Thursday 22 May 2008

ဝဋ်ဆိုတာ လည်တတ်တယ်

နှင်း တို့ငယ်ငယ်တုန်းကဆိုရင် လူကြီးတွေက အိမ်မှာဟင်းချက်ပြီးသားကို လူမသိအောင် မနှိုက်စားအောင်လို့ ဟင်းခိုးစားရင် ဂျို့ထိုးလိမ့်မယ်ဆိုပြီး ပြောဆို ခြောက်လှန့်ကြပါတယ်။ ကလေးဘ၀တုန်းကတော့ တကယ်ပဲထင်ပြီး ကိုယ်ခိုးစားရင် လူသိမှာပဲဆိုတဲ့အသိ ခိုးလုပ်တာမှန်သမျှ ပေါ်တတ်တယ်ဆိုတဲ့ အသိရယ်ခေါင်းထဲမှာ ၀င်သွားပါတယ်။ သူတပါးမသိအောင်ယူတာ ပိုင်ရှင်ဆီကခွင့်မတောင်းပဲယူတာတွေဟာ ခိုးယူလိုက်တာနဲ့ အတူတူပဲဆိုပြီး အိမ်ကမိဘတွေက ဆုံးမပါတယ်။ ဘာတန်ဖိုးမှမရှိတဲ့ အရာတစ်ခုလို့ ကိုယ့်စိတ်ကထင်ပြီး ခွင့်မတောင်းပဲယူမိရင် ဒါဟာလည်း လူမသိအောင်ယူတာမို့ ခိုးတာပါပဲတဲ့။ ဘယ်လောက်မှတန်ဖိုးမရှိလဲ ပိုင်ရှင်ထံမှာ ခွင့်တောင်းရမှာပါပဲ။ ဒါတွေဟာ လူတစ်ဦးရဲ့ ကိုယ်ကျင့်တရားကို ဖော်ပြတာပါပဲ။ လူမသိအောင် တခါယူဘူးတဲ့နောက်တောာ့ နောက်တခါယူဖို့ကိုလဲ ၀န်မလေးတော့ပါဘူး။ ကြိမ်ဖန်များလာရင်တော့ ကိုယ်ကျင့်တရားကိုပါ ထိခိုက်လာပါတယ်။ အဲဒီလိုမဖြစ်အောင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်တိုင်လေ့ကျင့်ရမှာပါ။

နောက်တခုကတော့ နှင်း ရဲ့ ပါပါး ပြောဆိုဆုံးမနေကျ စကားလေးတခွန်းပါ။ “သူတပါးထမင်းအိုးကို မခွဲရဘူး၊ သူတပါးထမင်းလုပ် မပုတ်ချရဘူး” တဲ့။ ဒီစကားလေးကို အခုထိလဲ ရင်ထဲမှာ မှတ်ထားပါတယ်။ သူတပါးထမင်းအိုးမခွဲရဘူး ဆိုတဲ့စကားကတော့ လူတိုင်းလဲ နားလည်မှာပါ။ မိသားတစု ဒုက္ခရောက်အောင် လုပ်လိုက်တာတွေ။ ကိုယ့်ကြောင့် တခြားမိသားစု စားဝတ်နေရေး မပြေမလည် ဖြစ်သွားတာတွေလို့ ထင်ပါတယ်။ လူတစ်ဦးတစ်ယောက်ကို မကျေနပ်လို့ပဲ ဖြစ်ဖြစ် အနိုင်ရချင်လို့ပဲ ဖြစ်ဖြစ် သူတပါးမိသားစု စားဝတ်နေရေး ကျပ်တည်းသွားအောင်တော့ မလုပ်သင့်ပါဘူး။ ကိုယ့်အတွက်လဲ အကုသိုလ် ဖြစ်စေပါတယ်။ တခြားသူတွေ စားဝတ်နေရေး မပြေလည်ရင် ကိုယ်တတ်နိုင်သလောက် ကူညီရမှာပါ။ အဲဒီလိုမဟုတ်ပဲ ဒုက္ခရောက်အောင်လုပ်ရင်တော့ ကလေးဘ၀တုန်းက လူကြီးတွေပြောသလို လူကောင်ကြီးကြီးနဲ့ ပါးစပ်က အပ်ပေါက်လောက်ပဲရှိတဲ့ သတ္တ၀ါ ဖြစ်လိမ့်မယ်။ အဲဒီလိုဘာကြောင့်ဖြစ်တာလဲလို့ လူကြီးတွေကိုမေးတော့ သူတပါးစားချင်နေတာကို ပိတ်ပင်တားမြစ်ခဲ့လို့ သေရင်အဲဒီဘ၀ကို ရောက်ရတာတဲ့။ တကယ်ပဲ ဒီလိုဘ၀တွေရှိမရှိ ဆိုတာတော့ မသိပေမယ့် ဘုန်းကြီးတရားတွေထဲမှာ ကြားဘူးပါတယ်။

အင်း အဲဒီဘ၀တွေက တကယ်ကြောက်စရာကောင်းတယ်လို့ ပြောကြပါတယ်။ ရေဆာလို့ရေတိုက်မယ့်သူ ရှိရင်တောင် ပါးစပ်က အပ်ပေါက်လောက်ပဲရှိတော့ ဘယ်လိုမှ မသောက်နိုင်ပဲ အော်နေကြရတယ်တဲ့။ အခုလို အပြောနဲ့တင် မျက်လုံးထဲမြင်ကြည့်ရင် တော်တော်လဲ သနားဖို့ကောင်းသလို ဘေးကနေလဲ ဘာမှ မကူညီနိုင်တဲ့ဘ၀ကို ရောက်နေမှာပဲနော်။ အော် သူတပါးစားချင်တာကို ပိတ်ပင်ခဲ့လို့ သူ့အလှည့်ကျတော့ ၀ဋ်လည်တာနဲ့တူပါတယ်။ ၀ဋ်လည်တယ်ဆိုလို့ အရင်ကတော့ သတိမထားမိခဲ့ဘူး။ တကယ်ရောရှိရဲ့လားလို့တောင် ထင်မိတယ်။ ဒါပေမယ့် တကယ်ကိုပဲ သတိထားပြီး စောင့်ကြည့်ရင် ကိုယ်တိုင်ဖြစ်နေတာတွေ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေဟာ မယုံနိုင်လောက်အောင် တိုက်ဆိုင်နေတာတွေ့ ရပါတယ်။ ဥပမာပြောရရင် နှင်းတို့အမျိုးထဲမှာ အရင်က ကြက်တွေကို ရောင်းတဲ့အလုပ်လုပ်ဘူးပါတယ်။ အဲဒီမိသားစုက ဒါနဲ့ပဲ စီးပွားတက်တော့ လုပ်တာပေါ့။ ကြာတော့ အကုသိုလ်နဲ့ အကျိုးပေးတာ မကောင်းဘူးဆိုပြီး အားလုံးဝိုင်းတားတော့ မလုပ်ပဲ ကားတွေကို ပြောင်းလုပ်ခဲ့တယ်။ ဒါပေမယ့် အရင်လုပ်ခဲ့တဲ့ အကုသိုလ်က အခုမှလာအကျိုးပေးတော့တာပေါ့။ ကားကိုမြေပျော့မှာ ရပ်မိတော့ ကားက ယိုင်ပြီးစောင်းကျလာတာကို ဦးလေးက ဇောနဲ့ကားကို သွားမထားတာ မနိုင်လို့ လွှတ်ချလိုက်တော့ ကိုယ်ကိုပိတော့တာပေါ့။ ဒါနဲ့ပဲ အရင်ကောင်းနေတဲ့ ခြေထောက်က ၂ လက်မလောက် နိမ့်ပြီး ထော့နင်းထော့နင်း ဖြစ်သွားတော့တာပါပဲ။ ပါပါး တို့ပြောတာကတော့ သူတို့တွေ အရင်က ကြက်တွေအရောင်းအ၀ယ်လုပ်တုန်းက ခြင်းထဲကို ကြက်တွေကိုထည့်ရင် တချို့ကြက်တွေရဲ့ ခြေထောက်တွေ ကျိုးလိုကျိုး အတောင်တွေကျိုးလိုကျိုးနဲ့ အခုတော့ အဲဒီအကုသိုလ်က ကိုယ့်ကိုပြန်ပြီး ၀ဋ်လည်တာနေမှာတဲ့။ အင်းအခုတော့ သူတို့တွေ ဒီအလုပ်ကို မလုပ်တော့ပေမယ့် ကိုယ်ပြုခဲ့တဲ့ အကုသိုလ်က အသေခင်မှာတင် အကျိုးကပေးပါတယ်။ ၀ဋ်လည်တာက နောင်ဘ၀အထိလဲ မစောင့်ဘူးဆိုတဲ့အသိ ၀င်သွားပါတယ်။

အခုနေအချိန်က ဘုရားသာသနာ ၂၅၀၀ ကုန်လို့ သိကြားသာသနာကို ရောက်နေပါပြီ။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားးရသလို မကောင်းတာကို လုပ်ရင်လဲ မကောင်းတဲ့အကျိုးကို အနှေးနဲ့အမြန် ခံစားကြရပါတယ်။

2 comments:

Anonymous said...

ဝဋ်ဆိုတာ လည်တတ်တယ်ဆိုလို့ သူငယ်ချင်း တစ်ယောက်ပြောဘူးတာကို သွားသတိရတယ်။ ကျနော်တို့က သူ့ကို တစ်ခုခု စမိ ၊ နောက်မိ ၊ ပြောမိရင် သူက ဟေ့ ကမ္ဘာကြီးက အ၀ိုင်းကြီးနော် ။ မင်းတို့ဆီ ပြန်လည်လာမှာ။ ငါကတော့ အေးဆေးပဲလို့ အမြဲပြောတာ။ တကယ်လည်း ၀ဋ်ဆိုတာက လည်တတ်တဲ့ သဘောရှိတာပါပဲ။ ခုနောက်ပိုင်းဆို စကားပြောရင်တောင် မနဲသတိထားဖြစ်တယ်။ အရင်လို ပြောချင်ရာ၊ စိတ်ထဲမှာ ရှိရာကို မပြောရဲတော့ဘူး။ ခဏခဏ ပြန်ခံရတာတွေ များလာလို့လေ။

Dr. Yi Yi Win said...

“၀ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတာ အဲတာပြောတာနေမှာနော် နှင်းလေး

နောက်လဲလာလည်နော်

Glitter Graphics