Saturday 25 October 2008

နှစ်ပတ်လည်နေ့( ၁ နှစ်ပြည့်)

၂၅.၁၀.၂၀၀၇

အဲဒီနေ့ကတော့ ဘ၀မှာ အမှတ်တရပါပဲ။ ဘလော့ပေါ်မှာ စာစရေးတဲ့ နေ့တစ်နေ့ပေါ့။ ဒီဘလော့လေးစလုပ်ဖို့ ပထမဆုံး တိုက်တွန်းတဲ့သူကတော့ ကိုမိုးကျော်ဝင်း ဆိုတဲ့ ကမ္ဘာအနောက်ခြမ်းမှာနေတဲ့ အစ်ကိုကြီးတစ်ယောက်ပါ။ နှင်းစာစရေးတော့လဲ ဂျီတော့ကနေပြီး စာတွေကိုဖတ် လိုအပ်တာတွေပြောပြပြီး စိတ်ရှည်လက်ရှည် အကြံညာဏ်ပေးခဲ့တဲ့သူပါ။ နှင်းရေးတဲ့စာတွေကို ပထမဆုံးဖတ်ပြီး အားပေးတဲ့လူ နှင်းရဲ့လေးစားရတဲ့ လူတစ်ယောက်ဆိုလဲ မမှားပါဘူး။ အပြင်မှာမတွေ့ဘူးပေမယ့် တကယ့်မိတ်ဆွေအရင်းတစ်ယောက်လို ခင်မင်ခွင့်ရတဲ့အတွက် ၀မ်းလဲသာမိပါတယ်။

နှင်း ဘလော့လေးရဲ့ နောက်ထပ်ကျေးဇူးတင်ရမယ့် သူနှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ ဘလော့မှာလိုအပ်တဲ့ နာရီတွေ ပြက္ခဒိန်တွေနဲ့ နှင်းမသိတာတွေကို သေသေချာချာ အချိန်ပေးပြီး ပြောပြပေးတဲ့ မောင်လေး ထိပေ့သျှင် ပါ။ ကျောင်းစာတွေနဲ့ မအားလပ်တဲ့ကြားထဲကနေ အစ်မသိချင်ရင်ပြောပြပါ့မယ့်ဆိုပြီး မညည်းမညူ ပြောပြပေးလို့ နှင်းဘလော့လေးရဲ့ ဆရာတစ်ယောက်လိုပါပဲ။ နောက်တစ်ယောက်ကတော့ စီဘောက်မှာ မြန်မာလိုမပေါ်လို့ ဒုက္ခရောက်နေတုန်း ကိုလွမ်းစေ ကပြောပြပြီး ပြင်ဆင်ပေးခဲ့ပါတယ်။ အခုလို စီဘောက်လေးမှာ သူငယ်ချင်းတွေရဲ့ စကားလေးတွေကို မြင်နေခွင့်ရတာကတော့ ကိုလွမ်းစေ ရဲ့ကျေးဇူးပါပဲ။

အရင်တုန်းကတော့ အလုပ်ကပြန်ရင် ဘာလုပ်ရမလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး။ မိတ်ဆွေမရှိ တော့လဲ အပြင်ဆိုတာ မထွက်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ အွန်လိုင်းကသိတဲ့ မိတ်ဆွေတွေရဲ့ ကူညီမှုတွေ သင်ကြားပေးမှုတွေနဲ့ ဘလော့ဆိုတဲ့ ကမ္ဘာလေးထဲကို ရောက်လာခဲ့ပါတယ်။ ဒီကမ္ဘာလေးထဲရောက်လာတော့ အရင်ကထက်ကို ပျော်ရွှင်လာပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ ရလာတော့ အလွန်ပျော်မိပါတယ်။ ပါးစပ်ကနေ စကားပြောရတာမဟုတ်ပေမယ့် သူငယ်ချင်းတွေ ရေးသွားတဲ့ စာလေးတကြောင်းကလဲ နှင်းအတွက် အလွန်စိတ်ချမ်းသာရပါတယ်။ အပြင်မှာ ၀မ်းနည်းစရာလေးတွေ တွေ့ရင်ဖြစ်စေ ကိုယ်စိတ်ညစ်လာရင်ဖြစ်စေ စာလေးရေးပြီး ရင်ဖွင့်တတ်လာပါတယ်။ အဲဒီလိုလေး လုပ်ခွင့်ရတဲ့အတွက် စိတ်ထဲမှာ တော်တော်လေးကို သက်သာပါတယ်။ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတစ်ခွန်းဟာ နှင်းအတွက် တော့အလွန်အားရှိလှပါတယ်။ သူငယ်ချင်းတွေဆီကို သွားလည်ရင်း စကြနောက်ကြနဲ့ အွန်လိုင်းပေါ်က ဘလော့ကမ္ဘာလေးကို သံယောဇဉ်တွယ်လာပါတယ်။ ဘလော့ဂ် မောင်နှမတွေကိုလဲ ခင်တွယ်မိပါတယ်။ ကိုမိုးကျော်ဝင်း မောင်လေးထိပေ့သျှင်နဲ့ ကိုလွမ်းစေ တို့ကြောင့် နှင်းရဲ့ ဒီဇင်ဘာနှင်းဆိုတဲ့ ဘလော့ကလေးစတင် ဖြစ်ပေါ်လာပြီး ၁ နှစ်ဆိုတဲ့အချိန်ကို ဖြတ်သန်းနိုင်ခဲ့တာကတော့ ဘလော့ဂ်ဂါ မောင်နှမတွေ စာလာဖတ်ကြတဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှု လက်တွဲခေါ်ဆောင်မှုကြောင့်ပါ။ အခုလို ဘလော့ဂ်ကမ္ဘာလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။






4 comments:

ထိပေ့သျှင် said...

အရင်ဆုံး ကော့မက်ပေးသွားတယ် အစ်မရေ၊ ရှေ့ဆက်ပြီး ပျော်ရွှင်စွာ စာရေးနိုင်ပါစေဗျာ။ အစ်မ ဘလော့ဖတ်ရတော့ ထိုင်ဝမ် အကြောင်း ပိုသိလာရတယ်။အစဉ် အားပေးလျှက်။

Anonymous said...

"ရက်တွေခညောင်း လတွေဎြောင်း၍ တစ်နှစ်တင်းတင်း ဎြည့်ခဲ့ဎြီ "နှစ် ပေါင်း များ စွာ ပျော် ရွှင် သော "Blog" လေး အ ဖြစ် ဆက် လက် တည် ရှိ ပါ စေ လို ဆု တောင်း ရင်း ...

မင်းကျန်စစ်။ said...

နောင်နှစ်ပေါင်းများစွာ ဆက်ပြီး ဘလော့ဂင်းနိုင်ပါစေ အမရေ... ။

၀ဿန်ဦး said...

တစ်နှစ်ပြည့်မှ ဆက်လက်၍ ပျော်ရွှင် အဆင်ပြေစွာ ဘလော့ဂင်းနိုင်ပါစေဗျာ..

နောက်လဲလာလည်နော်

Glitter Graphics