Monday 14 September 2009

ရင်ဖွင့်သံ

နှင်း စိတ်ထဲမှာ ၀မ်းနည်းနေသလို အရမ်းလဲ အားငယ်စိတ်တွေ ၀င်နေမိတယ်။ ခပ်ငယ်ငယ်ထဲက မိသားစုတွေရဲ့ နွေးထွေးတဲ့ မေတ္တာကိုရရှိခဲ့ပေမယ့် အဲဒီအရွယ်ထဲက မိဘတွေရဲ့ စိတ်တိုင်းကျနေခဲ့ရတယ်။ ကလေးသဘာဝ စကားနားမထောင်တာကလွဲလို့ အရွယ်ကလေးရောက်လာတော့ နှင်းရဲ့ လျှောက်ရမယ့်လမ်းမှန်သမျှကို မိဘတွေကပဲ စီစဉ်ပြီး လျှောက်ခိုင်းခဲ့တယ်။ ခပ်ငယ်ငယ်ထဲက မာမားဝယ်ပေးတဲ့ အင်္ကျီတွေကိုပဲ ၀တ်ခဲ့ရပြီး ကိုယ်နှစ်သက်တဲ့ပုံစံကို ရွေးချယ်ခွင့်ဆိုတာ အလွန်နည်းပါးခဲ့ရတယ်။ အထက်တန်းရောက်နေတာတောင် မာမားတို့စီမံတဲ့ ကျူရှင်မှာတက် မာမားတို့ လုပ်ခိုင်းတာတွေကိုပဲ လုပ်ခဲ့ရတယ်။ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက်တော့လဲ မာမားသင်စေချင်တဲ့ ဘာသာကိုပဲ ယူခဲ့ရတယ်။ တက္ကသိုလ်ကို တက်ချင်ပေမယ့် စိတ်မချဘူး အချိန်ကုန်ပါတယ်ဆိုပြီး အဝေးသင်ပဲတက်ခိုင်းလို့ ကိုယ့်ဆန္ဒဆိုတာကို မြိုသိပ်ခဲ့ရတယ်။ ကျောင်းပြီးရင် သူများတွေဘွဲ့ဝတ်စုံနဲ့ တက်ယူသလို ကိုယ်လဲတက်ယူမယ်ဆိုတဲ့ စိတ်ကူးကို နိုင်ငံခြားသွားရမယ်ဆိုတဲ့ အမိန့်တခုနဲ့ အဝေးရောက်ဘွဲ့အဖြစ်ပြောင်းလဲခဲ့ရတယ်။ သူများတကာတွေ ဘွဲ့နှင်းသဘင်မှာ နေရာယူနေချိန် နှင်းကတော့ လေယာဉ်လက်မှတ်ကိုင်ပြီး လေယာဉ်ပေါ်တက်ခဲ့ရတယ်။ တိုက်ဆိုင်တာကလဲ မမေ့နိုင်စရာပါပဲ။ တနေ့တည်းမှာ လာဆုံနေခဲ့တယ်လေ။ ဘ၀အတွက်ဆိုတာကို စဉ်းစားလိုက်တိုင်း မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ အရာရာကို မြိုသိပ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စိတ်ချမ်းသာဖို့ ဦးစားပေးတတ်လာခဲ့တယ်။ သူတို့တွေကို နားလည်ပေးရင်းနဲ့ ကိုယ့်ဆန္ဒဆိုတာတွေဟာ ပျောက်ကွယ်မှန်းမသိ ပျောက်သွားခဲ့ရတယ်။
အချိန်တန်လို့ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ သံယောဇဉ်ဆိုတာလေး ဖြစ်လာတော့လဲ ကိုယ့်ဆန္ဒဆိုတာထက် ကိုယ်သံယောဇဉ်တွယ်ရတဲ့သူအတွက် ပထမဖြစ်သွားခဲ့ရတယ်။ ကိုယ်ပြောချင်တာတွေ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတွေဟာ သူစိတ်ညစ်မှာစိုးတယ်ဆိုတဲ့ အတွေးတခုထဲနဲ့ပဲ ဘာမှပြောမထွက်ခဲ့ပါဘူး။ အရာရာကို နားလည်ပေးနိုင်ဖို့ ကြိုးစားရင်း တခါတလေ ရင်ထဲမှာနာကျင်နေတာတောင် ပြောမထွက်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူတယောက်ကို အမြဲတမ်းပျော်ရွှင် စိတ်ချမ်းမြေ့စေချင်ပါတယ်။ ခပ်ငယ်ငယ်ထဲက သူများတကာကို နားလည်ပေးရင် ကိုယ့်ဆန္ဒဆိုတာမရှိတော့တဲ့ နှင်းရဲ့ရင်ထဲမှာ တခါတလေ ဘယ်သူမှမသိအောင် ကြိတ်ငိုနေခဲ့ရတာ များခဲ့ပါပြီ။ ဒီနေ့လဲ ရင်ထဲမှာ အရမ်းဝမ်းနည်းနေမိတယ်။ ဒါပေမယ့် ဘယ်သူမှမသိပါဘူး။ မခံစားနိုင်တော့လို့ ဘလော့ပေါ်ချရေးမလိုက်တာပါ။ နှင်းရဲ့ဘ၀မှာ ကိုယ့်ဆန္ဒအတိုင်းသာ ဖြစ်ခွင့်ရမယ်ဆိုရင် အများကြီးမလိုချင်ပါဘူး။ တခုလောက်ပြည့်မယ်ဆိုရင် ကျေနပ်ပါပြီလေ။

6 comments:

Anonymous said...

သူများစိတ်ချမ်းသာအောင် လိုက်လျောတတ်တဲ့သူဟာ စိတ်ဆင်းရဲ့ရမှာ မဟုတ်ပါဘူး...
အထူးသဖြင့် မိဘ စိတ်ချမ်းသာအောင်လုပ်တဲ့အတွက် တစ်ဘဝလုံး စိတ်ချမ်းသာရမှာပါ..။
ဝမ်းမနည်းနဲ့နော်

Unknown said...

နှင်းလေးရေ..
လူ့ဘ၀ဆိုတာ ဖြစ်ချင်တိုင်းမဖြစ်..
ဖြစ်သင့်တာတွေ မဖြစ်တတ်တဲ့ နေရာဒေသတစ်ခုပါ...

မသိမ်းပိုက်သူသာ အောင်နိုင်သည်လို့ကြားဘူးပေမယ့်
လက်ရှိအခြေအနေမှာတော့ ရှုံးနိမ့်နေတယ်ဆိုတာ
ခံစားဖူးသူတိုင် နားလည်ပေးနိုင်ပါတယ်...

ကျနော်လည်း ဒီလိုပါပဲ ....
အချိန်က စကားပြောသွားပါလိမ့်မယ်...
တနေ့နေ့ပေါ့....

စိတ်ညစ်စရာတွေ သိပ်မစဉ်းစားပါနဲ့
ပျော်ရွှင်မှုတွေရောက်ရှိလာမှာပါ...

ပျော်ရွှင်ချမ်းမြေ့ပါစေနော်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Dr. Yi Yi Win said...

ဘ၀မှာ လိုအပ်ချက်တွေကတော့ ကိုယ်စီရှိကြစမြဲပါ နှင်းလေးရေ။ လိုအပ်နေတာတွေကိုလိုက်ဖြည့်နေတဲ့အချိန်မှာပဲ လိုအပ်ချက်တွေနဲ့ ကျင့်သားရလာရတာပါပဲ။ ပျော်ရွှင်ပါစေညီမလေး။

နွေဆူးလင်္ကာ said...

အဲဒီတစ်ခု ဆုတောင်းပြည့်ပါစေဗျာ

လင်းလင်း (Asian Traveler) said...

မိဘကို စိတ်ချမ်းသာအောင်ထားတဲ့သူက တစ်သက်လုံး စိတ်ဆင်းရဲရမှာ မဟုတ်ပါဘူး။ လိမ်လိမ်မာမာနေပါ။ :D

လင်းလင်း

akaykay said...

အဲဒီတစ်ခု ko pyaw lay

နောက်လဲလာလည်နော်

Glitter Graphics