Friday 29 August 2008

ဆန္ဒ္ဒ

မိုး နဲ့ မြေ ဆိုတာ မိုးကုတ်စက်ဝိုင်း တစ်နေရာမှာတော့ ထိစပ်ကြတယ်လေ.... မတူညီတဲ့ အလွှာတွေ ဖုံးနေတဲ့ ဘ၀ နှစ်ခုကရော တစ်နေရာမှထိစပ်နို်င်ပါ့မလား.......မဖြစ်နိုင်တာကို မတွေးချင်တဲ့ လူတစ်ယောက်က မင်းအတွက် တွေးနေတာကို မင်းဘယ်သိမလဲ..........သိအောင်လဲမပြောချင်သလို သိအောင်လဲ လုပ်မပြချင်တာပါ..........ကံကြမ္မာအလိုကျရယ်လို့ တွေးထားပေမယ့် ကံဆိုတာ လူကလုပ်တယ်ဆိုတာ မင်းလဲသိတာပါပဲ..............ကလေးဘ၀တုန်းက တောင်းခဲ့ဘူးတဲ့ ဖိုးလမင်းကြီးဆီက ထမင်းဆီစမ်းကို အခုလဲတောင်းနေမိတယ်ကွယ်........မရနိုင်မှန်းသိပေမယ့် မော့ကြည့်ပြီး ပြောနေရတာကိုပဲ ကျေနပ်နေမိတယ်....... ဖိုးလမင်းကြီးမကြားပေမယ့် တောင်းရတာလဲ အမောပါပဲ...........ကောင်းကင်ပေါ်မှာ ထွန်းလင်းနေတာကို မြေပြင်ကလူတွေအားလုံးတွေ့နေပေမယ့် ဖိုးလမင်းကတော့ ထမင်းဆီစမ်းတောင်းနေတဲ့ ကောင်မလေးကို ဘယ်တွေ့ပါ့မလဲ...........လမင်းကြီး ထွန်းလင်းနေတာကို ကြည့်ပြီး ပျော်နေမိသလို မင်းပျော်နေရင် ကျေနပ်နေပြီ.........လမသာတဲ့ရက်တွေ အမှောင်ထဲမှာ နေရတဲ့ဘ၀လို မင်းမပျော်ရင် စိတ်သိပ်ညစ်ရတယ်...........ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ မင်းဘ၀မှာ လိုတိုင်းတရနိုင်တယ်ဆိုတာ သိပေမယ့် မေတ္တာစစ်နဲ့ ငါ့ထက်ချစ်နိုင်မယ့်သူ ရပါစေလို့ ဆုတောင်းပေးနေပါတယ်................

အချစ်ဆိုတာ ရယူပိုင်ဆိုင်နိုင်မှ မဟုတ်ပါဘူး။ ကိုယ်ကချစ်နေဖို့က အဓိကပါပဲ..


တစ်ခုလောက်ပါပဲ

အော် ဘ နဲ့ ၀ ပဲ ပေါင်းတဲ့ ဘ၀ မိုလို့ပါပဲ။ တခြားသော စကားလုံးတွေနဲ့ပေါင်းပြီး ရှည်လျားနေရင်တော့ ဘယ်လောက်တောင် စိတ်ညစ်ရမလဲ မသိတော့ပါဘူး။ ဘ၀ ဆိုတဲ့ စကားလေး နှစ်လုံးထဲနဲ့တောင် ဒီလောက်ရှုတ်ခတ်နေတယ်။ လူရယ်လို့ ဘ၀ တစ်ခုကို ပိုင်ဆိုင်ပြီးမှတော့ လုပ်ချင်တာရော လုပ်သင့်တာရော မလုပ်ချင်တာတွေရော အကုန်လုံးကို လုပ်နေရတော့တာပါပဲ။ ပျော်ရာမှာ နေချင်ပေမယ့် မနေရတဲ့ဘ၀။ ကိုယ်လုပ်ချင်ပေမယ့် မလုပ်ရတဲ့ဘ၀။ မလုပ်ချင်တာတွေကို လုပ်နေရတဲ့ဘ၀။ ကိုယ့်ဟာကို တစ်ခါတလေ ခံစားတတ်တဲ့ လူတစ်ယောက်မှ ဟုတ်ရဲ့လားလို့ ထင်မိတယ်။

စက်ရုပ်တစ်ရုပ်လို နေ့စဉ်လှုပ်ရှားနေရတော့လဲ တစ်ခါတလေ အဝေးကြီးကို ထွက်ပြေးချင်စိတ်ပေါက်လာတယ်။ ကိုယ်စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ရမယ်ဆိုတဲ့ စိတ်တခုထဲနဲ့ ဘာခံစားချက်မှမရှိပဲ နေလာရတာ ၃ နှစ်ထဲရောက်နေပြီ။ ကြာလာတော့လဲ ကိုယ့်စိတ်တိုင်းကျလေးများ လုပ်ခွင့်ရရင် သိပ်ကောင်းမှာပဲဆိုပြီး တွေးမိပါတယ်။ တာဝန်တွေ ၀တ္တရားတွေနဲ့ ပိနေတဲ့ လူ့ဘ၀ကြီးကို ငြီးငွေ့လာပါတယ်။ သံယောဇဉ်နှောင်ဖွဲ့မှုတွေ ရှိနေတော့လဲ ဘယ်တတ်နိုင်ပါ့မလဲနော်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တာလေးတခုရရင် ကျေနပ်ပါပြီလို့ သူများတွေပြောနေတုန်းက နားမလည်ခဲ့ပါဘူး။ အခုတော့ ကိုယ်တိုင်ခံစားရမှပဲ နားလည်နိုင်တော့တယ်။ ဟုတ်ပါတယ် ကိုယ့်ဘ၀မှာ ကိုယ့်ဆန္ဒအတိုင်း ဖြစ်ချင်တာလေးတခုလောက်တော့ လိုချင်နေမိပါတယ်။

Saturday 23 August 2008

အတွေး

မကောင်းတဲ့လူ အများအပြား ၀ိုင်းပြီး ကဲ့ရဲ့ခံရမှာထက် သူတော်ကောင်းတယောက် ကဲ့ရဲ့ခံရမှာကို ပိုကြောက်ပါ။

သူတပါးကို ယုံကြည်အားကိုးရမှာထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့က ပိုအရေးကြီးတယ်။

တခုခုကဲ့ရဲ့ခံရတိုင်း ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက် ဆိုတဲ့စကားကို ဘယ်တော့မှ မမေ့နဲ့။

သူကောင်းတယ် မကောင်းဘူး ဆိုတာထက် ကိုယ်ကောင်းနေဖို့က ပိုအရေးကြီးတယ်။

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်အောင် လေ့ကျင့်ထားပါ။ စကားအဖြစ်ပဲ ရပ်မနေစေနဲ့။

