Sunday 6 September 2009

နေချင်ပါတယ် ဒါပေမယ့်

မနေ့ညက အွန်လိုင်းမှာခင်လာတာ ကြာပြီဖြစ်တဲ့ မောင်လေးတယောက်က နှင်းမြန်မာပြည်ကနေ ပြန်လာတာကိုသိတော့ ဘာဖြစ်လို့ပြန်လာတာလဲ အစ်မက ထိုင်ဝမ်မှာပဲ အပြီးနေတော့မှာလား မြန်မာပြည်ကိုမလာတော့ဘူး စတဲ့မေးခွန်းတွေကို ဆက်တိုက်ကိုမေးလာပါတယ်။ မြန်မာပြည်မှာနေတာ ဘာများအဆင်မပြေတာရှိလို့လဲ ကောင်းနေတာပဲမှတ်လားတဲ့။လက်ရှိအဲဒီမောင်လေးက အနောက်နိုင်ငံတခုမှာ ရောက်နေတာဆိုတော့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူမသိလို့လဲ အခုလိုပြောတာလို့ တွေးမိပါတယ်။ မြန်မာပြည်ပြန်တဲ့အခါ ကိုယ့်မြေ ကိုယ့်နိုင်ငံကို ပြန်ရောက်လို့ ပျော်ရွှင်ရပါတယ်။ ကိုယ့်ဆွေမျိုးတွေကို တွေ့ရလို့လဲ ကြည်နူးရပါတယ်။ ဒါပေမယ့် ဒါတွေက ခဏတာ ပျော်ရွှင်ခဲ့ရတာပါ။ ဘ၀အတွက် ဘာလုပ်ရမလဲဆိုပြီး တွေးကြည့်လိုက်တော့ တော်တော်လေး စိတ်ညစ်သွားရပါတယ်။ ဘ၀နဲ့နှိုင်းပြီးပြောလိုက်ရင် ကြီးကျယ်တယ်ဖြစ်နေပါ့မယ်။

တနေ့တာ မနက်မိုးလင်းရင် ဘာစလုပ်ရမလဲလို့ စပြီးစဉ်းစားမိတယ်။ ပထမဆုံး မိုးလင်းတာနဲ့ စလုပ်ရတာကတော့ မီးမလာလို့ မီးသွေးစမွှေးရတာပါပဲ။ ချက်ပြုတ်ပြီးတာနဲ့ အိမ်အလုပ်တွေလုပ် ပြီးတာနဲ့ ကိုယ်ပိုင်အချိန်မှာ လုပ်ချင်တာတွေလုပ်ဖို့ စဉ်းစားမိတယ်။ ကွန်ပျူတာသုံးချင်တယ်ဆိုရင် မီးလာမှဖြစ်မယ်။ မီးစက်ဆိုတာက ကွန်ပျူတာကိုနိုင်လောက်အောင် အိမ်မှာမ၀ယ်ထားလို့ သုံးလို့မရတော့ဘူး။ မီးလာတဲ့အခါသုံးမယ်ဆိုတော့ မီးလာမှ ရေတင်လို့ရမယ် အ၀တ်လျှော်လို့ရမှာဖြစ်တော့ အဲဒါတွေကို ဦးစားပေးလုပ်လိုက်ရတယ်။ ဒါတွေပြီးလို့ ကွန်ပျူတာသုံးမယ်ဆိုရင် အွန်လိုင်းဆိုတာကို ချိတ်မှပဲ သုံးချင်တာသုံးလို့ရမယ်လေ။ အွန်လိုင်းမရှိတော့လဲ ကွန်ပျူတာဆိုတာ နှင်းအတွက် ဘာမှသိပ်အသုံးမကျတော့သလိုပဲ။ အွန်လိုင်းချိတ်တော့လဲ ကဒ်နဲ့သုံးမယ်ဆိုရင် အိမ်ဖုံးကို သူများတွေဆက်လို့မရတော့ဘူးလေ။ ADSL ဆိုတာကို သွယ်ဖို့ကျတော့လဲ ရုံးလုပ်ငန်းအတွက်မဟုတ်ပဲ ကိုယ့်တယောက်ထဲအတွက် မိဘကို ဒုက္ခမပေးချင်ပါဘူး။ အဲဒါတွေထားလိုက်ပါတော့။ ဒါတွေကမရှိလဲ ဖြစ်ပါတယ်လေ။ ၀ါသနာအရ လုပ်ချင်တာတွေမိုလို့ နေလို့ရပါသေးတယ်။

ကဲ ကိုယ့်ဘ၀ရပ်တည်ဖို့ အရေးကြီးတာက အလုပ်တခုခု လုပ်နေဖို့ပါပဲ။ ဘာလုပ်ရမလဲ စဉ်းစားလိုက်ပါတယ်။ အိမ်ရဲ့ အဓိကရပ်တည်ဖို့ ၀င်ငွေကို ပါပါး နဲ့ မာမားက ရှာနေတဲ့အတွက် နှင်းလုပ်စရာမလိုတော့ဘူး။ ဒါပေမယ့် ကိုယ်သုံးဖို့အတွက် ကိုယ်ရှာမယ်ဆိုတော့ ဘာလုပ်နိုင်မလဲ တွေးကြည့်တယ်။ မိဘဆီကနေ အရင်းအနှီးထုတ်ပြီး အလုပ်လုပ်မလား သူများဆီမှာ အလုပ်သွားလုပ်မလား နှစ်ခုစဉ်းစားမိတယ်။ မြန်မာနိုင်ငံမှာ အရင်နေခဲ့ကတည်းက သူများဆီမှာ အလုပ်လုပ်ဖို့ အိမ်ကခွင့်မပြုပါဘူး။ ကိုယ်တိုင်ကလည်း မလုပ်ချင်ခဲ့ပါဘူး။ အခုတော့ ပိုဆိုးသွားပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် အလုပ်ရဲ့ အတွေ့အကြုံ မြန်မာပြည်မှာ ဖြစ်နေတာတွေကို လိုက်လို့မမှီတော့ဘူးဆိုတာ ကိုယ်တိုင်သိပါတယ်။ မြန်မာပြည်ရဲ့ စီးပွားရေးက တော်တော်လေး အပြောင်းအလဲ မြန်နေတယ်လို့လဲ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ကအလုပ်တခုလုပ်လိုက်တာ သေချာပါတယ် မြတ်ကိုမြတ်မယ်ဆိုတာ လူတိုင်းသိနေပါတယ်။ တကယ်တမ်း ရှင်းမယ်လဲလုပ်ရော ရှုံးလိုက်တာ မပြောနဲ့တော့။ စိတ်တော်တော်ညစ်သွားပါတယ်။ ဟုတ်ကဲ့ ရုံးစာထုတ်လိုက်တာ မင်းတို့မသိလို့ အခုလိုဖြစ်တာပါတဲ့။ ကဲ ဘာပြောတတ်တော့မှာလဲ သူတို့ခေတ်ပဲလေ သူတို့စိတ်တိုင်းကျပဲပေါ့။ ကိုယ်တွေက အပြင်ကစီးပွားရေးလုပ်တဲ့သူလေ။ သာမန်အဆင့်က စီးပွားရေးလုပ်တဲ့သူဆိုတော့ ဘယ်လိုလုပ် အထဲကကိစ္စကို သိမလဲ။ ထားလိုက်တော့ အားလုံးက ကံမကောင်းလို့ သတိတချက်လွတ်သွားလို့ဆိုပြီး စိတ်ကိုတော်တော်လေး ထိန်းလိုက်ရတယ်။ မြန်မာပြည်ပြန်ပြီးလုပ်လိုက်တာ ရင်ဝကို စောင့်ကန်ခံလိုက်သလို ဖြစ်သွားတယ်လေ။
အဲဒါကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ မိဘတွေ သိတဲ့လူတွေ လုပ်တာတောင် ဒီလိုဖြစ်တယ်ဆိုရင် နှင်း လိုဘာမှမသိသေးတဲ့ ချာတိတ်တယောက်က ဘယ်လောက်အထိလုပ်နိုင်မှာလဲ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို အားကိုးပြီး လုပ်မယ်လို့ စိတ်မကူးလိုက်ပါနဲ့။ သူငယ်ချင်းအရင်းကြီးက လုပ်လိုက်လို့ ဆုံးရှုံးသွားရတဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ အခုနေအခါမှာတော့ လူငယ်တယောက်အတွက် တက်လမ်းဆိုတာကို ရှာလို့ ဘယ်မှာတွေ့နိုင်မလဲလို့ စဉ်းစားမိတယ်။ လူငယ်ဆိုတာက တက်ကြွနေတတ်သလို ဘ၀ကို မြင့်သထက်မြင့်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ရှင်သန်နေကြတာပါ။ လူငယ်ဆိုတဲ့ မာန်လေးလဲရှိတော့ လုပ်လိုက်ရင် အောင်မြင်မှုဆိုတာကို လိုချင်ကြတာပါ။ ဒါပေမယ့် လုပ်ဖို့အခွင့်အရေးမရှိတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြစရာမရှိဖြစ်နေပါတယ်။ ဘယ်သူမဆို ကိုယ်မွေးတဲ့နေရာ ကိုယ့်မိဘတွေ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာပဲ နေချင်ကြတာပါပဲ။ ဒါပေမယ့် အဲဒါတွေက ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးလို့ မရနိုင်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါ ပျော်ရာမှာမနေ တော်ရာမှာနေရဆိုသလို အားလုံးကိုစွန့်ခွာပြီး အဝေးကို ထွက်လာကြရတာပါ။
မြန်မာပြည်ကိုလဲ ချစ်ပါတယ်။ မြန်မာပြည်မှာလဲ နေချင်ပါတယ်။ မိဘတွေနဲ့လဲ မခွဲချင်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ ကိုယ်လိုချင်တဲ့ ဘ၀တခုအတွက် အားလုံးကိုခွဲပြီး ပြန်လာခဲ့ရတာပါ။ တချိန်ချိန်တော့ မြန်မာပြည်ကို အပြီး ပြန်သွားဖြစ်မှာပါ။ အရာရာငြိမ်းချမ်းပြီး လူငယ်တွေအတွက် နေရာရမယ့်အချိန်ပေါ့.............

3 comments:

ရွှန်းမီ said...

ကြားရတာ စိတ်မကောင်းဘူး.. အားလုံးကို လွမ်းတယ်..

akaykay said...

hote bar tal byar
after reading
one of narr lal lat khan mhu phyit mi tal

လင်းငယ် said...

ဟင်း.... ဟုတ်ပါတယ် .... မြန်မာပြည်ကို လွမ်းမိပါတယ်.. အိမ်လွမ်းသူပေါ့နော်...
နိုင်ငံရပ်ခြားမှာ ရောက်နေသူတိုင်း ကိုယ့်အမိမြေကို ပြန်ချင်နေကြတာကတော့ လူတိုင်းပါပဲ... တစ်ချို့ချွင်းချက်ကလွဲရင်ပေါ့လေ..

နောက်လဲလာလည်နော်

Glitter Graphics