Thursday 22 November 2007

အမှန်တရား

ဒေါက်တာသန်းဇော် ရေးတဲ့ အမှန်တရား ဆိုတဲ့ ၀တ္တုတိုလေးကို ဖတ်ပြီးတော့ကြိုက်သွားလို့ ရေးဖြစ်တာပါ။ စာရေးဆရာက
“အမှန်တရားဆိုတာ နေမင်းနဲ့ အလားသဏ္ဍန် တူတယ် ” “မည်သူတစ်ဦးတစ်ယောက်ကမှ မျက်တောင်မခတ် မျက်စိတွေ ပြာဝေမသွားဘဲနှင့်တော့ ကောင်းကင်က နေမင်းကြီး၏ မျက်နှာကို တည့်တည့်စိုက်၍မကြည့်နိုင်။ နေ့စဉ် နေ၀င်မှ မိုးချုပ်သည့်တိုင် မုသားမပါ လင်္ကာမချော ဆိုသလို လူတို့၏ ကူးလူးဆက်ဆံရေးတွင် အမှန်တရားအချို့ကို ဖုံးကွယ်၍ လှုပ်ရှားရုန်းကန်နေကြသည်” ဟုရေးသားထားပါတယ်။
အမှန်အတိုင်းပြောရင် လူမုန်းခံရတာများပါတယ်။ အမုန်းမခံချင်တော့ လူတွေဟာ ကိုယ့်ရှေ့မှာ အမှားကိုမြင်နေရင်တောင် မှားပါတယ်လို့ ပြောရဲတဲ့လူဆိုတာရှားပါတယ်။ အဲဒီလိုပြောလိုက်လို့ တစ်ဖက်လူကမကြိုက်ရင် ကိုယ်ပဲအမုန်းခံရမယ်ဆိုတာကို သိနေကြလို့ပါ။ မြန်မာစကားပုံတစ်ခုရှိတယ်။ “မှန်တာပြောရင် ရွာပြင်ထွက်နေရမယ်” တဲ့။ ကိုယ်ကမှန်တယ်ဆိုပြီး အမှန်အတိုင်းပြောရင် လူတွေကမကြိုက်လို့ လူမရှိတဲ့ ရွာပြင်မှာနေရမယ်လို့ပြောချင်တာပါ။ အမှန်ကိုပြောရဲတဲ့လူမှာ သူပြောလိုက်တဲ့အမှန်တရားအတွက် တစ်ချို့အရာတွေကို ပေးဆပ်လိုက်ရပါတယ်။ ဥပမာ ကိုယ့်အထက်အရာရှိတစ်ယောက် လုပ်ထားတာတွေဟာ မှားနေတာတွေကို သိလို့သူ့ကိုပြောလိုက်ရင် သူ့ရဲ့ငြိုငြင်မှုကို အရင်ဦးဆုံးခံရမှာပါ။ အမှန်ပြောတာကို လက်ခံတတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်လို့ပြန်ပြောမှာပါ။ တစ်ကယ်တော့ သူတစ်ပါးလာပြောတာ အမှန်ဆိုတာကို သိပေမယ့်လူတွေရဲ့စိတ်က အရင်ဆုံးတော့ စိတ်တိုတတ်ကြတာပါပဲ။ အဲဒီလိုစိတ်တိုတတ်တဲ့ လူတွေထဲမှာ ကျွန်မလဲ အပါအ၀င်ပါ။ နောက်မှပြန်စဉ်းစားပြီး လာပြောတဲ့လူကို ကျေးဇူးတင်မိပါတယ်။ သူသာလာမပြောရင် အမှန်ကို သိမှာမဟုတ်တော့ဘူးဆိုပြီး တွေးမိလို့ပါ။ ကျွန်မလဲ အမှန်ကိုလာပြောရင် စိတ်မဆိုးဘဲ လက်ခံနိုင်အောင် လေ့ကျင့်ရဦးမယ်။