ပြိုင်ဘက်ဆိုတာ ကိုယ်တိုးတက်အောင် ပြုလုပ်ကူညီပေးနေတဲ့ အကောင်းဆုံး မိတ်ဆွေပါ။

ကျေးဇူးဆိုတာ လုပ်ကျွေးဖို့မဟုတ်သလို ကျေးဇူးကန်းဖို့လဲ မဟုတ်ဘူး။ အမြဲသိတတ်နေဖို့ပဲ။ ကျေးဇူးရှင်ဆိုတာကို မမေ့ဖို့ပါ။ တလုပ်စားဖူး သူ့ကျေးဇူးဆိုတာကို ဘယ်တော့မှ မမေ့ဖို့။

အမှတ်တရပါပဲ

နှင်း ဘ၀မှာ ဒီ ၂၄ နှစ်ပြည့်မွေးနေ့လေးကတော့ အမှတ်တရပါပဲ။ အရင်မွေးနေ့တွေကဆိုရင် နှင်းတို့မိသားစုလေးထဲမှာပဲ မုန့်လုပ်စားရင်း အမှတ်တရပေးရင်းနဲ့ ကျော်လွန်ခဲ့ရတာပါ။ သူငယ်ချင်းအများကြီး မရှိတဲ့ နှင်းအတွက် သူငယ်ချင်းတွေဆီက မွေးနေ့ဆုတောင်းသံဆိုတာ မကြားခဲ့ရဘူး။ ဒါပေမယ့် ဒီနှစ်တော့ ဘလော့ဆိုတဲ့ ကမ္ဘာလေးထဲမှာ ခင်မင်တွယ်တာရတဲ့ ဘလော့ဂါညီအစ်ကို မောင်နှမတွေရဲ့ မွေးနေ့ဆုတောင်းလေးတွေအတွက် ရင်ထဲမှာ မေ့မရတဲ့ အမှတ်တရလေးတစ်ခုပါပဲ။ အဲဒီအတွက် အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ မမြင်ဘူး မတွေ့ဘူး စကားတွေမပြောဘူးပေမယ့် ရင်ထဲမှာ သံယောဇဉ်တွယ်တာနေတယ်ဆိုတာကို သိစေချင်ပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ မသိပေမယ့် အဝေးရောက်နေတဲ့ မြန်မာပြည်သားတွေ မြန်မာပြည်ကိုလွမ်းနေတဲ့ သူတွေဆိုတဲ့ အသိတခုထဲနဲ့ ခင်မင်တွယ်တာမိတာပါ။ ဘယ်လိုတွေပဲ ဖြစ်ဖြစ် နောင်လာမယ့် ၂၅ နှစ်ပြည့် မွေးနေ့မှာလဲ ဒီမောင်နှမတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းနေမိပါတယ်။
Thank You


Monday 18 August 2008

၂၄ နှစ်ပြည့် မွေးနေ့

၁၈ ၈ ၂၀၀၈

ဒီနေ့ကတော့ နှင်း ဆိုတဲ့ကောင်မလေးကို ပါပါးနဲ့မာမားက လူ့လောကကြီးထဲကို ရောက်အောင်ပို့ပေးခဲ့တာ ၂၄ နှစ်ပြည့်တဲ့နေ့ပါ။ လူ့ဘ၀ကြီးထဲမှာ ၂၄ နှစ်တာ နေထိုင်လာခဲ့ရပေမယ့် အခုထိ ကိုယ့်ကိုကိုယ် ကလေးတယောက်လို သဘောထားနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ နှင်းကို အခုလိုအရွယ်ထိ ကျွေးမွေးပြုစုပေးခဲ့တဲ့ ပါပါးနဲ့ မာမားကို အလွန်ကျေးဇူးတင်မိပါတယ်။ အခုလို မိဘနှစ်ပါးနဲ့ အဖိုးအဖွား မိသားစုတွေဆီက ချစ်ခင်မှုတွေကိုရရှိတဲ့ ဘ၀ကို ပို့ပေးခဲ့တဲ့ ကံကြမ္မာကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်ပြီး နှင်း ဆိုးသမျှ သူတို့အပေါ်မှာ အနိုင်ယူသမျှကို နားလည်ခွင့်လွှတ်ပေးခဲ့တဲ့ သိပ်ကိုချစ်ခင်တွယ်တာရတဲ့ ကျောင်းနေဘက် သူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ ၀ါဝါနဲ့ မွန်မွန်အပါအ၀င် အွန်လိုင်းပေါ်က သူငယ်ချင်းတွေ ဘလော့ဂါ ညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်။ အသက်အရွယ်တွေ ၁ နှစ်ပြီး ၁နှစ် ကြီးလာပေမယ့် အခုထိ ရင့်ကျက်မှုမရှိသေးတဲ့ နှင်း ဆိုတဲ့ကောင်မလေးကို ဆက်ပြီး ချစ်ခင်ပေးကြပါလို့ နော်.........











strawberry cream cake

�J��

အားလုံးပဲ အားပါးတရ သုံးဆောင်ကြပါနော်.............

ရက်တွေ လပြောင်း
လတွေ နှစ်ပြောင်း
တနှစ်ပြီး တနှစ်ပြောင်းခဲ့တာ
အခုဆိုရင် ၂၄ နှစ်ရှိခဲ့ပြီ

တည်ငြိမ်မှုဆိုတာမရှိ
ရင့်ကျက်မှုဆိုတာမသိ
မှားတာတွေရှိ
မှန်တာလဲရှိတဲ့
ငါ့ဘ၀အချိန် ၂၄ ဆိုတာ ကုန်ခဲ့ပြီ

နောင်တတွေကိုသိမြင်
အမှားတွေနည်းပြီး
ဆက်လျှောက်မယ့် ဘ၀လမ်းမှာ
မိဘကျေးဇူးသိတဲ့
သမီးတယောက်ဖြစ်အောင်
ငါကြိုးစားရဦးမည်...........

