Saturday 3 May 2008

အခွင့်အရေး(အရေးပေးမှု)

အခွင့်အရေးရှိတယ်။ ရပိုင်ခွင့်ရှိတယ် ဆိုတဲ့စကားတွေကို အမြဲကြားနေရပါတယ်။အခွင့်အရေးဆိုတာကလည်း တောင်းတိုင်းမရသလို ပေးတိုင်းလဲ ယူလို့ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကိုယ်ကအခွင့်အရေးလိုချင်တိုင်း တဖက်လူက ပေးလို့ရမှ ပေးမှာပါ။ တောင်းတဲ့သူက တောင်းတိုင်းပေးလို့မရတဲ့ အရာတွေလညှ်းရှိပါတယ်။ တောင်းတဲ့လူက ကိုယ့်အတွက်ပဲကြည့်ပြီးတောင်းမှာပါ။ ပေးရမယ့်သူက အဲဒီအခွင့်အရေးကို ပေးလိုက်ရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားရပါတယ်။ အလုပ်ခွင်တစ်ခုမှာ အထက်အရာရှိက လူတစ်ယောက်ကို တော်လို့ အခွင့်အရေးပေးလိုက်ရင် ကျန်တဲ့လူတွေက သူတော်လို့ အခွင့်အရေးပေးတယ်လို့ တွေးတတ်ရင်တော့ ဘာမှမဖြစ်ပေမယ့် အမြဲတမ်းပေးနေရင် ကျန်တဲ့လူတွေက ဘယ်လိုတွေပြောမလဲ။ ဘာတွေထင်ကြမလဲ။ ကိုယ့်တယောက်အတွက်နဲ့ ကိုယ့်ကို အရေးပေးတဲ့ လူကို အနေခက်အောင် လုပ်လိုက်သလိုဖြစ်သွားပါတယ်။

မိဘက သားသမီးတွေကို ချစ်လို့အလိုလိုက်ပြီး သားသမီးပူဆာတိုင်း လိုက်လုပ်ပေးမှာပါ။ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း ကိုယ့်ကိုခင်လို့ချစ်လို့ ကိုယ့်အလိုကို လိုက်မှာပါပဲ။ ဒီအခွင့်အရေးကို အမြဲယူလို့မကောင်းပါဘူး။ ပေးနေတဲ့သူက ပေးပေမယ့် ယူတဲ့သူကလည်း အလိုက်သိရမှာပါ။ အဲဒီလိုမှမဟုတ်ပဲ တချိန်လုံး ဒီလိုအခွင့်အရေးတွေ ယူနေမယ်ဆိုရင် ကြာလာရင် ကိုယ့်ရဲ့စိတ်ဓါတ်ကို လာထိခိုက်နိုင်ပါတယ်။ အခွင့်အရေးဆိုတာကို မျှော်တတ်တဲ့ စိတ်တွေဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကို အခွင့်အရေးပေးမှ ကျေနပ်နိင်ပါမယ်။ အဲဒီလို အရေးမပေးမိတဲ့အခါ ကိုယ့်ကို အခွင့်အရေးမပေးတဲ့လူကို အမြင်မကြည်မလင် ဖြစ်လာပါမယ်။


အဲဒီစိတ်က ကလေးဘ၀ထဲကရှိပါတယ်။ ကလေးတယောက်က လိုချင်တာကိုပူဆာရင် သူ့အလိုကိုလိုက်ရင် အဲဒီလူနားမှာပဲ ကပ်နေပါတယ်။ သူ့အလိုမလိုက်တဲ့လူကို မချစ်ဘူးလို့ပြောပြီး အနားမကပ်တော့ပါဘူး။ ဒါက ကလေးသဘာဝပါ။ ကလေးတယောက်ရဲ့ စိတ်မှာတောင် ကိုယ့်အလိုကိုလိုက် ကိုယ့်ကို အခွင့်အရေးပေးမှ ကြိုက်ပါတယ်။ လူကြီးတွေဆိုရင် ပိုလို့တောင်ဆိုးပါတယ်။ ကလေးဆိုတာက ဘာမှမသိသေးပါဘူး။ လူကြီးတယောက်က အရာရာကို နားလည်နေတဲ့အတွက် အခွင့်အရေးဆိုတာကို ပိုပြီးလိုချင်တတ်ကြပါတယ်။

အခွင့်အရေးဆိုတာကလည်း သူ့နေရာနဲ့သူ ယူတတ်ရပါတယ်။ ဘာမဟုတ်တာလေးတွေနဲ့ အခွင့်အရေးတွေ အမြဲယူနေပြီး ကိုယ်တကယ် အရေးတကြီးလိုလာမှ အဲဒီအခွင့်အရေးတွေ မရတော့ရင် အလွန်နှမျောဖို့ ကောင်းပါတယ်။ အခွင့်အရေးဆိုတာ အမြဲတမ်းရနေတဲ့ အရာမဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ အခွင့်အရေးဆိုတာကို သူ့နေရာနဲ့သူ အသုံးချတတ်ရင် ဘ၀မှာ အထောက်အကူ အများကြီးဖြစ်နိုင်ပါတယ်။

1 comment:

စိုးထက် - Soe Htet ! said...

အခွင့် အရေး လာဖတ် သွားပါတယ် :)
ကျွန်တော် က အိမ်မှာ အကြီးဆုံး ဆိုတော့ အခွင့် အရေး မညီမျှမှု ဆိုးဆိုးဝါးဝါး မခံစားခဲ့ရဘူး :P

နောက်လဲလာလည်နော်

Glitter Graphics