်သွာတာကြောင့် အဆင်မပြေဖြစ်သွားပါတယ်။ တည်းခိုခန်းပိုင်ရှင်က လူမျိုးခြားဖြစ်နေတော့ လက်မခံပါဘူး။ ပြီးတော့လဲ ဘုန်းကြီးနဲ့ တည်းခိုခန်းမသင့်တော်ပါဘူးဆိုပြီး တောင်ကြီးအမှတ် ၄ အထက်တန်းကျောင်းနားက ဘုန်းကြီးကျောင်းကို သွားမေးလိုက်ပါတယ်။ ဘုန်းဘုန်းတပါးတည်း ညအိပ်တည်းခိုခွင့်တောင်းတာပါ။ အဲဒီက ကျောင်းထိုင်ဘုန်းကြီးကလည်း ဘုန်းကြီးတပါးတည်းမဟုတ်ဘူး အားလုံးပဲ ဒီမှာတည်းပါဆိုပြီး ဧည့်သည်လာရင်တည်းဖို့ နေရာလုပ်ပေးပါတယ်။ အစကတော့ နှင်းတို့က တည်းခိုခန်းမှာတည်းမယ်။ ဘုန်းဘုန်းကို ကျောင်းမှာတည်းခိုင်းမယ် ဆိုပြီးစီစဉ်ထားတာပါ။ ဘုန်းဘုန်းကလည်း မရောက်ဖူးတဲ့အရပ်မိုလို့ တစ်ပါးတည်းတော့ မထားခဲ့ပါနဲ့ဆိုတာနဲ့ အားလုံးပဲ ဘုန်းကြီးကျောင်းက စီစဉ်ပေးတဲ့အခန်းမှာ ညအိပ်လိုက်ပါတယ်။ မနက်ကျတော့ အစောကြီး တောင်ကြီးက မြစိမ်းတောင်ပေါ်ကို ကားနဲ့တက်ပါတယ်။ အရင်ခပ်ငယ်ငယ်က မြစိမ်းတောင်ကို တက်ခဲ့တဲ့ မြင်ကွင်းနဲ့ အခုမြင်ကွင်းက တခြားစီပါပဲ။ အခုတော့ အရမ်းကိုတိုးတက်နေသလို တောင်တက်လမ်းဘေး ၀ဲယာက အိမ်တွေဆိုတာကလည်း တကယ်ကိုပဲ နေချင်စရာ အိမ်ခြံအကျယ်ကြီးတွေနဲ့ ပန်းခင်းတွေနဲ့ လှပါတယ်။ တော်ရုံပိုက်ဆံရှိရုံနဲ့တော့ အခုလို မနေနိုင်ပါဘူး။ အဲလိုတွေ အားကျငေးမောရင်းနဲ့ တောင်ပေါ်ကို ရောက်သွားပါတယ်။ မြစိမ်းတောင် ဘုရားကတော့ အရင်လိုပါပဲ မပြောင်းလဲပါဘူး။ ဒါပေမယ့် အရင်တုန်းက မတွေ့ခဲ့တဲ့ နဂါးရုံဘုရားတွေ တခြားစောင်းတန်းတွေနဲ့ ပိုပြီး တိုးတက်လာပါတယ်။ တောင်ပေါ်ကနေ တောင်ကြီးမြို့ကို မြင်ရတဲ့ ရှုခင်းကလဲ ပြောင်းလဲသွားပါတယ်။ အရင်တုန်းက တောင်ကြီးရဲ့ မြို့အနေအထားက အခုလောက်ထိ မကျယ်ပါဘူး။ အခုတော့ ဘယ်နေရာကိုကြည့်ကြည့် တိုက်တွေနဲ့ မြို့ကလည်း အကျယ်ကြီးဖြစ်နေပါပြီ။

တောင်ပေါ်ကနေ ပြန်ဆင်းလာတော့ မနက်စာစားကြမယ်ဆိုပြီး ဘယ်မှာစားမလဲဆိုတော့ မာမားက စ၀်စံထွန်းဈေးမှာ သွားစားမယ်။ နှင်းတို့လဲ ရောက်ဖူးအောင် ခေါ်သွားမယ်ဆိုပြီး သွားကြပါတယ်။ ဈေးထဲကိုလျှောက်ကြည့်ပြီး တို့ဖူးနွေးစားလိုက်ကြပါတယ်။ တောင်ကြီးမှာကတော့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် တွေကို တွေ့ခဲ့ရသလို ဘုရားပန်းတွေဆိုတာကလည်း တကယ်ကိုလှပါတယ်။ တောင်ကြီးဘက်ကို နေချင်တယ်ဆိုတာကတော့ အဲဒါတွေကြောင့်ပါပဲ။ နှင်းတို့သွားတဲ့အချိန်က ၆ လပိုင်းဆိုပေမယ့် အပူချိန်က ၂၀ ကျော်မှာပဲရှိတဲ့အတွက် နှင်းအနေနဲ့ကတော့ သဘောကျ အကြိုက်တွေ့မိပါတယ်။ ရန်ကုန်ရောက်တုန်းက ပူတယ်အိုက်တယ်ဆိုပြီး တချိန်လုံးညည်းတွားလာခဲ့သမျှ အခုတော့ သဘောကျနေမိပါတယ်။ ထိုင်ဝမ်က ရာသီဥတုနဲ့ သိပ်မကွာလို့ပါ။ အဲဒီကနေပြီးတော့ ဘုန်းကြီးကျောင်းကိုပြန်သွားပြီး ပစ္စည်းတွေသိမ်းဆည်းကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီဘုန်းကြီးကျောင်းက တောင်ပေါ်မှာ တရားစခန်းဆောက်နေတယ်လို့ သိရတော့ မာမားက အလှူငွေထည့်ချင်တယ်ဆိုတာနဲ့ မာမားသဘောကျ ထည့်လိုက်ပါတယ်။ နောက်တခါလာရင်လဲ အခုလိုပဲ လာတည်းဖို့ ကျောင်းကဘုန်းကြီးတွေက ပြောလိုက်သလို တန်ဆောင်တိုင်လာမယ်ဆိုရင် တည်းဖို့အခန်းချန်ထားမယ်။ ဖုန်းကြိုဆက်လိုက်ပါလို့လဲ မှာလိုက်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ကိုတော့ အခါအခွင့်သင့်ရင် သွားပါဦးမယ်။ ဘုန်းကြီးတွေကို အလှူငွေကပ်ပြီးတာနဲ့ ဖွာဖွားက ဦးလေးအငယ်နေတဲ့ ရပ်စောက်ကို သွားမယ်ဆိုတာနဲ့ ရပ်စောက်ကို ခရီးဆက်ခဲ့ပါတယ်။

Friday 2 October 2009

သီတင်းကျွတ်လပြည့်နေ့




အခုလိုပဲ အလွမ်းပြေ မီးပုံးလေးထွန်းလိုက်မယ်နော်



ဒီနေ့ဆိုရင် သီတင်းကျွတ်လပြည့်နေ့ပါ။ မြန်မာတွေအနေနဲ့ကတော့ ၀ါလကင်းလွတ် သီတင်းကျွတ်ပြီဆိုရင် သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို ကန်တော့ကြပါတယ်။ ၀ါတွင်း ၃ လတာကာလပတ်လုံး ၀ါဆိုနေကြတဲ့ ရဟန်းသံဃာတော်တွေ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် ရသွားတဲ့အချိန်လဲဖြစ်ပါတယ်။ ကလေးသူငယ်တွေ အားလပ်ရက်ကျောင်းပိတ်ချိန် ဘိုးဘွားတွေဆီပြန်လို့ ကန်တော့ကြတဲ့အချိန်လဲ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် နှင်းတို့ မြန်မာတွေ တန်ဖိုးထားကြတာကတော့ မြတ်စွားဘုရားရှင်က တာဝတိံသာမှ လူ့ပြည်ကို ဆင်းသက်တော်မူခဲ့တဲ့ နေ့တစ်နေ့ဖြစ်တာကြောင့်လဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ ဆီမီးတွေ မီးပုံးလေးတွေ ထွန်းပြီး ပူဇော်ခဲ့ကြပါတယ်။


