Sunday 4 October 2009

အမေဂျမ်းက ပိုကြမ်းတယ်

၃၇ မင်းနတ်တွေထဲမှာ နာမည်ကြီးတယ်လို့ပဲပြောရမလား နှင်းသိတာက ဒီနှစ်ခုပဲရှိတယ်ပြောရမလားပဲ။ အမေဂျမ်းတို့ ကိုကြီးကျော်တို့ကိုတော့ လူပြောများလို့ သိပါတယ်။ ကိုကြီးကျော်ကိုသိတာကတော့ သူ့ကိုဆက်ချင်ရင် အရက်ပုလင်းက မပါမဖြစ်မိုလို့ အရက်ကြိုက်တယ်တဲ့ နတ်ဆိုပြီး သိတာပါ။ အမေဂျမ်းကတော့ အပြောအဆိုကြမ်းတယ်ဆိုပြီး နတ်ကနားပွဲတွေကို သွားကြည့်ဖူးတဲ့ အဒေါ်တွေပြောပြလို့သိရတာပါ။ ပါပါးတို့ မာမားတို့ကလဲ မကိုးကွယ်တော့ ဘာနတ်ဆိုတာကို သေသေချာချာမသိသလို ဘာကြောင့်လူတွေအားကိုးနေတယ်ဆိုတာကိုလဲ မသိပါဘူး။ ကိုယ်ယုံကြည်ရာကို အားကိုနေတာဆိုတော့လဲ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ အခုတော့ အမေဂျမ်းတို့ ကိုကြီးကျော်တို့ထက် ပိုဆိုးတဲ့လူတွေကို မြန်မာပြည်ပြန်မှပဲတွေ့ခဲ့ရပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲဆိုတာ ရေသဘင်ပွဲတော်ပါ။ အခုတော့ အရက်သဘင်ပွဲတော်လို့တောင် ပြောရမလိုဖြစ်နေတယ်။ ဒီနှစ်ပြန်သွားတဲ့အချိန်ကလဲ ၂ လပိုင်းလောက်ကနေ ၇ လပိုင်းမှ ထိုင်ဝမ်ကိုပြန်လာဖြစ်တာကြောင့် သင်္ကြန်ကို မြန်မာပြည်မှာပဲ ဆင်နွှဲဖြစ်ပါတယ်။ ရန်ကုန်မှာ သင်္ကြန်အကြိုနေ့မနက်ပဲ နေဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ နယ်ကအိမ်ကိုပြန်ရောက်နေပါပြီ။ ရန်ကုန်မှာကတော့ အကြိုနေ့ဖြစ်တဲ့အတွက် ဘာမှအရမ်းကြီးစည်တယ်ဆိုတာ မတွေ့ရပါဘူး။ နောက်တရက်မှာတော့ စတွေ့ရပါပြီ။ အိမ်က ရန်ကုန်-မန္တလေးကားလမ်းဘေးဖြစ်တာကြောင့် ဖြတ်သွားဖြတ်လာအကုန်တွေ့နေရပါတယ်။ သင်္ကြန်ရက်ဆိုတော့လဲ အရင်ပုံမှန်ထက် လူပိုများသလို တမြို့နဲ့တမြို့ သွားလည်ကြပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့ ရှုပ်ရှက်ခပ်နေပါတယ်။ အရင်တုန်းကတော့ ရိုးရိုးသင်္ကြန်လည်ကြတာပါ။ အခုတော့ သင်္ကြန်လည်ရင်ဖြင့် အရက်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ်သောက်ရမယ်လို့ အမိန့်ထုတ်ထားသလားတောင် ထင်ရတယ်။ ယောင်္ကျာလေးတွေရော မိန်းကလေးတွေရော မူးမူးရူးရူးနဲ့ ဖြစ်ချင်သလိုကို ဖြစ်နေကြပါတယ်။ ၁၀ ကျော်သက်ကလေးတွေဖြစ်နေပေမယ့် တကယ့်ကိုလူကြီးတွေနည်းတူ မူးနေကြတာပါ။ မိဘတွေကတော့ ခွင့်ပြုမှာမဟုတ်ပေမယ့် အိမ်ကထွက်သွားတော့ သူတို့လုပ်ချင်သလိုလုပ်နေကြတာပါ။ ဘယ်သူကများ သင်္ကြန်မှာ အရက်သောက်ရမယ်လို့ ထွင်သွားသလဲတော့ မသိပါဘူး။ လူကြီးတွေသောက်တာကနေ အခုဆိုရင် ကလေးတွေကပါ လိုက်လုပ်နေတော့ ဒီကလေးတွေအတွက် ရင်လေးစရာပါ။
အခုတော့ ယောကျာင်္လေးတွေတင်မဟုတ်တော့ပဲ မိန်းကလေးတွေကလဲ ကိုးရီးယားကားတွေထဲက မင်းသမီးတွေလို အရက်သောက်လာကြပါတယ်။ ကိုးရီးယားက မိန်းကလေးတွေ အရက်သောက်တာက သူတို့နေရတဲ့ ရာသီဥတုက ရေခဲမှတ်အောက်ရောက်နေတော့ ကျန်းမာရေးအရရော သူတို့နိုင်ငံရဲ့ ဓလေ့အရရော သောက်တာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်မြန်မာနိုင်ငံက မိန်းကလေးတွေက ဘာလို့များဒီလိုမျိုးတွေကို အတုခိုးချင်ရတာလဲ။ ဒါတွေက ခေတ်မှီတယ်လို့များထင်နေကြလို့လား။ ဒါမှမဟုတ် ယောကျာင်္လေးနဲ့ မိန်းကလေး တန်းတူအခွင့်အရေးရှိတယ်လို့များ ထင်နေကြလို့လား။ ဘာပဲဖြစ်ဖြစ် ယောကျာင်္လေးကို ဘယ်လောက်ပဲ တန်းတူလိုက်နိုင်တယ်ပြောပြော မိန်းမက မိန်းမပါပဲ။
အခုသင်္ကြန်လည်တော့ ကောင်လေးတွေက ကောင်မလေးတွေကို လိုက်ထိန်းနေရတယ်လို့ အစ်ကိုဝမ်းကွဲက ပြောပြပါတယ်။ ဘာလို့လဲ အကိုးရဲ့ ဆိုတော့ ကောင်လေးတွေထက် ကောင်မလေးတွေက သောက်နိုင်ပြီး ရမ်းနေကြလို့တဲ့။ ဒါက အစ်ကိုကပြောသွားတာပါ။ ဟော ဦးလေးနောက်တယောက်ကလဲ ပြောပြပြန်တယ်။ သမီးရေ အခုသင်္ကြန်မှာဆိုရင် အမေဂျမ်းတွေက ပိုကြမ်းနေလို့ ကိုကြီးကျော်က ငြိမ်နေရတယ်တဲ့။ ခေတ်မှီတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်ဓလေ့တွေကိုတော့ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ရင် ပိုင်ကောင်းမယ်လို့ ထင်ပါတယ်။

