Monday 26 October 2009

ဆရာမရေ သွားနှင့်နော်

မနေ့က ဦးလေးအကြီး အပြင်သွားပြီးပြန်လာတော့ နင်တို့ညကျောင်းက ဆရာမဆုံးသွားလို့ သူငယ်ချင်းအစ်မကြီးတွေ သွားကြတယ်လို့ပြောပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘယ်ဆရာမပါလိမ့် ဆိုပြီး ဘာမှပြန်မပြောပဲ ဒီတိုင်းနေလိုက်ပါတယ်။ နှင်းသိတဲ့ ဆရာမထဲကတော့ မဖြစ်လောက်ပါဘူးပေါ့။ သိတဲ့ဆရာမတွေက အားလုံးကျန်းမာရေးကောင်းကြပါတယ်လို့ တွေးပြီး အစ်မကို လှမ်းမမေးဖြစ်ပါဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ ကိုယ့်ကိုစာသင်ပေးခဲ့တဲ့ ဆရာမများဖြစ်နေမလားလို့ ထင့်နေမိပါတယ်။ ဒီနေ့ညနေမှာတော့ မအောင့်နိုင်တာနဲ့ အစ်မဆီကို ဖုန်းဆက်မေးဖြစ်ပါတယ်။ အစ်မရေ ဆရာမဆုံးသွားလို့ဆို ဘယ်တယောက်လဲပေါ့။ အဲဒီတော့မှ နှင်းတို့အတန်းပိုင်ဆရာရဲ့ အမျိုးသမီး အစ်မတို့အတန်းရဲ့ အတန်းပိုင်ဆရာမဆိုတာ သိလိုက်ရတယ်။ နှင်းတို့အတန်းကို မသင်ရပေမယ့် အတန်းထဲကို အမြဲလာတတ်ပြီး အားလပ်ချိန်ဆိုရင် အပြင်သွားဖို့ ဆရာ့ကိုအမြဲလာခေါ်တတ်ပါတယ်။ အမြဲတမ်း မျက်နှာကပြုံးနေတတ်ပြီး နိုင်ငံပေါင်းစုံက ရောက်လာတဲ့ တရုတ်စာမတတ်တဲ့ နှင်းတို့လိုလူတွေကို စိတ်ရှည်လက်ရှည်သင်ပေးတတ်တဲ့ ဆရာနဲ့ဆရာမ စုံတွဲဖြစ်လို့ နှစ်တန်းလုံးက ချစ်ခင်ကြပါတယ်။ ညနေပိုင်းကျောင်းကို နှစ်ယောက်အတူတူတွဲလာတတ်သလို တယောက်ကိုတယောက်လဲ ချစ်ချစ်ခင်ခင်နေတတ်တဲ့ စုံတွဲပါ။ ဆရာကစာအသင်ကောင်းတယ်လို့ အစ်မကိုပြောရင် ဆရာမကလဲအရမ်းကောင်းတာလို့ ပြောပြပါတယ်။

နိုင်သံခြားသားတွေဆိုတဲ့အမြင်မျိုး ဆရာနဲ့ဆရာမတို့စိတ်ထဲမှာ မရှိဘူးဆိုတာက နှင်းတို့ကို စကားပြောတဲ့အခါမှာ သိရပါတယ်။ ကလေးလေးတွေကို သင်သလို သေသေချာချာသင်ပေးတတ်ပြီး နားမလည်ရင်လဲ နားလည်လာအောင် တရုတ်လိုရော အင်္ဂလိပ်လိုရော သူတို့တတ်နိုင်သလောက် ရှင်းပြတတ်ပါတယ်။ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံကို တချိန်တည်းသင်နေရပေမယ့် အာလုံးကို စိတ်ရှည်ရှည်နဲ့ အသံထွက်မှန်အောင် နားလည်အောင် သင်ပေးပါတယ်။ အလုပ်တဖက်နဲ့ ညကျောင်းကို လာတက်နေကြတဲ့လူတွေမို့ ဆရာဆရာမတွေက နားလည်ပေးပြီး မအားရင်လဲ မလာလို့ရသလို အချိန်လေးရှိရင်တော့ လာခဲ့ဖို့ အမြဲပြောတတ်ပါတယ်။ အိမ်မှာနေတာထက်စာရင် ကျောင်းကိုလာတော့ ဘာပဲဖြစ်ဖြစ် စာတော့ဖတ်ဖြစ်တယ်ဆိုပြီး စာသင်ချင်အောင် အမြဲအားပေးတတ်ပါတယ်။ နေ့ခင်းဘက် ကလေးတွေကို စာသင်ပေးရပြီး ညဘက် နှင်းတို့တွေကို စာသင်ပေးရတာကို ပင်ပန်းတယ်လို့ ညည်းသံမကြားခဲ့ရပါဘူး။

