Tuesday 20 May 2008

ဒုက္ခိတဘ၀ကို လက်မခံတဲ့ကောင်လေး

အဲသည်ရွာကျောင်းကလေးမှာ ဆောင်းတွင်းအနွေးပေးသည့် ရှေးမီးဖိုကြီတစ်ခုရှိသည်။ ကျောက်မီးသွေးသုံးသည့် ဗိုက်အိုးကျယ် သံမီးဖိုမျိုး။ ကောင်လေးတစ်ယောက်က နေ့စဉ်နံနက်စောစောလာပြီး မီးမွှေးရသည်။ သူ့ဆရာနှင်း သူ့အတန်းဖော်များ လာလျှင် စာသင်ခန်းလေး နွေးနေအောင်ပေါ့။

တစ်မနက် ကျောင်းတက်သူတွေ လာကြသည့်အချိန်မှာတော့ စာသင်ကျောင်းကလေးမှာ မီးတွေ တဟုန်းဟုန်း တောက်နေတာ တွေ့ကြရပါတယ်။ ကျောင်းထဲမှာ သတိမေ့နေသည့် ကောင်လေးကို သူတို့ ၀ိုင်းဝန်း ဆွဲထုတ်ကြသည်။ ကောင်လေးက သေသလား ရှင်သလား မခွဲခြားနိုင်သည့် အနေအထားမျိုး။ သူ့ခန္ဓာကိုယ်အောက်ပိုင်းက မီးတွေအကြီးအကျယ် လောင်ထားသည်။ သူ့ကို နီးရာနယ်မြေဆေးရုံသို့ သယ်ယူခဲ့ကြသည်။

ဆေးရုံခုတင်ပေါ်မှာ သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည့်ကြားက ကောင်လေးနားထဲမှာ ဆရာဝန့်စကားသံတွေ မသဲမကွဲကြားနေသည်။ ဆရာဝန်က သူ့မိခင်အား သူ၏သား အသက်ရှင်စရာလမ်း မရှိသည့်အကြောင်း စင်စစ်ခန္ဒာကိုယ် အောက်ပိုင်းတစ်ခုလုံး ယခုလောက် ဆိုးဆိုးဝါးဝါးကြီး လောင်ကျွမ်းပျက်စီးသွားပြီးသည့် နောက်တွင်တော့ အသက်ဆက်မရှင်တာသည်ပင် ကောင်းသေးကြောင်း ပြောကြားနေခြင်း ဖြစ်သည်။

သတ္တိကောင်းသည် သည်ကောင်လေးက သေရမှာကို အလိုမှရှိ။ ငါမသေဘူး။ အသက်ရှင်ရမယ်ဟု သူအဓိဋ္ဌာန်ပြုသည်။ တကယ်ပင်သူအသက်ဆက်ရှင်လာတော့ ဆရာဝန် အံ့အားသင့်ရသည်။ မသေနိုင်တော့ဘူးဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့မိခင် ဆွေးနွေးပြောဆိုနေတာ သူကြားရပြန်သည်။ သူ့ခန္ဒာကိုယ်အောက်ပိုင်းက အသားတွေ အမြောက်အမြား မီးကြောင့်ပျက်စီးသွား ခဲ့ပြီဖြစ်ရာ ခြေနှစ်ချောင်းလုံး သုံးမရတော့သဖြင့် တစ်သက်လုံး ဒုက္ခိတဘ၀ဖြင့် နေသွားရလိမ့်မည် ဆိုသည့်အကြောင်းဖြစ်၏။ သည်စကားကြားပြီးသည့်နောက်ပိုင်း ကောင်လေးတစ်ကြိမ် ထပ်၍ အဓိဋ္ဌာန်ပြုသည်။ ငါ လမ်းလျှောက်နိုင်ရမယ် ဒုက္ခိတဘ၀ လုံးဝမရောက်စေရ ဟူ၍။

သို့သော် အဓိဋ္ဌာန်ပြုမည့်သာ ပြုရသည် ခါးအောက်ပိုင်းတစ်ခုလုံးက အသက်မ၀င် လှုပ်ရှားနိုင်စွမ်းမှရှိဖြစ်နေသည်။ ကြုံလှီသေးကွေးလှသော ခြေထောက်နှစ်ချောင်းက အောက်ဘက်မှာ တွဲလောင်းကလေး။ သည်လိုဖြင့် နောက်၌ သူဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ အိမ်တွင်အမေက သူ့ခြေထောက်ကလေးတွေကို နေ့စဉ်နှိပ်နယ်ပေးသည်။ သို့သော် ခြေထောက်တွေက ဘာခံစားမှုမှမရှိ ဘယ်လိုမှလည်း လှုပ်ရှားခိုင်း၍မရ လုံးဝအသုံးမကျဖြစ်နေသည်။ သို့သော်လမ်းထလျှောက်နိုင်ရမည်ဟူသော သန္နိဋ္ဌာန်က ခိုင်မာမြဲ ခိုင်မာဆဲပင်။

အိမ်၌ သူ့ကို အိပ်ရာထဲထားလျှင်ထား မဟုတ်လျှင် ဘီးတပ်ကုလားထိုင်၌ထားလေ့ရှိသည်။ နေသာသောတနေ့ အမေက သူ့ကိုလေကောင်းလေသန့် ရှူရအောင်ဟူ၍ ခြံထဲတွန်းယူသွားပြီးထားသည်။ အဲသည်နေ့မှာ သူက ကုလားထိုင်ထဲချည်း ထိုင်မနေတော့ဘဲ အောက်သို့လှိမ့်၍ဆင်းသည်။ အဲသည်နောက် ခြေထောက်နှစ်ချောင်းကို ဒရွတ်ဆွဲကာ မြက်ခင်းမှာ ၀မ်းလျာထိုး၍ သွားသည်။ သူတို့မြေကွက် အကို ကာရံထားသည့်အဖြူရောင် ခြံစည်းရိုးတန်းဆီ ရောက်အောင်အားခဲပြီး သူသွားသည်။ သည့်နောက်တွင် ခဲယဉ်းပင်ပန်းစွာ အားထုတ်ကြိုးပမ်းကာ သူ့ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ ပြီးလျှင် ငါလမ်းလျှောက်နိုင်ရမည်ဟူသော အားမာန်ဖြင့် ခြံစည်းရိုးတန်းတလျှောက် .သည်တတိုင်မှ ဟိုတစ်တိုင် တရွတ်တိုက်လျှက် ရွှေ့သည်။ အဲသည်မှ စတင်ကာ နေ့စဉ်နေ့တိုင်း သည်အတိုင်း ကြိုးစားအားခဲ၍လုပ်ရာ ခြံစည်းရိုးတန်း နဘေးတလျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင်လာသည်။ သူ့အဖို့ လောက၌ သူ့ခြေထောင်နှစ်ချောင်း အသက်ဝင်လာအောင် လေ့ကျင့်ပျိုးထောင်ဖို့ထက် ပို၍ထက်သန်လိုလားခဲ့သောအရာ မရှိခဲ့။

သို့နှင့် နောက်ဆုံး၌ နေ့စဉ် နှိပ်နယ်ကုသမှု မဆုတ်မနစ်သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဋ္ဌာန်တို့ဖြင့် ကြိုးစားအားထုတ်မှုများကြောင့် သူ မတ်တတ်ရပ်လာနိုင်သည်။ သည်နောက်တွင် ထောတီးထော့နဲ့ လမ်းလျှောက်နိုင်လာသည်။ အဲသည်နောက်တွင် လွတ်လွတ်ကျွတ်ကျွတ်။ အဲသည်နောက် ပြေးလာနိုင်သည်။ သူကျောင်းသို့ လမ်းလျှောက်သွားသည်။ သည်နောက် ပြေးသွားသည်။ နောင်တွင်မူ ပြေးရသည်ကို နှစ်သက်ခြင်းသက်သက် အတွက်ကြောင့် လျှောက်၍ ပြေးလေတော့သည်။

ကောလိပ်ကျောင်းရောက်သည့်အခါ ပြေးခုန်ပစ် အားကားသမားအဖွဲ့ထဲမှာ သူပါလာသည်။ နောက်တွင်မူ တစ်ချိန်သောအခါက အသက်ပင်ရှင်မှာ မဟုတ်ဟု ထင်ခဲ့ရသော အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့သော ပြေးနိုင်ဖို့ဆိုတာ နည်းနည်းမျှပင် မျှော်လင့်၍မရနိုင်ခဲ့သော အလွန်ဇွဲကြီးလှသည့် ထိုကောင်လေး ဂလင်ကန်နင်ဟမ်သည် တဖက်က ပညာရေးဘက်တွင် ဒေါက်တာဂလင်ကန်နင်ဟမ်ဟူ၍ ဖြစ်လာသည့်ပြင် တစ်မိုင်အဝေးကို ကမ္ဘာပေါ်တွင် အမြန်ဆုံးပြေးနိုင်သူအဖြစ် နယူးယောက်မြို့ မေဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန်တင်ပြေးပြနိုင်ခဲ့သည်။ (Burt Dubin ၏ The Power of Determination)

ဒီဘာသာပြန်လေးဖတ်ပြီးတော့ စိတ်ထဲမှာ စိတ်ဓာတ်ကျနေတာတွေ ကိုယ်ဖြစ်ချင်တာတွေနဲ့ ရှုတ်ရှုပ်ခတ်နေတာတွေ ပျောက်သွားပြီး ကိုယ်တကယ်ဖြစ်ချင်ရင် ကိုယ့်စိတ်မှာ စွဲမြဲတဲ့ အဓိဋ္ဌာန်ရှိရမယ်ဆိုတာ သဘောပေါက်လာတယ်။ လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ခိုင်ခိုင်မာမာအဓိဋ္ဌာန်ပြုပြီး ကြိုးစားမယ်ဆိုရင် တစ်နေ့တော့ ဖြစ်လာမှာပါ။ မြန်မာပြည်သူတွေ စိတ်ထဲမှာ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို မဖြစ်နိုင်ပါဘူးဆိုပြီး စိတ်မလျှော့လိုက်စေချင်ဘူး။ ဂလင်ကန်နင်ဟမ်လိုပဲ အဓိဋ္ဌာန်ပြုပြီး ကြိုးစားမယ်ဆိုရင် မြန်မာပြည်သူတွေလိုချင်တဲ့ တိုးတက်တဲ့ နိုင်ငံတစ်ခုကို ပိုင်ဆိုင်ရမယ်လို့ ယုံကြည်ပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics