Monday 4 January 2010

မပြော သြဇာရှိ

ဖိုးဖိုး ဖွားဖွားတွေနဲ့ ငယ်ငယ်တုန်းက အတူတူနေခဲ့ရတဲ့အတွက် ဖိုးဖွားတွေပြောနေကျစကားလေးတွေ ဖိုးဖွားတွေပြောပြတဲ့ ဘ၀အတွေ့အကြုံတွေကို မကြာခဏ ကြားခဲ့ရပါတယ်။ အဲဒီထဲကမှ ဖိုးဖိုးပြောနေကျ စကားလေးတခွန်းကို အခုချိန်ထိ စိတ်ထဲမှာ စွဲနေပါတယ်။ ဖိုးဖိုးက စကားအလွန်နည်းသလို အနေလည်းအေးပါတယ်။ ရှိတာလေးနဲ့ ရောင့်ရဲတတ်တဲ့ ဖိုးဖိုးအတွက် သူ့ဘ၀လေးက အလွန်အေးချမ်းလှပါတယ်။ သားသမီး ၉ ယောက်မွေးထားပေမယ့် သားသမီးတွေအပေါ်မှာ သြဇာညောင်းတယ်လို့ ပြောလို့ရပါတယ်။ မာမားတို့မောင်နှမတွေအားလုံး ဖိုးဖိုးကို ချစ်ကြောက်ရိုသေကြပါတယ်။ သားသမီးတွေကို တဗျစ်တောက်တောက် မပြောတတ်ပါဘူး။ လိုအပ်မှပဲ တခွန်းတလေပြောတတ်ပါတယ်။ ဖိုးဖိုးက ဘာလို့မပြောတာလဲလို့ မေးတော့ ပြောပါများတော့ တန်ဖိုးမရှိတော့ဘူးတဲ့။ မပြောပဲနေတော့ သြဇာပိုရှိတယ်တဲ့လေ။ တွေ့သမျှကို လိုက်ပြောနေတော့ ကိုယ့်စကားကို နာခံချင်စိတ် မရှိတော့ဘူးပေါ့တဲ့။ နောက်တခုပြောတာကတော့ ကိုယ်ကပြောနေပေမယ့် တဖက်လူက မလိုက်နာရင် အလကားဖြစ်သွားမယ်တဲ့။ အဲလိုဖြစ်မယ့်အတူတူ မပြောပဲနေလိုက်တော့ ပိုသြဇာရှိသလိုပဲတဲ့လေ။

အခုတော့ ဖိုးဖိုးပြောပြခဲ့တဲ့ မပြော သြဇာရှိဆိုတဲ့ စကားလေးက တန်ဖိုးရှိတယ်ဆိုတာ လက်တွေ့သိလာရတယ်။ နှင်းအခုရောက်နေတဲ့ ပတ်ဝန်းကျင်မှာ တဗျစ်တောက်တောက် ပြောတတ်တဲ့ လူတွေကိုတွေ့ရပါတယ်။ သူတို့တွေက သူတို့စိတ်ထဲ သဘောမကျတာတွေ့တာနဲ့ အမြဲလိုပြောနေတတ်တော့ ဘေးမှာရှိတဲ့လူတွေက သူတို့စကားတွေကို အလေးမထားတော့ပါဘူး။ သူတို့တွေ အဲလိုပြောပါများတော့ ဘေးလူတွေအနေနဲ့ စိတ်ရှုတ်လာသလို သူတို့အပေါ်မှာလဲ အမြင်မကြည်တော့ပါဘူး။ နေရာတကာမှာ လိုက်ပြောနေလို့လဲ အသုံးမ၀င်နိုင်ပါဘူး။ တကယ်အရေးကြီးတဲ့အချိန်မှာ ကိုယ်ကပြောလိုက်လို့ တဖက်လူကလိုက်နာတယ်ဆိုရင် ပြောရတဲ့လူရော လိုက်လုပ်တဲ့လူရော အကျိုးရှိပါတယ်။

4 comments:

ShwunMi- said...

သတိတရစာလာဖတ်ပါတယ် မနှင်းလေးရေ..
အနေအေးပြီး အရေးကြုံရင် စကားအပြောအဆို တတ်တဲ့သူတွေကို အမြဲလေးစားမိတယ်။

ဆောင်း said...

I like it

ပိုးဟပ်လေး said...

ဒီလိုပဲပေါ့ ဖြစ်တတ်ပါတယ်
ပတ်ဝန်းကျင်ဆိုတာ
တစ်ခုနဲ့ တစ်ခု မတူဘူးလေ
ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်အတွက်
ကြံ့ကြံ့ ခံနိုင်တဲ့ သတ္တိတွေ
မွေးရမှာပေါ့

Lyn Lyn said...

မင်္ဂလာပါနှင်းရေ ရောက်ပါတယ်။ ခုတေလာ အလုပ်တွေ များနေတာရော။ အင်တာနက် မသုံးဖြစ်တာရော ပေါင်းပြီး ပျောက်ချက်သားကောင်းနေတာလေ။ နှင်းကို သတိရပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics