Saturday 28 November 2009

ထွက်ပေါက်မှန်ပါစေ

မနေ့ကမှ မေးလ်တွေဝင်စစ်ဖြစ်ပါတယ်။ အလုပ်ကလဲ မအားတာရော မေးလ်ထဲမှာလဲ ဘာမှအရေးတကြီး မတွေ့တာကြောင့် သေချာဝင်မစစ်ဖြစ်ပါဘူး။ ဒါပေမယ့် မနေ့က၀င်ကြည့်ဖြစ်တော့ စင်္ကာပူက သူငယ်ချင်းမွန်မွန် ပို့ပေးထားတဲ့ forward မေးလ်ကို သွားကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ချစ်သူကောင်မလေးအတွက် ကိုယ့်အသက်ကို အဆုံးစီရင်သွားတဲ့ ကောင်လေးတယောက်ရဲ့ပုံရော စာတွေရောပါပါတယ်။ စာတွေကိုတောင်သေချာမဖတ်ဖြစ်ပါဘူး။ ကောင်လေးရဲ့ နာရေးဖိတ်စာကိုဖတ်လိုက်ပြီး ဓါတ်ပုံကို မြင်လိုက်တော့ ရင်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားလို့ တခါတည်းပဲ မေးလ်ကိုဖျက်လိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့တနေ့လုံး စိတ်ထဲမှာ မကောင်းပါဘူး။ အဲဒီကောင်လေးပုံကို ပြန်မြင်ပြီး ၂၀ ကျော်လူငယ်တယောက် အခုလို လုပ်သွားတာကို နှမျောမိပါတယ်။ အချစ်အတွက်နဲ့ အသက်ကို စတေးသွားတဲ့အတွက် ပိုနှမျောမိပါတယ်။

စိတ်ညစ်စရာဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ပြဿနာတခုဖြစ်လာရင်လည်း ဖြေရှင်းစရာဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းတဲ့နည်းတွေမတူတော့ မဖြစ်သင့်တာတွေဖြစ်သွားတတ်ပါတယ်။ အခုလဲ ကောင်လေးရဲ့ ဖြေရှင်းလိုက်တဲ့နည်းလမ်းက တော်တော်လေးကို ကြေကွဲစရာဖြစ်သွားပါတယ်။

အရင်ရက်တွေက ဆရာတော်လေး ရဝေနွယ်(အင်းမ) ရေးထားတဲ့ အချစ်နှင့် ၀ိပဿနာဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ပါတယ်။ လူတိုင်းမှာ အချစ်ဆိုတာရှိပါတယ်။ အချစ်နဲ့လဲ မကင်းနိုင်ကြပါဘူး။ အဲဒီထဲက စာသားလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။ အဲဒီထဲမှာ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ အခုလိုပြောထားပါတယ်။

ဘယ်လိုပြဿနာမျိုးပဲ ကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားရမယ်။
တချို့ပြဿနာတွေကို ဒါနပေးကမ်းစွန့်ကြဲပြီး ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို မေတ္တာနဲ့ ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို သနားကရုဏာနဲ့ ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို ဥပေက္ခာနဲ့ ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို သည်းခံပြီးဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကို သည်းခံတာမဟုတ်ပဲ တုံဏှိဘာဝေ=ဆိတ်ဆိတ်နေပြီး ဘာစကားမှကို ပြန်မပြောပဲ ဖြေရှင်းပစ်ရပါတယ်။
တချို့ပြဿနာတွေကို သစ္စာဆိုပြီး ဖြေရှင်းရပါတယ်။
တချို့ပြဿနာတွေကျတော့ ၀ိပဿနာနဲ့ ဖြေရှင်းရပါတယ်။

ပြဿနာတခုဖြစ်လာပြီဆိုရင် ခုတင်ပေါ်မှာလှဲ နဖူးပေါ်လက်တင် စိတ်ရော ရုပ်ရောလျော့ထားပြီး " ငါ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားမယ် " ဆိုတဲ့ အသိကို ထပ်ကာထပ်ကာ ဆင်ခြင်နေလိုက်ပါ။ ရင်ထဲမှာ ကိုယ်ဆင်ခြင်တဲ့ အသိ ရောက်လာပြီဆိုရင် သင့်တော်ရာ တရားသဘောတစ်ခုခုနဲ့ ဖြေရှင်းရမှာပါ။

အားတဲ့အခါလေးတွေမှာလည်း တရားသဘောလေးတွေကို ဆင်ခြင်နေသင့်တယ်။ ဆင်ခြင်းရင်းနဲ့ တရားအသိ လေးတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ တရားအသိလေးတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောနဲ့ ဖြေရှင်းသွားဖို့ပါပဲ။

ဖြစ်ပေါ်လာတဲ့ ပြဿနာကို မတရားတဲ့သဘောနဲ့ ဖြေရှင်းလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေကလည်း ပေါ်လာရဦးမှာပါပဲ။ တကယ့်ကို ကိုယ်ကဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တရားသဘောနဲ့ ဖြေရှင်းချင်တယ် မဖြေရှင်းတတ်တော့ဘူးဖြစ်နေရင် ဆရာတော်တွေ မိတ်ကောင်းဆွေကောင်းတွေ လူပညာရှိတွေကို တိုင်ပင်ပြောပြ အကြံတောင်းယူသင့်တယ်။ နောက်ဆုံး ဘယ်လိုမှ မဖြေရှင်းတတ်တော့ဘူး။ သိပ်ကို စိတ်ဆင်းရဲနေရပြီဆိုရင် ရိပ်သာဝင်ပြီး ၁၀ ရက်လောက် တရားအားထုတ်ပစ်လိုက်ပါ။

အချစ်ဆိုတာ အနာဂါမ်ရောက်မှ ပယ်လို့ရမှာပါ။ အနာဂါမ်မဖြစ်သေးသရွေ့တော့ အချစ်ဆိုတာ ရှိနေဦးမှာပါ။ အချစ်ရှိနေသရွေ့တော့ အချစ်နဲ့ယှဉ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရဦးမှာပါ။ စာဖတ်သူ အောက်က စာပိုဒ်လေးကို နှစ်ခေါက်လောက်တိုးတိုးလေး ဆိုကြည့်ရအောင်နော်။

"ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။ ဒါဆိုရင် စိတချမ်းသာပါလိမ့်မယ်။"

ဆရာတော်လေး ရဝေနွယ်ရေးထားတဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းလေးတွေပါ။

ဘယ်ပြဿနာမျိုးနဲ့ပဲကြုံကြုံ တရားသောနည်းနဲ့ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့လူတွေ ဖြစ်ကြပါစေ။





2 comments:

khin oo may said...

တို့လဲစာတစ်စစောင်ရတယ်။ ခလေးလေး ခိုးလို့တဲ့ကားဘီးအောက်ထဲ လက်ထဲ့ပြီးကြိတ်လိုက်တယ်ဆိုတဲ့ ဒါတ်ပုံတွေ ဖတ်ရမြင်ရတာ စိတ်ဆင်းရဲလိုက်တာ ချက်ခြင်းဖျက်လိုက်တယ်။ နောက်လူတွေ စိတ်မဆင်းရဲစေခ်ျငလို့ တစ်နေ့လုံးဘဲ သတိရနေတယ်။ ဘယ်လိုမျယားဖြစ်နေပါလိမ့်လောကကြီး

မောင်သီဟ said...

အင်းးးး အချစ်တွက်နဲ့အသက်စွန့်တယ်ဆိုတာထက်
ကိုယ့်ကိုကိုယ် သေကြောင်းကြံရင် ဖန်းခါးသီးအလုံး
ငါးရာစားရတတ်တယ်တဲ့ တော်ပီး ချားဖူးခါးတယ်

နောက်လဲလာလည်နော်

Glitter Graphics