ငယ်ငယ်ကသင်ခဲ့ရတဲ့ စာကလေးကို တပိုင်းတစ မှတ်မိသေးတယ်။ သီတင်းကျွတ်တန်ဆောင်မုန်း လနတ်တော် ကောက်ဦးပေါ်လို့ မုန့်ဆန်းလှော် ဆိုသလိုပဲ ကောက်ဦးကောက်ဖျားပေါ်တဲ့အချိန်လဲဖြစ်တာကြောင့် မုန့်ဆန်းလုပ်ပြီး ဘူရားလှူကြပါတယ်။ နှစ်တိုင်း အဖိုးအဖွားတွေကို ကန်တော့ဖြစ်ပါတယ်။ ငယ်ငယ်ထဲက မာမားကလဲ သီတင်းကျွတ်ပြီဆိုရင် မုန့်တွေဝယ်ထားပြီး ဘယ်သူ့ကိုသွားကန်တော့ရမယ်။ ပြီးရင်ဘယ်သူ့ဆီကို သွားနော်ဆိုတဲ့ လမ်းညွှန်မှုတွေနဲ့ ကြီးပျင်းခဲ့ရသလို အဲလိုအချိန်လေးတွေကိုလဲ ပျော်ရွှင်ခဲ့ပါတယ်။ အဲဒါကြောင့်လဲ သီတင်းကျွတ်ဆိုရင် အဖိုးအဖွားတွေကို ကန်တော့ရတော့မယ်ဆိုတဲ့ အသိစိတ်က အမြဲတမ်းရင်ထဲမှာ ရှိနေပါတယ်။ ကိုယ်ကကန်တော့လိုက်တဲ့အချိန်မှာ ပြုံးပြီးပြန်ကြည့်နေတဲ့ အဖိုးအဖွားတွေရဲ့ မျက်နှာကို မြင်ရတာဟာ ရင်ထဲမှာ အေးချမ်းပါတယ်။


ကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီပြီး မကန်တော့နိုင်ခဲ့တာ အခုဆိုရင် ၄ နှစ်ရှိပါပြီ။ ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ရတဲ့ ငွေနဲ့ ကန်တော့ခွင့်ရတဲ့အတွက်တော့ ပီတိဖြစ်မိပါတယ်။ ဒီနေ့လဲ ပါပါးနဲ့ မာမားဆီကို ဖုန်းလှမ်းဆက်ပြီး ကန်တော့လိုက်ပါတယ်။ ပြီးတော့ ပါပါးနဲ့မာမားအတွက် သုံးချင်ရာသုံးဖို့ဆိုပြီး ကန်တော့လိုက်ပါတယ်။ ပါပါးနဲ့ မာမားတို့အတွက် နှင်းကန်တော့တဲ့ ငွေဟာ ဘာမှမပြောပလောက်ပေမယ့် နှင်းအတွက်ကတော့ ကိုယ့်လုပ်အားနဲ့ရှာထားပြီး မိဘတွေကို အခုလို ကန်တော့ခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်။ အဲလိုပဲ နှစ်တိုင်းကန်တော့ခွင့်ရအောင် ကျန်းကျန်းမာမာနဲ့ နေပေးနေတဲ့ ဖွားဖွားကိုလဲ ကျေးဇူးတင်မိပါတယ်။


ဒီနှစ်ကတော့ တရုတ်လို လမုန့်ပွဲတော်နေ့ ဖြစ်သလို မြန်မာလို အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့နဲ့လဲ တိုက်ဆိုင်နေပါတယ်။ မြန်မာတွေက လူကြီးတွေကို ကန်တော့ကြ ဘုရားကျောင်းကန်သွားကြသလို ထိုင်ဝမ်က တရုတ်တွေကလဲ ရိုးရာကန်တော့ကြပြီး ဒီနေ့မှာတော့ အသားကင်တွေ လုပ်စားကြပါတယ်။ အရင်နှစ်တွေက မာမားရှိနေတော့ မိသားစုတွေ အသားကင်လုပ်စားဖြစ်ပေမယ့် ဒီနှစ်တော့ မာမားက မြန်မာပြည်ပြန်သွားပြီဖြစ်လို့ ဘာမှလုပ်မစားတော့ပါဘူး။

မြန်မာပြည်မှာတော့ ဒီနေ့ဆိုရင် ဘုရားတွေမှာ ဆီမီးတွေထွန်းလို့ စည်ကားနေမှာပါပဲ။ ဗျောက်ဖောက်ရင်ဖမ်းမယ် ဆိုတာတောင် အပျော်သဘောနဲ့ ကစားခဲ့ဖူးပါတယ်။ အခုတော့ အဲလိုအချိန်တွေက အမှတ်တရရှိခဲ့ဖူးတယ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ ကျန်နေခဲ့ပါပြီ။ ဒါပေမယ့် သီတင်းကျွတ်ဆိုတဲ့ စကားလေးကို တနှစ်တခါတော့ ကြားနေရဦးမှာပါပဲ။ အဲလိုပဲ ကြားတိုင်းလည်း အရင်အတိတ်ကအကြောင်းတွေကို ပြန်လည်ပြီး သတိတရရှိနေဦးမှာပါ။

မေခလာဆိုထားတဲ့ သီချင်းထဲကလိုပဲ ဒီနေ့မှာတော့ ယောင်လည်လည်နဲ့ တဦးတည်းပါပဲ။ တွဲလျှောက်ရအောင်လည်း အနားမှာမရှိပါဘူး။ အလွမ်းပြေ သီချင်းလေးပဲ နားထောင်နေမိပါတယ်။

Monday 28 September 2009

FACEBOOK နဲ့ ကျွန်မ

ဟိုတလောထဲက gmail ထဲကို သူငယ်ချင်းတွေ လှမ်းပို့နေတဲ့ facebook ဆိုတာကို သိနေခဲ့တာကြာပါပြီ။ ဒီလိုပဲ ၀က်ဆိုဒ်တွေကနေ လာဖိတ်နေကျဆိုတော့ ဖွင့်မကြည့်ပဲ ထားထားတာ တော်တော်များပါတယ်။ တနေ့ကတော့ သူငယ်ချင်းတယောက်က နှင်း ရေ facebook မှာရှိလားတဲ့ မေးလာပါတယ်။ အင် သူပြောတဲ့ဟာက ဘာများလဲပေါ့။ အွန်လိုင်းသုံးနေပြီး ကိုယ်မသိပါလား။ တော်တော်နောက်ကျနေပြီဆိုပြီး တွေးမိပါတယ်။ ဒါကလည်း တွေးမိရုံပါပဲ။ ဘယ်မှာလုပ်ရမလဲဆိုတာ ဆက်မစဉ်းစားပါဘူး။ အလုပ်ထဲရောက်တော့လဲ အတူတူလုပ်တဲ့ တရုတ်မလေးက အွန်လိုင်းမှာ အခုခေတ်စားနေတဲ့ ကစားနည်းမဆော့ဘူးလားလို့ မေးလာပြန်တယ်။ ဘာကစားနည်းမိုလို့လဲ အဲလောက်တောင်လူကြိုက်များလားပေါ့။ ကိုယ်တုံးတာလူသိပါတယ်။ ဗဟုသုတနည်းမှန်း သိသာပါတယ်။ ကိုယ့်ဟာကိုယ်တောင်ရှက်သွားတယ်။ အဲဒီမှာအပင်စိုက်တာတို့ အကောင်မွေးတာတို့ ပါတယ်။ ကစားကြည့်ပါလားတဲ့။ ထိုင်ဝမ်က သတင်းမှာတောင် ဒီအကြောင်းကို ပြောသွားသေးတယ်တဲ့။ နဲနဲတော့ စိတ်ဝင်စားသွားပါတယ်။ ဘာလို့များလူကြိုက်များနေတာလဲလို့ စဉ်းစားသွားတယ်။ ဂိမ်းဆိုရင် စိတ်မ၀င်စားလို့ ဘာကိုမှ ၀င်မဆော့ပါဘူး။ နောက်နေ့ကျတော့ ဘလော့တွေ
ဝင်ဖတ်ဖြစ်တယ်။ အဲဒီမှာလဲ ဘလော့ဂါတယောက်က သူကတော့ အားရင်facebook မှာကစားတယ်လို့ ရေးထားတာလေး တွေ့လိုက်မိတယ်။ အင်း ဒါဆိုရင်တော့ နှင်းက တော်တော်ကို နောက်ကျနေပြီ။ ဘာလဲဆိုတာသိအောင်လုပ်မယ်ဆိုပြီး facebook ထဲကိုဝင်ပြီး အကောင့်ဖောက်လို့ ၀င်ကစားလိုက်ပါတယ်။ စကစားတော့ ရောင်လည်လည်နဲ့ help ကို ခဏခဏပြေးဖတ်လိုက် ပြန်ဆော့လိုက်နဲ့ ချာချာကိုလည်နေတာပဲ။ အခုတော့ တော်တော်လေးကစားတတ်နေပြီပေါ့။ အပြင်မှာ အပင်စိုက်လို့မရတော့လဲ အွန်လိုင်းပေါ်မှာ အပင်စိုက်လိုက်ပါတယ်။ ဂိမ်းဆိုတာကို မကြိုက်တဲ့ နှင်းတယောက် အခုတော့ ညတိုင်း ဂိမ်းဆော့တတ်နေပြီ။ ကိုကိုကတောင် နောက်နေပါတယ်။ အခု ၂ ရက်မှာ ငယ်လေးဘာလုပ်နေလဲမေးရင် အပင်စိုက်နေတယ်ကြည့်ပြောလို့ အပင်ကအသီးတွေရောင်းလို့ ပိုက်ဆံရရင် သူ့ကိုချေးပါဦးတဲ့။ ဘလော့ပြီးတော့ facebook ဘက်ရောက်သွားပြန်ပြီ။ အဲဒီ ၂ ခုနဲ့တင် တညတာ အားလပ်ချိန်က ဘယ်လိုကုန်သွားမှန်းကို မသိတော့ပါဘူး။ အော် ထွင်တဲ့လူကလဲ ထွင်တတ်သလို နှင်းတို့တွေကလဲ ရူးတတ်ပါပေတယ်။

Saturday 26 September 2009

ရင်မောမိတယ်

ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသေးတဲ့အချိန်တွေရယ်
ကိုယ်မျှော်လင့်တာ ဖြစ်လာပါ့မလားလို့ မျှော်နေရတဲ့အချိန်တွေရယ်
လူတယောက်ကို စောင့်နေရတဲ့ အချိန်တွေရယ်

ဒီအချိန်တွေမှာ တကယ်ကို ရင်မောရပါတယ်။ မျှော်လင့်တကြီး စောင့်စားနေရတဲ့အချိန် စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ပြောပြရခက်ပါတယ်။ ဘာဖြစ်နေတယ်ဆိုတာ ဘာမှမသိရတဲ့ အချိန်ဆိုတော့ အတွေးပေါင်းစုံနဲ့ ရင်တခုလုံး ပူပင်နေပါတယ်။ ရင်ပူတယ်ဆိုတဲ့ ခံစားချက်က ဒါမျိုးကို ပြောတာဖြစ်မယ်။ ဘယ်သူမှမသိပဲ ကိုယ့်တယောက်ထဲဖြစ်နေတာဆိုတော့လဲ ဘာမှမလုပ်တတ်ဘူး။ သိအောင်လုပ်လို့ရရင် ဘယ်လိုပဲဖြစ်ဖြစ် လုပ်ပစ်လိုက်ချင်ပါတယ်။ အခုတော့ ဘယ်လိုမှ လုပ်မရတော့ ပိုဆိုးနေတယ်။ ကိုယ်လုပ်လိုက်မှ ရလဒ်ကဆိုးနေရင် ဘယ်လိုမှခံစားနိုင်မှာမဟုတ်လို့ပါ။ အတွေးတွေနဲ့ ချာချာလည် မျက်ရည်တွေကို အဖော်ပြုလို့ ဒီလိုပဲ မျှော်နေရပါတယ်။
စိတ်ထဲမထိန်းနိုင်လို့ လုပ်လိုက်မိတဲ့အတွက် ပြန်ရလိုက်တာက ဒေါသထွက်မှုတခုပါပဲ။ ကိုယ်တကယ်ကို မသိလို့ပါ ရင်ထဲမှာလဲ အရမ်းပူနေလို့ပါ အခုတော့ ကိုယ့်အတွက် ရလဒ်ကဆိုးပါတယ်။ နောက်ကို ကိုယ်ဆင်ဆင်ခြင်ခြင်နေပါ့မယ်။ နောင်ကို အခုလိုမဖြစ်အောင် ကိုယ်နေပါ့မယ်။ ဒါပေမယ့် တခုပါပဲ စိတ်တော့ မဆိုးလိုက်ပါနဲ့ ကိုယ်တောင်းပန်ပါတယ်။

ဟိုသွားဒီသွား

အန်တီနေတဲ့အခန်းကို အောက်ကနေလှမ်းရိုက်ထားတာပါ။
တိုက်တွေရဲ့အလယ်မှာ အခုလို အပင်လေးတွေနဲ့ ရေကန်လေးတွေရှိတယ်။




တယောထိုးနေတဲ့ ပန်းပုလို့ပဲခေါ်မလား ဘယ်လိုခေါ်မလဲတော့မသိဘူး အလှဆင်ထားတာကလည်း တမျိုးလေးခံစားမိပါတယ်။



ဒီနေရာကတော့ ဒီတိုက်တွေမှာနေတဲ့လူတွေ ရေနွေးစိမ်ပြီး ချွေးထုတ်တဲ့နေရာပါ။

စွမ်းဟိုဆေးရုံရဲ့ အ၀င်က အလှလုပ်ထားတဲ့ဟာပါ။ ဘာသင်္ကေတလဲတော့ မသိပါဘူး။

ဆေးရုံရဲ့ အဓိက ၀င်ပေါက်ပါ။ စွမ်းဟိုဆေးရုံ ဆိုပြီးဆိုင်းဘုတ်ကပ်ထားတာပါ။ ကျန်တဲ့စာတွေကတော့မသိပါဘူး။

ဟိုမှာရပ်ထားတဲ့ မီနီဘတ်စ်ကားက ဆေးရုံလာတဲ့သူတွေ အဆင်ပြေအောင် အခမဲ့ပြေးဆွဲပေးနေတာပါ။ ဆေးရုံကနေ အနီးနားက ကျင်အန်းဘူတာရုံကိုလဲသွားသလို နှင်းတို့နေတဲ့ ထူချန်ဘက်ကိုလဲ ဆွဲပါတယ်။ တခြားနေရာတွေကိုလဲ ပြေးဆွဲပေးပါတယ်။ သူ့အချိန်နဲ့သူ အချိန်မှန်ထွက်ပေးပါတယ်။ အ၀ါရောင် ကားတွေကတော့ ထိုင်ဝမ်ရဲ့ တက္ကစီကားတွေပါ။ ထိုင်ဝမ်ရဲ့ တက္ကစီတွေအားလုံးဟာ အ၀ါရောင်တွေကြည့်ပါပဲ။ တခြားခွဲထားတာ ရှိမရှိတော့ မသိပါဘူး။

ဆေးရုံရဲ့ အဓိက၀င်ပေါက်ကနေ ၀င်ဝင်ချင်းမှာ အခုလို စန္ဒရားလေးတီးပြီး သီချင်းဆိုပြနေတာကိုလဲ တွေ့ခဲ့ရပါတယ်။ အမြဲတမ်းတော့ မရှိပါဘူး။

ဆေးရုံလာတဲ့လူနာတွေ အဆင်ပြေအောင် အခုလို ၀ှီးချဲတွေကို အဆင်သင့်လုပ်ပေးထားပါတယ်။

ဒီနေ့တော့ အရင်အလုပ်ထဲက ထိုင်ဝမ်တရုတ်အမျိုးသမီး အန်တီက သူ့အိမ်ကို လာလည်ဖို့ အရင်တပတ်ထဲက ဖိတ်ထားတာရယ် အရင်အလုပ်ကလူတွေနဲ့လဲ တွေ့ရအောင်ဆိုပြီး အချိန်ပိုကို နေ့တ၀က်ပဲ ဆင်းပြီး နေ့လည်ပိုင်းမှာ သူ့အိမ်ကို သွားပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ လူတွေ တွေ့တုန်း ပျော်ပျော်ပါးပါးလေး ဖြစ်သွားအောင် မသွားခင်အလုပ်ကနေပြီးတော့ pizza hot က ပီဇာလှမ်းမှာပြီး အလုပ်ထဲကနေပဲ တန်းသွားလိုက်ပါတယ်။ သွားမယ့်နေရာက စွမ်းဟိုဆေးရုံနားမှာဆိုတော့ ဆေးရုံကိုရောက်တဲ့ အခမဲ့ကားပဲ စီးသွားလိုက်ပြီး လမ်းနဲနဲလျှောက်လိုက်တော့ သူ့အိမ်ကိုရောက်သွားပါတယ်။ အိမ်က ကွန်ဒိုဆိုတော့ ကောင်းတာပေါ့နော်။ အခန်းလေးတွေ သပ်သပ်ရပ်ရပ်နဲ့ လုံခြုံရေးအတွက်ကိုလဲ သေသေချာချာ လုပ်ထားပါတယ်။ တိုက်တွေရဲ့ အလယ်မှာလဲ လမ်းလျှောက်ပြီးအပန်းဖြေစရာ သစ်ပင်လေးတွေ ရေကန်လေးတွေနဲ့ ရှိတဲ့နေရာလေးမှာ အဆင်ပြေပြေလေး ပြုပြင်ထားပါတယ်။ အဲဒီနေရာမှာ နေတဲ့လူတွေအတွက် ရေနွေးစိမ်ကန် ချွေးထုတ်ခန်းတွေကိုလဲ တိုက်ရဲ့အောက်ထပ်မှာ သပ်သပ်လုပ်ပေးထားပါတယ်။ တိုက်ခန်းဈေးတွေလား မမေးပါနဲ့ အဲလောက်ပြည့်စုံအောင် လုပ်ထားတာဆိုတော့လဲ သိတယ်မှတ်လား ခေါင်ခိုက်နေတာပါပဲ။ သူတို့ဝယ်တုန်းကတောင် ထိုင်ဝမ်ငွေ သောင်း ၉၀၀ ကျော်တဲ့။ ဘုရားတမိသွားတယ်။ နှင်းရတဲ့လခနဲ့များ ၀ယ်မယ်ဆိုရင် ဘယ်တော့မှကို
ဝယ်နိုင်မှာမဟုတ်တော့ဘူး။ သူတို့တွေကတော့ ဒီမှာမွေး ဒီမှာကြီးပြီး ငယ်ငယ်ထဲကစုလာတာရယ် အိမ်ထောင်ဖက်ကလဲ ၀င်ငွေကောင်းတာရယ်ကြောင့် အခုလိုနေနိုင်တာပါ။ တိုက်ခန်းရဲ့ အကျယ်က နှင်းတို့နေနေတဲ့ အခန်းလောက်မကျယ်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံကလေးက ကောင်းတာရယ် အချက်ပြစနစ်တွေ သန့်ရှင်းရေးအတွက်လုပ်ထားတာတွေရယ်က ခေတ်မှီပြီး အခန်းထဲကစကားပြောနေတာကို အပြင်ဘက်က တော်ရုံမကြားရအောင် လုပ်ထားတာတွေက တော်တော်လေးကောင်းပါတယ်။ အဲဒီဝန်းထဲကို
မ၀င်ခင်အရင်ဆုံး ဧည့်ခန်းမဆောင်ကို ဖြတ်ရပါတယ်။ အဲဒီမှာ လုံခြုံရေးကလဲ အမြဲရှိနေပြီး ကိုယ်သွားမယ့်အခန်းကိုမရောက်ခင် လှေခါးထဲဝင်ဖို့ကိုလဲ သူတို့သော့ရှိမှပဲ ၀င်လို့ရပါတယ်။ တော်ရုံသူခိုးကတော့ ၀င်လို့မရတာသေချာပါတယ်။ အိမ်အသစ်ကို လာလည်စေချင်တာရယ် မတွေ့တာကြာတဲ့ မိတ်ဆွေတွေကို တွေ့စေချင်တာရယ်ကြောင့် အဲဒီအန်တီက တမင်ချိန်းပေးလိုက်တာပါ။ ဘာပဲပြောပြော ၃ နှစ်ကျော် အတူတူ တွဲလုပ်ခဲ့တဲ့သံယောဇဉ်တွေနဲ့ ပြန်တွေ့ရတော့ ၀မ်းသာမိပါတယ်။ အလုပ်ကိုယ်စီနဲ့ဆိုတော့ အခုလိုတွေ့ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။
အဲဒီကနေအပြန်မှာတော့ အိမ်ပြန်ဖို့အတွက် ကားစီးမယ်ဆိုတော့ ကားမှတ်တိုင်ကတော့ရှိတယ်။ တော်တော်လေးဝေးတယ်လို့ပြောပါတယ်။ ဒါနဲ့ ဘာစီးသွားရင်ကောင်းမလဲဆိုပြီးမေးတော့ အလာတုန်းကစီးတဲ့ စွမ်းဟိုဆေးရုံကနေဆိုရင် အိမ်ကိုရောက်တဲ့ ကားရှိတယ်လို့ ပြောပါတယ်။ အဲဒီမီနီဘတ်စ်ကားက အချိန်မှန်ထွက်တာဖြစ်ပြီး အလကားလို့သိရပါတယ်။ အင်း ဘာပဲဖြစ်ဖြစ် ပိုက်ဆံလဲမကုန်သလို အိမ်လဲတန်းရောက်မယ်ဆိုတော့ စီးတော့မစီးဖူးပေမယ့် စမ်းပြီးစီးကြည့်မယ်ဆိုပြီး စီးခဲ့ပါတယ်။ ကားမလာသေးခင် ဆေးရုံအောက်က ခန်းမဆောင်ထဲမှာ ခဏ၀င်နားရင်းက အစ်မတယောက်ရဲ့ laptop ကို အွန်လိုင်းဝင်ကြည့်ပေးရင်းနဲ့ လျှောက်လုပ်ကြည့်လိုက်သေးတယ်။ ၄ နာရီကားထွက်မှာလို့ စာရေးထားတဲ့အတိုင်းပဲ ကားက ၄ နာရီမှာရောက်လာတော့ ကားပေါ်တက်ပြီး စီးလာခဲ့ပါတယ်။ ပုံမှန်လမ်းအဖြောင့်တိုင်းဆိုရင် အိမ်ရောက်ဖို့ ၂ မှတ်တိုင်ပဲလိုပေမယ့် ဒီကားက အဲဒီနားက ရပ်ကွက်တွေထဲကို ပတ်ပြီးတော့မှ အိမ်ဘက်ကို ပြန်ပတ်ပါတယ်။ သူက အခမဲ့ကားဖြစ်သလို ဆေးရုံကိုလာချင်တဲ့သူတွေ အဆင်ပြေအောင် အခုလို ဆွဲပေးနေတာလဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တခါမှ မရောက်ဖြစ်သေးတဲ့ နေရာလေးတွေကို ကားပေါ်ကနေကြည့်ပြီး စီးလာခဲ့ပါတယ်။ အိမ်နားကမှတ်တိုင်ကို ၄ နာရီ ၃၀ မှာရောက်မယ်ဆိုတဲ့ ကြော်ငြာထားတဲ့အတိုင်း အချိန်မှန်ကိုရောက်ပါတယ်။ အင်း သူများနိုင်ငံမှာများ အခုလိုပဲဆိုပြီး တယောက်ထဲတွေးမိပါသေးတယ်။ ဒီနေ့တော့ မိတ်ဆွေတွေနဲ့လဲ တွေ့ရသလို မစီးဖူးတဲ့ကားကိုစီးပြီး မရောက်ဖြစ်တဲ့ နေရာတွေကိုလဲ ရောက်ခဲ့ပါတယ်။

Thursday 24 September 2009

လူ့အလို နတ်မလိုက်နိုင်

လူတွေရဲ့စိတ်က လိုချင်တာတွေ ဖြစ်ချင်တာတွေ တက်မက်စိတ်တွေ သိပ်ကိုများပါတယ်။ ကိုယ်ဖြစ်ချင်သလို ကိုယ်လုပ်ချင်သလို လုပ်ခွင့်ရနေရင် ကျေနပ်ပျော်ရွှင်နေတတ်ပါတယ်။ ကိုယ့်စိတ်တိုင်းကျများ ဖြစ်မလာတော့ဘူး ဆိုရင်ဖြင့် တဗျစ်တောက်တောက် ပြောလို့ကိုမပြီးနိုင်သလို စိတ်တိုကြ စိတ်ဆိုးကြနဲ့ တော်တော်ကို ကြောက်ဖို့ကောင်းပါတယ်။ နှင်းကိုယ်တိုင်ရော အင်း ဖြစ်တတ်ပါတယ်။ တခါတရံပေါ့။ ဟိုး အရင် ခပ်ငယ်ငယ်တုန်းကလိုတော့ မိဘတွေကို စိတ်ဆိုးတာ သိပ်မရှိတော့ပါဘူး။ အရင်တုန်းကတော့ ကိုယ်ဖြစ်ချင်သလို မဖြစ်ရရင် ဆန္ဒပြတတ်ပါတယ်။ အခုတော့လဲ တော်တော်လေး နားလည်ပေးနိုင်သွားပြီလို့ ကိုယ့်ကိုယ်ကို ထင်ထားတာပဲ။ နားလည်ပေးတတ်တာကလဲ တဖက်လူအတွက်လဲ ကောင်းသလို ကိုယ့်အတွက်လဲ ကောင်းပါတယ်။ တဖက်လူကို နားလည်မှုမပေးနိုင်ရင် အဲလူအပေါ် စိတ်ဆိုး ဒေါသတွေဖြစ်နေတော့ ကိုယ်တိုင်လည်း ပင်ပန်းပါတယ်။ ဒါပေမယ့် နားလည်ပေးပါတယ်ပြောပြီး တကယ်ကို နားလည်ပေးနိုင်မှ နှစ်ဖက်စလုံး စိတ်ချမ်းသာရမှာပါ။
လူဖြစ်နေသရွေ့ လူ့ပတ်ဝန်းကျင်မှာတော့ အခက်အခဲတွေ ပြဿနာတွေ ဆိုတာ ကြုံနေရမှာပါပဲ။ ကိုယ်ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ အကြောင်းတိုက်ဆိုင်ရင်တော့ တွေ့နေရမှာပါပဲ။ အဲလိုတွေ့လာတဲ့အခါ ကိုယ်ဘယ်လို လုပ်မလဲလို့ စဉ်းစားမိပါတယ်။
အခုတော့ နားညည်းတာကို မကြိုက်သလို အကြောင်းအရာတခုကို အက်ကြောင်းထပ်အောင်ပြောတတ်တာကို မနှစ်သက်ပေမယ့် အဲလိုလူတွေနဲ့ သူတို့အလိုကျနေပြီး အတူတွဲနေရပါတယ်။ တခါတလေတော့ စိတ်ညစ်ပေမယ့် အသက်ကြီးလို့ ခုလိုဖြစ်တတ်တာပါဆိုပြီး အငယ်ဖြစ်တဲ့ ကိုယ်ကပဲ နားလည်ပေးပြီး ရှောင်နေလိုက်ပါတယ်။ တခါတလေ ကိုယ်ကစတာကို စမှန်းမသိပဲ အတည်ပေါက်ကြီး ပြန်ပြောတာကိုလဲ သည်းခံရပါတယ်။ ဒါပေမယ့်လည်း ကိုယ်လဲ လူပဲလေ စိတ်လေးတော့လဲ တခါတလေ တိုတတ်တာပေါ့။ သိတယ်မှတ်လား ကိုယ်ကအငယ်ဆိုတော့လဲ တိုနေတာတွေ ပြန်သိမ်းလို့ အခန်းထဲဝင်ပြီး တံခါးပိတ်ထားလိုက်ရတယ်။ ဒါတင်ပြီးရောလားဆိုတော့ အခုလဲ အလုပ်ထဲမှာ ဘယ်လိုနေရမလဲလို့ စဉ်းစားနေရပါပြီ။ အလုပ်ထဲက ခေါင်းဆောင်က ပစ္စည်းကို မြန်မြန်ထွက်အောင် လုပ်ခိုင်းပါတယ်။ အဲ ခေါင်းဆောင်အလိုကျ လုပ်လိုက်တော့ နောက်က အဆင့်ဆင့်လုပ်နေတဲ့လူတွေက မြန်မြန်လုပ်ရလို့ ဆိုပြီး မကြိုက်ကြပြန်ဘူး။ ကဲ လူတွေအလိုကျ ဘယ်လိုများ နေမှရမလဲ မစဉ်းစားတတ်တော့ပါဘူး။ ဟိုလူပြောသလိုလုပ်တော့ ဒီလူကမကျေနပ်ပြန်ဘူး။ ဒီလူပြောသလို လုပ်မယ်ဆိုတော့လဲ ဟိုလူ့မျက်နှာကြည့်ရနဲ့ လူတွေရဲ့အလိုကို ဘယ်လိုမှ မလိုက်နိုင်တော့ပါဘူး။ သူတို့အလိုကျ လိုက်လုပ်နေမယ် ဆိုရင်လဲ ဘယ်လိုပဲလုပ်ပေးပေး အလိုကျနိုင်မှာကို မဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး နေနေတာပါပဲ။ မတတ်နိုင်တဲ့တနေ့ကျရင်တော့ အင်း................
ဒါကြောင့်များ လူ့အလို နတ်မလိုက်နိုင်ဆိုပြီး ပြောခဲ့ကြတာလားလို့ စဉ်းစားရင်း လူတွေရဲ့အလိုကို ဘယ်လိုများဖြည့်ပေးရင် အကောင်းဆုံးဖြစ်နိုင်မလဲ စဉ်းစားပြီး မနက်ဖြန်အလုပ်ထဲမှာ ဘာတွေဖြစ်မလဲ .............

Sunday 20 September 2009

တို့ မိန်းကလေးမို့ လှချင်တယ်

ဒီတပတ်တော့ အလုပ်တွေပင်ပန်းနေတဲ့ကြားကပဲ အန်တီ့ဆီကို ဖုန်းလှမ်းဆက်ပြီး sunday ကျရင် ဟွားရှင်းကျဲလာမယ် ဆိုပြီး ချိန်းလိုက်ပါတယ်။ အလုပ်တွေပိနေတော့ လူကလဲ မလန်းဆန်းပဲ စိတ်တွေလဲ ပင်ပန်းနေပါတယ်။ ဘာရယ်မဟုတ် အန်တီနဲ့တွေ့ပြီး စကားလေးဘာလေးပြော စားချင်တာလေးစားလိုက်ရင် တမျိုးဖြစ်ပြီး အလုပ်ပင်ပန်းတာတွေတော့ ခဏမေ့သွားတာအမှန်ပါပဲ။ ဖုန်းလှမ်းဆက်ပြီး ချိန်းတုန်းကတော့ မုန့်စားမယ် စကားပြောမယ်ပေါ့. အဲ ဟိုလဲရောက်သွားရော အတွေးကတမျိုးပြောင်းသွားရော။ အော် လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ကိုယ့်ဟာကို တွေးမိပါတယ်။ ဆံပင်ကလဲ နည်းနည်းရှည်လာတာရယ် မျက်စိရှေ့မှာ လာဝဲနေတာရယ်ကို ညှပ်လိုက်ရင်ကောင်းမယ်လို့ အန်တီကပြောနေတာကြာပါပြီ။ စိတ်ကလဲ အင်း ဒီနေ့တော့ ဆံပင်ညှပ်လိုက်ရင် ကောင်းမယ်ဆိုပြီး စိတ်ပြောင်းသွားပါတယ်။ ဒါနဲ့ပဲ အန်တီရေ ဆံပင်ညှပ်ဆိုင် သွားရအောင်ဆိုပြီး စားတဲ့ဆီမရောက်တော့ပဲ ဆံပင်ညှပ်ဆိုင်ရောက်သွားပါတယ်။
ဆံပင်ညှပ်ဆိုင်ဆိုတာ နှင်းအတွက်တော့ တော်တော်လေးကို အရောက်ပေါက်နဲတဲ့နေရာလို့ ပြောရမယ်။ ခပ်ငယ်ငယ် ၃ ၄ တန်းလောက်ကထဲက ဆံပင်အရှည်လေးထားခဲ့ရတယ်။ တော်ရုံတန်ရုံ အဖျားလေးတိတာလောက်ကိုတော့ မာမားကပဲ လုပ်ပေးနေတာဆိုတော့ ဆိုင်ကိုမရောက်ပါဘူး။ အဲလိုနဲ့ ဆံပင်အရှည်ထားလာလိုက်တာ ထိုင်ဝမ်မလာခင်အထိ ၂၀၀၅ အထိထားခဲ့ရတယ်။ မာမားရဲ့ အဖေ နှင်းရဲ့ ဖိုးဖိုးက ဆံပင်အရှည်ထားတာကို ကြိုက်တယ်ဆိုလို့ မြေးတွေအများကြီးထဲကမှ အတူတူနေတဲ့ နှင်းကပဲ ဖိုးဖိုး ဖွားဖွားတို့ သဘောကျ ထားပေးခဲ့ရပါတယ်။ ခပ်ငယ်ငယ်ထဲက ထားခဲ့တော့ ကိုယ်တိုင်လည်း သဘောကျလာခဲ့တယ်။ အရင်တုန်းက ပေါင်လည်ကျော်လောက်ရှည်တဲ့ဆံပင်ကို နိုင်ငံခြားထွက်မယ်ဆိုတာနဲ့ ပခုံးကျော်လေး ညှပ်ပစ်လိုက်ရတယ်။ အဲဒီတခါကတော့ ဆိုင်မှာ ဆံပင်ပြင်တဲ့ ပထမဆုံးတခါပါပဲ။ အဲလိုနဲ့
ထိုင်ဝမ်မှာ ၃ နှစ်ကျော်နေလာခဲ့တာတောင် ဆံပင်ညှပ်ဆိုင်ကို တော်တော်နဲ့မရောက်ပဲ ဆံပင်အရှည်ပြန်ထားလိုက်တာ ခါးကျော်သွားပါရော။ အလုပ်ထဲမှာလဲ ဆံပင်ရှည်လို့ လူတကာပြောပါတယ်။ အလုပ်ထဲမှာဆိုတော့ စက်တွေကြားထဲညှပ်မှာ ကြောက်ရလို့်ပါ။ အန္တရာယ် များတာကို သိပေမယ့် မာမားက ညှပ်ရင်နှမြောစရာကြီး ဆိုတဲ့စကားနဲ့ပဲ မညှပ်ဖြစ်တော့ပါဘူး။
အခုတခါ မြန်မာပြည်ကို ပြန်ရောက်သွားတော့လဲ မညှပ်ဖြစ်သေးပဲ ထားလိုက်ပါတယ်။ ထိုင်ဝမ်ပြန်သွားမယ်လို့ ဆုံးဖြတ်ပြီးတော့ မာမားဆီက ဆံပင်ညှပ်ခွင့်တောင်းပါတယ်။ ဒီတခါတော့ မာမားလဲ ခွင့်ပြုလိုက်ပါတယ်။ အရှည်ထားလာတာလဲ နှစ်တွေကြာလာပြီ တမျိုးပြောင်းလိုက်ပေါ့ ဆိုတဲ့ ခွင့်ပြုချက်နဲ့ ဆံပင်ညှပ်လိုက်ပါတယ်။ ဒါတောင် ဆိုင်ကိုအရင်မရောက်သေးပဲ ဖွားဖွားက ဆံတုလိုချင်တယ်ဆိုလို့ သူကိုယ်တိုင် နှင်းဆံပင်တွေကို ဆံတုဖြတ်ပါတယ်။ ဖွားဖွားဖြတ်လို့ ပြီးမှ ဆိုင်ရောက်သွားပြီး ပုံပြန်သွင်းရပါတယ်။ နယ်မြို့လေးကဆိုင်မှာ ပုံလဲသွင်းပြီးရော ရန်ကုန်အိမ်ရောက်တော့ အိမ်ဘေးက အန်တီက သူ့အသိဆိုင်မှာ ဆံပင်ဖြောင့်လိုက်ပါလားဆိုတာနဲ့ တခါသွားဖြောင့်လိုက်တာ ညနေထဲကသွားတာ ညမိုးချုပ်မှပဲ ပြန်ရောက်ပါတော့တယ်။ မာမားကတော့ သိပ်အမြင်မကြည်တော့ပါဘူး။ အရင်တုန်းက ဆိုင်ဆိုတာကို မရောက်ပဲ အခုလောက်လဲ အလုပ်မရှုပ်ပါဘူး။ အခုဆံပင်က တိုလာခါမှ ပိုအလုပ်ရှုပ်နေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်နေ့ လေဆိပ်ဆင်းမယ်လဲဆိုရော ညပိုင်းမှာ မာမားကို လပြည့်ဝန်းသွားမယ်ဆိုပြီး ခေါ်သွားပြီး ယောက်လမ်းထဲက အသိအန်တီကြီးဆိုင်မှာ မာမားကိုပါ ဆံပင်တိုတိုလေး ညှပ်လိုက်နော်ဆိုပြီး အတင်းညှပ်ခိုင်းလိုက်ပါတယ်။ မာမားလက်ခံလာအောင်တော့ ပြောရတာပေါ့။ အသက်ကြီးလာရင် ဆံပင်အတိုလေးထားတာပိုကောင်းပါတယ်။ ခေါင်းလျှော်လဲ မကြာသလို အအေးမိမှာလဲ မပူရဘူးပေါ့။ ဆံပင်ချည်ရတဲ့ ဒုက္ခလဲမရှိတော့ဘူးဆိုပြီး ပြောယူရပါတယ်။ အဲလိုလဲပြီးရော နှင်းလဲတခါထပ်ညှပ်လိုက်တာ ဆံပင်ကတော်တော်လေး တိုသွားပါတယ်။ ဂုတ်ဝဲလေးဖြစ်သွားပါတယ်။
အခုလဲ ထိုင်ဝမ်ပြန်ရောက်တာ ၂ လကျော်ပဲရှိသေးတယ် ဆံပင်ရှည်လာတော့ မနေတတ်တော့ပါဘူး.။ အထူသဖြင့် မျက်စိရှေ့မှာ လာကျနေတာက တော်တော်လေး နေရခက်တာပါ။ အလုပ်ထဲမှာ ပစ္စည်းကိုကြည့်နေရတဲ့အခါ ဆံပင်ကကျနေတော့ စိတ်ရှုတ်ပါတယ်။ ဒါတွေကို အကြောင်းပြချက်ထားပြီး ဆိုင်ကိုရောက်သွားပါတယ်။ အစကတော့ ညှပ်လိုက်ရင်ရပြီဆိုပြီး ၀င်သွားတာပါ။ ဆိုင်ထဲလဲရောက်ရော ဘာလုပ်မလဲ ဆိုတော့ အန်တီက တခါတည်း ဖြောင့်လိုက်ပါလား. ရောက်လက်စနဲ့ မထူးပါဘူးတဲ့။ နဂိုထဲက သိပ်ပြီးပြောစရာမလိုတဲ့လူဆိုတော့လဲ ဟုတ်ကဲ့ ဖြောင့်လိုက်မယ်ပေါ့။ အဲလို လှချင်တာလဲ မပြောပါနဲ့။ ဟော ဖြောင့်လို့ပြီးခါနီးလဲကျရော အရောင်းလေးပါ တခါတည်း ဆိုးလိုက်ပါလား။ ပုံစံတမျိုးလေး ပြောင်းသွားတာပေါ့တဲ့။ လုပ်ပြီးရင် လှသွားမှာပါဆိုတာနဲ့ အင်း ပြောင်းကြည့်လိုက်မယ်ဆိုပြီး တခါတည်း ဆေးဆိုးလိုက်ပါတယ်။ မိန်းကလေးများ လှလာမယ်လို့ ပြောလိုက်တာနဲ့ ဘာမှကိုမစဉ်းစားတော့ဘူး လုပ်မယ်ဆိုတာကြည့်ပါပဲ။ အခုလို ပုံစံကိုများ ဖိုးဖိုးတွေ့ရင် ဘယ်လောက်တောင် ရိုက်ချင်မလဲ မသိပါဘူး။ ဆံပင်နက်မှောင်နေတာကိုမှ ကြိုက်နှစ်သက်တဲ့ ဖိုးဖိုးဖွားဖွားတို့သာ မြင်ရင်တော့ နှင်း ပတ်ပြေးနေရမှာ သေချာပါတယ်။
အခုတော့ ဆုံးသွားတဲ့ ဖိုးဖိုးကိုလဲ သတိရမိသလို ကိုယ့်ဟာကို အခုလိုအလှကြိုက်လို့ ဒီနေ့ကုန်သွားတဲ့ ပိုက်ဆံကိုလည်း နှမျောနေမိပါတယ်။ ဒီနေ့တော့ တော်တော်လေး ဘတ်ဂျက် ထိခိုက်သွားပါတယ်။

Saturday 19 September 2009

မပြောပဲမနေနိုင်ပေါင်

နှင်းတယောက်ကလဲ စိတ်ထဲရှိရင် ပြောလိုက်ချင်တာ အကျင့်ဖြစ်နေတယ်။ ရင်ထဲမှာ မြိုသိပ်ထားရတာကို မခံနိုင်ပါဘူး။ မိဘတွေနဲ့လဲ ဒီလိုပဲ အမြဲပြောပြတတ်လို့ မာမားတို့မှာ တခါတလေ စိတ်ပူရတာတွေ များလာတယ်။ ဘာမဟုတ်တာကအစ ပြောပြတတ်လို့ ကလေးကျနေတာပဲလို့ အပြောခံရတယ်။ သူငယ်ချင်းတွေကိုဆိုရင်လဲ ကိုယ့်အမြင်မှာ မကောင်းဘူးလို့ ထင်နေရင်လဲ ကိုယ်နဲ့မဆီမဆိုင် ပြောတတ်သေးတယ်။ ကိုယ်မသိတဲ့လူဆိုရင်တော့ ဘာမှသိပ်မပြောပါဘူး။ ကိုယ်က ကောင်းမယ်ထင်လို့ ပြောတာကို သူကလက်မခံနိုင်ရင် နှစ်ဖက်စလုံးအတွက် မကောင်းဘူးထင်လို့ပါ။

အခုလဲ စိတ်ထဲမှာ မပြောပဲကို မနေနိုင်တော့လို့ ပြောလိုက်မိပါတယ်။ မြန်မာပြည်မှာရှိတဲ့ အွန်လိုင်းသူငယ်ချင်းတယောက်ကို အွန်လိုင်းအမြဲမသုံးဖို့ပြောလိုက်မိပါတယ်။ သူကလဲ နှင်းစိတ်ကိုသိလို့ စိတ်မဆိုးပါဘူး။ သူငယ်ချင်းက အလုပ်တဖက်နဲ့ အားတဲ့အချိန်မှာ အွန်လိုင်းလာလာသုံးတတ်ပါတယ်။ သူဘာတွေလုပ်တယ်ဆိုတာကို သူငယ်ချင်းအချင်းချင်းဆိုတော့ ပြောပြတတ်ပါတယ်။ တကယ်တော့ သူက အလုပ်ထဲမှာ ဖိအားတွေ များလာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် လာသုံးတာပါ။ ဒါပေမယ့် နှင်းအမြင်မှာတော့ စိတ်ထွက်ပေါက်လို့ မထင်ပါဘူး။ သူ့မှာ အပြင်ကသူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်ဘာပဲလုပ်ချင်ချင် လုပ်နိုင်ပါတယ်။ အွန်လိုင်းကိုလာပြီး စကားတွေပြောနေ ချက်တင်တွေ လုပ်နေတဲ့အချိန်မှာ အွန်လိုင်းသုံးခပိုက်ဆံကုန်နေတဲ့အပြင် ပြန်မရတော့မယ့် အချိန်တွေလဲ ကုန်သွားပါတယ်။ မသုံးနဲ့လို့ မပြောပါဘူး။ အွန်ုလိုင်းသုံးတတ်တဲ့သူအချင်းချင်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အွန်လိုင်းဆိုတာက သုံးနေတဲ့အချိန်မှာ ဘယ်လောက်ကြာကြာသုံးဖြစ်မယ်ဆိုတာ မသေချာပါဘူး။ တခါတလေ သုံးပြီးသွားမှ ဟယ် အချိန်တွေ အဲလောက်တောင် ကုန်သွားပြီဆိုပြီး သုံးပြီးမှ နှမျောသွားတာပါ။

