နှင်းစိတ်ထဲမှာ တော်တော်လဲ ၀မ်းနည်းမိသလို စိတ်ထဲလဲ မကောင်းပါဘူး။ ထိုင်ဝမ်ကို ပြန်လာမယ်ပြောတော့ မောင်လေးက တားပါတယ်။ ပါပါးနဲ့ မာမားကလဲ သမီး စိတ်ထဲသေချာစဉ်းစားပြီးပြီလားလို့ ထပ်ခါတလဲလဲ မေးပါတယ်။ မောင်လေးကတော့ ကိုယ့်စိတ်ကိုနိုင်မှပြန်သွားနော်လို့ သတိပေးပါတယ်။ ဘာပဲဖြစ်ဖြစ် တခါမှ မိဘနဲ့ မခွဲဘူးလို့ ခွဲပြီးကိုယ့်ဘ၀ကိုယ် ရပ်ကြည့်မယ်လို့ စဉ်းစားပြီး ပြန်ထွက်လာခဲ့ပါတယ်။ အရင်နေတုန်းကတော့ မိသားစုလိုက်ဖြစ်လို့ ဘာခံစားချက်မှ သိပ်ပြီးမရှိပါဘူး။ အခုတခါက မိဘတွေက ပြန်မလိုက်လာတဲ့အတွက် မိဘတွေကိုလွမ်းတဲ့စိတ်ရယ် အားငယ်စိတ်ရယ်က ရှိနေပါတယ်။ ဦးလေးအဒေါ်တွေ ဘယ်လောက်ပဲ ဂရုစိုက်ပါတယ်ပြောပြော မိဘတွေကိုလွမ်းမိပါတယ်။
အပြင်လောကအကြောင်း သေချာမသိသေးတော့ အခက်အခဲတခုခုတွေ့လိုက်တာနဲ့ မျက်ရည်ကျလွယ်နေတယ်။ မိဘတွေအရိပ်မှာနေတုန်းကတော့ အပူအပင်ကင်းကင်းနဲ့ နေနိုင်ပါတယ်။ လူတွေအပေါ် မေတ္တာထားနိုင်ဖို့ အမြဲမှာနေတဲ့ မာမားစကားကို မမေ့ပါဘူး။ မပျော်ရင် ပြန်လာဖို့ မှာလိုက်တဲ့ ပါပါးစကားကလည်း နှင်းအတွက် အားတခုပါပဲ။ လူတွေအပေါ် မမုန်းပါဘူး။ ဒါပေမယ့် လူတွေအလိုကျ ဘယ်လိုများ လိုက်နေရမလဲဆိုတာ မသိပါဘူး။ ကိုယ်နေတတ်သလို နေတော့လဲ ကိုယ့်အတွက်နဲ့ သူတို့မှာ အကုသိုလ်များနေပါတယ်။ တကယ်ပါ ကိုယ့်အတွက်နဲ့ ဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်ပါဘူး။ ကိုယ့်ကြောင့်ပျော်နေတာမျိုးပဲ ဖြစ်စေချင်တာပါ။ ဒါပေမယ့် ဘ၀ဆိုတာ ဖြစ်ချင်တိုင်းမဖြစ်တဲ့အရာပါ။
နိုင်ငံရပ်ခြားမှာ အရာရာတိုးတက်ပါတယ်။ ဒါပေမယ့် စိတ်ချမ်းသာမှုဆိုတာ ဘယ်မှာလဲလို့ မေးရမလိုဖြစ်နေတယ်။ ဘာသာရေး လူမှုရေး ဘာမှမတူတဲ့အတွက် မြန်မာတွေအနေနဲ့ တော်တော်နေရခက်ပါတယ်။ ဘာမဆို သည်းခံပါတယ်။ ရန်လဲမဖြစ်တတ်သလို ရန်ဖြစ်ရတာကိုလည်း ရှက်တဲ့အတွက် ဘာပဲ ဖြစ်လာလာ ကိုယ်လုပ်လို့ ဖြစ်ရတာဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုပဲ အပြစ်တင်မိပါတယ်။ ကိုယ့်စိတ်ကိုပဲ ပြုပြင်မိပါတယ်။ ဒါပေမယ့် ကိုယ့်ကြောင့်သူတပါးတွေ နေ့တိုင်း စိတ်ညစ်နေပြီး ကိုယ့်ကို စိတ်ထဲမကျေနပ်တဲ့သူတို့အတွက် ကိုယ်သာမရှိနေရင် ပိုကောင်းမယ်လို့ တွေးမိပြီး ဆုံးဖြတ်ချက်တခုချလိုက်ပါတယ်။ နှင်းကိုယ်တိုင်လဲ နားညည်းမခံချင်သလို သူတပါးကိုလည်း အပြစ်မမြင်ချင်ပါဘူး။ ဒါပေမယ့် လူ့စိတ်ဆိုတာ အမြဲတည်ငြိမ်နေတာမဟုတ်တော့လဲ ကိုယ်ဘယ်လောက်အထိ သည်းခံနိုင်မလဲဆိုတာမသိတဲ့အတွက် ဆုံးဖြတ်လိုက်တာပါ။
မကြာခင်ရက်ပိုင်းအတွင်းမှာ နှင်းချစ်ရတဲ့ အေးချမ်းလှတဲ့ မိဘရင်ခွင်မှာပဲ ပြန်ခိုလှုံခွင့်ရတော့မှာဖြစ်ပါတယ်။ တနှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ အတွေ့အကြုံတွေအများကြီးရခဲ့တဲ့အတွက် နှင်းအတွက်တော့ တန်ဖိုးရှိပါတယ်။ အခုလိုတယောက်ထဲရင်ဆိုင်ကြည့်မှ မိဘရဲ့ရင်ခွင်ဟာ ပိုအေးချမ်းတယ်ဆိုတာ သိလာပါတယ်။ ဒီတခါပြန်ပြီးရင်တော့ မိဘရိပ်ကနေ ထပ်ထွက်မသွားဖို့ ဆုံးဖြတ်ထားပါတယ်။

1 comment:
း) ဝမ်းသာပါတယ်ဗျာ
ကိုယ်ချင်းလည်းစာပါတယ်
အမိမြေပြန်ရတော့မယ့်အချိန်အပျော်လေးကိုခံစားဖူးတယ်း) ရွှေပြည်က ကြိုဆိုနေပါတယ်း)
Post a Comment