Sunday 17 August 2008

လက်ခုပ်ထဲက ရေ

လူတစ်ယောက်က
ကိုယ့်ကို ငိုအောင် ရယ်အောင်
လုပ်နိုင်ရင် သူ့လက်ခုပ်ထဲကရေတဲ့
ဒါဆို ကျွန်မက လက်ခုပ်ထဲကရေပေါ့နော်။

သိပ်ချစ်လွန်းလို့ ဆိုးခဲ့မိတာ
နားလည်မပေးတဲ့ ချစ်သူလို့တော့
မပြောလိုက်ပါနဲ့နော်

မျက်နှာတစ်ချက်ပျက်ရင်
နေစရာမရှိအောင် ဖြစ်နေတယ်ဆိုတာ
မသိလို့လား
မသိချင်တာလားကွယ်

တစ်ခုခုပြောလိုက်ရင်
မျက်ရည်ပဲကျတတ်တယ် လို့
ထင်မှာပဲနော်
ပြောလိုက်ရင် မုန်းသွားမှာစိုးလို့
ကျွန်မမှာ ဘာမှမပြောနိုင်တာပါ

ကျွန်မအကြောက်ဆုံးက
စိတ်ဆိုးမှာကိုဆိုတာ
မသိချင်ယောင်ဆောင်နေတာလား

အချိန်ပြည့် အနားမှာ နေချင်တဲ့ ကျွန်မ
ဒါတွေဟာ နှောင့်ယှက်မှုတွေ
စိတ်ညစ်စရာတွေ ဖြစ်နေပြီလား

သိပ်ချစ်လို့ပါလို့ ပြောမိတဲ့ ကျွန်မစကားကို
နားလည်မှုမရှိပဲ အလကားပြောနေတာလို့
်သတ်မှတ်ထားလား

ကျွန်မ အတ္တကြီးပါတယ်
ဖြစ်နိုင်ရင်လေ ကျွန်မလည်ပင်းမှာ
ဆွဲထားချင်တာပါ

ဘယ်သူတွေ ဘာပြောပြော
ဂရုမစိုက်ပဲ ချစ်ခဲ့တာပါ
မသိချင်ဘူးဆိုရင်လည်း
မသိချင်ယောင်သာ ဆောင်နေလိုက်ပါ

ချစ်နေရရင်ပဲ ကျေနပ်နေနေပါပြီ
မညာပါဘူး
မရှက် မကြောက်ပဲ ပြောပါရစေ
ကျွန်မလေ သိပ်ချစ်တယ်....................


Saturday 16 August 2008

မေတ္တာနဲ့လုပ်သမျှ အနှစ်ပါတဲ့ အထုပ်အလှတွေချည်းပါပဲ

ဘယ်အသက်မွေးဝမ်းကျောင်း
အလုပ်ပဲလုပ်လုပ်
“အရည်အသွေးကောင်းဖို့အဓိက”
ဆိုတဲ့စိတ်ဓာတ်နဲ့
ိကိုယ့်အမြတ်အစွန်းကို
အဓိကမထားဘဲ
အားပေးသူရဲ့စိတ်ကျေနပ်မှုကို
အဓိကထားမယ်ဆိုရင်
လုပ်ငန်းသဘောအရ
မလွှဲသာမရှောင်သာ
တန်ရာတန်ကြေးယူရပေမယ့်
မေတ္တာစေတနာတွေ
အခမဲ့ ပေးနေတာဖြစ်လို့
ပရဟိတအလုပ် လုပ်နေတာပါပဲ။
ကိုယ့်ရဲ့
အတ္တဟိတအလုပ်ကို လုပ်ရင်း
မေတ္တာစေတနာကြောင့်
အလိုအလျောက် ပရဟိတဖြစ်သွားတာမို့
အဲဒီလိုမျိုးပရဟိတကို
“အလိုအလျောက် ပရဟိတ”
လို့ခေါ်ပါတယ်။
အရှင်ဆန္ဒာဓိက


အရှင်ဆန္ဒာဓိက ရေးထားတဲ့ ဒီစာလေးကို ဖတ်ပြီးတော့ အလုပ်လုပ်နေတဲ့နေရာမှာလဲ ပရဟိတအလုပ်ကို လုပ်လို့ရတယ်ဆိုတာသိလိုက်ရတယ်။ ကိုယ့်ပစ္စည်းကို အသုံးပြုမယ့်လူအတွက် အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ စိတ်ကလေးထားပြီးလုပ်လိုက်တာဟာလဲ ပရဟိတစိတ်ဆိုတော့ လူတိုင်းပရဟိတအလုပ်ကို နေ့တိုင်းလိုလို လုပ်နိုင်မယ်လို့ ထင်မိတယ်။ အလုပ်ဆိုတာက အမြဲလုပ်နေတာပါပဲ။ လူတိုင်းလဲ လုပ်နေကြတာပါပဲ။ အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကလေး ထပ်ပေါင်းထည့်လိုက်တာနဲ့ ပရဟိတအလုပ်ကို လုပ်နိုင်မယ်ဆိုတော့ နှင်း တို့လို အလုပ်နေ့တိုင်းလုပ်နေတဲ့ လူတယောက်အတွက် အလွန်အကျိုးရှိပါတယ်။ သူများတွေလို ဒုက္ခရောက်နေတဲ့ လူတွေဆီကို သွားပြီးလဲမကူညီနိုင် တခြားပရဟိတအလုပ်တွေ လုပ်ဖို့ကျတော့လဲ ဘ၀အတွက် ရုန်းကန်နေရတဲ့အတွက် မလုပ်နိုင်တဲ့အခါ အခုလိုလေး စိတ်ထားပြီးလုပ်တာနဲ့ ပရဟိတကို လုပ်နိုင်တယ်ဆိုတာသိရတော့ ၀မ်းသာမိတယ်။ စိတ်ကလေးတခု ထားတတ်ရုံနဲ့ ကောင်းမှုတခုကို လုပ်နိုင်တယ်ဆိုတော့ လူရဲ့စိတ်က ထားတတ်ဖို့ အလွန်အရေးကြီးပါလားနော်။

Thursday 14 August 2008

ဖုန်းလေးပျက်သွားပြီ :(

သံယောဇဉ်ဆိုတာကလည်း လူတွေအချင်းချင်းမှ တွယ်တာတတ်တာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ ပစ္စည်းတွေအပေါ်မှာလဲ တွယ်တာမိပါတယ်။ ကိုယ်သုံးနေကျ ပစ္စည်းလေး တဦးတယောက်ကို ပေးလိုက်လို့မရှိတော့ရင် ဒါမှမဟုတ် ပျက်သွားရင် စိတ်ထဲမှာ တမျိုးဖြစ်လာပါတယ်။ ငါ့ပစ္စည်းလေး ပျက်သွားပြီ ငါ့ပစ္စည်းလေးတော့ မရှိတော့ဘူး ဆိုပြီး စိတ်မကောင်းဖြစ်ပါတယ်။ အခုလည်း နှင်း ထိုင်ဝမ်ရောက်ကတည်းက ကိုယ်နဲ့မကွာ အမြဲဆောင်ထားခဲ့တဲ့ ဟန်းဖုန်းလေး ပျက်သွားပါတယ်။ နေ့လည်ခင်း အလုပ်ထဲမှာ ဖွင့်ကြည့်နေတုန်းက အကောင်းကြီး ရှိနေသေးတဲ့ ဖုန်းလေး အိမ်ပြန်ရောက်ပြီး ညကျလို့ ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ဘယ်လိုမှ ဖွင့်မရတော့ပါဘူး။ ပါဝါလဲ မလာတော့ပဲ ဘာဖြစ်မှန်းမသိပဲ ပျက်သွားပါတယ်။ စိတ်ထဲမှာ တမျိုးဖြစ်သွားပါတယ်။ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး အိမ်ရှိလူကုန် လိုက်မေးပါတယ်။ စမ်းကြည့်ခိုင်းပါတယ်။ အားလုံးက ပျက်သွားပြီ မရတော့ဘူး အသစ်ပဲဝယ်လိုက်ပါတော့လို့ ပြောလိုက်တဲ့အခါမှာတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုအချိန်နဲ့ ကြည့်မယ်ဆိုရင် နှင်းဖုန်းလေးက မော်ဒယ်အောက်နေပါပြီ။ ဒါပေမယ့်လည်း ကိုယ်နဲ့အတူ နေလာတာကြာနေတော့လဲ ပစ္စည်းအပေါ် သံယောဇဉ်တွယ်မိပါတယ်။ ဖုန်းလဲဖို့ အိမ်ကလူတွေ ဘယ်လောက်ပြောပြော ဆက်လို့ရသေးတာပဲ မလဲပါဘူးဆိုပြီး ဒီဖုန်းလေးကိုပဲ ကိုင်ထားခဲ့တာပါ။ အခုတော့ ကိုယ့်ပစ္စည်းလေးကို ကိုယ်နဲ့အတူ မထားနိုင်တော့ပါဘူး။ အင်း ဒါတောင် စိတ်ကမလျှော့ဘူး။ ပြင်လို့ရရင် ပြင်ပေးပါလား ဆိုပြီး ထပ်ပြောပါသေးတယ်။ အားလုံးက တော်ပါပြီ လဲလိုက်ပါတော့ဆိုလို့ သူ့ကို နှင်းအနားကနေ ခွဲထုတ်လိုက်ရတော့မယ်။ ဖုန်းလေးကို ကိုင်ကြည့်ပြီး နှမြောနေမိပါတယ်။ ပစ္စည်းပဲ ကြာရင်ပျက်မယ်ဆိုတာ သိပါတယ်။ ဒါပမယ့် သံယောဇဉ်ကြီးတတ်တဲ့ နှင်းအတွက်တော့ ဖုန်းလေးက တန်ဖိုးရှိပါတယ်။ မိတ်ဆွေတစ်ယောက်လိုပါပဲ။ နှင်း အတွက်အရေးကြီးတဲ့ ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာရယ် အရုပ်တွေရယ် ပြီးတော့ ဒီဖုန်းလေးရယ်က နှင်း ထိုင်ဝမ်ရောက်ကတည်းက အဖော်လုပ်ပေးခဲ့တဲ့ အရာတွေ ဖြစ်နေတာကြောင့် ပိုနှမြောမိတာပါ။ အသုံးပြုလို့မရတော့ပေမယ့် နှင်းအတွက် အမှတ်တရအဖြစ် ဆက်လက် သိမ်းထားဦးမှာပါ။


Monday 11 August 2008

အလိမ်မခံရအောင်

အလိမ်ခံရဘူးလား လို့ မေးရင် လူတိုင်းအလိမ်ခံရဘူးမှာပါ။ အလိမ်မခံရတဲ့လူဆိုတာ မရှိသလောက်ရှားပါတယ်။ အနည်းနဲ့အများတော့ အလိမ်ခံကြရတာပါပဲ။ ကလေးအရွယ်ကစပြီး လူကြီးအဆုံး တခါတလေတော့ လိမ်ပြောကြတာပါပဲ။ ဒါပေမယ့် တချို့က လူတယောက် စိတ်ချမ်းသာဖို့အတွက် လိမ်ပြောရတာဖြစ်ပြီး လူတချို့ရဲ့ လိမ်ညာမှုကြတော့ လူတယောက်ရဲ့ဘ၀ကို ပျက်သွားစေပါတယ်။ တတ်နိုင်ရင်တော့ အလိမ်အညာစကားတွေကို မပြောရင် အကောင်းဆုံးပါပဲ။ ဘာရယ်မဟုတ် အမှန်အတိုင်း ပြောလဲ ရတဲ့တချို့စကားတွေကို လိမ်ပြောလိုက်ရင် နောက်ပိုင်း လိမ်ပြောဖို့ကို ၀န်မလေးတော့ပဲ အလွယ်တကူု လိမ်ပြောတဲ့ အကျင့် ဖြစ်သွားရင် မကောင်းပါဘူး။ တခါတလေပဲလေ ဘာမှမဖြစ်ပါဘူးလို့တွေးရင်လဲရပါတယ်။ ဒါပေမယ့် တခါတလေတွေ များလာတော့ ကိုယ့်ကို လူများက မယုံကြည်တော့ပါဘူး။ ကိုယ်ကအမှန်ပြောရင်တောင် လိမ်ညာပြီးပြောနေတယ်လို့ပဲ ထင်နေမှာပါ။ ကိုယ်ကအလေးအနက် အမှန်ပြောနေလဲ ကိုယ့်စကားကို တန်ဖိုးမထားပဲ လာလိမ်ပြောနေတယ်လို့ သတ်မှတ်တဲ့အခါကျမှ စိတ်မကောင်းဖြစ်နေရမှာပါ။ သူများတကာကို ဘယ်လိုပဲလိမ်ပြောနေပါစေ ကိုယ့်ရဲ့စိတ်ကိုတော့ လိမ်လို့မရပါဘူး။ သူများကိုလိမ်ပြောလို့ တဖက်လူက ယုံကြည်သွားပေမယ့် ဒါဟာအမှန်တရားမဟုတ်ဘူးဆိုတာ ကိုယ့်ရဲ့စိတ်က သိနေတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်မလုံ ဖြစ်နေမှာပါ။

နှင်း တို့လဲ တခါတလေ လိမ်ပြောတတ်ပါတယ်။ ဥပမာ မာမားက ဒီနေရာကိုတော့ မသွားနဲ့လို့ တားမြစ်တာကို ကိုယ်ကခိုးသွားလိုက်ပြီးပြီ။ မိဘမေးတော့ မသွားပါဘူးပေါ့။ အဲ ကိုယ်သွားခဲ့တာကို မိဘကသိတော့မှ ကိုယ့်ကိုဆူရုံတင်မဟုတ်တော့ပါဘူး. ကိုယ့်အပေါ်မှာထားတဲ့ သူတို့ရဲ့ ယုံကြည်မှုပါ ပျက်စီးသွားပါတယ်။ ယုံကြည်မှုတခုရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် အလွယ်တကူလိမ်ပြောလိုက်တဲ့ စကားလေးတခွန်းက မိမိအပေါ်ထားတဲ့ ယုံကြည်မှုတွေကို ပျက်စီးသွားစေပါတယ်။ တခါတလေ လိမ်ပြောလိုက်တာကနေ ဘ၀တခုလုံးကိုပါ ထိခိုက်နိုင်တယ်။ မိဘသိမှာစိုးလို့ မိဘဆူမှာစိုးလို့ လိမ်ပြောတတ်ကြတယ်။ ကိုယ်ကဘာမှမဖြစ်လောက်ပါဘူးဆိုပြီး လိမ်ပြောလိုက်တာကနေ ကြီးမားတဲ့ပြဿနာ ဖြစ်သွားရင် ဒုက္ခပိုများပါတယ်။ လိမ်ပြောတယ်ဆိုတာကို ဘုရားကလဲ တားမြစ်ထားပါတယ်။ တကယ်တော့ လိမ်ပြောတာဟာ ကိုယ်တိုင်တင်မဟုတ် အလိမ်ခံရတဲ့သူအတွက်ပါ မကောင်းပါဘူး။

လူတွေက ကိုယ်အလိမ်ခံရမှာကို အလွန်ကြောက်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကသူများကို လိမ်ပြောဖို့ကြတော့ မကြောက်ကြပါဘူး။

အပြင်မှာဖြစ်စေ အွန်လိုင်းမှာဖြစ်စေ အလိမ်အညာတွေက ရှိနေတာပါပဲ။ ဒါပေမယ့် လူအများစုကတော့ အွန်လိုင်းမှာ ပိုပြီးအလိမ်အညာတွေများတယ်လို့ ပြောကြပါတယ်။ အင်း သူတို့ပြောသလိုလဲ ဖြစ်နိုင်ပါတယ်။ အွန်လိုင်းမှာက ကိုယ့်ပြောပြတဲ့ အကြောင်းကိုပဲ တဖက်လူက သိရတဲ့အခါ ကိုယ့်အကြောင်းကို ကိုယ့်စိတ်ကြိုက် ပြောလို့ရနေတယ်။ လိုက်ပြီးစုံစမ်းဖို့ဆိုတာကလဲ မလွယ်ကူပါဘူး။ ပြောသမျှကို အမှန်ကြည့်တွက်မိရင်တော့ သွားပြီပေါ့။ နှင်း ကိုယ်တိုင်လဲ လူတချို့ကို ယုံကြည်ခဲ့ဘူးပါတယ်။ အဲလိုယုံကြည်ခဲ့လို့လဲ ဘ၀မှာ သင်ခန်းစာအသစ်တွေ ရခဲ့ဘူးတယ်။ ကိုယ်ညံ့တယ်လို့ပဲ ပြောရမှာပါ။ လူတစ်ယောက်မှာ ယုံကြည်လွယ်ရင်မကောင်းပါဘူး။ သံသယဆိုတာ မထားသင့်ဘူးလို့ပြောပေမယ့် ဝေဖန်စဉ်းစားဖို့တော့ လိုပါတယ်။ ကိုယ်တိုင်ဝေဖန်စဉ်းစားမှု မလုပ်ခဲ့လို့ အလိမ်ခံရတာမို့ လိမ်တဲ့သူအပြစ်တော့ မဟုတ်ပါဘူး။ တစ်ခါလိမ်တာ သူ့အပြစ် နှစ်ခါအလိမ်ခံရတာကတော့ ကိုယ့်အပြစ်ဖြစ်သွားတယ်လို့ နှင်းမိဘတွေက အမြဲပြောပါတယ်။ အင်း နောက်တခါ ထပ်ပြီး ကိုယ့်အပြစ်မဖြစ်အောင် ဆင်ခြင်ရတော့မှာပါ။

နှင်းကိုယ်တိုင်လဲ သူငယ်ချင်းတွေကို ဘာရယ်မဟုတ် ပြီးပြီးရော လိမ်ပြောမိတဲ့အခါ သူတို့ကတော့ မသိပေမယ့် ကိုယ့်စိတ်ထဲမှာသိနေတော့ ဘယ်လိုမှ နေလို့မရပါဘူး။ ကိုယ့်စိတ်ကို မလုံပါဘူး။ နောက်ဆုံး သူတို့ကို အမှန်အတိုင်း ပြောလိုက်မှ စိတ်ထဲပေါ့သွားပါတယ်။ အသက်တွေကြီးလာပြီး ဒီနေ့အချိန်မှာတော့ တတ်နိုင်သမျှ အလိမ်အညာကင်းအောင် သတိထားနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်အလိမ်မခံချင်တော့ပါဘူး။ သူများအလိမ်ခံရမှာကို ကြောက်လာလို့ပါ။ နောက်တခုကတော့ ၀ဋ်လည်တယ်ဆိုတာကို တကယ်ပဲ ယုံကြည်လို့ပါ။ ကိုယ်ကသူများကို လိမ်ပြောလိုက်ရင် ကိုယ့်ကိုလဲ လိမ်ပြောမယ့်သူ ပေါ်လာမယ်ဆိုတာကို ယုံကြည်လို့ပါ။ ကိုယ်မကောင်းတာလုပ်ရင် အဲဒီမကောင်းတဲ့အပြစ်ကို ကိုယ်ပြန်ခံရမယ်ဆိုတာကို ယုံကြည်တယ်။ ကံ ကံဧ။် အကျိုးကို နှင်းကတော့ ယုံကြည်မိပါတယ်။ ကိုယ်တွေ့တွေလဲ ဖြစ်ခဲ့ဘူးတဲ့အတွက် အခုလို ယုံကြည်မိတာပါ။


Tuesday 5 August 2008

နားမလည်တော့ သံသယတွေဝင်

နိုင်ငံခြားမှာ လာနေတဲ့လူတွေအတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ပထမဆုံး အခက်အခဲကတော့ ဘာသာစကားပါပဲ။ ကိုယ်နေတဲ့ နိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ရင်တော့ အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကိုယ်နေတဲ့နိုင်ငံရဲ့ စာမတတ်ရင် နဲနဲတော်သေးပေမယ့် စကားပါမပြောတတ်ရင်တော့ အလုပ်ထဲမှာရော အခြားနေရာတွေမှာပါ အလွန်စိတ်ညစ်ရပါတယ်။ ကိုယ်ကသူတို့စကားကို နားမလည် သူတို့ကလည်း ကိုယ့်စကားကိုနားမလည်။ တယောက်နဲ့တယောက် အကြောင်းအရာတခုကို ပြောတော့မယ်ဆိုရင် သူနားလည်အောင် ဘယ်လိုများပြောရမလဲလို့ အရင်စဉ်းစားရပါတယ်။ ကိုယ့်ကိုမေးလိုက်လို့ ကိုယ်နားမလည်တော့ရင် မေးလာတဲ့လူလည်း စိတ်ညစ်ရပါတယ်။ အလုပ်ထဲမှာ ကိုယ့်လူမျိုးအချင်းချင်း စကားပြောတဲ့အခါ ကိုယ့်ဘာသာစကားနဲ့ပဲ ပြောမိကြပါတယ်။ ဒီအခါမှာတော့ တခြားလူတွေအထင်မှာ သူတို့မကောင်းကြောင်းများ ပြောနေတာလား။ ဘာတွေများပြောနေတာလဲ ဆိုပြီး အတွေးလွန်သွားတတ်ပါတယ်။

နှင်းအလုပ်ထဲမှာလဲ အဲဒီပြဿနာအမြဲဖြစ်ပါတယ်။ နှင်းတို့အလုပ်ထဲမှာက မြန်မာကတ၀က် ထိုင်ဝမ်တွေက တ၀က်လောက်ရှိပါတယ်။ နှင်းတို့တွေ စကားပြောတဲ့အခါ ကိုယ့်မြန်မာအချင်းချင်း မြန်မာလိုပဲပြောကြပါတယ်။ အလုပ်ကိစ္စကအစ မြန်မာလိုပဲပြောကြပါတယ်။ ထိုင်ဝမ်တွေနဲ့ စကားပြောတဲ့အခါမှသာ တရုတ်လိုပြောပါတယ်။ မြန်မာအချင်းချင်း အလုပ်တွဲလုပ်ရတဲ့အခါ ဘာရယ်မဟုတ်ဘူး စကားပြောရင်း ရယ်ကြ စကြနဲ့ပေါ့။ ဒီအခါမှာ ထိုင်ဝမ်တွေစိတ်ထဲမှာ သူတို့အကြောင်းပြောပြီး ရယ်နေတယ်။ သူတို့ကို လှောင်နေတယ်လို့ ထင်ကြပါတယ်။ နှင်းတို့တွေက မဟုတ်ပါဘူး လို့ဘယ်လိုပဲပြောပြော သူတို့စိတ်ထဲမှာတော့ သံသယတွေ ရှိနေကြပါတယ်။ အလုပ်ကိစ္စဖြစ်စေ တခြားအကြောင်းတစ်ခုခု ဖြစ်စေ သူတို့တွေနဲ့ပြောပြီးလို့ ကိုယ့်မြန်မာအချင်းချင်း ပြောလိုက်ရင် မယုံသင်္ကာမျက်လုံးတွေနဲ့ လှမ်းကြည့်တတ်ပါတယ်။ တခါတလေ တခြားမြန်မာတွေ စကားပြောနေတာကို သိချင်ရင် အနားကမြန်မာတယောက်ကို သူတို့ဘာပြောနေတာလဲဆိုပြီးမေးတတ်ပါတယ်။ ဘာလို့မေးလဲဆိုတော့ အဲဒီလူတွေ သူတို့အကြောင်းကို ပြောနေတယ်ထင်ပြီး မေးတာပါ။ အမှန်တော့ ကိုယ့်ဟာကိုယ် ပြောနေပေမယ့်လည်း ဘာသာစကားတွေ နားမလည်တော့ တယောက်နဲ့တယောက် သံသယတွေ ဖြစ်နေကြတာပါ။ နှင်းတို့အလုပ်မှာ မြန်မာလိုအပြောများလာတော့ အခုဆိုရင် အတတ်နိုင်ဆုံး တရုတ်လိုပြောရမယ်ဆိုပြီး ပြောပါတယ်။ ထိုင်ဝမ်မှာ လာနေတာဖြစ်တဲ့အတွက် ထိုင်ဝမ်မှာပြောတဲ့အတိုင်း တရုတ်စကားကို ပြောရမှာပေါ့တဲ့။ သူတို့တွေပြောတော့လဲ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေကလဲ မပြောတတ်တာရော မှားမှာကြောက်ပြီး မပြောရဲတာရောဆိုတော့ တရုတ်လိုအပြောနည်းသွားတာပါ။
နှင်း တို့တွေကလဲ တရုတ်လို မကျွမ်းကျင် သူတို့ကလဲ မြန်မာလိုမသိ အဲဒီမှာ ကသိကအောင့်တွေ ဖြစ်ကြတာပါပဲ။ အလုပ်အကြောင်းပြောတဲ့အခါ တခါကနေ နှစ်ခါ ပြောလို့နားမလည်ရင် သူတို့တွေကလဲ စိတ်မရှည်တော့ပါဘူး။ ကိုယ်ကလည်းသေချာနားမလည်ဆိုတော့ တခါတလေ ငိုချင်မိပါတယ်။ ကိုယ်သွားမယ့် နိုင်ငံရဲ့ ဘာသာစကားကို မလေ့လာမိတဲ့အတွက် အခုမှ နောင်တရမိပါတယ်။

နိုင်ငံတခုမှာ ကိုယ်အခြေချနေထိုင်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ အဲဒီနိုင်ငံရဲ့ ဘာသာစကား စာပေကို အရင်လေ့လာ သင်ကြားသင့်ပါတယ်။ ကိုယ့်ဘ၀အတွက် ဒါတွေကို အသုံးချပြီး ဘ၀ကိုရပ်တည်သွားရမှာ ဖြစ်တဲ့အတွက် မလုပ်မဖြစ် လုပ်ရတော့မယ်။ အဲလိုမှမဟုတ်ပဲ စကားလဲမကျွမ်းကျင် စာလဲမတတ်ဆိုရင်တော့ ရေရှည်ရပ်တည်ဖို့ တော်တော်ခက်ခဲပါတယ်။ ထိုင်ဝမ်မှာ စကားလဲတတ် စာလဲတတ်ရင် ၀င်ငွေကောင်းတဲ့အလုပ်ရသလို စကားပြောတတ်မှ တချို့အလုပ်ရုံတွေက ခေါ်ချင်ပါတယ်။ ပြောသာပြောရတယ် နှင်းလဲ တရုတ်လိုပြောတတ်ဖို့ တော်တော်လေ့လာရဦးမယ်။

Sunday 3 August 2008

နာမည်ထွက်ချင်လို့

ရွာတစ်ရွာမှာ ဦးသာဒွန်းနဲ့ ဒေါ်ပုဆိုတဲ့ သူဌေးလင်မယားနှစ်ယောက်ရှိတယ်။ ဒါပေမယ့် လူတွေအားလုံးက သူဌေးကြီး ဦးသာဒွန်းလို့ မခေါ်ကြပဲ သူဌေးမကြီး ဒေါ်ပုရဲ့ ယောကျာင်္းဆိုပြီး ခေါ်ကြတယ်။ ဒီအခါမှာ ဦးသာဒွန်းက စိတ်ထဲမှာ မကျေနပ်ပါဘူး။ စီးပွားရေးတွေကျတော့ နှစ်ယောက်အတူတူကြိုးစားလုပ်ကိုင်ခဲ့ရပြီးမှ နာမည်ကြီးတော့ မိန်းမဖြစ်သူက သူဌေးမကြီးဒေါ်ပု ဆိုပြီး နာမည်ကြီးနေတယ်။ ရွာမှာရှိတဲ့ အလှူပွဲ မင်္ဂလာပွဲတွေက ဖိတ်စာပို့ရင်လဲ သူဌေးမကြီး ဒေါ်ပုနှင့် ခင်ပွန်း ဆိုပြီးဖိတ်တော့ ဦးသာဒွန်းရဲ့နာမည်က တစ်ခါမှကို မပါပါဘူး။ ဦးသာဒွန်းရဲ့ အတွေးထဲမှာ သူဟာမိန်းမရဲ့ လောင်းရိပ်အောက်မှာ မိနေတော့ သူ့နာမည်ထွက်ဖို့ လုပ်ရမယ်ဆိုပြီး တွေးမိပါတယ်။ တစ်နေ့တော့ အလှူတစ်ခု သွားဖို့ကြုံလာတဲ့အခါ သူနာမည်ကြီးအောင်လုပ်မယ်ဆိုတဲ့ အတွေးအတိုင်း အလွန်ကိုလှပတဲ့ မြင်းဖြူကြီးကို စီးပြီးအိမ်ကထွက်လာပါတယ်။ မြင်းစီးပြီးထွက်လာတဲ့အချိန်မှာ ဦးသာဒွန်းစိတ်ထဲမှာ တွေးနေတာက သူ့ကိုဒီပုံအတိုင်းသာ လူတွေမြင်ရင် သူဌေးကြီးဦးသာဒွန်း မြင်ဖြူကြီးစီးပြီးလာတယ်လို့ လူတွေက ပြောမှာပဲဆိုပြီး တွေးလာပါတယ်။ တကယ်တမ်း အလှူကိုလဲရောက်ရော သူဌေးမကြီး ဒေါ်ပုယောကျာင်္း မြင်းဖြူကြီးစီးလာတယ်လို့ပဲ ပြောကြပါတယ်။ အဲဒီအခါမှာတော့ ဦးသာဒွန်းတစ်ယောက် စိတ်ညစ်သွားရပါတယ်။ ဒါပေမယ့် လက်မလျှော့ပဲ နောက်တစ်ခါ ကြိုးစားပါတယ်။

ဒီတစ်ခါတော့ ရွာထိပ်မှာ ဇရပ်အကြီးကြီးတစ်ဆောင်ဆောက်ပြီး သူဌးကြီး ဦးသာဒွန်းဆိုတဲ့နာမည်ကို အကြီးကြီးရေးပြီး ဒေါ်ပုဆိုတဲ့နာမည်ကို သေးသေးလေးပဲ ရေးထားပါတယ်။ ဒီဇရပ်ကိုတော့ သူဌေးကြီးဦးသာဒွန်းရဲ့ဇရပ်လို့ ခေါ်မှာပဲဆိုပြီးတွေးနေပြန်တယ်။ ဒါနဲ့ ဘယ်လိုခေါ်မလဲဆိုတာ သိချင်တော့ ခရီးသွားတစ်ဦးပုံ အယောင်ဆောင်ပြီး ခရီးသွားအဖွဲနဲ့ ရောလိုက်လာပါတယ်။ ညနေစောင်းလာတော့ ခရီးသွားဖော်တွေကို မေးပါတယ်။ ညကျရင် ဘယ်နေရာမှာများ တည်းခိုလို့ရနိုင်မလဲမေးတော့ ခရီးသွားတစ်ဦးက ခင်ဗျားတော်တော်ညံ့တာပဲ ရှေ့နားမှာ သူဌေးမကြီးဒေါ်ပုလှူထားတဲ့ ဇရပ်ရှိတယ်လေလို့ ပြောလိုက်ပါတယ်။ ဒီတစ်ခါမှာလဲ ဦးသာဒွန်းတစ်ယောက် ဒီမိန်းမရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်သေးဘူးဆိုပြီး စိတ်ညစ်နေပါတယ်။

ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး ဘုန်းကြီးဝတ်လိုက်ပါတယ်။ ဦးဇင်းဦးသာဒွန်း ရွာထဲကို ဆွမ်းခံကြွတဲ့အခါကျတော့လဲ လူတွေက သူဌေးမကြီးဒေါ်ပုရဲ့ ဦးဇင်းကြွလာပြီဆိုပြီးပြောကြပြန်တယ်။ အော် ဘုန်းကြီးဝတ်တာတောင် ဒေါ်ပုနာမည်အောက်ကမလွတ်ဘူးဆိုပြီး ဘုန်းကြီးကနေထွက်လိုက်ပါတယ်။ နောက်ဆုံးတော့ ဦးသာဒွန်းလဲ မထူးပါဘူးဆိုပြီး ဘိန်းစားမယ်ဆိုပြီး ဘိန်းစားပါတော့တယ်။ အဲ ဒီတစ်ခါတော့ ဦးသာဒွန်းနာမည်ကြီးပါပြီ။ ဘယ်လိုနာမည်ကြီးလဲဆိုတော့ လူတွေခေါ်ကြတာက ဘိန်းစားသာဒွန်း ပါတဲ့။

နောင်တဆိုတာ မရအောင်

အိမ်ထောင်မှု ဘုရားတည် ဆေးမင်စုတ်ထိုး သည် ၃ မျိုး နောင်ပြင်ရန်ခက်သည့်အမျိုးလို့ လူကြီးတွေပြောကြပါတယ်။ အဲဒီထဲက အိမ်ထောင်မှု ဆိုတာကို ပြောချင်တာပါ။ နှင်းက မိန်းကလေးဆိုတော့ မိန်းကလေးအတွေးကိုပဲပြောချင်တာပါ။ မိန်းကလေးတယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ အလွန်စဉ်းစားရတဲ့ အရာတစ်ခုလို့ထင်တယ်။ ကိုယ်နဲ့လက်တွဲမယ့်သူက ဘယ်လိုလူမျိုးလဲ။ ကိုယ့်ကိုချစ်ရဲ့လား။ ကိုယ့်အပေါ်နားလည်နိုင်ရဲ့လား။ ကိုယ့်ပတ်ဝန်းကျင်နဲ့ဖြစ်ရဲ့လား ပေါ့ စတဲ့အတွေးတွေနဲ့ ချာချာလည်နေပါတယ်။ ဒါတွေက သာမာန်မိန်းကလေးရဲ့အတွေးပါ။ အဲဒီလိုမှ မဟုတ်ပဲ ကိုယ်ကသိပ်ကို ချစ်မိသွားပြီဆိုရင်တော့ အဲဒီအတွေးတွေ ဘာမှမရှိတော့ပဲ သူပြောသမျှလက်ခံခေါင်းညိတ်တတ်တာလဲ မိန်းကလေးတွေပါပဲ။ မိန်းကလေးတွေရဲ့ အားနည်းချက်က သနားလွယ်တာပါပဲ။ မိန်းမမာယာ သဲကိုးဖြာလို့ပြောကြပေမယ့် အဲလိုမိန်းကလေးမှာလဲ သနားစိတ်ဆိုတာရှိတော့ နောက်ဆုံးတော့လဲ အရှုံးပေးလိုက်ကြတာပါပဲ။ မိန်းကလေးတစ်ယောက်က အိမ်ထောင်မကျခင်ကသာ အနိုင်ရ ဗိုလ်ကျလို့ရပေမယ့် အိမ်ထောင်တစ်ခုကို ထူထောင်လို့ပြီးပြီဆိုရင်တော့ အဲဒီစိတ်တွေ မထားနိုင်တော့ပါဘူး။ တကယ်လို့သာ ကိုယ်က ကိုယ့်အိမ်ထောင်ဘက်ကို အနိုင်ဆက်ယူနေရင် ကိုယ့်ကိုများထားသွားမလားဆိုပြီး အတွေးတွေနဲ့ သည်းခံခြင်း ဆိုတာကို ကျင့်သုံးလာကြရပါတယ်။ ပြဿနာတစ်ခုခုများ ဖြစ်လိုက်လို့ မကျေနပ်ရင် ကွာရှင်းမယ်လို့များ အပြောခံလိုက်ရရင် ဘာလုပ်လို့လုပ်ရမယ်မှန်း မသိတော့တာလဲ မိန်းကလေးတွေပါ။ ကိုယ့်အရှက် ကိုယ့်မိဘမျက်နှာ ဒါတွေကို တွေးကြည့်ပြီး မျက်ရည်ကျ သည်းခံနေရတဲ့ မိန်းကလေးတွေလဲ အများအပြားပါပဲ။ တစ်ချို့ ယောကျာင်္းတွေကျတော့လဲ အဲဒါတွေကိုသိပြီး အနိုင်ကျင့်နေကြတာလဲ တွေ့နေရတယ်။

နှင်း တွေ့ဘူးတဲ့ မိန်းကလေးတစ်ချို့ရှိတယ်။ အပေါင်းအသင်းလဲ နည်းတယ်။ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုလဲနည်းတယ်။ အိမ်ကမိသားစုတွေကလဲ အရွယ်ရောက်လာရင် သိရမယ့် ဗဟုသုတတွေကို သေချာမပြောပြထားဘူး။ ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ လူတွေရဲ့သဘောထားတွေ လုပ်ရပ်တွေကိုလဲ မပြောပြထားဘူး။ ဒီလိုမိန်းကလေးတစ်ယောက် တကယ်တမ်း အပြင်လောကနဲ့ ဆက်ဆံပြီဆိုရင် အန္တရာယ်အရမ်းများမယ်လို့ ထင်ပါတယ်။ ချစ်သူရည်းစားထားမိပြီဆိုရင်တော့ ဘာမှမသိတော့ အကုန်ပုံပေးတော့တာပါပဲ။ အချစ်ကို ကိုးကွယ်ပြီး ဘာမှကို မမြင်တော့ဘူးပေါ့။ ကိုယ့်ချစ်သူကိုယုံပြီး ဘ၀ကိုထူထောင်တတ်ကြတယ်။ အဲ ချစ်သူလုပ်တဲ့သူက အိမ်ထောင်ပြုပြီးမှ ပြောင်းလဲပြီဆိုရင်တော့ ဘာမှမတတ်နိုင်တော့ပါဘူး။ ဘ၀အကြောင်း လူတွေအကြောင်းကို ဘာမှမသိခဲ့တော့ ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ။ ကိုယ့်သမီးကို စည်းကမ်းတကျ အုပ်ချုပ်တာကောင်းပါတယ်။ ဒါပေမယ့် အပြင်ဗဟုသုတ ပတ်ဝန်းကျင်အကြောင်း လူတွေအကြောင်းတွေကို ပြောပြထားမယ်။ သင်ပေးထားမယ်။ ပြီးရင် ကိုယ့်သမီးနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုမယ်ဆို်ရင် အရမ်းကိုကောင်းမှာပါ။ ဒါဆိုရင် သူ့ဘ၀တစ်ခုလုံးအတွက် အိမ်ထောင်ပြုတာမှာရော တခြားသောအရာတွေမှာပါ အမှားနည်းနိုင်သမျှနည်းအောင် ပြုလုပ်နိုင်မှာပါ။

ခေတ်ကာလတွေက ပြောင်းလဲလာတော့ အရင်တုန်းကလို ဗိုင်းကောင်းကျောက်ဖိဆိုသလို ဖိနှိပ်ထားတာဟာ သိပ်မကောင်းဘူးလို့ နှင်းကတော့ ထင်ပါတယ်။ ရဲတင်းပြီ ခေတ်ရှေ့ပြေးနေတာမျိုးကိုလဲ ပြောတာမဟုတ်ပါဘူး။ အခုခေတ် ဘာတွေဖြစ်နေတယ်။ ဘာတွေဖြစ်တတ်တယ်ဆိုတာကိုတော့ သိသင့်ပါတယ်။ ငါကမိန်းကလေးပဲ ဒါတွေသိဖို့မလိုပါဘူးဆိုတဲ့အတွေး အိုဒါကတော့ဖြင့် လာမပြောနဲ့ရှက်စရာကြီးဆိုပြီး ရှောင်ဖယ်လိုက်တာမျိုးတွေ မသိလိုက်တာမျိုးတွေက တစ်နေ့မှာ ကိုယ့်အတွက် နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။ အရွယ်ရောက်လာရင် ချစ်သူရည်းစားရှိလာမယ်.။ အိမ်ထောင်တစ်ခုကို ထူထောင်လာတော့မယ်ဆိုရင် ကိုယ်သိထားတာတွေက အရေးပါလာပါတယ်။ အချစ်ကိုဦးစားပေးရမှာလား။ ဘ၀ကို ဦးစားပေးရမှာလားဆိုတာ သိလာမှာပါ။ မိန်းကလေးတွေဟာ အချစ်ကို ဦးစားပေးလိုက်လို့ ဘ၀ကိုပါ ထိခိုက်ကြတာ များပါတယ်။ အချစ်အတွက်ဆိုရင် မိဘသဘောမတူရင်တောင် ဂရုမစိုက်ပဲ ချစ်သူတစ်မျက်နှာနဲ့ မိဘရင်ကို ခွဲပြီးထွက်သွားတတ်ကြပါတယ်။ အဲဒုက္ခရောက်တော့မှ နောင်တတွေနဲ့ပေါ့။ နောင်တဆိုတာမျိုးတွေ မရရအောင် အိမ်ထောင်ပြုမယ်စဉ်းစားရင် မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောပြ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics