Thursday 1 May 2008

နှိုင်းမရတဲ့အရာ

မိဘမေတ္တာ ဆိုတာ ဘာနဲ့မှနှိုင်းမရတာ လူတိုင်းသိပါတယ်။ သားသမီးလေးတွေအပေါ်မှာ ထားထားတဲ့ မေတ္တာဟာ အလွန်အေးမြသလို သားသမီးတွေအတွက်လဲ အားတစ်ခုပါပဲ။ ကလေးဘ၀တုန်းကလည်း ကလေးလေးမိုလို့ စိုးရိမ်စိတ်ကလေးနဲ့ ချစ်ကြ ဂရုစိုက်ကြသလို အရွယ်ရောက်ပြန်တော့လဲ အမှားတွေမဖြစ်အောင် စိုးရိမ်ပူပန်မှုတွေနဲ့ ချစ်ကြရပြန်တယ်။ မိဘတွေမှာ သားသမီးတစ်ယောက်ကို မွေးဖွားလာပြီဆိုတဲ့ အချိန်ကနေ သူတို့တွေ လူ့လောကကနေ မထွက်ခွာခင် နောက်ဆုံးအချိန်ထိ ချစ်တဲ့စိတ်တွေနဲ့ ဘာမဆို သားသမီးအတွက် စဉ်းစားပြီး ဘ၀ကိုဖြတ်သန်းနေကြရတယ်။

သားသမီးတွေကတော့ ကလေးဘ၀ကနေစပြီး မိဘတွေအပေါ်မှာ နွဲ့ဆိုးတွေဆိုးခဲ့ မိဘမှာရှိတာ မရှိတာမသိခဲ့ဘူး ကိုယ်လိုချင်တာတွေကိုပဲ ပူဆာတတ်ခဲ့တယ်။ မိဘ ဘာတွေဖြစ်နေတယ်ဆိုတာကို ခေါင်းထဲမှာ ထည့်မစဉ်းစားခဲ့ဘူး။ မိဘတွေကတော့ ဘာအလုပ်ကိုပဲ လုပ်လုပ် သားသမီးအတွက် ဆိုတာကို ခေါင်းထဲမှာ အမြဲစဉ်းစားပြီးမှ လုပ်ခဲ့တယ်။ ကိုယ်သဘောကျတဲ့ အရာတစ်ခု လုပ်ချင်လာရင်တောင် ငါ့သားသမီးတွေကို ထိခိုက်မလားရယ် ဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ မလုပ်ပဲ နေတတ်ကြပါတယ်။ သားသမီးတွေကတော့ ငါလုပ်ချင်ရင်လုပ်မှာပဲဆိုတဲ့ စိတ်နဲ့ ဘာမှစစဉ်းစားပဲ လုပ်တတ်ကြတယ်။

မိဘကြောင့် သားသမီး မျက်ရည်ကျရတယ်ဆိုတာ ရှားပါတယ်။ မိဘကဆူလိုက်လို့ ၀မ်းနည်းပြီးကျတဲ့ မျက်ရည်ကတော့ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သားသမီးကြောင့် မိဘ မျက်ရည်ကျရပြီဆိုရင်တော့ ကိုယ့်အတွက်လဲ မကောင်းသလို မိဘတွေအနေနဲ့လဲ အလွန်ကို ၀မ်းနည်းရပြီး စိတ်ထဲမှာလဲ ခံစားမှုအမျိုးမျိုး အတွေးအမျိုးမျိုးနဲ့ ဖြစ်နေတတ်ပါတယ်။ အရွယ်ရောက်လာလို့ ကိုယ်လုပ်ချင်တာကို မိဘတွေက တားမြစ်လိုက်ရင် စိတ်ဆိုးပြီး ဆန္ဒတွေအမျိုးမျိုးပြတတ်ကြတာက သားသမီးတိုင်း လုပ်တတ်ကြပါတယ်။ အဲဒီအခါမှာ မိဘတွေက စိတ်ထဲမှာ ပျော်လို့တားမြစ်လိုက်တယ်လို့ မထင်ပါနဲ့။ ကိုယ်ကအဲဒီလိုတွေ လုပ်နေတာကို မိဘတွေ ကြည့်ပြီး ရင်ထဲမှာ သူတို့လဲ ကိုယ်နဲ့ထပ်တူဝမ်းနည်းနေရတယ်။ ငါတို့တားမြစ်လိုက်လို့ သူတို့လေးတွေ စိတ်ညစ်ရပြီဆိုတဲ့ အတွးတွေက သူတို့ကိုနှိပ်စက်နေပြီလေ။