မြန်မာပြည်ကို ပြန်တော့မှာမို့ ကျောင်းမတက်နိုင်တော့ဘူးဆိုတော့ တကယ်လို့ ပြန်လာခဲ့ရင်လဲ လာတက်ပါလို့ မှာလိုက်တဲ့ ဆရာ့ဆီကို အလုပ်မှာအချိန်ပေးလိုက်ရတဲ့အတွက် ကျောင်းကိုပြန်မရောက်ဖြစ်ခဲ့ပါဘူး။ အစ်မက ကျောင်းပြန်တက်ဖို့ခေါ်ပေမယ့် အလုပ်ချိန်က နောက်ကျနေတဲ့အတွက် ဆက်မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းကလေးနဲ့ ဆရာဆရာမတွေကို ရင်ထဲမှာအမြဲသတိရနေခဲ့တယ်။ အခုတော့ ကြားလိုက်ရတဲ့သတင်းက စိတ်မကောင်းစရာဖြစ်သလို နှင်းတို့လို လူတွေအတွက် အဖိုးတန်တဲ့ လူတယောက် ကလေးတွေအတွက် လမ်းပြပေးမယ့် ဆရာမတယောက် ဆုံးရှုံးလိုက်ရပါတယ်။ လူတိုင်းတနေ့သွားရမယ်ဆိုတာသိပေမယ့် အခုလို စောပြီးထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ အစ်မပြောတာကတော့ အရင်တပတ်က ခေါင်းမူတယ်ဆိုပြီး ဆေးရုံတင်လိုက်တာကနေ သတိမလည်တော့ပဲ နောက် ၂ ရက်လောက်မှာဆုံးသွားတယ်လို့ ပြောပါတယ်။ ဘာဝေဒနာမှ မခံစားလိုက်ရဘူးဆိုတော့ ဆရာမအတွက် ကောင်းပါတယ်လို့ပဲ တွေးလိုက်ပါတယ်။ ဒါပေမယ့် အစ်မတို့က ဆေးရုံကနေဆင်းပြီးရင် စာလာသင်မှာပဲဆိုပြီး စောင့်နေခဲ့ပါတယ်တဲ့။ ဒါပေမယ့် အခုတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး။ နှင်းတို့ဆရာလဲ ခွင့်ယူထားတယ်လို့ပြောပါတယ်။ ဆရာမကို သိပ်ချစ်တဲ့ ဆရာအတွက်လဲ စိတ်မကောင်းပါဘူး။ ကျန်နေခဲ့တဲ့ သမီးလေး ၃ ယောက်အတွက် ၀မ်းနည်းမိပါတယ်။

တွေ့ဆုံကြုံကွဲ ဖြစ်မြဲပါပဲ။ တနေ့တော့ နှင်းတို့တွေလဲ ဒီလမ်းကို လျှောက်ကြရမှာပါပဲ။ အခုတော့ ဆရာမက အရင်သွားနှင့်ပြီပဲ။ ဆရာမတယောက် ကောင်းမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေ။

3 comments:

Yu Ya said...

ဟုတ်တယ် မနှင်းရေ... အရင်သွားနှင့်သူတွေက သွားကုန်ကြပြီဗျာ။ နောက်ကကျန်နေတဲ့ ကျွန်တော်တို့တွေကော ဘယ်တော့ သွားရမလည်းမသိဘူးဗျာ။ အချိန်ကျရင်တော့ ရှောင်လွှဲလို့မရဘူးပေါ့လေ..။

yu ya

Unknown said...

ကျောင်းသူကျောင်းသားတွေကိုရင်ထဲကစေတနာအမှန်နဲ့ သင်ကြားပေးတဲ့ဆရာကောင်းတယောက်ဆုံးရှုံးတာကြား ရလို့စိတ်မကောင်းဖူးဗျာ
ကောင်းရာဘုံဘဝရောက်ပါစေလို့ဝိုင်းဆုတောင်းပေးလိုက်ပါတယ်

ShwunMi- said...

.. လွမ်းရတဲ့ထဲမှာ ဆရာမတချို့လည်း ပါတယ်..
ဘာပဲဖြစ်ဖြစ် လိမ္မာတဲ့တပည့်တွေအတွက် ကျေနပ်ကြမှာပါ..

နောက်လဲလာလည်နော်

Glitter Graphics