Saturday 31 October 2009

ဘယ်နိုင်ငံသားလဲ

နှင်းတို့တွေ မြန်မာပြည်မှာနေတုန်းက ၁၀ နှစ်ကျော်ပြီဆိုရင် နိုင်ငံသားကဒ်လုပ်ရပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ အခက်အခဲတခုဖြစ်လာပါတယ်။ အဲဒါကတော့ ဖောင်ဖြည့်တဲ့အခါ မျိုးရိုးတွေချရေးရပါတယ်။ ပါပါးဘက်က တရုတ်ဖြစ်တဲ့အတွက် လူမျိုးခြားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗမာပြည်မှာမွေးပေမယ့် နိုင်ငံသားအဖြစ် လက်ခံဖို့ကို တော်တော်လေးခက်ခဲခဲ့ပါတယ်။ အဖိုးအဖွားတွေ အဘိုအဘွားတွေအထိလိုက်ဖြည့်ရသလို ဖြည့်လေရှုပ်လေဆိုသလို ဟိုးအရင်က နိုင်ငံခြားသား မှတ်ပုံတင် frc အဖြစ်ကိုင်ခဲ့တဲ့လူတွေကနေ ကျမ်းကျိန်ပြီးနိုင်ငံသားအဖြစ် ပြောင်းခဲ့တဲ့မိဘက မွေးတဲ့ သားသမီးတွေဖြစ်နေလို့ ဗမာလူမျိုးတွေလောက် မလွယ်ကူတာ အမှန်ပါပဲ။ အင်း မြန်မာပြည်မှာမွေးပြီး နိုင်ငံသားအဖြစ် အလွယ်တကူ မရနိုင်တဲ့အဖြစ်ကို တွေးပြီးရယ်လဲ ရယ်ချင်သလို စိတ်လဲညစ်မိပါတယ်။

အခုလဲ ထိုင်ဝမ်ရောက်လာတဲ့အခါမှာ ဖောင်ဖြည့်ရပါတယ်။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် စ၀င်ဖို့အတွက် လုပ်တုန်းကလဲ တရုတ်လူမျိုးစစ်မှန်ကြောင်း ထောက်ခံချက်တောင်းပါတယ်။ မြန်မာပြည်မှာ နေတုန်းကကျတော့လဲ တရုတ်ဖြစ်လို့ မိဘတွေ နိုင်ငံသားအဖြစ် ကျမ်းကျိန်ထားတာတွေ နိုင်ငံသားအဖြစ်တကယ် ခံယူမယ်ဆိုတာတွေကို တောင်းခံရပါတယ်။ အခုကျတော့လဲ တရုတ်ဖြစ်ပါလျက်နဲ့ တရုတ်ဖြစ်ကြောင်းကို ထောက်ခံခိုင်းပြန်တယ်။ အော် ဘ၀နဲ့ ကိုယ့်ဟာကို ဘယ်နိုင်ငံသားမှန်း ဘာလူမျိုးမှန်းတောင် မသိတော့ပါဘူး။

အလုပ်ထဲရောက်တော့လဲ နှင်းတို့တွေကို တရုတ်လူမျိုးအဖြစ် သတ်မှတ်ပေမယ့် မြန်မာတွေလို့ပဲခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်ဝမ်မှာမွေးတဲ့ တရုတ်မဟုတ်လို့ပါတဲ့။ မြန်မာပြည်မှာနေတုန်းက နှင်းတို့ကို တရုတ် ဆိုပြီးပြောပြန်တယ်။ အခုတခေါက် မြန်မာပြည်ပြန်တော့လဲ တရုတ်မပြန်လာလည်တာလားတဲ့။ ဘယ်တော့ ပြန်မှာလဲတဲ့။ အင်း ဘယ်ဟာက ကိုယ့်အိမ်မှန်းတောင် မသိတော့ဘူး။ တခါတလေ ကိုယ့်ဟာကို ဘယ်နိုင်ငံသားအဖြစ် ပြောရမလဲတောင် မသိပါဘူး။ အခုက ၂ နိုင်ငံမှာပဲ နေလို့ ဒီလောက်ပဲဖြစ်တာပါ။ နောက်နိုင်နိုင်ငံတခုခုကိုများ ထပ်သွားဖြစ်မယ်ဆိုရင် ဘယ်နိုင်ငံမှာနေပြီး ဘယ်နိုင်ငံမှာ သေရမလဲတောင် သိမှာမဟုတ်တော့ပါဘူး။

5 comments:

မောင်သီဟ said...

း) ပြုံးမိတယ် ဟုတ်တယ်နော်ကိုယ်ချင်းလဲစာတယ်ဗျာ
ဒါပေမယ့် တနေ့အဆင်ပြေမှာပါမြန်မာပြည်ကိုခွဲမသွားပါ
နဲ့အုံးး) “ငါ့သား အိမ်ရာထူထောင်ရင် ကိုယ့်မျိုးနွယ်
လူမျိုးနဲ့သာ ထူထောင်ပါဒါမှမွေးလာမယ့်သားသမီးတွေ
လဲ လူမျိုးစစ်မယ် နို့မို့ဆိုရင် ကိုယ့်သားသမီးတွေက
ကပြားတွေဖြစ်ရင်ဖြစ်ဖြစ် သွေးရောရင်ဖြစ်ဖြစ် တနေ့
အခက်ခဲဖြစ်တတ်တယ်” တဲ့ ၂၀၀၅ ခုနှစ်ကအမေ့အိမ်
ပြန်တုန်းကျွန်တော့အမေဆိုဆုံးမခဲ့တာပါ နိုင်ငံခြားရောက်
နေတဲ့ ကျွန်တော့အတွက်သတိပေးစကားတခုပေါ့ဗျာ
ကံကောင်းပါစေဗျာ

ဂျပန်ကောင်လေး said...

း)... ဖြစ်မှဖြစ်ရလေ... ၂ နိုင်ငံသားပေါ့ဗျာ...း)

ShwunMi- said...

တရုတ်+ဗမာ=၂ရုပ် :P

linmgmg said...

ရှင်းရှင်းလေးများ ရှုပ်နေရတယ်လို့ နှင်းရယ်။ မြန်မာနိုင်ငံမှာမွေးတာ မြန်မာနိုင်ငံသားပဲပေါ့။ ဘယ်နေရာရောက်ရောက် မြန်မာဆိုတာ မမေ့ပါနဲ့တဲ့ ဦးသန့်ကပြောဖူးတယ်။ :D

အွန်စော said...

အကောင်းဘက်ကမြင်ကြည့်လိုက်ပါနျင်းလေးရေ။ ခပ်ရိုင်းရိုင်း ဥပမာပေးရလျှင် နှစ်အိမ်ထောင်ခွေးဟာ အိမ်မမြဲဘူး အပြောခံထိပေမဲ့ အားသာချက်တွေ အများကြီးပါ။

နောက်လဲလာလည်နော်

Glitter Graphics