Sunday 20 December 2009

အချိန်တွေမရွေးသင့်ဘူး

မနေ့ညက ထိုင်ပေမှာ ငလျင်လှုပ်သွားတယ်။ ဖြစ်ချင်တော့ အလုပ်ကနေအပြန် အိပ်ရောက်နေတဲ့အချိန် ရေချိုးမလို့ အ၀တ်လဲနေတုန်း လှုပ်သွားတာ။ အခုနေပြန်တွေးပြီးပြောနေလို့သာ ရယ်နိုင်တာ။ ဖြစ်နေတုန်းကတော့ လူကတော်တော်လေးကြောက်သွားတယ်။ အရင်တုန်းကလဲ အခုလို မကြာခဏလှုပ်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီး အရှိန်မပြင်းတော့ သိပ်မကြောက်ပါဘူး။ မနေ့ညကတော့ ပစ္စည်းတွေလဲပြုတ်ကျ အ၀တ်တွေလဲပြုတ်ကျနဲ့ ကြောက်လန့်ပြီး ဦးလေးအငယ်ကို အော်လိုက်တာ ငယ်သံပါသွားတာပဲ။ အဒေါ်အငယ်နဲ့ ဦးလေးအကြီးကလဲ မရှိတော့ တူဝရီးနှစ်ယောက်သား ကြောက်လန့်ပြီး အပြင်ထွက်ပြေးဖို့ ပြင်နေကြတာ ပြန်တွေးကြည့်တော့ ရယ်စရာဖြစ်နေတယ်။ နှင်းကလဲ အိမ်အောက်ပြေးဆင်းဆိုပြီး အခန်းထဲကထွက်လာတယ်။ ဦးလေးအငယ်ကလဲ အိမ်ပေါ်ပြေးတက်မယ်ဆိုပြီး တံခါးအတင်းဖွင့်နေတယ်။ အိမ်အောက်ထပ်က အဒေါ်ကြီးတွေကလဲ အော်လိုက်တာ ဆူညံသွားတာပဲ။ ဒါပေမယ့် ငလျင်ကတော့ ခဏလေးပဲ လှုပ်သွားတာပါ။ လှုပ်သွားတဲ့ခဏလေးမှာ တော်တော်လေးကို ကြောက်သွားကြတာ။ ဦးလေးအကြီးနဲ့ အဒေါ်လဲပြန်ရောက်ရော တယောက်နဲ့တယောက်ဖြစ်တာကိုပြောပြီး ရယ်လိုက်ကြတာ။ ပြန်စဉ်းစားကြည့်တော့ လူတွေက သေရမှာကို တော်တော်လေးတုန်လှုပ်ကြပါတယ်။ ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော တကယ်တမ်းကြုံလာရတော့ ကြောက်ကြတာပါပဲ။

ပထမအရွယ် ပညာရှာ
ဒုတိယအရွယ် ဥစ္စာရှာ
တတိယအရွယ် တရားရှာ
ဆိုတဲ့ စကားက မှန်လားမမှန်လားတော့မသိဘူး။ တကယ်လို့များ မနေ့ညကသာ အခန့်မသင့်လို့ သေသွားခဲ့ရင် သေချာပါတယ်။ တရားမရှိလို့ အောက်ကိုပဲရောက်သွားမှာပါ။ တကယ်တော့ ဘယ်တော့သေမယ်ဆိုတာကို မသိတဲ့အတွက် အရွယ်တွေ အချိန်တွေ အသက်အရွယ်တွေကို စောင့်မနေပဲ တရားရှာသင့်ပါတယ်။ သေရင်ကိုယ့်နောက်ပါတာဆိုလို့ ကိုယ်ပြုတဲ့ကောင်းမှုကုသိုလ်ပဲရှိပါတယ်။

1 comment:

မောင်သီဟ said...

;) အင်းဗျာ ကြောက်တာကိုတော့ကိုယ်ချင်းစားတယ်
အထူးသဖြင့် တိုက်ခန်းပေါ်မှာဆိုပိုလို့ဆိုးမယ်ထင်တယ်
ရန်ကုန်မှာတခါကြုံတုန်းကတောင် ရင်တထိတ်ထိတ်နဲ့င်
အုန်းပင်ရိမ်းထိုးနေတာ အိမ်ကြီးရမ်းနေတာ
ဟူး ဘယ်နေရာခြေချရမှန်းကိုမသိဖူးဖြစ်သွားတား)

နောက်လဲလာလည်နော်

Glitter Graphics