Friday, 29 February 2008

အပြစ်ပြောတာ ထက်သန်ရင် အပြစ်ပြောတာ လက်ခံပါ

သူတစ်ပါးကို
အပြစ်ပြောတာကျတော့
“စေတနာနဲ့ပြောတာပါ”
လို့နာမည်ကောင်းယူပြီး
ကိုယ့်ကို
အပြစ်ပြောတာကျတော့
“စေတနာကို နားမလည်ဘူး”
လို့ နာမည်ဆိုးတပ်တတ်ကြပါတယ်။
သူတစ်ပါးအပြစ်ပြောတာကို
“စေတနာနဲ့ ပြောတာပါ”
လို့ ခံယူခဲ့ရင်
ကိုယ့်အပြစ်ပြောတာကိုလည်း
“စေတနာနဲ့ ပြောတာပါ”
လို့ခံယူနိုင်ရပါမယ်။
ကိုယ့်ကို
သူတစ်ပါးအပြစ်ပြောတာတော့
ကိုယ်လက်မခံဘဲ
သူတစ်ပါးကို
ကိုယ်အပြစ်ပြောတာတော့
သူတစ်ပါး လက်ခံစေချင်တ်ာဆိုရင်
အဲဒီလူဟာ
ပညာရှိ မဟုတ်ဘဲ
ပညာရှိအယောင်ဆောင်သာ
ဖြစ်ပါလိမ့်မယ်။
အရှင်ဆန္ဒာဓိက

Thursday, 28 February 2008

မေ့တတ်တဲ့ ကျွန်မ

“လယ်ထွန်သွား နွားမေ့” ဆိုတဲ့ စကားပုံက နှင်း အတွက်များ ပြောထားတာလား အောက်မေ့မိတယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုပြီးလုပ်ရင် အဲဒီလုပ်ရမယ့် အလုပ်နဲ့ဆိုင်တဲ့ဟာတွေကို အမြဲတမ်းမေ့တတ်လို့ပါ။ မနက်လင်းလို့ရှိရင် အိမ်ကထွက်တာနဲ့ အိမ်သော့ကိုမေ့ပြီး အိပ်ခန်းထဲမှာ ထားခဲ့တတ်တယ်။ အိမ်သော့ ပြန်ယူပြီးတာနဲ့ အိမ်အောက်ရောက်လို့ အိတ်ထဲကြည့်လိုက်ရင် ဖုန်းမေ့လို့ တစ်ခါပြန်တက်ယူရတယ်။ တစ်ခါတစ်လေ အလုပ်ထဲမှာ ၀တ်တဲ့ ၀တ်စုံမေ့ပြီး အိမ်မှာထားခဲ့လို့ ဒဏ်ငွေကလဲ ဆောင်ရသေးတယ်။ မာမားက ဈေးဝယ်ခိုင်းလိုက်ရင် တစ်ခုမဟုတ်တစ်ခု မေ့ပြီးမ၀ယ်ခဲ့ဘူးလေ။ အဲဒီလိုတွေမေ့တာကို နှင်း ကလဲ ကိုယ့်အပြစ်ကိုယ် မ၀န်ခံချင်ဘူးလေ။ operation လုပ်တုန်းက မေ့ဆေးပေးခံရလို့ပါလို့ ပြောတတ်သေးတယ်။ အမှန်က ကိုယ့်ဘာသာ နမော်နဆ နိုင်တတ်တာပါ။ တစ်ခါတစ်လေ စိတ်ကလောနေတာကြောင့်လဲ ပါတယ်။ ဖြစ်ချင် လုပ်ချင်တာတွေများနေတော့ တစ်ခုမဟုတ်တစ်ခုကို မေ့သွားတာပါ။ အဲဒါကြောင် ခုနောက်ပိုင်း စိတ်မလောအောင် ကိုယ့်ကိုကိုယ် ပြုပြင်နေရတယ်။ တော်ကြာကိုယ်ဟာကိုယ် မေ့သွားမှာဆိုးလို့။ နောက်ပြီး တစ်ယောက်ယောက်ကိုများ မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲနော်။

ဆောင်းဒုက္ခ

ပူလိုက်အေးလိုက်နဲ့
ရုးရတဲ့ဒီရာသီ
မနက်ပူလို့ ညနေအေး
ဘာကိုမှအစိုးမရ
ဖောက်ပြန်တာ သဘာဝမို့
အပြစ်မမြင်တော့ပါဘူး။

လာပြန်ပြီ ဒီအအေးလှိုင်း
ပိတ်ရတဲ့ ဒီနှာခေါင်းလဲ
စကားသာပြောတတ်ရင်
သူငိုပြတာ ကြာရောပေါ့။

ဒီဆောင်းတွင်းးမှာဖြင့်
ပင်ကိုသံတကယ်ပျောက်ပါလို့
နှာသံနှောပြောတဲ့ ငါ့အသံ
သည်းခံကာနားထောင်တဲ့
မိတ်ဆွေတို့ရေ
ကျေးဇူးများစွာတင်ပါကြောင်း။

ငါ့ကိုငါသာ
ဆင်ခြင်ရတော့မှာမို့
စောင်ခြုံထဲမှာ
ကွေးလို့သာနေလိုက်တော့မယ်
အေးချင်သလောက်သာအေးလိုက်တော့

Tuesday, 26 February 2008

ကိုယ်ချင်းစာတတ်ကြရဲ့လား

တစ်ပတ်တစ်ခါ ဈေးထဲကို သွားပြီးဈေးဝယ်တဲ့အခါ စိတ်မကောင်းစရာကို မတွေ့ချင်လဲ တွေ့နေရတယ်။ လူတွေဟာ ကိုယ့်အသားကို အစူးလေးတစ်ချောင်း စူးရင်တောင် နာတတ်ကြတယ်။ ဒါပေမယ့် သူတစ်ပါး အသက်ကိုကြတော့ မနှမျောတတ်ကြဘူး။ ပုဇွန်တို့ ငါးတို့ကို အရှင်လတ်လတ်မှ ၀ယ်ကြတယ်။ အဲဒီလိုစားမှ ပိုအရသာ ရှိတယ်တဲ့။ သေပြီးသားအသားကို ၀ယ်စားရတာတောင် အကုသိုလ်များလှပြီ။ အခုတော့ အသက်ရှင်နေတာကို ကိုယ်တိုင်သတ်ပြီး စားကြတဲ့ လူတွေရဲ့စိတ်က တော်တော်ကြောက်ဖို့ကောင်းတယ်။ တစ်ချို့က မျောက်အရှင်ရဲ့ ဦးနှောက်ကို ဖောက်ပြီး အရက်နဲ့မြည်းကြတယ်လို့ ကြားဖူးတယ်။ ကိုယ့်အသွေးအသားကြတော့ နာတတ်ကြတယ်။ သူတစ်ပါးရဲ့ အသက်ကို ကြတော့ ကိုယ်ချင်းမစာနာကြဘူး။ တိရိစ္ဆာန်တွေတောင် သနားညှာတာတတ်ပါတယ်။ လူတွေက အသိစိတ်ရှိကြပါလျှက်နဲ့ သနားညှာတာစိတ် မထားတတ်ကြဘူး။ လူတွေက ပြောနေတဲ့ ကိုယ်ချင်းစာပါတယ်ဆိုတာ ဘာလဲလို့ စဉ်းစားနေမိတယ်။ လူတွေဟာ တစ်ကယ်ပဲ ကိုယ်ချင်းစာတဲ့ စိတ်ကလေးတွေ ရှိကြရဲ့လား မသိတော့ပါဘူး။

ပန်းဆွတ်တာ လွမ်းဆွတ်ဖို့များလား

ပန်းတွေကို
တစ်ပွင့်ပြီးတစ်ပွင့်
ခူးဆွတ်နေတဲ့
ပန်းဆွတ်သမားလို
ကာမဂုဏ်အာရုံတွေကို
တစ်ခုပြီးတစ်ခု
ရှာဖွေခံစားရင်း
စိတ်တွယ်တာကပ်ငြိနေတဲ့
ပုထုဇဉ်လူသားကို
သေမင်းက အချိန်မရွေး
ဆွဲခေါ်ယူသွားနိုင်ပါတယ်။
အိပ်မောကျနေတဲ့ ရွာတစ်ရွာကို
ရုတ်တရက် တက်လာတဲ့
ရေအလျဉ်ကြမ်းကြီး
ရွာလုံးကျွတ်
ရေထဲဆွဲခေါ်ယူသွားသလိုပါပဲ။

ဓမ္မပဒဂါထာ--၄၇
အရှင်ဆန္ဒာဓိက

Monday, 25 February 2008

အမှတ်တရ ကျောင်းသူဘဝ

ဒီနေ့ အလုပ်ကအပြန် အထက်တန်းကျောင်းရှေ့ရောက်တော့ တူညီဝတ်စုံလေးတွေနဲ့ ကျောင်းဆင်းလာကြတဲ့ ကျောင်းသူလေးတွေကို ကြည့်ပြီး ငယ်ငယ်က ကျောင်းသူ ဘ၀ကို ပြန်သတိရမိတယ်။ ပြန်တွေးမိတိုင်းလည်း အရမ်းကို ပျော်ရွှင်မိတယ်။ သူငယ်တန်းကနေ ၆ တန်းလောက်အထိကို နယ်မြိှု့နေခဲ့တယ်။၇ တန်း တက်မယ်ဆိုတော့ မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာကြတော့ ရန်ကုန်မှာပဲ အလယ်တန်း အထက်တန်းကို တက်ခဲ့တယ်။ နေတာက ဒဂုံမြို့နယ်မှာ နေပေမယ့် ဒဂုံ ၁ မှာမတက်ချင်ဘူး လသာ ၂ မှာပဲတက်မယ်ဆိုပြီး မိဘတွေကို ပူဆာတာနဲ့ လသာ ၂ မှာ ၇ တန်းကနေပြီး စတက်ခဲ့တယ်။ ၆ တန်းလောက်အထိပဲ ယောကျာင်္းလေးတွေနဲ့ စာအတူတူ သင်ခဲ့ရတယ်။ ၇ တန်းကနေစပြီး မိန်းကလေးကျောင်းမှာ နေခဲ့ရတယ်။ ကျောင်းမှာက မိန်းကလေးတွေကြည့်ဆိုတော့ နေရတာ အရမ်းလဲလွတ်လပ်တယ်။ အားလုံးက ဆရာမတွေကြည့် အုပ်ချုပ်တာလေ။ ကျောင်းဆရာ ဆိုလို့ ပန်းချီသင်တဲ့ ဆရာပဲရှိတယ်။ မိန်းကလေးတွေကြည့် ဆိုတော့ ယောကျာင်္းလေးလုပ်ရမယ့် အလုပ်တွေကိုလဲ ဒီမိန်းကလေးတွေကပဲ လုပ်ကြရတယ်။ ရေခပ်တာ သစ်ပင်စိုက်တာက အစပေါ့။ ယောကျာင်္းလေးမရှိတော့ တစ်ချို့ ယောကျာင်္းဆန်တဲ့ မိန်းကလေးတွေက သူတို့ သဘောကျတဲ့ ကောင်မလေးတွေကို အချစ်တော်ဆိုပြီး ထားကြတယ်။ ဒါကလည်း လသာ ၂ ရဲ့ ထူးခြားမှုပေါ့။ ကျောင်းမှာက ကျောင်းတက်ပြီဆိုတာနဲ့ ကျောင်းတံခါးကို ပိတ်ထားလိုက်တာ ညနေ ကျောင်းဆင်းမှပဲ ပြန်ဖွင့်ပေးတာ။ ကျောင်းလာတက်ရင် သနပ်ခါးလိမ်းလို့ရပေမယ့် ပါမှာ ပါးကွက်မကွက်ရဘူး။ နားကပ် နဲ့ လက်စွပ် ကလွဲပြီး တစ်ခြားရွှေထည်တွေလဲ မပေးဝတ်ဘူးလေ။ လသာ ၂ ကျောင်းထွက်လို့ ပြောလိုက်ရင် တစ်ချို့က အကဲတွေ။ အစွာလေးတွေလို့ ပြောကြတယ်။ ကိုယ်နေတဲ့ ကျောင်းဆိုတော့လဲ အဲလိုမထင်ပါဘူး။ ကျောင်းသူတွေကြည့်ဆိုတော့ လွတ်လပ်စွာ ပြောဆိုနေထိုင်တတ်တာပဲ ရှိတာပါ။ ကဲတယ်လို့ ထင်မိချင်လည်း ထင်လောက်တယ်။ တော်တော်များများက သွက်သွက်လက်လက်တွေ ကြည့်ပဲကိုး။ ယောကျာင်္းလေးမရှိတော့လဲ နေရတာ ပိုလွတ်လပ်တယ်လေ။ မူလတန်းကျောင်းသူဘ၀ထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူဘ၀လေးကို ပိုသဘောကျတယ်။ ပိုလဲပျော်မိတယ်။ ပြန်တွေးလိုက်တိုင်းလဲ ကျောင်းပြန်တက်ချင်တယ်။

