ဒီတစ်ပတ်အလုပ်ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့ မြန်မာအများစုနေတဲ့ ရပ်ကွက်ကို သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သွားချင်တာကတော့ အစောကြီးပေါ့။ ဒါပေမယ့် အိမ်အလုပ်တွေပြီးမှပဲ အိမ်ကထွက်ဖြစ်တော့ နေ့လည် ၁၂ နာရီတောင်ကျော်နေပြီ။ လိုင်းကားစောင့်တာကြာနေတော့ ရန်ကုန်မှာလိုင်းကားစောင့်ရတဲ့ ဒုက္ခကို သွားသတိရတယ်။ ဒီထက်ပိုနောက်ကျရင် ကိုယ်စားချင်တဲ့ မြန်မာအစားအစာတွေ မစားရမှာ ကြောက်လို့တက္ကစီနဲ့သွားရတော့တာပေါ့။ လိုင်းကားခက ၁၅ ကျပ်ရယ် တက္ကစီက ၁၆၀လောက်ထိသွားတယ်။ ရောက်တော့အရင်ဆုံးသွားနေကျ မန်းသီရိစတိုးကို သွားပြီးလိုချင်တာတွေ ၀ယ်ပြီးတာနဲ့ မနက်အိပ်ရာထကထဲက ဘာမှမစားထားတော့ ဗိုက်ထဲမှာစစ်တိုက်နေပြီ။ ဒါနဲ့ ကိုယ်စားချင်တဲ့ ရှမ်းခေါက်ဆွဲဆိုင်ကို ခြေဦးလှည့်ရတာပေါ့။ ကိုယ်ရောက်သွားတဲ့အချိန်က ထမင်းစားချိန်ကျော်နေတော့ တော်သေးတယ်။ စားတဲ့လူတွေရှိပေမယ့် စားပွဲတွေကလွတ်နေသေးတယ်။ တို့ဖူးနွေးတစ်ပွဲနဲ့ ၀က်ခေါက် ကျော်တစ်ထုပ်မှာပြီးဗိုက်ထဲကစစ်ပွဲကို ငြိမ်းချမ်းစေလိုက်တယ်။ ကျွန်မသွားတာနောက်ကျနေတော့ မနက်ခင်းစားရတဲ့ ဆီထမင်းနဲ့ပဲပြုတ်တို့် ၊ ဘိန်းမုန့်တို့ မစားခဲ့ရဘူးပေါ့။ မြန်မာပြည်မှာဆိုရင် ကိုယ်စားချင်တဲ့အချိန် စားလို့ရတဲ့ အစားအစာတွေပါ။ ကိုယ်နေတာကလဲ မြန်မာရပ်ကွက်နဲ့နဲနဲဝေးတော့ အခုလိုပဲတကူးတက သွားစားရတော့တာပေါ့။ လိုင်းကားနဲ့ဆိုရင်မိနစ် ၂၀ ၃၀ လောက်စီးရတယ် အခုလိုအလုပ်ပိတ်ရက်မှာဆိုရင် ၀ှားရှင်းကျဲ လို့ခေါ်တဲ့ မြန်မာဆိုင်တွေရှိတဲ့ လမ်းမှာမြန်မာတွေနဲ့ စည်ကားလှပါတယ်။
No comments:
Post a Comment