Wednesday 21 November 2007

တွေ့နေတုန်းလေး ချစ်ကြပါ

လူ့ဘ၀ဆိုတာ ခဏလေးပါ။ ခဏတာရတဲ့ လူ့ဘ၀မှာ လူတွေဟာတစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် နေနိုင်ရင် အကောင်းဆုံးပါ။ မိဘနဲ့ သားသမီး ဆက်ဆံတဲ့အခါမှာဖြစ်စေ၊ သူငယ်ချင်းတွေ အချင်းချင်းဖြစ်စေ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်းဖြစ်စေ တွေ့နေချိန်လေးမှာ ချစ်ခင်ကြရမှာပါ။ တစ်နေ့တစ်ချိန်ဝေးကွာကြရမှာက ဖြစ်မြဲဓမ္မတာပါ။ တွေ့နေတုန်းတော့ ချစ်ချစ်ခင်ခင် မနေပဲနဲ့ ဒီလူမရှိတော့မှ ချစ်ခင်ချင်လို့မရပါဘူး။ ဝေးသွားမှ အရင်လိုချစ်ချင်ပါတယ် ပြောလို့မရပါဘူး။ ဘယ်အချိန်ပြန်ဆုံမယ်။ ဘယ်အချိန်ဝေးကွာမယ် ဆိုတာဘယ်သူမှမသိပါဘူး။ တွေ့နေတုန်းတော့ ရန်ဖြစ်မယ်၊ စကားများမယ်၊ အဲလိုမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် အရမ်းကိုနှမျောဖို့ကောင်းပါတယ်။ နှမျောဖို့ကောင်းတယ်ဆိုတာကို ရန်ဖြစ်နေတုန်းတော့ မသိဘူး။ သူနဲ့ ဝေးသွားမှ သူကိုယ့်နားမှာ မရှိတော့မှ အရင်တုန်းက ချစ်ချစ်ခင်ခင် မနေခဲ့တာတွေကို နှမျောတတ်တာပါ။ ကျွန်မကိုယ်တိုင် အဲဒီလိုခံစားမှုတွေကို ခံစားခဲ့ရဘူးတယ်။ တွေ့နေတုန်းခဏတာလေးမှာ ချစ်ခင်စွာနေမယ်။ ဝေးသွားမှ နောင်တရနေတာမျိုးကို မခံစားချင်ဘူး။ ကျွန်မခံစားရသလို လူတိုင်းလဲ တစ်ကြိမ်တစ်ခါလောက်တော့ ခံစားခဲ့ရဘူးမယ်လို့ ထင်ပါတယ်။

Sunday 18 November 2007

လွဲရပြန်ပြီ တန်ဆောင်တိုင်ရယ်

ဒီတစ်နှစ်တော့ တန်ဆောင်တိုင်မှာပျော်မယ်ဆိုတဲ့ စိတ်ကူးနဲ့လွဲခဲ့ရပြန်ပြီ။ အလုပ်မအားတာနဲ့ပဲ မသွားရပြန်ဘူး။ သွားဖြစ်တဲ့သူငယ်ချင်းတွေကိုပဲ မေးကြည့်ရတော့တာပေါ့။ ဒီနှစ် သမ္မတရွေးကောက်ပွဲမှာ ၀င်အရွေးခံမယ့် အမတ်လာတယ်လို့ပြောကြတယ်။ မဏ္ဍပ်လုပ်ပြီး မီးတွေထွန်းထားတယ်တဲ့။ သီချင်းတွေလဲ ဆိုကြတယ်တဲ့လေ။ ဒါတွေကို ကိုယ်တိုင်တွေ့မြင်ချင်တာ အခုတော့သူများပြောပြတာကိုပဲ နားထောင်ရတော့တယ်။ ပြောရင်းနဲ့
ဝမ်းနည်းလာပြီ။ကိုယ်တိုင်သွားတာမဟုတ်တော့လဲ မပြောပြတတ်တော့ဘူး။ ဒါပဲနော်။

Friday 16 November 2007

ဆေးပေါင်းခတဲ့ညနဲ့ ကျီးမနိုးပွဲ

တန်ဆောင်မုန်းလပြည့်နေ့ညကို ဆေးပေါင်းခတဲ့ညလို့ ရှေးလူကြီးတွေကသတ်မှတ်ထားကြပါတယ်။ အဲဒီညမှာ မယ်ဇလီဖူးကိုသုတ်စားရင် ဆေးဖက်ဝင်တယ်ဆိုပြီး ပြောကြပါတယ်။ နောက်တစ်နေ့ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ညကတော့ ကျွန်မတို့လူငယ်တွေပျော်တဲ့ညပါပဲ။ ဒါကတော့ ကျီးမနိုးပွဲပါပဲ။ ကျွန်မတို့လမ်းထဲမှာ အဲဒီညဆိုရင် လူငယ်တွေဟာ တစ်ညလုံးမအိပ်ကြပဲ ညသန်းခေါင်ကျော်လို့ လူခြေတိတ်ပြီဆိုရင် သူတို့ရဲ့လုပ်ငန်းကိုစပါတော့တယ်။ တစ်ချို့အိမ်မှာ လူပျိုကြီး အပျိုကြီးတွေရှိရင် သူတို့မခံခြင်အောင်စာတွေရေးပြီး ကပ်ထားကြတယ်။ တစ်ချို့အိမ်တွေရှေ့မှာ တောင်းစုတ်ပစ္စည်းအစုတ်တွေ သွားပြီးပုံထားကြတယ်။ တစ်ချို့အိမ်ကကားတွေကိုဆိုရင် ဘီးကိုလေလျှော့ထားတာပေါ့။ အဲဒီလိုမျိုး အမျိုးစုံလုပ်လို့ပြီးမှ သူတို့တွေက အိပ်ကြတယ်။ မနက်လင်းလို့ ကိုယ့်အိမ်ရှေ့မှာ ရှုတ်ပွနေတာကိုတွေ့လို့ စိတ်တိုရင်လဲ ဘယ်သူ့ကိုရန်တွေ့လို့ တွေ့ရမယ်မှန်းမသိဖြစ်တာပေါ့ ။ ကျီးမနိုးညမှာ ဒီလိုမျိုးလုပ်နေကြဆိုတာကိုသိတော့လဲ ရန်မတွေ့ကြပါဘူး။ စိတ်ထဲမှာတော့ ဘယ်ကျေနပ်မလဲနော်။အဲဒါကိုကြည့်ပြီး ကျွန်မတို့က သဘောကြပြီးရယ်တာပေါ့။ အခုရောက်နေတဲ့ နေရာမှာတော့ အဲဒီလိုမလုပ်ရဲပါဘူး။ တော်ကြာရဲစခန်းရောက်နေမှာစိုးလို့...........

