Friday 2 October 2009

သီတင်းကျွတ်လပြည့်နေ့




အခုလိုပဲ အလွမ်းပြေ မီးပုံးလေးထွန်းလိုက်မယ်နော်



ဒီနေ့ဆိုရင် သီတင်းကျွတ်လပြည့်နေ့ပါ။ မြန်မာတွေအနေနဲ့ကတော့ ၀ါလကင်းလွတ် သီတင်းကျွတ်ပြီဆိုရင် သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို ကန်တော့ကြပါတယ်။ ၀ါတွင်း ၃ လတာကာလပတ်လုံး ၀ါဆိုနေကြတဲ့ ရဟန်းသံဃာတော်တွေ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် ရသွားတဲ့အချိန်လဲဖြစ်ပါတယ်။ ကလေးသူငယ်တွေ အားလပ်ရက်ကျောင်းပိတ်ချိန် ဘိုးဘွားတွေဆီပြန်လို့ ကန်တော့ကြတဲ့အချိန်လဲ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် နှင်းတို့ မြန်မာတွေ တန်ဖိုးထားကြတာကတော့ မြတ်စွားဘုရားရှင်က တာဝတိံသာမှ လူ့ပြည်ကို ဆင်းသက်တော်မူခဲ့တဲ့ နေ့တစ်နေ့ဖြစ်တာကြောင့်လဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ ဆီမီးတွေ မီးပုံးလေးတွေ ထွန်းပြီး ပူဇော်ခဲ့ကြပါတယ်။


ငယ်ငယ်ကသင်ခဲ့ရတဲ့ စာကလေးကို တပိုင်းတစ မှတ်မိသေးတယ်။ သီတင်းကျွတ်တန်ဆောင်မုန်း လနတ်တော် ကောက်ဦးပေါ်လို့ မုန့်ဆန်းလှော် ဆိုသလိုပဲ ကောက်ဦးကောက်ဖျားပေါ်တဲ့အချိန်လဲဖြစ်တာကြောင့် မုန့်ဆန်းလုပ်ပြီး ဘူရားလှူကြပါတယ်။ နှစ်တိုင်း အဖိုးအဖွားတွေကို ကန်တော့ဖြစ်ပါတယ်။ ငယ်ငယ်ထဲက မာမားကလဲ သီတင်းကျွတ်ပြီဆိုရင် မုန့်တွေဝယ်ထားပြီး ဘယ်သူ့ကိုသွားကန်တော့ရမယ်။ ပြီးရင်ဘယ်သူ့ဆီကို သွားနော်ဆိုတဲ့ လမ်းညွှန်မှုတွေနဲ့ ကြီးပျင်းခဲ့ရသလို အဲလိုအချိန်လေးတွေကိုလဲ ပျော်ရွှင်ခဲ့ပါတယ်။ အဲဒါကြောင့်လဲ သီတင်းကျွတ်ဆိုရင် အဖိုးအဖွားတွေကို ကန်တော့ရတော့မယ်ဆိုတဲ့ အသိစိတ်က အမြဲတမ်းရင်ထဲမှာ ရှိနေပါတယ်။ ကိုယ်ကကန်တော့လိုက်တဲ့အချိန်မှာ ပြုံးပြီးပြန်ကြည့်နေတဲ့ အဖိုးအဖွားတွေရဲ့ မျက်နှာကို မြင်ရတာဟာ ရင်ထဲမှာ အေးချမ်းပါတယ်။


ကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီပြီး မကန်တော့နိုင်ခဲ့တာ အခုဆိုရင် ၄ နှစ်ရှိပါပြီ။ ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ရတဲ့ ငွေနဲ့ ကန်တော့ခွင့်ရတဲ့အတွက်တော့ ပီတိဖြစ်မိပါတယ်။ ဒီနေ့လဲ ပါပါးနဲ့ မာမားဆီကို ဖုန်းလှမ်းဆက်ပြီး ကန်တော့လိုက်ပါတယ်။ ပြီးတော့ ပါပါးနဲ့မာမားအတွက် သုံးချင်ရာသုံးဖို့ဆိုပြီး ကန်တော့လိုက်ပါတယ်။ ပါပါးနဲ့ မာမားတို့အတွက် နှင်းကန်တော့တဲ့ ငွေဟာ ဘာမှမပြောပလောက်ပေမယ့် နှင်းအတွက်ကတော့ ကိုယ့်လုပ်အားနဲ့ရှာထားပြီး မိဘတွေကို အခုလို ကန်တော့ခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်။ အဲလိုပဲ နှစ်တိုင်းကန်တော့ခွင့်ရအောင် ကျန်းကျန်းမာမာနဲ့ နေပေးနေတဲ့ ဖွားဖွားကိုလဲ ကျေးဇူးတင်မိပါတယ်။


