ရင်ဂို ဆိုထားတဲ့ ပြည်တော်ပြန် ပလေးဘွိုင် ဆိုတဲ့သီချင်းလေးကို ရှာနေတာကြာပါပြီ။ ဒီနေ့တော့ youtube မှာတွေ့တာနဲ့ တင်လိုက်တာပါ။ အဝေးရောက် မြန်မာတွေအတွက် အလွမ်းပြေသီချင်းလေးဖြစ်သလို တချိန်ချိန်တော့ အိမ်ပြန်မယ်ဆိုတဲ့ စိတ်ကလေးဖြစ်မိမှာပါပဲ။ စာသားလေးတွေက ရင်ထဲကို တကယ်ထိပါတယ်။ ရင်ဂိုလိုပဲ နှင်းလဲ လွမ်းပါတယ်။ မြန်မာပြည်မပြန်ခင် နောက်ဆုံးတင်တဲ့ ပိုစ်လေးလဲဖြစ်ပါတယ်။
Sunday, 11 July 2010
Friday, 9 July 2010
၁ နှစ်ပြည့် အပြန်ခရီး
အချိန်တွေဆိုတာက စောင့်နေရရင်သာ ကြာတယ်ထင်တာပါ။ ကုန်သွားပြီးလို့ရှိရင်တော့ မြန်တယ်လို့ ထင်မိပြန်တယ်။ အခုလည်း နှင်း ထိုင်ဝမ်ကို ပြန်လာတာ ၁ နှစ်ပြည့်တော့မယ်။ မနှစ်က ဇူလိုင် ၁၂ ရက်နေ့ မြန်မာပြည်ကနေပြန်လာခဲ့ပါတယ်။ အခုလည်း ဒီဇူလိုင် ၁၂ ရက်နေ့မှာပဲ မြန်မာပြည်ကို ပြန်တော့မယ်။ တမင်တကာ လုပ်ယူထားရင်တောင် အခုလို တိုက်ဆိုင်ပါ့မလားဆို မပြောနိုင်ပါဘူး။ အခုတော့ ၁ နှစ် တင်းတင်းပြည့်တဲ့နေ့မှာတော့ အမိမြန်မာပြည်ကို ပြန်နိုင်ပါပြီ။ အကျိုးအကြောင်းတွေက ဒီအချိန်မှာ တော်တော်တိုက်ဆိုင်တယ်ပြောရမယ်။ အလုပ်ကလဲ ဖိအားများလာသလို အိမ်ကလဲပြန်ခေါ်ချိန်ဖြစ်နေပါတယ်။ တခြားအကြောင်းအရာတွေလဲ တိုက်ဆိုင်လာပါတယ်။
ဖြစ်ချိန်တန်ရင် ဘာနဲ့မှတားဆီးလို့မရပါဘူး။ အချိန်တန်တော့လဲ အိမ်ပြန်နိုင်ပါပြီ။ ၁၂ ရက်နေ့ကျရင်တော့ နှင်းတယောက် မြန်မာပြည်ကိုပြန်ရောက်နေပါပြီ။ ဘလော့ရေးတာကိုတော့ တော်တော်နဲ့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတွေအားလုံးကိုတော့ ရင်ထဲကနေ အမြဲသိရနေမှာပါ။

Monday, 5 July 2010
good bye Taiwan
နှင်းစိတ်ထဲမှာ တော်တော်လဲ ၀မ်းနည်းမိသလို စိတ်ထဲလဲ မကောင်းပါဘူး။ ထိုင်ဝမ်ကို ပြန်လာမယ်ပြောတော့ မောင်လေးက တားပါတယ်။ ပါပါးနဲ့ မာမားကလဲ သမီး စိတ်ထဲသေချာစဉ်းစားပြီးပြီလားလို့ ထပ်ခါတလဲလဲ မေးပါတယ်။ မောင်လေးကတော့ ကိုယ့်စိတ်ကိုနိုင်မှပြန်သွားနော်လို့ သတိပေးပါတယ်။ ဘာပဲဖြစ်ဖြစ် တခါမှ မိဘနဲ့ မခွဲဘူးလို့ ခွဲပြီးကိုယ့်ဘ၀ကိုယ် ရပ်ကြည့်မယ်လို့ စဉ်းစားပြီး ပြန်ထွက်လာခဲ့ပါတယ်။ အရင်နေတုန်းကတော့ မိသားစုလိုက်ဖြစ်လို့ ဘာခံစားချက်မှ သိပ်ပြီးမရှိပါဘူး။ အခုတခါက မိဘတွေက ပြန်မလိုက်လာတဲ့အတွက် မိဘတွေကိုလွမ်းတဲ့စိတ်ရယ် အားငယ်စိတ်ရယ်က ရှိနေပါတယ်။ ဦးလေးအဒေါ်တွေ ဘယ်လောက်ပဲ ဂရုစိုက်ပါတယ်ပြောပြော မိဘတွေကိုလွမ်းမိပါတယ်။
အပြင်လောကအကြောင်း သေချာမသိသေးတော့ အခက်အခဲတခုခုတွေ့လိုက်တာနဲ့ မျက်ရည်ကျလွယ်နေတယ်။ မိဘတွေအရိပ်မှာနေတုန်းကတော့ အပူအပင်ကင်းကင်းနဲ့ နေနိုင်ပါတယ်။ လူတွေအပေါ် မေတ္တာထားနိုင်ဖို့ အမြဲမှာနေတဲ့ မာမားစကားကို မမေ့ပါဘူး။ မပျော်ရင် ပြန်လာဖို့ မှာလိုက်တဲ့ ပါပါးစကားကလည်း နှင်းအတွက် အားတခုပါပဲ။ လူတွေအပေါ် မမုန်းပါဘူး။ ဒါပေမယ့် လူတွေအလိုကျ ဘယ်လိုများ လိုက်နေရမလဲဆိုတာ မသိပါဘူး။ ကိုယ်နေတတ်သလို နေတော့လဲ ကိုယ့်အတွက်နဲ့ သူတို့မှာ အကုသိုလ်များနေပါတယ်။ တကယ်ပါ ကိုယ့်အတွက်နဲ့ ဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်ပါဘူး။ ကိုယ့်ကြောင့်ပျော်နေတာမျိုးပဲ ဖြစ်စေချင်တာပါ။ ဒါပေမယ့် ဘ၀ဆိုတာ ဖြစ်ချင်တိုင်းမဖြစ်တဲ့အရာပါ။
နိုင်ငံရပ်ခြားမှာ အရာရာတိုးတက်ပါတယ်။ ဒါပေမယ့် စိတ်ချမ်းသာမှုဆိုတာ ဘယ်မှာလဲလို့ မေးရမလိုဖြစ်နေတယ်။ ဘာသာရေး လူမှုရေး ဘာမှမတူတဲ့အတွက် မြန်မာတွေအနေနဲ့ တော်တော်နေရခက်ပါတယ်။ ဘာမဆို သည်းခံပါတယ်။ ရန်လဲမဖြစ်တတ်သလို ရန်ဖြစ်ရတာကိုလည်း ရှက်တဲ့အတွက် ဘာပဲ ဖြစ်လာလာ ကိုယ်လုပ်လို့ ဖြစ်ရတာဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုပဲ အပြစ်တင်မိပါတယ်။ ကိုယ့်စိတ်ကိုပဲ ပြုပြင်မိပါတယ်။ ဒါပေမယ့် ကိုယ့်ကြောင့်သူတပါးတွေ နေ့တိုင်း စိတ်ညစ်နေပြီး ကိုယ့်ကို စိတ်ထဲမကျေနပ်တဲ့သူတို့အတွက် ကိုယ်သာမရှိနေရင် ပိုကောင်းမယ်လို့ တွေးမိပြီး ဆုံးဖြတ်ချက်တခုချလိုက်ပါတယ်။ နှင်းကိုယ်တိုင်လဲ နားညည်းမခံချင်သလို သူတပါးကိုလည်း အပြစ်မမြင်ချင်ပါဘူး။ ဒါပေမယ့် လူ့စိတ်ဆိုတာ အမြဲတည်ငြိမ်နေတာမဟုတ်တော့လဲ ကိုယ်ဘယ်လောက်အထိ သည်းခံနိုင်မလဲဆိုတာမသိတဲ့အတွက် ဆုံးဖြတ်လိုက်တာပါ။
မကြာခင်ရက်ပိုင်းအတွင်းမှာ နှင်းချစ်ရတဲ့ အေးချမ်းလှတဲ့ မိဘရင်ခွင်မှာပဲ ပြန်ခိုလှုံခွင့်ရတော့မှာဖြစ်ပါတယ်။ တနှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ အတွေ့အကြုံတွေအများကြီးရခဲ့တဲ့အတွက် နှင်းအတွက်တော့ တန်ဖိုးရှိပါတယ်။ အခုလိုတယောက်ထဲရင်ဆိုင်ကြည့်မှ မိဘရဲ့ရင်ခွင်ဟာ ပိုအေးချမ်းတယ်ဆိုတာ သိလာပါတယ်။ ဒီတခါပြန်ပြီးရင်တော့ မိဘရိပ်ကနေ ထပ်ထွက်မသွားဖို့ ဆုံးဖြတ်ထားပါတယ်။

Thursday, 1 July 2010
ငွေနဲ့မလဲနိုင်တဲ့အရာ
နှင်းတို့တွေ ငွေဆိုတဲ့အရာကို လိုအပ်ကြတာ လူတိုင်းအသိပါ။ ငွေဟာ အရာတော်တော်များများကို ဖန်တီးလို့ရပေမယ့် လူတွေရဲ့ပျော်ရွှင်မှု ချမ်းမြေ့မှု ချစ်ခြင်းမေတ္တာတွေကိုတော့ မဖန်တီးနိုင်ပါဘူး။ အလုပ်လုပ်ရင် ငွေရမယ်ဆိုတာသိပေမယ့် အလုပ်ထဲမှာ မပျော်ရွှင်ဘူးဆိုရင်တော့ ရလာတဲ့ငွေကလဲ တခြားအရာအတွက်အသုံးဝင်ပေမယ့် မိမိရဲ့ပျော်ရွှင်မှုကတော့ မရတော့ပါဘူး။
အလုပ်ထဲမှာ ပျော်ရွှင်မှုရှိမှလဲ အလုပ်ကိုအကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်မှာပါ။ အလုပ်ထဲမှာ မပျော်ရွှင်တော့ဘူးဆိုရင်တော့ မနက်လင်းတာနဲ့ အလုပ်သွားရမှာ ကြောက်လာပါတယ်။ ကိုယ့်စိတ်ကမပျော်နိုင်တော့ ဘာလုပ်လုပ်အဆင်ပြေတယ်ဆိုတာ နည်းလာပါတယ်။ အခက်အခဲတခုခုဖြစ်တာနဲ့ စိတ်ဓါတ်ကျလာတယ်။ ကုန်သွားတဲ့အချိန်တွေက ဘယ်တော့မှ အစားထိုးပြန်မရနိုင်တော့ဘူး။ အဲဒီအချိန်တွေကို စိတ်ညစ်ခံပြီးကုန်ဆုံးလိုက်မယ်ဆိုရင်တော့ တကယ်နှမျောဖို့ကောင်းမှာပါ။ တချို့ကလဲ မပျော်လို့မလုပ်ရင် ဘယ်ကပိုက်ဆံနဲ့သုံးမလဲလို့ ပြောမှာပါ။ တကယ်လို့ အတင်းကြိတ်မှိတ်ပြီးလုပ်လို့ မွန်ကျပ်လာတဲ့အချိန် ထွက်ပေါက်ပေးတာမှားတဲ့အခါ ဘ၀ပါဆုံးသွားနိုင်ပါတယ်။ ပိုက်ဆံဆိုတာထက် ကိုယ့်အလုပ်မှာမပျော်တော့ရင် အလုပ်သစ်ပြောင်းဖို့ ကြိုးစားသင့်တယ်။
ကျောင်းသားဆိုတာ ကျောင်းနေရတာ ကျောင်းသွားရတာကိုပျော်မှ စာသင်ချင်တဲ့စိတ်ရှိမှာပါ။ အလုပ်လုပ်တဲ့သူကလဲ အလုပ်ထဲမှာပျော်မှ အလုပ်လုပ်ချင်စိတ်ရှိမှာပါ။
ဘာလို့များ ဒီလောက်တောင် ပြောနေတာလဲလို့တွေးနေမှာပဲနော်။ အခု နှင်းတယောက်လဲ ငွေနဲ့လဲလို့မရတဲ့ ပျော်ရွှင်မှုအတွက် အလုပ်ကနေ နှုတ်ထွက်စာတင်ပြီး အိမ်မှာပဲ ကွန်ပျုတာကလိနေပါတယ်။

Sunday, 27 June 2010
မေမေ
မေမေ လို့မခေါ်ရတာ ကြာလာမှ ခေါ်ခွင့်ရနေတဲ့အချိန်တွေကို တမ်းတမိတယ်.......
အတူတူနေခွင့်မရှိတော့မှ မေမေ့ရင်ခွင်ကို ပိုလွမ်းတတ်လာတယ်.............
ဘယ်သူတွေ ဘယ်လောက်ကောင်းပါတယ်ပြောပါစေ မေမေ ကောင်းတာကို မမှီပါဘူး.........
ဘယ်သူတွေ ဘယ်လောက်ပဲ ချစ်တယ်ပြောပါစေ မေမေ့ မေတ္တာကို ယှဉ်လို့မရဘူး...........
ဘယ်သူတွေ ဘယ်လောက်ပဲ နားလည်ပါတယ်ပြောပါစေ မေမေ့နားလည်မှုရဲ့ တ၀က်တောင်မရှိပါဘူး........
ဘယ်ဟင်းတွေ ဘယ်လောက်ကောင်းကောင်း မေမေချက်တဲ့ ဟင်းတခွက်လောက် စားမကောင်းတော့ပါဘူး.........
အခုတော့ သမီးလေ မေမေ့ မေတ္တာတွေကို တန်ဖိုးထားတတ်လာပြီ.......မေမေ့အနားကို ပြန်လာချင်ပြီ.........စိတ်ညစ်လို့ ပြောပြချင်ပေမယ့် မေမေစိတ်ပူမှာစိုးတယ်........မေမေရယ်

Sunday, 6 June 2010
စေတနာအမှား
မိဘတွေက သားသမီးတွေကို ထွန်းပေါက်စေချင်တိုးတက်စေချင်သလို မိတ်ဆွေသူငယ်ချင်းပဲ ဖြစ်ဖြစ် မောင်နှမတွေပဲဖြစ်ဖြစ် ကောင်းစားစေချင်တဲ့ စေတနာစိတ်ကလေးတွေ ရှိတတ်ကြပါတယ်။ အဲလိုစိတ်ကလေးတွေနဲ့ တယောက်ကိုတယောက် ဖေးမကူညီတတ်ကြသလို အမြင်မတော်တာတွေ့ရင်လဲ ပြုပြင်အောင် ဆုံးမတတ်ကြပါတယ်။ အဲလိုပြောဆို ကူညီတဲ့အခါ အပြောမတတ်တော့ ဆဲသလိုဆိုသလိုပဲ ဖြစ်စေချင်တဲ့ဇောနဲ့ ပြောလိုက်တဲ့အခါ ကိုယ်ကတော့ စေတနာနဲ့ပြောလိုက်ပေမယ့် နားထောင်သူရဲ့စိတ်ထဲမှာကျတော့ နားဝင်မကောင်းတော့ပါဘူး။ ငါ့ကိုအပြစ်ပြောနေတယ် ဆိုတဲ့အမြင်မျိုးဖြစ်သွားသလို ငါကသူ့လိုမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်မျိုးလဲ ဖြစ်သွားနိုင်တယ်။ ကိုယ်ကတော့ စေတနာနဲ့ ပြောလိုက်ပေမယ့် စေတနာကသူ့အတွက် မကောင်းတဲ့အတွေးဆီကို ရောက်အောင်ပို့လိုက်သလိုဖြစ်သွားတယ်။ စိတ်အားငယ်အောင် လုပ်သလိုဖြစ်သွားပါတယ်။
နှင်းပတ်ဝန်းကျင်မှာလဲ အခုလို စိတ်မျိုးဖြစ်သွားတဲ့သူတွေကို ခုတလောမြင်နေရတယ်။ တိုးတက်စေချင်လို့ပြောနေပေမယ့် တဖက်ကကျတော့လဲ အပြောခံရလေ သိမ်ငယ်လေဆိုသလို ဖြစ်သွားတယ်။
တကယ်တော့ လူတယောက်ကို ပြုပြင်စေချင်ရင်ပဲဖြစ်ဖြစ် ကူညီချင်ရင်ပဲဖြစ်ဖြစ် သူရဲ့ စိတ်ဓာတ်ကို မထိခိုက်နိုင်တဲ့စကားမျိုး အကူအညီမျိုးနဲ့ သူတိုးတက်လာအောင် ကူညီနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။

Thursday, 20 May 2010
တနေ့တာအလွဲများ
ဒီနေ့တော့ ပြောကိုမပြောချင်တော့ပါဘူးလို့ပဲ ပြောလိုက်ချင်တယ်။ မနက်မိုးလင်းလို့ အိမ်ကစထွက်ကတည်းက လွဲလိုက်တာ ညနေမိုးချုပ်တဲ့အထိပါပဲ။ အိမ်ကထွက်လို့ မနက်စာဝင်ဝယ်တော့ ခဏလေးစောင့်ပါဆိုလို့ ထိုင်စောင့်လိုက်တယ်။ မှာထားတာပြီးပြီဆိုလို့ ပိုက်ဆံရှင်းတော့ ၁ ကျပ်စေ့ကို ၅၀ အစေ့ထင်ပြီင်္း ဆိုင်ကထွက်လာတာ လမ်းတ၀က်ကျမှ လက်ထဲကြည့်တော့ ၁ ကျပ်စေ့ဖြစ်နေတယ်။ ပြန်သွားပြောဖို့ကျတော့ အလုပ်ချိန်ကနီးနေပြီ ထားလိုက်ပါတော့ဆိုပြီး ကားမှတ်တိုင်ဆီ သုတ်ချေတင်သွားတာ မှတ်တိုင်ရောက်တော့ စီးမယ့်ကားက ကပ်ပြီးလွတ်သွားတယ်။ ရပါတယ် နောက်ထပ်ကားကမြန်တယ်ဆိုပြီးစောင့်လိုက်တာ မိနစ်၂၀လောက်ကြာသွားတယ်။ အရင်ဆိုရင် ၃ စီးလောက်လာနေကျ ဒီနေ့ကျမှ ၁ စီးတည်းကို လူတွေပြုံတက်လိုက်တာ ကားကကျပ်နေတယ်။
ဒီလိုနဲ့အလုပ်ရောက်တော့ ကွန်ပျူတာလေးဖွင့် ဒီနေ့အရေးကြီးတဲ့ပစ္စည်းရှိတာ မြန်မြန်လုပ်လိုက်မယ်ဆို ထိုင်ကာရှိသေး လူကြီးတွေရောက်လာပြီး ပစ္စည်းဘာလို့မထွက်သေးတာလဲဆိုပြီး ပြောပါလေရော။ ကဲ တမနက်လုံး လူကအဆင်မပြေလာတော့ ဒေါသလေးကနည်းနည်းထွက်နေပြီ။ လူကြီးကိုလဲမသိတော့ဘူး။ ငါမပြီးတာမဟုတ်ဘူး testing ကစစ်မပေးလို့မပြီးတာဆိုပြီးဘုတောလိုက်တယ်။ လူကြီးတယောက်က ပြောပြီးလှည့်အထွက် နောက်တယောက်ကရောက်လာပြီး မေးပြန်ရော။ မရတော့ဘူး။ ဒေါသက တော်တော်ထွက်နေပြီ။ ဒေါသထွက်ထွက်နဲ့ ကစ္စည်းကိုလုပ်လိုက်တာ လက်စသတ်ဒါနီးလည်းကျရော နောက်ပစ္စည်းတခုဆင်တာ ပြဿနာရှိုလို့ နင့်ဆီရောက်လာရင် အမှားဖမ်းပေးပါဦးတဲ့။ ကဲ ထားလိုက်တော့ ကိုယ်ကနောက်ဆုံးအဆင့်ကြည့်ရမှာပဲဆိုပြီး ဟုတ် ကြည့်လိုက်မယ်ဆိုပြီး နေလိုက်တယ်။
ထမင်းစားနားတော့မယ်ဆိုတော့ လူကစားတဲ့ဆီစိတ်ရောက်သွားတော့ ဒေါသတွေလည်းမရှိတော့ဘူးပေါ့။ ဒီလိုနဲ့ ကိုယ်နဲ့ တွဲလုပ်တဲ့သူတွေ ဘယ်လိုနေလဲသွားကြည့်မယ်ဆိုပြီးအသွား နောက်ပြဿနာတခုက ဆီးကြိုနေပြန်တယ်။ အရေးကြီးပါတယ်ဆိုတဲ့ အာမခံတံဆိပ်ကို မကပ်မိဘူးတဲ့လေ။ ဘယ်လိုလုပ်ကြမလဲ။ ခေါင်းဆောင်ကိုပြောတော့ စိတ်ဆိုးပြီး သွားပြောပါလေရော။ မတတ်နိုင်တော့ဘူး။ သေချာမှာထားတာကို အခုလိုဖြစ်တော့ နှင်းလဲတော်တော်စိတ်ဆိုးမိတယ်။ တွဲလုပ်တဲ့သူတွေမှားရင် နှင်းကအရင်အဆူခံရပါတယ်။ နှင်းသေချာမပြောလို့ မသင်လို့ဆိုပြီး အပြောခံရပါတယ်။ ခေါင်းဆောင်ကပြောရှာတယ် စိတ်ကိုလျှော့ပါတဲ့။ သူကပြောသာပြောတယ်။ သူကိုယ်တိုင်လဲ စိတ်မလျှော့နိုင်ရှာဘူး။ သူကတော့ တာဝန်ပိုကြီးတာပေါ့။ ဒီလိုနဲ့ ထမင်းစားသွားလိုက်ကြတယ်။
အလုပ်လဲပြန်တက်ရော ပြဿနာနောက်တခုက ဆီးလို့ကြိုနေပြန်တယ်။ ဒီတခါတော့ ဒေါသကအထွတ်အထိပ်ရောက်သွားပြီ။ မရတော့ဘူး။ အရေးကြီးတယ်နော် အမှားလုံးဝမခံဘူးနော် သတိထားပါဆိုတာ နေ့တိုင်းပြောပါတယ်။ ကိုယ်တိုင်လဲ အမြဲသတိထားနေရပါတယ်။ နှင်းတို့ဆီမှာက bar code printer တွေထုတ်တယ်။ printer တိုင်းမှာ adapter ကိုတွဲပေးထားပါတယ်။ တွဲထားပြီးတဲ့ printer နဲ့ adapter ကို မှားပြီးထည့်လို့မရပါဘူး။ အခုတော့ တလွဲတွေထည့်ထားတော့ ပြဿနာကကြီးသွားပါပြီင်္။ ပထမကတော့ တခုတလေပဲဆိုပြီး ရပါတယ်။ နှင်းကွန်ပျူတာကနေကြည့်ပေးမယ်ဆိုပြီး တခုချင်းကြည့်ပါတယ်။ နောက်ကျတော့ တခုမကဘူး နောက်က LAN Card တွေပါ နံပါတ်တွေမှားနေပြီဆိုတော့ နှင်းလဲသည်းမခံနိုင်တော့ဘူး ထုတ်လုပ်ရေးရဲ့ ခေါင်းဆောင်ကိုသွားခေါ်ပြီး လာကြည့်ခိုင်းပါတယ်။ ဘယ်သူလဲဆူိုပြီးစစ်လိုက်တော့ ကိုယ်နဲ့တွဲတဲ့သူကလုပ်လိုက်တာ။ မတတ်နိုင်တော့ဘူး။ ငါတော့ ဒီလူနဲ့တွဲပြီး ဘယ်လိုလုပ်လဲဆိုတော့ ချက်ချင်းပဲ ၀န်ထမ်းရေးရာဌာနက လူကြီးရောက်လာပြီး လုပ်တဲ့သူကိုလာခေါ်သွားပါတော့တယ်။ ဒီလိုစကားတွေလဲ မပြောချင်ပါဘူး။ ကိုယ့်ကြောင့်လဲ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် အဲဒီလူတယောက်ရဲ့ လုပ်ရပ်ကြောင့် အလုပ်တခုလုံး ထိခိုက်မှာဆိုတော့ မပြောချင်လဲ ပြောလိုက်ရတယ်။
အလုပ်ဆင်းလို့အိမ်ပြန်မယ်ဆိုပြီး ဓါတ်လှေခါးစီးတော့ ၁ ထပ်မှာဆင်းမှာကို မနှိပ်မိပဲ မြေအောက်ထပ်ထိပါသွားတော့မလို့ ၃ ထပ်ရောက်မှ မြန်မြန်နှိပ်လိုက်ရတယ်။ ပြန်ခါနီးသာထပ်လွဲရင်တော့ မကောင်းတော့ပါဘူး။
တနေကုန် ပြဿနာပေါင်းစုံနဲ့ လူကတော်တော်ကိုမောပါတယ်။ ဒီနေ့လောက် တလွဲတွေများတာ ဒီနေ့ပါပဲ။ အခုလိုအလွဲတွေနဲ့ နောက်ရက်တွေမဆုံပါစေနဲ့လို့ ဆုတောင်းပါတယ်။

Friday, 14 May 2010
ပါးကွဆန်း
ထိုင်ဝမ်ကို ပြန်လာပြီး အလုပ်အသစ်ကို စ၀င်ကတည်းက ဖိအားတွေ အရမ်းများပါတယ်။ အလုပ်ထဲမှာ အတူတူလုပ်တဲ့ အစ်မတွေ ဆရာသမားတွေကလည်း အလုပ်ရဲ့ဖိအားကို ဖြေဖျောက်ဖို့အတွက် ပိတ်ရက်တွေမှာ နေ့ချင်းပြန်ခရီးတွေ သွားတတ်ပါတယ်။ အခုတော့ နှင်းလဲ သူတို့နဲ့အတူ နေရာတော်တော်များများ ရောက်ဖြစ်ပါတယ်။ ဒီတခါတော့ ပါးကွဆန်း လို့ တရုတ်လိုခေါ်တဲ့ မြတ်စွာဘုရားရုပ်ပွားတော် အကြီးကြီးရှိတဲ့နေရာကို ရောက်ခဲ့ပါတယ်။ ထိုင်ပေကနေ ထိုင်ကျုံးလို့ခေါ်တဲ့ အလယ်ပိုင်းမြို့ကို သွားတဲ့လမ်းကနေ လမ်းခွဲသွားရတာပါ။ လမ်းကြောသိပ်မကျွမ်းတဲ့အတွက် သေချာမပြောနိုင်တာတော့ နားလည်ပေးပါနော်။ ဂျပန်နိုင်ငံမှာလဲ ရှိသလို ထိုင်ဝမ်မှာလဲ ရှိတယ်လို့သိတော့ ဆရာတွေကလဲ ဘုရားသွားဖူးမယ်ဆိုပြီး ရောက်ခဲ့တာပါ။ ရုပ်ပွားတော်ကြီးရဲ့ အထဲထဲမှာ မြတ်စွာဘုရားရဲ့ မဟာဗုဒ္ဒ၀င်ကိုလဲ ပုံဖော်ထားပါတယ်။ ဘေးပတ်လည်မှာ မြက်ခင်းစိမ်းတွေနဲ့ ရုပ်ပွားတော်ကြီးက ကြည်ညိုစရာကောင်းသလို တောင်ပေါ်မှာ ရှိနေတာဖြစ်လို့ လေအေးအေးလေးနဲ့ ဘုရားရိပ်က အေးမြနေပါတယ်။
ဘုရားကြီးရဲ့ အနောက်ဘက်မှာတော့ ၃ ထပ်ကျောင်းဆောင်ကြီးရှိပြီး အပေါ်ဆုံးထပ်မှာတော့ မြတ်စွာဘုရားရုပ်ပွားတော်တွေရှိသလို အောက်ထပ်တွေမှာတော့ ထိုင်ဝမ်နိုင်ငံသားတွေ ကိုးကွယ်တဲ့ ရိုးရာဘိုးတော် ရုပ်တုတွေလဲ တွေ့ခဲ့ရပါတယ်။ ကျောင်းဆောင်ကြီးရဲ့ နောက်ဘက်မှာတော့ ဘုံ ၇ ဆင့်အဆောင်နှစ်ခုကို ဘေးတဖက်ဆီမှာ ဆောက်ထားပါတယ်။ ကျောင်ဆောင်ကြီးရဲ့ ဘေးဘက်မှာတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တန်းလဲရှိပါတယ်။ တရုတ်ရိုးရာ ပန်းပုလက်ရာတွေကလဲ အလွန်လှပါတယ်။ ရောက်သွားတဲ့အချိန်က ညနေနေ၀င်ချိန်လေးဖြစ်နေတဲ့အတွက် ဆည်းဆာအလှက ပိုလှနေတယ်လို့ထင်မိပါတယ်။ ဘုရားကုန်းတော်ပေါ်ကနေ တောင်အောက်ကမြို့ကို မြင်ရတဲ့ရှုခင်းကလဲ တမျိုးလေးလှနေတာပါပဲ။
သွားခဲ့တာက ၄ လပိုင်းထဲကဖြစ်ပါတယ်။ အလုပ်တဖက်နဲ့ စာမရေးနိုင်တာနဲ့ အခုမှ ရေးဖြစ်တယ်။

Tuesday, 4 May 2010
အလုပ်ထဲက ဒုက္ခ
ပြောချင်တာတွေ ရေးချင်တာတွေက များနေပြီး ဘယ်ကနေဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ ဘလော့ကိုလဲ အရင်လို အချိန်မပေးနိုင်သလို လူကအလုပ်ထဲမှာပဲ အချိန်ကုန်နေပါတယ်။ အိမ်ကလူတွေနဲ့တောင် တနေ့တနာရီပြည့်အောင် စကားမပြောဖြစ်ပါဘူး။ စိတ်ရောလူရော အလုပ်ထဲရောက်နေပြီး ဖိအားတွေများနေတော့ ခုတလော စိတ်ကိုတော်တော်လေး ထိန်းနေရတယ်။ မနက်မိုးလင်းလို့ အလုပ်ထဲစ၀င်တာနဲ့ မျက်နှာမှာ အပြုံးဆိုတာ တော်တော်ရှားသွားပြီ။ တွဲလုပ်ရတဲ့သူတွေက အလုပ်အကြောင်းကို နားလည်နေရင်တော့ စိတ်နည်းနည်းသက်သာရပေမယ့် မအူမလည်ဆိုရင်တော့ အဲဒီအချိန်မှာ နှင်းရဲ့မျက်နှာကတော့ လငပုတ်ဖမ်းထားသလို မည်းနေပါပြီ။ တခါတလေများ တွဲလုပ်တဲ့သူတွေမှားပြီဆိုရင် ကိုယ်ကအရင်အပြောခံရတယ်။ မသိလို့မှားတာကို လက်ခံနိုင်ပေမယ့် ပေါ့လျော့တာကျတော့ တော်တော်လေး ဒေါသဖြစ်မိတယ်။ ဆရာတွေကပြောရှာပါတယ်။ စိတ်ကိုထိန်းပြီး ဒေါသကိုလျော့ပါတဲ့။
မနေ့ကပဲ အနားမှာအတူတူလုပ်တဲ့ အစ်မတယောက်က ဘာရာသီဖွားလဲတဲ့လေ။ LEO သိလ်ရာသီဖွားဆိုတော့ ရယ်လေရဲ့။ အော်ဒါကြောင့်ကိုးတဲ့။ ခြင်္သေ့မိုလို့ အခုလိုဖြစ်နေတယ်လို့များ တွေးလိုက်သလားမသိပါဘူး။ နှင်းကလဲအိမ်မှာ သမီးဦးဖြစ်သလို စနေလဲဖြစ်တော့ တော်တော်ဒေါသကြီးတယ်။ သားဦးစနေ မီးလိုမွှေဆိုသလို ငယ်ငယ်က ဘယ်လောက်မွှေခဲ့လဲမသိပါဘူး။
လုပ်ငန်းခွင်ဆိုတော့လဲ လူပေါင်းစုံ စရိုက်ပေါင်းစုံ လူမျိုးပေါင်းစုံရှိတော့ အားလုံးအဆင်ပြေပြေဖြစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ကိုယ်ကရှေ့ကမြန်ချင်ပေမယ့် နောက်ကလိုက်မလာတော့ ကိုယ်ပဲစိတ်မောရတယ်။ အာပေါက်အောင်ပြောနေပေမယ့် မလိုက်နာတော့ နောက်ဆုံးကိုယ့်အလွန်ဖြစ်လာတယ်။ အလုပ်ကရှုပ်လေ ဖိအားကများလာပါတယ်။ တာဝန်ဆိုတာကလည်း ယူတတ်လေ ပိုကြီးလေဖြစ်လာတယ်။ တာဝန်မယူပြန်လဲမရတော့ ဘာမှမတတ်နိုင်ဘူး အလုပ်တမျက်နှာပဲကြည့်ပြီး မပြောချင်လဲ ပြောရတော့တယ်။ လူတွေကိုခင်ပါတယ်။ သံယောဇဉ်လဲရှိပါတယ်။ ဒါပေမယ့် အလုပ်ထဲမှာ အဆင်ပြေပြေမလုပ်တော့ မပြောချင်တဲ့စကားတွေကို ပြောရတဲ့အခါ စိတ်ထဲလဲမကောင်းပါဘူး။ တခါတလေ အလုပ်ကထွက်ချင်စိတ်တောင် ပေါက်မိတယ်။ ခေါင်းဆောင်တွေပြောနေကျ စကားလေးတခွန်းကတော့ ဘယ်အလုပ်ကိုပဲ သွားသွား ဒီလိုပဲတွေ့ရမှာပဲတဲ့လေ။ အဲဒါလဲဟုတ်ပါတယ်။ အခက်အခဲဆိုတာက တခုမဟုတ်တခုတော့ ရှိနေမှာပါပဲ။ အခုတော့ အဲဒီအခက်အခဲတွေကို နေ့စဉ်နဲ့အမျှ အကောင်းဆုံးဖြစ်အောင် စဉ်းစားဖြေရှင်းနေရတယ်။
Saturday, 17 April 2010
ရောင်ပြန်
လတ်တလော သတိထားမိတဲ့အဖြစ်လေးကို ပြောပြချင်တာပါ။ လူတွေရဲ့စိတ်က ထားတတ်ဖို့မလွယ်ပါဘူး.။ ဟိုတလောက အလုပ်ထဲမှာ တယောက်အလုပ်ထွက်သွားပါတယ်။ အဲဒီလူနဲ့တွဲလုပ်တဲ့တယောက်က နောက်ထပ်လူအစားထိုးမလာခင် အရင်လူထိုင်သွားတဲ့ခုံက ထိုင်လို့ပိုကောင်းတယ်လို့ထင်ပြီး သူထိုင်တဲ့ခုံနဲ့ လဲထားလိုက်ပါတယ်။ နောက်ရောက်လာတဲ့သူက မသိတဲ့အတွက် စိတ်ထဲမှာ ဘယ်လိုမှမနေပါဘူး။ ဒါပေမယ့် အဲလိုလဲထားပြီး ထိုင်မယ်လို့ရည်ရွယ်ထားတဲ့တယောက်ကတော့ နောက်ရက်ကစပြီး နေရာပြောင်းခံရပါတယ်။ သူထိုင်ချင်ပါတယ်ဆိုပြီး သူတပါးမသိအောင် တမင်လဲထားပေမယ့် သူ့မှာထိုင်ခွင့်မရခဲ့ပါဘူး။ အဲဒီအဖြစ်ကို ဘေးကနေ မြင်နေရပေမယ့် အစမှာတော့ တရက်တလေပြောင်းတာလို့ ထင်ခဲ့တယ်။ဒါပေမယ့် အခုတော့ ၁ လလောက်ကြာလာပါတယ်။ တိုက်ဆိုင်တာပဲလား တကယ်ပဲ ကိုယ့်စေတနာ ကိုယ်ရောင်ပြန်ဟပ်တာပဲလားဆိုတာတော့ မသိတော့ပါဘူး။ ဒါပေမယ့် ဘာမဟုတ်တာလေးတွေကအစ စိတ်ကိုထားတတ်ဖို့လိုတယ်ဆိုတာတော့ သိလာပါတယ်။ သူတပါးအပေါ် စေတနာတကယ်ထားတတ်ဖို့ လိုပါတယ်။
ဘ၀တွေကြမ်းပုံများ
မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းတယောက်က သူ့အလုပ်အကြောင်းပြောရင်း နှင်းကို စာရေးပေးပါလားဆိုပြီး ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကဓါတ်ပုံလေးတွေ ပို့ပေးပါတယ်။ ခရီးသွားရင်း ရိုက်လာတာဖြစ်ပြီး မြင်ရတာ စိတ်မကောင်းဘူးလို့ပြောပါတယ်။ မြန်မာပြည်အနေနဲ့ မြင်နေကျ ရိုးနေပြီလို့ ပြောလို့ရပေမယ့် နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုမဖြစ်နိုင်ဘူးဆိုတာသိကြမှာပါ။ ထမင်းတနပ် စားရဖို့အတွက် နေပူနေပြီလား မိုးရွာနေသလားဆိုတာ ဂရုမစိုက်နိုင်ပဲ အရွယ်ရောက်လို့ အလုပ်လုပ်နိုင်တာနဲ့ ရုန်းကန်နေရတဲ့ ကျောင်းစာသင်ဖို့ဆိုတာ နေနေသာသာ မနက်စာစားပြီးတာနဲ့ ညစာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ ပူပင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ ဘ၀တွေပါ။
အပျိုအရွယ်လေးမို့ လှလှပပနေနိုင်ဖို့ဆိုတာဝေးလို့ တောတောင်ထဲမှာ သဘာဝဘေးတွေကိုမကြောက်နိုင်ပဲ ထမင်းနပ်မှန်လို့ ထင်းခုတ် ဟင်းရွက်ခုးပြီးဝမ်းရေးကို ဖြေရှင်းနေရတဲ့သူတွေပါ။ ဈေးလေးရောင်းဖို့တောင် အရင်းအနှီးမရှိလို့ ခွန်အားကိုထုတ်ရောင်းပြီး တန်ရာတန်ကျေးဆိုတာထက် အလုပ်ရှိဖို့ ငွေရဖို့အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ မိုးထဲရေထဲမှာ အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေရရှာတဲ့ ဆယ်ကျော်သက် လူငယ်တွေရဲ့ဘ၀တွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။ ကျောင်းစာသင်ရမယ့်အရွယ်မှာ ၀မ်းရေးကိုဖြေရှင်းနေရတဲ့အတွက် ဗဟုသုတဆိုတာလည်း နည်းသွားပါတယ်။ ဒါပေမယ့် သူတို့လေးတွေရဲ့ဘ၀ကို အပြုံးမပျက် ကြိုးစားပြီး ဖြတ်သန်းနေကြပါတယ်။
နောင်လာမယ့် အနာဂတ်မှာ ဘယ်လိုရင်ဆိုင်ကြမလဲ။ ဒီလိုအဖြစ်မျိုးတွေ တနေ့တခြား များလာမယ်ဆိုရင်တော့ ရင်လေးစရာပါပဲ။
အခုလိုဘ၀တွေကနေ မြန်မြန်လွတ်မြောက်ဖို့ ဆုတောင်းမိပါတယ်။
Sunday, 11 April 2010
နှစ်ဆန်းတရက်
ဒီနေ့တော့ အချိန်ပိုဆိုတာကို မသွားတော့ပဲ အိမ်မှာပဲ နေဖြစ်ပါတယ်။ စောစောထလို့ ချက်ပြုတ်ပြီးတော့ ဆွမ်းတော်ကပ်ရင်း လူသားတွေ နှစ်သစ်မှာ ဘေးကင်းပြီး စိတ်ချမ်းသာပျော်ရွှင်ပါစေလို့ ဘုရားရှင်ထံမှာ ဆုတောင်းမိပါတယ်။ သင်္ကြန်တွင်းမှာ သတင်းဆိုးတွေကြားလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ နှစ်သစ်ကူးမှာ အခုလိုကြားလိုက်ရတာ စိတ်ထဲမှာ တော်တော်လဲကြောက်မိတာ အမှန်ပါပဲ။ မြန်မာပြည်အိမ်ကို ဖုန်းဆက်တော့ အိမ်မှာပရိတ်ရွတ်တယ်လို့ပြောတယ်။ မြန်မာနှစ်သစ်ကူးဆိုတဲ့ ခံစားချက်ကို မခံစားရတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ အခုတော့လဲ သင်္ကြန်ဆိုတာကို ရင်မခုန်တတ်တော့ပါဘူး။ ကလေးဘ၀တုန်းကတော့ သင်္ကြန်ရောက်ခါနီးရင် တော်တော်ပျော်ပါတယ်။ အခုကျတော့ အော် သင်္ကြန်ရောက်ပြီလားဆိုတဲ့ စကားလေးတခွန်းလောက်ပဲ ပြောဖြစ်ပါတယ်။
မနေ့ညက သူငယ်ချင်းက နှစ်ဆန်းတရက်နေ့ ရွှေတိဂုံသွားမလို့ နှင်းအတွက်ဆုတောင်းပေးခဲ့မယ်ဆိုလို့ အရင်တုန်းက နှစ်ဆန်းတရက်တိုင်း မာမားနဲ့ ဘုရားသွားခဲ့တာကို သတိရမိပါတယ်။ သူငယ်ချင်းကိုလည်းကျေးဇူး တင်မိပါတယ်။ အခုတော့လဲ အဝေးတနေရာကနေ ရည်မှန်းပြီး ကန်တော့မိပါတယ်။ လာမယ့် နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြတ်သန်းရဦးမယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး မြန်မာနှစ်ဆန်းတရက်နေ့ကစပြီး နှစ်သစ်မှာ ဘေးကင်းပြီး စိတ်ချမ်းသာပျော်ရွှင်ဖို့ ဆုတောင်းလိုက်ပါတယ်။
Monday, 5 April 2010
for u
လိမ်ညာမှုတွေနဲ့ လှည့်စားနေတာ
ငါ မသိလို့မဟုတ်ဘူးနော်
မင်းရဲ့သိက္ခာအတွက်
ငါ မသိသလိုနေလိုက်တာ။
အကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ
တခြားတယောက်ရှိနေတာသိပေမယ့်
ခြေလှမ်းပြင်နေတဲ့မင်းအတွက်
ငါ့နှုတ်ကပြောထွက်လိုက်တာက
ရပါတယ် သွားပါတဲ့။
မချစ်လို့မဟုတ်ဘူးနော်
ငါ့ချစ်သူ စိတ်ချမ်းသာဖို့အတွက်
နှလုံးသားကိုစတေးလိုက်တာ။
ရယူဖို့အတွက် ချစ်ခဲ့တာမဟုတ်သလို
ပေးဆပ်ဖို့တခုတည်းနဲ့
ငါ့နှလုံးသားကတော့
မင်းအတွက် အမြဲတမ်း
နားလည်ပေးနေမှာပါ။
ရာသက်ပန် အပြစ်မမြင်
ချစ်ခင်လျက်ပါပဲ။
ဆုံးမစာ
ံလူ့ဘ၀ဟာ တိုတိုလေးပါ။
အကုသိုလ်နဲ့ အချိန်မကုန်ပါစေနဲ့ ကုသိုလ်ကိုပဲလုပ်ပါ။
အရင်တုန်းက မိုက်မှားသမျှရှိရင်
အခုချိန်ကစပြီး အားလုံးကို ရပ်ပစ်လိုက်တော့။
တိရိစ္ဆာန်လိုများများနေရင် မှတ်ထား
သေရင်တိရိစ္ဆာန်ပဲဖြစ်တာပဲ။
တိရိစ္ဆာန်ဟာ အိပ်တယ် စားတယ် ကာဂုဏ်ခံစားတယ်။
ဒီသုံးမျိုးပဲလုပ်တယ်။ ကုသိုလ်ဆိုဘာမှမလုပ်ဘူး
လူဖြစ်ပြီးတော့ အိပ်လိုက် စားလိုက် ကာမဂုဏ်ခံစားလိုက် ဒီလိုပဲနေမယ်
ကုသိုလ်ဘာမှမလုပ်ဘူးဆိုရင် တိရိစ္ဆာန်ပဲ။
အထုပ်ကလေး တပြင်ပြင် အထုပ်ရှင်သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား။
အထုပ်ရှင်မှာအလကား ဘာမှလည်းပါမသွား
သေရွာကြတော့ အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား
ဆရာတော် အရှင်ဇ၀န ရဲ့ ဆုံးမစကားတွေပါ။

နှင်းတို့တွေမှာ လူရယ်လို့ဖြစ်လာပြီးရင် လိုချင်တက်မက်စိတ်တွေ ဖြစ်ချင်တာတွေနဲ့ တနေ့တနေ့ အချိန်ကုန်လာပြီး အိုမင်းလာတာကို သတိမမူမိပါဘူး။ မအိုမသေတော့မယ့် တည်မြဲမယ့်အရာတွေလို့ ထင်ပြီး အရကိုယူချင်နေပါတယ်။ တကယ်တော့ လူရယ်လို့ဖြစ်လာပြီးတာနဲ့ သေခြင်းတရားကလည်း ကပ်ပါလာပါတယ်။ မသေခင် ဘာလုပ်ရမလဲလို့ သေချာစဉ်းစားကြည့်လိုက်ရင် တကယ်သေရမှာ ကြောက်ဖို့ကောင်းလာပါတယ်။
အခုချိန်ထိ ကိုယ်သေဖို့အတွက် ဘာမှမပြင်ဆင်ရသေးတဲ့အတွက် တကယ်သေရမှာကြောက်ပါတယ်။ နှင်းတို့တွေ သတိလက်လွတ်ဖြစ်နေတာလေးတွေကို ဆရာတော်က တိုတိုရှင်းရှင်းလေးနဲ့ ဆုံးမစကားပြောထားတာလေးကို မျှဝေပေးလိုက်ပါတယ်။
အခုချိန်ထိ ကိုယ်သေဖို့အတွက် ဘာမှမပြင်ဆင်ရသေးတဲ့အတွက် တကယ်သေရမှာကြောက်ပါတယ်။ နှင်းတို့တွေ သတိလက်လွတ်ဖြစ်နေတာလေးတွေကို ဆရာတော်က တိုတိုရှင်းရှင်းလေးနဲ့ ဆုံးမစကားပြောထားတာလေးကို မျှဝေပေးလိုက်ပါတယ်။
အဖြူရောင်
ခုတလော စိတ်ထဲမှာ ခံစားချက်အမျိုးမျိုးဖြစ်နေတယ်။ တခါတလေ ၀မ်းနည်းမိသလို တခါတလေလဲ ကြည်နူးမိတယ်။ တခါတလေ ကိုယ်ကပေးဆပ်နေရတဲ့သူအဖြစ် ခံစားမိတယ်။ ဒါပေမယ့်လည်း ဒီဘ၀ထဲမှာပဲ ကိုယ်တိုင်ကပျော်နေတာပါ။ လူတိုင်းမှာ အတ္တဆိုတာရှိတာပါပဲ။ နှင်းကိုယ်တိုင်လဲ ရှိတာပေါ့။ ဒါပေမယ့် အဲဒီအတ္တက နှင်းချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တာပါ။ အတ္တဆိုတာရှိလာမှတော့ ပူလောင်မှုလဲပါလာတာပေါ့။ တခါတလေ ကိုယ့်မှာပူလောင်နေရပေမယ့် ကိုယ်ချစ်ရတဲ့သူတွေ ပျော်ရွှင်နေတယ်ဆိုရင် ကျေနပ်တယ်။
မာမားပြောဖူးတဲ့စကားလေးကို သိရမိတယ်။ လူတွေရယ်လို့ ဖြစ်လာပေမယ့် တချို့က ပေးဆပ်ဖို့ရောက်လာပြီး တချို့ကတော့ တောင်းယူဖို့ရောက်လာတာတဲ့။ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ စဉ်းစားကြည့်ပါတဲ့။
ပေးဆပ်တယ်ဆိုတာကို တချို့က အရှုံးပေးတယ်လို့ ထင်ချင်လဲထင်မယ်။ မနိုင်တော့လို့ အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ အနိုင်အရှုံးဆိုတာ စိတ်ထဲမှာကိုမရှိတော့ပဲ ကိုယ့်အတွက်ဘာမှမလိုချင်တော့တာပါ။ အဖြူရောင်မေတ္တာသက်သက် ပေးဆပ်ချင်တာပါ။ ဘာမှတုံ့ပြန်ဖို့မလိုပါဘူး။
Friday, 2 April 2010
နေရာ
သားသမီးနေရာမှာ
မေမေ ဒါလေးလိုချင်တယ် ၀ယ်ပေးနော် မရရင်စိတ်ကောက်လိုက်မှာ။
အသားပဲစားချင်တာနော်။ မုန့်ဖိုးကမလောက်ဘူး။ ထပ်ပေးနော်။ သမီးကတော့ သူ့ကိုပဲချစ်တာ မေမေတို့လက်ခံပေးနော်။
ကိုယ်တိုင်မိဘနေရာရောက်တော့
ဒါလေးက သားသမီးအတွက်။ မရရင်သူတို့စိတ်ဆင်းရဲမှာ။အသားလေးကသားသမီးအတွက် အရိုးလေးပဲစားတော့မယ်။ ငါ့အတွက်မလိုပါဘူး။ မုန့်ဖိုးလေးပိုပေးလိုက်မယ်။ ကောင်လေးကိုသဘောမကျဘူး ဒါပေမယ့် သမီးစိတ်ချမ်းသာဖို့။
ကိုယ်က သားသမီးနေရာမှာရှိတုန်းက မိဘတွေဘယ်လိုဖြစ်လဲမစဉ်းစားခဲ့ဘူး။ မသိခဲ့ဘူး။ ကိုယ့်အတွက်ဆိုတဲ့ အတ္တပဲရှိတယ်။ ကိုယ်တိုင်မိဘနေရာရောက်မှ မိဘတွေရဲ့မေတ္တာကို ပိုပြီးသိနိုင်တယ်။ ကိုယ်သိလိုက်တဲ့အချိန်မှာ ပြန်လည်ပေးဆပ်ဖို့အတွက် မိဘတွေရှိနေသေးတယ်ဆိုရင်တော့ ကံကောင်းပါတယ်။ တကယ်လို့များအသိနောက်ကျခဲ့မယ်ဆိုရင် ဘာနဲ့မှ ပြန်အစားထိုးလို့မရတော့တဲ့ ဆုံးရှုံးမှုပဲ။ နောင်မှသိတာမျိုးမဖြစ်အောင် နေရာလေးကို ခဏအစားထိုးပြီး ၀င်ကြည့်လိုက်ကြပါ။

Saturday, 27 March 2010
မည်သူမပြုမိမိမှု
ဘယ်အရာပဲဖြစ်ဖြစ် ဘယ်သူတသူတဦးတယောက်ကမှ လာလုပ်လို့မရပါဘူး။ ဖြစ်လာသမျှအကြောင်းတွေက မိမိကိုယ်တိုင်ပြုလုပ်ပြီး ဖြစ်လာတာတွေကြည့်ပါပဲ။ တချို့ကပြောတယ်။ ကံကောင်းလိုက်တာ အားကျလိုက်တာတဲ့။ သူဘာကြောင့်ကံကောင်းနေတာလဲ သူကံကောင်းအောင်ဘာတွေလုပ်နေလဲ ကြည့်ပါ။ ကိုယ်လဲကံကောင်းချင်ရင် သူ့လိုလုပ်ပါ။ သားသမီးကံကောင်းတယ်။ ပေးကမ်းထောက်ပံ့မယ်သူများတယ်ဆိုပြီး အားကျနေတတ်ကြတယ်။ သားသမီးကံကောင်းချင်ရင် ကိုယ်ကလည်း မိဘပေါ် သားသမီးဝတ်ကျေအောင်လုပ်ပါ။ ပေးကမ်းထောက်ပံ့မယ်သူများချင်ရင် ကိုယ်ကလည်းသူတပါးကိုပေးကမ်းတတ်ပါစေ။ အပေးဆိုတာရှိမှ အယူဆိုတာလည်းရှိမှာပါ။ အယူပဲရှိပြီးအပေးမရှိရင်တော့ အမြဲမကောင်းနိုင်ဘူး။
Saturday, 27 February 2010
မုဒိတာ
ကိုယ့်ထက်သာ မနာလို ဆိုတဲ့စကားကို ခပ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ စရင်းနောက်ရင်းပြောခဲ့ဖူးတယ်။ မနာလိုမဖြစ်နဲ့သိလားဆိုပြီး မထိတထိလဲ နောက်ခဲ့ပါတယ်။ ငယ်ငယ်က အခုလိုနောက်ပြောင်ခဲ့ပေမယ့် သူတပါးကို မလိုစိတ်ထားတာ ကြောက်စရာကောင်းတယ်ဆိုတာ သေချာမသိခဲ့ပါဘူး။ အချင်းချင်း စကောင်းလို့သာပြောဖြစ်ခဲ့တာပါ။
လူတွေရဲ့စိတ်ဟာ တော်တော်ကို ကြောက်စရာကောင်းပါတယ်။ ကိုယ်ကသာ သူများထက်သာချင်တယ်။ ကိုယ်ကသာအပေါ်ကနေချင်ကြတယ်။ တယောက်ယောက်ကများ ကိုယ့်ထက်သာသွားရင် သူ့အတွက် ၀မ်းသာမပေးနိုင်ပဲ မနာလိုစိတ်ဖြစ်ကြပါတယ်။ မုဒိတာ ပွားလိုက်ပါဆိုတဲ့ စကားလေးက သုံးလုံးတည်းပါ။ ဒါပေမယ့် လိုက်လုပ်ဖို့ကတော့ တော်တော်ခက်နေကြပါတယ်။ မျက်နှာဖုံးတွေစွပ်ပြီး ရယ်ပြနေတတ်ကြပေမယ့် နောက်ကွယ်ကနေ သူတပါးထမင်းလုပ်ကို ပုတ်ချတတ်ကြတယ်။ သူတပါးစားမယ့်အရာကို မုဒိတာပွားပြီး မကျွေးနိုင်ကြဘူး။ ငွေမျက်နှာကို ကြည့်လိုက်တာနဲ့ မကောင်းတဲ့စိတ်တွေက ၀င်လာပြီး လုပ်သင့်တာတွေ မလုပ်သင့်တာတွေကို မတွေးတော့ပဲ လုပ်တတ်ကြတယ်။ ပင်လယ်ရေဆိုတာ ကိုယ်တယောက်ထဲလဲ သောက်မကုန်နိုင်ပါဘူး။ ကိုယ်တယောက်တည်းလဲ အကုန်မသောက်နိုင်တာကို သူတပါးကိုလဲ ပေးမသောက်နိုင်ကြဘူး။ လူဆိုတဲ့အတွက် စိတ်ကတော့ အမျိုးမျိုးဖြစ်နေတတ်ကြတာပါပဲ။ မနာလိုစိတ်ဆိုတာကလည်း အနည်းနဲ့အများပဲကွာတယ်။ လူတိုင်းမှာ တခဏတော့ ဖြစ်တတ်ကြပါတယ်။ ဖြစ်လာတဲ့ စိတ်ကို သိပြီး အချိန်မှီတားနိုင်မယ်ဆိုရင် အလွန်ကောင်းမှာပါ။ သူတပါးကို မနာလိုဖြစ်မယ့်အစား သူ့လိုဖြစ်အောင် ကိုယ်ဘာလုပ်ရမလဲလို့ အဖြေရှာပြီး ကြိုးစားရင် သူ့အတွက်ရော ကိုယ့်အတွက်ရော အကျိုးရှိမှာပါ။

Tuesday, 16 February 2010
ချယ်ရီနဲ့ အတူ
ထိုင်ဝမ်ကို စရောက်ပြီးကတည်းက ပိတောက်ပန်းဆိုတာကို မမြင်ရတော့ပါဘူး။ မြန်မာပြည်မှာ ပိတောက်ကို ဧပြီလမှာ မြင်ရသလိုပဲ ထိုင်ဝမ်မှာတော့ ဇန်န၀ါရီ ဖေဖော်ဝါရီဆိုရင် ချယ်ရီကိုမြင်ရပါတယ်။ ပိတောက်ကို လွမ်းပေမယ့် အနားမှာရှိတဲ့ချယ်ရီနဲ့ပဲ ကျေနပ်လာတာ ၄ နှစ်ကျော်လာပါပြီ။ မြန်မာပြည်ကလူတွေ ပိတောက်ကိုချစ်ကြသလိုပဲ ထိုင်ဝမ်ကလူတွေကလဲ ချယ်ရီကိုချစ်ကြပါတယ်။ အခုအချိန်ဆိုရင် ချယ်ရီတွေလဲ အစွမ်းကုန်ဖူးပွင့်နေပြီဖြစ်လို့ ချယ်ရီပန်းတွေရှိတဲ့နေရာမှာ လူတွေစည်ကားနေပါပြီ။ နှင်းကိုယ်တိုင်လဲ ချယ်ရီပန်းတွေကိုချစ်တတ်လာပါတယ်။ ချယ်ရီပင်တွေအောက်ကို အရောက်သွားတတ်လာတယ်။ ၁ လပိုင်းတုန်းက ချယ်ရီရှိတဲ့နေရာကိုသွားခဲ့ပြီးပြီ။ ရွှေညာမြေက ပိတောက်ဝါကိုသတိရတဲ့အခါ ချယ်ရီကိုသာ ပန်ကာကျေနပ်ကွယ် ဆိုတဲ့ ဦးထီးဆိုင်ရဲ့ သီချင်းလေးကို အမှတ်ရမိပါတယ်။
sun moon lake
၁ လပိုင်းတုန်းက စနေပိတ်ရက်တရက် အလုပ်ကအစ်မတွေနဲ့ တခါမှမရောက်ဖြစ်သေးတဲ့ sun moon lake ကိုသွားဖြစ်ခဲ့တယ်။ sun moon lake ကို ကားနဲ့တိုက်ရိုက်မသွားပဲ ကျိုကျူလို့ခေါ်တဲ့ ကစားကွင်းကနေတဆင့် skyline စီးပြီး သွားကြပါတယ်။ ထိုင်ပေကနေ ၃ နာရီကျော်လောက် ကားစီးသွားပြီး ကျိုကျူကိုရောက်ပါတယ်။ ကျိုကျူဆိုတဲ့နေရာကတော့ အရင်ထိုင်ဝမ်ကျွန်းပေါ်မှာနေခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို ပြသထားတဲ့နေရာဖြစ်သလို ကလေးတွေအတွက်လဲ ကစားကွင်းရှိပါတယ်။ ကျိုကျူကနေ skyline စီးပြီး တောင်ကုန်း၂ လုံးကို ဖြတ်ပြီးသွားရင်တော့ sun moon lake ကိုရောက်ပါတယ်။ ကျိုကျူနဲ့ sun moon lake ကို သွားဖို့အတွက် skyline ကို ဂိတ်နှစ်ခုပြောင်းရပါတယ်။ ကျိုကျူတောင်ခြေကနေ တောင်အလယ်ထိတခါစီးရပြီး sun moon lake ကိုသွားဖို့အတွက် sun moon lake ဂိတ်ကို တခါပြောင်းပြီးစီးရပါတယ်။ sun moon lake ကိုရောက်တော့ မော်တော်ဘုတ်ပတ်စီးလို့ရပါတယ်။ အဲဒါနဲ့ပဲ ကန်ထဲမှာ မော်တော်ပတ်စီးကြပါတယ်။ ရေကန်ရဲ့ အလယ်တနေရာမှာတော့ ကျွန်းလေးတခုရှိပါတယ်။ အရင်တုန်းကတော့ ဒီကျွန်းကလေးက တော်တော်လေးကြီးပေမယ့် အခုတော့ ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် ကျွန်းပေါ်က သစ်ပင်လေးတပင်အပြင် ရေပေါ်ပေါ်နေတဲ့ ကုန်းမြေဟာလဲ သေးသေးပဲကျန်ပါတော့တယ်။ အဲဒီကျွန်းလေးနားကအပြန်မှာတော့ ဈေးတန်းလေးရှိတဲ့ ဆိပ်ကမ်းမှာ ခဏဆင်းလိုက်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေအပြင် ရိုးရာအ၀တ်အစားတွေကိုပါ ရောင်းချနေတဲ့ ဆိုင်တွေရှိပါတယ်။ လက်ဆောင်ပစ္စည်းဆိုင်တွေမှာ သူတို့ရဲ့ ရိုးရာဓလေ့ပန်းပုပန်းချီတွေကိုလဲ တွေ့ရပါတယ်။ တချို့ပန်းပုတွေက မြန်မာပြည်က တိုင်းရင်းသားတွေနဲ့ တော်တော်လေးဆင်ပါတယ်။ ဈေးတန်းလေးထဲ ပတ်ကြည့်ပြီးတော့ ကျိုကျူကို ပြန်ဖို့အတွက် skyline ရှိတဲ့နေရာကို လမ်းလျှောက်ပြီးသွားလို့ရသလို မော်တော်စီးပြီးလဲ ပြန်လို့ရပါတယ်။ နှင်းတို့ကတော့ မော်တော်စီးပြီး ပြန်လိုက်ပါတယ်။ ကျိုကျူကို ပြန်တဲ့အချိန်မှာတော့ skyline မှာ လူမရှိတော့တဲ့အတွက် တန်းစီစရာမလိုတော့ပါဘူး။ ကျိုကျူပြန်ရောက်တဲ့အချိန်မှာတော့ တောင်အောက်ကို လမ်းလျှောက်ပြီးဆင်းလို့ရသလို skyline နဲ့ ဆင်းလို့လဲရပါတယ်။ နှင်းတို့ကတော့ လမ်းလျှောက်ဆင်းပြီး ဓါတ်ပုံတွေ လျှောက်ရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်တာရယ် sun moon lake မှာလျှောက်သွားတာရယ်နဲ့ အချိန်မရှိတော့လို့ ကစားကွင်းထဲ ၀င်မဆော့ဖြစ်ပါဘူး။ နှင်းကိုယ်တိုင်လဲ အမြင့်ကြောက်တဲ့အတွက် မဆော့ရဲသလို ကိုယ်နဲ့အတူတူသွားတာကလည်း ၃၀ ကျော် ၄၀ ကျော်တွေဖြစ်လို့ မဆော့ကြပါဘူး။ နှင်းတို့သွားတဲ့အချိန်က ချယ်ရီတွေ စပွင့်နေပြီဖြစ်လို့ တော်တော်လေးလှပါတယ်။ အခုဆိုရင်တော့ ချယ်ရီတွေ အကုန်လုံးပွင့်နေလောက်ပြီဖြစ်လို့ ပိုလှမှာပါ။
Subscribe to:
Posts (Atom)