လွမ်းမိတယ် တန်ဆောင်တိုင်

မနက်ဖြန်ညနေမှာ ၀ှားရှင်းကျဲလို့ခေါ်တဲ့ မြန်မာတွေအနေများတဲ့လမ်းမှာ တန်ဆောင်တိုင်မီးထွန်းပွဲရှိပါတယ်။ မနှစ်ကတော့ မအားလို့မသွားဖြစ်လိုက်ဘူး။ ဒီနှစ်တော့သွားမယ်ဆိုပြီး အားခဲထားတာပဲ။ သွားဖြစ်အောင်တော့ ကြိုးစားမယ်။ ရန်ကုန်မှာတုန်းကဆိုရင် တန်ဆောင်မုန်းလပြည့်နေ့ညနေမှာ ကျွန်မနေတဲ့လမ်းထဲမှာ စတုဒီသာကျွေးပါတယ်။ စတုဒီသာကျွေးတယ် ဆိုပေမယ့်သကြ`်န်မှာကျွေးသလိုမဟုတ်ပါဘူး။ ကိုယ်ကျွေးချင်တာကို ဈေးဆိုင်လိုမျိုးလေးဖွင့်တာပါ။ညနေပွဲလေးမလုပ်ခင် နေ့ခင်းမှာ နံပါတ်တွေရေးထားတဲ့ စာရွက်တွေကို အိမ်တိုင်းစေ့ လိုက်ဝေပါတယ်။ နံပါတ်တွေက အစဉ်တိုင်းမဟုတ်ပဲ မျိုးစုံထည့်ထားတာပါ။ အဲဒီဈေးရောင်းပွဲလေးမစခင် နံပါတ်တွေရေးထားတဲ့ ကဒ်ပြားလေးတွေကို တစ်ယောက်က ဆိုင်ခင်းထားတဲ့လူတွေဆီလိုက်ဝေပါတယ်။ ကိုယ့်ဆီမှာရှိတဲ့ နံပါတ်နဲ့ ဆိုင်ကနံပါတ်နဲ့ တူနေရင်အဲဒီဆိုင်ကပစ္စည်းကို ယူလို့ရပါတယ်။ နံပါတ်တွေကို တူမတူတိုက်ကြည့်ရတာအရမ်းကို ပျော်စရာကောင်းပါတယ်။ ကလေး၊ လူကြီး ၊ အဖိုး အဖွားအရွယ်ကအစ တစ်ပျော်တစ်ပါးပါဝင်ကြပါတယ်။ အခုတော့အဲဒီပျော်ရွှင်စရာပွဲလေးနဲ့ ဝေခဲ့ရတာ ၂ နှစ်ရှိသွားပြီ။ အခုလောက်ဆိုရင် လမ်းထဲကလူတွေ ဘာကျွေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေလောက်ပြီ။ အော်လွမ်းမိပါတယ် တန်ဆောင်တိုင်ရယ်။