နှင်းကိုယ်တိုင်လည်း မြန်မာပြည်မှာ အွန်လိုင်းစသုံးတုန်းက ဘာကိုစသုံးရမယ်မသိတော့ အားလုံးက ချက်တင်ဆိုတာရှိတယ်ဆိုပြီး သူငယ်ချင်းတွေ စရင်းနောက်ရင်းနဲ့ သူငယ်ချင်း ၃ယောက်သားစသုံးဖြစ်ခဲ့တာပါ။ မြန်မာပြည်ကနေ အခြားဆိုဒ်တွေကို ကြည့်ဖို့ဆိုတာကလည်း ကျော်တတ်ခွတတ်မှရတာဖြစ်လို့ ပုံမှန်လူတယောက်အတွက် ချက်တင်ဆိုတာကို အလွယ်တကူဝင်ရင်းကနေ စွဲသွားတတ်ပါတယ်။ ချက်တင်ကို ကြိုက်သွားပြီး အဲဒီထဲမှာ လည်နေရင်တော့ မကောင်းပါဘူး။ ဘာလဲဆိုတာ သိပြီဆိုရင် ကိုယ့်အတွက် အကျိုှးရှိမယ့်အရာတွေကို ဆက်ရှာဖွေသင့်ပါတယ်။ နှင်း အခုတခါ မြန်မာပြည်ကို ပြန်ရောက်တဲ့အချိန်မှာတော့ ၁၀ ကျော်သက်ကလေးတွေ တော်တော်များများက အွန်လိုင်းမှာ အချိန်ကုန်နေတာ တွေ့ရပါတယ်။ မိဘကပေးလိုက်တဲ့ မုန့်ဖိုးတွေက အင်တာနက်ဆိုင်မှာ ကုန်နေတာပိုများနေပါတယ်။ တချို့ဆိုရင် ကျောင်းချိန်မှာတောင် ကျောင်းမသွားနိုင်ပဲ အွန်လိုင်းမှာစကားပြောနေတဲ့အထိ ဖြစ်နေပါတယ်။
မြန်မာပြည်က အွန်လိုင်းသုံးတဲ့သူနဲ့ နိုင်ငံခြားက အွန်လိုင်းသုံးနေတဲ့သူတွေ အခြေအနေတွေက တော်တော်လေးကွာပါတယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေက အွန်လိုင်းသုံးတဲ့အချိန်ဆိုတာ သူတို့ရဲ့ တနေ့တာ လုပ်ငန်းတာဝန်တွေ ကျောင်းတာဝန်တွေ ပြီးသွားလို့ ကိုယ်ပိုင်အားလပ်ချိန်မှ သုံးကြတာပါ။ သူတို့တွေရဲ့ ပိုက်ဆံရှာတဲ့အချိန် ပညာရှာတဲ့အချိန်တွေကို မထိခိုက်ပါဘူး။ မြန်မာပြည်မှာကျတော့ နိုင်ငံခြားကလူတွေနဲ့ ချက်တင်လုပ်ဖို့အတွက် ကိုယ့်အလုပ်တွေ ကျောင်းတွေကို ပျက်ရတယ်ဆိုတော့ ကိုယ်ပဲနစ်နာတာပါ။ နိုင်ငံခြားမှာက အွန်လိုင်းကို ၁ လ လုံးကြိုက်သလောက်သုံးမှ မြန်မာငွေ ၂ သောင်း ၃ သောင်းလောက်ပဲ ကုန်တာပါ။ မြန်မာပြည်က လူတွေအနေနဲ့ ၁ နာရီကို ၃၀၀ ပဲထားဦး ကိုယ်သုံးသလောက်ပေးရမှာဆိုတော့ ပိုက်ဆံတွေက နှမျောစရာပါ။ အဲလိုတွေ ပိုက်ဆံတွေ အချိန်တွေ ကုန်သွားပြီးတော့ ကိုယ့်အတွက် ဘာများကျန်ခဲ့သလဲလို့ ပြန်စဉ်းစားသင့်တယ်။ ဗဟုသုတပဲဖြစ်ဖြစ် အတတ်ပညာပဲဖြစ်ဖြစ် တခုခုတော့ ကျန်နေသင့်ပါတယ်။ လူငယ်တယောက်အတွက် အချိန်တွေက တန်ဖိုးရှိပါတယ်။ ၁၀ ကျော်သက်အရွယ်မှာ ကြိုးစားမှုက ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ဘ၀ကို ရောက်ဖို့အတွက် အခြေခံပါပဲ။
ခေတ်တွေပြောင်းလဲလာလို့ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတာကောင်းပါတယ်။ ဒါပေမယ့် လူငယ်တော်တော်များများက ခေတ်ကို အလိုက်လွှဲနေကြပါတယ်။ အွန်လိုင်းမှာ ချက်တင်တက်မှ ခေတ်မှီတယ်လို့ ထင်ချင်လဲထင်နေကြမယ်။ တကယ်တော့ အွန်လိုင်းဆိုတာက သုံးတတ်ရင်တော့ တကယ်ကို အဖိုးတန်တဲ့ နေရာတခုပါ။ မသုံးတတ်ရင်တော့ အချိန်ကုန် ငွေကုန်ပြီး ကိုယ့်အတွက် ဘာမှမကျန်ပဲ အသက်တွေသာကြီးသွားမှာပါ။

Tuesday 15 September 2009

နိမှသောင် နောင်မှသိ

ကလေးဘ၀တုန်းက လူကြီးတွေက တခုခုပြောဆိုဆုံးမတာကို လက်မခံတဲ့အခါမှာ အေး နင်တို့ နောင်မှသိမယ်။ ဆိုပြီး ခဏခဏအပြောခံခဲ့ရတယ်။ အို ဘာများသိစရာလိုလဲ အခုလဲ သိသင့်သလောက် သိနေတာပဲလို့ ကိုယ့်ဟာကိုယ် ထင်နေခဲ့မိတယ်။ လူကြီးတွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို အရေးမစိုက်သလို တွေးနေခဲ့တယ်။ အဲလိုတွေနေလာပြီး တားမြစ်ချက်တွေကြားထဲကမှ ကိုယ်ထင်ရာလုပ်ပြီး မှားမှန်းသိတော့မှ မျက်နှာကလေးငယ်ပြီး လူကြီးတွေပြောသမျှ ခံရတော့တာပါပဲ။ အဲဒီအချိန်ကြရင်တော့ နောင်မှသိမယ်ဆိုတဲ့ စကားကို နားလည်ပြီး နောင်တတွေ ရနေတတ်ပါတယ်။
နောင်တဆိုတာမျိုးက နောင်အခါမှသိတာဖြစ်လို့ နောင်တရနေချိန်မှာတော့ အရာရာက အားလုံးဖြစ်ပြီးတဲ့အချိန် ဖြစ်နေပါပြီ။ ပစ္စည်းတခုကို ဒီလိုလုပ်လို့ ရှိရင် ပျက်တတ်တယ်လို့ ပြောနေတဲ့ကြားက လုပ်လိုက်လို့ ပျက်သွားတဲ့အခါမှာတော့ နောင်တဆိုတာနဲ့ တွေ့ရမှာပါပဲ။ အဲဒီအချိန်မှာတော့ ပစ္စည်းအပျက်ပဲ လက်ထဲရှိတော့မှာပါ။ တချို့တွေရတဲ့ နောင်တမှာ ပြန်ပြင်လို့ ရပေမယ့် တခါတလေမှာတော့ ပြင်လို့မရတော့တဲ့ အမှားမျိုးတွေနဲ့ နောင်တတွေကို ရင်မှာပိုက်ထားမိလျက်သား ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောင်တရနေတဲ့ လူတယောက် ကိုယ်မှားခဲ့မှန်းသိနေတဲ့ လူတယောက်ကိုတော့ နှင်းတို့လို ပတ်ဝန်းကျင်ကလူတွေက ပစ်ပယ်ထားတာ။ ကဲ့ရဲ့ရှုတ်ချတာ။ သူမှားခဲ့တဲ့ အားနည်းချက်ကို ထုတ်ဖော်ပြီး ပြောဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ်မှားတာကို မှားမှန်းမသိပဲ နေနေတဲ့ လူတွေထက်စာရင်တော့ အမှားကိုသိပြီး နောင်တရနေတဲ့သူက တော်တယ်လို့ ထင်ပါတယ်။
ငယ်တဲ့အရွယ်မှာ စိတ်အလိုလိုက်ပြီး မှားတတ်ကြပါတယ်။ အသက်အရွယ်ရလာလို့ အမှားသိပြီး ပြင်နေချိန်မှာ ဘေးကလူတွေက လက်တွဲခေါ်သင့်ပါတယ်။ ပြင်မရတဲ့အမှားမျိုးတွေ ဘယ်လိုပဲမှားခဲ့ပါစေ နောက်ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့သူကို အားပေးပြီး စာနာသင့်တယ်။ အမှားဆိုတာမျိုးက လူတိုင်းနဲ့ ကင်းတဲ့အရာမဟုတ်ပါဘူး။ မမှားသောရှေ့နေ မသေသောဆေးသမား ဆိုတဲ့ မြန်မာစကားပုံလဲ ရှိနေတာပါပဲ။ နှင်းကိုယ်တိုင်လည်း မိဘမျက်ရည်ကျအောင် လုပ်ဖူးတာတွေ ရှိတာပါပဲ။ မိဘက စိုးရိမ်လို့ တားမြစ်တာတွေကို ချုပ်ချယ်တယ်ထင်ပြီး နားမထောင်ခဲ့တာတွေကို အခုနေအချိန်မှာ ပြန်တွေးပြီး နောင်တရမိတယ်။ မိဘတွေကတော့ သားသမီး ဘယ်လောက်မှားမှား နားလည်ခွင့်လွှတ်ပြီး လမ်းမှန်အောင် အမြဲအားပေးနေတတ်တဲ့ သူတွေပါ။
ဘာတွေ ဘယ်လိုပဲ မှားမှား စိတ်ထဲမှာ မှားမှန်းသိပြီး အမှန်ပြင်ချင်နေတဲ့သူဆိုရင် နှင်းကတော့ လူတော်တယောက်လို့သတ်မှတ်ပါတယ်။ ပြီးတော့ ကိုယ့်မှာ အမှားလုပ်ခဲ့ဘူးတယ်ဆိုတာကို ၀န်ခံရဲတဲ့ သတ္တိကိုလဲ လေးစားပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics