ဆေးလိပ်တို
ဖြူဖြူတောင့်တောင့်
ခပ်ဖြောင့်ဖြောင့်
စတိုင်အတွက်ဖြစ်ဖြစ်
အကြိုက်ကြောင့်ဖြစ်ဖြစ်
ငါ့မှာ.....လူကြိုက်များလို့
(မနှစ်မြို့တဲ့သူလည်းရှိတာပေါ့)။
ကြည့်စမ်းပါအုံး..........
သူ့ဆန္ဒပြည့်ဝဖို့
ငါ့မှာလောင်ကျွမ်းလိုက်ရတာ
တစ်စတစ်စပြာကျ
မီးခိုးတွေတောင်တအူအူထွက်လို့။
ခါးကနေအညှပ်ခံ
ငါ့ဆံပင်တွေမီးလောင်တိုက်သွင်းရင်း
ဘ၀ဆိုတာပေးဆပ်ခြင်းတဲ့လား။
သို့လော.....သို့လော တွေးနေပြီး
ငါ့ ဘ၀ ငါ ကျေနပ်နေလို့........။
သိပ်မကြာလိုက်ပါဘူး
အစာဝရင်ပျံကြသတဲ့
လိုအင်ပြည့်ရင် စွန့်ပစ်တတ်တဲ့
အစီခံ သာကျန်တော့လို့
ပြန်လည်ငဲ့ကြည့်ခြင်း မခံရတော့တဲ့
အမှိုက်ပုံးထဲက ငါ့ဘ၀ကို
တစ်ခါတစ်ခါတော့ စိတ်နာသလိုဖြစ်သား။
သဲဦးပိုင်(ဆန့်ဆည်)
၂၅.၈.၂၀၀၇
ဒီကဗျာလေးကို သူငယ်ချင်းတစ်ယောက်ဆီကနေ ရထားတာပါ။ ကဗျာလေးကို ဖတ်ကြည့်ပြီး ဆေးလိပ်လေးရဲ့ဘ၀ကို မျက်လုံးထဲမြင်ရောင်လာတယ်။ သူ့ရဲ့ဘ၀ကို ပေးဆပ်ပြီး သူများတွေ စတိုင်ကျဖို့ သူ့ကိုကြိုက်တဲ့သူတွေ စိတ်ကျေနပ်ဖို့ အနာခံ မီးအလောင်ခံပြီး ဘ၀ကိုပေးဆပ်ခဲ့ရတယ်။လူ့ပတ်ဝန်းကျင်မှာလဲ ဆေးလိပ်လေးနဲ့တူတဲ့ လူတွေကိုတွေ့ဖူးကြမှာပါ။ သူတစ်ပါးအတွက် ကိုယ့်ဘ၀ကို အနစ်နာခံ၊ ကိုယ်အနာခံ ပေးဆပ်နေတဲ့လူက ကိုယ့်ကိုအလိုမရှိတော့ စွန့်ပစ်သွားတဲ့အခါမှ နောင်တတွေရပြီး ကိုယ့်ကိုယ်ကိုစိတ်နာသလို ဖြစ်တတ်တဲ့ လူမျိုးပေါ့။
No comments:
Post a Comment