မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းတယောက်က သူ့အလုပ်အကြောင်းပြောရင်း နှင်းကို စာရေးပေးပါလားဆိုပြီး ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကဓါတ်ပုံလေးတွေ ပို့ပေးပါတယ်။ ခရီးသွားရင်း ရိုက်လာတာဖြစ်ပြီး မြင်ရတာ စိတ်မကောင်းဘူးလို့ပြောပါတယ်။ မြန်မာပြည်အနေနဲ့ မြင်နေကျ ရိုးနေပြီလို့ ပြောလို့ရပေမယ့် နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုမဖြစ်နိုင်ဘူးဆိုတာသိကြမှာပါ။ ထမင်းတနပ် စားရဖို့အတွက် နေပူနေပြီလား မိုးရွာနေသလားဆိုတာ ဂရုမစိုက်နိုင်ပဲ အရွယ်ရောက်လို့ အလုပ်လုပ်နိုင်တာနဲ့ ရုန်းကန်နေရတဲ့ ကျောင်းစာသင်ဖို့ဆိုတာ နေနေသာသာ မနက်စာစားပြီးတာနဲ့ ညစာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ ပူပင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ ဘ၀တွေပါ။
အပျိုအရွယ်လေးမို့ လှလှပပနေနိုင်ဖို့ဆိုတာဝေးလို့ တောတောင်ထဲမှာ သဘာဝဘေးတွေကိုမကြောက်နိုင်ပဲ ထမင်းနပ်မှန်လို့ ထင်းခုတ် ဟင်းရွက်ခုးပြီးဝမ်းရေးကို ဖြေရှင်းနေရတဲ့သူတွေပါ။ ဈေးလေးရောင်းဖို့တောင် အရင်းအနှီးမရှိလို့ ခွန်အားကိုထုတ်ရောင်းပြီး တန်ရာတန်ကျေးဆိုတာထက် အလုပ်ရှိဖို့ ငွေရဖို့အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ မိုးထဲရေထဲမှာ အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေရရှာတဲ့ ဆယ်ကျော်သက် လူငယ်တွေရဲ့ဘ၀တွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။ ကျောင်းစာသင်ရမယ့်အရွယ်မှာ ၀မ်းရေးကိုဖြေရှင်းနေရတဲ့အတွက် ဗဟုသုတဆိုတာလည်း နည်းသွားပါတယ်။ ဒါပေမယ့် သူတို့လေးတွေရဲ့ဘ၀ကို အပြုံးမပျက် ကြိုးစားပြီး ဖြတ်သန်းနေကြပါတယ်။
နောင်လာမယ့် အနာဂတ်မှာ ဘယ်လိုရင်ဆိုင်ကြမလဲ။ ဒီလိုအဖြစ်မျိုးတွေ တနေ့တခြား များလာမယ်ဆိုရင်တော့ ရင်လေးစရာပါပဲ။
အခုလိုဘ၀တွေကနေ မြန်မြန်လွတ်မြောက်ဖို့ ဆုတောင်းမိပါတယ်။
1 comment:
ခုလို ဘဝကြမ်းတွေရဲ့ တစွန်းတစတင်ပေးတာ ကောင်းပါတယ်ဗျာ။ ဒါက ရေခဲတောင်ရဲ့ ရေပေါ်ပေါ်နေတဲ့ အစိတ်အပိုင်း တစ်စစာလောက်တောင် ရှိမှာမဟုတ်ပါဘူး။ နောက်မှ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတစ်ပုံ ကိုယ်ဘလော့ထဲ ကိုယ်တင်တော့မယ်။ ခိုလှုံရာစခန်းတစ်ခုက ကျောင်းတစ်ကျောင်းရှေ့မှာ ရေခဲထုပ်ရောင်းနေတဲ့ လေးနှစ်အရွယ်လောက်ရှိတဲ့ ခလေးမလေး တစ်ယောက်ပုံပါ။
Post a Comment