Monday 5 May 2008

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ

မြန်မာပြည်ကို မုန်တိုင်းဝင်မယ် ဆိုတဲ့ သတင်းကို အွန်လိုင်းမှာ ဖတ်မိတော့ အခုလောက်အထိ ဆိုးရွားမယ်လို့ ထင်မထားခဲ့ဘူး။ ဘလော့တွေမှာ တွေ့ရတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်မိတယ်။ နဂိုကထဲက စီးပွားရေး အဆင်မပြေလို့ လူတွေ ဒုက္ခရောက်နေရတဲ့ အချိန်မှာ ဘာလို့များ မုန်တိုင်းက ထပ်ပြီး ဒုက္ခပေးလိုက်ရတာလဲ မသိတော့ပါဘူး။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ထပ်ပြီးတော့ နာဂစ်က ပံ့ပိုးပေးလိုက်တာလား။ ရန်ကုန်မြို့ကြီးက မြို့ဟောင်းကြီးနဲ့ တူနေပြီလို့ လူပြောများလာလို့ မြို့သစ်ဖြစ်အောင် ဖန်တီးပေးလိုက်တာလားကွယ်။ ဘယ်လို အကြောင်းတွေကြောင့်များ မြန်မာပြည်သူတွေကို ဒုက္ခပေးလိုက်တာလဲ။ နှင်း တသက်မှာ ဒီတစ်ခါပဲ ရန်ကုန်ကို မုန်တိုင်းဝင်လို့ ပျက်စီးတာတွေကို ကြားဘူးတွေ့ဘူးတယ်။ လူအသေအပျောက်လဲ အရမ်းများတယ်လို့ ကြားရတယ်။ CNN သတင်းမှာတော့ လူ ၄၀၀၀ လောက်အထိသေနိုင်တယ်လို့ ကြော်ငြာသွားတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ မိသားစုတွေကလဲ မြန်မာပြည်ကလူတွေအတွက် စိတ်သောကရောက်နေကြရပါပြီ။ ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်သွားတဲ့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး ဖြစ်နေကြတယ်။ ဒီလို ပျက်စီးဆုံးရှုံးမှုတွေကို အကောင်းပကတိဖြစ်အောင် အချိန်အကြာကြီးယူပြီး ပြန်လည်ပြုပြင်ရမှာပါ။ လောလောဆယ် သောက်သုံးရေ ဒုက္ခရောက်နေရတယ်လို့ ကြားသိရတယ်။ အစားအသောက်တွေကြောင့် နောက်ထပ် ၀မ်းရောဂါပိုးတွေ တခြားရောဂါတွေ ထပ်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။ အခုနေအချိန်ဆိုရင် ရန်ကုန်မြို့မှာ မှောင်အတိကျပြီး လူတွေပူဆွေးသောက ရောက်နေလောက်ပြီ။ မြန်မာပြည်က လူတွေနဲ့ ထပ်တူ ခံစားမိပါတယ်။ မြန်မာပြည်သူတွေရဲ့ ဘ၀ အမြန်ဆုံး အေးချမ်းသာယာနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics