ကွန်ပျူတာကဖိုင်တွေကို ဖွင့်ကြည့်ရင်းက သီတင်းကျွတ်လပြည့်ညတုန်းက ကျွန်မမောင်လေးရိုက်ထားတဲ့ လသာနေတဲ့ပုံလေးကိုတွေ့တော့ ငယ်ငယ်တုန်းက ဘ၀ကိုလွမ်းမိတယ်။ ကျွန်မတို့ကလေးဘ၀တုန်းက လပြည့်ညတွေမှာဆိုရင် သူငယ်ချင်းတွေနဲ့ လမ်းထဲမှာကစားကြတာကို သတိရတယ်။ အတူတူကစားခဲ့တဲ့ သူငယ်ချင်းတွေကိုလဲ လွမ်းတယ်။ သီတင်းကျွတ်ကျောင်းတွေကလဲ ပိတ်ထားတဲ့အချိန် လသာနေတဲ့ညမျိုးမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်း အချိန်ကုန်တာကို နှမျောမိတယ်။ ငယ်ငယ်တုန်းက ပြည့်ဝန်းနေတဲ့ လကိုကြည့်ရင်း ဖိုးလမင်းကြီးရယ် ထမင်းဆီစမ်း ရွှေလင်ပန်းကြီးနဲ့ပေးပါ ဆိုပြီးတောင်းခဲ့ဘူးတာကို အခုနေပြန်တွေးရင်း ပြုံးမိတယ်။ ကလေးဘ၀တုန်းကတော့ အဲဒီလိုတောင်းရင် တကယ်ရမယ်ထင်ပြီး ကြုံတိုင်းတောင်းခဲ့တာပေါ့။ လမင်းကြီးပေါ်မှာ ဆန်ဖွတ်နေတဲ့အဖိုးအိုနဲ့ ယုန်ကလေးနေတယ်လို့ လူကြီးတွေကပြောရင် တကယ်ရှိတယ်ထင်ပြီး မော့ကြည့်ရတာလည်ပင်းညောင်းတဲ့အထိပါပဲ။ အခုချိန်မှာ အဲဒီဘ၀မျိုးပြန်မရနိုင်တော့ဘူး။ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့အတွက် လပြည့်ညရဲ့ အေးချမ်းမှုကို မခံစားနိုင်တာ တော်တော်ကြာပြီ။ မြန်မာပြည်မှာတုန်းကတော့ ဘယ်နေ့ကတော့ သီတင်းကျွတ် လပြည့်၊ ဘယ်နေ့ကတော့ တန်ဆောင်မုန်းလပြည့်ရယ်လို့ ပြက္ခဒိန်ကိုကြည့်ပြီး ဘုရားသွားမယ်။ ဘုန်းကြီးကျောင်းသွားမယ် ဆိုတာမျိုးတွေနဲ့ မိသားစုတွေတပျော်တပါးသွားကြတယ်။ ဒါပေမယ့် မြန်မာပြည်ကနေ ခွဲခွာလာပြီးတဲ့ အခုချိန်မှာတော့ ဘယ်နေ့ကလပြည့်နေ့မှန်းတောင်မသိတော့ဘူး။ ညဘက်အပြင်ထွက်လဲ ကိုယ်အပူနဲ့ကိုယ်မို့ ကောင်းကင်ကိုလဲ မော့မကြည့်မိဘူး။ အခုတောင် ဓာတ်ပုံလေးကိုတွေ့တော့ ဘယ်တုန်းကရိုက်ထားတာလဲဆိုပြီး မောင်လေးကိုမေးကြည့်မှပဲ သီတင်းကျွတ်လပြည့်တောင် ကျော်သွားပြီဆိုတာသိလိုက်ရတယ်။ ဓာတ်ပုံလေးကိုကြည့်ရင်းနဲ့ပဲ ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့ရတဲ့လပြည့်ညတွေကို ပြန်လွမ်းမိပါတယ်။
No comments:
Post a Comment