ဒီနှစ်ကတော့ တရုတ်လို လမုန့်ပွဲတော်နေ့ ဖြစ်သလို မြန်မာလို အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့နဲ့လဲ တိုက်ဆိုင်နေပါတယ်။ မြန်မာတွေက လူကြီးတွေကို ကန်တော့ကြ ဘုရားကျောင်းကန်သွားကြသလို ထိုင်ဝမ်က တရုတ်တွေကလဲ ရိုးရာကန်တော့ကြပြီး ဒီနေ့မှာတော့ အသားကင်တွေ လုပ်စားကြပါတယ်။ အရင်နှစ်တွေက မာမားရှိနေတော့ မိသားစုတွေ အသားကင်လုပ်စားဖြစ်ပေမယ့် ဒီနှစ်တော့ မာမားက မြန်မာပြည်ပြန်သွားပြီဖြစ်လို့ ဘာမှလုပ်မစားတော့ပါဘူး။

မြန်မာပြည်မှာတော့ ဒီနေ့ဆိုရင် ဘုရားတွေမှာ ဆီမီးတွေထွန်းလို့ စည်ကားနေမှာပါပဲ။ ဗျောက်ဖောက်ရင်ဖမ်းမယ် ဆိုတာတောင် အပျော်သဘောနဲ့ ကစားခဲ့ဖူးပါတယ်။ အခုတော့ အဲလိုအချိန်တွေက အမှတ်တရရှိခဲ့ဖူးတယ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ ကျန်နေခဲ့ပါပြီ။ ဒါပေမယ့် သီတင်းကျွတ်ဆိုတဲ့ စကားလေးကို တနှစ်တခါတော့ ကြားနေရဦးမှာပါပဲ။ အဲလိုပဲ ကြားတိုင်းလည်း အရင်အတိတ်ကအကြောင်းတွေကို ပြန်လည်ပြီး သတိတရရှိနေဦးမှာပါ။

မေခလာဆိုထားတဲ့ သီချင်းထဲကလိုပဲ ဒီနေ့မှာတော့ ယောင်လည်လည်နဲ့ တဦးတည်းပါပဲ။ တွဲလျှောက်ရအောင်လည်း အနားမှာမရှိပါဘူး။ အလွမ်းပြေ သီချင်းလေးပဲ နားထောင်နေမိပါတယ်။

4 comments:

ShwunMi- said...

သူငယ်ချင်းတွေနဲ့ မီးပန်းကစားခဲ့တဲ့ ညနေခင်းတွေကို လွမ်းသလိုလို ဖြစ်သွားတယ်..
မနှင်းလေးတို့ဆီမှာဆို မွန်းကိတ်တွေ တော်တော်စုံမှာပဲနော်..
မနှင်းလေးက မိဘဆွေမျိုးတွေကို သိပ်ချစ်တတ်တာပဲ.. ချစ်စရာလူတွေ ရှိနေတာကလည်း ကံကောင်းတယ်.. ပျော်ဖို့လည်းကောင်းတယ်နော်..
မနှင်းလေး အပေါ်မှာ တင်ထားတဲ့ မီးပုံးပုံလေးတွေ ချစ်စရာလေး..

Lyn Lyn said...

ဗျောက်အိုး ဖောက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းသွားပြီ။ :D ။ အစ်ကိုကို သတိတရနဲ့ လာကန်တော့တဲ့ ညီမကို ဆုတွေပြန်ပေးလိုက်ပါတယ်။ အမြဲတမ်း ပျော်ရွှင်မှုတွေ ရရှိနိုင်ပါစေလို့။

Unknown said...

သီတင်းကျွတ်ပြီဗျို့
း)
း)
ပျော်ဖို့မကောင်းပါဖူးဗျာ
အစ်မစာဖတ်ပြီးပိုလွမ်းလာတယ်
အခုများဆို သူများတွေပျော်နေပြီ

Dr. Yi Yi Win said...

သာဓု...သာဓု...သာဓု ပါနှင်းလေးရေ။ ကျန်းမာ ချမ်းသာပြီး လိုရာဆန္တတွေ အားလုံးပြည့်ဝပါစေနော်။ ကဲ ကဲ မုန့် ဖိုးပါပေးခဲ့ပြီနော်။ ကိုယ်လိုချင်သလောက် သာစိတ်ကူးလိုက်:)

နောက်လဲလာလည်နော်

Glitter Graphics