3 comments:

လင်းငယ် said...

ဟုတ်ပါ့... ချစ်ဖွယ်ကောင်းတဲ့ နှစ်ဟောင်းက အပြစ်တွေကို နှစ်သစ်ကူးမှာ ရေနဲ့ဆေးကျောတဲ့ ပွဲတော်ကို အခုတော့ အရက်နဲ့များဆေးကျောနေသလား ထင်ရပေါ့။ သင်္ကြန်ဆိုတာ သူတို့ အတွက် အရက်တရားဝင် သောက်ခွင့်ပေးလိုက်တဲ့ ပွဲတော်လားပဲဗျာ။ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို လူအထင်သေးတာပေါ့လေ။

Unknown said...

ဟုတ်တယ်ဗျာ
ဒီလိုမျိုးဖြစ်နေတာတွေကို
တကယ်ရင်လေးတယ်
ကျွန်တော်လဲလူငယ်တယောက်ပါပဲ
ဒါပေမယ့် မြင်ရတွေ့ရတာတွေကြောင့်
ရင်ထဲမှာအောင့်တယ်..
သက်ပျင်းချရုံပဲတက်နိုင်တယ်ဗျာ

ShwunMi- said...

ကြားမိပါတယ် မနှင်းလေးရေ.. မူးနေတဲ့ပုံတွေရိုက်ပြီး အွန်လိုင်းပေါ်တင်ခံရလည်း မမှတ်ကြပါဘူး.. နာမည်ကြီးဆေးများ ထင်နေကြသလားမသိ..

နောက်လဲလာလည်နော်

Glitter Graphics