ပညာစုံလို့ ကြင်ယာရှာတဲ့ အရွယ်ရောက်လာတော့ တစ်ခါပူရပါပြီ။ သားသမီးတွေရဲ့ တစ်ဘ၀စာမိုလို့ အရာရာထက်ကို ပိုပြီး ဂရုတစိုက်နဲ့ စိုးရိမ်စိတ်က ပိုများလာပါတယ်။ သင့်တော်ပါ့မလား အဆင်ပြေပါ့မလား ဆိုတာကတစ်မျိုး။ သားသမီးလေးတွေဘ၀ အစကောင်းပါ့မလားဆိုတာတွေနဲ့ သူတို့ရင်ထဲက အပူမီးက ဘာနဲ့မှ နှိုင်းလို့မရတော့ပါဘူး။ သားသမီးတွေ အိမ်ထောင်ပြုရင် မိဘတွေ မျက်ရည်ကျရတယ်တဲ့။ ဟုတ်ပါတယ်။ ကိုယ့်ရင်ကနေ မွေးထုတ်ပြီး တယုတယ ပြုစုခဲ့တဲ့ ကလေးလေးတစ်ယောက် အရွယ်ရောက်လာတော့ အဝေးကိုထွက်သွားတော့မယ်ဆိုတဲ့အသိက ရင်ထဲမှာ မချိအောင် ခံစားရမှာပါ။ ဒါတွေကို အခုနေ မသိသေးပေမယ့် ကိုယ်တိုင်မိဘ ဖြစ်လာတဲ့ တစ်နေ့ကြရင် ပိုပြီးခံစားနားလည်တတ်လာမှာပါ။

မိဘက စိုးရိမ်လို့တားမြစ်တာကို နှင်း တို့တွေက ချုပ်ခြယ်တယ်လို့ ထင်မိပါတယ်။ နှင်း တို့တွေမသိနိုင်တဲ့ အမှားတွေကို မိဘတွေက ကြိုသိလို့ တားမြစ်တာပါ။ ဒါတွေကို ငယ်ဘ၀ကမသိခဲ့ဘူး။ အခုနေရောက်လို့ ပြန်စဉ်းစားမိမှ အဲဒီတုန်းက မိဘတွေတားမြစ်ခဲ့တာ မှန်တယ်လို့ နားလည်လာခဲ့တယ်။ မိဘတစ်ယောက် လုပ်နိုင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ကိုယ့်အတွက်ဆိုတာထက် အရာရာကို သားသမီးအတွက် ပေးဆပ်ရဲတဲ့ သူတွေပါ။ မိဘကျေးဇူးဆိုတာ ဆပ်လို့မကုန်နိုင်ပါဘူး။ နှင်း တို့တွေလုပ်နိုင်တာက မိဘစကားကို နားထောင်ပြီး မိဘတွေကို အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင် ထားနိုင်ဖို့ပါပဲ။

2 comments:

မင်းကျန်စစ်။ said...

မှန်တာပေါ့ကွာ။ အဲဒီ ကျေးဇူးတွေ ဘယ်ကျေနိုင်ပါ့မလဲ။ အကိုတော့ မိဘတွေ စိတ်မဆင်းရဲရအောင်လို့ ၊ စိုးရိမ်စိတ်တွေ မများရအောင်လို့ မိန်းမ မယူပဲ လူပြိုကြိးပဲ လုပ်တော့မယ် :P

Anonymous said...

ဟုတ်ပါတယ်ခင်ဗျာ။ မိဘစကားကို နားထောင်ပြီး မိဘတွေကို အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင် ထားခြင်းဟာလဲ ကျေးဇူးဆပ်နည်း တစ်မျိုးပါပဲ။
မိဘဆိုတာ အတွေ့အကြုံတွေပေါ် မူတည်ပြီး ဆုံးမကြပေမယ့် သားသမီးတွေက စိတ်ကူးတွေပေါ် မူတည်ပြီး ကိုယ့်စိတ်ကူးတွေကို အကောင်အထည် ဖေါ်တတ်ကြပါတယ်။ စိတ်ကူးနဲ့ အတွေ့အကြုံလေးများ ကြားမှာ နားလည်မှုလေးများ ရရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။ 

နောက်လဲလာလည်နော်

Glitter Graphics