Tuesday 13 November 2007

မကောင်းမှန်းသိပေမယ့် သောက်ကြတယ်

အရက်ဆိုတဲ့အရာဟာ မကောင်းမှန်းလူတိုင်းသိပါတယ်။ အဲဒီမကောင်းတဲ့ဟာကိုပဲ လူတွေဟာ သောက်သုံး
နေကြတယ်။ စိတ်ညစ်လို့ အရက်သောက်တာပါ။ အရမ်းကိုပျော်လို့ အရက်သောက်တာပါ ဆိုပြီး အကြောင်းအမျိုးမျိုး ပြပြီး အရက်သောက်နေကြတယ်။ အရက်ကြောင့်ပဲ လူတွေမှာရောဂါရတယ်။ မသေသင့်ပဲသေရတယ်။ အရက်ကြောင့်ပဲ လူတွေမှာ မမှားသင့်တဲ့အမှားတွေ မှားခဲ့ကြတယ်။ ကိုယ့်ရဲ့အမှားအတွက် ဘ၀နဲ့ရင်းပြီး ပေးဆပ်ရတာတွေလဲရှိကြတယ်။ အရွယ်မရွေး အရက်ကြောင့် အမှားတွေကို ကျူးလွန်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေကို အရက်ဆိုတာမကောင်းဘူး ။ မသောက်နဲ့လို့ပြောရင် ဘာလို့မကောင်းဘူး ပြောတာလဲဆိုပြီး စူးစမ်းခြင်ကြတယ်။ ဆယ်ကျော်သက်အရွယ်မှာ အဲဒီလိုစူးစမ်းရင်း ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့ အမှားတွေကိုကျူးလွန်မိကြတယ်။ ဥပမာ စကားများကြမယ်။ ရန်ဖြစ်ကြမယ်။ ဒီ့ထက်ဆိုးတဲ့ ဘ၀နဲ့ရင်းပြီးပြန်ပေးဆပ်ရမယ့်အမှားတွေလဲရှိပါတယ်။ ယောက်ကျားလေးပဲ အရက်သောက်တာမဆန်းပါဘူးလို့ ပြောကြတယ်။ ဟုတ်ပါတယ် မဆန်းပါဘူး။ ဒါပေမယ့် ကိုယ်ကိုကိုယ် ထိန်းနိုင်ရင် ပိုပြီးကောင်းပါတယ်။ မထိန်းနိုင်ရင် ကိုယ်တင်ဒုက္ခရောက်တာ မဟုတ်ပါဘူး။ မိဘ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပါတယ်။ တတ်နိုင်ရင် အရက်ဆိုတာကို မသောက်ပဲနေနိုင်ရင် အကောင်းဆုံးပါ။ အရက်ကြောင့် လူတွေဒုက္ခရောက်ခြင်းကနေ ကင်းဝေးကြပါစေ။


Sunday 11 November 2007

မြန်မာအစားအစာစားချင်တဲ့ ဒုက္ခ

ဒီတစ်ပတ်အလုပ်ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့ မြန်မာအများစုနေတဲ့ ရပ်ကွက်ကို သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သွားချင်တာကတော့ အစောကြီးပေါ့။ ဒါပေမယ့် အိမ်အလုပ်တွေပြီးမှပဲ အိမ်ကထွက်ဖြစ်တော့ နေ့လည် ၁၂ နာရီတောင်ကျော်နေပြီ။ လိုင်းကားစောင့်တာကြာနေတော့ ရန်ကုန်မှာလိုင်းကားစောင့်ရတဲ့ ဒုက္ခကို သွားသတိရတယ်။ ဒီထက်ပိုနောက်ကျရင် ကိုယ်စားချင်တဲ့ မြန်မာအစားအစာတွေ မစားရမှာ ကြောက်လို့တက္ကစီနဲ့သွားရတော့တာပေါ့။ လိုင်းကားခက ၁၅ ကျပ်ရယ် တက္ကစီက ၁၆၀လောက်ထိသွားတယ်။ ရောက်တော့အရင်ဆုံးသွားနေကျ မန်းသီရိစတိုးကို သွားပြီးလိုချင်တာတွေ ၀ယ်ပြီးတာနဲ့ မနက်အိပ်ရာထကထဲက ဘာမှမစားထားတော့ ဗိုက်ထဲမှာစစ်တိုက်နေပြီ။ ဒါနဲ့ ကိုယ်စားချင်တဲ့ ရှမ်းခေါက်ဆွဲဆိုင်ကို ခြေဦးလှည့်ရတာပေါ့။ ကိုယ်ရောက်သွားတဲ့အချိန်က ထမင်းစားချိန်ကျော်နေတော့ တော်သေးတယ်။ စားတဲ့လူတွေရှိပေမယ့် စားပွဲတွေကလွတ်နေသေးတယ်။ တို့ဖူးနွေးတစ်ပွဲနဲ့ ၀က်ခေါက် ကျော်တစ်ထုပ်မှာပြီးဗိုက်ထဲကစစ်ပွဲကို ငြိမ်းချမ်းစေလိုက်တယ်။ ကျွန်မသွားတာနောက်ကျနေတော့ မနက်ခင်းစားရတဲ့ ဆီထမင်းနဲ့ပဲပြုတ်တို့် ၊ ဘိန်းမုန့်တို့ မစားခဲ့ရဘူးပေါ့။ မြန်မာပြည်မှာဆိုရင် ကိုယ်စားချင်တဲ့အချိန် စားလို့ရတဲ့ အစားအစာတွေပါ။ ကိုယ်နေတာကလဲ မြန်မာရပ်ကွက်နဲ့နဲနဲဝေးတော့ အခုလိုပဲတကူးတက သွားစားရတော့တာပေါ့။ လိုင်းကားနဲ့ဆိုရင်မိနစ် ၂၀ ၃၀ လောက်စီးရတယ် အခုလိုအလုပ်ပိတ်ရက်မှာဆိုရင် ၀ှားရှင်းကျဲ လို့ခေါ်တဲ့ မြန်မာဆိုင်တွေရှိတဲ့ လမ်းမှာမြန်မာတွေနဲ့ စည်ကားလှပါတယ်။