Sunday, 24 February 2008

နေ့လည်စာ


မှို၊ မျှစ်သေးသေးလေးတွေရယ် ရွှေပဲသီးရယ်ရောကြော်

ငါးလေးအိုးကပ်

ဒီနေ့ အလုပ်ပိတ်ရက်လဲဖြစ် ဈေးဝယ်တဲ့နေ့ဆိုတော့ ထမင်းဟင်းကို စိတ်ကြိုက် ချက်စားဖြစ်တယ်။ ဈေးထဲမှာ ငါးသေးသေးလေးတွေ တွေ့တော့ မြန်မာပြည်မှာ ဖွားဖွားချက်ကျွေးတဲ့ ငါးသလဲထိုးအိုးကပ်လေးကို သတိရမိတယ်။ အဲဒါနဲ့ ငါးသေးသေးလေးကိုဝယ်လိုက်တယ်။ အိမ်ကိုပြန်ရောက်တော့ ငါးလေးတွေကို ရေစင်အောင်ဆေးပြီး ဆား၊ အချိုမုန့်တို့ နယ်ပြီးနောက် ငါးလေးတွေကို မကြေသွားအောင် သံပုရာသီးကို ညှစ်ပြီး ငါးတွေကို ဆမ်းပေးလိုက်ပါ။ သံပုရာသီးဆမ်းလိုက်တဲ့အတွက် ငါးလေးတွေက အသားတွေမကြေတော့ပဲ တင်းတင်းလေးနဲ့ စားလို့ပိုကောင်းတယ်လေ။ ပြီးရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုထောင်း ပြီးရင် အိုးထဲမှာ ဆီသပ်ပြီးရင် ငါးလေးထည့် အသာလေးမွှေပြီး ရေနဲနဲထည့်ပြီး ခဏနှပ်ထားလိုက်ပါ။ ပုဇွန်အကွေး ငါးအနွေး ဆိုတဲ့အတိုင်း အကြာကြီး တည်ဖို့မလိုပါဘူး။ ရေစပ်စပ်ကလေးနဲ့ စားချင်ရင်တော့ ရေပွက်လာပြီး အပေါ့အငန်အတော်ပဲဆိုရင် အိုးပေါ်ကချပြီး စားလို့ရပါပြီ။ ဒါမှမဟုတ် ရေခမ်းတဲ့အထိားပြီး ငါးလေးအိုးကပ်စားချင်ရင်တော့ ရေမရှိတော့တဲအထိ တည်ထားပြီး ဆီပြန်လာပြီဆိုရင် နံနံပင်ကြိုက်ရင် နံနံပင်လေးအုပ်ပြီး စားလို့ရပါပြီ။ ဒီနေ့တော့ အစားပုတ်တဲ့ နှင်း က ငါးလေးအိုးကပ်ချက်တယ်။ ပြီးတော့ မှိုနဲ့ မျှစ်သေးသေးလေးရယ် ရွှေပဲသီးရယ် ငြုပ်သီးတောင့် အကြီးကြီးတွေရယ်ကို ရောပြီးတော့ကြော်လိုက်တယ်။ နောက်ပြီး ဟင်းရည်တစ်ခွက် ချက်လိုက်သေးတယ်။ အစားပုပ်တော့ အလုပ်ကြာဆိုသလို အကြာကြီးလုပ်လိုက်ရတယ်။ အားလုံးပဲ နေ့လည်စာလာစားဖို့ ဖိတ်လိုက်တယ်နော်။ :P

Saturday, 23 February 2008

Kenting (ခန်တိန်း) သို့အလည်တစ်ခေါက်













ထိုင်ဝမ်ကို ရောက်ပြီး ပထမဆုံး ညအိပ်ခရီး သွားခဲ့တာလေးကို သတိရလို့ ရေးလိုက်တာပါ။ နှင်း တို့အလုပ်က သူဌေးက တစ်နှစ်ကို တစ်ခါ ၂ ညအိပ် ၃ရက်ခရီး လိုက်ပို့ပါတယ်။ နှင်း ရဲ့ပထမဆုံး ခရီးလို့လဲ ပြောလို့ရတယ်။ ထိုင်ဝမ်ရဲ့ တောင်ဘက်ပိုင်းက Kenting ဆိုတဲ့ မြို့လေးဆီကို သွားခဲ့တုန်းက Museum of Marine Biology & Aquarium ကို သွားလည်ခဲ့တာပါ။ အဲဒီပြတိုက်ကို ပင်လယ်ကမ်းစပ် နဘေးမှာ တည်ဆောက်ထားတာပါ။ ပြတိုက်မှာ အဆောက်အဦး ၃ ခုပါဝင်ပါတယ်။ ပထမဦးဆုံး ကားရပ်နားတဲ့ နေရာကနေ အရောင်းကောင်တာနဲ့ ၀င်ပေါက်တွဲ ထားတဲ့ အဆောက်အဦးကို သွားပြီး ၀င်ပေါက်ဂိတ်ကို ဖြတ်ရပါတယ်။ အထဲကို ၀င်လိုက်တာနဲ့ ပထမဆုံးတွေ့လိုက်ရတာကတော့ လင်းပိုင်ရုပ်ကလေးတွေနဲ့ အလှဆင်ထားတဲ့ ရေကန်တစ်ခုပါ။ အဲဒီကနေ ဆက်လျှောက်သွားရင် ဝေလငါးရုပ်ကြီးတွေနဲ့ ရေပန်းကြီးကို တွေ့ရမှာပါ။ ဒါတွေကို ဖြတ်သွားပြီးတာနဲ့ ပထမဆုံး အဆောက်အဦးကို ၀င်ရောက်ရပါတယ်။ အဲဒီထဲမှာ ရေအောက်ကမ္ဘာမှာ ပျော်နေကြတဲ့ ငါးမျိုးဆုံကို သူ့နေရာနဲ့သူ စနစ်တကျ ပြသထားပါတယ်။ အဲဒီအဆောက်အဦးကို ကြည့်ပြီးတာနဲ့ နောက်တစ်ခုကို သွားရောက်ဖို့အတွက် အပြင်ကို ထွက်လိုက်ရင် လေတဖြူးဖြူး တိုက်နေတဲ့ ပင်လယ်ပြင်ကို တွေ့ရမှာပါ။ အဆောက်အဦးနှစ်ခုကြားမှာ စတီးတွေနဲ့ အလှဆင်ပြုလုပ်ထားတဲ့ ကင်းမွန်တွေကို လှပစွာ တွေ့ကြရပါတယ်။ ပင်လယ်ရေအောက်မှာ ရှိနေတဲ့ အပင်တွေကိုလဲ လှပစွာ တွေ့မြင်ရပါတယ်။ အအေးပိုင်းမှာ နေထိုင်တဲ့ ပင်ဂွင်းငှက်ကလေးတွေကို လဲတွေ့ခဲ့ရတယ်။ နှင်း တို့ဝင်ကြည့်နေတဲ့ အချိန်ဟာ ငါးတွေကို အစားကျွေးတဲ့ အချိန်နဲ့ တိုက်နေတဲ့အတွက် ရေငုပ်ဝတ်စုံ ၀တ်ထားတဲ့ ၀န်ထမ်းဟာ ရေထဲကိုဆင်းသွားပြီး အစာကျွေးတဲ့အခါ ဘေးပတ်လည်မှာ ငါးရောင်စုံတွေနဲ့ အလွန်လှပပါတယ်။ အဲဒီပြတိုက်ထဲမှာ 3D ပြခန်းလဲရှိပါတယ်။ တစ်ခါတစ်ခေါက်လောက်တော့ လာလည်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

မိန်းကလေးတွေရဲ့ ဒုက္ခ

ကိုယ့်နိုင်ငံက မတိုးတက်ပါဘူး ဆိုတဲ့ အကြောင်းပြချက် ကလေးနဲ့ နိုင်ငံခြားကို သွားရောက် အလုပ်လုပ် ကိုင်ချင်ကြတဲ့ မြန်မာတွေ နိုင်ငံခြားမှာ ဒုက္ခ ဆိုတာတွေနဲ့ တည့်တည့်တိုးမှပဲ နောင်တတွေရ ကြပါတယ်။ လူဆိုတာကလဲ လိုချင်တက်မက်မှု အရမ်းကိုများတဲ့အတွက် ငွေနောက်ကို လိုက်ရင်း ဘ၀တွေပါ ပျက်တဲ့အဆင့်ထိ ရောက်ကြရတယ်။ ငွေဆိုတာ လူတိုင်းလိုချင်ကြတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘ၀ကို ထိခိုက်ပြီးမှ ရရှိလာမယ့် ငွေကြေးကို တော့မလိုချင်ကြပါနဲ့။ ဘ၀မှာ ငွေနဲ့ ပေးပြီးဝယ်လို့ မရတဲ့ အရာတွေလဲရှိပါတယ်။ ငွေတော့ ရှိပါရဲ့ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘ၀မှာ ပြည့်စုံတယ်လို့ မခေါ်ပါဘူး။ လွန်ခဲ့တစ်လလောက်က စင်္ကာပူမှာ မြန်မာအိမ်ဖော်မလေး တစ်ယောက် အိမ်ရှင်ရဲ့ မတရားစော်ကားတာကို ခံခဲ့ရတယ်။ သူတစ်ပါးတိုင်းပြည်မှာ အလုပ်လုပ်ရတာ အန္တရာယ် ဘယ်လောက်များလဲဆိုတာ ကိုယ်တိုင်ကြုံမှ သိကြရတာပါ။ အဲဒီလို ဒုက္ခရောက်တော့ ဘေးမှာ မိသားစုကလဲ မရှိ။ ကိုယ့်နိုင်ငံလဲ မဟုတ်တဲ့အတွက် အလွန်ကိုပဲ ဒုက္ခရောက်ရပါတယ်။ ဘယ်လိုပဲ အလုပ်သမားအတွက် ကာကွယ်တဲ့ ဥပဒေတွေ ထားထားပါတယ် ပြောပါစေ။ အရင်ဦးဆုံး ကိုယ်ကဒုက္ခရောက်ရတာပါ။ မြန်မာနိုင်ငံမှာ ဘွဲ့ရပညာတတ်ဖြစ်အောင် ပညာတွေ သင်ကြားပြီးခါမှ သူတစ်ပါးနိုင်ငံမှာ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ရတာ တကယ်ကိုပဲ စိတ်မကောင်းစရာ တွေ့မြင်နေရတာပါ။ ကိုယ့်မိသားစုရှိတဲ့ နေရာမှာ မရှိအတူ ရှိအတူတူ နေရတာဟာ ပိုပြီးတော့ အေးချမ်းလှပါတယ်။

ခံစားမိသမျှ

ကိုယ့်ကိုကို သတ်သေတယ်ဆိုတာကို မြန်မာပြည်မှာ နေတုန်းက ကြားပဲကြားဘူးတယ်။ မမြင်ဘူး မတွေဘူးပါဘူး။ မြန်မာတွေရဲ့ ဘာသာရေး အဆုံးအမအရ ကိုယ့်ကိုကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်လို့ ပြောဆိုဆုံးမထားတဲ့ အတွက် အဲဒီလိုစိတ်ကူးမျိုးကို တော်ရုံမစဉ်းစားကြပါဘူး။ ဒါပေမယ့် ထိုင်ဝမ်ကို ရောက်လာတဲ့ အခါမှာတော့ မကြာခဏ ဆိုသလို သတင်းတွေထဲမှာ တွေ့မြင်နေရပါတယ်။ စီးပွားရေး အဆင်မပြေလို့ သမီးရည်းစား အဆင်မပြေလို့ စိတ်ညစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရခဲလှတဲ့ လူ့ဘ၀ကို အလွယ်တကူ စွန့်လွှတ်လိုက်ကြပါတယ်။ အဲဒီလို ဘာလို့များ လုပ်ကြတာလဲလို့ စဉ်းစားကြည့်တော့ မြန်မာပြည်မှာလို ဘာသာရေး မကျယ်ပြန့်တာလဲ ပါပါတယ်။ အလုပ်ကပေးတဲ့ ဖိအားရော လူမှုရေးတွေရော ရှုပ်ထွေးလာတဲ့ အခါမှာ မိမိစိတ်ကို မထိန်းချုပ်နိုင်တော့ပဲ ထွက်ပေါက်တစ်ခုအနေနဲ့ ပြုလုပ်လိုက်ကြတယ်။ ထိုင်ဝမ်ဟာ တိုးတက်တဲ့ နေရာတစ်ခုပါ။ အဲဒီတိုးတက်မှုတွေနဲ့ အတူ လူတွေမှာလဲ ဖိအားတွေ များနေတယ်လို့ ထင်မိတယ်။ ဒီမှာနေနေတဲ့ လူတွေဟာ မြန်မာနိုင်ငံက လူတွေလို စိတ်ကမအေးချမ်းဘူးလို့ ထင်မိတယ်။ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေကို ကြည့်လိုက်ရင် ဘုရားသွား ဘုန်းကြီးကျောင်းသွားပြီး ဘာသာရေးကို ပြုလုပ်ကြပါတယ်။ စီးပွားရေး အဆင်မပြေလို့ အလုပ်လုပ်နေရတဲ့ သက်ကြီးရွယ်အိုချင်း ယှဉ်ကြည့်ရင်တောင် ထိုင်ဝမ်က သက်ကြီးရွယ်အို တွေဟာ ပိုပြီးသနားဖို့ ကောင်းတယ်လို့ ထင်မိတယ်။ နှင်း အလုပ်လုပ်တဲ့ အလုပ်ထဲမှာ အသက် ၆၀ ကျော်နေပြီ အလုပ်လုပ် နေရတုန်းပဲ။ နေမကောင်းလဲ အလုပ်ကို လာနေရတယ်။ အလုပ်ကအပြန် အိမ်မှုကိစ္စတွေလဲ လုပ်ရတယ်။ သားသမီးတွေ ရှိနေပေမယ့် ကိုယ့်ဟာကို နေနေကြတဲ့ အတွက် မြန်မာပြည်ကလို မိဘကို ပြုစုယုယတယ်ဆိုတာ အလွန်နည်းပါးပါတယ်။ မြန်မာပြည်မှာ ဘယ်လောက်ပဲ ဆင်းရဲတယ်ပြောပါစေ ကိုယ့်မိဘကိုတော့ ရှိတာလေးနဲ့ ကျွေးမွေးပြုစုကြပါတယ်။ မိဘတွေကို ဘိုးဘွားရိပ်သာပို့တယ်ဆိုတာ အလွန်ရှားပါတယ်။ မရှိဘူးလို့လဲ မပြောလိုပါဘူး။ ဒါပေမယ့် တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ကိုယ့်ကိုမွေးတဲ့ မိဘတွေကို မပြုစုနိုင်လို့ ဘိုးဘွားရိပ်သာမှာ သွားထားကြ
ပါတယ်။ နှင်း သိတဲ့ ဘိုးဘွားရိပ်သာဆိုတာ အားကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေအတွက်ပါ။ နိုင်ငံခြားရောက်တော့မှ အော်ဒီလိုတွေလဲ ရှိပါလားဆိုပြီး အံ့သြမိတယ်။ စိတ်မကောင်းလဲဖြစ်မိတယ်။ မြန်မာပြည်မှာ လူလာဖြစ်ရတာကိုပဲ စိတ်ထဲမှာ ကျေနပ်မိသွားတယ်။ နိုင်ငံတိုးတက်တယ် ခေတ်မှီတယ် ဆိုတာတွေ မရှိရင်နေပါစေ။ ကိုယ့်ကို မွေးထားတဲ့ မိဘတွေကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ အသိတရားတွေကို သိခွင့်ရလို့ပါ။ လူဆိုတာ တစ်နေ့တော့ သေကြရမှာပါပဲ။ ဘယ်လောက်ပဲ ခေတ်မှီတိုးတက်တဲ့ နေရာမှာ နေနေပါစေ ဒီလမ်းကိုတော့ တစ်နေ့လျှောက်ကြရမှာပါ။ အခုအခါ မြန်မာနိုင်ငံကနေ အကြောင်း အမျိုးမျိုးတွေကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်နေကြတဲ့ လူငယ်တစ်ချို့မှာ နိုင်ငံခြားသားတို့ရဲ့ စရိုက်တွေ စိုးမိုးဝင်ရောက်နေကြပါတယ်။ မိသားစုဆိုတဲ့ စိတ်ကလေးတွေနဲ့ မိဘပါလားဆိုတဲ့ အသိစိတ်ကလေးတွေ တဖြည်းဖြည်း နည်းပါးလာကြပါတယ်။ (မြန်မာနိုင်ငံမှာလဲ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားရောက်မှ ပြောင်းလဲသွားတာ အများဆုံးမိုလို့ပါ။) ငါလုပ်နေတာ ငါရှာနေတာ ငါ့အတွက်ပဲ ဆိုတဲ့ အတွေးတွေနဲ့ တစ်ကိုယ်ကောင်း စိတ်ကလေးတွေ ၀င်ရောက်နေရာ ယူလာကြပါတယ်။ မိဘတွေက သားသမီးတွေကို တိုးတက်စေချင် ကောင်းစားစေချင်လို့ နိုင်ငံရပ်ခြားကို နည်းမျိုးဆုံနဲ့ ရောက်အောင်ခေါ်တယ်။ သူတို့ မသွားနိုင်ရင်တောင် ရောင်အောင်ပို့ပေးတယ်။ နိုင်ငံရပ်ခြားကို ရောက်တော့ သားသမီးတွေရဲ့ စိတ်တွေ ပြောင်းလဲသွားတာကို သိလိုက်ရပြီဆိုရင် မိဘတွေမှာ ရင်ထုမနာဖြစ်ရပြီပေါ့။ ကိုယ်ဘယ်ဘ၀ပဲ ရောက်နေနေ မိဘကမိဘပါပဲု။ မိဘကျေးဇူးဆိုတာ ဆပ်လို့မကုန်တာ လူတိုင်းအသိပါ။ ဆပ်လို့မကုန်နိုင်တဲ့ မိဘကျေးဇူးကို ပြန်ဆပ်နိုင်တဲ့ လူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမိပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics