Sunday 24 January 2010

စုန်ရေ

အလုပ်ပိတ်ရက်တရက် အဖွားလေးအိမ်ရောက်သွားတော့ အသိအဖွားတယောက်ရောက်နေတာနဲ့ သွားတိုးပါတယ်။ မတွေတာကြာလို့ နှုတ်ဆက်စကားပြောရင်းကနေ သူ့စိတ်ထဲမှာ အလှူအတန်းလုပ်ချင်တယ်လို့ ပြောပါတယ်။ သူများတွေလို ကြီးကြီးမားမားမဟုတ်ပေမယ့် နည်းနည်းပါးပါးလေး လှူချင်တာတောင် လက်ထဲမှာ မပိုလျှံလို့ စိတ်ရှိတိုင်းမလှူနိုင်ဘူးလို့ ပြောပြပါတယ်။ အရင်တုန်းက ကိုယ်တိုင်အလုပ်လုပ်တော့ စိတ်ရှိတိုင်းလှူနိုင်ပေမယ့် အခုတော့ သားသမီးတွေပေးမှ စားရတဲ့အခြေနေရောက်နေတော့ ကိုယ်စားဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်လို့ ပြောပြတယ်။ အဲဒီအဖွားကိုကြည့်ပြီး စိတ်ထဲမှာ မကောင်းပါဘူး။

မိဘလုပ်တဲ့သူက မွေးထားတဲ့သားသမီး ဘယ်လောက်များများ တတ်နိုင်သမျှ ပြည့်စုံအောင် လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ အခုတော့ သားသမီးတွေက မိဘတယောက် စိတ်ချမ်းသာပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ကြပါဘူး။ ဒီသားသမီးက ပေးမလို ဟိုတယောက်ကပေးမလိုနဲ့ မိဘခမျှာ လိုချင်တာ လုပ်ချင်တာကိုတောင် ပြောမထွက်ပါဘူး။ ကိုယ့်အတွက်နဲ့ သားသမီးတွေ စိတ်ညစ်မှာမလိုလားတဲ့ မိဘရဲ့မေတ္တာက ကြီးမားလှပါတယ်။ ကိုယ့်ဆန္ဒကို မြိုသိပ်လို့ အလိုက်တသိပေးလာတဲ့အချိန်ကို စောင့်စားနေရတဲ့ မိဘတွေရဲ့ ဒုက္ခက သနားဖို့ကောင်းလှပါတယ်။ ဘယ်မိဘကမှ သားသမီးဆီက လိုချင်တဲ့စသူဆိုတာမရှိပါဘူး။ တတ်နိုင်ရင် မိဘက သားသမီးတွေကို အမြဲဖြည့်ဆည်းပေးချင်နေတဲ့ သူတွေပါ။ ဒါပေမယ့် အသက်အရွယ်ကြီးလာလို့ ကိုယ်မစွမ်းနိုင်တဲ့အခါမှာတော့ စိတ်ထဲမှာ အားငယ်စိတ်တွေ ၀င်လာပါတယ်။ ဒါကြောင့်လည်း မိဘမေတ္တာကို စုန်ရေအဖြစ် တင်စားပြောဆိုကြတာပါ။ ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းသလိုပဲ မိဘဆီက သားသမီးကို အမြဲစီးဆင်းခဲ့တာပါ။ သားသမီးဆီကနေ မိဘဆီကို ပြန်ဆန်ပြီးစီးဖို့ကတော့ တော်တော်ကိုနည်းပါတယ်။

တနေ့ကျရင်တော့ ကိုယ်လည်းပဲ မိဘနေရာကို ရောက်ကြမှာပါပဲ။ မရောက်ခင်ထဲက မိကတွေကို ကိုယ်ချင်းစာပြီး စုန်ရေအဖြစ်ကနေ ဆန်ရေအဖြစ်စီးနိုင်ဖို့ ကြိုးစားရဦးမယ်။

2 comments:

ပိုးဟပ်လေး said...

မဇ္ဖျိမ ဆရာတော်ဟောထားတဲ့ "မွေခံထိုက်သူဖြစ်ပါစေ"
ဆိုတဲ့ တရားလေးတော်တော်ကောင်းတယ်။
နာတောင်နာပြီးပြီလားမသိဘူး
သူလည်း ဒီအတိုင်းဟောထားတာဗျ
ကျွန်တော်ကတော့ ဒီတရားလေးကြောင့် မိဘအတွက်
ဘာဆက်လုပ်ရမယ်ဆိုတာ သိလိုက်ရတယ်
မိဘဆိုတာ အစားထိုးလို့လဲ မရဘူး
ပြီးတော့ မသေခင်လေးပဲ ကိုယ်ကလုပ်ကြွေခွင့်ရတာ
ဘာပဲဖြစ်ဖြစ် ကိုယ်က မိဘနေရာ ပြန်မရောက်ဘူး
ဆိုရင်တောင် အသိတရားလေး ရှိသင့်ကြတယ်

Anonymous said...

Dear friend,

This post is very meaningful. I felt something to fulfill the happiness of my parent. I believe we will be definitely reflected by good things for supporting everything, parent's wishes.

H@ve @ gre@t d@y!!!

Yours,
Mon2

နောက်လဲလာလည်နော်

Glitter Graphics