Sunday 20 September 2009

တို့ မိန်းကလေးမို့ လှချင်တယ်

ဒီတပတ်တော့ အလုပ်တွေပင်ပန်းနေတဲ့ကြားကပဲ အန်တီ့ဆီကို ဖုန်းလှမ်းဆက်ပြီး sunday ကျရင် ဟွားရှင်းကျဲလာမယ် ဆိုပြီး ချိန်းလိုက်ပါတယ်။ အလုပ်တွေပိနေတော့ လူကလဲ မလန်းဆန်းပဲ စိတ်တွေလဲ ပင်ပန်းနေပါတယ်။ ဘာရယ်မဟုတ် အန်တီနဲ့တွေ့ပြီး စကားလေးဘာလေးပြော စားချင်တာလေးစားလိုက်ရင် တမျိုးဖြစ်ပြီး အလုပ်ပင်ပန်းတာတွေတော့ ခဏမေ့သွားတာအမှန်ပါပဲ။ ဖုန်းလှမ်းဆက်ပြီး ချိန်းတုန်းကတော့ မုန့်စားမယ် စကားပြောမယ်ပေါ့. အဲ ဟိုလဲရောက်သွားရော အတွေးကတမျိုးပြောင်းသွားရော။ အော် လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ကိုယ့်ဟာကို တွေးမိပါတယ်။ ဆံပင်ကလဲ နည်းနည်းရှည်လာတာရယ် မျက်စိရှေ့မှာ လာဝဲနေတာရယ်ကို ညှပ်လိုက်ရင်ကောင်းမယ်လို့ အန်တီကပြောနေတာကြာပါပြီ။ စိတ်ကလဲ အင်း ဒီနေ့တော့ ဆံပင်ညှပ်လိုက်ရင် ကောင်းမယ်ဆိုပြီး စိတ်ပြောင်းသွားပါတယ်။ ဒါနဲ့ပဲ အန်တီရေ ဆံပင်ညှပ်ဆိုင် သွားရအောင်ဆိုပြီး စားတဲ့ဆီမရောက်တော့ပဲ ဆံပင်ညှပ်ဆိုင်ရောက်သွားပါတယ်။
ဆံပင်ညှပ်ဆိုင်ဆိုတာ နှင်းအတွက်တော့ တော်တော်လေးကို အရောက်ပေါက်နဲတဲ့နေရာလို့ ပြောရမယ်။ ခပ်ငယ်ငယ် ၃ ၄ တန်းလောက်ကထဲက ဆံပင်အရှည်လေးထားခဲ့ရတယ်။ တော်ရုံတန်ရုံ အဖျားလေးတိတာလောက်ကိုတော့ မာမားကပဲ လုပ်ပေးနေတာဆိုတော့ ဆိုင်ကိုမရောက်ပါဘူး။ အဲလိုနဲ့ ဆံပင်အရှည်ထားလာလိုက်တာ ထိုင်ဝမ်မလာခင်အထိ ၂၀၀၅ အထိထားခဲ့ရတယ်။ မာမားရဲ့ အဖေ နှင်းရဲ့ ဖိုးဖိုးက ဆံပင်အရှည်ထားတာကို ကြိုက်တယ်ဆိုလို့ မြေးတွေအများကြီးထဲကမှ အတူတူနေတဲ့ နှင်းကပဲ ဖိုးဖိုး ဖွားဖွားတို့ သဘောကျ ထားပေးခဲ့ရပါတယ်။ ခပ်ငယ်ငယ်ထဲက ထားခဲ့တော့ ကိုယ်တိုင်လည်း သဘောကျလာခဲ့တယ်။ အရင်တုန်းက ပေါင်လည်ကျော်လောက်ရှည်တဲ့ဆံပင်ကို နိုင်ငံခြားထွက်မယ်ဆိုတာနဲ့ ပခုံးကျော်လေး ညှပ်ပစ်လိုက်ရတယ်။ အဲဒီတခါကတော့ ဆိုင်မှာ ဆံပင်ပြင်တဲ့ ပထမဆုံးတခါပါပဲ။ အဲလိုနဲ့
ထိုင်ဝမ်မှာ ၃ နှစ်ကျော်နေလာခဲ့တာတောင် ဆံပင်ညှပ်ဆိုင်ကို တော်တော်နဲ့မရောက်ပဲ ဆံပင်အရှည်ပြန်ထားလိုက်တာ ခါးကျော်သွားပါရော။ အလုပ်ထဲမှာလဲ ဆံပင်ရှည်လို့ လူတကာပြောပါတယ်။ အလုပ်ထဲမှာဆိုတော့ စက်တွေကြားထဲညှပ်မှာ ကြောက်ရလို့်ပါ။ အန္တရာယ် များတာကို သိပေမယ့် မာမားက ညှပ်ရင်နှမြောစရာကြီး ဆိုတဲ့စကားနဲ့ပဲ မညှပ်ဖြစ်တော့ပါဘူး။
အခုတခါ မြန်မာပြည်ကို ပြန်ရောက်သွားတော့လဲ မညှပ်ဖြစ်သေးပဲ ထားလိုက်ပါတယ်။ ထိုင်ဝမ်ပြန်သွားမယ်လို့ ဆုံးဖြတ်ပြီးတော့ မာမားဆီက ဆံပင်ညှပ်ခွင့်တောင်းပါတယ်။ ဒီတခါတော့ မာမားလဲ ခွင့်ပြုလိုက်ပါတယ်။ အရှည်ထားလာတာလဲ နှစ်တွေကြာလာပြီ တမျိုးပြောင်းလိုက်ပေါ့ ဆိုတဲ့ ခွင့်ပြုချက်နဲ့ ဆံပင်ညှပ်လိုက်ပါတယ်။ ဒါတောင် ဆိုင်ကိုအရင်မရောက်သေးပဲ ဖွားဖွားက ဆံတုလိုချင်တယ်ဆိုလို့ သူကိုယ်တိုင် နှင်းဆံပင်တွေကို ဆံတုဖြတ်ပါတယ်။ ဖွားဖွားဖြတ်လို့ ပြီးမှ ဆိုင်ရောက်သွားပြီး ပုံပြန်သွင်းရပါတယ်။ နယ်မြို့လေးကဆိုင်မှာ ပုံလဲသွင်းပြီးရော ရန်ကုန်အိမ်ရောက်တော့ အိမ်ဘေးက အန်တီက သူ့အသိဆိုင်မှာ ဆံပင်ဖြောင့်လိုက်ပါလားဆိုတာနဲ့ တခါသွားဖြောင့်လိုက်တာ ညနေထဲကသွားတာ ညမိုးချုပ်မှပဲ ပြန်ရောက်ပါတော့တယ်။ မာမားကတော့ သိပ်အမြင်မကြည်တော့ပါဘူး။ အရင်တုန်းက ဆိုင်ဆိုတာကို မရောက်ပဲ အခုလောက်လဲ အလုပ်မရှုပ်ပါဘူး။ အခုဆံပင်က တိုလာခါမှ ပိုအလုပ်ရှုပ်နေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်နေ့ လေဆိပ်ဆင်းမယ်လဲဆိုရော ညပိုင်းမှာ မာမားကို လပြည့်ဝန်းသွားမယ်ဆိုပြီး ခေါ်သွားပြီး ယောက်လမ်းထဲက အသိအန်တီကြီးဆိုင်မှာ မာမားကိုပါ ဆံပင်တိုတိုလေး ညှပ်လိုက်နော်ဆိုပြီး အတင်းညှပ်ခိုင်းလိုက်ပါတယ်။ မာမားလက်ခံလာအောင်တော့ ပြောရတာပေါ့။ အသက်ကြီးလာရင် ဆံပင်အတိုလေးထားတာပိုကောင်းပါတယ်။ ခေါင်းလျှော်လဲ မကြာသလို အအေးမိမှာလဲ မပူရဘူးပေါ့။ ဆံပင်ချည်ရတဲ့ ဒုက္ခလဲမရှိတော့ဘူးဆိုပြီး ပြောယူရပါတယ်။ အဲလိုလဲပြီးရော နှင်းလဲတခါထပ်ညှပ်လိုက်တာ ဆံပင်ကတော်တော်လေး တိုသွားပါတယ်။ ဂုတ်ဝဲလေးဖြစ်သွားပါတယ်။
အခုလဲ ထိုင်ဝမ်ပြန်ရောက်တာ ၂ လကျော်ပဲရှိသေးတယ် ဆံပင်ရှည်လာတော့ မနေတတ်တော့ပါဘူး.။ အထူသဖြင့် မျက်စိရှေ့မှာ လာကျနေတာက တော်တော်လေး နေရခက်တာပါ။ အလုပ်ထဲမှာ ပစ္စည်းကိုကြည့်နေရတဲ့အခါ ဆံပင်ကကျနေတော့ စိတ်ရှုတ်ပါတယ်။ ဒါတွေကို အကြောင်းပြချက်ထားပြီး ဆိုင်ကိုရောက်သွားပါတယ်။ အစကတော့ ညှပ်လိုက်ရင်ရပြီဆိုပြီး ၀င်သွားတာပါ။ ဆိုင်ထဲလဲရောက်ရော ဘာလုပ်မလဲ ဆိုတော့ အန်တီက တခါတည်း ဖြောင့်လိုက်ပါလား. ရောက်လက်စနဲ့ မထူးပါဘူးတဲ့။ နဂိုထဲက သိပ်ပြီးပြောစရာမလိုတဲ့လူဆိုတော့လဲ ဟုတ်ကဲ့ ဖြောင့်လိုက်မယ်ပေါ့။ အဲလို လှချင်တာလဲ မပြောပါနဲ့။ ဟော ဖြောင့်လို့ပြီးခါနီးလဲကျရော အရောင်းလေးပါ တခါတည်း ဆိုးလိုက်ပါလား။ ပုံစံတမျိုးလေး ပြောင်းသွားတာပေါ့တဲ့။ လုပ်ပြီးရင် လှသွားမှာပါဆိုတာနဲ့ အင်း ပြောင်းကြည့်လိုက်မယ်ဆိုပြီး တခါတည်း ဆေးဆိုးလိုက်ပါတယ်။ မိန်းကလေးများ လှလာမယ်လို့ ပြောလိုက်တာနဲ့ ဘာမှကိုမစဉ်းစားတော့ဘူး လုပ်မယ်ဆိုတာကြည့်ပါပဲ။ အခုလို ပုံစံကိုများ ဖိုးဖိုးတွေ့ရင် ဘယ်လောက်တောင် ရိုက်ချင်မလဲ မသိပါဘူး။ ဆံပင်နက်မှောင်နေတာကိုမှ ကြိုက်နှစ်သက်တဲ့ ဖိုးဖိုးဖွားဖွားတို့သာ မြင်ရင်တော့ နှင်း ပတ်ပြေးနေရမှာ သေချာပါတယ်။
အခုတော့ ဆုံးသွားတဲ့ ဖိုးဖိုးကိုလဲ သတိရမိသလို ကိုယ့်ဟာကို အခုလိုအလှကြိုက်လို့ ဒီနေ့ကုန်သွားတဲ့ ပိုက်ဆံကိုလည်း နှမျောနေမိပါတယ်။ ဒီနေ့တော့ တော်တော်လေး ဘတ်ဂျက် ထိခိုက်သွားပါတယ်။

3 comments:

လင်းငယ် said...

ပိုက်ပိုက်ဟာ ရှာလို့ ခက်သလောက် သုံးဖို့လွယ်တယ် ဆိုတာ တယ်မှန်ကိုးဗျ။ လင်းငယ်တို့ကတော့ အရှည်လည်းထားချင်တယ်။ အရောင်လည်း ဆိုးချင်တယ်။ ဒါပေသည့်လို့ အခုထိ မိဘရဲ့ အရိပ်အာဝါသမှာဆိုတော့ကာ တစ်ခုမှ လုပ်လို့မရသေးဘူး။ ကြာတော့လည်း မိဘသဘောကျနေရင်းနဲ့မိဘတွေထားခိုင်းတဲ့ ပုံစံကိုပဲကြိုက်ပြီး.. သူတို့ ကိုယ်လုပ်ပေးတဲ့ဟာလေးကို ကျေနပ်တာကိုကြည့်ပြီးပျော်ရတာပေါ့ဗျာ....

Dr. Yi Yi Win said...

လှပ ပေါ့ပါးခြင်းကလည်း စိတ်ကိုကြည်လင်စေတယ်နော် နှင်းလေး။ တို့ လည်းစိတ်ပါရင်တော့ အလှပြင်တယ်။ ဆံပင်ကတော့ ထူအားကြီးလို့ ပါးထားရတယ်။ အရောင်ကလည်း ညီမလေးတွေပြောလို့ မင်းဂွတ်သီးခွန်ရောင်လေးထည့်ထားတာ မကြာသေးဘူး။ ဘာမှလည်းထူးလာတယ်မထင်ပါဘူးလေ။

Lyn Lyn (Asian Traveler) said...

အင်း...ကိုလင်းအမြင်ကတော့ နှင်းကဆံပင်အရှည်နဲ့ ပိုလိုက်သလိုပဲ အသက်ကြီးလာလို့လားမသိဘူး အဟဲ...

နောက်လဲလာလည်နော်

Glitter Graphics