ရေးချင်တာတွေ ပြောချင်တာတွေက များနေတော့ မြန်မာနိုင်ငံသွားတုန်းက အကြောင်းလေးတွေကို ဆက်ပြောပြမယ်နော်။ မြန်မာပြည်ပြန်တုန်း ဘုရားဖူးသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း မိသားစုတွေ ဘုရားဖူးထွက်ခဲ့ပါတယ်။ ဘယ်သွားမလဲဆိုတာကို နှင်းကပဲ ရွေးချယ်လိုက်ပါတယ်။ ခပ်ငယ်ငယ်ထဲက ရှမ်းပြည်နယ် တောင်ကြီးဆိုတာ ခဏခဏ ရောက်ဖူးခဲ့ပါတယ်။ ဖိုးဖိုး ဖွားဖွားတွေနဲ့အတူတူ အန်တီအငယ်က အဲဒီဘက်မှာ နေတော့ အလည်သွားဖြစ်နေပါတယ်။ ၅ တန်းမှာတော့ မာမားက တောင်ကြီးဘက်မှာ နေချင်တယ်ဆိုပြီး နှင်းတို့မိသားစု တောင်ကြီးဘက်ကိုပြောင်းသွားပါတယ်။ မာမားကို တောင်ကြီးမြို့မှာ မွေးခဲ့တာဖြစ်ပြီး တောင်ကြီးမှာပဲ ၁၀ ကျော်သက်အထိနေလာခဲ့တဲ့အတွက် မာမားက တောင်ကြီးဘက်ကို ပိုသဘောကျပါတယ်။ ပါပါးကတော့ ရန်ကုန်ဘက်မှာကြီးတော့ တောင်ကြီးကို အေးတယ်ဆိုပြီး မကြိုက်ပါဘူး။ ပထမကတော့ တောင်ကြီးဘက်မှာ အခြေချမယ်စိတ်ကူးပေမယ့် ဘ၀အလှည့်အပြောင်းကြောင့် အမ်းမဆုံးသွားတော့ နှင်းတို့တွေ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့ရတယ်။ ရန်ကုန်ကို ပြန်လာခဲ့ရပေမယ့် နှင်းတို့သားအမိတွေက တောင်ကြီးဘက်ကို ပိုကြိုက်ကြပါတယ်။ အခုလည်း ဘယ်သွားမလည်းမေးတော့ တောင်ကြီးတက်မယ်ဆိုပြီး ရွေးလိုက်ပါတယ်။ ပါပါးရော မာမားကတော့ နှင်းစိတ်တိုင်းကျပဲ လိုက်လျောပေးပါတယ်။
ဘယ်သူတွေလိုက်မလဲမေးတော့ ကြီးကြီးမေတို့ အတွဲရယ် နှင်းတို့မိသားစုရယ် ဖွားဖွားရယ် မောင်နှမ၀မ်းကွဲလေး ၃ ယောက်ရယ် ခရီးစထွက်ခဲ့ကြတယ်။ ကြီးကြီးမေတို့ကို ပျဉ်းမနားမှာ ၀င်ခေါ်ပြီး မနက် ၉ နာရီလောက်ကနေပြီး စထွက်လာခဲ့ပါတယ်။ ပျဉ်းမနား ပျော်ဘွယ်လမ်းသစ်ဘက်ကနေ သွားကြပါတယ်။ ပျော်ဘွယ်လမ်းက အသစ်ဖောက်ထားလို့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အဲဒီကနေ လာလိုက်တာ တောင်ပေါ်စတက်မယ့်နေရာမှာတော့ ဆိုင်းစိုင်မောဝ် ဆိုထားသလိုပါပဲ မိုင် ၁၀၀ ကျော်သာရှိတဲ့ လမ်းရဲ့အတိုင်းအတာ တနေကုန်အောင်မောင်းကြရတယ်။ ဆိုသလိုပဲ တကယ်ကိုပါပဲ။ ကျောက်ခဲစားထားရင်တောင် အစာကြေလောက်ပါတယ်။ ကတ္တရာလမ်းဆိုတာမှ ဟုတ်ရဲ့လားလို့ ထင်ရလောက်အောင်ကို ချိုင့်ခွက်တွေ ကျောက်တုံးတွေနဲ့ တော်တော်လေးကို မောင်းနေရတာပါ။ ESE လို အမြန်ကားတွေတောင် ဟိုယိမ်းဒီယိမ်းနဲ့ ဘေးနားက ချောက်ကမ်းပါးနားမှာ ကပ်ပြီးမောင်းနေတာကို ကြည့်ပြီး အသည်းအေးမိပါတယ်။ လွိုင်ကော်ဘက်က လာတဲ့ကားတွေကတော့ ခရီးသည်တွေအကုန်လုံး နှာခေါင်းစည်းတွေတပ်ထားပါတယ်။ နှင်းတို့တွေလဲ ကားပေါ်မှာ တယောက်ကို တယောက်ကြည့်ပြီး ရယ်မိပါတယ်။ ခေါင်းတွေကဖွေးနေတော့ မာမားကပြောတယ် တောထဲကထွက်လာတဲ့ မျောက်ဖြူတွေ ဖြစ်နေပြီတဲ့လေ။ တောင်ပေါ်ရဲ့ တချို့နေရာတွေမှာ လမ်းချဲ့ဖို့ တောင်ကမ်းပါးရံကို မိုင်းခွဲပြီး ဖြိုနေတဲ့အတွက် တချို့နေရာတွေမှာ ခဏစောင့်နေရပါတယ်။
ကားပေါ်မှာမောင်လေးက ဆိုင်းထီးဆိုင်တို့ ဆိုင်းစိုင်မော်ဝ်တို့ဆိုထားတဲ့ သီချင်းတွေဖွင့်ထားတော့ ဘေးကရှု့ခင်းတွေနဲ့ အလွန်လိုက်ဖက်နေပါတယ်။ ထိုင်ဝမ်မှာလဲ တောတောင်တွေထဲရောက်ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ အလှက ပိုပြီးလှတယ်လို့ပဲ ထင်မိပါတယ်။ ထိုင်ဝမ်ရဲ့ တောင်တွေက သက်နုကျောက်တောင်တွေဖြစ်လို့ တောင်မကြာခဏပြိုပါတယ်။ တောင်ပေါ်လမ်းက ရွာတွေဖြစ်တဲ့ ရေယားတို့ ရေယောင်းမ တို့မှာတော့ ပိန္နဲသီးတွေ အတော်ပေါပါတယ်။ ဈေးတွေကတော့ သူ့ဟာနဲ့သူပါပဲ။ တောင်ကြီးဘက်ကို စတက်ပြီဆိုတာနဲ့ ရာသီဥတုက အောက်မြန်မာပြည်နဲ့မတူတော့ပဲ အေးစိမ့်စိမ့်လေး ဖြစ်လာပါတယ်။ ကလောမြို့ကိုရောက်ဖို့ တော်တော်လေး မောင်းလိုက်ရပါတယ်။ ကလောနားကို နီးလာတော့ ထင်းရှုးတောတန်းတွေကို တွေ့ရပါတယ်။ ကလောမြို့ကို ညနေစောင်းလောက်မှာ ရောက်တော့ ကျောင်းသားလေးတွေတောင် ကျောင်းလွှတ်နေပါပြီ။ ကလောမြို့ကလဲ အရင်နဲ့ ဘာမှကို မတူတော့ပဲ တော်တော်ကို တိုးတက်လာပါတယ်။ ကလောကို ရောက်မှပဲ လမ်းက ကောင်းပါတော့တယ်။ ကလောကနေ အောင်ပန်း ဟဲဟိုး အဲဒါတွေကိုဖြတ်ပြီး ရွှေညောင်ကိုဝင်တော့ ညနေ ၅ နာရီလောက်ပဲ ရှိပါသေးတယ်။ အမှန်က တောင်ကြီးကို ဆက်တက်မယ်လို့ စီစဉ်ထားပေမယ့် အချိန်ရှိနေသေးတာကြောင့် ညောင်ရွှေကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညောင်ရွှေမှာ တညအိပ်ပြီး မနက်ခင်း အင်းထဲသွားဖို့ အစီအစဉ်ချလိုက်ပြီး ညောင်ရွှေက ဆည်မြောင်းဧည့်ရိပ်သာမှာ တညအိပ်လိုက်ကြပါတယ်။
အင်းလေးအကြောင်းကိုတော့ နောက်ဆက်တွဲမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြပေးမယ်နော်။ မြန်မာကားတွေ ကြော်ငြာထိုးသလို မကြာမှီ လာမည် မျှော်
1 comment:
မနှင်းရေ... အမြန်တင်ပါဗျို့ ။ ဓာတ်ပုံရှုခင်းတွေ ကြည့်ချင်တယ်ဗျ။
အင်းဒီတစ်ခါ အလည်ပြန်ရင် တောင်ကြီး၊ အင်းလေး ခရီးသွားမှပဲ..အဟီး။
yu ya
Post a Comment