ခေါင်ဖောက်ပြောသူ

မြို့တစ်မြို့မှာ အဖွားကြီးတစ်ယောက်ရှိတယ်။ အဲဒီအဖွားကြီးက ဘယ်နေရာမဆို တစ်ခြားလူတွေ မသိဘူးထင်ပြီး ရှေ့ကနေပြီးကြိုပြောတတ်တယ်။ တစ်နေ့တော့ အသုဘတစ်ခုမှာ သူဝင်ပြီးပြောနေမှာစိုးလို့ သူ့ကို အိမ်ခန်းထဲထည့်ထားတယ်။ အပြင်ကလူတွေကလဲ အသုဘချဖို့ပြင်ဆင်နေကြတယ်။ ဒီလိုနဲ့ ကြေးစည်ထုပြီးတဲ့အချိန်မှာ အဲဒီအဖွားကြီးက အိမ်ခန်းခေါင်မိုးကနေဖောက်ပြီး ပြောလိုက်တာက " မသာရှေ့က ဘုန်းကြီးကြွရမှာနော်" တဲ့။

Friday 9 November 2007

အချစ်ဆိုတာကို ဒီလိုမြင်တယ်

အချစ်ဆိုတဲ့အရာကို ဘာလဲလို့မေးရင် ကျွန်မလဲမသိပါဘူး။ အခုချိန်ထိလဲစဉ်းစားနေတုန်းပါပဲ။ ကျွန်မ သတိထားမိတာကတော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ပါတယ်လို့ပြောပြီးရင် စိတ်သဘောထားတွေ မတိုက်ဆိုင်တဲ့အခါ မုန်းသွားတတ်ကြတယ်။ နောက်ထပ်တွေ့တဲ့ လူတစ်ယောက်ကိုလဲ ချစ်ပါတယ်လို့ပြောတတ်ကြပြန်တယ်။ အော်အချစ်ဆိုတာ အဲဒီလိုပဲ ခဏခဏဖြစ်တတ်တာပဲလား။ ကျွန်မခံယူထားတဲ့အချစ်ကို ပြောပြမယ်နော်။ အချစ်ဆိုတဲ့အရာမှာ သံယောဇဉ်ရှိပြီး နားလည်မှု၊ ကိုယ်ချင်းစာနာမှုတွေလဲ ရှိဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ လူတစ်ယောက်ကိုချစ်တယ်ဆိုရင် ဒီလူတစ်ယောက်ရဲ့ ဘေးကနေပြီး သူ့ရဲ့လိုအပ်နေတဲ့ ကွက်လပ်ကလေးတွေကို အလိုက်တသိဖြည့်ဆည်းပေးရမယ်။ ဖြည့်ဆည်းပေးတယ်ဆိုတဲ့နေရာမှာ သူ့ရဲ့မာနနဲ့ သိက္ခာကို မထိခိုက်အောင် သတိထားရမယ်။သူစိတ်ချမ်းသာနေအောင် ကိုယ့်ဘက်ကနေ တတ်နိုင်သရွေ့လုပ်ပေးရမယ်။ ကိုယ့်ကြောင့်သူ့မှာ စိတ်နှောင့်အယှက်မဖြစ်အောင် ရှောင်ကြဉ်ရမယ်။ သူစိတ်ဓာတ်ကျနေရင် ဘေးကနေပြီးအားပေးမယ်။ သူပျော်နေရင် ကိုယ်ပါလိုက်ပြီးပျော်နေမယ်။ သူ့ရဲ့ဘေးမှာ မောင်နှမလိုတစ်မျိုး ၊ ချစ်သူလိုတစ်မျိုး နေမယ်။ တစ်ခါတစ်လေ မောင်နဲ့နှမလို ပြောဆိုပြီးနေမယ်။ တစ်ခါတစ်လေ ချစ်သူတွေသဘာဝ သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့ အကြောင်းတွေပြောပြီးနေမယ်။ တစ်ခါတစ်ခါ သူ့အပေါ်မှာ စိတ်ကောက်မယ်၊ ဆိုးနွဲ့မယ်၊ ချွဲမယ်။ ဒါတွေက ကျွန်မချစ်သူကို ချစ်ချင်တဲ့ပုံစံပါ။ တစ်ခြားလူတွေကတော့ ဘယ်လိုမျိုးချစ်ချင်တယ်ဆိုတာ မသိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲနော်။


(ကျွန်မရဲ့ ခံယူချက်နဲ့ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုမျှသာ)

အော် အချစ်

အချစ်ဆိုတဲ့ အရာဟာ
တစ်ခါတစ်လေ ပျော်ရွှင်စေတယ်......
တစ်ခါတစ်လေ စိတ်ညစ်စေတယ်......
တစ်ခါတစ်လေ ရင်ကိုအေးချမ်းစေတယ်......
တစ်ခါတစ်လေ ရင်ကိုပူလောင်စေတယ်......
တစ်ခါတစ်လေ စိတ်ဓာတ်ကို မြုင့်တင်ပေးတယ်......
တစ်ခါတစ်လေ စိတ်ဓာတ်ကို ကျစေတယ်......

အချစ်ဆိုတဲ့အရာကို သင်တို့ဘယ်လိုခံစားဘူးလဲဟင်.............



ဘယ်လိုတော်စပ်သလဲ

ကောင်လေး နဲ့ ကောင်မလေးက အရမ်းကို ချစ်ကြတယ်
ဒါပေမယ့် မောင်နှမလဲ မဟုတ်ဘူး။
ကောင်လေးနဲ့ ကောင်မလေးက အရမ်းကိုခင်ကြတယ်
ဒါပေမယ့် သူငယ်ချင်းလဲ မဟုတ်ဘူး။
ကောင်လေးက ကောင်မလေးကို ချစ်တယ်လို့ပြောတယ်
ကောင်မလေးကလဲ ကောင်လေးကို ချစ်တယ်လို့ပြန်ပြောတယ်
ဒါပေမယ့် ချစ်သူတွေလဲ မဟုတ်ဘူး။


သူတို့နှစ်ယောက်ဘယ်လို ပက်သက်တယ်ဆိုတာသိရင် ပြောပြပါလားဟင်။

Thursday 8 November 2007

ပွင့်လင်းပါ

လူတွေဟာ ရိုးသားမှုကို အလွန်တန်ဖိုးထားကြပါတယ်။ ရိုးသားတဲ့လူတစ်ယောက်မှာ ပွင့်လင်းစွာ ပြောဆိုတတ်တဲ့ အကျင့်ကလေးပါ ရှိနေမယ်ဆိုရင် အရမ်းကိုကောင်းမှာပါ။ ပွင့်လင်းစွာပြောဆိုတတ်မှုဟာ လူတိုင်းမှာရှိသင့်တဲ့ အကျင့်လေးတစ်ခုလို့ ထင်မိပါတယ်။ မိဘနဲ့သားသမီးကြားမှာလည်း ပွင့်လင်းမှု လိုအပ်ပါတယ်။ မိဘတွေဟာ သားသမီးတွေနဲ့ပက်သက်တဲ့ ဘယ်ကိစ္စကိုမဆို ပွင့်လင်းစွာပြောဆို ဆက်ဆံသင့်တယ်။ ဒါမှ ကိုယ့်သားသမီးဘာဖြစ်ချင်တယ် ၊ ဘာလုပ်နေတယ်ဆိုတာကို သိမှာပါ။ သူငယ်ချင်းမိတ်ဆွေကြားမှာလဲ ပွင့်လင်းမှုလိုအပ်တယ်။ အဲဒီလိုပဲ ခင်ပွန်းနဲ့ ဇနီးမယားကြားမှာလဲ ပွင့်လင်းမှုလိုအပ်ပါတယ်။ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းနဲ့ပြောပြမှ တစ်ခြားလူတွေကသိမှာလေ။ ဥပမာ လူနာတစ်ယောက်ဟာ ဆရာဝန်ဆီမှာ ကိုယ်ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်း မပြောပြခဲ့ရင် အနာနဲ့ဆေး တစ်လွဲတွေဖြစ်ပြီး ဒုက္ခရောက်နိုင်ပါတယ်။ လူလူချင်းဆက်ဆံတဲ့နေရာမှာ ပွင့်လင်းမှုဟာ အရေးကြီးတယ်ဆိုတာကို သတိပြုစေချင်တယ်။

Tuesday 6 November 2007

ပွင့်လင်းတာ အပြစ်လား?

မိန်းကလေးတစ်ယောက် အတိုင်းအတာတစ်ခုအထိ ပွင်းလင်းစွာ ပြောတတ်တာက အပြစ်တစ်ခုဖြစ်နေလား? ပတ်ဝန်းကျင်မှာ မိန်းကလေးတစ်ယောက်က ပွင့်လင်းစွာပြောတာကို မြင်ရကြားရရင် အဲဒီမိန်းကလေးကို အပြစ်မြင်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်။ သူ့ရဲ့ပွင့်လင်းမှုကို ဘာဖြစ်လို့အကောင်းမမြင်ကြတာလဲ? မိန်းကလေးမိုလို့ ပွင့်လင်းခွင့်မရှိတာလား? မိန်းကလေးတစ်ယောက်က အသိယောကျာင်္လေးတစ်ယောက်ဆီ ခင်မင်လို့ ဖုန်းခေါ်တဲ့ဟာက ဒီမိန်းကလေးက မရိုးမသားစိတ်နဲ့ ပြောချင်လို့ပါလို့ သတ်မှတ်လို့ရပါ့မလား? အဲဒီလို သတ်မှတ်လိုက်ရင် ဒီမိန်းကလေးအတွက် တရားပါ့မလား?

Sunday 4 November 2007

online ပေါ်မှာကြုံတွေ့ရသမျှ( ၂ )

online ပေါ်မှာဖြစ်နေတာတွေကို ကျွန်မကြုံရကြားရတာတွေကို ပြောပြချင်တာပါ။ ကျွန်မကို သူငယ်ချင်းတစ်ယောက်ကပြောပြတဲ့အကြောင်းလေးပါ။ နိုင်ငံတွေ နေရာတွေကိုတော့ ထည့်မပြောတော့ပါဘူး။ ကျွန်မသူငယ်ချင်းနဲ့ တစ်နိုင်ငံထဲနေတဲ့ သူ့မိတ်ဆွေအကြောင်းပါ။ သူငယ်ချင်းရဲ့မိတ်ဆွေက online မှာ တစ်ခြားနိုင်ငံကကောင်မလေးတစ်ယောက်နဲ့ စကားပြောကြရင်းမိတ်ဆွေဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ နေ့စဉ်နေ့တိုင်းနီးပါး စကားတွေပြောခဲ့ကြရင်း ကောင်မလေးကို သံယောဇဉ်တွယ်ခဲ့တယ်။ ကောင်မလေးကလဲ သူ့ကို သံယောဇဉ်ရှိခဲ့တယ်။ သူငယ်ချင်းရဲ့မိတ်ဆွေဟာ ကောင်မလေးကို သူ့ဘ၀အတွက်ပါရည်ရွယ်ခဲ့တယ်။ နှစ်ယောက်အတူ ဘ၀တစ်ခုကိုတည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကောင်မလေးကိ ငွေကြေးကအစ ယုံကြည်စွာပေးအပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီကောင်မလေးဟာ တစ်ခြားအမျိုးသားတွေနဲ့လဲဒီလိုမျိုးတွေ လုပ်နေတယ်ဆိုတာကို သူသိခဲ့ရတယ်။ ကောင်မလေးကိုလဲ သံယောဇဉ်အရမ်းတွယ်မိနေပြီ။ သူ ဘာဆက်လုပ်ရမလဲဆိုတာ သူကိုယ်တိုင်မသိတော့ဘူး။ ကျွန်မသူငယ်ချင်းကတော့ သူ့မိတ်ဆွေကို ကောင်မလေးနဲ့ အဆက်အသွယ်ဖြတ်ဖို့ အကြံပေးပါတယ်။ online ဆိုတာကလဲ ပြောဖို့အရမ်းခက်တယ်။ လူချင်းအပြင်မှာမတွေဘူးလို့ သံယောဇဉ်မတွယ်နိုင်ပါဘူးလို့ ပြောလို့လဲမရပြန်ဘူး။ online ကနေ တွေ့ဆုံကြပြီး ဘ၀ကိုတည်ဆောက်သွားကြတဲ့ လူတွေလဲရှိတယ်။ ဒါပေမယ့် ကျွန်မသူငယ်ချင်းရဲ့ မိတ်ဆွေလိုဘ၀မျိုးတော့ မဖြစ်အောင် သတိထားပြီး ဆင်ခြင်ကြရမှာပေါ့။

Saturday 3 November 2007

online ပေါ်မှာကြုံတွေ့ရသမျှ

ကျွန်မတို့ online ပေါ်မှာကြုံတွေ့နေရတာတွေပါ။ online သုံးတဲ့လူတိုင်းကြုံဘူးမှာပါ။ ကျွန်မ ရန်ကုန်မှာ online ကိုစပြီးသုံးတုန်းက ရန်ကုန်chatမှာ သူငယ်ချင်းတွေ အများကြီးရတော့ ပျော်တာပေါ့။ တစ်နေ့တစ်နေ့ online ကိုသွားပြီးသူငယ်ချင်းတွေကို စကားသွားပြောရတာအမောပါပဲ။သူတို့ပြောသမျှကို အကုန်ယုံကြည် ခဲ့တာပေါ့။ online ပေါ်မှာတွေ့တဲ့လူတွေကလဲ အမှန်အတိုင်းပြောမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မအလိမ်ခံခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ကြာလာတော့ online ပေါ်ကလူတွေနဲ့ စကားပြောရမှာကို ကြောက်လာတယ်။ နောက်တော့ရိုးသားစွာပြောတဲ့လူတွေကိုပါ သံသယ မျက်လုံးနဲ့ ကြည့်တတ်လာတယ်။ လူတစ်ယောက်ကိုယုံကြည်ဖို့ခက်ခဲလာတယ်။ online ကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ သုံးနေကြတယ်ဆိုတာကို ကျွန်မမသိပါဘူး။ ဒါပေမယ့် မလိမ်မညာပဲ ရိုးသားစွာပြောဆိုကြရင်တော့ အရမ်းကိုကောင်းမှာပါ။ နောက်ပြီးonline ပေါ်မှာ စကားပြောရင် ကိုယ်ချင်းစာစိတ်လေးနဲ့ပြောကြရင် တစ်ယောက်နဲ့တစ်ယောက် ပြောရတာပိုအဆင်ပြေမှာပါ။ အခုတော့onlineပေါ်မှာ ရန်ဖြစ်ကြ၊ စကားများကြတာတွေကို chat room တွေမှာတွေ့နေရတယ်။ မြန်မာပြည်နဲ့ဝေးနေလို့ မြန်မာစကားသံကြားချင်လို့ online ပေါ်မှာပဲ သူငယ်ချင်းတွေနဲ့ပြောကြရတာပါ။ အလုပ်ကပြန်ရောက်တာနဲ့ computer ဖွင့်ပြီးဘယ်သူများရှိမလဲဆိုပြီး ရှာရတာအမောပါပဲ။ သူငယ်ချင်းတွေနဲ့စကားပြောလိုက်ရရင် ဘယ်လောက်ပဲမောမော ပျော်မိပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ကိုယ့်ကိုလိမ်ပြောတယ်ဆိုတာကို သိလိုက်ရရင် အရမ်းကိုဝမ်းနည်းမိတယ်။ online မှာတွေ့ပြီးခင်ကြတဲ့လူတွေကလဲ သူငယ်ချင်းတွေပါပဲ။ အပြင်မှာခင်မှသူငယ်ချင်းလို့ သတ်မှတ်ကြတာလားဆိုတာ ကျွန်မမသိတော့ပါဘူး။ online ပေါ်မှာ အလိမ်အညာခံရတဲ့ဘ၀ကနေ လွတ်ပါစေလို့ ကျွန်မဆုတောင်းနေမိပါတယ်။

Friday 2 November 2007

အမှတ်တရ လပြည့်ည


ကွန်ပျူတာကဖိုင်တွေကို ဖွင့်ကြည့်ရင်းက သီတင်းကျွတ်လပြည့်ညတုန်းက ကျွန်မမောင်လေးရိုက်ထားတဲ့ လသာနေတဲ့ပုံလေးကိုတွေ့တော့ ငယ်ငယ်တုန်းက ဘ၀ကိုလွမ်းမိတယ်။ ကျွန်မတို့ကလေးဘ၀တုန်းက လပြည့်ညတွေမှာဆိုရင် သူငယ်ချင်းတွေနဲ့ လမ်းထဲမှာကစားကြတာကို သတိရတယ်။ အတူတူကစားခဲ့တဲ့ သူငယ်ချင်းတွေကိုလဲ လွမ်းတယ်။ သီတင်းကျွတ်ကျောင်းတွေကလဲ ပိတ်ထားတဲ့အချိန် လသာနေတဲ့ညမျိုးမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်း အချိန်ကုန်တာကို နှမျောမိတယ်။ ငယ်ငယ်တုန်းက ပြည့်ဝန်းနေတဲ့ လကိုကြည့်ရင်း ဖိုးလမင်းကြီးရယ် ထမင်းဆီစမ်း ရွှေလင်ပန်းကြီးနဲ့ပေးပါ ဆိုပြီးတောင်းခဲ့ဘူးတာကို အခုနေပြန်တွေးရင်း ပြုံးမိတယ်။ ကလေးဘ၀တုန်းကတော့ အဲဒီလိုတောင်းရင် တကယ်ရမယ်ထင်ပြီး ကြုံတိုင်းတောင်းခဲ့တာပေါ့။ လမင်းကြီးပေါ်မှာ ဆန်ဖွတ်နေတဲ့အဖိုးအိုနဲ့ ယုန်ကလေးနေတယ်လို့ လူကြီးတွေကပြောရင် တကယ်ရှိတယ်ထင်ပြီး မော့ကြည့်ရတာလည်ပင်းညောင်းတဲ့အထိပါပဲ။ အခုချိန်မှာ အဲဒီဘ၀မျိုးပြန်မရနိုင်တော့ဘူး။ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့အတွက် လပြည့်ညရဲ့ အေးချမ်းမှုကို မခံစားနိုင်တာ တော်တော်ကြာပြီ။ မြန်မာပြည်မှာတုန်းကတော့ ဘယ်နေ့ကတော့ သီတင်းကျွတ် လပြည့်၊ ဘယ်နေ့ကတော့ တန်ဆောင်မုန်းလပြည့်ရယ်လို့ ပြက္ခဒိန်ကိုကြည့်ပြီး ဘုရားသွားမယ်။ ဘုန်းကြီးကျောင်းသွားမယ် ဆိုတာမျိုးတွေနဲ့ မိသားစုတွေတပျော်တပါးသွားကြတယ်။ ဒါပေမယ့် မြန်မာပြည်ကနေ ခွဲခွာလာပြီးတဲ့ အခုချိန်မှာတော့ ဘယ်နေ့ကလပြည့်နေ့မှန်းတောင်မသိတော့ဘူး။ ညဘက်အပြင်ထွက်လဲ ကိုယ်အပူနဲ့ကိုယ်မို့ ကောင်းကင်ကိုလဲ မော့မကြည့်မိဘူး။ အခုတောင် ဓာတ်ပုံလေးကိုတွေ့တော့ ဘယ်တုန်းကရိုက်ထားတာလဲဆိုပြီး မောင်လေးကိုမေးကြည့်မှပဲ သီတင်းကျွတ်လပြည့်တောင် ကျော်သွားပြီဆိုတာသိလိုက်ရတယ်။ ဓာတ်ပုံလေးကိုကြည့်ရင်းနဲ့ပဲ ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့ရတဲ့လပြည့်ညတွေကို ပြန်လွမ်းမိပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics